Tuesday, August 4, 2009

ဆယ်တန်းတုန်းက အမှတ်တရ

သစ်သစ် ဒီနေ့ဆယ်တန်းတုန်းက အကြောင်းလေးတွေ စမြုံ့ပြန်မယ်လို့ စဉ်းစားထားပါတယ် ။ သစ်သစ် ဆယ်တန်းတုန်းက လုံးဝတီဗွီမကြည့်ရပါဘူး ။ ကျောင်း နဲ့ ကျူရှင် ပတ်ချာလည်နေတယ်လေ ။ ညဘက်ဆိုလည်း စာကြည့်ရပါတယ် ။ ဘယ်အချိန်ထိလို့ မသတ်မှတ်ထားပေမယ့် တနေ့စာတနေ့ကျေအောင် ကြည့်ရတယ်လေ ။ သစ် အခန်းက အမေ့အိပ်ခန်းနဲ့ နီးပါတယ် ။ သစ်တို့ ညီအမတွေက တစ်ယောက်တစ်ခန်း ဘေးချင်းဆိုင်ပါ ။ အပေါ်ထပ်ထောင့်ခန်းလေးပါ မနက်ပိုင်းဆို နေလို့တော်တော်ကောင်းပါတယ် ။ ညနေဆိုရင်တော့ နေထိုးတဲ့ဘက်ဆိုတော့ ပူပါတယ် ။ သစ်ကို သင်ပေးတဲ့ ဂိုက်မမက အရမ်းစာတော်တဲ့ မမပါ ။ ကျောင်းတက် ကျူရှင်တက်နဲ့ သစ်သစ်တစ်ယောက် နှစ်ဝက်လောက်က ချာချာလည်ပါပဲ ။ သစ်ကိုစာလာသင်တဲ့ ဂိုက်မမက စာကြည့်ခုံမှာဆို သစ်ကအိပ်ယာပေါ်ကနေ စာပြန်ဆိုပါတယ် ။ အစကတော့ မမက အလိုလိုက်ပါတယ် နောက်အဲဒီလို လုပ်လို့မရတော့ပါဘူး ။ သစ် နေမကောင်းဘူးဆိုပြီး ကြက်သွန်နီချိုင်းကြားညှပ်ပြီး နေတော့လည်း သစ်အိပ်ယာဘေးမှာ စာတွေလာရွတ်ပြနေပါတယ် သစ်ကိုနားထောင်ခိုင်းတယ်လေ ။ ဒီကဂိုက်အချိန်မတက်ချင်ပါဘူးဆိုနေမှ ကြက်သွန်နီကြီးနဲ့ သစ်မှာစောင်ခြုံပြီး ငြိမ်နေရတဲ့ အဖြစ်ကို မြင်ယောင်ကြည့်ပါလေ .... ဟိဟိ ။ လူမှုရေးစာအုပ်ကြားမှာ ကာတွန်းစာအုပ်ဖတ်ပြီး ငြိမ်နေရင် အမေက သစ်သစ်ကို စာကိုအသံထွက်ဖတ်ခိုင်းတော့ ပါးစပ်က အော်နေပြီး မျက်စိက ကာတွန်းစာအုပ်မှာလေ......ပိုင်သလားတော့မမေးနဲ့ ။ စာကျက်ရင်လည်း အပေါ်ထပ်တစ်ထပ်လုံးကို ဘယ်သူမှ တက်လို့မရအောင် သစ်က လှေခါးထိပ်မှာ စာလုပ်နေသည် ကန့်သတ်နယ်မြေ ဆိုပြီး ဘုတ်ထောင်ထားတယ်လေ ။ တစ်ယောက်ကလာလိုက် လှေခါးထိပ်ကနေ ညီမလေး ဟိုဟာယူပေးပါဦး ဒီဟာယူပေးပါဦးနဲ့ စာကျက်တာပိုအာရုံနောက်လို့ ဘုတ်ဖြုတ်လိုက်ရပါတယ် ။ သစ်က စာကျက်ရင် အသံဗြဲကြီးနဲ့ အော်ကျက်ပါတယ် ပြီးရင် လမ်းလျှောက်ပြီး အမူအယာနဲ့ ကျက်တတ်ပါတယ် ။ သမိုင်းတွေကျက်ရင် အစ်ကိုတွေက ပြောတယ်လေ အောက်ကနေကြည့်ရတာ ငါ့ညီမလေး က နေသလိုပဲတဲ့ ...။ ဘိုင်အိုတွေကျက်ရင်လည်း စာရွက်တစ်ရွက်နဲ့ ရေးကျက်တတ်တယ်လေ ။ သစ် မကြိုက်ဆုံးက ဖစ်ဆစ်ဘာသာပါ ။ ဘယ်လိုမှကို စိတ်မ၀င်စားဘူး တော်သေးတယ် ၃၀ဖိုးစာပဲ ဖြေရလို့ ၁၀၀ဖိုးသာဆို ၄၀လောက်နဲ့ အောင်မှာသေချာတယ် ။ မနက်၎နာရီတော့ အမြဲတမ်းထတယ် စာထကျက်တာလေ ၄နာရီလောက်က ကျက်တဲ့စာက ၅နာရီခွဲလောက်မှ အရှိန်ရတယ် ။ ထပြီးရင် သွားတိုက် မျက်နှာသစ် သနပ်ခါးလူးပြီးတာနဲ့ လှချင်လို့လူးတာမဟုတ် အေးနေတော့ မျက်စိကျယ်အောင်လေ ဟိဟိ ။ ပြီးရင် ဂွမ်းစောင်ကို မတ်တပ်ရပ်ပြီး ၃ပတ်လောက်ပတ်လိုက်တယ် မီးကင်းသမားလိုလေ ။ နောက်စငိုက်တော့တာပါပဲလေ ။ ညဘက်ဆိုလည်း အိမ်အောက်ထပ်မှာ အသံတိုးတိုးလေးကြည့်နေတဲ့ တီဗွီကို လှေခါးကနေ ခေါင်းကိုဇောက်ထိုးချပြီး ကြည့်တာလေ အခုအဲလိုကြည့်ဆို ကြည့်တတ်တော့ဘူး ... ဟီးးးး ။ ဒီလိုနဲ့စာမေးပွဲဖြေမယ့်နေ့ရောက်လာတယ်လေ သူများတွေလို စိတ်လည်းမပူဘူး အိမ်မှာစိတ်ကောက်နေတာလေ သစ် စာမေးပွဲဖြေကာနီးမှ အိမ်ကကားကို အမေကရောင်းပြီး နောက်ကားလဲဖို့ ကားပြန်ရှာနေတဲ့အချိန်ဆိုတော့ သစ်သစ်ကျောင်းပို့ဖို့ ကားမရှိဘူးဖြစ်နေတယ်လေ စာမေးပွဲထက် ဒေါ်သစ်သစ်က ကားအတွက်ပိုစိတ်ပူနေတာလေ ...။ တက်ဆီငှားပေးမယ်ဆိုလည်း ဆိုင်းဘုတ်ပါလို့ စီးချင်ဘူး ဆိုပြီး ဂျီတိုက်နေတာ နောက်ဆုံးအစ်ကိုက သူ့သူငယ်ချင်းအိမ်စီးကားကို ငှားပေးရတယ်လေ အခုပြန်စဉ်းစားရင် ဘာမှလည်းမဟုတ်တာကို ဂျီတိုက်တယ်ဆိုပြီး ကိုယ့်ကိုကိုယ်တောင် အံ့သြမိတယ် ။ စာမေးပွဲဖြေပြီးပြန်လာရင်လည်း ကြေးအိုးသောက်ချင်ရတာနဲ့ ဘာစာချင်ရတာနဲ့ စားပြီးရင်လည်း အိပ်လိုက်သေးတယ်နော် ညနေလောက်မှ စာကိုစကြည့်တယ် ။ နွေကျောင်းပိတ်တော့လည်း အေးဆေးပဲ သူငယ်ချင်းတွေက အမှတ်တွေကြိုကြည့် ကိုယ်ကစိတ်ကိုမ၀င်စားတာလေ ။ အခုနေပြန်စဉ်းစားရင် အဲဒီတုန်းကများ ဖိဖိစီးစီးလုပ်ခဲ့ရင် ဆိုပြီး နောင်တရမိတယ် ။ အောင်စာရင်းထွက်တဲ့နေ့ကလည်း အိမ်မှာ အစ်ကိုတွေကမရှိလေ အစ်မပဲရှိတယ် မနက်၇နာရီ သူများတွေကြည့်ပြီး ပြန်လာပြီး ဒေါ်သစ်သစ်က အိပ်မက်ထဲမှာချာချာလည်တုန်းပဲလေ ။ အဖေကလာနှိုးတယ် သမီးငယ်အောင်စာရင်းထွက်ပြီ ဆိုတော့ အင်းအင်းဆိုပြီး ဆက်အိပ်တယ် အစ်မကလာနှိုးတယ် မထသေး နောက်ဆုံးအမေတက်လာတယ် သစ်သစ်အခန်းကို မနှိုးတော့ဘူး ကုတင်ပေါ်ကနေ လှေခါးဝထိ ဆွဲချသွားတယ် သစ်သစ်ကအော်တာပေါ့ အိပ်ယာပေါ်မှာ ထမီကျန်ခဲ့တယ်လေ ... ဟိဟိ ။ စူပုပ်ပွနေတဲ့ မျက်နှာပေးနဲ့ မနက်စာကို ဇိမ်ဆွဲစားနေတယ် အိမ်နီးနားချင်းတွေကလည်း အောင်လားမေးနေကြပြီ ဒို့ကအေးဆေး....။ ကျောင်းကိုဒရိုင်ဘာကားမောင်းပို့တော့ အမလိုက်လာတယ် ကြည့်နေတဲ့သူတွေက အများကြီးပဲလေ တိုးကြည့်မှရတာဆိုတော့ ကြည့်ချင်ဘူး အစ်မကတိုးနေပြီ သစ်သစ်က အတန်းပိုင်ဆရာမကို သစ်သစ်အောင်လားမေးတော့ ဆရာမက ဂုဏ်ထူး၂ခုပါတယ် ဆိုတော့ သစ်ကကားပေါ်မှာ ပြန်ထိုင်နေလိုက်တယ် ။ အမက ချွေးတလုံးလုံးနဲ့ ထွက်လာပြီး ငိုကြီးချက်မနဲ့ ရောက်လာတယ် သစ်သစ် ဆရာဝန်မဖြစ်တော့ဘူးဆိုပြီးတော့ သစ်ကတော့ အေးဆေးပဲ ။ ဘယ်သူတွေဘယ်လောက်ရလဲ မသိချင်ဘူး ဦးနှောက်မှာ အကြံထုတ်နေတာ အိမ်ရောက်ရင်အဆူမခံရအောင် ဘာလုပ်မလဲဆိုပြီးတော့လေ ။ ကားကခြံေ၇ှ့လည်း ရောက်ရောဆူခံထိမှာစိုးလို့ အသံကျယ်ကြီးနဲ့အော်ငိုပြီး ကားပေါ်ကနေဆင်းတာလေ အိမ်နီးနားချင်းတွေက ကျတယ်ထင်ကြတယ်လေ ။ အိမ်ပေါ်တက်တာနဲ့ သမီးတာဝန်မကျေပါဘူး အမေတို့အပေါ်မှာ ဆိုပြီး ပြောလိုက် အခြေအနေကြည့်လိုက် ပြန်ငိုလိုက်လုပ်နေတာ..ဟိဟိ ။ ဆူမယ့်သူတွေက သစ်ကိုချော့လို့ပေါ့....း) ။ အဲဒီချိန်မှာ သစ်သူငယ်ချင်းတွေရောက်လာတယ်လေ သူတို့တွေကလည်း စတော်တွေကြီးပဲလေ သစ်ကမျက်နှာသေလေးနဲ့ပေါ့ သူတို့အားလုံးက ဟဲ့.....ငါတို့အားလုံး၂ဒီတွေပဲ ဆိုမှ ဒေါ်သစ်သစ်ကပြုံးနိုင်တာလေ စိတ်အရမ်းပုတ်တာလေ ...ဟဲဟဲ။ အစ်ကိုတွေဖုန်းဆက်တော့လည်း မျက်ရည်လေးတွေချူလို့ရသလောက် ချူပေါ့နော် ။ အမှတ်စာရင်းထွက်တော့မှပဲ အသက်ရှူချောင်သွားတော့တယ် ။ အခုပြန်စဉ်းစားတော့ သစ်သစ်ငယ်ငယ်က မိသားစုအပေါ်တော်တော်ကို မာယာများခဲ့တာ သတိထားမိတယ် ။ အမှတ်တရလေးတစ်ခုပါပဲလေ ..။

7 comments:

  1. မမသစ် အတော်ဆိုးတာပဲ တအိမ်လုံးချစ်တာအပေါ်အနိုင်ယူတယ်ကျန်းးး ဒါပေမယ့်ချစ်ဖို့တော့တအားကောင်းတယ်

    ReplyDelete
  2. ဘုရား ဘုရား ဘုရား (၃ ကြိမ်တိတိ တသွားသည်)

    ReplyDelete
  3. 10 တန်းတုံးက ည ၉ နာရီခွဲလာတဲ့ Wuthering Heights ဇာတ်လမ်းတွဲတစ်ခုကို တီဗီကြည့်ခွင့်ရတယ်.. ကျောင်းကအင်္ဂလိပ်စာက အဲဒီဝတ္ထုကိုပြဌာန်းထားလို့ တရားဝင်ကြည့်ခွင့်ရတယ်...။
    ဒါပေမယ့် အဲဒီတုံးက သီချင်းလာတဲ့ ည ရနာရီနဲ့ ၈ နာရီကြားတော့ သစ်သစ်နဲ့ တစ်ပုံစံထဲ လှေခါးကနေ ခေါင်းဇောက်ထိုးနဲ့ ကြည့်ခဲ့ဖူးတယ်...။ သစ်သစ်နဲ့မတူတာက အကြိုက်ဆုံးဘာသာက Physics၊ အစဉ်လိုက်ဆိုရင် English ၊ မြန်မာစာ၊ Maths Bio ၊Chemistry၊
    Bio ကို 10 တန်းစာအုပ်အထူ တစ်အုပ်လုံးနဲ့ ၉ တန်းစာအုပ် အပါး တစ်အုပ်လုံးကျက်ရတာ မှတ်မိတယ်။ ၁၀ တန်း မှာ ၉ တန်းစာပါ ပြန်မေးလို့....။
    Chemistry က ခုနောက်ပိုင်းမှာ တခြားဘာသာတွေထက် ဂုဏ်ထူးထွက်တယ်.. အရင်တုန်းက Physics ထက် Chemistry က ပိုခက်တယ်.. မေးခွန်းတစ်ခုပြီးရင် Why ဆိုတာပါတော့ တော်တော်ခေါင်းစားရတယ်။

    ကောင်းလိုက်တာ ဒါလေးဖတ်ရတာ... မေ့နေတာတွေကို ဒါဖတ်ရင်း ငါ့တုံးက ဘယ်လို ဆိုပြီး ပြန်သတိရလာလို့...။
    မေ့တာလည်း မပြောနဲ့ကွယ့် 91/92 မှာ ၁၀ တန်းကိုး....။

    ဟိုက်... နာရေးထားတာ အရှည်ကြီးပါလား... တော်မှ

    ReplyDelete
  4. မေးစရာကျန်ခဲ့လို့...
    အောင်စာရင်းသွားကြည့်တော့ရော.. ထမီပါပါလား...

    ReplyDelete
  5. စင်စင်ရယ် ကြည့်စမ်း အမေးကောင်းလေးပဲ ဟုတ်ပါ့ သစ် ပါလား ထမီ

    ReplyDelete
  6. အမ် ပါတာပေါ့ သာမီးရှက်လိုက်ထှာ ဟင့်

    ReplyDelete
  7. အင်း တော်သေးတာပေါ့...ထမီပါလို့......ဟဟဟဟဟ

    ReplyDelete