Friday, January 7, 2011

ကိုယ်ချစ်တဲ့သူတို့လေးတွေ

၂၀၁၁ အတွက် ပထမဆုံးပို့စ်လေးကိုရေးမယ်ဆိုတော့ ရေးစရာတွေများနေပေမယ့် အကြောင်းအရာတွေက ကွဲပြားပြီးတခုနဲ့တခုလင့်ချိတ်လို့မရ ဖြစ်နေတယ်လေ ။ နှစ်သစ်ကူးချိန်မှာလည်း သစ်သစ်တစ်ယောက်မရေးဖြစ်ခဲ့ပါဘူး ။ နှစ်သစ်ကူးကိုကြိုဆိုခဲ့ပါတယ် သူငယ်ချင်းများနဲ့ စီဘောက်ကနေလေ ...။ ဒါနဲ့ဆက်စပ်ပြီးပြောချင်မိလာတာကတော့ သစ်တို့စီဘောက်ကသူငယ်ချင်းတွေအကြောင်းပါပဲ ။

သစ်တို့ http://www.vistazcbox.cbox.ws/အဲဒီစီဘောက်မှာခင်မင်လာခဲ့တာ သက်တမ်း၁နှစ်ကျော်နီးပါးဖြစ်လာခဲ့ပါပြီ ။ သစ်တို့စုစုပေါင်း ၈ယောက်တိတိရှိပါတယ် ။ စီဘောက်ပိုင်ရှင်ပိုက်ဆံမှန်မှန်သွင်းပေးနေသူကတော့ ပိုင်ရှင် ဗစ်စတာပါ ။ အရင်ဆုံးသူ့အကြောင်းအတင်းတုပ်ရမယ်ဆိုရင်တော့ သူနဲ့မတွေ့ခင်အချိန်တခုကပေါ့ သူဟာယောက်ျားလျာဖြစ်ရမယ် စကားပြောတာကလည်း ရှေ့မလွတ်နောက်မလွတ်ဂွကျကျပေါ့ မိန်းမချင်းတောင်ဖုန်းနံပတ်လေးတောင် မပေးဘူးဆိုတော့ ဒင်းသေချာတယ် ယောက်ျားကြီးပဲဖြစ်ရမယ် ။ မိန်းမဟန်ဆောင်ပြီး လာရောနေတာ ငါတို့ခပ်တန်းတန်းနေကြမယ်လို့ စီဘောက်မိတ်ဆွေ ဘွားချယ်နဲ့တိုင်ပင်ဆွေးနွေးကြပါတယ်...ဟိ ။ ပြောရင်လည်းတုတ်ထိုးအိုးပေါက် တွေ့ဖို့ချိန်းလည်းမလာ ဓါတ်ပုံရိုက်ကူးခြင်းလည်းလုံးဝလက်မခံတော့ ငါတို့ထင်တာသေချာပါတယ်လေပေါ့ .... ။

နောက်တစ်ယောက်ကတော့ ကိုဘရယ်လို့နာမည်ကြီးတဲ့ဘလော့ရဲ့ စီဘောက်မှာခင်မင်ခဲ့တဲ့ အစာအိမ်ရောဂါသည် အစပ်စားမရ အမြဲအန်လေ့ရှိ (အဲ့တုန်းကလွန်စွာသနားမိပေါ့လေ)ဘွားချယ်ပါ ။ သူ့ရဲ့ပီယ၀ါစ နှိပ်ကွပ်တဲ့စကားလုံးတွေကြား အလူးလူးအလှိမ့်လှိမ့်ပြန်တွယ်ရင်းနဲ့ အစ်မတစ်ယောက်လိုဘာမဆိုတိုင်ပင်ဖြစ်တဲ့ ဂွတီးဂွကျအပျိုကြီးအစ်မပါ ။ သူ့လောက်ကြောက်တာလည်း သူပဲဖြစ်သလို သူ့လောက်စွာတာလဲသူပါပဲ သူများကိုပြောပြီးရင် မြန်မာပြည်ကရုပ်မြင်သံကြားလိုပဲ စကားတစ်လုံးကို ထပ်ခါထပ်ခါပြောကာ စိတ်ထဲထည့်ပြီးစားမ၀င် (၂ပန်းကန်)အိပ်မပျော်(ဆင်အော်တောင်မနိုး) ခံစားတတ်သူကြီးပါ ။ တနည်းဆိုရရင်ဖြင့် သေးသေးလေးအစ အကြီးကြီးထိ တစိမ့်စိမ့်စဉ်းစားစိုးရိမ်ပူပန်တတ်သူကြီးပါ ။ ခုတော့ သူ့ဘ၀မယ်အိုင်ဖုန်းတစ်လုံးယူပြီးသကာလ ဘလော့တစ်ခုဖြင့် ပုံများတင်ရန် ကြိုးပမ်းနေတဲ့ ဘလော့ဂါပေါက်စပိုးပိုးဆိုတဲ့နာမည်နဲ့ ဘလော့လောကကို ၀င်လာသူတစ်ယောက်ဆိုရင်လည်း မမှားပေဘူးလေ ။ သူ့ဘလော့မှာ သွားရောက်ရိုက်နှက်လို့ရအောင် လင့်ထည့်ပေးလိုက်ပါမယ် သူ့ကိုမပြောကြပါနဲ့နော် http://33poepoe.blogspot.com/ ဟိ ။

နောက်တစ်ယောက်ကတော့ အပျိုကြီးရယ်လို့အခြေကြီးပြီး စီဘောက်မှန်သမျှ လိုက်ချက် အဲလေ လိုက်ဖတ် ဘလော့မှန်သမျှမလွတ်တမ်းဖတ်လေ့ရှိတဲ့ နာမည်ကျော်စာဖတ်သူ မျိုး ဖြစ်ပါတယ် ။ လောကတွင်သူမသိတာမရှိသလို တခုခုများအသစ်ဝယ်လာရင် ကျန်သူများနားညီးလောက်အောင် ကြွားဝါ အဲလေ ပြောပြတတ်သူကြီးပါ ။ ရုပ်တည်ကြီးဖြင့် ဆရာလည်းလုပ်တတ်သူပါ ။ သူနဲ့တွေ့ချင်ဆုံချင်ရင်ဖြင့် အနည်းဆုံးတစ်ပတ်ကျော်လောက် ရက်ချိန်းယူရလေ့ရှိပါတယ် ။ အချိန်တွေအမြဲပြည့်နေတတ်ပြီး ၂၄နာရီကို ၂၅နာရီတိုးဖို့ အစဉ်အမြဲစဉ်းစားနေသူတစ်ယောက်ပါ ။ သူလည်း အချိန်ရှားပါသူတစ်ယောက်အဖြစ် ကျွန်မတို့အဖွဲ့တွင် နာမည်ကြီးသူပါ ။ အစားနဲ့လက်တစ်ခါမှပြတ်တယ်လို့မရှိပဲ အစဉ်အမြဲတခုခုစားရန် စဉ်းစားနေသူတစ်ယောက်ပါ ။

နောက်တစ်ယောက် သာသာနဲ့နာနာ နှပ်ရမယ်ဆိုရင်ဖြင့် အရင်ကဘလော့ရေးခဲ့သူ မေလေးပါ ။ သူဘလော့ရေးခဲ့စဉ်က သူနဲ့ကျွန်မတို့အဖွဲ့ သိပ်မခင်ပါဘူး ။ မသိသလောက်ပါပဲ တယောက်နဲ့တယောက် ။ နောက်သူစီဘောက်ကိုလာလည်ရင်းနဲ့မှ ကျွန်မတို့အဖွဲ့အပြင်မှာတွေ့ဆုံရန် အကြောင်းတစ်စုံပေါ်ပေါက်လာခဲ့ပါတယ် ။ သူက သူ့အိမ်မှာဆုံတွေ့ရန် အားလုံးကိုဖိတ်ခေါ်ခဲ့ပြီး စားသောက်ရန်ချက်ပြုတ်ထားမည်ဖြစ်ကြောင်း သူ့ရဲ့အဓိကပစ်မှတ် ဂဏန်းဟင်းဖြင့်ဆွဲဆောင်ပါတော့သည် ။ အမြဲငတ်နေကျ အဲလေ..ဖိတ်တိုင်းအားနာလို့လိုက်စားနေကြ ကျွန်မတို့အဖွဲ့လည်း သူ့အိမ်မှာဆုံတွေ့ရန် ၃ကြိမ်၃ခါတိတိ မဲခွဲဆုံးဖြတ်ပြီးသကာလ တခုသောစနေနေ့တွင် ချီတက်ခဲ့ကြပါသည် ။ ထိုနေ့မှစလို့ မေလေးကို ညီမအရင်းလိုသဘောထားကာ သာတယ်နာတယ်မတွက်ပဲ ဦးသူကရိုက်လေ့ရှိတဲ့ဓလေ့ဖြင့် ချစ်ခင်လာခဲ့တာ ခုချိန်တိုင်နေပါပြီ ။

နောက်တစ်ယောက်ကတော့ မထင်မှတ်ပဲစီဘောက်လာလည်ရင်း ခင်မင်ခဲ့ရတဲ့ သူငယ်ချင်း နိုမိုပါ ။ သစ်တို့စီဘောက်လာလည်စမှာ သူက ထိုင်းမှာကျောင်းတက်နေဆဲ ကာလတွေပေါ့ နောက်ထိုင်းကနေ သစ်တို့အဖွဲ့ကိုမခွဲနိုင်လို့ (ထင်တာပြောတာပါ)စင်္ကာပူလာပြီးအလုပ်လုပ်နေသူတစ်ဦးပါ ။ ဘယ်သူပြောပြောရီနေတတ်ပြီး ဟာသတခုကိုသူဆိုရင် ၂ကြိမ်ပြန်ပြောရပါတယ် ။ အမြဲသူများရီပြီးမှ ထရီတတ်သူတစ်ဦးပါ ။ သူကတော့ စီဘောက်ထဲညဘက်မှလာတတ်သလို ပိတ်ရက်တွေဟင်းချက်ပျင်းတိုင်း ဘယ်သူဘာချက်လဲ စီဘောက်မှာစောစောစီးစီးထိုင်မေးတတ်သူပါ ။ သူအနှစ်သက်ဆုံးအစားအစာဟာ မှိုဖြစ်နေတာကို ၂၀၁၁ မကူးခင်မှာ တစ်ဖွဲ့လုံးထင်ရှားစွာ သိသွားခဲ့ပါတယ် ။ ဒါကြောင့် သူ့နာမည်ကို နိုမှိုလို့ပြောင်းလဲကင်ပွန်းတပ်လိုက်သူလည်း ဖြစ်ပါတယ် ။ သစ်တို့အဖွဲ့မှာ သူ ဒီ၉၀ ကင်မရာကြီးစတင်ဝယ်သူတစ်ဦး ဖြစ်သလို ဓါတ်ပုံအရိုက်များတဲ့ ချယ်ရီ မျိုး တို့တွေ နိုမိုရဲ့ေ၀၀ါးတဲ့ ဒီ၉၀ ရိုက်ချက်တွေကြားမှာ ဘယ်တော့မှဓါတ်ပုံမရိုက်တော့ဘူး ဆုံးဖြတ်ဖြစ်ခဲ့ကြပါတယ် ။ နိုမိုကစိတ်ရှည်စွာ ရိုက်ပေးတတ်ပါတယ် အမြဲတမ်းလည်းဝါးပါတယ် သူကအမြဲတမ်းလည်း ဆင်ခြေပေးပါတယ် သူကအသစ်သင်စမို့လို့ ပုံတွေမကောင်းရင်ခွင့်လွှတ်ပါတဲ့လေ ။ ခုချိန်ထိ သူအသင်ပဲရှိပါသေးတယ် ... ဟိ ။

သစ်တို့အဖွဲ့မှာ ၂၀၁၁ ကိုလက်တွဲမဖြူတ်စတမ်းပါမလာသူ ၂ယောက်ရှိပါတယ် ။ တစ်ယောက်ကတော့ အိမ်ထောင်ကျပြီး ယောင်နောက်ဆံတုံးပါလိုက်သွားတဲ့ သစ်အရမ်းချစ်တဲ့ကလေးလေးပါ ။ မမသစ်ဆိုပြီးခုထိ လိုင်းပေါ်တွေ့ရင်ချွဲနေတုန်းပါပဲ ။ အငယ်ဆုံးလေးမို့လို့အချစ်ပိုရသလို အချိန်တန်အိမ်ထောင်ပြုတော့လည်း နှမြောရပါသေးတယ် ။ ခုတော့ သူ့ဘ၀သူ့လမ်းကြောင်းလေးနဲ့ ပျော်နေသူတစ်ဦးပေါ့လေ ။ အဖွဲ့လိုက်အပြင်သွားတိုင်း သတိရမိပါတယ် ။ သူ့ဟန်ပန်တွေလည်း မေ့ဖျောက်မရပါဘူး ။ သူကတော့ သူ့ကိုမမတွေကမချစ်တော့ဘူးဆိုပြီး အထင်မှားနေလေရဲ့..း)။ နောက်တစ်ယောက်ကတော့ လျှို့ဝှက်လွန်းသူတစ်ယောက်လို့တောင် နာမည်ပေးရမလိုပါ ။ ဒီလမှာသူ့မွေးနေ့ရှိတာလည်း အားလုံးသတိရကြပါတယ် ။ ဒါပေမယ့် သူစိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ အားလုံးကတိုးတိတ်စွာပဲ အဝေးမှာသူ့အလိုကျနေပေးလိုက်ပါတယ် ။ သူဒီလိုပုံစံနဲ့သစ်တို့အဖွဲ့ကိုဆက်ဆံတာ စိတ်ဆိုးမိပေမယ့် ဘယ်သူမှသူ့ကိုမမုန်းကြပါဘူးလေ ။ သူလည်းသူ့အကြောင်းရှိလို့နေပါလိမ့်မယ်ဆိုပြီး ခွင့်လွှတ်ပေးနေကြတုန်းပါ ။ သူအဆင်ပြေစေဖို့လဲအမြဲဆုတောင်းပေးနေကြပါတယ် ။ သူသည်လည်းတချိန်တုန်းကတော့ သစ်တို့အဖွဲ့ထဲကတစ်ယောက်ဖြစ်ခဲ့သူပါပဲ ။

နောက်ပိုင်းမှစီဘောက်ရောက်လာပြီး ညီအမတွေလိုခင်မင်ရတဲ့သူများလည်း ရှိသလို မောင်နှမတွေလိုပြောမနာဆိုမနာ ယောက်ျားလေးသူငယ်ချင်းများလည်း ရှိပါသေးတယ် ။ သစ်ဒီနေ့ရေးသားဖြစ်တဲ့ သူငယ်ချင်းတွေကတော့ သစ်ဘ၀မှာဘယ်တော့မှမေ့မရနိုင်တဲ့ သူတစ်စုပါပဲ ။ သစ်မှာငယ်သူငယ်ချင်းတွေရှိတယ် ကျောင်းတက်တော့မှခင်မင်ရတဲ့ သူငယ်ချင်းအရင်းတွေရှိတယ် ဒီအဖွဲ့လေးကတော့ အွန်လိုင်းကသိတဲ့သူငယ်ချင်းတွေပေါ့လေ ။ အမြဲတမ်းတော့တပူးပူးတတွဲတွဲနှောင်ဖွဲ့စွာနေလို့မရဘူးဆိုတာ အားလုံးရဲ့ရင်ထဲမှာအလိုလိုနားလည်ထားကြပါတယ် ။ ခုလို အမိမြန်မာပြည်နဲ့ဝေးကွာနေချိန်မှာ ညီအမတွေလို ဘာမဆိုတိုင်ပင်လို့ရတဲ့ ဘုရားပေးတဲ့ ဒီသူငယ်ချင်းတွေကို သစ်သစ်သိပ်ချစ်ပါတယ် ။ အထီးကျန်မှု တွေဝေနေမှု ငေးမောနေမှုတွေ မဖြစ်ပဲတယောက်ကိုတယောက်အစဉ်မပြတ် အားပေးလေ့ရှိတဲ့ သူငယ်ချင်း ၇ယောက် စရိုက်၇မျိုးကိုလည်း သစ်သစ်အမြဲရင်ထဲအမှတ်ရနေမှာပါ ။ သူငယ်ချင်းအားလုံးလဲ ကိုယ်ရည်ရွယ်ထားတဲ့ရည်မှန်းချက်တွေပြည့်လို့ အောင်မြင်တဲ့သူတွေဖြစ်ကြပါစေလို့ ဆုတောင်းရင်း ၂၀၁၁ ကို သစ်ချစ်တဲ့သူတို့လေးတွေပို့စ်နဲ့ နောက်ကျစွာကြိုဆိုလိုက်ပါတယ် ။


ဆက်ဖတ်ချင်သေးရင်...