Saturday, August 22, 2009

ထိုသူ......

သူငယ်ချင်းက တဂ်ချင်တယ် ရလားတဲ့ ရတယ်လို့ဆိုတော့ သူကသိပ်မခက်ပါဘူးတဲ့ နောက်နေ့ကျတော့ ဘာခေါင်းစဉ်လဲလို့ သွားကြည့်မိလိုက်တော့ ခေါင်းနှစ်ဆပိုကြီးသွားတယ်လေ ...လုပ်ရက်လိုက်တာပေါ့ ။ အခုငြိမ်းချမ်းနေတဲ့ သစ်သစ်ကို သူမမြင်ချင်တော့ဘူးလို့ ထင်လိုက်မိတယ် ။ တကယ်တော့ မိန်းကလေးတစ်ယောက်က အထူးသဖြင့် ချစ်သူရှိကာနီး မိန်းကလေးတစ်ယောက်အတွက် တော်တော်ကိုသတိထားရမယ့် တဂ် လေးပါ ။ တတ်နိုင်ဘူးလေ ခင်မိမှတော့ ရေးကြည့်ရတာပေါ့ ။ ချစ်ခဲ့တာနဲ့ သံယောဇဉ်ရှိခဲ့ဘူးတာနဲ့ တူမယ်ထင်လို့ရေးလိုက်ပြီ သယ်ချင်း....။


ကျောင်းတက်ခါစ အချိန်တစ်ခုပဲလို့ ဆိုကြပါစို့....။ ထိုစဉ်အခါက အပျော်တွေကလည်း လွန်နေတော့ အစပိုင်းမှာသတိကို မထားခဲ့မိပါဘူး ။ သူကကိုယ့်ထက်တစ်နှစ်စောပြီး ဆယ်တန်းအောင်ခဲ့တဲ့ ကောင်လေးတစ်ယောက်ဆိုလည်း မမှားပါဘူးကွယ် ။ ရှမ်းလူမျိုးဆိုတော့ သူ့အသားအရည်က သာမန်ထက်ဖြူပြီး ကြည့်ကောင်းနေတာကလည်း သူ့ကိုသတိထားမိစေတဲ့အချက်တစ်ခုပါပဲ ။ သူကဆရာမတွေနဲ့ ဆက်ဆံရေးတော်တော်ကို ပြေပြစ်ပြီး ဆရာများရဲ့အချစ်တော်ဆိုလည်း မမှားခဲ့ပါဘူး ။ စာလည်းတော်ပါတယ် ။ စပြီးသတိထားမိတာကတော့ ကျောင်းရဲ့ကထိန်ပွဲလေးမှာပါ ပဒေသာပင်တွေကို သူငယ်ချင်းတွေနဲ့သယ်ပြီး ဘုန်းကြီးကျောင်းရောက်တော့ ထမင်းတွေအတူစားခဲ့ကြတော့ သတိထားမိသွားခဲ့တယ်လေ ။

ဒီလိုနဲ့အတန်းတူတော့ နောက်ရက်တွေမှာလည်း သတိထားမိတယ်ဆိုပါစို့ ...။ ကိုယ်ကသူ့ကိုချစ်လို့ စိတ်လှုပ်ရှားလို့ လိုက်ကြည့်နေမိတာတော့ ဟုတ်မယ်မထင်ဘူး ဘာလို့လည်းဆိုတော့ ကိုယ်သူ့လိုတော်ချင်ပြီး မသိစိတ်က စာတွေလိုက်ပြိုင်နေမိတယ် ။ အိမ်ရောက်ရင်လည်း သူ့ကိုသတိရနေတယ် ဘာကြောင့်လည်းဆိုတော့ ဒီအချိန်ဆိုသူစာကြည့်နေမလားဆိုပြီး စာတွေဖိလုပ်ခဲ့တာ ကိုယ့်ကိုယ်ကို သတိရမိသွားတယ် ။ သူ့ထက်တော်သွားလို့ သူကိုယ့်ကိုသတိထားမိသွားမှာကို ကိုယ်လိုလားခဲ့တယ် ။ ကိုယ်သူ့ကိုအရိပ်လိုလိုက်မကြည့်နေဘူး ဒါပေမယ့် ကိုယ်သူ့သတင်းတွေ သိချင်နေတယ် ။ သူကလည်းကိုယ့်ကို ဘယ်တော့မှရိုးသားစွာနဲ့ စကားလာမပြောခဲ့တာ ၅နှစ်တိုင်တိုင်ပဲလေ သူသည်လည်းပဲစိတ်ထဲမှာ ဘယ်လိုရှိခဲ့လည်းဆိုတာ ကိုယ်သိချင်နေမိတာ မဆန်းပါဘူး ။ သူ့မှာချစ်သူရှိတာလည်း သစ်သစ်သိထားတာပဲလေ ။

ဒါပေမယ့် ယောက်ျားလေးတစ်ယောက်ကို ဘာအတွက်ကြောင့်ပဲဖြစ်စေ စပြီးသတိထားမိတာသူဖြစ်နေလို့ ဒီပို့စ်လေးမှာ သူကဇာတ်ကောင်ဖြစ်သွားရှာတယ်ကွယ်.....ဆောရီးပါဟယ် ။ ကိုယ် နဲ့ သူ မျက်လုံးချင်းများစွာ ဆုံဘူးပါတယ် ၅နှစ်တောင်အတူကျောင်းတက်ခဲ့တယ် ဆိုတာနည်းလားနော် ။ ဒါပေမယ့် ကိုယ်တို့တွေသူများတွေထက်တော့ စိမ်းနေခဲ့တာ သေချာခဲ့တယ်လေ ။ နောက်ပိုင်းကွဲသွားကြတဲ့အချိန်မှာ သူ့အကြောင်းတွေမသိရတော့ဘူး ဒါပေမယ့်သူလေဆိပ်သစ်ဆောက်လုပ်ရေးမှာ လုပ်နေတယ်ဆိုတာ ကိုယ်သိခဲ့တယ် နောက်ကိုယ်နိုင်ငံခြားထွက်တာ သူသိသွားတယ်ဆိုတာရော ကိုယ်စလုံးရောက်ပြီး ၁နှစ်လောက်မှာ သူလက်ထပ်သွားတယ်ဆိုတာရော သိခဲ့ရတယ် ။ ကိုယ်ဘာမှမခံစားရပေမယ့် နုနယ်တဲ့ငယ်ရွယ်စဉ်မှာ စိတ်ကစားခဲ့တယ်ဆိုရင် စာပြိုင်ဖို့သက်သက်သာလျှင်ဖြစ်လို့ သန့်ရှင်းစွာနဲ့ ကိုယ်သတိရသွားတယ်ဆိုတာတော့ ၀န်ခံချင်ပါတယ် မသိစိတ်ရဲ့သူငယ်ချင်းလေးရယ် ...။ တဂ်ထားတဲ့ ခေါင်းစဉ်နဲ့ လွဲကောင်းလွဲနိုင်ပေမယ့် သူသည်လည်း စိတ်ကစားတဲ့အရွယ်မှာ သတိထားမိခဲ့တဲ့ ပုရိသတစ်ယောက်ပေပဲမို့ ဒီလောက်နဲ့ပဲကျေနပ်ပေးပါ ကိုရွာသားရေ.....။

3 comments:

  1. ဂလိုတွေရှိဒယ်ပေါ့လေ မိရွှေသစ် ဟိဟိ

    ReplyDelete
  2. အော် ခုတော့ သစ်တို့ တကိုယ်တည်း အပျိုကြီးဖြစ်နေရှာတာပေါ့ (ဟယ် သူပြောထားတယ် ဒုတိယအရွယ်တဲ့ ဒီတော့ အပျိုလေးလို့ ပြောရမှာပေါ့ ဒါပေမယ့် သူပြောတဲ့ ဒုတိယအရွယ်ဆိုတာ ဘယ်အရွယ်များပါလိမ့်) ကျောင်းအကြောင်းရေးတုန်းက ပေါ့နေပါတယ်အောက်မေ့နေတာ ဆားမှမပါတာကိုး (ဟုတ်ပေါင်) အကျစ်အကြောင်းမှမပါတာကိုး (သူက ကျောင်းတက်တာကို အနှစ်ချုပ်နဲ့ ရေးသွားတယ် ခုရွာသားလေးရေးခိုင်းမှပဲ ဖုံးထားတာတွေ ပေါ်ကုန်တော့တယ်) ဟိဟိ ရွာသားလေးတို့  ဉာဏ်ပြေးချက်ကတော့

    ReplyDelete
  3. အဟမ်း အဟမ်း

    ReplyDelete