Wednesday, August 24, 2011

ကျေနပ်နိုင်ပါစေ

သစ်သစ် ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ရန်ကုန်ကပြန်လာပါပြီ ။ ရန်ကုန်မြို့ကတော့ အရင်အတိုင်းပါပဲ ရှော့ပင်းမောလ်အသစ်တွေတော့ ပေါ်လာပါတယ် ၀ယ်သူတွေလဲထိုက်သင့်သလောက်ရှိပါတယ် ။ စားသောက်ဆိုင်တွေမှာ ပိုပြီးစားနိုင်နေနိုင်တာကို သိသာထင်ရှားစွာတွေ့ခဲ့ရပါတယ် ။ အမှန်အတိုင်း ၀န်ခံရရင် ကိုယ်တောင်သူတို့လောက်မစားနိုင်မသောက်နိုင်ပါဘူး ။ စလုံးကဈေးနဲ့တွက်ရင် သက်သာတယ်ဆိုပေမယ့် အရာရာချင့်ချိန်သုံးခဲ့ရပါတယ် ။ ပြန်ရတဲ့လေယာဉ်ပျံစာရိတ် လက်ဆောင်စာရိတ် ရန်ကုန်မှာသုံးမယ့်ပိုက်ဆံ အလှူအတန်းတွက်ဘယ်လောက်ဆိုပြီး သေချာလေးပလန်ချပြီး ပြန်တာတောင်မှာ မိဘဆီမှာအကြွေးတင်ခဲ့ပါသေးတယ် ။ သေချာတာကတော့ ခုချိန်ထိ မိဘအရိပ်ကမလွတ်နိုင်သေးဘူး ဆိုတာပါပဲ ။

သစ် စာပြန်ရေးချင်တဲ့စိတ်ရှိပေမယ့် မရေးတာကြာတော့ ပျင်းလာတာတော့အမှန်အတိုင်း ၀န်ခံပါတယ် ။ စာရေးခြင်းထက် သူများရေးတဲ့ဘလော့တွေ တိတ်ဆိတ်စွာလိုက်ဖတ်ရတာကို သဘောကျပါတယ် ။ ဘာကွန်မန့်မှမပေးဖြစ်ပေမယ့် ရေးအားကောင်းပြီး သုတရသစုံလင်စွာပေးနိုင်တဲ့ ဒီဘလော့စာပေရိပ်မြုံကိုခုချိန်ထိ စွဲမြဲစွာဖတ်နေတုန်းပါပဲ ။ ရေးနိုင်တဲ့သူတွေကိုလည်း တကယ်ပင်အားကျမိပါတယ် သစ်သစ်ကတော့ ကိုယ့်ရဲ့ခံစားချက် အတွေ့အကြုံ ခြေနေတချို့ကိုသာ ရေးနိုင်ခဲ့လို့ လာဖတ်တဲ့သူတွေကိုတောင် အားနာမိပါတယ် ။ သစ်သစ်လည်း ဒီလောက်လေးပဲရေးတတ်တော့ အားနာနာနဲ့ပဲ ပို့စ်လေးတွေကို ခပ်ကျဲကျဲလေး တင်ပါဦးမယ်..း) ။

သစ် စာမေးပွဲပြီးရင်ပြန်မယ်လို့ လွန်ခဲ့တဲ့၂လလောက်ကတည်းက ပလန်ချထားခဲ့ပါတယ် ။ စာမေးပွဲမတိုင်ခင် စာမေးပွဲဖြေချိန် အရမ်းစထရပ်များပါတယ် ။ သစ်သစ်ရုံးကအရမ်းကိုနားလည်မှူရှိတော့ အလုပ်တွက်အတော်လေး အနေချောင်သက်သာခဲ့ပါတယ် ။ ဒါကြောင့် လစာနည်းပေမယ့် ဒီအလုပ်လေးမှာပဲ ခင်တွယ်နေမိတာ ၂နှစ်ကျော်ခဲ့ပါပြီ ။ ကျောင်းဆိုတာ ဝေးကွာခဲ့တာ ၂၀၀၄ နောက်ပိုင်းကတည်းကဆိုတော့ ခု ၂၀၁၀မှာပြန်တက်ချိန် ၆နှစ်တိတိ ကျောင်းသားတယောက်ရဲ့အမူအကျင့်တွေနဲ့ ကင်းဝေးနေခဲ့ပါပြီ ။ ကြိုးစားပြီးနေသားကျအောင် နေခဲ့တာ ခုဆိုနောက်ဆုံးစာမေးပွဲကို ဖြေဆိုပြီးခဲ့ပြီ ဆိုပါတော့ ။ သစ်သစ်ကိုကျောင်းတက်တာ ဘာလို့လဲမေးတဲ့သူတိုင်းကို သင့်တော်တဲ့အဖြေလေးတွေနဲ့ပြောခဲ့ပေမယ့် တကယ့်သစ်ရင်ထဲကဆန္ဒကတော့ သွင်းနိုင်တဲ့ကျောင်းလခလေးနဲ့ ရလာတဲ့ခွင့်ရေးလေးတရပ်ပေါ် အခြေပြုလို့ လိုအပ်နေတဲ့ သစ်သစ်ရဲ့ဝမ်းစာကိုဖြည့်ခဲ့တယ်ဆိုရင် ပိုမှန်ပါလိမ့်မယ် ။ သစ်သစ်ရဲ့အဓိက ရည်ရွယ်ချက်ကတော့ တနေ့မြန်မာပြည်ပြန်ပြီး သင်ကြားခဲ့တဲ့ပညာလေးနဲ့ တတ်နိုင်တဲ့နေရာလေးမှာ ပံ့ပိုးကူညီရင်း အဆင်ပြေပြေ ဘ၀ကိုအေးအေးချမ်းချမ်းဖြတ်သန်းချင်တာပါ ။ သူငယ်ချင်းတယောက်ပြောတာကို သတိရမိပါတယ် ငါကထင်နေတာ နင်ကျောင်းတက်တာစလုံးမှာ ကြာရှည်နေဖို့ ဒါမှမဟုတ် နောက်တနိုင်ငံကူးဖို့ ထင်နေတာ ခုတော့နင့်ဟာက ဘက်ဂီယာပြန်ထိုးချင်နေတာကိုးတဲ့ ..း)။ လူတိုင်းကတော့ ရည်ရွယ်ချက်တွေ ဘယ်တူပါ့မလဲ အကြောင်းအမျိုးမျိုးကြောင့် အဝေးမှာလာပြီး အလုပ်လာလုပ်ကြတာပဲလေ အချိန်တွေကိုပုံစံမျိုးစုံနဲ့ အသုံးချနေကြမှာပဲပေါ့ တယောက်နဲ့တယောက်တူဖို့က ဘယ်လွယ်ပါ့မလဲ ။ အဲ့သူငယ်ချင်းကိုလည်း ဘာမှဖြေရှင်းချက်မပေးပဲ ကိုယ့်ယုံကြည်ချက်တိုင်းမပြောင်းလဲပဲ ရှေ့ဆက်ခဲ့ပါတယ် ။


နောက်တခုက ရန်ကုန်ပြန်ချိန်မှာ သူငယ်ချင်းတွေနဲ့ စုံလင်စွာတွေ့ခဲ့ပြီး အကြောင်းစုံလင်ဘ၀ဖုံဖုံကို လက်လှမ်းမှီသလောက် လေ့လာဖြစ်ခဲ့ပါတယ် ။ အင်တာနက်ကနေ ရင်းနှီးခဲ့ရတဲ့သူငယ်ချင်းတချို့နဲ့လဲ တွေ့ခဲ့ပါသေးတယ် ။ သူငယ်ချင်းပေါင်းစုံနဲ့ဆက်စပ်ပြီး သူငယ်ချင်းအသစ်တွေနဲ့လည်း တွေ့ခဲ့ပါတယ် ။ တစ်ရက်ကလေးမှ မနားပဲသွားလာနေတော့ မေမေက ဈေးဝယ်ပြန်လာတာလား သူငယ်ချင်းတွေနဲ့တွေ့ဖို့ပြန်လာတာလားတောင် မေးယူရတဲ့အဖြစ်ပါ ။ မေမေ သမီးသွားနေတာ အလကားမဟုတ်ပါဘူး မိတ်ဆွေပေါင်းသင်းတွေနဲ့ စားတယ်သောက်တယ်ဆိုတာ ဟေလားဝါးလားမဟုတ်ပါဘူး သမီးတို့ရွယ်တွေက အဲလိုတွေလဲမဟုတ်တော့သလို ပြောတဲ့စကားတွေကလည်း ထောင်တန်နေပါပြီ မေမေရယ်လို့ ဆိုတော့ မေမေကရီလိုက်တာဆိုတာများ ...နင်နဲ့ကျမှပဲ စကားတွေကိုတန်ဖိုးဖြတ်နေရတော့တယ်ဆိုပဲ ။ သစ်သစ်ကအကျင့်တစ်ခုရှိတယ် လူတွေဘာလုပ်နေလဲဆိုတာ လေ့လာတတ်တယ် ပြီးရင် ကိုယ့်ဘာသာသုံးသပ်တတ်တယ် ။ ကိုယ်ဘယ်နေရာမှာနောက်ကျနေပြီလဲ ဘာတွေလုပ်ဖို့လိုအပ်နေလဲ အမြဲပြန်တွေးတတ်တယ် ။ စိတ်ဓါတ်တော့မကျတတ်ပေမယ့် နောက်ကျနေပြီလားဆိုတဲ့ စိုးရိမ်မှူတွေတော့ရှိတာပေါ့ ။ ခုဆိုငွေဈေးတွေကျနေတယ် လူအတော်များများပေါ်ရိုက်ခတ်နေခဲ့တယ် သစ်သစ်ကျတော့အမြင်တမျိုးဖြစ်သွားတယ် ငါမပြန်ခင်ဒီစင်္ကာပူမှာ ဘာလုပ်နိုင်မလဲ ဘယ်လိုငါ့တွက်ကျန်အောင် လုပ်လို့ရမလဲ သူတို့နိုင်ငံမှာနေထိုင်ခွင့်လေးရတုန်း ငါဘာတွေလုပ်နိုင်မလဲဆိုတာကို စဉ်းစားမိတယ် ။ အများကြီးမတွေးဘူးနော် အနဲဆုံးတော့ အိမ်နီးနားချင်းနိုင်ငံတွေကို ငါလည်ပတ်ခွင့်ရတယ်ဆိုရင်ပဲ ကျေနပ်စရာတစ်ခုဖြစ်နေခဲ့ပြီ ။ အိမ်မှာအတူနေတဲ့ ပီအာအစ်မကို အစ်မရေ ငွေဈေးကတော့ ၅၅၀ဆိုပဲ ပြန်မှတက်ပါ့ဦးမလားဆိုတော့ သမီးရယ်တဲ့ အမတို့လာတုန်းကဆို ၃၅၀ပဲရှိပါတယ် ခု၂၀၀တောင်ပိုနေသေးတယ်တဲ့ အမကတော့ဆက်လုပ်မှာပဲတဲ့ အဲလိုအဆိုးဘက်တွေးပြီးစိတ်ဓါတ်ကျနေမယ့်အစား အကောင်းဘက်ကဖြည့်တွေးတတ်တာ အတော်လေးစိတ်ချမ်းသာစရာကောင်းတာ မြင်လာမိတယ် ။

ဘာပဲဖြစ်ဖြစ် အသက်ရှူနေသမျှ ကာလပတ်လုံးရွေးချယ်စရာ ခွင့်ရေးဆိုတာရှိလာမှာပါ ။ ဘယ်မှာနေနေ ဘာတွေပဲတွေးနေနေ ကိုယ့်ယုံကြည်ချက်နဲ့ရှေ့ဆက်နေရင် နေ့ရက်တိုင်းဟာလှပရှင်သန်နေမယ်ဆိုတာ သစ်ယုံကြည်ပါတယ် ။ စိတ်ဓါတ်ကျနေတဲ့သူငယ်ချင်းတွေ အချစ်တွက်ကျရှုံးပါပြီဆိုတဲ့သူငယ်ချင်းတွေ ငါ့အလုပ်ကလခနည်းလိုက်တာဆိုတဲ့သူငယ်ချင်းတွေ အရာရာကိုချင့်ချိန်သုံးသပ်ပြီး မိမိစိတ်ကျေနပ်အောင် ဖြေတွေးတတ်ပါစေလို့ သစ်ဆုတောင်းပေးလိုက်ပါနော် ။ စာမရေးတာကြာတော့ ရေးချင်တာများပြီး ကြောင်းရာတွေကဆက်စပ်မှူမရှိပေမယ့် ဒီလိုကပေါက်တိကပေါက်ချာ ရေးခွင့်ပေးနေသေးတာကိုပဲ ကျေးဇူးတင်နေမိပါတယ် ။ အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေနော် ။

2 comments:

  1. ၀န်ခံရရင် ကိုယ်တောင်သူတို့လောက်မစားနိုင်မသောက်နိုင်ပါဘူး ။ စလုံးကဈေးနဲ့တွက်ရင် သက်သာတယ်ဆိုပေမယ့် အရာရာချင့်ချိန်သုံးခဲ့ရပါတယ် ။ ပြန်ရတဲ့လေယာဉ်ပျံစာရိတ် လက်ဆောင်စာရိတ် ရန်ကုန်မှာသုံးမယ့်ပိုက်ဆံ အလှူအတန်းတွက်ဘယ်လောက်ဆိုပြီး သေချာလေးပလန်ချပြီး ပြန်တာတောင်မှာ မိဘဆီမှာအကြွေးတင်ခဲ့ပါသေးတယ် ။ သေချာတာကတော့ ခုချိန်ထိ မိဘအရိပ်ကမလွတ်နိုင်သေးဘူး ဆိုတာပါပဲ ။ )) မှန်ထာအေ

    ReplyDelete
  2. ထောင်တန်တဲ့ စကားတွေ ဆိုတော့... ကားပြာကြီးကို သွားမြင်မိတယ်။ ဘာမှတော့ မဆိုင်ပါဘူး။ မြင်မိတာလေးကို ပြောပြတာပါ။

    ငွေဈေးကျလည်း... ဒန့်တန်တန်
    ငွေဈေးတက်လည်း... ဒန့်တန်တန်
    ဒီမှာနေ ဒီမှာရှာ ဒီမှာသုံး ဆိုရင်တော့ အလွန် တန်ပါ၏။

    ReplyDelete