Friday, March 30, 2012

တို့ဆုံတွေ့ဖို့ရှိတယ်

ဒီရက်ပိုင်းမှာ ပြန်မယ်ပြန်မယ်ဆိုတဲ့သီချင်းလေး အကြိမ်ကြိမ်နားထောင်ဖြစ်ပါတယ် ။ ချစ်သောသူဆီကတောင်းထားခြင်းဖြစ်သလို စာသားတိုင်းမှာ မျှော်လင့်ချက်တွေပြည့်နှက်နေပါသေးတယ် ။ သီချင်းနားထောင်စဉ်မှာ ရင်ထဲလွမ်းသလိုလို ဆွေးသလိုလိုနဲ့ သီချင်းအဆုံးမှာမတည်မြဲခြင်းတွေ ပါဝင်နေတာကို တွေ့ရပါတယ် ။ သီချင်းလေးဆုံးသွားတိုင်း ရင်ထဲမှာဟာဆင်းနေသလို ခံစားချက်တွေနဲ့ ကြာရင်ရူးနိုင်လောက်ပါတယ် ။ ခံစားချက်တိုင်းတွက် ချစ်တဲ့သူကိုအစဉ်အမြဲ သတိရနေမိမှာပါ ။ ကျေးဇူးပါ ချစ်ရသူး) ။










ဆက်ဖတ်ချင်သေးရင်...

Tuesday, March 27, 2012

ရင်ခုန်နှစ်သစ်

အားလုံးပဲ မင်္ဂလာပါ ...သစ်သစ် စာမရေးတာသိပ်ကို ကြာသွားခဲ့ပါတယ် ။ ရေးဖို့အကြောင်းအရာများစွာတွေထဲက ရေးမယ်ပြင်ဆင်ထားပြီး တ၀က်တပြတ်နဲ့အကြမ်းထဲမှာပဲ သောင်တင်နေတတ်တော့ ပို့စ်တွေမတင်ဖြစ်သလို ဖြစ်ခဲ့တာပါ ။ ပြီးတော့ ၂၀၁၁အကုန် ၂၀၁၂ အစတွေမှာ မထင်မှတ်တဲ့အချိုးအကွေ့တွေ ပြောင်းလဲခြင်းတွေ နဲ့မယဉ်ပါးသေးလို့ စာရေးဖို့မုဘက်ကို ပြန်မသွင်းနိုင်တာလဲပါတာပေါ့ ။ ပုံမှန်စာလာဖတ်တဲ့သူတွေကို အားနာမိတာနဲ့ ဘလော့လေးကို ခဏတာပိတ်ထားခဲ့မိပါတယ် ။ လာလည်တဲ့သူများ အဆင်မပြေဖြစ်ခဲ့ရင် ဒီပို့စ်လေးနဲ့အတူ သစ်သစ်ကတောင်းပန်ချင်ပါတယ် ။

ဒီလကုန်ရင်ဖြင့် သစ်သစ်တစ်ယောက် အမိမြန်မာပြည်ကို ခဏတာပြန်ပါဦးမယ် ။ ၅နှစ်တာဝေးကွာခဲ့သော မြန်မာ့နှစ်ကူးအတာသင်္ကြန်ပွဲတော်ကို ဆင်နွဲရင်းဘ၀ရဲ့အမောတွေ ပြေပျောက်စေဖို့ မိဘရင်ခွင်မှာခဏတာ ပြန်လည်မှေးစက်ခိုဝင်လိုက်ပါဦးမယ် ။ သင်္ကြန်ရေနဲ့မထိတွေ့ခဲ့လို့များ အမြဲနေမကောင်းဖြစ်နေသလားလို့တောင် သံသယဖြစ်မိပါတယ်.. (အကြောင်းရှာနေတာ..အဟိ) ။ သင်္ကြန်ကာလဟာ မွေးရပ်မြေမှာနေထိုင်စဉ်ကတောင် နှစ်စဉ်ရင်ခုန်သံတွေမြန်ဆန်နေခဲ့တာ ခုလိုရေခြားမြေခြားရောက်ချိန် သင်္ကြန်ကျနေပြီလို့ အသံကြားလိုက်ရင် လွမ်းမောတသခံစားချက်နဲ့ ငိုချင်သလိုလို ၀မ်းနည်းလာသလိုလို နာမည်ပေးရခက်တဲ့ သံစဉ်တချို့ခိုအောင်းလာတတ်ပါတယ် ။ ဘာပဲဖြစ်ဖြစ် မြန်မာ့ရိုးရာနှစ်သစ်ကူးပွဲတော်မှာ ၅နှစ်မြောက်ပြန်လည်ဆင်နွဲခွင့်ရတော့မယ့် သစ်သစ်တစ်ယောက်ကတော့ ရင်ခုန်သံတွေမြန်နေမယ်ဆိုတာ ဗေဒင်မေးစရာကိုမလိုတော့ပါဘူး ။ တချို့များပြောသလို ဒီသက်ရွယ်နဲ့ရေမပက်ချင်တော့ပါဘူးတို့ သင်္ကြန်မှာဘာလုပ်ရမှန်းကိုမသိလို့ အိမ်ထဲပဲအောင်းတယ်ဆိုတဲ့သူတွေနဲ့ သစ်သစ်ကတော့တခြားစီပါ. သင်္ကြန်ရယ်လို့အသံကြားလိုက်ရင်ဖြင့်ကို ရောက်နေတဲ့ဇရာကိုမေ့ပြီး စိတ်လတ်အစဉ်နုပျိုလန်းဆန်းလာပါတယ် ။ သစ်သစ်အတွက်ကတော့ သင်္ကြန်ဟာသေသည့်တိုင်ရင်ခုန်နေဦးမယ့် မြန်မာ့ပွဲတော်တခုဖြစ်နေဦးမှာ သေချာပါတယ်။

သင်္ကြန်မတိုင်ခင် မိဘဆွေမျိုးစုံလင်စွာဖြင့် အလှူလေးတခုလုပ်ဖို့ စီစဉ်ထားပါတယ် ။ ဒီ့အတွက်လဲ ၀မ်းသာကျေနပ်မိပါတယ် ။ တချိန်က ဟိုနေရာလှူချင်ဒီနေရာလှူချင်တဲ့သစ်သစ် ခုဆိုရင်ဖြင့် စိတ်ရှိတိုင်းကိုယ့်ချွေးနဲစာလေးနဲ့ လှူဒါန်းခွင့်ရလာလို့ ပိုပြီးပီတိဖြစ်မိပါတယ် ။ အလှူပြုရခြင်းနောက်ရည်ရွယ်ချက်တခုကတော့ဖြင့် ရေမြေတခုတည်းမှာ အခြေချနေခြင်းမတူတဲ့ သစ်သစ်ရဲ့မောင်နှမတွေ မိသားစုဝင်တွေ မိဘနဲ့ပြန်လည်တွေ့ဆုံပြီး အမှတ်ရစေချင်တဲ့ ရည်ရွယ်ချက်လည်းပါခဲ့ပါတယ် ။ အသက်အရွယ်ကြီးနေပြီဖြစ်တဲ့ သစ်သစ်မိဘတွေ သူတို့သားသမီးအစုံအလင် အိမ်ကိုပြန်လာကြမှာဆိုတော့ သူတို့လည်းသစ်သစ်နည်းတူ စိတ်လှုပ်ရှားပျော်ရွှင်နေကြပါတယ် ။ မြေးတစ်ဦးချင်းစီရဲ့အကြိုက် သားသမီးတစ်ဦးချင်းစီရဲ့အကြိုက် တွေကိုကြိုတင်စီစဉ်ရင်း ပြန်လာမယ့်နေ့ကိုမျှော်နေကြပါတယ် ။ ပြန်လာတဲ့မောင်နှမတွေထဲမှာ သစ်သစ်ကနောက်ဆုံးဖြစ်ပါတယ် ။ ဒီတော့ သစ်သစ်ကိုမောင်နှမတွေအကုန် လာကြိုကြမယ်ဆိုလို့ ၅နှစ်အတွင်း ခြောက်ကြိမ်မြောက်ရန်ကုန်ပြန်ခြင်းမှာ အမှတ်ရစရာတခုလည်း ဖြစ်လာတော့မှာပါ။

နေ့စဉ်နေ့တိုင်းဝမ်းရေးအတွက် လှုပ်ရှားရင်းဘ၀တိုးတက်မှူရှာဖွေနေစဉ်မှာ ကိုယ့်ဘ၀ရှေ့ရေးတွက် ချစ်သောမောင်နှမ မိဘများကိုခွဲခွာနေရတဲ့ အကျည်းတန်ခံစားချက်က လူကိုအလဲလဲအပြိုပြိုဖြစ်အောင် နှိပ်စက်လေ့ရှိပါတယ် ။ တခါတရံများ မိဘများနေမကောင်းတဲ့အသံကြားတဲ့ခါ ရင်ခွင်တခုလုံးဆုပ်ခြေထားသလို ခံစားရပြီး မကျေနပ်ခြင်းများစွာနဲ့ ခေါင်းကိုမော့ကာ ကျဆင်းလာတဲ့မျက်ရည်တွေ သုတ်ပစ်ရတာကလည်း အကြိမ်ကြိမ်ပါပဲ ။ ဝေးကွာတဲ့ခံစားချက်က အဝေးမှာရောက်လေလေ ပိုပြီးသိသာထင်ရှားလာလေလို့ ပြောမယ်ဆိုလည်း မှားမယ်လို့ သစ်သစ်ကတော့မထင်ပါဘူး ။ ငါကပဲသတိရနေရတာ သူကတော့သတိမရဘူးလို့လဲ မထင်ပါဘူး ။ မေတ္တာရဲ့သဘောတရားကိုက အပြန်အလှန်စီးဆင်းနေတဲ့သဘောလို့ သစ်သစ်ကယုံကြည်ပါတယ် ။ ကိုယ်သတိရနေရင် သူလည်းပဲသတိရနေမယ်ဆိုတာ သေချာပေါက်လက်ခံထားပါတယ် ။ ဒီတော့ သစ်သစ်တို့ကိုမွေးထားတဲ့ မိဘတွေ သားသမီးတိုးတက်ရာတိုးတက်ကြောင်းအတွက်သာ ရေခြားမြေခြားကိုသွားခွင့်ပေးထားပေမယ့် သူတို့ရင်ထဲမှာတော့ နေ့စဉ်တမ်းတပြန်လာစေချင်မှာ အမှန်ပါပဲ ။ ကျန်းမာရေးမကောင်းချိန်မှာ ဘာမှမလုပ်ပေးနိုင်ရင်တောင်မှ သားသမီးတွေဘေးမှာဝိုင်းနေတယ်ဆို သူတို့ရောဂါအတော်အတန် သက်သာစေမှာပါပဲလေ ။ ဒါကြောင့် သစ်သစ်မိဘတွေ နေမကောင်းဘူးဆိုရင် သစ်သစ်မှာထိုင်ရမလိုလို ထရမလိုလိုနဲ့ ပူလောင်နေတတ်ပါတယ် ။ ငါဒီကိုထွက်လာခဲ့တာ မှားပြီလား မိဘအပေါ်တာဝန်လစ်ဟင်းနေမိပြီလား စဉ်းစားမိတာလဲအခါခါပါ ။ တနှစ်ကိုအနဲဆုံး၁ကြိမ်လောက်ကတော့ ရောက်အောင်ပြန်လေ့ရှိပါတယ် ။

ဒီတခါပြန်တာကတော့ မောင်နှမများစုံလင်မယ့်အပြင် ရိုးရှင်းတဲ့အလှူလေးတခုလည်းလုပ်ခွင့်ရမယ်ဆိုတော့ သစ်သစ်ပျော်နေမယ်ဆိုတာ မေးစရာတောင်လိုမယ်မထင်ပါဘူး ။ ပြန်ရမယ့်ရက်တွေနီးလာလေ ရင်ခုန်သံတွေမြန်လာလေပဲပေါ့ ။ ရန်ကုန်ကပြန်လာရင်ဖြင့် သစ်သစ်မှာလုပ်စရာတွေအများကြီးဖြစ်နေပါတယ် ။ ဒါပေမယ့် နောက်ပိုင်းတလတပုဒ်လောက်တော့ရေးနိုင်အောင် ကြိုးစားပါ့မယ် ။ ဘလော့သက်တမ်းကလည်း ၃နှစ်ထဲဝင်လာပြီဆိုတော့ ကိုယ့်ဘလော့လေးကို အသစ်လေးတွေပြုပြင်မွမ်းမံရင်း အတွေးအခေါ်အသစ်လေးတွေနဲ့ ပြန်လည်ဝင်ရောက်လာပါပြီ ။ အားလုံးပဲ ပျော်ရွှင်ဖွယ်ရာ အတာနှစ်ကူးလေးဖြစ်ပါစေလို့ သစ်သစ်ဆုတောင်းပေးလိုက်ပါတယ် ။

ဆက်ဖတ်ချင်သေးရင်...