Tuesday, December 13, 2011

ဇွဲကပင်တောင်နဲ့အမှတ်တရ

ဒီဇင်ဘာတဲ့ နှစ်တစ်နှစ်ရဲ့နောက်ဆုံးလ အေးမြတဲ့လ ခြေခင်းလက်ခင်းသာယာပြီး စိတ်ချမ်းသာစရာကောင်းတဲ့လ ချွေးမထွက်တဲ့လ ပျော်စရာများတဲ့လ နောက်ထပ်ခုနှစ်တစ်ခုကို ကြိုဆိုတဲ့လ လူအမျိုးမျိုးရဲ့စိတ်နှလုံးကို ဆွဲဆောင်နိုင်လွန်းတဲ့လ တစ်လဖြစ်ပါတယ် ။ ဒီလိုလလေးမှာ သစ်သစ်စိတ်ကူးတွေကလည်း အေးချမ်းနေတတ်ပါတယ် ။ နောက်နှစ်တွက်ဘာလုပ်မယ်ဆိုပြီး စိတ်ကူးတွေတပွေ့တပိုက်နဲ့ပေါ့ ။ အများခန့်မှန်းထားတဲ့ ၂၀၁၂ကိုလည်း ကိုယ်တိုင်ပါဝင်ခံစားရဦးမယ်ဆိုပြီး ရင်ခုန်မိပါတယ် ။

ဒီလိုလှပတဲ့လလေးမှာ ငယ်စဉ်ကဖြတ်သန်းခဲ့ပုံတစ်ချို့ကို ပြောပြချင်ပါတယ် ။ သစ်သစ်တို့အိမ်မှာက မေမေကခရစ်ယာန်ဆိုတော့ ဒီလလေးရောက်ပြီဆို အလှူအတန်းလုပ်လေ့ရှိတယ်ဆိုပါတော့ ။ ဒါဆိုသစ်သစ်တို့မောင်နှမတစ်တွေ မေမေရဲ့ဇာတိမြေကို ပြန်နေကြဆိုရင်လည်း မမှားပါဘူး ။ ဇွဲကပင်မြေလို့ခေါ်တွင်တဲ့ ကရင်ပြည်နယ်ဟာ သစ်တို့မောင်နှမတွေအတွက် မစိမ်းသက်သလို တစ်ယောက်တည်းလဲ နယ်မြေမအေးချမ်းစဉ်ကပင် သွားလေ့ရှိပါတယ် ။ သံလွင်မြစ်ကူးတံတားကြီးမရှိတုန်းကဆို ဇာက်တွေနဲ့နေ့ညအိပ်စောင့်ပြီး မြိုင်ကလေးကနေ ခက်ခက်ခဲခဲသွားရစဉ်တုန်းကတောင် ၂လတစ်ခေါက်လောက်သွားဖြစ်ခဲ့တဲ့မြို့လို့လည်း ပြောလို့ရပါတယ် ။ အရင်ကဆို သစ်တို့မိသားစုက အမှတ်လေးရပ်ကွက်မှာနေခဲ့ကြပေမယ့် ခုဆိုအမှတ်၂ရပ်ကွက်ကို ပြောင်းလာခဲ့တာ သစ်တူမလေးတစ်သက်ပဲ ကြာခဲ့ပါပြီ ။

သစ်ဒီနေ့ပြောချင်တာကတော့ ဘားအံမြို့ ပြည်ထောင်စုအပိုင်း အမှတ်၎ရပ်ကွက်မှာ နေခဲ့စဉ်တုန်းက တခုသောဒီဇင်ဘာလအကြောင်းပါ ။ ဘားအံရောက်ပြီဆိုတာနဲ့ ညနေဘက်ရွှေယဉ်မျှော်ဘုရားထိပ်ကနေ သံလွင်မြစ်ထဲကြည့်ရတဲ့အရသာက ဘာနဲ့မှမလဲနိုင်ပါဘူး ။ အမြဲတမ်းလည်းသွားသလို ဘယ်တော့မှလည်းမရိုးခဲ့ပါဘူး ။ ဘားအံမြို့မဈေးက သစ်သစ်ထိုင်းပစ္စည်းတွေမွှေနေကျနေရာဖြစ်သလို နာရီစင်ဘက်ဆိုတာလည်း မနက်တိုင်းလမ်းလျှောက်ဖြစ်တဲ့နေရာတွေပါပဲ ။ ကရင်ပြည်နယ်အကြောင်းပြောရင်ဖြင့် ကန်သာယာကလည်းမပါမဖြစ်တစ်ခုပါပဲ ။ ကန်သာယာကတံတားလေးမှာ ဇွဲကပင်တောင်နောက်ခံနဲ့ ရိုက်ရတဲ့ဓါတ်ပုံဟာဆိုရင်ဖြင့် တကယ်ကိုဆွဲဆောင်တဲ့ရှူခင်းလေးပါပဲ ။ ဒီတော့ ကရင်ပြည်နယ်ရဲ့အထင်ကရ ဇွဲကပင်တောင်ရဲ့အကြောင်းကတော့ မပြောမဖြစ်ဆိုသလို ဖြစ်လာခဲ့ပါတယ် ။ သစ်သစ်ဒီပို့စ်လေးမှာ ဇွဲကပင်တောင်အကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ် ။

ဇွဲကပင်တောင်က ဘားအံမြို့ပေါ်ကနေ တောင်ခြေကိုဆိုင်ကယ်တွေ ကားတွေနဲ့တစ်ဆင့်သွားရပါတယ် ။ ပွဲတော်ရက်မဟုတ်တဲ့အချိန်ဆို နယ်မြေအခြေအနေအရ သိပ်ပြီးလုံခြုံမှူမရှိတဲ့နေရာလို့လဲ ပြောလို့ရပါတယ်။ ဇွဲကပင်တောင်ရဲ့ပွဲတော်ရက်တွေမှာတော့ တောင်ခြေမှာဘုရားဈေးတန်းလိုလုပ်ပြီး ကရင်ရိုးရာလက်ဝှေ့ပွဲ ကရင်အစားအစာ ကရင်ဝတ်စုံလှလှလေးတွေနဲ့ ပွဲဈေးဟာတကယ်ကိုစည်ကားပါတယ် ။ ကရင်မုန့်ဟင်းခါးကလည်း နာမည်ကြီးရိုးရာအစားအသောက်တစ်ခုပါပဲ ။ ဇွဲကပင်တောင်တက်ချင်တဲ့သစ်သစ် အမေကိုတအားပူဆာပါတော့တယ် ။ အမေက သူအပျိုဘ၀ကတက်ဖူးကြောင်း လမ်းကြမ်းကြောင်း အန္တရာယ်များကြောင်း နင်နဲ့ဖြစ်မှာမဟုတ်ကြောင်းအတန်တန်တားပါတယ် ။ ဒါပေမယ့် လူကအရမ်းကိုသွားချင်ပါတယ် ။ လမ်းထိပ်မှာနေတဲ့ အရင်ကလက်ဝှေ့ထိုးတာနာမည်ကြီးတဲ့ ကိုရွှေဓူဝံညီတွေကို သွားပြီးအပူကပ်ပါတယ် ။ အဖော်လိုက်ပေးဖို့ရယ် အမေ့ကိုကူပြောပေးဖို့ရယ်ပေါ့ ။ အမိုး သူတို့မတက်နိုင်ရင် ကျနော်တို့ထမ်းခေါ်ခဲ့မယ်ဆိုတဲ့ ကတိစကားအရ သစ်သစ်တို့ညီအမ၂ယောက် ဇွဲကပင်တောင်တက်ဖို့ပါမစ် ရသွားခဲ့ပါတယ် ။

ညနေကတည်းက ရင်ခုန်စိတ်လှုပ်ရှားခဲ့ပါတယ် ။ ဒီတောင်ကိုတက်ဖို့ လမ်း၂လမ်းရှိပါတယ် ။ ခလောင်းဒိုဘက်ကတက်ရင် လမ်းကပြေပြစ်ပေမယ့် အတော်လေးဝေးပါတယ် ။ နောက်တစ်ဖက်ကတက်ရင် လမ်းကအရမ်းမတ်ပါတယ် ဒါပေမယ့်တက်ရမယ့်အချိန်က တိုတောင်းပါတယ် ။ ဒီတော့ ကလေးပီပီဟန်ချီချီပဲ မတ်စောက်တဲ့လမ်းကိုရွေးပါတယ် ။ စုစုပေါင်းယောက်ျားလေး၃ယောက် သစ်သစ်တို့ညီအမ အပါအ၀င် မိန်းကလေး၅ယောက်ပါ ။ တောင်ခြေကိုဆိုင်ကယ်တွေနဲ့သွားပြီး စတက်ဖို့ဖယောင်းတိုင်တွေ မီးခြစ်တွေဝယ်ပါတယ် ။ ည၉နာရီခွဲတိတိမှာစတက်ဖို့ အားလုံးကညှိထားကြပါတယ် ။ ညဘက်တက်ရတဲ့အကြောင်းက အေးနေတော့သိပ်မပင်ပမ်းအောင်ရယ် ဘေးကချောက်တွေကိုမမြင်တော့ ဒူးတုန်တာတွေမရှိအောင်ရယ်ဆိုပြီး ညဘက်ကိုရွေးချယ်ရခြင်းဖြစ်ပါတယ် ။

စတက်ပါပြီ လမ်းဆိုတာလုံးဝလုံးဝ မရှိပါဘူး ။ ကျိုက်ထီးရိုးလိုထင်ထားတဲ့ သစ်သစ်အဲဒီမှာပဲ ပြသနာစတက်ပါတယ် ။ ပါလာတဲ့အစ်ကိုတွေကလွှားခနဲ လွှားခနဲတက်ပြီး သစ်သစ်တို့မိန်းကလေးတွေကို ဆွဲတင်ပါတယ် ။ ဘေးကအပင်တွေကို ဆွဲပြီးအားပြုတက်ရပါတယ် ။ ကျဉ်းမြောင်းတဲ့လမ်းလို့မှတ်ရတဲ့နေရာလေးတွေရှိခြင်းဟာ နေ့စဉ်အနီးအနားတပ်က စစ်သားတွေဇွဲကပင်တောင်ကို တက်လိုက်ဆင်းလိုက် ထရိန်နင်လုပ်ရပါတယ် ။ ဒါကြောင့် လမ်းရယ်လို့မှန်းပြီးတက်ခဲ့ရတယ်ဆိုပါတော့ ။ ၉နာရီခွဲကတက်လိုက်တာ ည၁၂နာရီမှာ တောင်ရဲ့တစ်ဝက်ဘုန်းကြီးကျောင်းကိုရောက်ပါတယ် ။ အဲဒီတစ်နေရာပဲ အနားယူဖို့နေရာရှိသလို သောက်စရာရေကတော့မရှိပေမယ့် ရေကန်ကြီးတစ်ခုမှာ ပုန်းတွေတင်ထားပြီး လူတွေကတောက်လျှောက်တက်လာရတော့ ပင်ပမ်းပြီးခေါင်းကနေရေလောင်းချတာ တွေ့ခဲ့ရပါတယ် ။ သစ်သစ်ကတော့ အမောဖောက်နေသလိုတောင်ခံစားရပြီး အသက်ကိုပါးစပ်ကနေရှူနေရတော့ သစ်သစ်အမက ရေလောင်းခွင့်မပေးခဲ့ပါဘူး ။ လမ်းခရီးတောက်လျှောက် အတက်ကြီးပဲဆိုတော့ လူကအသက်တောင်ဘယ်ကထွက်မလဲမသိလောက်အောင်ကို ပင်ပမ်းလွန်းပါတယ် ။ သစ်သစ်အမရဲ့သူငယ်ချင်းတွေကတော့ ဒီကနေပဲ လှည့်ပြန်တော့မယ် ဆက်မတက်နိုင်တော့ဘူး အငယ်မပြန်မယ်ဆိုတော့ သစ်သစ်ကနောက်တကြိမ်ဒီတောင်ကိုတက်ဖို့ ထပ်မပင်ပမ်းချင်တော့တာနဲ့ ဆက်တက်မယ့်အစ်ကို၂ယောက်နဲ့လိုက်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ် ။

ဆက်တက်ပါပြီ လေတွေကလည်း တအားတိုက်သလို လူအားလုံးကအတက်ကြီးပဲဆိုတော့ တကိုယ်လုံးအေးစိမ့်ပြီး ကြပ်ညှပ်နေပါတော့တယ် ။ အဲဒီအချိန်မှာပဲ အစ်ကို၂ယောက်နဲ့ သစ်သစ်လူကွဲသွားပါပြီ ။ လူအုပ်ကြီးကတအားများပြီး လမ်းလေး၂ဘက်မှာ မမြင်ရတဲ့ဂျောက်ကမ်းပါးတွေ နဲ့ လူအုပ်ကြီးရဲ့ဝိတ်နဲ့ လူတန်းကြီးက ဟေးးးးးးဆိုပြီး ဘယ်ယိမ်းလိုက် ညာယိမ်းလိုက်နဲ့တကယ်ကို သဲထိပ်ရင်ဖိုပါပဲ ။ လေတွေကတိုက်တော့ ကိုင်လာတဲ့ဖယောင်းတိုင်တွေလည်း အကုန်မီးတွေငြိမ်းပြီး သစ်သစ်ကိုယ်တိုင်တောင် ဘယ်ကြားညှပ်နေမှန်းမသိတော့ပါဘူး ။ လူကလည်းချွေးတွေစီးကျပြီး အရှေ့ကအကျီမပါတဲ့ကျောပြောင်ပြောင်နဲ့ကရင်လူကြီးပုခုံးကို ဘယ်သူမှန်းမသိပဲ အသေဆွဲထားပါတယ် ။ နောက်မှာလည်းကရင်အမကြီးတွေအဖွဲ့ကလည်း တိုးလို့ပေါ့ ။ ဒီလိုနဲ့မနက်၂နာရီမှာ တောင်ထိပ်ကဘုန်းကြီးကျောင်းကို အောင်မြင်စွာရောက်သွားခဲ့ပါတယ် ။ တောင်ကြီးဖ၀ါးအောက်ရောက်သလို အရမ်းပျော်ပါတယ် ။ အရမ်းလေတိုက်တော့ ရင်ထဲမှာကတုန်ကယင်နဲ့ တောင်စောင်းကနေ အောက်ဖက်ကားလမ်းကိုကြည့်တာ ကားမီးထိုးထားတဲ့အတန်းလေးကိုမှန်းကြည့်ပြီး ဆော့စရာကားတွေသွားနေသလိုကို သေးလွန်းလှပါတယ် ။ အဲဒီအချိန်မှာ သစ်သစ်ပျောက်လို့ အစ်ကို၂ယောက်က လော်စပီကာနဲ့ရန်ကုန်က ညီမငယ်ဆိုပြီး နာမည်လည်းမသိပဲအော်နေတာကြားလို့ ကြော်ငြာနေတဲ့ဇရပ်ကိုပြေးကြည့်တော့မှ အစ်ကိုတွေနဲ့ပြန်တွေ့ပါတယ် ။

နာရီဝက်လောက်နားပြီး ပြန်ဆင်းကြပါတယ် ။ အဆင်းကိုလွယ်ကူမယ်ထင်ခဲ့တဲ့သစ်သစ် အထင်နဲ့အမြင်တက်တက်စင်အောင် လွဲပါတယ် ။ လမ်းမရှိပဲ မှန်းဆင်းရတော့ ခြေထောက်တွေတုန်ပြီး တော်တော်လေးဆင်းရခက်ပါတယ် ။ လမ်းဆိုပြီးဆင်းလိုက်တာ ဂျောက်ဖြစ်နေပြီးချော်ကျတာတွေလည်း ရှိနဲ့မနက်၆နာရီတိတိမှာ တောင်ခြေကိုချောမောစွာပြန်ရောက်ခဲ့ပါတယ် ။ အမလည်းသစ်သစ်ကိုတွေ့မှပဲ သက်ပြင်းချနိုင်ပြီး နင်မပါရင်ငါအိမ်မပြန်ရဲဘူးဆိုပြီး သစ်သစ်ကိုပြေးဖက်ပါတယ် ။ သစ်သစ်အတွက်ကတော့ မေ့မရတဲ့တောင်တက်ခရီးစဉ်လေး ဖြစ်ခဲ့ပါတယ် ။ ဇွဲကပင်တောင်ဟာ တော်ရုံဇွဲမရှိတဲ့သူတွေ မရောက်နိုင်တဲ့နေရာလို့ ကရင်ပြည်ကသူတွေကတော့ ပြောလေ့ရှိကြပါတယ် ။ တက်တုန်းကရောက်ချင်ဇောနဲ့တက်ခဲ့ပေမယ့် အိမ်ပြန်ရောက်တဲ့ချိန်မှာ စိတ်ကိုလျော့လိုက်တော့ တကိုယ်လုံးကိုက်ခဲလာပြီး ၂ရက်လောက်ဆေးကုယူရခဲ့ရပါတယ် ။

အေးမြတဲ့ဒီဇင်ဘာလမှာ သစ်သစ်ကိုယ်တိုင် စိတ်လှူပ်ရှားပျော်ရွှင်ခဲ့တဲ့ ဒီတောင်တက်ခရီးစဉ်လေးကို အမှတ်တရပို့စ်တစ်ပုဒ်အဖြစ် ဖန်တီးလိုက်ပါတယ် ။ အားလုံးပဲပျော်ရွှင်စွာနဲ့ နောက်နှစ်ကိုကြိုဆိုကြရအောင်နော် ။

ဆက်ဖတ်ချင်သေးရင်...

Monday, November 7, 2011

ကိုယ့်ရင်ထဲက မော်လဒိုက်

မမေးပါနဲ့တော့ အရူးထတယ်ပဲဆိုဆို စိတ်ကူးယဉ်တယ်ပဲမြင်မြင် ဒီရက်ပိုင်းတွေမှာ အချိန်တိုင်းလိုလိုလွှမ်းမိုးနေတာကတော့ နေရာလေးတစ်ခုဖြစ်နေခဲ့ပါတယ် ။ ကိုယ့်အိပ်မက်ထဲထိတောင် ၀င်ရောက်ခဲ့တဲ့ ဒီနေရာလေးကိုသိပ်ရောက်ဖူးချင်ခဲ့တယ် ။ ဒါဟာဘယ်နိုင်ငံ ဘယ်နေရာဆိုတာ ကိုယ်တကယ်မသိခဲ့ပါဘူး ။ ဒီတံတားလေးပေါ်မှာ ကိုယ်ရပ်နေခဲ့သလို ဒီသောင်ပြင်ပေါ်မှာလမ်းလျှောက်နေခဲ့မိတယ်လို့ ၃ကြိမ်တိတိမက်ပြီးချိန်မှာ အိပ်မက်ထဲကမြင်ကွင်းလေးကို အင်တာနက်ကနေ မရရအောင်လိုက်ရှာခဲ့မိရာက စခဲ့တယ်ဆိုပါတော့လေ ။

ဟုတ်ပါတယ် မော်လဒိုက်ဆိုတဲ့ကျွန်းနိုင်ငံသေးသေးလေးပါ ။ ပင်လယ်ရေပြာပြာတွေနဲ့ ဆောက်ထားတဲ့အိမ်လေးတွေက သစ်သစ်ကိုသိပ်ပြီးဆွဲဆောင်နိုင်ခဲ့ပါတယ် ။ ဟိုးလွန်ခဲ့တဲ့နှစ်တစ်ခုမှာ အဲ့နိုင်ငံမှာရိုက်တဲ့ရုပ်ရှင်တစ်ကားကိုကြည့်ပြီးချိန်ကစပြီး ဒီမြင်ကွင်းတွေစွဲကျန်ရစ်ခဲ့ပါတယ် ။ အချိန်တွေတိုက်စားလို့ ကြာမြင့်ခဲ့ပေမယ့် စိတ်ကူးထဲကပျောက်ပျက်မသွားခဲ့ပါဘူး ။ ဒီနိုင်ငံတဲ့ပက်သက်တဲ့သတင်းတစ်ချို့ကိုဖတ်မိပေမယ့် ကိုယ်သွားချင်တဲ့နေရာလေးရှိတဲ့နိုင်ငံဆိုတာ မသိခဲ့ပါဘူး ။ ဘာလူမျိုးတွေနေထိုင်လို့ ဘယ်နိုင်ငံနဲ့နီးတယ်ဆိုတာတောင် သစ်သစ်မသိခဲ့ပါဘူး အဲ့လောက်ထိကိုညံ့ခဲ့တဲ့သစ်သစ်လို့ပဲ ဆိုပါတော့ ။ ဒါပေမယ့်ခုချိန်မှာ နိုင်ငံရဲ့အကြောင်းတစ်ချို့တစ်ဝက်နဲ့ စင်္ကာပူကနေသွားရင် ဘယ်နေရာလေးမှာရှိတယ်ဆိုတာကအစ မြေပုံထဲကနေလေ့လာနိုင်ခဲ့ပါပြီ ။ ဆိုက်ရောက်ဗီဇာလေးပေးတယ်ဆိုရယ် သီရိလင်္ကာအနားမှာဆိုတာရယ်ကလွဲလို့ ကျန်တာတွေကတော့လေ့လာနေဆဲပါ ။

တစ်နေ့တော့ ဒီနေရာလေးကိုရောက်အောင်သွားဖို့ ကြိုးစားရပါဦးမယ် ။ သူငယ်ချင်းတစ်ချို့ကတော့ တိုးပက်ကေ့ခ်ျတွေရှိတယ် ပြောကြပါတယ် ။ အသေအချာထပ်မံစုံစမ်းရင်း အိပ်မက်ထဲကနေရာလေးကို ရောက်အောင်အကြံထုတ်ရပါဦးမယ် ..ဟိ ။ ဘာပဲဖြစ်ဖြစ်မဝေးတော့တဲ့တစ်နေ့မှာ အတွေးအခေါ်စိတ်ကူးသစ်တွေနဲ့ ထိုနေရာလေးဆီသို့ လာမယ်ဆိုကြောင်း ပို့စ်လေးချရေးပြီး စိတ်ကူးယဉ်လိုက်မိပါတယ် ။ (အရမ်းပြင်းပြနေတဲ့စိတ်ကြောင့် ပို့စ်လေးတစ်ပုဒ်တောင် ချရေးဖြစ်သွားခဲ့ရပါတယ် ။ တကယ်လို့စာဖတ်သူများထဲမှ ဒီနိုင်ငံအကြောင်းသိတဲ့သူများပါခဲ့ရင် ဒီနိုင်ငံလေးအကြောင်း သစ်သစ်ကိုမျှဝေပါဦးနော် ) ။

အဲ့လိုရေကြည်ကြည်လေးနဲ့အိမ်လေးတွေကိုချစ်တယ်


ဒီလိုသောင်ပြင်နဲ့တံတားက ကိုယ့်စိတ်ကိုလှုပ်ရှားစေခဲ့တယ်


ဆက်ဖတ်ချင်သေးရင်...

Saturday, November 5, 2011

လွမ်းမောဖွယ်ဖူးခက်

ဒုတိယမြောက် ကျွန်းသွားလည်မယ့်နေ့ အစောကြီးနိုးကြပါတယ် ။ ဘာလို့ဆိုတော့ ကျွန်းပက်ကေ့ခ်ျဝယ်ထားတဲ့ဆီက မနက် ၇နာရီခွဲဟိုတယ်မှာလာခေါ်မယ်လို့ ပြောထားလို့၇နာရီမခွဲခင် အားလုံးရယ်ဒီဖြစ်အောင် လုပ်ထားရတယ်ဆိုပါတော့ ။ လူတိုင်းက ကျွန်းကိုသင်္ဘောကြီးနဲ့သွားမယ်ဆိုတော့ အပြတ်အသတ်ပြင်ဆင်ထားကြပါတယ် ။ ရေငုတ်ရန် ရေကူးဝတ်စုံများလည်း ယူလို့ပေါ့နော် ။ တစ်ယောက်ကိုအထုတ်တွေတစ်ထုတ်စီနဲ့ ဦးထုပ်မျက်မှန်စုံလိုပေါ့ ကင်မရာတွေကိုတညလုံးအားတွေသွင်းပြီး ရိုက်ပစ်လိုက်မယ်တအားပေါ့နော် ။

ကျွန်းမသွားခင်မှာ ကျွန်းခရီးစဉ်အမျိုးမျိုးကို ပြောပြချင်ပါသေးတယ် ။ ဖီဖီကျွန်းခရီးစဉ် နဲ့ ဂျိမ်းစ်ဘွန်းကျွန်းခရီးစဉ်ဆိုပြီး နှစ်ခုရှိပါတယ် ။ စပိဘုတ်လိုအသေးလေးတွေနဲ့သွားရင် တစ်ယောက်ကိုဘတ်၁၃၀၀ပါ သင်္ဘောလေးကို နှစ်ထပ်စီးနဲ့သွားရင် တစ်ယောက် ဘတ်၈၀၀ သတ်မှတ်ထားပါတယ် ။ ဖီဖီကျွန်းကတော့ သူတို့ကနေရာများစွာကိုရောက်မယ် နေ့လည်စာဖီဖီကျွန်းပေါ်မှာစားမယ် အပြန်သဲဖြူကျွန်းဝင်မယ် သူတို့ခရီးစဉ်ပလန်ကလည်း အတော်ကောင်းပါတယ် ။ ဂျိမ်းစ်ဘွန်းကျွန်းကတော့ တချိန်က နာမည်ကြီး ဒွေး နဲ့ ထက်ထက်မိုးဦးတို့ မီကိုကော်ဖီမစ်ရိုက်ကွင်းတည်ခဲ့တဲ့ကျွန်းလေးဖြစ်ပါတယ် ။ ကျွန်မတို့လူငယ်တွေကတော့ စပိဘုတ်နဲ့သွားဖို့ပိုပြီး အားသန်ခဲ့ကြပါတယ် ဒါပေမယ့် ရာသီဥတုခြေနေအရရယ် စပိဘုတ်နဲ့ဆို မူးဝေအော့အန်ခြင်းဖြစ်မှာစိုးတာရယ်ကြောင့် ဘတ်၈၀၀တန်ဖီဖီကျွန်းခရီးစဉ်ကိုပဲ ရွေးချယ်ဝယ်ယူခဲ့ကြပါတယ် ။

ကဲ လာကြိုတဲ့ကားလေးနဲ့ သင်္ဘောကြီးထွက်ခွာမယ့်ဆိပ်ကမ်းကို ချီတက်ခဲ့ပြီဆိုပါတော့ ။ နာရီဝက်လောက်သွားခဲ့ရပါတယ် ဆိပ်ကမ်းရောက်တော့သူတို့က ကိုယ့်အဖွဲ့တံဆိပ်လေးတွေ လာကပ်ပေးပါတယ် ။ တက်ပါပြီ သင်္ဘောပေါ်ကို ရိုက်ပါတယ် ဓါတ်ပုံ သူတို့ကပြီးတော့မှ တစ်ပုံကို ဘတ်၁၀၀နဲ့ပြန်ရောင်းပါတယ် ။ သင်္ဘောအောက်ထပ်မှာ အဲယားကွန်းခန်းပေမယ့် အပြင်ကိုမြင်ရတာကမှန်လေးခြားထားပါတယ် ။ သင်္ဘောအပေါ်ထပ်မှာ အမိုးနဲ့ပလတ်စတစ်ခုံတွေနဲ့ရှိပါတယ် အပေါ်ဆုံးတစ်ထပ်ကတော့ လုံးဝအမိုးမပါတဲ့ ဟင်းလင်းပြင်ပါ ။ သစ်သစ်တို့အဖွဲ့ကတော့ သိတဲ့အတိုင်းအမိုးပါပြီး ပလတ်စတစ်ခုံတွေမှာထိုင်တဲ့အပြင် ရှေ့ကဆိုင်ကနေ တစ်ခုပြီးတစ်ခုဝယ်စားလို့ရအောင် ဆိုင်နားမှာအပီအပြင်နေရာယူထားပါတယ် ။ ရာသီဥတုတကယ်ကို ကြည်လင်ပြီး လတ်ဆတ်တဲ့လေတွေတိုက်ခတ်လို့ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေးဖြစ်ခဲ့ပါတယ် ။

သင်္ဘောနဲ့သွားရတဲ့သူတွေရဲ့ အားနည်းချက်ကတော့ သင်္ဘောကအတွင်းပိုင်းတွေဆို ၀င်မပေးပဲ အဝေးကဖြင့်သာ မိုက်ဖြင့်ရှင်းပြပါတယ် ။ စပိဘုတ်နဲ့သွားတဲ့သူတွေကျတော့ အတွင်းပိုင်းတွေပါ ၀င်ပေးတယ်ပြောပါတယ် ။ ရှုခင်းတွေကတော့ တကယ့်ကိုပင်လှလွန်းပါတယ် ။ သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ အလှအပတွေက ဘတ်၈၀၀ပေးရတာနဲ့ တန်အောင်ပင် ဆွဲဆောင်မှူုကောင်းလွန်းလှပါတယ် ။ အတော်လေးစီးပီးချိန်မှာ သစ်သစ်တို့ဦးတည်ခဲ့တဲ့ကျွန်းလေးဆီသို့ ရောက်ခဲ့ပါတယ် ။ ဒီတော့ သူ့ရဲ့အစီအစဉ်အတိုင်း ရေငုတ်မယ့်နေရာကို နောက်ထပ်သဘောင်္ချိန်းပြီးသွားခဲ့ရပါတယ် ။ သစ်သစ်မှလွဲပြီး ကျန်တဲ့သူအားလုံး ရေငုတ်ကြပါတယ် ။ ဒီနေရာမှာ သူများတွေဟာ ရေကူးဝတ်စုံကိုတခါတည်းဝတ်လာကြပြီး တကယ်ရေငုတ်တဲ့နေရာရောက်ချိန်မှာ အပေါ်ကထပ်ဝတ်လာတာ ချွတ်လိုက်တာနဲ့ကို ရေငုတ်ရန်အသင့်ဖြစ်သွားကြပါတယ် ။ ဒီလိုကြိုတင်အကွက်မမြင်တဲ့သူတွေကတော့ သင်္ဘောအခန်းတွေမှာသွားလဲကြပါတယ် ။ အချိန်အနည်းငယ်ကုန်တယ်ဆိုရပါလိမ့်မယ် ။



ရေမကူးတတ်တဲ့သူတွေအတွက် သင်္ဘောပေါ်ကကောင်လေးတွေက ဘောကွင်းလေးတွေမှာဆွဲပြီး နဲနဲလှမ်းလှမ်းကိုခေါ်သွားပေးပါတယ် ဒါပေမယ့်လူတွေကများတော့ ဘောကွင်းလေးကိုယ့်စီရောက်ဖို့အတော်လေးတော့ စောင့်ရပါတယ် ။ သစ်သစ်မှာ သူငယ်ချင်းတွေကိုအပေါ်က ကြည့်နေရင်းနဲ့ပင်အတော်လေး အသဲယားပါတယ် ။ သစ်သစ်မှရေမကူးတတ်တာလေ ... ဟိ ။ ဒီလိုနဲ့ ၁နာရီလောက်အချိန်ပေးပြီး နေ့လည်စာစားရန် ဖီဖီကျွန်းလေးဆီသို့ ပြန်လည်ထွက်ခွာလာခဲ့ပါတယ် ။

အရမ်းစားကောင်းတဲ့နေ့လည်စာပါ ကြိုက်သလောက်စားကုန်ရင် ထပ်ဖြည့်ပါတယ် ။ ၄၅မိနစ်လောက် မောမောနဲ့စားပြီး ဈေးတန်းလေးကိုလျှောက်ပတ်ရင်း သူတို့သတ်မှတ်ထားတဲ့ သင်္ဘောထွက်ချိန်၂နာရီ အရောက်ဆိပ်ကမ်းကို ပြန်ကြရပါတယ် ။ အပေါ်ထပ်တွေမှာဘယ်လိုမှ နေရာမရတော့တဲ့အပြင် သစ်သစ်တို့အဖွဲ့ တစ်ယောက်တစ်နေရာစီလူကွဲကုန်ပါတယ် ။ ဒါပေမယ့် ခဏပါပဲ သင်္ဘောဘေးဘက်တွေမှာထွက်ထိုင်ရင်း ပင်လယ်အလှအပတွေကို ခံစားရင်းဆိပ်ကမ်းသို့ဘယ်လိုပြန်ရောက်လာမှန်းတောင် မသိတော့ပါဘူးလေ ။ ဆိပ်ကမ်းကနေ ဟိုတယ်ကိုစီစဉ်ပေးထားတဲ့ကားနဲ့ပြန်လာချိန်မှာ ဖူးခက်စံတော်ချိန်ညနေ၅နာရီသာလျှင် ရှိပါသေးတယ် ။ ကဲ ကျန်တဲ့အချိန်ကမ်းခြေဆင်းဖို့ကလည်းဝေးတော့ ခဏနားပြီး ဟိုတယ်ရေကူးကန်မှာ ရေသွားကူးကြမယ်ဆိုမှ သစ်သစ်ဘ၀မှာပထမဆုံး ရေကူးသင်ခဲ့ရတဲ့ ဒီဗားနားရဲ့ရွှေအိုရောင်ညနေခင်းလေး ဖြစ်ခဲ့ပါတော့တယ်။ ကျွန်းမှာဓါတ်ပုံအပြတ်ရိုက်မယ်စီစဉ်ထားတဲ့သူတွေကတော့ မှန်းချက်နဲ့နှမ်းထွက်မကိုက်အောင်ပင် ပုံမရိုက်နိုင်ခဲ့ပါဘူး ခရီးစဉ်ရဲ့နေ့တ၀က်ကျော်လုံးဟာ သင်္ဘောစီးချိန်နဲ့ကုန်ဆုံးသွားလို့ ဖြစ်ပါတယ် ။

ည၇နာရီကျော်မှ ညစာထွက်စားကြတာလည်း ရသတမျိုးပါပဲ ဆိုင်ပေါင်းမြောက်များစွာမှာ မြန်မာပြည်ကမွန်လူမျိုးတွေ အလုပ်လုပ်တာတွေ့ခဲ့ရပါတယ် ။ စားသောက်ပြီးလမ်းလျှောက်ထွက်ရင်း တွန်းလှည်းလေးနဲ့ရောင်းတဲ့ ၀က်ခေါက်နဲ့ထမင်းကိုစပ်တူးနေအောင် သုတ်ထားတဲ့ထမင်းသုတ်မျိုးရယ် ကြက်ဥပလာတာကြော်မျိုးရယ် စားချင်တာစုံစီနဖာတွေဝယ်ရင်း ဟိုတယ်ကအခန်းမှာ အဖွဲ့သားတွေစုပြီးစားသောက်ကြတာ ဒုတိယမြောက်နေ့ကို ဘယ်ချိန်ကုန်ဆုံးသွားမှန်းတောင်မသိတော့ပါဘူးလေ ။

ကဲ လာပြီနောက်ဆုံးနေ့ ဦးမင်းဒင်ကပို့စရာနေရာတွေရှိတယ်ဆိုပြီး ပတ်ရှာဒီအဖွဲ့က ကမ်းခြေဆင်းပြီး လေထီးစီးမလား ဘနားနားဘုတ်စီးမလား ရှပ်ပြေးဘုတ်စီးမလားနဲ့ ကိုယ်လုပ်ချင်သောအရာတော်တော်များများကို စိတ်ထင်တိုင်းကြဲလို့ သောင်းကျန်းပြီးချိန်မှာ နေ့လည်၁၂နာရီကျော်နေပါပြီ ။ ဟိုတယ်ကနေ ချက်အောက်လုပ်ရမယ့်အချိန်ကတအားကပ်နေသလို နေ့လည်စာတောင်မစားနိုင်တော့ပဲ လမ်းမှာမြင်တဲ့ ငါးခူကင်မွှေးမွှေးလေးနဲ့ ကောက်ညှင်းကျည်တောက်ကင်များ ၀ယ်ပြီးအပြေးအလွှားဟိုတယ် ပြန်ရောက်လာခဲ့ပါတယ် ။ ရေမိုးချိုးပြီး ဟိုတယ်မှာချက်အောက်လုပ်နေချိန်မှာ လူတွေကပူလိုက်အေးလိုက်နဲ့ အကင်စားလိုက် ကောင်ညှင်းစားလိုက် ချာလပတ်ရမ်းနေပါတော့တယ် ။

ဦးမင်းဒင်တို့အိမ်ရောက်ချိန်မှာတော့ နေ့လည်၁နာရီကျော်နေပါပြီ မဒမ်မင်းဒင်ချက်တဲ့ ကြာဇံချက်ကို အသားကုန်စားပြီး အဆီရစ်လို့မဆုံးခင်မှာ နင်တို့ကိုလိုက်ပို့စရာရှိသေးတယ်ဆိုပြီး ကားပေါ်တက်ခိုင်းနေလို့ ရတဲ့ညနေပိုင်းလေးကို တက်သုတ်ရိုက်ပြီး ဖူးခက်က ငါးပြတိုက်ရယ် ၊ ဈေးဝယ်ခြမ်းဖို့ဈေးတန်းလေးရယ် ၊ အစားအစာပေါင်းမျိုးစုံရောင်းတဲ့ညနေဈေးရယ်ကို အလုအယက်အချိန်လုပြီး ပြေးပြလိုက်ပါသေးတယ် ။ အိမ်ပြန်ရောက်ချိန်မှာ ည၆နာရီကျော်နေပါပြီ ဦးမင်းဒင်တို့အိမ်မှာပဲ ရေမိုးချိုးပြီး အကင်တွေ ကောက်ညှင်းတွေ ငါးပေါင်းထုတ်တွေ နဲ့ ညစာကိုဖြေရှင်းလိုက်ကြတာများ မနက်၁နာရီစလုံးပြန်ရောက်တဲ့ချိန်ထိ ဗိုက်ထဲမှာတင်းနေပါတော့တယ် ။

ဘာပဲဖြစ်ဖြစ် ဒီခရီးစဉ်လေးမှာ အတော်လေးပျော်ခဲ့သလို အခက်အခဲအမျိုးမျိုးကို စိတ်မညစ်နဲ့ အဆင်ပြေပြေ သွားနိုင်ခဲ့လို့ သစ်သစ်တကယ်ပင်ဝမ်းသာမိပါတယ် ။ ဖူးခက်မြို့ရောက်ချိန်မှာ ကိုယ့်သားသမီးတွေလို အသေးစိတ်လိုက်ပြပို့ဆောင်ပေးခဲ့တဲ့ ဦးမင်းဒင်တို့မိသားစုကိုလည်း ကျေးဇူးအထူးပင်တင်ပါတယ် ။ ၇ယောက်လုံးရဲ့ တယောက်ကိုတယောက် ခွင့်လွှတ်နားလည်ရင်း ပျော်ရွှင်စွာ၃ညအိပ်၎ရက်ခရီးစဉ်ကို တက်တက်ကြွကြွလိုက်ပါခဲ့တဲ့သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်ပါတယ် ။ နောင်မှအခွင့်ရှိလို့ထပ်သွားခွင့်ရခဲ့ရင်လည်း ဒီလိုပဲအတူတူ သွားခွင့်ရပါစေလို့ဆုတောင်းရင်း လွမ်းမောဖွယ်ဖူးခက်ခရီးစဉ်ကို အဆုံးသတ်လိုက်ပါရစေတော့နော် ။



အရမ်းကောင်းတဲ့ ငါးပေါင်းထုတ်




ဘတ် ၇၀တန် ငါးခူကင် (အရမ်းမိုက်စ်)




ဦးမင်းဒင်မဟေသီမွေးနေ့ ကြာဇံချက် (ရှလွတ်)




ဈေးတန်းထဲက အကင်ဆိုင်




အ၀တ်အစားများတကယ်ကို ပေါပါတယ်




နာဂစ်တုန်းက မြန်မာပြည်မ၀င်ရတဲ့ သဘောင်္နှစ်စင်းရပ်စောင့်ခဲ့တဲ့နေရာ




ဒီလိုဝေးကြီးခေါ်သွားပြီးမှာ banana ပေါ်ကနေ ပင်လယ်ထဲကိုမှောက်ချတာဆိုပဲ




ရေငုတ်နေတဲ့ သစ်သစ်သူငယ်ချင်းတွေ (တွေ့အောင်ရှာပါ)




ဘတ် ၁၃၀၀ဆို အဲလိုစပိဘုတ်နဲ့ပို့ပေးပါတယ်




ပင်လယ်ထဲက လှတယ်ဆိုတဲ့နေရာလေးတွေ

ဆက်ဖတ်ချင်သေးရင်...

Monday, October 31, 2011

ချစ်တဲ့ဖူးခက်

လေဆိပ်ကနေ ဦးမင်းဒင်ကကြိုလာပြီးတဲ့နောက် ဗိုက်ဆာနေကြပြီလားမေးချိန်မှာ ဟန်မဆောင်နိုင်ပဲ အရမ်းဆာနေပြီဆိုတဲ့အကြောင်း ပြောဖြစ်ခဲ့ပါတယ် ။ ဒါနဲ့ပဲ လမ်းတစ်လျှောက် သိသင့်သိထိုက်တာတွေ ရှင်းပြရင်းနဲ့ စားသောက်ဖို့အဆင်ပြေမယ့်နေရာကို ရှာဖွေရတာလဲ တစ်မှုပါပဲ ။ ည၈နာရီမှာဆိုင်တော်တော်များများပိတ်သွားပြီ ဖြစ်ပါတယ် ဒါနဲ့ပဲ ဖူးခက်မြို့ရဲ့ဈေးပေါပါတယ်ဆိုတဲ့ ကုန်တိုက်လိုတစ်ခုကိုပို့ပေးခဲ့ပါတယ် ။ ညဘက်ဆိုတော့ ကေအက်ဖ်စီ ၊ မက်ဒေါနယ် ရှိတာတွေနဲ့ပဲ ဖြတ်လိုက်တော့ဆိုပြီး လိုက်ပို့ပြီးသကာလမှာ နောက်နေ့ဘရိတ်ဖတ်စ်အတွက်ပါ ၀ယ်ယူရင်းဖူးခက်ရဲ့ ချိုမြိန်လှတဲ့ကေအက်ဖ်စီကို ၇ယောက်သားခေါင်းမဖော်တမ်းစားကြပါတယ် ။ စင်္ကာပူက ကေအက်ဖ်စီနဲ့တကယ့်ကို အရသာကွာခြားလှပါတယ် ။ မကြိုက်ဘူးဆိုတဲ့သူတောင် အတော်လေးစားဖြစ်ခဲ့ပါတယ် ။ ၇ယောက်ကိုလောဘကြီးပြီးမှာလိုက်တာ အတော်လေးပိုနေပါတော့တယ် ။ ဒီလိုနဲ့ဗိုက်ပြည့်တော့ ဟိုတယ်ဆီသို့တိုက်ရိုက်ချီတက်ခဲ့စဉ်မှာ ည ၉နာရီကျော်နေခဲ့ပါပြီ ။

ပထမနေ့ဖူးခက်ဘာလုပ်မလဲ ဘာစားမလဲ ဘယ်တွေသွားမလဲ ပလန်ချတော့ နေ့လည်၁နာရီမှာလာခေါ်မည်ဖြစ်ကြောင်း ညကတည်းကပြောသွားခဲ့ပါတယ် ။ ဘယ်တွေသွားရမလဲမေးတော့ ဒီနားတစ်ဝိုက်မှာ လည်ပတ်စရာရှောပင်းမောလ်တွေ ကမ်းခြေတွေ ဆိုင်တွေနဲ့စည်ကားလွန်းလို့ တမနက်နဲ့တင်လည်ထားနှင့်ပါဦးလို့ ဆိုသွားခဲ့ပါတယ်။ ကဲ ဘာပဲဖြစ်ဖြစ် နက်ဖြန်မနက်စောစောထပါမယ် ဒီနားတစ်ဝိုက်လျှောက်သွားပါမယ်ဆိုတော့ အားလုံးဝီရိယကောင်းစွာနဲ့ ၈နာရီမှာဟိုတယ်ကထွက်နိုင်ခဲ့ပါတယ် ။ ဟန်ပါပါနဲ့ဟိုတယ်ရှေ့ကကောင်တာမှာ ကမ်းခြေသွားတဲ့ရှပ်တာဘတ်စ်တွေ ဘယ်အချိန်လာမလဲဆိုတော့ ၁၀နာရီခွဲလို့ပြောပါတယ် ။ ဒါနဲ့ပဲ နောက်ထပ်၂နာရီခွဲတိတိဘာလုပ်ရမှန်းမသိချိန်မှာ ဧည့်ကြိုကောင်လေးကမြေပုံတစ်ခုထုတ်ပေးပြီး အမတို့လမ်းလျှောက်သွားရင် ၁၀မိနစ်နဲ့ကမ်းခြေရောက်ကြောင်း အရမ်းနီးကြောင်းညွှန်းဆိုလာလို့ အားလုံးကမ်းခြေကိုလမ်းလျှောက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။

ရောက်ပါပြီအရမ်းပျော် တအားပျော် ပင်လယ်အစစ်တွေ့ရချိန်မှာ ရိုက်လိုက်တဲ့ဓါတ်ပုံများ ကင်မရာလုံးဝအနားမရလိုက်ပါဘူး ။ ကမ်းခြေမှာအုန်းရေသောက်မယ်ဆိုတော့ ထိုင်လိုက်တဲ့ဆိုင်က မြန်မာဆိုင်ဆိုတာမသိပဲ ကိုယ်တွေကမြန်မာလို ဟဲ့ ဈေးနှုန်းကြည့်ကြနော် တော်ကြာမှာပြီးမှ ဈေးမတရားကြီးနေမယ် ဘာညာဆိုတော့ ကောင်လေးတွေကအမတို့လိုတာမှာပါလို့ပြောချိန်မှာ ဟိုက်ခနဲမမြည်အောင် ဟန်ဆောင်လိုက်ရပါတယ် ။ မြန်မာအချင်းချင်းသိတယ်ဟုတ် ချက်ချင်းပဲအဖွဲ့ကျလို့ စားလိုက်သောက်လိုက် ပြောလိုက်ဆိုလိုက်ဖြစ်တဲ့အပြင် သူတို့ဆီကဖုန်းတောင်ငှားပြီး ဦးမင်းဒင်ဆီဖုန်းဆက်လိုက်ပါသေးတယ် ဟိ ။ ဘယ်ဆက်သွားရမလဲမေးတော့ တုတ်တုတ်ကိုငှား ဘတ်၁၀၀ပဲပေး ဂျန်စီလင်းကုန်တိုက်ကိုသွားဆိုတော့ တုတ်တုတ်သမားကို အဖွဲ့ကငွေကိုင် အကောင့်တန့်က ဘတ်၁၀၀ရအောင် အသေအကျေခြေစုံကန် ဈေးစစ်ပါတော့တယ် (ဒါမှမျိုးကွ) ။ ရပြီဆိုတော့ ၀မ်းသာအားရစီးလိုက်ကြတာ ခဏတွင်းချင်းကုန်တိုက်ရှေ့ရောက်သွားခဲ့ပါတယ် ။ ကုန်တိုက်ကမဖွင့်သေးပဲ လူတချို့ထိုင်စောင့်နေတာတွေ့လို့ ကုန်တိုက်ပတ်လည်ဓါတ်ပုံရိုက်ကြပြန်တာပေါ့လေ ။

ကုန်တိုက်ထဲမှာတကယ့်ကို ၀ယ်ချင်စရာတွေများပါတယ် ဒါပေမယ့် ဈေးကတော့ထက်ဝက်လောက်ကို ဆစ်ရပါတယ် ။ ဒူးရင်းသီးနဲ့ပက်သက်တာတွေ အများကြီးတွေ့ရသလို အမွှေးနံ့သာခဲလေးများစွာ ရေကူးဝတ်စုံ မြန်မာမှုလက်ရာအရုပ်လေးများ တကယ့်ကိုအစုံအလင်တွေ့ရပါတယ် ။ မြေအောက်ထပ်သည်ဝယ်လို့အကောင်းဆုံးဆိုတာ သိခဲ့ရပါတယ် ။ ဒီလိုနဲ့နေ့လည်စာကို ဒီမှာပဲစားသွားရန်ဆုံးဖြတ်ကြပြီး ကိုယ်နှစ်သက်ရာစားစရာများကို စတင်မှာစားပါတော့တယ် ။ စလုံးငွေနဲ့တွက်ရင်ဈေးချိုပြီး အစပ်အဟပ်ကလည်းကောင်းတော့ မြန်မာပါးစပ်နဲ့အတော်လေးအံကိုက်ဖြစ်နေပါတော့တယ် ။ ၇ယောက်ကိုအလျှံအပယ်စားတာ တစ်ခါစားဘတ်၁၀၀၀ထက်မပိုပါဘူး ။ ပိုခဲ့ရင်လည်း အကောင့်တန့်က၁ထောင်ကျော်နေပြီဖြစ်ကြောင်း အလန်းပေးပါတယ် ဟိ ။

ဒီကုန်တိုက်ရှေ့က အေတီအမ်မှာ သစ်သစ်တို့အဖွဲ့က ညညက အိုင်ဖုန်း၎တစ်လုံး သူများမေ့ကျန်ခဲ့တာတွေ့ခဲ့ရပါတယ် ။ ဖုန်းထဲမှာပါတဲ့နံပတ်မျိုးစုံကို လိုက်ဆက်ရင်းပိုင်ရှင်ကိုလာယူခိုင်းတဲ့အပြင် အဲဒီဖုန်းနဲ့ဦးမင်းဒင်ကို ဂျန်စီလင်းမှာလာကြိုဖို့ပြောဆို အသုံးပြုခဲ့ပါသေးတယ် ။ ထိုင်းမလေးကဆက်လိုက် နားမလည်လိုက် အင်္ဂလိပ်လိုပြောလိုက် နားမလည်လိုက်နဲ့ လာကြိုတဲ့သူရောက်လာမှပဲ အဆင်ပြေသွားခဲ့ပါတော့တယ် ။

ဒီလိုနဲ့တညနေလုံးဆက်တိုက်ပို့တာများ နေရာတွေများလွန်းလို့ အကျယ်ချဲ့မရေးနိုင်တော့ပဲ ပုံတစ်ချို့တင်ပြီး အကျဉ်းချုပ်လိုက်ပါရစေ ။ နောက်ရက်များမှာလည်း ကျွန်းသွားစရာရှိသလို လူကလည်းဆက်တိုက်ဆိုတော့ အတော်လေးပြိုင်းနေပါပြီ ။ ညဘက်မှာလမ်းကိုပိတ်ပြီး ကပွဲတွေကလပ်တွေနဲ့စည်ကားတဲ့ ဖူးခက်ရဲ့လမ်းထိပ်မှာကျန်ခဲ့ရင် တနေ့လုံးပင်ပမ်းပြီးလမ်းတောင်မလျှောက်နိုင်တော့ပဲ တုတ်တုတ်ငှားပြီးဟိုတယ် ပြန်လာခဲ့ရပါတော့တယ် ။ ဦးမင်းဒင်ကိုယ်တိုင်လိုက်ဝယ်ပေးတဲ့ ဘတ်၈၀၀တန်ကျွန်းလက်မှတ်လေး ရင်ဝယ်ပိုက်ရင်း နက်ဖြန်သွားမယ့်အစီအစဉ်များကို စိတ်ကူးယဉ်ပြီး အိပ်ပျော်သွားလိုက်တာများ အိပ်မက်တောင်မမက်နိုင်ခဲ့ပါဘူးလေ ။ သစ်သစ်တို့ဖူးခက်သွားချိန်မှာ ကံကောင်းတာက နေ့ဘက်မှာခြစ်ခြစ်တောက်ပူပြီး ညဘက်မှာမိုးရွာတတ်တဲ့ ချစ်စရာကောင်းတဲ့ဖူးခက်ရာသီဥတုလေးပါပဲ ။ ဖူးခက်ခရီးစဉ်က ဖူးခက်မရောက်ခင်ကိုပင် ၃ပုဒ်တိတိဖြစ်သွားစေခဲ့တဲ့အတွက် ဒီနေ့ပို့စ်လေးမှာ အဆုံးသတ်မယ် စိတ်ကူးထားပါတယ် ။ ဒါပေမယ့် ၃ရက်လုံးပေါင်းရေးဖို့က ဘယ်လိုမှမဖြစ်နိုင်လို့ နောက်ပို့စ်တစ်ပုဒ်ဖြင့်သာအဆုံးသတ်မယ် ဆုံးဖြတ်ရင်း ဒီပို့စ်လေးကိုဒီနားမှာပဲရပ်တန့်လိုက်ပါရစေနော် ။


ဘုရားတည်ထားတဲ့တောင်ထိပ်ကနေ ဖူးခက်တမြို့လုံးကိုကြည့်နိုင်တယ်


တစ်ပွဲကိုဘတ်၁၂၀သာပေးရတဲ့ နာနတ်သီးထမင်းကြော် (အရသာလည်းအတော်ကောင်း)


ရေအလွန်ကြည်ပါတယ်ဆိုတဲ့ ဖူးခက်ရဲ့ကမ်းခြေတစ်ခု


ဂျန်စီလွန်းထဲက ဖိနပ်ဆိုင် (တန်ပါသည်)


ကုန်တိုက်ထဲအ၀င်လမ်း

စည်ကားတဲ့လမ်းမကြီး


Devana ရဲ့ ရေကူးကန် (အရမ်းမိုက်စ်)
သပ်ရပ်စွာပြင်ဆင်ထားတဲ့အခန်း
အိမ်သာလေးကချစ်ဖို့ကောင်းလို့ ဟိ

ဆက်ဖတ်ချင်သေးရင်...

ချိုမြိန်တဲ့ဖုန်းသံ

ကြားဖြတ်ပို့စ်လေးတစ်ပုဒ် ရေးချင်ပါတယ် ။ ပြီးခဲ့တဲ့သောကြာ 28.10.2011ရက်နေ့မှာ ၉လတာအပင်ပန်းခံကြိုးစားခဲ့ရတဲ့ စာတီဖီကိတ်လေး တက်ရောက်ယူခွင့်ရခဲ့ပါတယ် ။ အဲ့ရက်လေးကို ခံစားချက်ပေါင်းများစွာနဲ့ ဖြတ်သန်းခဲ့တယ်ဆိုတာကို ရေးချင်တာပါ ။ ပွဲမတက်ခင်ကလည်း ရင်ခုန်ရပါတယ် တကယ်တမ်းပွဲတက်ရတဲ့နေ့မှာတော့ အတိုင်းအဆမရှိ ၀မ်းသာမိပါတယ် ။ ဒါကြောင့်လည်း special day ရယ်လို့ တင်စားကြခြင်းဖြစ်မယ်ထင်ပါတယ် ။

တကယ်ဆို ကိုယ့်နိုင်ငံနဲ့နှိုင်းယှဉ်တဲ့အခါမှာ ဒီပလိုမာလက်မှတ်အသေးစားလေးသာ ဖြစ်တယ်ဆိုပေမယ့် အလုပ်ကတဖက် နည်းပါးလှတဲ့အချိန်ကတဖက် နားလည်မှူလွဲတဲ့ဆရာတွေနဲ့ကတဖုံ ၉လတာဟာ စိတ်ထဲမှာအတော်လေးကြာမြင့်ခဲ့ပါတယ် ။ ပရော့ဂျက်တွေ အဆိုင်းမန့်တွေနဲ့ အလူးလူးအလှိမ့်လှိမ့် ဖြတ်သန်းပြီးချိန်မှာ နောက်ဆုံးလိုချင်တာကို ရရှိခဲ့ပါတယ် ။ ထူးချွန်စွာမအောင်မြင်ခဲ့တဲ့အတွက် မိဘအပေါ်တာဝန်မကျေသလို ခံစားမိပေမယ့် နှစ်သိမ့်နိုင်တဲ့ကတ်လေးအဖြစ်တော့ လက်ဝယ်ပိုင်ဆိုင်နိုင်ခဲ့ပါပြီ ။ ဘာလို့ ဒီစာတီဖီကိတ်လေးကို အကျယ်ချဲ့ပြီးရေးနေတာလဲ ပြောစရာရှိပါတယ် ။

သစ်သစ်ကတကယ်ဆို စိတ်ခံစားမှုပျော့ညံ့လွန်းပါတယ် ။ မယူခင်အချိန်ထိ ဘာမှမဖြစ်ပေမယ့် တကယ်ယူရမယ့်နေ့ရောက်ချိန်မှာ မိဘတွေကိုအနားမှာရှိစေချင်ခဲ့ပါတယ် ။ မနက်အစောကြီးထ ဘုရားရှိခိုးပြီးမိဘတွေကို ကန်တော့ပြီးတဲ့နောက် အိမ်ကိုဖုန်းဆက်ခဲ့ပါတယ် ။ မေမေဆိုပြီး စိတ်ထဲဝမ်းနည်းစွာ ငိုနေမိလို့ အမေကတောင်ချော့မော့ယူရတဲ့အထိ ခံစားချက်ပြင်းထန်ခဲ့ပါတယ် ။ ကျောင်းကိုသွားနေချိန်မှာ ဘာမှမဖြစ်ပေမယ့် ကျောင်းရောက်လို့သူငယ်ချင်းတွေနဲ့တွေ့ပြီး ၀တ်စုံဝတ် ဓါတ်ပုံတွေရိုက်ချိန်မှာ စိတ်လှုပ်ရှားပြီးပျော်နေတာ မျက်နှာမှာအသိသာကြီးပါ ။ ဒီလိုနဲ့ ဟိုပြောဒီပြော ပြောင်နောက်နေရင်းကနေ ၉လတာအတူဖြတ်သန်းပြီး နောက်ဆုံးနှစ်မှအတူတက်ယူခွင့်မရပဲ ကျန်ခဲ့တဲ့သူငယ်ချင်း၂ယောက်ကိုလည်း အရမ်းသတိရမိပါတယ် ။

စတိတ်ပေါ်တက်ခါနီး သူတို့ပြောထားတဲ့အတိုင်း လုပ်ရမယ့်ပုံစံကို စိတ်ထဲမှာအကြိမ်ကြိမ်လေ့ကျင့်ထားပေမယ့် တကယ်တမ်းစတိတ်ပေါ်ရောက်ချိန်မှာ လူကလေထဲမျောလွင့်နေသလို ခံစားမိပါတယ် ။ ကြည့်နေကြတဲ့မျက်လုံးတွေ တီးနေကျတဲ့လက်ခုပ်သံတွေ ပေးနေတဲ့သူရဲ့အပြုံး အိုးးး စုံလင်နေတဲ့ခံစားချက်တွေနဲ့ ဘယ်လိုစင်အောက်ကို ရောက်ခဲ့မှန်းတောင်မသိနိုင်တော့ပါဘူး ။ ကတုန်ကယင်နဲ့စိတ်လှုပ်ရှားနေတာ စက္ကန့်အားဖြင့်အတော်လေး ကြာမြင့်ခဲ့တယ်လို့ ဆိုလို့ရပါတယ် ။ ကိုယ်တိုင်ကြိုးစားပြီးရခဲ့တဲ့ ဒီလက်မှတ်လေးကို တကယ်ပင်တန်ဖိုးထားသလို မိဘတွေဖြစ်ချင်တာလုပ်ပေးနိုင်ခဲ့လို့ ပိုပြီးဝမ်းသာမိပါတယ် ။ ပွဲပြီးလို့ရုံးကိုဆက်သွားရန် ကားဂိတ်လာချိန်မှာ အိမ်ကိုဖုန်းဆက်ပြီး ဖေကြီးသမီးယူပြီးပြီ မေမေ့ကိုလည်း ပြောပြလိုက်နော်ဆိုပြီး ဆက်လိုက်ရချိန်ဟာ လေးနှစ်တာစင်္ကာပူကျွန်းကနေ ရန်ကုန်ဆက်တဲ့ဖုန်းသံတွေထဲက အချိုမြိန်ဆုံးအသံလို့သာ ဆိုညွှန်းလိုက်ချင်ပါတော့တယ် ။

ဘ၀မှာအကြီးကျယ်ဆုံး မာတာမိဘနှစ်ပါးကို ဖုန်းဆက်ပြီးချိန်မှာ ရေခြားမြေခြားရဲ့ပထမဆုံးအောင်မြင်မှူတစ်ခုကို ချစ်တဲ့သူကိုပြောပြချင်ခဲ့ပါတယ် ။ သူလည်းနားထောင်ချင်မယ်လို့ ထင်ပါတယ် ဒါပေမယ့်ခုချိန်ထိ ပြောပြနိုင်တဲ့ခွင့်ရေးမရှိသေးတော့ ရင်ထဲမှာတခုခုလိုနေသလို ခံစားချက်တွေနဲ့ ဒီပို့စ်လေးကိုရေးလိုက်ပါတယ်နော် ။



ဆက်ဖတ်ချင်သေးရင်...

Sunday, October 30, 2011

ကိုယ်လာပြီဖူးခက်

ဘာလုပ်တာလဲပေါ့ ဒါ police stationကြီးဆိုတော့ ကိုရွှေဒရိုင်ဘာက ဘာကိုဆိုလိုတယ်ဆိုတာ သိသွားရှာပါတယ် ။ သူကရှင်းပြပါတယ် ဒီလမ်းကသွားရင်ပိုနီးလို့ သူသွားတာဖြစ်ကြောင်းပေါ့ ပြီးတော့ဘက်ဂျက်တာမင်နယ်ဖြစ်တယ်ဆိုတာရောပါတော့မှ နတ်သမီး၇ယောက်လည်း ပြုံးနိုင်ရယ်နိုင်ပါတော့တယ် ။ ကဲ ရောက်ပြီဆိုတော့ ဟမ် ဒါဘယ်လိုလေဆိပ်လည်းပေါ့ တခါမှစီးလည်းမစီးဖူးသလို လိုက်တောင်မပို့ဘူးတဲ့နေရာဆိုပြီး တောသူမြို့တက်အဖွဲ့လို ကလည်ကလည် တောင်ကြည့်မြောက်ကြည့်နဲ့ မြန်မာပြည်ကသဘောင်္ဆိပ်ရောက်သွားသလို ခံစားရပါတယ် ။ အ၀င်မှာဖတ်ကြည့်လိုက်တော့ ကိုယ်ချက်အင်လုပ်ရမယ့်ကောင်တာဖွင့်ဖို့ ၁နာရီနီးပါးလိုပါသေးတယ် ။ ဒါနဲ့ဘုရားစူးစင်္ကာပူရဲ့ထိုင်ခုံလေးတွေမှာ ထိုင်ပြီးမျက်လုံးတွေကစားစပ်စုနေရင်း အချိန်ဖြုန်းနေရပါတယ် ။

အဖွဲ့ထဲကတစ်ဦးတည်းသော အကောင့်တန့်က ဖုန်းနဲ့အင်တာနက်သုံးရင် မျက်စိကလည်း ကောင်တာဖွင့်မယ့်ဘုတ်ကို ကြည့်နေရင်းဖွင့်ပြီဆိုတော့ ခုံမရဘူးဆိုတဲ့အဖြစ်မျိုးမဖြစ်ရလေအောင် ချက်အင်ကောင်တာကို အပြေးလေးသွားကြပါတယ် ။ ဒီလောက်စိတ်အနှောင့်အယှက်ကောင်းတဲ့ခရီးစဉ် ဖြစ်ပေမယ့် ၇ယောက်လုံးက ရီလိုက်မောလိုက်နဲ့ ပြောရရင်ဖြင့် စင်္ကာပူညနေ၄နာရီထိ စလုံးကျွန်းကမထွက်ရသေးပါဘူး ။ ကိုယ့်နောက်ကပြည်ကြီးတရုတ်လိုအဖွဲ့ကလည်း ကိုယ်တွေနဲ့အတူ တန်းစီနေရင်း ဆူညံနေပါတော့တယ် ။ ကောင်တာမှာကိုရွှေကုလားက ဟိုဘက်ကြည့်ဒီဘက်ကြည့် တောင်းစရာရှိတာတောင်းရင်း တိုက်ဂါးအဲယားဝေးပေါ်မှာ အောင်မြင်စွာထိုင်ခုံရရှိသွားခဲ့ပါပြီ ။

ခဏလောက် ထိုင်ခုံမှာထိုင်ပြီး အထဲကိုဝင်မယ်ဆုံးဖြတ်လိုက်ကြပါတယ် ။ လာပါပြီပြသနာများနဲ့ သစ်သစ်အိတ်ထဲမှာ 100ml ထက်ပိုလို့ အိတ်ကိုဖွင့်ခိုင်းပါတယ် ။ အိတ်ကိုဖွင့်ပြီး သွားတိုက်ဆေးရယ် မျက်နှာသစ်ဆပ်ပြာအကျန်များကို အောင်မြင်စွာသိမ်းပြီး သကာလမှာ သစ်သစ်အိတ်ထဲက အိုင်ပက်ကိုထုတ်ပြီး စက်ထဲမဖြတ်လို့ အိုင်ပက်ကိုပြန်ထုတ်ခိုင်းပါတယ် ။ အဲဒီအကြောင်းပြောရရင်ဖြင့် သြဂုတ်လမြန်မာပြည်ပြန်တော့ ချန်ဂီလေဆိပ်မှာ အိုင်ပက်ကိုထုတ်ရမလားမေးတော့ သူတို့ကလပ်တော့ပဲထုတ်ရမယ် အိုင်ပက်ထုတ်ဖို့မလိုဘူးလို့ ပြောခဲ့တာ သတိရပြီး ဒီတခေါက်မှာမထုတ်ပဲ ဒီတိုင်းဖြတ်ခဲ့တာပါ ။ ဒါပေမယ့် သဘောင်္ဆိပ်ဆိုတော့လည်း အိုင်ပက်ထုတ်ပါဆိုတော့ ပြန်ထွက်ပြီးအိုင်ပတ်ကိုထုတ် အိတ်ကိုပြန်ဖြတ်နဲ့ သစ်သစ်တစ်ယောက် ၂ခေါက်တိတိစစ်ဆေးခံလိုက်ရပါတယ် ။ လူတစ်ယောက်တည်းဖြတ်တော့လည်း အသံကထမြည်ပါတယ် ဒါနဲ့အတံတစ်ခုနဲ့ရပ်စောင့်နေတဲ့ မလေးမတွေရဲ့ ဟိုပွတ်ဒီပွတ်ခြင်းကို ပွဲဦးထွက်ခံလိုက်ရပါတယ် ယားချက်တော် ဟင့် ။ ဒီလိုနဲ့အထဲကိုရောက်လာခဲ့တယ် ဆိုပါတော့ ။

အထဲကစားသောက်ဆိုင်တွေမှာ သူများတွေကော်ဖီတွေ မုန့်တွေဝယ်ကြစားကြတာတွေ့ပေမယ့် နောက်တစ်ကြိမ်အင်မီဂရေးရှင်းထပ်ဖြတ်ရင် ဒါတွေအကုန်စားပြီးအသိမ်းခံရမှာပဲဆိုပြီး လူတတ်ကြီးလိုလိုဆရာကြီးလိုလိုနဲ့ ကိုယ်ဖြတ်ရမယ့်ဂိတ်ပေါက်ရောက်သွားခဲ့ပါတယ် ။ ပတ်စ်ပို့လေးပြပြီး boarding pass လုပ်ပြီးချိန်မှာ ဘာဆိုဘာမှမစစ်သလို အဖြူကလေးတွေဟာ ၀ယ်လာတဲ့ကော်ဖီတွေသောက်လိုက် မုန့်တွေစားလိုက်နဲ့ ကိုယ့်ရှေ့မှာအသဲယားစဖွယ် လုပ်ပြနေပါတော့တယ် ။ အဲ့ချိန်မှာဓါတ်ပုံရိုက်ချင်စိတ်မရှိလောက်အောင်ပင် လူတွေကချုန်းချုန်းကျနေပါပြီ ။ မျက်နှာလေးတွေဟာနွမ်းဖတ်ရင် ချာဂျင်ကုန်နေတဲ့ ဘက်ထရီတွေလိုပဲ ဖြစ်နေကြပါပြီ ။ အချိန်ကလည်း ညနေ၆နာရီထိုးတော့မယ်လေ ။ လှပါတယ် တကယ်ကိုလှတဲ့ တိုက်ဂါးအဲယားဝေးက ကျားသစ်မလေးတွေ မိန်းမချင်းတောင်ငမ်းယူရပါတယ် ။ ဆံပင်ကုတ်ဝဲလေးတွေနဲ့ ချစ်ဖို့တစ်ကယ်ကို ကောင်းပါတယ် ။

လေယာဉ်ပေါ်တက်ဖို့ ကျု့လဲမရှိသလို လေယာဉ်ကွင်းထဲလမ်းလျှောက်ဆင်းရင်း လေယာဉ်ပေါ်ကို ကိုယ့်အိတ်ကိုယ်ဆွဲကာ တက်ရပါတယ် ။ ဟိုးယခင်က မြန်မာပြည်က လေဆိပ်နဲ့အတော်လေး တူပါတယ် ။ လေယာဉ်ပေါ်ကထိုင်ခုံတွေက သစ်သစ်အတွက်အတော်လေး ကျဉ်းမြောင်းပါတယ် ။ ရောက်တာနဲ့အိပ်ဖို့ကြိုးစားပါတယ် ဒါမှမူးတာမော်တာမဖြစ်ရအောင်ပေါ့ ။ ဒီလိုနဲ့လေယာဉ်ပျံကြီး ဝေဟင်ထဲရောက်မှ သက်မကိုပိုင်နိုင်စွာချရင်း တကယ်ကိုသွားရတော့မယ့် ဖူးခက်ဆိုပြီး စိတ်ကိုလျော့ချလိုက်ပါတော့တယ် ။

ကဲ ဆင်းပါတော့မယ် ဖူးခက်မြို့ရဲ့ အင်တာနေရှင်နယ်လေဆိပ်ကြီးကိုပေါ့။ ဖူးခက်မီးပြတ်နေတယ် ထင်တယ် ဘာမှကိုမမြင်ရဘူးနော် ဟယ်...လေယာဉ်ကြီးက အိမ်တွေကြားထဲမှာ ပြေးလမ်းပေါ်ဆင်းနေတယ်တော့ ဘယ်လိုလဲမသိဘူးနော် အမယ်လေဆိပ်သာသေးတာ ဘက်ဂျက်လေဆိပ်ထက်သာတယ်တော့ ကျူ့နဲ့တိုက်ရိုက်လေဆိပ်ထဲဝင်ရမှာဟ တော်ပါသေးရဲ့ဘာညာပေါ့ ။ ဒါနဲ့ပဲ ၀ှိုက်ကတ်ဖြည့် အိမ်သာလေးပြေးဝင် အင်မီဂရေးရှင်းဖြတ်ပြီးချိန်မှာ လေဆိပ်ကလူအတော်လေးရှင်းနေပါပြီ ။ လေဆိပ်ထဲမှာပဲ စင်းကတ်တွေအလကားပေးပါတယ် ။

သစ်သစ်နဲ့ကျန်တဲ့သူငယ်ချင်းတွေက လေဆိပ်အပြင်ကိုထွက်ရင်း လာကြိုမယ့်ဦးမင်းဒင်ကို စိတ်ထဲမှာမှန်းပြီးရှာရပါတယ် ။ တက်ဆီသမားတွေရဲ့ ဆူညံပွက်လောရိုက်မှူတွေကြားထဲမှာ လုံးဝရှာလို့မတွေ့ခဲ့ပါဘူး ။ ဒါနဲ့ရွမ်းမင်းဖွင့်ထားတဲ့ဖုန်းနဲ့ပဲဆက်မေးတော့မယ် စဉ်းစားချိန်မှာ ဦးမင်းဒင်ကိုယ်တိုင်က သစ်သစ်တို့အဖွဲ့လားဆိုပြီး လာမေးခဲ့တော့မှ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ကားပေါ်ရောက်သွားပါတော့တယ် ။ ရပ်ဝေးမြေခြားမှာ မြန်မာအချင်းချင်း တွေ့ဆုံချိန်လုံးဝစိမ်းသက်မနေပဲ ပြောစရာတွေတစ်ပုံတစ်ပင်နဲ့ တည်းခိုမယ့်နေရာကို ၁နာရီနီးပါးသွားရပါတော့တယ် ။ ဒါပေမယ့် ဗိုက်ဆာနေကြတဲ့ ဒီ၇ယောက်အဖွဲ့တွက် ညစာဘယ်လိုစီစဉ်ရမယ်ဆိုတာ ဦးမင်းဒင်မှာ စဉ်းစားတွေးတောရင်း နောက်ထပ်ပို့စ်တစ်ပုဒ်ရေးရန် ဒီနေရာမှာပဲခဏတာ ရပ်တန့်ထားလိုက်ပါတော့မယ် ။




ဘက်ဂျက်တာမင်နယ်က အနည်းငယ်သောထိုင်ခုံတစ်ချို့



လေယာဉ်ပေါ်တက်ရန် အဲလိုတန်းစီရပါတယ်




ဖူးခက်လေဆိပ်မှာ အခမဲ့ဝေသော စင်းကတ်ပါ







ဆရာလုပ်ချင်သောသစ်သစ် မှန်းလိုက်တဲ့ မိကျောင်းလာမည့်လမ်းကြောင်း



(သူလာမယ်ဆို အနဲဆုံး၁လလောက်တော့လာရမယ်ထင်တယ် ဟိ)






ဆက်ဖတ်ချင်သေးရင်...

Saturday, October 29, 2011

အတားအဆီးများနဲ့ဖူးခက်

ကဲ ..ဘာလုပ်ပေးမှာလဲ ငါတို့ဝယ်ထားတာ ပက်ကေ့ခ်ျနော် နင်တို့ဂျက်စတားက ဒီလိုပဲလား ငါတို့အစောကြီးထလာတာ ခွင့်တွေလည်းယူလို့ နင်တို့ဘယ်လိုစီစဉ်ပေးမှာလဲ ငါတို့အစီအစဉ်တွေ အားလုံးလွဲချော်ကုန်ပြီ ဘလာ...ဘလာ... အသံများရဲ့အဆုံးမှာ ကိုရွှေဂျက်စတားက အစောဆုံးလေယာဉ်ဖြစ်တဲ့ နေ့လည်၂နာရီ စစ်ခ်အဲနဲ့စီစဉ်ပေးပါမယ် ခဏစောင့်ပါဆိုတော့ ပွစိပွစိရေရွတ်သံတွေနဲ့၁၀မိနစ်လောက်အကြာမှာ စစ်ခ်အဲကလည်း လူပြည့်နေပါပြီတဲ့ ဒါဆို၎နာရီထွက်မယ့် အဲအေးရှကိုဖုန်းဆက်ပေးပါ့မယ်ဆိုတော့ ငါတို့၁ရက်တိတိအချိန်တွေပုပ်ကုန်ပြီ ငါတို့သိပ်စိတ်ဆိုးတယ်ပြောနေစဉ်မှာပဲ အဲအေးရှကလည်း ခုံပြည့်နေလို့ဝယ်လို့မရပါတဲ့ ကဲ အမတို့ကို ငွေပြန်အမ်းမယ်ဆိုတော့ လုံးဝလက်မခံနိုင်ဘူး ကိုယ်ဝယ်ထားတာပရိုမိုးရှင်းဈေးလေ သူတို့ပြန်အမ်းတော့အဲ့ဈေးနှုန်းနဲ့ ဘာလုပ်မှာလဲ ဒါ့အပြင်ကုန်ဆုံးသွားတဲ့အချိန်တွေခွင့်တွေ ဘယ်လိုမှမဖြစ်နိုင်ဘူး ဒီနေ့လေယာဉ်နဲ့ရအောင် စီစဉ်ပေးပါဆိုတော့ ကဲ နောက်ဆုံးတိုက်ဂါးအဲယားဝေးကို ဖုန်းဆက်ပေးမယ် ခဏလောက်သီးခံပေးပါဆိုပြီး နှစ်သိမ့်သွားလိုက်တာဆိုတာများ.....။


မိနစ်၂၀ခန့်အကြာမှာ ညနေ၆နာရီ တိုက်ဂါးအဲယားဝေးနဲ့ရပါမယ် ဒီနေ့တစ်နေ့စာနေဖို့ riverview hotel မှာစီစဉ်ပေးပါ့မယ် နေ့လည်စာဘူဖေးကိုလည်း ဂျက်စတားကနေပဲ စီစဉ်ပေးမှာဖြစ်သလို လေဆိပ်နဲ့ဟိုတယ် အသွားအပြန်ကိုလဲ သူတို့ပဲကြိုပေးမှာဖြစ်ကြောင်း လာပြောပါတယ် ။ တကယ်လို့များသဘောမတူခဲ့ရင် ၀ယ်ထားသောဈေးနှုန်းအတိုင်း ငွေပြန်အမ်းပါ့မယ်တဲ့ ။အိမ်းးးးးးး ကဲ ဘီလိုလုပ်ကြမလဲ သွားမှာလား ပိုက်ဆံပြန်ယူမလား ကဲ ဘာပဲဖြစ်ဖြစ်သွားမယ်ကွာဆိုပြီး လိုအပ်သော ပတ်စ်ပို့ ထိုင်းဗီဇာတို့ကို သူတို့ကိုပေးရပါတယ် ။ သန်းခေါင်ထက်ညမနက်တော့သလို လာပြီးမှတော့မထူးတော့ဘူးလေ ဒါကြောင့် ခဏလောက်စောင့်ပေးပါ သူတို့လာပြီးခေါ်ယူပါ့မယ်ဆိုတာ ၉နာရီလောက်ကပြောလိုက်တာ ၁၀နာရီခွဲတဲ့ထိလာမခေါ်ပါဘူး ။ ဆက်သွယ်ရန်ပေးထားတဲ့ဖုန်းနံပတ်ကို ဆက်တော့ဖုန်းလုံးဝမကိုင်ပါဘူး ။ ဒီလိုနဲ့ ၁၀နာရီခွဲမှာ ဒေါကြီးမောကြီးနဲ့ ဂျက်စတားကောင်တာကို သွားပြီးကျဲတော့ ဟိုတယ်စီစဉ်နေရလို့ ကြာနေကြောင်း ခုသွားလို့ရပြီဖြစ်ကြောင်း ကိုရွှေဂျက်စတားက ပြောပါတယ် ။ လုံးဝ လုံးဝ ဆက်ဆံရေးညံ့ဖျင်းသော ဂျက်စတားပေတကား.... ။

သူတို့ဘက်ကသေချာပြီဆိုမှ ဖူးခက်လေဆိပ်မှာ လာကြိုမယ့်ဦးမင်းဒင်ကို ချက်ချင်းဖုန်းဆက်ရပါတယ် လေယာဉ်ချိန်ပြောင်းသွားပြီ ဖြစ်ကြောင်း ညနေမှလာကြိုပေးပါရန်ဆိုပြီး ပြောဆိုပြီးနောက် ဟိုတယ်ကိုတဖန်ဖုန်းဆက်ရပါသေးတယ် ချက်အင်နောက်ကျမယ်ဖြစ်ကြောင်းပေါ့ အဲ့မှာပဲဖုန်းဘီလ်အတော်လေးထိသွားခဲ့ပါတယ် ။ ကဲ ထိုင်းကိုဆက်တာပဲ ဈေးသက်သာပါတယ်ဆို ဖြေတွေးလိုက်ပြီး စင်္ကာပူကဟိုတယ်သို့ တက်ဆီငှားကာ လူ၇ယောက်ချီတက်ခဲ့ပါတော့တယ် ။ တက်ဆီစလစ်လေးကို ဟိုတယ်မှာပြလိုက်တာနဲ့ ချက်ချင်းသူတို့ကငွေပြန်ရှင်းပေးပြီး အခန်း ၄ခန်းတိတိပေးပါတယ် လူက၇ယောက်ပေကိုး ။ ဟိုတယ်ကအခန်းရောက်တယ်ဆိုရင်ပဲ ၁၁နာရီထိုးနေသလို စင်္ကာပူတစ်ကျွန်းလုံးက သူငယ်ချင်းများကို အကြောင်းကြားပြီးသကာလမှာ နေ့လည်စာ၃၂ဒေါ်လာတန်ဘူဖေးစားဖို့အချိန် ကျရောက်လို့လာခဲ့ပါပြီ ။ ထမင်းစားပြီးလို့ တရေးတမောအိပ်ရန်ကြံစည်နေစဉ်မှာပင် အခန်းထဲသို့ဖုန်းဝင်လာခဲ့ပါတယ် လေဆိပ်ဆင်းရန်ကားအကြိုလွှတ်တာ ရောက်ပြီဖြစ်ကြောင်း အကြောင်းကြားပါတယ် ။ အစောကြီးဘာသွားလုပ်မှာလဲ ၃နာရီကျော်မှဆင်းလာမယ်ဆိုပြီး ပေကပ်စွာဟိုတယ်ခန်းကမထွက်ပဲ သက်တောင့်သက်သာနားနေခဲ့ပါတယ် ။

ကဲ ၃နာရီကျော်ပြီ ဟိုတယ်ကနေ ချက်အောက်လုပ်ပြီး လေဆိပ်သွားမယ်ဆင်းလာတော့ အောက်မှာကိုရွှေဒရိုင်ဘာက တိုးရစ်စ်များစီးသောကားဖြင့် အကြိုတော်ရောက်နေတာကို တွေ့ခဲ့ရပါတယ် ။ သူကိုယ်တိုင်ပဲ ဂျက်စတားကပေးခိုင်းသော လေယာဉ်လက်မှတ်ကိုပေးပါတယ် တိုက်ဂါးအဲယားဝေးပါ လေယာဉ်လက်မှတ်တင်ပဲ၂၀၀ကျော်ပေးရပါတယ် ။ ဒီလိုနဲ့စင်္ကာပူရောက်တဲ့၎နှစ်အတွင်း တိုးရစ်စ်တစ်ယောက်လို ပထမဆုံးသွားခဲ့ရတဲ့ခရီးစဉ်ပါပဲ ။ ဒီလိုနဲ့ လေဆိပ်နားနီးချိန်မှာ သူ့ကားက police station ဆိုတဲ့လမ်းထဲကို ချိုးကွေ့လိုက်ပါတော့တယ် ။ ဟမ်....... ဒါဘာလုပ်တာလဲ ငါတို့ကိုငတုံးလို့ထင်နေသလားးးးးးးး။


စုတ်ချာလှတဲ့ လိန်ပျံလက်မှတ်




ဆက်ဖတ်ချင်သေးရင်...

Friday, October 28, 2011

ဖြစ်ပျက်စုံလင် ဖူးခက်ခရီးစဉ်

ဟဲ့ ဟောလီးဒေးခရီးစဉ်တွေ ဒစ်စကောင့်ချနေတယ်သိလား ဂျက်စတားမှာရော အဲအေးရှမှာရော ငါတို့ဝယ်ရအောင်လို့ ပြောလာချိန်ကတော့ လွန်ခဲ့တဲ့ဇွန်လလယ်လောက်ကပါ ။ အဲဒီသူငယ်ချင်းနဲ့က ၈၀%နီးပါးစိတ်တူကိုယ်တူ ဖြစ်နေတော့ ခရီးထွက်မယ်ဆိုလဲ ၂ခါမတိုင်ပင်ရတဲ့ သူငယ်ချင်းပါပဲ ။ နေဦး ငါ့သူငယ်ချင်းတွေကို မေးကြည့်ဦးမယ် လူများမှပျော်စရာကောင်းမှာဆိုပြီး မေးလိုက်တာက ၂ပတ်လောက်ကြာသွားခဲ့ပါတယ် ။ ဒီနေ့ ဇွန်လ၃၀ရက်နေ့ပဲ ၀ယ်မယ်ဆိုဒီနေ့ဝယ်မှဖြစ်မယ် နက်ဖြန်ဆိုဇူလိုင်ဈေးဖြစ်သွားမယ်နော် ကဲ ဘယ်လိုလဲ ......... ။

ဈေးနှုန်းကြည့်တော့ စင်္ကာပူဒေါ်လာ ၁၆၉ကျော်လောက်ပဲကျမယ်သိလား ဆိုတော့လူစုချိန်မှာ ၆ယောက်တိတိရခဲ့ပါတယ် ။ ညဘက်ကြီး ဂျက်စတားဝက်ဆိုဒ်ကိုဝင် ပက်ကေ့ခ်ျကတော့ အများသဘောတူထားတဲ့ ဖူးခက်ခရီးစဉ်ကို ရွေးချယ်တယ်ဆိုပါတော့ ။ ဟိုတယ်ကတော့ ကြိုက်နှစ်သက်ရာအခန်းအမျိုးအစားကို ရွေးချယ်ခွင့်မပေးခဲ့ပါဘူး ။ သူတို့သတ်မှတ်ထားတဲ့အခန်းကိုပဲ ယူရသလို လေကြောင်းခရီးစဉ်ကတော့ နေ့ဘက်ဖလိုက်ရွေးရင် ၃၀လောက်ကွာခြားပြီး ညဘက်ဖလိုက်ရွေးရင် ပိုသက်သာပါတယ် ။ ဒါကြောင့် သွားမယ့်ရက်ကို အစောဆုံးနေ့ဘက်ဖလိုက်သေချာ ရွေးချယ်ပြီး အပြန်ကိုဈေးလည်းသက်သာတဲ့ညဖလိုက်ကို ရွေးချယ်ခဲ့ပါတယ် ။ ဘာကီလိုမှမ၀ယ်ပဲ ဘာညာပေါင်းလိုက်ချိန်မှာ တစ်ယောက်ကို၂၅၀ကျော်လောက် ကျခဲ့ပါတယ် ။ ၃ညအိပ်၎ရက်ခရီးစဉ်ဆိုတော့ ဒီအချိန်ထိကို တန်တယ်လို့ဆိုလို့ရပါသေးတယ် ။

ဒီလိုနဲ့ပဲ ဇူလိုင်လဈေးနဲ့ နောက်ထပ်သူငယ်ချင်းကောင်မလေး၂ယောက် လိုက်ဖို့ဖြစ်လာခဲ့ပါတယ် ။ စုစုပေါင်း၈ယောက်ပေါ့ ပျော်စရာကြီးဆိုပြီး မပျော်နိုင်အားခဲ့ပါဘူး ဇူလိုင်နောက်ဆုံးပတ် စာမေးပွဲရှိတော့ဝယ်ထားပြီး ပစ်ထားလိုက်ပါတယ် ။ စာမေးပွဲပြီးတော့ ရန်ကုန်ပြန်လိုက် ရန်ကုန်ကပြန်လာတော့ မလေးရှားသွားလိုက်နဲ့ ဖူးခက်ခရီးစဉ်ကို တကယ်ပင်စိတ်ကမရောက်ပဲ ဖြစ်နေခဲ့ပါတယ် ။ ကဲ တကယ်သွားရမယ့် အောက်တိုဘာလထဲကို ၀င်ရောက်လာခဲ့ပါပြီ ။ အချိန်တွေနီးလာလေ စိတ်လှုပ်ရှားစရာ မထင်မှတ်တာတွေဖြစ်ခဲ့တဲ့ ခရီးစဉ်လေးပါပဲ ။ ပထမဆုံးဦးဆောင်ခဲ့တဲ့ သစ်ငယ်သူငယ်ချင်းကို သူ့အလုပ်ကဂျပန်ကို ဆိုင်းမဆင့်ဗုံမဆင့်ပဲ ၂ပတ်ကြာသွားဖို့ဖြစ်လာခဲ့ပါတယ် ။ ဘယ်လိုမှလုပ်လို့မရခဲ့ပါဘူး စိတ်ထဲလည်းမကောင်းသလို သူစခဲ့တဲ့ခရီးဆိုတော့ ကျန်တဲ့သူတွေနဲ့မလိုက်တော့ပဲ သူနဲ့ပဲ၂ယောက်တည်းထပ်သွားတော့မယ်ထိ ဆုံးဖြတ်ခဲ့ပါတယ် ။

ဂျက်စတားကလည်း ရက်ကရွှေမရပါ ရွှေ့ရင်လည်းအရင်က ပရိုမိုးရှင်းဈေးမဟုတ်ပဲ လက်ရှိဈေးနဲ့ပေးချေရမယ်ဆိုတော့ တယောက်ကို၄၀၀ကျော်ထိပေးရမယ့်ကိန်း ပေါက်လာခဲ့ပါတယ် ။ နောက်ဆုံးတော့ သူငယ်ချင်းလည်းလက်မှတ်အဆုံးခံပြီး ဂျပန်ကိုထွက်သွားခဲ့ပါတယ် ။ သွားခါနီးတစ်ပတ်အလိုမှာစပြီး ထိုင်းနိုင်ငံမှာအကြီးအကျယ် ရေကြီးခဲ့ပါတယ် ။ ဘယ်လိုလဲ ဗီဇာကလည်းလုပ်ပြီးပြီ ခွင့်တွေလည်းတင်ရတော့မယ် သွားရမှာလား မသွားရဘူးလား ။ ဘယ်လိုလုပ်ကြမလဲ နေ့စဉ်မိုးလင်းလို့ ရုံးရောက်တာနဲ့ကို ထိုင်းနိုင်ငံသတင်းတွေကြည့် သူတို့ရာသီဥတု ဖူးခက်ရာသီဥတုကို အင်တာနက်ကနေတစိမ့်စိမ့်ထိုင်ကြည့်ခဲ့ရပါတယ် ။ ဖူးခက်မှာလုပ်လို့ရတဲ့အရာတွေ သွားလို့ရတဲ့နေရာတွေကိုလည်း အင်တာနက်ကနေ ရှာဖွေပရင့်ထုတ်ပြီး ကြိုတင်ဖတ်ရှုခဲ့ရပါတယ် ။ ဒီကြားထဲမိကျောင်းအကောင်တစ်ရာ လွတ်သွားတယ်ဆိုလို့ မိကျောင်းလွတ်တဲ့နေရာနဲ့ ဖူးခက်ဘယ်လောက်ကွာလဲဆိုတာ ထိုင်းမြေပုံချပြီးကြည့်ခဲ့ရပါသေးတယ် ။ ဖူးခက်တည်ရှိတဲ့နေရာ ပင်လယ်အနေအထား ရေကြီးနေတဲ့နေရာဆက်စပ်မှူတွေ အသေးစိတ်ကိုတစ်ပတ်အတွင်း လေ့လာခဲ့ရပါတယ် ။

ဖူးခက်ခရီးစဉ်အကြောင်း ရေးမယ်ဆိုရင်ဖြင့် မရေးမဖြစ်ပါဝင်ရေးသားရမယ့် သူကတော့ မင်းဒင်ဆိုတဲ့ဘလော့လေးနဲ့ စာတွေဆက်တိုက်ဆိုသလိုရေးရင် ပရိတ်သတ်အခိုင်အမာရထားတဲ့ မင်းဒင်ရဲ့သက်ခိုင် စာအုပ်ပိုင်ရှင် ဦးမင်းဒင်ကိုလည်း ချန်လှပ်ထားခဲ့လို့မရပါဘူး ။ ဖူးခက်သားလုံးလုံးဖြစ်နေတဲ့ ဦးမင်းဒင်ကို ခရီးစဉ်နီးလာလေ အွန်လိုင်းကနေ နေ့စဉ်ဖူးခက်အကြောင်းမေးမြန်းသမျှ စိတ်ရှည်လက်ရှည်ဖြေပေးခဲ့တာတွေလည်း အမှတ်ရမိပါတယ် ။ သူငယ်ချင်း ထိုင်ဝမ်မှဘလော်ဂါက မိတ်ဆက်ပေးပြီး သိကျွမ်းခဲ့ရသော်လည်း သက်ခိုင်စာအုပ်ဖတ်ပြီး ကိုယ့်အမြင်လေးတစ်ချို့ မေးမြန်းရင်း ရင်းနှီးခဲ့ရတဲ့ ဦးမင်းဒင်ကိုလည်း ဖူးခက်ခရီးစဉ်တွက် ကျေးဇူးတင်ကြောင်း ဒီနေရာလေးကတစ်ဆင့် ပြောလိုက်ချင်ပါသေးတယ် ။

ဒီလိုနဲ့ သွားရတော့မယ် အောက်တိုဘာ ၂၂ရက်နေ့ ရောက်ဖို့၂ရက်အလိုမှာ သစ်သစ်ဖြေထားတဲ့အောင်စာရင်းကထွက်လာခဲ့ပြီး ၂၄ရက်နေ့ဘွဲ့ပေးမယ့်အခမ်းအနား ရှိတဲ့အကြောင်းသိလာခဲ့ပါတယ် ။ ဘွဲ့ဝတ်စုံထုတ်ရမှာက ၂၁ရက်နေ့ ၂၂ရက်နေ့မနက်ကခရီးထွက်ရမယ် ပေးမယ့်ရက်က ဖူးခက်မှာရှိတဲ့ရက် ကဲ ဘွဲ့ယူမလား ဖူးခက်သွားမလား စဉ်းစားစရာတွေဖြစ်လာခဲ့ပါတယ် ။ အဲ့ဒီအချိန်မှာ ကျောင်းကနေဘွဲ့.ယူရမယ့်ဖိတ်စာရောက်လာခဲ့ပါတယ် ။ ဘုရားရော သိကြားပါမပြီး အောက်တိုဘာ၂၈ရက်နေ့ ဖြစ်ခဲ့တော့ ထခုန်မိမတတ်ဝမ်းသာခဲ့ရပါတယ် ။ ပြန်လာပြီးနောက်တစ်နေ့ယူရမှာဖြစ်တော့ လိုအပ်တာလေးတွေ ၀ယ်ခြမ်းခဲ့ပြီးဝတ်စုံထုတ်ပြီး ဒီိတိုင်းပစ်ထားခဲ့ရပါတယ် ။

ကဲ ဘာပဲဖြစ်ဖြစ် ဖူးခက်တော့အဆင်ပြေပြေဖြစ်အောင် ငါသွားမယ်ပေါ့ အဲဒီချိန်မှာပဲ ခွင့်တင်ဖို့ဖောင်ဖြည့်နေတုန်း ခရီးစဉ်ထဲမှာပါဝင်တဲ့ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်တယ် သူ့ကိုဖူးခက်ဟိုတယ်က ဖုန်းဆက်ကြောင်း သူတို့ဟိုတယ် ပြုပြင်ဖို့ရှိလို့ မင်းတို့အေးဂျင့်နဲ့ဆက်သွယ်လိုက်ပါလို့ပြောကြောင်း သစ်ကိုဖုန်းဆက်ပြောလာခဲ့ပါတယ် ။ သူပြောပြောချင်းတော့ ကိုယ်ဘာမှမစဉ်းစားမိပဲ ဂျက်စတားကိုပဲဖုန်းဆက်ဖို့ ကြိုးစားခဲ့ပါတယ် ။ ဖုန်းကလုံးဝဆက်လို့မရသလို ဟိုတယ်ကိုဖုန်းဆက်ရုံမှတပါး အခြားမရှိတော့ဘူးဆိုပြီး ထိုင်းနဲ့ပက်သက်တဲ့ ထိုင်းစကားပြောတတ်တဲ့ သူငယ်ချင်းတစ်ယောက်ကို ကူညီတောင်းခဲ့ပါတယ် ။ အဲ့သူငယ်ချင်းကသူကိုယ်တိုင်ဖုန်းဆက်ပြီး ဒီလူတွေဒီနေ့လာမယ် ကွန်ဖန်းဖြစ်လားဆိုပြီးမေးတော့ ဟိုတယ်ကကွန်ဖန်းပါတယ်ဆိုပြီး ပြောမှစိတ်ထဲအေးသွားခဲ့ပါတယ် ။ ဒါပေမယ့်လည်း နားလည်မှူလွဲတာတွေဖြစ်မှာစိတ်ပူပြီး သစ်သစ်မှာမကျေနပ်နိုင်ပါဘူး ။ ဟိုတယ်အီးမေးလ်ကို အင်တာနက်ကနေရှာပြီး သူတို့ဆီကိုထပ်ပြီး အီးမေးလ်ပို့မေးခဲ့ပါတယ် ။ သူတို့ဆီက ပြန်စာလာမှ အဲ့စာကိုပါပရင့်ထုတ်ပြီး ဖူးခက်ကိုစပြီး ချီတက်ခဲ့တယ်ဆိုပါတော့ ။

ဒီလိုနဲ့ တကယ်သွားမယ့်နေ့ အောက်တိုဘာ၂၂ရက်နေ့ မနက်၆နာရီခွဲတိတိမှာ စင်္ကာပူချန်ဂီလေဆိပ်ကနေ ဂျက်စတားကိုပျော်ပျော်ကြီးစီးဖို့ တက်ကြွစွာသွားခဲ့ပါတယ် ။ တန်းစီပါတယ် လူတွေကများ ကိုယ်ကလည်း၇ယောက်ဆိုတော့ ရီလိုက်မောလိုက်ပြောင်လိုက်နောက်လိုက်နဲ့ ကိုယ့်အလှည့်ရောက်တဲ့အချိန်မှာ ကောင်တာကချက်အင်လုပ်လို့မရတော့ပါဘူး ၇ယောက်ဖြစ်တဲ့အတွက် လေယာဉ်မှာထိုင်ခုံမရှိတော့ပါဘူးဆိုပြီးးးးးးးးးး (အဲဒီချိန်မှာ အတော်လေးအသဲကွဲသွားခဲ့ရပါတယ် ) ။

ဖြစ်ပျက်တာတွေကစုံလင်လွန်းလို့ ပို့စ်တစ်ပုဒ်တည်းရေးချင်ပေမယ့် မဖြစ်နိုင်လို့ ခွဲပြီးရေးခဲ့ရပါတယ် ။ အပိုင်း၂ကိုလည်းဆက်ပြီး စောင့်ဖတ်ပေးပါဦးလို့...)

ဆက်ဖတ်ချင်သေးရင်...

Tuesday, October 11, 2011

ပထမဆုံးစလုံးချစ်သူ

သစ်သစ် စာမေးပွဲအကြောင်းရေးချင်လို့ပါ ။ ပြီးခဲ့တဲ့အပတ်က သစ်စာမေးပွဲအောင်စာရင်းထွက်ပါတယ် ။ ထုံးစံအတိုင်း ထွက်မယ်လို့သိပြီးချိန်ကစပြီး လက်ထဲစာအိတ်လေးရောက်တဲ့အချိန်ထိ ရင်တွေအရမ်းခုန်ပြီး နေလို့မရထိုင်လို့မရဖြစ်ခဲ့ပါတယ် ။ တကယ်ကိုစိတ်အရမ်းလှုပ်ရှားလွန်းလို့ ညဘက်တောင်မအိပ်နိုင်ပဲ တလူးလူးတလှိမ့်လှိမ့်နဲ့ မိုးလင်းခဲ့ရတဲ့ညဆိုလည်း မမှားပါဘူး ။ ဘာလို့ဒီလိုဖြစ်ရတာလဲ မေးစရာရှိပါတယ် ။ ဘယ်စာမေးပွဲမဆို တည်ငြိမ်စွာဖြေဆိုဖြတ်သန်းခဲ့တာကြီးပါပဲ ခုစာမေးပွဲကတော့........ ။

ဟုတ်ပါတယ် ပထမအတန်းနဲ့တောင်မတူပါဘူး သစ်တို့ဒုတိယတန်းစာမေးပွဲက စိတ်လှုပ်ရှားစရာအလွန်ကောင်းပါတယ် ။ အဓိက ကတော့ ဆရာနဲ့စလုံးတွေကြားဖြစ်တဲ့ ပြသနာမှာ သစ်သစ်တို့ကတရားခံတွေလို ဖြစ်ခဲ့ရတာပါ ။ စုစုပေါင်း ၆ဘာသာမှာ ၂ဘာသာကပရောဂျက်လုပ်ရပါတယ် အဲဒီကနေပဲ အောင်မှတ်ပေးတယ်ဆိုပါတော့ ။ နောက်အိုင်တီဘာသာရပ်ကတော့ အတန်းနောက်ဆုံးနေ့မှာ စာမေးပွဲဖြေရပါတယ် ။ နောက်ကျက်စာ၃ဘာသာတွဲကို ၁၀၀ဖိုးဖြေရပါတယ် ။ ဒီအထိ ပြသနာမရှိပါဘူး ။ နောက်ဆုံးဘာသာကတော့ဖြင့် supplychainဆိုတဲ့ဘာသာရပ်ပါပဲ ။ တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ဘာသာရပ်ပါ ဆရာရဲ့အသင်အပြကလည်း တကယ်ကိုပြင်ပအတွေ့အကြုံတွေနဲ့ပဲ သင်တော့မပျင်းရတဲ့ ဘာသာလို့ပြောလဲမမှားပါဘူး ။

မှားယွင်းမှုရဲ့အစကတော့ ဆရာက အိန္ဒိယဆရာဖြစ်တော့ စင်္ကာပူအကြောင်းတွေ ဈေးကွက်တွေကို သူပဲသိ သူပဲနားလည် သူပဲတတ်သလိုပြောတော့ အတန်းထဲက စလုံးကျောင်းသားတွေနဲ့ အမြဲလိုလိုငြင်းခုံပါတယ် ။ နောက်တစ်ခုကဆရာက အရမ်းကိုစည်းကမ်းတင်းကြပ်သလို တယောက်ချင်းစီရဲ့အားနည်းချက်ကို အများသိအောင်ဖော်လေ့ရှိတာကတော့ ဆရာရဲ့ဆိုးရွားလွန်းတဲ့အကျင့်တစ်ခုပါပဲ ။ ဘာသာစကားအားနည်းတဲ့မြန်မာတွေကို အခွင့်ရှိသလိုနှိမ်လေ့ရှိသလို ကျောင်းနောက်ကျတဲ့သူကိုလည်း လုံးဝနားလည်မပေးပဲ အားလုံးရှေ့မှာအမျိုးမျိုး ခြေလှမ်းမှားလောက်အောင် ပြောလေ့ရှိတော့ တမင်အရှက်ခွဲသလိုကိုဖြစ်နေပါတယ် ။ အားလုံးကအလုပ်တဖက်နဲ့ကျောင်းတက်ကြရတဲ့သူတွေကြီးပဲဆိုတော့ ရုံးကနေတဆင့်လာရချိန်မှာ အနဲနဲ့အများနောက်ကျလေ့ရှိပါတယ် ။ ကျန်တဲ့ဆရာတိုင်းကလည်း အပြည့်အ၀နားလည်ပေးထားခဲ့ပါတယ် ။

ရေခြားမြေခြားမှာ ပထမဆုံးကျောင်းတက်တဲ့ သစ်သစ်အဖို့တော့ အရမ်းကိုအံ့သြမိရတဲ့ဆရာပါပဲ ။ နောက်ဆုံးမှာ ဆရာကိုတိုင်စာတင်မယ်ဆိုပြီး စလုံးတွေကကျောင်းသူကျောင်းသားတွေကို လက်မှတ်ထိုးခိုင်းတယ်ဆိုပါတော့ ။ သစ်သစ်တို့မြန်မာတော်တော်များများ ပါဝင်ပြီးမထိုးခဲ့ပါဘူး ဒါကလည်းသူ့ဘာသာကိုဖြေဆိုရမယ့်စာမေးပွဲရှိသေးတာကတကြောင်း ရုံးကတက်ခိုင်းတဲ့ကျောင်းသားတွေအနေနဲ့ ကျောင်းမှာစာမေးပွဲကျခဲ့ရင်သော်လည်းကောင်း တခုခုဖြစ်ခဲ့ရင်သော်လည်းကောင်း မိမိဘ၀ရပ်တည်မှူနဲ့ပါ ပက်သက်နေတော့ အမြဲခွင့်လွှတ်တတ်တဲ့မြန်မာတို့ရဲ့စိတ်ရင်းစေတနာအတိုင်း ကျေအေးပေးပြီး ဒီဖြစ်ရပ်ကနေထွက်ရပ်နေခဲ့ပါတယ် ။

ဆရာသင်ကြားခဲ့တဲ့နုတ်စ်တွေက တကယ်ကိုများပါတယ် ဒါကြောင့်နောက်ဆုံးစာသင်ရက်မှာ ဘယ်အရာကိုအလေးထားပြီး ဖတ်ရှုလေ့လာရမယ်ဆိုတာ ဆရာ့ကိုမေးမြန်းခဲ့ပေမယ့် အဲ့နေ့က ဆရာရဲ့မျက်နှာကိုတကယ်မမေ့ပါဘူး ။ သူသင်ပြီးပြီ အားလုံးဖတ်ပေါ့ သူ့တာဝန်ကျေပြီဆိုတဲ့ပုံစံပါ ။ သစ်သစ်တို့မြန်မာတွေက ရှေ့အတန်းကသူသင်ခဲ့ပေးခဲ့တာတွေ မေးမြန်းကြိုတင်ဖြေဆိုလေ့ကျင့်ပြီး စာမေးပွဲခန်းထဲကို ၀င်ခဲ့ရတယ်ဆိုပါတော့ ။ မျှော်လင့်ထားသလိုပါပဲ သင်ထားတဲ့အထဲက ၁၀မှတ်တန်တစ်ပုဒ်တိတိသာ မေးခဲ့ပါတယ် ။ သစ်သစ်ကိုယ်တိုင်တောင် မေးခွန်းကိုအစအဆုံးဖတ်ပြီးချိန်မှာ ကတုန်ကယင်ဖြစ်ပြီး ဘယ်ကနေဘယ်လိုစဖြေရမယ်ဆိုတာ ချက်ချင်းစဉ်းစားလို့မရခဲ့ပါဘူး ။ ကိုယ်သိတဲ့၁၀မှတ်တန်ကို သေချာဖြေဆိုပြီး ကျန်တဲ့မေးခွန်းတွေက သူဘာကိုမေးတယ်ဆိုတာ အထပ်ထပ်ဖတ်ပြီး ကိုယ်နားလည်သလို ပြန်ချရေးခဲ့ရတဲ့ဘာသာဖြစ်နေလို့ စာမေးပွဲခန်းကထွက်ချိန်မှာ ကိုယ့်ကိုယ်ကိုသွားပြီလို့သာ ထင်မှတ်ခဲ့ရပါတယ် ။

စာမေးပွဲပြီးလို့ ၂ရက်ကြာတော့ မြန်မာပြည်ပြန်သွားပြီး ဖြေဆိုခဲ့တာအနည်းငယ် မေ့သွားခဲ့ပါတယ် ။ ပြန်လာတော့ သူငယ်ချင်းတွေက အဲ့ဆရာကိုဖုန်းဆက်မေးပြီးပြီ ငါအောင်တယ် နင်လည်းဖုန်းဆက်မေးလိုက် သူသေချာပြန်ဖြေတယ်ဆိုပြီး သစ်သစ်ကိုတိုက်တွန်းခဲ့ပါတယ် ။ လုံးဝ လုံးဝ သစ်သစ်မမေးခဲ့ပါဘူး ဘာလို့လဲဆိုတော့ အဲ့ဆရာရဲ့အက်ရှင်မျိုးစုံအသံနဲ့ ပြန်စကားပြောတာကို သစ်သစ်မကြားနိုင်တော့လို့ပါ ။ ကံပါပဲ ငါအကောင်းဆုံးလုပ်ခဲ့တယ် ကျခဲ့ရင်ငါဒီဘာသာသေချာနားမလည်သေးလို့ပဲဆိုပြီး အောင်စာရင်းစာရွက်ကိုပဲ ရင်ထိတ်စွာစောင့်နေခဲ့ပါတယ် ။ ခုအောင်စာရင်းထွက်လာတဲ့အခါမှာ ဖုန်းဆက်မေးလို့သူအောင်တယ်ပြောခဲ့တဲ့ သူငယ်ချင်း၂ယောက်လုံး ဆပ်ပလီထိပါတယ် ။ ဘာလို့သူဒီလိုပြောခဲ့လဲဆိုတာ ခုချိန်ထိနားမလည်နိုင်ခဲ့ပါဘူး ။ ဒီလိုနဲ့ ဒီဘာသာရပ်ကိုလည်း အောင်မြင်စွာဖြတ်သန်းနိုင်ခဲ့ရင်း ၁နှစ်နီးပါးတက်ခဲ့ရတဲ့ Specialist Diploma Course in Construction Management စာတီဖီကိတ်လေးကို အောက်တိုဘာရဲ့နောက်ဆုံးပတ်မှာ တက်ရောက်ယူခွင့်ရတော့မှာ ဖြစ်ပါတယ် ။

ကျေနပ်လားဆိုတော့ ကျေနပ်ခဲ့ပါတယ် ပျော်လည်းပျော်ပါတယ် အကောင်းဆုံးလည်းလုပ်နိုင်ခဲ့ပါတယ် ။ ဒီကျောင်းလေးစတက်ဖို့ ၀င်ခွင့်ဖြေတဲ့ချိန်ကစလို့ အခက်အခဲများစွာ သစ်သစ်မှာရှိခဲ့ပါတယ် ။ ငွေရေးကြေးရေး ပါစင်နယ်ကိစ္စ အလုပ်မှာအားပြိုင်မှူတချို့ အတူနေတဲ့သူတွေရဲ့ အလကားပါဆိုတဲ့ တုန့်ပြန်သံ အရာအားလုံးကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပါပြီ ။ စာမေးပွဲနီးချိန်တွေမှာ ဟင်းတွေချက်ပို့လို့တမျိုး စိတ်ညစ်ချိန်မှာ ရီမောစေလိုတဲ့စကားတွေနဲ့တသွယ် ခံစားချက်အဖုံဖုံကို နားထောင်ပေးလို့တဖုံ အဖက်ဖက်မှအားပေးခဲ့တဲ့ ဗစ်စတာစီဘောက်မှ သူငယ်ချင်းများအားလုံးကိုလည်း ကျေးဇူးအရမ်းတင်မိပါတယ် ။ စာမေးပွဲတွင်းတွေမှာ အစဉ်ဂရုစိုက်ခဲ့တဲ့သူတွေကို ကျေးဇူးတင်ရင်း ထမင်းစားလက်မှတ်တစ်စောင်ရပြီး ဖြစ်ကြောင်း စာလာဖတ်တဲ့သူငယ်ချင်းတွေကို သတင်းမျှဝေလိုက်ပါတယ် ။ ဒီစာတီဖီကိတ်လေးက သစ်သစ်တွက်စလုံးမှာ နေလာတဲ့၎နှစ်တွင်းမှာ ပထမဆုံးရတာဖြစ်လို့ အရမ်းတန်ဖိုးထားပြီး ပထမဆုံးစလုံးချစ်သူလေးလို့ တင်စားလိုက်ချင်ပါတော့တယ် ။

ဒီလထဲမှာ ထိုင်းသွားမယ်ဆိုကာမှ ချစ်ရီတာလေးက ဒီနေ့ဖေ့ဘွတ်မှာ ရေကြီးရုံတင်မက မိကျောင်းတွေပါလွတ်နေပြီဖြစ်ကြောင်း သတင်းပေးလို့ ငိုအားထက်ရယ်အားသန်ဖြစ်နေရပါတယ် ။ မိကျောင်းစီးပြီး shopping ထွက်လိုက်ပါသယ်ချင်း..း) (သစ်သစ်ဘန်ကောက်မသွားပါ )......ဟိ ။

ဆက်ဖတ်ချင်သေးရင်...

Friday, September 23, 2011

ထာဝရရဲ့နိဂုံး

ဘာဆက်လုပ်ရမလဲ ဘေးထွက်နေလိုက်ရမလား ရှေ့ဆက်တိုးရမလား မသိသလိုနေလိုက်ရမလား ဒီရက်ပိုင်းမှာ ဒီစကားသံတွေနေ့နေ့ညည ပျံ့လွင့်နေတယ် ။ ဘာလို့ရှေ့ဆက်လို့မရတာလဲ ဆိုတဲ့အမေးကို တသက်လုံးမမေးဘူး ဘယ်တော့မှလည်းမသိချင်ခဲ့ဘူး ရရှိနေတဲ့ခုနေချိန်ကိုပဲ တန်ဖိုးထားမိတယ် ။ ဒါဆိုရင်ရော ဘာလို့အကြိမ်ကြိမ် ဒီမေးခွန်းတွေပြန်မေးနေသလဲ ။ ဘယ်သူမှချည်နှောင်မထားပဲနဲ့ကို စွဲလန်းစွာတွယ်ငင်နေတဲ့ အချစ်ကိုပဲ စိတ်နာရမှာလား ။


ပျောက်ကွယ်သွားရင်ကော ဘာလို့လိုက်ရှာနေတာလဲ ချစ်သူ ။ တစ်ယောက်တည်းနေပါရစေလို့ အကြိမ်ကြိမ်တိတ်တခိုး တောင်းဆိုနေပေမယ့် အမြဲလိုလိုပြန်ရောက်လာတတ်တဲ့ သူ့ခြေလှမ်းတွေကို ဖြူစင်စွာမုန်းနေပြန်မိတယ် ။ ငါတို့တွေပြန်ဆုံခဲ့ရင်ရော အများရဲ့ဝေဖန်သံတွေအောက်မှာ ကြံ့ကြံ့ခံနိုင်ပါ့မလား ရှိနေတဲ့အတိတ်တွေကိုရော မေ့ဖျောက်နိုင်ပါ့မလား ငါတို့ဘာလို့ခုနေချိန်ထိ ပြတ်သားစွာမရပ်နိုင်ခဲ့သေးတာလဲဆိုတာ ကိုယ့်ဘာသာပဲနားအလည်ဆုံးပါ ။ မင်းမရှိရင်မဖြစ်ဘူးဆိုတဲ့ စကားသံတွေဟာ တို့၂ယောက်တွက်မသေချာပေမယ့် ၃ရက်လောက်အသံပျောက်နေရင်ကို မနေတတ်တော့တာကရော ရိုးသားနေရဲ့လား ။

တွေ့ချိန်တိုင်းမှာ အားလုံးကိုမေ့ထားပြီး တယောက်ကိုတယောက် နွေးထွေးစွာဆက်ဆံနေတာကပဲ အကောင်းမွန်ဆုံးနှောင်ဖွဲ့ခြင်းပေလား ။ တနေ့ဆိုတဲ့နေ့ကိုရောက်ရင် ဘယ်သူတွေက အားပေးနှစ်သိမ့်ပြီး ငါတို့၂ယောက်ဘယ်လိုရင်ဆိုင်ကြမှာလဲ ။ တယောက်ကိုတယောက် ကောင်းစေချင်လွန်းတဲ့စေတနာကလွဲရင် ဒီချိန်မှာ သနားနေခြင်းဟာ နောင်တချိန်မှာ ပိုပြီးခံစားစေမှာလား ။ စနောက်ပြုံးရယ်ခြင်းဖြင့် ဝေဒနာတွေကို ရှောင်ဖယ်စေမှာလားချစ်သူ ။ နက်နဲစွာစဉ်းစားလိုက်တိုင်း တို့၂ယောက်ရဲ့ခြေနေကို သိပ်မုန်းမိတယ်ဆိုရင်ရော ယုံပေးဦးမှာလား ။

တွေဝေခြင်း ၊ မပြတ်သားခြင်း ၊ အစွန်းရောက်ခြင်း ၊ သံယောဇဉ်ကြီးခြင်း ၊ အချစ်ကိုတိုးတိတ်စွာခံစားတတ်ခြင်း ၊ ရင်ထဲကခံစားချက်ကို မျက်ကွယ်ပြုထားခြင်း ဒီဟန်ဆောင်မှူတွေနဲ့ ငါတို့၂ယောက်ဘယ်ချိန်ထိ ရှေ့ဆက်နေဦးမှာလဲ ။ ချစ်တယ်ဆိုတဲ့ ထောင်တန်တဲ့စကား နှလုံးသား၂ခုအောက်မှာ ဒီလိုပဲသေဆုံးတော့မှာလား ။ သေမိန့်ကိုစောင့်နေသလိုမျိုး ဘ၀နှစ်ခုလုံးကို အချိန်တွေနဲ့စတေးပစ်တော့မှာလား ။ ပို့စ်တစ်ခုလုံးကိုခြုံငုံကြည့်တာနဲ့တင် တိကျတဲ့အဖြေမရှိတဲ့ ပုစ္ထာတစ်ပုဒ်လိုပဲ စာဖြေချိန်ပြီးဆုံးတဲ့ ခေါင်းလောင်းသံကို နာကျင်စွာအလန့်တကြား မျှော်လင့်နေဦးမှာလား ချစ်သူ ။ လွတ်မြောက်ခြင်းဆိုတဲ့လမ်းစမှာ လက်ချင်းချိတ်မှာလား ကျောခိုင်းမှာလားဆိုတာ နင့်ထက်ငါပိုသိချင်နေပြီ ။
(စိတ်ထဲေ၀၀ါးစွာချရေးဖြစ်တဲ့ စာစုလေးပါ) ။

ဆက်ဖတ်ချင်သေးရင်...

Monday, September 19, 2011

အေးချမ်းတဲ့ခရီး

ပြီးခဲ့တဲ့ ရုံးပိတ်ရက်မှာ ၁၀နာရီကျော်ကြာကားစီးရတဲ့ မလေးရှားကအေးမြတဲ့တောင်ပေါ်မြို့ကလေးကို အလည်တစ်ခေါက်ရောက်ခဲ့ပါတယ် ။ သြဂုတ်လမြန်မာပြည်က ပြန်လာပြီးကတည်းက လူကဟိုသွားချင်ဒီသွားချင်နဲ့ ဘဏ်ကတ်ကိုခမ်းအောင်လုပ်ချင်နေတဲ့ရောဂါဝင်နေပါတယ် ။ ဒါကြောင့်လည်း ဗီဇာကျန်သေးတဲ့ မလေးရှားဆီကိုပဲ မျက်စပစ်နေခဲ့တာပေါ့ ။ စိတ်အေးချမ်းစေတဲ့ ရည်ရွယ်ချက်နဲ့ အေးမြတဲ့အရပ်ဒေသလေးကို ရွေးချယ်ဖြစ်ခဲ့ပါတယ် ။ သူငယ်ချင်း၂ယောက်ကလည်း အဲ့အရပ်ကိုသွားချင်တဲ့စိတ်ကူးချင်းတူပြီး ရုတ်တရက်ပလန်မရှိတဲ့ခရီးလို့လည်း ပြောလို့ရပါတယ် ။

သောကြာညတစ်ညလုံးချမ်းအေးစွာကားစီးပြီး သကာလမှာ တောင်ပေါ်မြို့လေးတစ်ခုကို ရောက်ခဲ့တယ်ဆိုပါတော့ ။ ဟိုတယ်ကိုရောက်တော့ မနက်၉နာရီရှိနေပါပြီ ။ တနေကုန်တနေခမ်း တိုးပက်ကေ့ခ်ျနဲ့မနားတမ်းလည်ပတ်လိုက်တာများ ညနေစတင်းဘုတ်စားပြီး ဟိုတယ်ပြန်ပို့မှပဲ ခြေကုန်လက်ပန်းကျသွားပါတော့တယ် ။ လူတိုင်းလိုလို ရောက်ဖူးတဲ့ဒေသဖြစ်နေလို့ အသေးစိတ်မရေးတော့ပဲ သစ်မြင်တဲ့အမြင်လေးတချို့ကို ရေးပြချင်ပါတယ် ။

တကယ်တော့ ကင်မရွန်ဟိုင်းလန်းဆိုတဲ့မြို့လေးက သစ်သစ်တို့နိုင်ငံက ပြင်ဦးလွင်လိုတောင် လှပဆွဲဆောင်မှူမရှိပါဘူး ။ ဒါပေမယ့် တောင်စောင်းတွေပေါ်မှာစိုက်ထားတဲ့ လက်ဖက်ခင်းလေးတွေနားမှာ စက်ရုံတွေ ဒီဇိုင်းဆန်းတဲ့ဆိုင်လေးတွေရယ်နဲ့ တိုးရစ်တွေကိုမြှူဆွယ်ထားခဲ့ပါတယ် ။ ကား၂စီးရှောင်ရုံလောက်လွတ်တဲ့ လမ်းလေးတွေနဲ့ ပင်လယ်ရေမျက်နှာပြင်အထက် ၆၆၆၆ပေမြင့်တဲ့ တောင်ထိပ်က၃ထပ်မြင့်တဲ့ တာဝါလေးနဲ့ စိတ်ဝင်စားအောင်နောက်တချက် ဆွဲဆောင်ထားပြန်ရော ။ အမျိုးသားကန်တော်ကြီးထဲက တံတားလောက်တောင်လှပမှူမရှိတဲ့ တံတားတခုကိုလဲ တက်ပြီးချွေးထုတ်ရပါသေးတယ် ။

နေ့လည်စာစားပြီး ညနေပိုင်းပို့တဲ့နေရာတွေကတော့ သစ်သစ်ကိုလုံးဝမဆွဲဆောင်နိုင်ခဲ့ပါဘူး ။ စိုက်ခင်းလေးတွေလိုက်ပြပေးပါတယ် တကယ့်ကိုသေးသေးလေးတွေပါ သစ်သစ်တို့နိုင်ငံက စိမ်းလန်းနေတဲ့စိုက်ခင်းတွေနဲ့ ယှဉ်လို့တောင်ပြလိုက်ချင်ပါသေးတယ် ။ နောက်ဆုံးတော့ ဒီမြို့လေးနာမည်ကြီးရခြင်းဟာ မိုးပျံတိုက်ကြီးတွေနဲ့အဲယားကွန်းခန်းတွေမှာ လုပ်ရတဲ့ မွန်းကြပ်တဲ့စင်္ကာပူလိုမြို့နဲ့ကပ်ပြီးတည်ရှိနေတဲ့ မလေးရှားလိုနိုင်ငံမှာ ရှိနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ် ။ ရက်တိုတိုမှာ ခရီးစာရိတ်ကျဉ်းကျဉ်းနဲ့ ခဏတာအမောတွေပြေပြီး အသက်ရှူဝစေဖို့ စိတ်ပန်းဖြေနေရာတစ်ခုဆိုလဲ မမှားပါဘူး ။ ဘာပဲဖြစ်ဖြစ် ခရီးထွက်လိုက်ခြင်းအားဖြင့် စိတ်သစ်လူသစ်ကတော့ တကယ်ဖြစ်ပါတယ် ။ ကျေနပ်ခြင်းဆိုတဲ့ စိတ်ပီတိကတော့ ဘာနဲ့မှလဲလို့မရပါဘူး ။ သစ်သစ် သမီးလေးတစ်ယောက် မွေးစားခဲ့ပါတယ် ။ သမီးပုံလေးထည့်ပေးလိုက်တယ်နော် .. ဟိ ။



ချစ်သမီးငယ်လေး (၉ယောက်မြောက်ပါ)း)

ဆက်ဖတ်ချင်သေးရင်...

Tuesday, September 13, 2011

သူဘာလုပ်နေလဲ

မေ့မသွားရအောင် ဒိုင်ယာရီသဘောမျိုးလေး ဒီရက်ပိုင်းတွက်ပို့စ်လေးတစ်ပုဒ် ရေးချင်နေပါတယ် ။ အဓိက ကတော့ ဘာတွေလုပ်နေလဲပေါ့ ဘာဆက်လုပ်မှာလဲပေါ့ ဘာတွေခံစားပြီး ဘာတွေပြင်ဆင်ထားလဲပေါ့ ။ တချို့တလေပါ စာရေးဖို့လက်သွေးတယ်လို့ပြောလဲ မမှားပါဘူး ။ ခုတလော ရေးချင်တာတွေရှိပေမယ့် ရေးခွင့်မရှိတဲ့အကြောင်းအရာတွေလည်း ရှိနေပြန်ရော လူ့ပတ်ဝန်းကျင်မှာ ကိုယ့်အရွယ်ကလည်း အချစ်အကြောင်းသောင်းပြောင်းထွေလာသက်သက် ရေးဖို့ရာ လက်ကရွံ့နေပြန်တယ် ။ မရေးတာကြာလို့ဆိုတာထက် ကိုယ်တိုင်ကလည်းခံစားချက်တွေ တတ်နိုင်သလောက်မေ့ဖျောက်ပြီး ပြုမူနေထိုင်တတ်တာလဲပါတာပေါ့ ။ ၃၀ ကျော်ပြီလေ တည်ငြိမ်ရင့်ကျက်တဲ့အရွယ်ရောက်ပြီလို့ ဇွတ်ကိုသတ်မှတ်ဘောင်သွင်းထားတော့ လုပ်ရကိုင်ရတာ စည်းတစ်ခုတားထားသလို ဖြစ်နေတဲ့ခံစားချက်ကြီးပေါ့ ။ ကဲ သစ်သစ်ဘာလုပ်နေလဲ ဖတ်လိုက်ကြစို့...။


အလုပ်အကိုင် =အလုပ်ပြောင်းဖို့ရာ ရှိနေတဲ့အလုပ်လေးကို သံယောဇဉ်တအားတွယ်နေတယ် ။ နှောင်ဖွဲ့ခြင်းတစ်မျိုးပါပဲ ။

စီးပွားရေး = သူများနဲ့တန်းတူအသက်ရှူနိုင်ဖို့ ရုန်းကန်နေဆဲ ကာလတွေပေါ့ ။

ပညာရေး = ကျောင်းနောက်တစ်ခုထပ်တက်ဖို့ စဉ်းစားနေသလို အင်္ဂလိပ်စာနဲ့နောက်ထပ်ဘာသာစကားတစ်ခုခုကို တဖတ်ကမ်းခတ်ကျွမ်းကျင်အောင် ပိုနေတဲ့အချိန်ကိုတန်ဖိုးရှိအောင် အသုံးချရင်း ပညာရေးတွက် အသုံးပြုနိုင်မည့် လုံလောက်တဲ့ငွေကို ရှာဖွေနေတယ် ။

ကျန်းမာရေး = ခုတလော ခါးနာတာပျောက်ကင်းစေမယ့် လေ့ကျင့်ခန်းတစ်ခုကို အင်တာနက်ကရှာတွေ့ထားလို့ စွဲစွဲမြဲမြဲယုံယုံကြည်ကြည် လုပ်နေလို့လားမသိဘူး ခါးသိပ်မနာတော့ ကျန်းမာရေးကဂွတ်နေတဲ့ကာလပေါ့ ဒါပေမယ့် သိပ်လည်းမချီးကျူးရဲပါဘူးလေ ။

ခရီးစဉ် = ဒီလထဲမှာ မလေးရှားသွားဖို့ရှိသလို နောက်လမှာလဲ ထိုင်းကိုသွားဖို့လုပ်ထားပြန်တယ် ။ ဒါပြီးရင် မြန်မာပြည်တစ်ခေါက်ပြန်ဖို့လည်း စဉ်းစားထားပါသေးတယ် ။

အချစ်ရေး =အတတ်နိုင်ဆုံးအားလုံးကို မေ့ထားပြီး ဗလာကျင်းနေတဲ့နှလုံးသားကို လူမမြင်အောင် ကာကွယ်ထားတယ် ။

အပန်းဖြေမှူ =တစ်ပတ်တစ်ခါ ဘယ်သူငယ်ချင်းနဲ့မဆို ရုပ်ရှင်ကြည့်ဖြစ်အောင် လုပ်ထားတယ် (ဒီအချိန်ပဲလွတ်လပ်စွာ အဲယားကွန်းခန်းလေးထဲ တွေးငေးဆွေးလို့ရတာလေ ) ။

တွေးနေမိတာ =ခုတလော အမြဲမပြတ်ကြားနေရတဲ့ ဧရာဝတီအကြောင်းကို အသေးစိတ်လိုက်ဖတ်ပြီး အကောင်းဆုံးနည်းလမ်းရှာဖွေနေမိသလို ဖေ့ဘွတ်မှာသူငယ်ချင်းတစ်ယောက်တင်ထားတဲ့ အနာကြီးရောဂါသည်တွေနေထိုင်ရတဲ့အဆောင်လေးကိုလည်း မျက်စိထဲကမထွက်ဘူးဖြစ်နေတယ် (ကိုယ်ဟာအများအကျိုးအတွက်ဘာတစ်ခုမှ မလုပ်ပေးနိုင်တဲ့ တာဝန်မကျေသူတစ်ဦးဖြစ်နေပြီလားလို့တောင် ထင်နေမိတယ် ) ။

အစားအစာ= နေ့စဉ်ရုံးကို ထမင်းဗူးထည့်ခြင်းဖြင့် ညနေပိုင်းချိန်တွေကို နောက်နေ့တွက်ပြင်ဆင်ချက်ပြုတ်ရင်း ချက်ခြင်းရဲ့အနုပညာကို ဖန်ဆင်းနေမိတယ် ။

အင်တာနက် သုံးစွဲချိန် =ရုံးချိန်မှာ နစ်ဖွင့်ထားခြင်းကလွဲလို့ ညတိုင်းမှာပါစင်နယ်ကေ့စ်တွေကို ရှောင်ရင်း အနည်းဆုံး အင်္ဂလိပ်ဖြစ်ဖြစ် ဗမာဖြစ်ဖြစ်သတင်းတစ်ပုဒ်လောက်တော့ ဖတ်ဖြစ်အောင်လေ့ကျင့်ယူထားတယ် ။

ဘာသာရေး =စိတ်တည်ငြိမ်အေးချမ်းတဲ့ဘ၀လေး ပိုင်ဆိုင်ချင်တဲ့အသိတခုတည်းနဲ့ တရားခွေတွေအိပ်ယာဝင်ခါနီးတိုင်း ဖွင့်တဲ့အလေ့အကျင့်ကိုလုပ်ထားတယ် ။ နောက်ပိုင်းတရားထိုင်နိုင်အောင်လည်း ကြိုးစားပါဦးမယ် ။

ရည်ရွယ်ချက်စိတ်ကူး = ဖေဖေ နဲ့ မေမေ ကိုလုပ်ပေးချင်တဲ့အရာတွေ အကောင်အထည်ဖော်နိုင်မယ့် ရာချီတဲ့စိတ်ကူးတွေ အချိန်တိုင်း သီဖွဲ့နေမိတယ် ။

ဒီလောက်ဆို ဒီတစ်လ နှစ်လအတွင်း သစ်သစ်ပလန်တွေတော်တော်လေး ခြုံငုံမိနိုင်သလို ဘာလုပ်ချင်နေတယ်ဆိုတဲ့ စိတ်ကူးတွေလည်းရေးချခွင့်ရလို့ အတော်အတန်စိတ်သက်သာရာရစေပါတယ် ။ အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ခညောင်းပါစေရှင် ။

ဆက်ဖတ်ချင်သေးရင်...

Wednesday, August 24, 2011

ကျေနပ်နိုင်ပါစေ

သစ်သစ် ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ရန်ကုန်ကပြန်လာပါပြီ ။ ရန်ကုန်မြို့ကတော့ အရင်အတိုင်းပါပဲ ရှော့ပင်းမောလ်အသစ်တွေတော့ ပေါ်လာပါတယ် ၀ယ်သူတွေလဲထိုက်သင့်သလောက်ရှိပါတယ် ။ စားသောက်ဆိုင်တွေမှာ ပိုပြီးစားနိုင်နေနိုင်တာကို သိသာထင်ရှားစွာတွေ့ခဲ့ရပါတယ် ။ အမှန်အတိုင်း ၀န်ခံရရင် ကိုယ်တောင်သူတို့လောက်မစားနိုင်မသောက်နိုင်ပါဘူး ။ စလုံးကဈေးနဲ့တွက်ရင် သက်သာတယ်ဆိုပေမယ့် အရာရာချင့်ချိန်သုံးခဲ့ရပါတယ် ။ ပြန်ရတဲ့လေယာဉ်ပျံစာရိတ် လက်ဆောင်စာရိတ် ရန်ကုန်မှာသုံးမယ့်ပိုက်ဆံ အလှူအတန်းတွက်ဘယ်လောက်ဆိုပြီး သေချာလေးပလန်ချပြီး ပြန်တာတောင်မှာ မိဘဆီမှာအကြွေးတင်ခဲ့ပါသေးတယ် ။ သေချာတာကတော့ ခုချိန်ထိ မိဘအရိပ်ကမလွတ်နိုင်သေးဘူး ဆိုတာပါပဲ ။

သစ် စာပြန်ရေးချင်တဲ့စိတ်ရှိပေမယ့် မရေးတာကြာတော့ ပျင်းလာတာတော့အမှန်အတိုင်း ၀န်ခံပါတယ် ။ စာရေးခြင်းထက် သူများရေးတဲ့ဘလော့တွေ တိတ်ဆိတ်စွာလိုက်ဖတ်ရတာကို သဘောကျပါတယ် ။ ဘာကွန်မန့်မှမပေးဖြစ်ပေမယ့် ရေးအားကောင်းပြီး သုတရသစုံလင်စွာပေးနိုင်တဲ့ ဒီဘလော့စာပေရိပ်မြုံကိုခုချိန်ထိ စွဲမြဲစွာဖတ်နေတုန်းပါပဲ ။ ရေးနိုင်တဲ့သူတွေကိုလည်း တကယ်ပင်အားကျမိပါတယ် သစ်သစ်ကတော့ ကိုယ့်ရဲ့ခံစားချက် အတွေ့အကြုံ ခြေနေတချို့ကိုသာ ရေးနိုင်ခဲ့လို့ လာဖတ်တဲ့သူတွေကိုတောင် အားနာမိပါတယ် ။ သစ်သစ်လည်း ဒီလောက်လေးပဲရေးတတ်တော့ အားနာနာနဲ့ပဲ ပို့စ်လေးတွေကို ခပ်ကျဲကျဲလေး တင်ပါဦးမယ်..း) ။

သစ် စာမေးပွဲပြီးရင်ပြန်မယ်လို့ လွန်ခဲ့တဲ့၂လလောက်ကတည်းက ပလန်ချထားခဲ့ပါတယ် ။ စာမေးပွဲမတိုင်ခင် စာမေးပွဲဖြေချိန် အရမ်းစထရပ်များပါတယ် ။ သစ်သစ်ရုံးကအရမ်းကိုနားလည်မှူရှိတော့ အလုပ်တွက်အတော်လေး အနေချောင်သက်သာခဲ့ပါတယ် ။ ဒါကြောင့် လစာနည်းပေမယ့် ဒီအလုပ်လေးမှာပဲ ခင်တွယ်နေမိတာ ၂နှစ်ကျော်ခဲ့ပါပြီ ။ ကျောင်းဆိုတာ ဝေးကွာခဲ့တာ ၂၀၀၄ နောက်ပိုင်းကတည်းကဆိုတော့ ခု ၂၀၁၀မှာပြန်တက်ချိန် ၆နှစ်တိတိ ကျောင်းသားတယောက်ရဲ့အမူအကျင့်တွေနဲ့ ကင်းဝေးနေခဲ့ပါပြီ ။ ကြိုးစားပြီးနေသားကျအောင် နေခဲ့တာ ခုဆိုနောက်ဆုံးစာမေးပွဲကို ဖြေဆိုပြီးခဲ့ပြီ ဆိုပါတော့ ။ သစ်သစ်ကိုကျောင်းတက်တာ ဘာလို့လဲမေးတဲ့သူတိုင်းကို သင့်တော်တဲ့အဖြေလေးတွေနဲ့ပြောခဲ့ပေမယ့် တကယ့်သစ်ရင်ထဲကဆန္ဒကတော့ သွင်းနိုင်တဲ့ကျောင်းလခလေးနဲ့ ရလာတဲ့ခွင့်ရေးလေးတရပ်ပေါ် အခြေပြုလို့ လိုအပ်နေတဲ့ သစ်သစ်ရဲ့ဝမ်းစာကိုဖြည့်ခဲ့တယ်ဆိုရင် ပိုမှန်ပါလိမ့်မယ် ။ သစ်သစ်ရဲ့အဓိက ရည်ရွယ်ချက်ကတော့ တနေ့မြန်မာပြည်ပြန်ပြီး သင်ကြားခဲ့တဲ့ပညာလေးနဲ့ တတ်နိုင်တဲ့နေရာလေးမှာ ပံ့ပိုးကူညီရင်း အဆင်ပြေပြေ ဘ၀ကိုအေးအေးချမ်းချမ်းဖြတ်သန်းချင်တာပါ ။ သူငယ်ချင်းတယောက်ပြောတာကို သတိရမိပါတယ် ငါကထင်နေတာ နင်ကျောင်းတက်တာစလုံးမှာ ကြာရှည်နေဖို့ ဒါမှမဟုတ် နောက်တနိုင်ငံကူးဖို့ ထင်နေတာ ခုတော့နင့်ဟာက ဘက်ဂီယာပြန်ထိုးချင်နေတာကိုးတဲ့ ..း)။ လူတိုင်းကတော့ ရည်ရွယ်ချက်တွေ ဘယ်တူပါ့မလဲ အကြောင်းအမျိုးမျိုးကြောင့် အဝေးမှာလာပြီး အလုပ်လာလုပ်ကြတာပဲလေ အချိန်တွေကိုပုံစံမျိုးစုံနဲ့ အသုံးချနေကြမှာပဲပေါ့ တယောက်နဲ့တယောက်တူဖို့က ဘယ်လွယ်ပါ့မလဲ ။ အဲ့သူငယ်ချင်းကိုလည်း ဘာမှဖြေရှင်းချက်မပေးပဲ ကိုယ့်ယုံကြည်ချက်တိုင်းမပြောင်းလဲပဲ ရှေ့ဆက်ခဲ့ပါတယ် ။


နောက်တခုက ရန်ကုန်ပြန်ချိန်မှာ သူငယ်ချင်းတွေနဲ့ စုံလင်စွာတွေ့ခဲ့ပြီး အကြောင်းစုံလင်ဘ၀ဖုံဖုံကို လက်လှမ်းမှီသလောက် လေ့လာဖြစ်ခဲ့ပါတယ် ။ အင်တာနက်ကနေ ရင်းနှီးခဲ့ရတဲ့သူငယ်ချင်းတချို့နဲ့လဲ တွေ့ခဲ့ပါသေးတယ် ။ သူငယ်ချင်းပေါင်းစုံနဲ့ဆက်စပ်ပြီး သူငယ်ချင်းအသစ်တွေနဲ့လည်း တွေ့ခဲ့ပါတယ် ။ တစ်ရက်ကလေးမှ မနားပဲသွားလာနေတော့ မေမေက ဈေးဝယ်ပြန်လာတာလား သူငယ်ချင်းတွေနဲ့တွေ့ဖို့ပြန်လာတာလားတောင် မေးယူရတဲ့အဖြစ်ပါ ။ မေမေ သမီးသွားနေတာ အလကားမဟုတ်ပါဘူး မိတ်ဆွေပေါင်းသင်းတွေနဲ့ စားတယ်သောက်တယ်ဆိုတာ ဟေလားဝါးလားမဟုတ်ပါဘူး သမီးတို့ရွယ်တွေက အဲလိုတွေလဲမဟုတ်တော့သလို ပြောတဲ့စကားတွေကလည်း ထောင်တန်နေပါပြီ မေမေရယ်လို့ ဆိုတော့ မေမေကရီလိုက်တာဆိုတာများ ...နင်နဲ့ကျမှပဲ စကားတွေကိုတန်ဖိုးဖြတ်နေရတော့တယ်ဆိုပဲ ။ သစ်သစ်ကအကျင့်တစ်ခုရှိတယ် လူတွေဘာလုပ်နေလဲဆိုတာ လေ့လာတတ်တယ် ပြီးရင် ကိုယ့်ဘာသာသုံးသပ်တတ်တယ် ။ ကိုယ်ဘယ်နေရာမှာနောက်ကျနေပြီလဲ ဘာတွေလုပ်ဖို့လိုအပ်နေလဲ အမြဲပြန်တွေးတတ်တယ် ။ စိတ်ဓါတ်တော့မကျတတ်ပေမယ့် နောက်ကျနေပြီလားဆိုတဲ့ စိုးရိမ်မှူတွေတော့ရှိတာပေါ့ ။ ခုဆိုငွေဈေးတွေကျနေတယ် လူအတော်များများပေါ်ရိုက်ခတ်နေခဲ့တယ် သစ်သစ်ကျတော့အမြင်တမျိုးဖြစ်သွားတယ် ငါမပြန်ခင်ဒီစင်္ကာပူမှာ ဘာလုပ်နိုင်မလဲ ဘယ်လိုငါ့တွက်ကျန်အောင် လုပ်လို့ရမလဲ သူတို့နိုင်ငံမှာနေထိုင်ခွင့်လေးရတုန်း ငါဘာတွေလုပ်နိုင်မလဲဆိုတာကို စဉ်းစားမိတယ် ။ အများကြီးမတွေးဘူးနော် အနဲဆုံးတော့ အိမ်နီးနားချင်းနိုင်ငံတွေကို ငါလည်ပတ်ခွင့်ရတယ်ဆိုရင်ပဲ ကျေနပ်စရာတစ်ခုဖြစ်နေခဲ့ပြီ ။ အိမ်မှာအတူနေတဲ့ ပီအာအစ်မကို အစ်မရေ ငွေဈေးကတော့ ၅၅၀ဆိုပဲ ပြန်မှတက်ပါ့ဦးမလားဆိုတော့ သမီးရယ်တဲ့ အမတို့လာတုန်းကဆို ၃၅၀ပဲရှိပါတယ် ခု၂၀၀တောင်ပိုနေသေးတယ်တဲ့ အမကတော့ဆက်လုပ်မှာပဲတဲ့ အဲလိုအဆိုးဘက်တွေးပြီးစိတ်ဓါတ်ကျနေမယ့်အစား အကောင်းဘက်ကဖြည့်တွေးတတ်တာ အတော်လေးစိတ်ချမ်းသာစရာကောင်းတာ မြင်လာမိတယ် ။

ဘာပဲဖြစ်ဖြစ် အသက်ရှူနေသမျှ ကာလပတ်လုံးရွေးချယ်စရာ ခွင့်ရေးဆိုတာရှိလာမှာပါ ။ ဘယ်မှာနေနေ ဘာတွေပဲတွေးနေနေ ကိုယ့်ယုံကြည်ချက်နဲ့ရှေ့ဆက်နေရင် နေ့ရက်တိုင်းဟာလှပရှင်သန်နေမယ်ဆိုတာ သစ်ယုံကြည်ပါတယ် ။ စိတ်ဓါတ်ကျနေတဲ့သူငယ်ချင်းတွေ အချစ်တွက်ကျရှုံးပါပြီဆိုတဲ့သူငယ်ချင်းတွေ ငါ့အလုပ်ကလခနည်းလိုက်တာဆိုတဲ့သူငယ်ချင်းတွေ အရာရာကိုချင့်ချိန်သုံးသပ်ပြီး မိမိစိတ်ကျေနပ်အောင် ဖြေတွေးတတ်ပါစေလို့ သစ်ဆုတောင်းပေးလိုက်ပါနော် ။ စာမရေးတာကြာတော့ ရေးချင်တာများပြီး ကြောင်းရာတွေကဆက်စပ်မှူမရှိပေမယ့် ဒီလိုကပေါက်တိကပေါက်ချာ ရေးခွင့်ပေးနေသေးတာကိုပဲ ကျေးဇူးတင်နေမိပါတယ် ။ အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေနော် ။

ဆက်ဖတ်ချင်သေးရင်...

Thursday, August 4, 2011

သတိရခြင်း

ဟယ်လို ... အဲဗရီးဘော်ဒီ ....း) စာမရေးရတာ အတော်လေးကြာပါပီ ... ဒီညနေစာမေးပွဲပြီးပြီဆိုတာနဲ့ အမြဲသတိရနေတဲ့ဘလော့လေးကို အသက်သွင်းဖို့အရင်ကြိုးစားပါတယ် ။ စာမေးပွဲလည်းကောင်းမွန်စွာ ဖြေနိုင်ပါတယ် (အောင်မယ်လို့တော့ထင်ပါ၏) ဟိ... ။

ပြန်မယ် ပြန်မယ်... မေမေ့ဆီပြန်မယ် ဖေဖေ့ဆီပြန်မယ်...မာမားဆီပြန်မယ် ပါပါးဆီပြန်မယ်.... ရန်ကုန်မှာမုန်တိုင်းဝင်ဖို့ရှိလို့ မိုးဆက်တိုက်ရွာနေတယ်လို့ သိရပါတယ် ။ ငွေဈေးများလည်း အလွန်အမင်းကျဆင်းနေပါသည် ။ ခွင့်လေးပိစိညှောင့်တောက်လေးပဲ ရလို့ ခဏတာပဲပြန်ပါဦးမည် ။ မပြန်တာ ၁၈လမှာ မေမေ ဖေဖေ ဘာတွေပြောင်းလဲနေပြီလဲ သတိရမှူတွေကို ထွေးပိုက်လိုက်လို့ ပြန်လည်ကာ တွေ့ဆုံပါဦးမည် ။ ပြန်လာမှ စာတွေအများကြီးရေးမယ်နော် ... အားလုံးကို သတိရလျှက် မွမွ...း ) ။

ဆက်ဖတ်ချင်သေးရင်...

Thursday, July 14, 2011

ဘာ၆လုံးနဲ့ လက်ရှိဘဝ

ဘာတွေလုပ်နေလဲ = စာမေးပွဲအရမ်းနီးလို့စာဖတ်နေတယ်
ဘာဖြစ်ချင်လဲ = အေးချမ်းစွာနဲ့ကျန်ရှိတဲ့အချိန်တွေဖြတ်သန်းချင်တယ်
ဘာတွေဖြစ်နေလဲ = ခါးနာတာဖြစ်နေတုန်းပဲ
ဘာတွေခံစားနေရလဲ = ၁နှစ်ခွဲတိတိမပြန်ရသေးတဲ့ အမိမြေခဏပြန်ဖို့ ပျော်နေတယ်
ဘာပြောချင်လဲ = အတိတ်ဆိုတဲ့အားလုံးကိုမေ့ချင်တယ်
ဘာစားချင်လဲ = ဖေဖေကိုယ်တိုင်ချက်ကျွေးတဲ့ဟင်းမှန်သမျှ ပြန်စားချင်နေတယ်

ဆက်ဖတ်ချင်သေးရင်...

Tuesday, June 21, 2011

အလှသစ္စာတရား

အလှသစ္စာတရား


ဆက်ဖတ်ချင်သေးရင်...

Saturday, May 28, 2011

စနေတစ်ရက်ပေါ့..

နာလိုက်တာ...တကယ်ကို ခါးနာနေပါတယ် ဒီနေ့မနက် ၅နာရီလောက်ကတည်းက ခါးနာလွန်းလို့ ပြန်အိပ်မရခဲ့ပါဘူး ။ ခါးနာတာ နာလိုက်ပျောက်လိုက်ဖြစ်နေတာ ၂လကျော်နေပါပြီ မွေ့ယာကိုဖယ်ပြီး ၁လလောက်လည်းအိပ်ကြည့်ပြီးပြီပါပြီ ဒါပေမယ့်လည်းပြန်နာတာပဲ အဆင်မပြေခဲ့ပါဘူး ။ ခုရက်ပိုင်းတွေ ကျန်းမာရေးဂရုမစိုက် ဆေးတွေမှန်မှန်မသောက်တော့ တခုပြီးတခုပြင်းပြင်းထန်ထန်တွေပြန်ဖြစ်လာပါတယ် ။ မနေ့ကဆိုလည်း အဆစ်တွေပြန်ကိုက်လို့ လေးဘက်နာပြန်ထပါတယ် ကျောင်းမှာစာသင်နေရင်း အေးစက်နေတော့ အတော်လေးခံရဆိုးပါတယ် ။ ကျောင်းကနေအိမ်ပြန်ရောက်တော့ လူကဟန်တောင်မဟန်တော့ပါဘူး တခါတည်းကို အိပ်ယာထဲပစ်လဲတော့တာပါပဲ ။ ဘယ်လိုလုပ်မလဲ ဆေးတွေသောက်လို့ စောင်ခေါင်းမြီးခြုံပြီး အိပ်ရပြီပေါ့ ။ အခန်းဖော် ဘယ်ချိန်ပြန်လာမှန်းတောင် မသိလောက်အောင် အိပ်မောကျခဲ့ပါတယ် ။


သောကြာညတွေကို အတတ်နိုင်ဆုံး အစောဆုံးအိပ်ဖြစ်အောင် ကြိုးစားနေပါတယ် ဘာကိုမှသတိမရချင်တော့ဘူးလေ ။ စနေမနက်ကျတော့ အလုပ်လည်းမသွားရပဲနဲ့ကို ခါးနာပြီးအိပ်ယာမှာလှိမ့်နေအောင်ခံရခက်လှပါတယ် ။ ဆေးလေးသောက် ဆေးလေးလူးပြီး အိပ်ယာထဲမှာ ငြိမ်ငြိမ်လေးနေမိပါတယ် ။ အတတ်နိုင်ဆုံး ကွန်ပျူတာရဲ့ပါဝါခလုပ်ကို မနှိပ်မိအောင် သတိထားနေပါတယ် ။ အင်တာနက်သုံးတဲ့အချိန်ကို လျော့ချဖို့နဲ့ အခြားသောပညာရေးနဲ့ပက်သက်တာလေးကို ဦးစားပေးလုပ်မယ်ဆုံးဖြတ်ထားလို့ ရှောင်နေမိတယ်ဆိုပါတော့ ။ ဒီလိုနေတာပဲ ကောင်းပါတယ် ဘ၀မှာပူလောင်မှူဆိုတာ ယူတတ်ရင်များလွန်းလို့ ရှောင်ဖယ်နေတတ်တဲ့အကျင့်ကို ကျင့်သုံးနေပါတယ် ။ မေမေ နဲ့ ဖေဖေကို နေ့စဉ်မိုးလင်းပြီဆို ဖုန်းဆက်ပါတယ် ။ မိနစ် ၅၀တန်ဖုန်းကတ်လေးပေါ်လာပြီးကတည်းက တခုခုဆိုဖုန်းလေးဆက် မိဘအသံလေးကြားချင်တတ်တဲ့စိတ်လေး ဖြစ်နေမိတယ်လေ ။

ခါးနာနေတော့ ဘာမှချက်မစားတော့ဘူးလို့ နေပေမယ့် အချိန်တွေကုန်လွယ်လွန်းလို့ ခါးနာနေတဲ့စိတ်လေးပါ ပျောက်သွားအောင် ဟင်းတွေစိတ်လိုလက်ရ ချက်ဖြစ်ပါတယ် ။ သူငယ်ချင်းပေးတဲ့ ဒန့်သလွန်သီးကို တခုခုနဲ့ချက်မယ်ဆိုပြီး ဟိုလှန်ဒီလှန်ရှာလိုက်တော့ ခရမ်းချဉ်သီး၂လုံးရယ် ဗူးသီးတစ်စိပ်ရယ် အာလူး၃လုံးရယ် ကံဆိုးစွာသွားတွေ့ပါတယ် ။ နောက်အပေါ်ထပ်မှာကြည့်လိုက်တော့ ကြာသပတေးညက ကြက်သားမွန်ချက်ချက်တော့ကျန်တဲ့ စပါးလင်တစ်ချို့တွေ့သလို ငါးတစ်ဘူးလည်းတွေ့နေတာနဲ့ ငရုတ်သီးလေးထောင်းပြီး စပါးလင်ဆီသတ် ငါးဆီပြန်လေးချက်ဖြစ်ပြန်တယ် ။ အသီးတွေလျှောက်ရောပြီး ချဉ်ဟင်းတစ်အိုးချက်ဖြစ်လိုက်ပါတယ် ။ ဟင်းကချက်နေရင်းအရှိန်တက်တော့ နောက်ထပ်တမျိုးလောက်ချက်မယ် စဉ်းစားနေတုန်း အချိန်ကိုကြည့်လိုက်တော့ နေ့လည် ၁၂လောက်ရှိနေပါပြီ ။ သူငယ်ချင်း ဗစ်စတာနဲ့ ဘူတာမှာ အုန်းနို့ခေါက်ဆွဲလာယူဖို့ ချိန်းထားသလို စီဘောက်မှညီမငယ်တစ်ယောက်ကလည်း ဆူရှီလာပို့မယ်ဆိုတော့ ရေမိုးချိုးပြီး အပြင်ထွက်ဖို့ပြင်ရပါတယ် ။

ဒီလိုနဲ့ ထွက်လာဖို့ သူငယ်ချင်းကဖုန်းဆက်တော့ အိမ်နေရင်းဝတ်စုံနဲ့ပဲ ဘူတာဘက်ကိုလမ်းလျှောက် ထွက်ခဲ့ပါတယ် ။ လူကလှုပ်ရှားနေတော့ အားလုံးမေ့နေပြန်ရော မတွေးမိအောင်လည်း ကြိုးစားနေတာပေါ့ ။ ဘူတာမှာ ဟိုးအရင်အလုပ်က ဦးလေးကြီးတစ်ယောက်နဲ့တွေ့ပြီး အလုပ်အကြောင်းတွေ လုပ်ဖော်ကိုင်ဖက်အဟောင်းတွေ အကြောင်းပြောရင်း ဘယ်လိုဂျူရောင်းအိစ်ရောက်သွားမှန်းတောင် မသိတော့ပါဘူး ။ ဗစ်စတာကတော့ အုန်းနို့ခေါက်ဆွဲတွေသယ်လာပြီး စောင့်နေရှာတယ် ။ ဒီလိုနဲ့ သူငယ်ချင်းပြေမအိမ်မှာ မုန့်ဟင်းခါးချက်တယ် အခြားသူငယ်ချင်းတွေလည်းလာမယ်ဆိုတော့ ဆက်လိုက်သွားဖြစ်လိုက်တာ ညနေ၅နာရီမှ အိမ်ကိုပြန်ရောက်ခဲ့ပါတယ် ။ ကိုယ်သယ်လာတာတွေကို အိမ်ကအစ်မလင်မယားစားနေတာကြည့်ပြီး ဒီပို့စ်လေးကိုဘယ်ရယ်မဟုတ် မှတ်တမ်းလေးအနေနဲ့ ရေးလိုက်မိပါတယ် ။


စပါးလင်လေးဆီသတ်ပြီးချက်ဖြစ်တဲ့ငါးဆီပြန်လေး




မျိုးစုံရောထားတဲ့ ချဉ်ဟင်း (အိမ်ကအမတွေကအရမ်းကောင်းတယ်ပြောကြတယ် ဟိ)




အုန်းနို့ခေါက်ဆွဲအတွက်ပါ




အရမ်းကောင်းတဲ့ဟင်းရည်ပါ (ကျေးဇူး ဗစ်စတာ)




ဆူရှီလေးတွေကို စိတ်လိုလက်ရပုံဖော်မိတယ် (ကျေးဇူးနော် ညီမလေး)



ဟင်းတွေကိုစိတ်လိုလက်ရပြန်ချက်ဖြစ်မယ် ထင်ပါတယ် တီချမ်းရေ... ။ သစ်စာမေးပွဲပြီးတဲ့အခါ အရင်လိုပဲ ဟင်းတွေစုံစီနဖာစဉ်းစားပြီး လက်စွမ်းပြဦးမယ်နော် ။ ပို့စ်တွေမရေးပဲပျောက်နေရင်လည်း သစ်ကိုမမေ့ကြပါနဲ့နော်... အားလုံးကိုကျေးဇူးတင်ပါတယ် ။

ဆက်ဖတ်ချင်သေးရင်...

Sunday, May 22, 2011

ဒုတိယအကြိမ်မြောက် အလှူနေ့လေး

ဒီနေ့လေးဟာ သစ်သစ်တို့ဘလော့မှာသိကြတဲ့ ညီအမတစ်တွေရဲ့ ဒုတိယအကြိမ်မြောက် ဆွမ်းကပ်စုပေါင်းတရားနာ အလှူနေ့လေးဖြစ်ပါတယ် ။ မနှစ်ကလည်း ဒီလလေးမှာပဲ ပထမအကြိမ်မြောက်အလှူလေးကို အောင်မြင်စွာကုသိုလ်ပြုနိုင်ခဲ့ပါတယ် ။ ခုဒီနှစ်မှာလည်း အတူအလှူလုပ်ဖို့ ဧပြီလလောက်ကစပြီး တိုင်ပင်ဖြစ်ပါတယ် ။ ရက်ရွေးတဲ့အခါမှာ မေလပထမပတ်မှာရွေးချယ်ဖို့ကြိုးစားခဲ့ပေမယ့် ကျောင်းထိုင်ဆရာတော်မရှိတဲ့အတွက် ဆရာတော်နိုင်ငံခြားခရီးစဉ်က ပြန်ကြွလာတဲ့အခါမှပဲ ရက်ကိုရွေးချယ်ယူခဲ့ကြပါတယ် ။ မနှစ်ကဆွမ်းကပ်စဉ်ကလည်း ဒီဘုန်းကြီးကျောင်းကိုပဲ ရွေးချယ်ထားသလို ဒီနှစ်မှာလည်း နေရာပြောင်းသွားပေမယ့် ဒီကျောင်းလေးကိုပဲ ရွေးချယ်ဖြစ်ပါတယ် ။

ထုံးစံအတိုင်းပဲ သစ်တို့အဖွဲ့ရဲ့ ပင်တိုင်ဦးဆောင်သူ မျိုးက ဆရာတော်ကိုအလှူနေ့အတွက် တလကြိုလျှောက်ထားခဲ့ပြီ ရန်ကုန်ခဏပြန်သွားခဲ့ပါတယ် ။ ဒီနှစ်မှာတော့ အကြမ်းဖျဉ်းအနေနဲ့ အစားနဲပြီး အလှူရှင်တိုင်းကပ်လေ့ရှိတဲ့ ဟင်းလျာမျိုးကို ချန်ထားပြီး အခြားဖွယ်ဖွယ်ရာရာဖြစ်နိုင်မယ့် ဟင်းအမျိုးအမည်တွေကို စဉ်းစားခဲ့ပါတယ် ။ အစိမ်းကြော်လိုမျိုးမကပ်ပဲ အရွက်သုတ်တစ်မျိုးကို ရွေးချယ်မယ်လို့ ဆုံးဖြတ်သလို ပုစွန်လိုမျိုးဟင်းကိုလည်း ချန်လှပ်ထားခဲ့ပါတယ် ။ သစ်သစ်တို့အဖွဲ့မှာ ချစ်စရာကောင်းတဲ့အချက်ရှိပါတယ် တယောက်ကဒါလုပ်မယ်ဆို ငြင်းဆန်လေ့သိပ်မရှိပဲ အဲ့အစီအစဉ်ဖြစ်မြောက်အောင်ပဲ ၀ိုင်းဝန်းကူညီကြပါတယ် ။

ဒီလိုနဲ့ မေလထဲရောက်တော့ အလှူနေ့နီးကပ်လာချိန်မှာ ဆွမ်းကပ်မယ့်ဟင်းအမယ်တွေကို အပြီးသတ်ရွေးချယ်ခဲ့ပါတယ် ။ မနှစ်က သစ်သစ်တို့ပထမဆုံးအလှူလုပ်တုန်းက အတိုင်းအဆကိုမချိန်တွယ်တတ်တော့ အပိုအလျှံတွေအများကြီးဖြစ်ခဲ့ပါတယ် ။ ဒီအတွေ့အကြုံကိုယူလို့ အတတ်နိုင်ဆုံး အဆင်ပြေအောင် တွက်ချက်ပြီးအောင်မြင်စွာ အလှူပြုနိုင်ခဲ့ပါတယ် ။ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေတဲ့သူတွေကြီးပဲဖြစ်တဲ့အတွက် အချိန်ပိုလည်းမရှိသလို သဒ္ဒါတရားထက်သန်စွာဖြင့် ကိုယ်ချက်ရမယ့်ဟင်းအမယ်တွေကို အတတ်နိုင်ဆုံးကောင်းသထက်ကောင်းအောင် ကြိုးစားချက်ပြုတ်ပြီး ကပ်နိုင်ခဲ့ပါတယ် ။

ဒီလိုနဲ့ ဟင်းတွေချက်ဖို့ တာဝန်တွေခွဲဝေတဲ့အခါမှာ ထုံးစံအတိုင်းအလှူတိုင်းပါနေကျ ၀က်သားဟင်းချက်ဖို့ သစ်သစ်တာဝန်ကျပါတယ် ။ နောက် ခရမ်းချဉ်သီးငါးပိချက် ရယ် လက်ဖက်ချဉ်ငံစပ်လေးထောင်းပေးဖို့ပါ တာဝန်ကျပါတယ် ။ ဗစ်စတာကတော့ ငါးဖယ်ဆီပြန်ချက်ဖို့ တာဝန်ကျသလို ချယ်ရီကတော့ ငါးခူကြော်နှပ်လေးလုပ်ပေးဖို့ တာဝန်ကျပါတယ် ။ ကြက်သားမရမ်းပြားဟင်း နဲ့ မြင်းခွာရွက်သုတ်ကိုတော့ဖြင့် မျိုးတာဝန်ယူမယ်ဆိုပြီး ခွဲတမ်းချခဲ့ပါတယ် ။ သစ်သစ်တို့မှာ သစ်သစ်ရယ် ၊ ဗစ်စတာ ၊ မျိုး ၊ ချယ်ရီ ၊ မေလေး ၊ နိုမို ၊ ညည ၊ အပြုံးလေး ဆိုပြီး အမာခံ၈ယောက်ရှိပါတယ် ။ ချက်မယ့်သူတွေက ကိုယ့်တာဝန်ကိုယ်ယူကြသလို ဈေးဝယ်နေ့ ဘုန်းကြီးကျောင်းမှာချက်တဲ့နေ့ အခြားလိုအပ်သလို ကူညီဖို့ နိုမို ၊ ညည တို့က တာဝန်ခွဲဝေယူပါတယ် ။ စာမေးပွဲအလွန်နီးနေပြီဖြစ်တဲ့ အပြုံးလေးကလည်း တတ်နိုင်သလောက် လာကူရှာပါတယ် ။ ဒီနှစ်မှာတော့ဖြင့် သစ်သစ်တို့ရဲ့ညီမငယ်လေး ထောပတ်သီးက အဝေးမှာရောက်နေလို့ ပါဝင်မကူညီနိုင်ခဲ့ပါဘူး ။

ဒီအပတ် တနင်္ဂနွေအလှူအတွက် ကြာသပတေးနေ့ကတည်းက လိုအပ်တဲ့အခြောက်အခြမ်းတွေကို သစ်သစ်တာဝန်ယူပြီး ပင်နီဆူလာမှာ ၀ယ်ခဲ့ပါတယ် ။ သောကြာနေ့ကျတော့ ဂိုးဒမ်းမိုင်းလ်မှာ အသီးအရွက်တို့စရာလတ်လတ်ဆတ်ဆတ်တွေ ၀ယ်ခဲ့ပါတယ် ။ မနှစ်ကတော့ ရွှေကြည်ကိုဗန်းနဲ့မှာခဲ့ပါတယ် အများကြီးပိုပြီး ဘယ်သူမှလည်းမစားကြတော့ ဒီနှစ်မှာရွှေပုစွန်ကရွှေကြည်ကိုပဲဗူးနဲ့ဝယ်ခဲ့တာ အတော်လေးအဆင်ပြေခဲ့ပါတယ် ။ ဒီ့အတွက် ကျေးဇူးပါ ဗစ်စတာ ။ ကျောက်ကျောထိုးဖို့ တာဝန်ပေးလိုက်တုန်းကတော့ အုန်းနို့ကျောက်ကျောပဲလို့ ထင်ခဲ့ပါတယ် ။ တကယ်တမ်းအလှူနေ့မှာ ညီမငယ်မေလေးက ဒူးရင်းသီး ၊ စတော်ဘယ်ရီ ၊ ပြောင်းဖူးကျောက်ကျောဆိုပြီး ၃မျိုးတောင်လက်စွမ်းပြခဲ့လို့ ဘုန်းဘုန်းတို့ကို စုံလင်စွာအချိုပွဲကပ်နိုင်ခဲ့ပါတယ် ။ စနေမနက်ကတည်းက သစ်သစ်တစ်ယောက် ဈေးကိုပြေး ၀က်သား၃ကေဂျီဝယ် လိုအပ်တာတွေဝယ်လို့ စနေတနေ့လုံး အလုပ်များခဲ့ပါတယ် ။ ညနေ၆နာရီလောက်ကျတော့ အားလုံးအရံသင့်ပြီးလို့ နောက်နေ့ဆွမ်းကပ်ရန်အဆင်သင့်ဖြစ်နေပါပြီ ။ တာဝန်ယူချက်ကြတဲ့သူအသီးသီးကလည်း ပြီးစီးလို့တယောက်ကိုတယောက်ဖုန်းဆက်ပြီး အသိပေးအကြောင်းကြားကြလို့ နောက်နေ့မနက်ကို တရားအတူနာရန် ကြိုတင်ရင်ခုန်မိကြပါတယ် ။

ဆွမ်းကပ်တဲ့ကျောင်းက ရခိုင်ဘုန်းကြီးကျောင်းဆိုတော့ သစ်သစ်က ရခိုင်အစားအစာလေးနဲနဲထပ်ထည့်ချင်ပါတယ် ။ ဒါကြောင့် အလှူနေ့မနက်မှာပဲ စောစောထပြီး ငါးနီတူသုတ်လေးကို စီစဉ်ဖြစ်ပါတယ် ။ သွားဖို့ရန်အဆင်သင့် မနက်၉နာရီကျတော့ နိုမိုနဲ့အတူတက်ဆီနဲ့ ဘုန်းကြီးကျောင်းကိုသွားတော့ ဟင်းရည်ချဉ်ပေါင်ချက်ရန် စောစီးစွာမေလေးက ကျောင်းကိုရောက်နေပါပြီ ။ လိုအပ်တာတွေပြင်ဆင်ရင်းမနက် ၁၀နာရီခွဲမှာ သစ်တို့အတူ တရားနာနိုင်ခဲ့ပါတယ် ။ တရားနာချိန်မှာ စိတ်လက်ငြိမ်းချမ်းပြီး ကုသိုလ်အတူပြုနိုင်တဲ့ပီတိတွေကြောင့် အားလုံးရဲ့မျက်နှာဟာ အေးချမ်းနေပါတယ် ။ ဆရာတော်က မိန်းကလေးတွေကြီးပဲလားလို့ မေးတော့ အပျိုကြီးအဖွဲ့ဆိုပြီးပြန်ဖြေတာ သဘောကျစရာပါ ။


၁၁ခွဲ ဘုန်းဘုန်းတွေကို ဆွမ်းကပ်ပြီး ဧည့်သည်မဖိတ်ပဲ ဒီလူတွေပဲအတူတူ စားသောက်လို့ အလှူလေးအေးအေးချမ်းချမ်းနဲ့ အထမြောက်ခဲ့ပါတယ် ။ အိုးခွက်သိမ်းဆည်းပြီး အိမ်ပြန်ကြတော့ နေ့လည်၂နာရီရှိပါပြီ ။ ဘာပဲဖြစ်ဖြစ် ဟိုးရှေးဘ၀အတိတ်ကုသိုလ်ကံကြောင့် သစ်တို့ညီအမတွေအတူ ကုသိုလ်ပြုနိုင်ခဲ့တာ ၂နှစ်တိုင်တိုင်ရှိလာပါပြီ ။ ဒီ့အတွက်လည်း ပီတိဖြစ်ရသလို နောင်ဘ၀ဆိုတာများရှိခဲ့ရင်လည်း ကုသိုလ်အတူတူပြုခွင့်ရပါစေလို့ ဆုတောင်းမိပါတယ် ။ အလှူလေးဖြစ်မြောက်အောင် တက်တက်ကြွကြွပါဝင်ခဲ့တဲ့ သူငယ်ချင်းများအားလုံးကိုလည်း သစ်သစ်ကဒီနေရာကနေ ကျေးဇူးအထူးပင်တင်ရှိကြောင်း ပြောပြလိုပါတယ် ။ တစ်ဦးတစ်ယောက်ကိုမှ အမုန်းတရားလက်ကိုင်မထားပဲ သီးခံခွင့်လွှတ်နားလည်ပေးနိုင်စိတ်လေးနဲ့ ရှိနေတဲ့သံသရာမှာ တို့တွေအတူ ဖြတ်သန်းကြပါစို့နော် .. ။




ဘုရားကျောင်းဆောင်လေးပါ




အချိုပွဲကပ်ဖို့ ပြင်ဆင်ထားပုံ




ဆွမ်းကပ်ရန်အဆင်သင့်



ကာလာ၃မျိုးကျောက်ကျော ရှယ်ကောင်း



တို့စရာလေး လတ်လတ်ဆတ်ဆတ်



အအီပြေ ချဉ်ပေါင်ရည်



ရှုးရှဲငါးနီတူလှော်သုတ်



အပျိုကြီးလက်ရာမြင်းခွာပါ



ချစ်စရာငါးဖယ်ဆီပြန်



အလှူတိုင်းမပါမဖြစ် ၀က်သားအနှစ်


ကြက်မရမ်းပြား နာမည်စတား



ငါးပိချက်လေး သက်သေပါ



အားလုံးကြိုက်တဲ့ ငါးခူကြွပ်ကြော်လေး
ဓါတ်ပုံတွေက အပေါ်အောက်စီစဉ်တာမှားနေပါတယ် အရမ်းအိပ်ချင်နေလို့ သီးခံဖတ်ပေးကြပါလို့.... သစ်သစ် ။

ဆက်ဖတ်ချင်သေးရင်...

Thursday, May 12, 2011

အင်ဂျင်နီယာမေမေ

ကရင်ပြည်နယ် ဘားအံမြို့လေးမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ သစ်သစ်မေမေရဲ့ စိတ်ထဲမှာတချိန်သူအသက်ကြီးရင် ပြန်နေဖို့ အိမ်တစ်လုံးဆောက်ရန် အစဉ်အမြဲတွေးတောလေ့ရှိပါတယ် ။ မေမေ့စီးပွားရေးကလည်း ဒေါနတောင်တန်းဘက်ကို အခြေခံတော့ ကရင်ပြည်နယ်ဆိုတာ သစ်သစ်တို့မောင်နှမတစ်တွေ အိမ်ဦးနဲ့ကြမ်းပြင်လို့ အမြဲသွားရလေ့ရှိပါတယ် ။ ဒါပေမယ့် ရန်ကုန်မှာမိသားစုလိုက်အခြေချဖို့ ဆုံးဖြတ်ပြီးချိန်မှာ ဘားအံမှာအိမ်ဆောက်မယ့် မေမေ့အစီအစဉ်က ဝေးကွာခဲ့ရပါတယ် ။

ဒီလိုနဲ့ မေမေ့ရဲ့အချစ်ဆုံးသားကြီးက ဘားအံသူကိုယူတဲ့အချိန်မှာ မိဘတို့ဝတ္တရားရှိတဲ့အတိုင်း အိမ်တစ်လုံးဆောက်ပေးဖို့ဖြစ်လာပြန်တော့ မေမေ့အိပ်မက်တွေတဖန်ပြန်လည် အသက်ဝင်လာခဲ့ရပါတယ် ။ အဘွားခေါင်းချခဲ့တဲ့ရပ်ကွက်လေးမှာ မြေကွက်အလွတ်ဝယ်ဖို့ တော်တော်လေးစုံစမ်းခဲ့ရပါတယ် ။ အရင်က သာမညဘုရားဖူးကားတွေနဲ့ စည်ကားခဲ့တဲ့ ဘားအံဇက်ဆိပ်ဟောင်း ညဈေးတန်းနားမှာ မြေကွက်ရခဲ့ပါတယ် ။ အစပိုင်းကတော့ ကမ်းနားလမ်းမဟုတ်လို့ မ၀ယ်ပဲနေမယ်စဉ်းစားခဲ့ပေမဲ့ လမ်းထဲကလည်း ညဘက်အိပ်တဲ့ခါတိတ်ဆိတ်တဲ့အတွက် လူကြီးတွေပိုပြီးသင့်လျော်မယ်ဆိုပြီး သရဖီ၁လမ်းမှာ မြေကွက်ဝယ်ခဲ့ပါတယ် ။

မေမေအိမ်ဆောက်တာ လက်ထဲမှာပိုက်ဆံတပြားမှ ကြိုတင်စုဆောင်းထားခြင်းမရှိပါဘူး ။ သစ်သစ်မေမေက တခုခုလုပ်မယ်ဆို ဘယ်တော့မှသူစုဆောင်းထားတဲ့ပိုက်ဆံကို ထိလေ့မရှိပါဘူး ။ လက်ရှိဝင်ငွေပေါ်မူတည်ပြီး တဆင့်ချင်းလုပ်တာ လုပ်ငန်းတိုင်းပါပဲ (သစ်သစ်အတွက်အတုယူစရာတစ်ခုပေါ့) ။ နောက်တစ်ခုက မေမေက ကံကောင်းပါတယ် သူဖြစ်ချင်တာတွေအမြဲတမ်း တစ်ခုပြီးတစ်ခုဖြစ်လေ့ရှိပါတယ် ။ သူ့နှုတ်ဖျားကလုပ်ချင်တာဆို အဆင်ပြေလေ့ရှိပါတယ် ။ ဒီလိုနဲ့ မြေကွက်ဝယ်ပြီး အမေရန်ကုန်ပြန်လာပြီး ၃လလောက်နေပါတယ် ။ အိမ်ဆောက်မယ်ဘာညာလဲမပြောဘူး မြေကွက်တွေ့လို့ ၀ယ်တဲ့သဘောပါပဲ ။ ၂၀၀၀ပြည့်နှစ်လောက်ကဆိုတော့ သစ်သစ်လည်းကျောင်းတက်နေတုန်းဆိုပါတော့ ။ မေမေဘာလုပ်မယ်ဆိုတာ ဘယ်သူမှမပြောပဲ တနေ့အိမ်သားတွေကို သူအသိပေးပါတယ် သူအိမ်သွားဆောက်မယ်တဲ့ သစ်တို့ရပ်ကွက်ထဲက အိမ်ဆောက်တဲ့သူတွေကို ဘယ်နှစ်လပုတ်ပြတ်နဲ့ငှားသွားပြီး သူတို့နဲ့အတူတူ ဘားအံကိုတက်သွားပါတယ် ။ မြေကွက်က ပေ ၈၀ ပေ ၁၂၀ ဆိုတော့ အတော်လေးကျယ်တယ်လို့ဆိုရပါမယ် ။ ဘယ်ပုံစံဆောက်မယ် ဘယ်လိုဆောက်မယ် ဘယ်ဘက်ကိုကပ်မယ် ဘာတခုမှပြောဆိုခြင်းမရှိပါဘူး ။

အဲ့အချိန်သူ့လက်ထဲပိုက်ဆံ၁၀သိန်းပဲရှိပါတယ် အိမ်ဆောက်ဖို့သူသုံးမယ့်ငွေတွေပေါ့နော် ။ ကျောင်းသူဆိုတော့ သစ်သစ်လည်းလိုက်မသွားခဲ့ပါဘူး ။ မေမေအိမ်မဆောက်ခင် အသိပေးတာ ၂ယောက်ရှိပါတယ် သူ့သား၂ယောက်ကိုပါ ။ သူအိမ်ဆောက်မယ် ငွေလိုတယ်ပေါ့ ။ ပထမဆုံး မြ၀တီနယ်စပ်မြို့လေးမှာနေတဲ့ အစ်ကိုငယ်က သူ့၁၂ဘီးကားတစ်စီးစာ ထိုင်းတံဆိပ်ဘိလပ်မြေတွေ သယ်လာပေးပါတယ် ။ နောက်အုတ် သဲ ကျောက်ကိုတော့ ဘားအံကနေ၀ယ်ပြီး ဆောက်လိုက်တာများ နောင်တချိန်အင်ဂျင်နီယာဖြစ်မယ့် သစ်သစ်အရှုံးပေးရပါတယ် ။ ဘာအာခီတက်မှမလိုပဲ အပေါ်မှာ ၁၀ပေ ဘယ်နှစ်ခန်းလိုချင်တယ် ၀ရံတာကအ၀ိုင်းဘေးပတ်ချာလည် အောက်ထပ်မှာ ထမင်းစားခန်းက ဘယ်နှစ်ပေ အိပ်ခန်း၁၀ပေ ၂ခန်း ဧည့်ခန်း ဖိနပ်ချွတ် အိမ်သာရေချိုးခန်း နောက်မှာမြေပိုဘယ်လောက်ချန်မယ် အိမ်ကိုဘယ်ဘက်ကိုကပ်ဆောက်မယ်ဆိုပြီး ပြောလိုက်တာများ အင်ဂျင်နီယာတောင်ထိုင်ငိုရလောက်ပါတယ် ။ သူကိုယ်တိုင်အလုပ်သမားတွေအတွက် ချိုင့်ကြီးချိုင့်ငယ်ချက်လို့ နေ့စဉ်ချက်ပြုတ်ကျွေးမွေးပါတယ် ။ သား၂ယောက်ကိုလည်းအိမ်ဆောက်တယ် ငွေလိုတယ်ပြောထားလိုက်တာ ဟို၂ယောက်မှာ အိမ်မပြီးမချင်း ကားတွေကိုအနားမပေးပဲ ဒေါနတောင်တန်းကိုတက်လိုက်ဆင်းလိုက် အမေ့လက်ထဲပိုက်ဆံတွေထည့်ပေးလိုက်နဲ့ အိမ်အကြမ်းထည်ကြီးပြီးခါနီးမှ သစ်သစ်ဘားအံရောက်သွားပါတယ် ။

ရန်ကုန်ကအိမ်ဆောက်တဲ့အဖွဲ့က ပြောပါတယ် ညီးကျောင်းတက်မယ့်အစား ညီးအမေဆီမှာတက်ရမှာတဲ့ ဖောင်ဒေးရှင်းဘယ်နှစ်ပေတူးတာကအစ သူပြောတာတွေအမှန်တွေကြီးပဲတဲ့ သူထည့်ချင်တဲ့အခန်းတွေကလည်း မြေးမတွေအတွက်က ဘယ်နှစ်ခန်းအဲလိုတွက်ပြီးထည့်တာတဲ့ မြေကွက်ကိုလည်း အိမ်တခြမ်းကပ် ဘေးမှာသူ့ကားကြီးတွေဝင်လို့ရအောင် နေရာချန်တာများ ငါတို့တွေပေကြိုးဆိုတာ သနားသေးတယ်တဲ့ ။ တကယ်တော့သစ်မေမေက အင်ဂျင်နီယာတစ်ယောက် မဟုတ်ပါဘူး ။ ငယ်စဉ်က ကျောင်းဆရာမအလုပ်နဲ့ပဲ ဖေဖေနဲ့လက်ထပ်တော့ ယောင်နောက်ဆံတုံးပါခဲ့တဲ့ မေမေပါ ။ ဒီလိုနဲ့ မေမေ့အိမ်ကြီးပြီးသွားတဲ့အချိန်မှာ စိတ်လျော့လိုက်တဲ့သစ်မေမေ အိပ်ယာထဲလဲလို့ အဖေကရန်ကုန်ကနေ ကားလွှတ်ပြီးခေါ်ခိုင်းယူရတဲ့အထိပါပဲ ။ စိတ်ဓါတ်မာတဲ့မေမေ အာရှတော်ဝင်မှာ ၅ရက်တက်ပြီး ဒေါင်ဒေါင်မြည်လို့ ဘားအံတစ်ခေါက်ပြန်ပြီး သားကြီးမိသားစုနဲ့အတူ အိမ်တက်ပွဲတောင်ဆင်နွဲလိုက်ပါသေးတယ် ။ တကယ့် အာဂမေမေပါ ။

သစ်သစ်တို့မောင်နှမတွေ ဘယ်သူမှမေမေ့ကိုလိုက်မမှီပါဘူး ။ ခုချိန်ထိ အသက်၇၀ပြည့်တော့မယ် ဘားအံရန်ကုန်ကို လိုင်းကားနဲ့တစ်ယောက်တည်း လှစ်ခနဲ လှစ်ခနဲသွားနေတုန်းပါပဲ ။ ခုချိန်ထိ အသက်၄၀ကျော် သားတွေကိုစိတ်မချသူပါ ။ မေမေကျန်းမာရွှင်လန်းလို့ အလုပ်တွေလုပ်နေရင် သစ်သစ်တို့ကစိတ်မချလို့လိုက်ပြောတော့ ငါ့ကိုအိုပြီထင်နေလား အားမရှိတော့ပေမယ့် လုပ်ချင်တာတွေလုပ်နိုင်ပါသေးတယ်တဲ့လေ ။ အမေနေ့က သစ်ကဖုန်းဆက်ပြီးကန်တော့တယ်ဆိုတော့ အဝေးမှာနေပြီးကန်တော့မယ့်အစား အနားမှာနေပြီးနေ့စဉ်ကန်တော့ပါလားဆိုပြီး စကားကိုဖြတ်ချဖုန်းပိတ်လိုက်တော့ ကျန်ခဲ့တဲ့သစ်သစ်မှာ ဖုန်းကြီးကိုင်ပြီး ရင်ထဲဟာတာတာနဲ့ ဘာပြန်ပြောရမှန်းမသိပါဘူး ။ အမေနေ့အတွက်ပို့စ်လေးတစ်ပုဒ်ရေးချင်ပေမယ့် အချိန်မရတာရယ် အလုပ်တွေရှုတ်နေတာရယ် ကျောင်းအဆိုင်းမန့်တွေရယ်နဲ့ ခုမှပဲ မေမေ့အကြောင်းရေးဖြစ်တော့တယ် ။ ဒါကြောင့် အားလုံးပဲမိခင်နဲ့အတူရှိနေချိန်မှာ ဆတိုးပြုစုလို့ ရာသက်ပန်အတူနေနိုင်ပါစေလို့ ဆုတောင်းပေးရင်း ပို့စ်လေးကိုအဆုံးသတ်လိုက်ပါတယ် ။

ဆက်ဖတ်ချင်သေးရင်...

Friday, April 29, 2011

လတ်တလော

ရည်မှန်းချက်တစ်ခုပြီးမြောက်ရန် ၃လလောက်ပဲ လိုပါတော့တယ် ။ ပင်ပန်းခဲ့တဲ့နေ့ရက်တွေရှိသလို ပျော်စရာတွေလည်း ရှိပါတယ် ။ မွမ်းကြပ်တာတွေရှိသလို ရယ်မောခဲ့ရတာတွေလည်း ရှိပါတယ် ။ ဘာပဲဖြစ်ဖြစ် လုပ်ချင်တာတခုကို လုပ်ခွင့်ရလို့ ကျေနပ်မိတယ် ။ ဘလော့လေးတောင် ပုံမှန်မရေးဖြစ်တော့သလို သူများရေးတာတွေလည်း ပုံမှန်မဖတ်ဖြစ်တော့ သတင်းအသစ်တွေနဲ့ အတော်ဝေးကွာခဲ့ပါတယ် ။ ခုရက်ပိုင်းတွေဆို လူကစကားမပြောချင်လောက်အောင် ထိုင်းမှိုင်းပြီး အလုပ်မှာလည်း ပြသနာအတော်များပါတယ် ။


အင်ဂျင်နီယာကို အမြင်ကတ်ပြီး ခွင့်ယူလိုက်တာ သူက ကိုယ်ဆွဲတဲ့ပုံတွေကို မဆွဲတတ်ဆွဲတတ်နဲ့ ဆွဲလိုက်တာ နောက်နေ့ကျတော့ အမှားပေါင်းသောင်းခြောက်ထောင်နဲ့ ရှင်းမနိုင်ဖြစ်ရပါတယ် ။ အင်ဂျင်နီယာကို ဖောင်ဒေးရှင်းမှာ သံချောင်းထည့်တာ မှားနေတာကို ထောက်ပြမိတာ သူဌေးကအဆောက်အအုံတခုလုံး သစ်တွက်ပြီးဆွဲဖို့ တာဝန်ပေးလာခဲ့ပါတယ် ။ မလုပ်နိုင်စရာအကြောင်းတော့မရှိပါဘူး အရမ်းကိုရိုးရှင်းတဲ့အဆောက်အအုံလေးပါပဲ ဒါပေမယ့် လုပ်တတ်တယ်ဆိုတာသိသွားတော့ နောက်ထပ်တလုံးပြီးတလုံး တန်းစီလာပါတယ် ။ အလုပ်ကထွက်ချင်လောက်အောင် အလုပ်တွေများပါတယ် (လစာကတော့ ဒုံရင်းပါပဲ ဟင့်) ။ ဒါကြောင့် ကိုယ်တတ်တာလူသိခံလို့ သိပ်မဖြစ်တာပိုပြီး နားလည်လာပါတယ် ။

အကောင်းဘက်ကတွေးရင်တော့ ကိုယ်လုပ်တော့ကိုယ်တတ်တယ်ဆိုတာ မှန်ပေမယ့် တာဝန်ယူရတဲ့အပိုင်းများလာသလို ဖိုက်တင်ပလေးရတာလည်း များလာတော့ အလုပ်လုပ်ရတာမပျော်တော့ပါဘူး ။ ပြန်ချင်တယ် အရမ်းပြန်ချင်တယ် ခြေနေကြောင်းရာတွေက ပြန်ခွင့်ကိုမပေးပါဘူး ။ ကျောင်းပြီးရင်တော့ ၂ပတ်လောက်ပြန်နားလိုက်မှ ဖြစ်မယ်ထင်တယ် ။ သူငယ်ချင်းတွေနဲ့ခရီးလည်း ထွက်ချင်သေးတယ် ။ နောက်လမှာ သစ်တို့သူငယ်ချင်းတွေ ဒုတိယအကြိမ်မြောက်စုပေါင်းဆွမ်းကပ်လှူဒါန်းဖို့လည်း ရှိပါသေးတယ် ။ ဘာလိုလိုနဲ့ ဇွန်ဆို အသက်၁နှစ်ကြီးပြန်သလို စီးရီးချိန်းတဲ့ပထမဆုံးနှစ်လည်း ဖြစ်လို့သွားပြန်ပါပြီ ။ သတိရလို့ ဘာရယ်မဟုတ်ဘူး စိတ်ထဲရှိတာ ချရေးလိုက်ပြန်ပြီ သီးခံဖတ်ပေးကြပါနော် ။ အားလုံးကို သတိရနေပါတယ် ။

ဆက်ဖတ်ချင်သေးရင်...