Thursday, December 31, 2009

အနှစ်ချုပ် ၂၀၀၉

ဇန်န၀ါရီလ >>> အိမ်ကပြန်စ နေလို့ထိုင်လို့မရအောင်ပဲ လွမ်းနေခဲ့တယ်

ဖေဖော်ဝါရီလ >>> ကိုယ်နဲ့မဆိုင်တဲ့ ပိတ်ရက်ရှည်တစ်ခုကို ပျင်းရိစွာ ဖြတ်သန်းခဲ့တဲ့လပေါ့

မတ်လ >>> စီးပွားပျက်ကပ်က ကိုယ့်ဆီတည့်တည့်ကြီး လာမှန်တယ်ဆိုပါတော့

ဧပြီလ >>> နွေနဲ့အတူ ရင်မှာပူလို့ လောင်းရိပ်တစ်ခုရှာဖွေခဲ့တယ်

မေလ >>> ရရှိခဲ့တဲ့လောင်းရိပ်လေးမှာ ယုံကြည်လာအောင် အားထုတ်ခဲ့တယ်

ဇွန်လ >>> နေ့နဲ့ လ ထပ်တူကျတဲ့ ကိုယ့်မွေးနေ့ကို ထူးထူးခြားခြား သူငယ်ချင်းတွေနဲ့ ဖြတ်သန်းခဲ့တယ်

ဇူလိုင်လ >>> ယာယီကနေ အမြဲတမ်းဖြစ်အောင် ကူးပြောင်းတဲ့လမို့လို့ စိတ်လှုပ်ရှားခဲ့တယ်

သြဂုတ်လ >>> မျက်စိရောဂါ ပြန်ပေါ်လာလို့ တော်တော်ကိုစိတ်ဒုက္ခရောက်ခဲ့တယ်

စက်တင်ဘာလ >>> မိသားစုကို အကောင်းဆုံးသော လက်ဆောင်ပေးနိုင်ခဲ့တယ်

အောက်တိုဘာလ >>> နောက်၂နှစ်ဆိုတဲ့ အဖြေတစ်ခုကို ကြေကွဲစွာသိခဲ့ရတယ်

နိုဝင်ဘာလ >>> ၈ရက်နေ့လေးကို ရင်ခုန်စွာဖြတ်သန်းခဲ့လို့ ဘယ်တော့မှမေ့မရဘူး

ဒီဇင်ဘာလ >>> ကျန်းမာရေးညံ့တဲ့သူ့အတွက် အချိန်တိုင်းကို စိုးရိမ်ခဲ့ရတယ်

ဆက်ဖတ်ချင်သေးရင်...

Wednesday, December 30, 2009

ဟိုဟိုဒီဒီ

ဒီအပတ်ကိုစာရေးဖို့ တော်တော်ကိုခက်ခဲနေတယ် ။ စိတ်ကလည်းမကြည်ဘူး ဖြစ်နေသလို အလိုမကျတဲ့စိတ်ကလည်း ခဏခဏဖြစ်နေတယ် ။ နောက်ပြောင်ပျော်ရွှင်အောင် လုပ်နေပေမယ့် ရီလည်းတစ်ခဏတာပါပဲ ။ စိတ်ကိုကမလန်းဆန်းတော့ လူကလည်းဘလော့ကို ပစ်ထားသလိုဖြစ်နေတာပေါ့။

ကဲ ဟုတ်ပြီ ညစ်နေတာအားလုံးကို ၂၀၀၉မှာ ဒီပို့စ်နဲ့အတူ ထားခဲ့မယ် ။ ပျော်ရွှင်ခြင်းတွေ အောင်မြင်ခြင်းတွေ ကံကောင်းခြင်းတွေ ၂၀၁၀ မှာပိုင်ဆိုင်နိုင်ဖို့ ဆုတောင်းရင်းအေးချမ်းစွာနဲ့ နှစ်ကူးဖို့ကြိုးစားတော့မယ်ကွယ် ။ အားလုံးလဲသစ်သစ်လိုပဲ ပျော်ရွှင်စွာနှစ်ကူးနိုင်ပါစေ ။ အားလုံးပဲ ကျန်းမာရေးကိုဂရုစိုက်ကြပါ ရာသီဥတုက နေရတာသိပ်အဆင်ပြေကြပါဘူး စလုံးမှာလည်း ပူလိုက်အေးလိုက်နဲ့ ဖျားကြနာကြနဲ့လေ ကျန်းမာမှတကယ်ကို အားလုံးလုပ်နိုင်ကိုင်နိုင်မှာပါ ။ ပို့စ်လေးက နှစ်ကူးအတွက် ဆုတောင်းပေးရုံ သက်သက်ပဲါ ။ စိတ်ပြေလက်ပျောက်ချရေးလိုက်တဲ့ သဘောပါပဲ ။ ဒီပိတ်ရက်မှာ စာတွေထပ်ရေးနိုင်အောင် ကြိုးစားပါဦးမယ် ။ တီချမ်းရေးခိုင်းတာလည်း ရေးဖို့စဉ်းစားနေပါတယ် တီချမ်းရေ...။ အားလုံးပဲပျော်ရွှင်ကြပါစေနော် ။

ဆက်ဖတ်ချင်သေးရင်...

Saturday, December 26, 2009

ကြုံတွေ့ခဲ့ရ ထိုခဏ

သစ်သစ် ဒီပိတ်ရက်မှာ စာလေးတွေရေးချင်ပေမယ့် စိတ်ကသိပ်ပြီးရေးချင်စိတ်မရှိတာနဲ့ သီချင်းလေးတွေပဲ တင်ဖြစ်တယ်ဆိုပါတော့နော် ။ လာဖတ်နေကြ သစ်သူငယ်ချင်းက စာတွေရေးပါတဲ့ သီချင်းပဲမတင်ပါနဲ့ ဆိုတော့ သစ်တက္ကသိုလ်တက်ဖို့ဖောင်တွေတင်တော့ ဘားအံကပြန်ခဲ့ရတဲ့ အတွေ့အကြုံလေး ပြောပြချင်ပါတယ် ။ ခုပြန်ရေးတော့ စိတ်လှုပ်ရှားစရာ သိပ်မရှိပေမယ့် ကြုံတွေ့တုန်းကတော့ တကယ်ကိုစိတ်လှုပ်ရှားခဲ့ရတဲ့ အတွေ့အကြုံတစ်ခုပါပဲ ။

သစ်သစ်ငယ်စဉ်ကတည်းက ဘားအံ ရန်ကုန်ဆိုတာ ခေါက်တုံ့ခေါက်ပြန် သွားနေရတဲ့ ခရီးလေးပါ ။ အမေပါတာရှိသလို တစ်ယောက်တည်းသွားတာလည်း ရှိတာပေါ့နော် ။ ဘားအံကနေ မနက်၈နာရီလောက်ထွက်တဲ့ကားက ရန်ကုန်ကို ညနေ၅နာရီလောက်ဆို ၀င်လေ့ရှိပါတယ် ။ ဘားအံကနေ ညနေ၆နာရီထွက်တဲ့ကားက ရန်ကုန်ကို မနက်၃နာရီလောက် ၀င်လေ့ရှိပါတယ် ။ အဲ့အခေါက်ကတော့ အမေသူမပါတော့ သစ်သစ်ကိုနေ့ကားနဲ့ပြန်ခိုင်းခဲ့ပါတယ် ။

ဘားအံကနေကျောင်းတက်ဖို့ လျှောက်လွှာတင်ရန် ပြန်လာရမယ်လို့အဖေက လှမ်းခေါ်တော့ပြန်ဖို့ စီစဉ်ရတော့တာပေါ့နော် ။ ဒီလိုနဲ့အမေက သစ်သစ်ကိုလမ်းမှာ ဓါးပြတွေဘာတွေတိုက်တတ်တော့ သူကနေ့ကားနဲ့ပြန်ဖို့လက်မှတ်ဝယ်ပေးပါတယ် ။ မနက်ဖက် ၈နာရီလောက်အိမ်ရှေ့မှာကားရောက်တော့ သစ်သစ်တစ်ယောက်တည်း စပြီးပြန်လာတယ်ဆိုပါတော့လေ ။ သံလွင်တံတားကိုဖြတ်ပြီး ၂နာရီလောက်စီးပြီးတဲ့အချိန်ရောက်တော့ ဟိုင်းလတ်ကားတွေက လမ်းပြောင်းပြန်ပြန်လာပြီး ပြန်လှည့်ပါ ရှေ့မှာရေကြီးနေတယ် တော်တော်ရေများတယ် ရက်ကြာမယ်ဆိုပြီး အော်ပါတယ် ။ ဒါပေမယ့် သစ်သစ်တို့ကားသမားက မလှည့်ပါဘူး အခြားကားတွေကလည်း မလှည့်ကြဘူးလေ ဆက်သွားကြတယ် ဆိုပါတော့ ။

ဒီလိုနဲ့ရေကြီးတယ်ဆိုတာ ကြားသာကြားဘူးပြီး တစ်ခါမှမကြုံဘူးတဲ့ သစ်သစ်တစ်ယောက်ကတော့ အေးအေးဆေးဆေးပဲ ဆက်လိုက်လာခဲ့တယ်လေ ။ ကားကနေ့လည် ၁၁နာရီလောက်ကျတော့ ရေကြီးတဲ့နေရာကို ရောက်လာပြီးရေကျချိန်ကို စောင့်ဖို့ရပ်ထားလိုက်ပါတယ် ။ ကားပေါ်ကသူများကလည်း ရေကြီးတဲ့နေရာနားကို သွားကြည့်ကြတာပေါ့ သစ်သစ်ကတော့ ထိုင်ခုံပေါ်ကနေ တစ်ဖ၀ါးမှမခွာပဲ နေခဲ့တယ် ။ သစ်သစ်ဘေးကအစ်ကိုကြီးကတော့ နောက်နေ့အရောက်မိုးကုတ်သွားရမယ်ဆိုပြီး နောက်ပြန်လှည့်တဲ့ကားတစ်စီးနဲ့ လိုက်သွားပြီး ရထားနဲ့ရန်ကုန်သွားမယ်ပြောသွားခဲ့တယ်လေ ။

ညဘက်ရောက်တဲ့အထိ ရေကမကျပဲ တောင်ကျရေတွေပါ ရောလာပြီးပိုကြီးလာခဲ့တယ်လေ ။ ဖြစ်တဲ့နေရာကလည်း ရွာတွေနဲ့မနီးဘဲ သောက်စရာရေ အိမ်သာသွားစရာတောင် ခက်ခဲလာခဲ့တယ် ။ ညနေစာလည်း မစားရတော့ ကားပေါ်ကလူတွေလည်း စကားသံတိတ်ဆိတ်လာခဲ့ပါတယ် ။ ည၁၀နာရီလောက်မှာ ကားအုံနာက ဆလွန်းကားနဲ့ဘားအံကနေ လိုက်လာခဲ့ပါတယ် ။ နောက်တော့ သူ့လိုင်းကခရီးသည်တွေအားလုံးကို ရေသန့်ဗူးနဲ့ ခေါက်ဆွဲကြော်ထုပ်တွေဝေပါတယ် ။ ရန်ကုန်က အဖေ နဲ့ ဘားအံက အမေကလည်း သစ်သစ်ပျောက်လို့ပျားတုတ်နေပါတော့တယ် ။ ဘားအံက အစ်ကိုကလည်း ကားကိုမြ၀တီကို ယူသွားတော့ သစ်သစ်ဆီကိုချက်ချင်းလိုက်လာလို့မရတော့ သစ်သစ်အမေက သစ်ဆီကိုကားတစ်စီးငှားပြီး ညတွင်းချင်းလိုက်လာပါတော့တယ် ။

ကိုရီးယားရုပ်ရှင်ထဲကလိုပါပဲ သစ်သစ်တို့ကားအုံနာက ကျိုက်ကော်ကိုသူ့ကား၃စီးလုံးပြန်လှည့်ပြီး ဘုန်းကြီးကျောင်းတစ်ခုမှာ သွားအိပ်စေပါတယ် ။ အမေကရေကြီးတဲ့နေရာကို လိုက်သွားပြီး ဟိုရောက်တော့ကားတန်းကြီးအရှည်ကြီးမှာ လမ်းဆင်းလျှောက်ပြီး သစ်ကိုလိုက်ရှာပါတယ် ။ မတွေ့တော့ အချို့ခရီးသည်တွေကလည်း ပြောပါတယ် တစ်ချို့တွေကရထားလမ်းရေမကျော်သေးတော့ ရထားနဲ့သွားကြတယ်ပေါ့နော် ။ သစ်သစ်လည်းအဲဒီအဖွဲ့နဲ့ပါသွားလောက်တယ်လို့ပြောပါတယ် ။ မနက်လင်းတဲ့အထိရှာတာမတွေ့တော့ အမေကဘားအံကိုပြန်လာခဲ့ပါတယ် ။ စိတ်တွေပူလို့ ရန်ကုန်ဖုန်းဆက်တော့ အဖေကလည်း ပြန်မရောက်ဘူးဆိုပြီး ရန်ကုန်ဘူတာကြီးရဲ့ ဘီးလင်းဘက်ကလာတဲ့ ရထားခရီးစဉ်တွေမှာ သစ်သစ်ကိုရှာပါတယ် ။ မတွေ့ဘူးဆိုတော့ အိမ်ကအစ်ကိုငယ်ကို ဘီးလင်းကိုလွှတ်ပြီး သစ်သစ်ကိုရှာပါတယ် ။ အမေကလည်းနောက်တစ်ခေါက် ကျိုက်ကော်ကိုပြန်ဆင်းတာပေါ့နော် ။

သစ်တို့နောက်တစ်နေ့ နေ့လည်လောက်ကျတော့ ရေကတော့မကျဘူး ဒါပေမယ့် အဲဒီအရပ်က ဆယ့်နှစ်ဘီးကားအုံနာတွေက သူတို့ကားမောင်းသမားတွေက ဒီလမ်းကိုမျက်စိမှိတ်ပြီး မောင်းလို့ရတယ်ဆိုပြီး ကားတွေငှားပါတယ် ။ သစ်သစ်တို့ကားအုံနာကလည်း ရန်ကုန်ကတက်လာတဲ့သူ့ခရီးသည်တွေကလည်း ဘီးလင်းမှာသောင်တင်နေတော့ ဒီဘက်အခြမ်းကခရီးသည်ကို ဟိုဘက်ပို့ပြီး ဟိုဘက်ကခရီးသည်ကို ဒီဘက်ပြန်ပို့ဖို့ ကားတစ်စီးငှားလိုက်ပါတယ် ။ လူတွေဆိုတာ ကမ္ဘာပျက်သလိုပါပဲ ကိုယ့်အထုတ် သူ့အထုတ်ဆွဲပြီး အဲ့ဒီကားပေါ်ကိုအတင်းလုတက်ကြပါတယ် ။ သစ်သစ်ကလည်း တက်မလို့စောင့်နေချိန်မှာ ကားမောင်းတဲ့ဦးလေးကြီးက သစ်သစ်ကိုတွေ့သွားတော့ သူကတစ်ချိန်တုန်းက သစ်သစ်တို့အိမ်မှာ လာမောင်းဘူးတဲ့သူဖြစ်နေတယ်လေ ။ ဒါနဲ့အဘွားကြီး အဘိုးကြီးတွေကိုပဲ ရှေ့ခန်းမှာတင်တဲ့အထဲ သစ်သစ်ကိုထည့်လိုက်ပါတယ် ။ ၁၂ဘီးကားရဲ့ အိပ်ခန်းကလည်း တော်တော်ကျယ်တယ်ဆိုတော့ လူ၅ယောက်လောက်ကတော့ ချောင်ချောင်ချိချိ နေလို့ရပါတယ် ။

ဒီလိုနဲ့ကားကစထွက်တော့ ရေပြင်ကြီးအတိုင်း ကန့်လန့်ဖြတ်မောင်းပါတယ် ။ လမ်းဆိုတာဘာမှမမြင်ရပါဘူး ထိပ်ပိုင်းသာပေါ်နေတဲ့ အပင်တွေကိုကြည့်ပြီး မောင်းနေတာက တော်တော်အသဲယားစရာ ကောင်းပါတယ် ။ ဘားအံဘက်ကိုရောက်ဖူးသူတိုင်းသိပါတယ် ဘားအံလမ်းတွေက မြင့်ပြီး အိမ်တွေကအောက်ဖက်မှာပါ ဒီတော့ရေကြီးတော့အိမ်တွေဆိုတာ ခေါင်မိုးပဲမြင်ရပါတယ် ။ ဒီလိုနဲ့ဖြည်းဖြည်းမောင်းလိုက်တာဟာ ဟိုဘက်ကမ်းအထိမရောက်ပဲ ရောက်ဖို့၁မှတ်တိုင်လောက်အလိုမှာ ကားကရှေ့ဆက်သွားလို့မရတော့ပါဘူး ။ ဒီကားပေါ်ပဲဆက်နေမလား ခါးလောက်ရှိပြီး အရှိန်နဲ့စီးနေတဲ့ရေမှာ လမ်းလျှောက်ဖြတ်မလားပေါ့ လူတော်တော်များများကတော့ တောင်ကျရေထပ်လာမှာစိုးတော့ ရေထဲဖြတ်မယ်ဆိုပြီး ဆုံးဖြတ်ကြပါတယ် ။ ကားမောင်းတဲ့ဦးကြီးကလည်း သစ်သစ်ကိုဖြတ်သွားလိုက်တဲ့ အိတ်တွေထားခဲ့လိုက် ဘားအံအိမ်ကိုပို့ပေးမယ်လို့ ပြောပါတယ် ။ ဒီလိုနဲ့သစ်သစ်တစ်ယောက် ၅ယောက်တစ်တွဲလက်ချိတ်ပြီး ရေထဲကိုစမ်းတ၀ါးဝါးနဲ့ စဖြတ်ပါတယ် ။ အတွေ့အကြုံသစ်လည်းဖြစ်လို့ ကြောက်လည်းကြောက် ပျော်လည်းပျော်တာပေါ့နော် ။

ဒီလိုနဲ့လူတွေက တစ်ရွေ့ရွေ့နဲ့ ဖြတ်နေလိုက်တာ သစ်သစ်တို့၅ယောက်တွဲမှာ ထိပ်ဆုံးကဦးကြီးတစ်ယောက်က ခြေချော်ပြီးအတွဲလိုက်ကြီး ရေနဲ့အတူပါသွားခဲ့တယ်လေ ။ သစ်သစ်ကအတွဲမှာနောက်ဆုံးဆိုတော့ နောက်အတွဲကဦးလေးတစ်ယောက်ကလှမ်းဆွဲလိုက်တော့ ယှက်ကန်ယှက်ကန်နဲ့ ကျန်ခဲ့တယ်လေ ။ ထိတ်လန့်ခြောက်ခြားတာကတော့ ဆိုဖွယ်မရှိပါဘူး ။ တကယ်တမ်းပြောရရင် အဲဒီဦးကြီးပေးတဲ့အသက်ပဲရှိပါတယ် ။ သစ်သစ်ကရေလည်းမကူးတတ်ဆိုတော့ ပါသွားရင်နစ်သေဖို့ပဲ ရှိပါတော့တယ် ။ ဒီလိုနဲ့ကမ်းနားဘက်ရောက်လာတော့ ကြက်ခြေနီတွေနဲ့ သစ်သစ်တို့ရန်ကုန်ဘက်က ကားအုံနာက သစ်သစ်တို့ကို ကြိုဆိုပါတယ် ။ ရေစိုနေတဲ့သစ်သစ်တို့ကို ကော်ဖီတိုက်ပြီး ရန်ကုန်ပြန်မယ့်ကားပေါ်ခေါ်တင်ပါတယ် ။ နေရာလက်မှတ်တွေလည်း မရှိပဲ ရတဲ့နေရာဝင်ထိုင်ကြပါတယ် ။

သစ်သစ်ကို ဘီးလင်းမှာလာကြည့်တဲ့အစ်ကိုငယ်က ရေမကျသေးတော့ ကူးလာမယ်မထင်ပဲ ရန်ကုန်ပြန်လှည့်ပါတယ် ။ အိမ်ရောက်တော့အဖေက ညီမပါမလာပဲပြန်လာတယ်ဆိုပြီး ချက်ချင်းကားပေါ်အဖေကိုယ်တိုင်တက်ပြီး ဘီးလင်းကိုပြန်ထွက်လာခဲ့ပါတယ် ။ သစ်သစ်စီးလာတဲ့ကား ပဲခူးနားရောက်တော့ ကားမောင်းတဲ့သူကပြောပါတယ် နောက်မှာကားအဖြူလေးတစ်စင်း စုံမီးထိုးပြီးရပ်ခိုင်းနေတယ်တဲ့ ရပ်လိုက်ရမလားဆိုပြီး စပယ်ယာကိုပြောသံကြားရပါတယ် ။ နောက်သစ်တို့ကားရပ်လိုက်တော့ အဖေရယ် စခန်းမှူးတစ်ယောက်ရယ် အိမ်ကကားစပယ်ယာလေးရယ် က သစ်စီးလာတဲ့ကားပေါ်အပြေးတက်ပြီး သစ်သစ်ရေ သစ်သစ်ရေ အော်ခေါ်ပါတယ် ။ သစ်သစ်ကလည်း ရှိတယ် ဒီမှာပါတယ်ဆိုပြီး အဖေကိုတွေ့တော့ အာဗြဲနဲ့အော်ငိုလိုက်တယ်လေ .. ရှက်ထှာ ။ နောက်ကားသမားကို သစ်အစ်ကိုကနှုတ်ဆက်ပြီး သစ်သစ်ကိုပြန်ခေါ်သွားပါတယ် ။ အင်းတကော်ရောက်တော့ အဖေက သစ်သစ်ကိုစားသောက်ဆိုင်တစ်ခုမှာ စားချင်တာစားဆိုပြီး ကျွေးပါတယ် ။ သစ်သစ်လည်းအငတ်လိုပဲ စားတော့တာပဲလေ နောက်သစ်မေမေကို အဖေကဖုန်းဆက်တော့ အမေကသစ်အသံလည်း ကြားရောငိုပြီး စိတ်တွေအရမ်းပူလို့ အိပ်လို့လည်းမရ စားလို့လည်းမရ သွားရှာတာလည်း မတွေ့နဲ့ဆိုပြီးဖုန်းချသွားပါတယ် ။ နောက်နေ့ကြားရတာကတော့ သစ်တို့ရေကိုဖြတ်လာတဲ့၁၂ဘီးကားလဲ တောင်ကျရေနဲ့အတူ မြောသွားတယ်ဆိုတာပါပဲ ။

ကံကောင်းလို့ ယနေ့မှာ သစ်သစ်ရယ်လို့ စာတွေရေးနိုင်တာပါ ။ စာတွေမရေးဘူးဆိုလို့ သစ်သစ်ရဲ့ကိုယ်တွေ့လေးကို ရေးချလိုက်ပါတယ် ။ သဘာဝဘေးကို ဘ၀မှာ အဲ့တစ်ကြိမ်သာကြုံဘူးပေမယ့် သစ်ဘ၀မှာတစ်သက်လုံး အမှတ်ရနေပြီး ဘယ်တော့မှမမေ့နိုင်တဲ့အဖြစ်လေးတစ်ခုအဖြစ် အမြဲတမ်းတည်ရှိနေတော့မှာဆိုတာ သေချာပါတယ် ။

ဆက်ဖတ်ချင်သေးရင်...

Thursday, December 24, 2009

မေမေသို့....

ဒီနေ့မေမေ့အတွက် သီချင်းလေးတွေရှာပြီး တင်ဖို့လုပ်လိုက်တော့ ဒီသီချင်းလေးကိုသွားတွေ့တယ် ။ နွဲ့ယဉ်ဝင်း နဲ့ သံသာဝင်း တို့ သားအမိရဲ့ ဂရုဏာသံအဆုံးမှာ အမေကိုသတိရလွန်းတဲ့ သစ်သစ်တစ်ယောက် မျက်ရည်တွေမတားလိုက်နိုင်တော့ဘူး ။ မေမေ့ကိုဖုန်းခေါ်ပြီး အားရအောင်ငိုလိုက်ပြီးမှ နည်းနည်းနေလို့ရသွားတယ် ။

အိမ်မှာချက်ပြုတ်နေကြတဲ့ မောင်နှစ်မတွေ တူတူမလေးတို့ရဲ့ အသံကိုကြားရတော့ ငိုချင်စိတ်ကတားလို့ကို မရတော့ဘူး ။ တူလေးရဲ့ ဘာလို့အဘွားဆီကိုပြန်မလာတာလဲ တီတီလေးဆိုတော့ ဖြေစရာမေးခွန်းမရှိခဲ့ဘူး ။ ချက်ချင်းအထုတ်ကောက်ဆွဲပြီး ပြေးလို့ရရင်လည်း နက်ဖြန်မေမေ့အနားကို ရောက်အောင်ပြေးလိုက်ချင်တော့တယ် ။ တစ်ညနေလုံးအိပ်ယာပေါ်မှာ ခွေခေါက်ပြီးနေရတာ လုံးဝအဆင်မပြေခဲ့ဘူး။ ဒီနှစ်တော့အရောက်ပြန်မလာနိုင်တဲ့ သမီးကိုခွင့်လွှတ်ဖို့တောင်းပန်နေတဲ့အကြိမ်တွေများနေပေမယ့် တာဝန်မကျေသလိုခံစားရတာကို ဖျောက်ပစ်လို့မရနိုင်ဘူး ။ သတိရပြီး အရမ်းလွမ်းတယ် မေမေရယ်.....။



ဆက်ဖတ်ချင်သေးရင်...

Monday, December 21, 2009

ယုံကြည်တယ်

ဟိုနေ့က မမမောင်က မေးလ်ပို့ထားတော့ အပြေးအလွှားသွားကြည့်တာပေါ့နော် ။ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ကြည့်နူးစွာဖတ်ပြီးသကာလမှာတော့ ချစ်မမမောင်က လက်ဆောင်ပေးတော့တာပဲလေ ။ ချစ်မကပေးတော့လည်း ယူရတာပေါ့နော် ။ ကိုယ့်ကိုချစ်လို့တဂ်တာ မရှိရှိတာထုတ်ရေးရတော့တာပေါ့နော် ။ သမီးကသီလရှင်ဝတ်မှာလို့ ပြောရင်လည်း လက်ခံမယ့်သူမဟုတ်တော့ ရေးရပြီပေါ့ကွယ် ။ မမမောင်ရေဖတ်ပြီးတော့ မရီရဘူးနော် ။

ပထမဆုံးနောက် ၅နှစ်ဆိုတဲ့အပိုင်းကို စရေးချင်ပါတယ် ။ ဒါကတော့စိတ်ကူးယဉ်တာမဟုတ်ပါဘူး နဂိုကတည်းကလုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့အရာတစ်ခုပါပဲ ။ သစ်သစ်ဒီကိုမလာခင် သစ်သစ်ဆရာက ပညာတော်တော်များများသင်ပေးခဲ့ပါတယ် ။ သစ်သစ်ကိုယ်တိုင်လည်း ဒီဇိုင်းတွက်တာကို တကယ်စိတ်ဝင်စားပါတယ် ။ ကိုယ့်အိမ်လေးကနေ ကိုယ့်စိတ်ကူးလေးနဲ့တွက်ချက်ပေးလိုက်တာကို လူမပင်ပန်း စိတ်မပင်ပန်းနဲ့ သင်ခဲ့တဲ့ပညာတွေကို လက်တွေ့အသုံးချတဲ့ ဒီအသက်မွေးဝမ်းကျောင်းလေးကို တကယ်မြတ်နိုးပါတယ် ။ ကျေးဇူးရှင်ဆရာကိုယ်တိုင် သင်ကြားပေးခဲ့လို့ တန်ဖိုးအရမ်းထားပါတယ် ။

၁၉၉၉ ကနေ ၂၀၀၄ ထိ သင်ကြားပေးခဲ့တဲ့ သင်ဆရာ မြင်ဆရာအားလုံးကိုလည်း အမြဲတမ်းစိတ်မှာအောက်မေ့သတိရလျှက်ပါ ။ ဒီဆရာတွေသင်ကြားပေးခဲ့တာကို ပြန်လည်အသုံးချဖို့ ကိုယ့်မှာတာဝန်ရှိတယ်လို့ အစဉ်အမြဲခံစားရပါတယ် ။ ခုလိုပြင်ပထွက်ပြီးအလုပ်လုပ်တဲ့အခါ ဆရာတွေရဲ့ကျေးဇူးကိုပြတ်ပြတ်သားသား မြင်လာပါတယ် ။ သစ်ဘ၀ရဲ့အချိန်အစိတ်အပိုင်းလေးတစ်ခုကို မြှုပ်နှံပြီးမိဘတွေကို ငွေကြေးအားဖြင့်အားရအောင် ကျေးဇူးဆပ်ပြီးရင်တော့ သစ်သစ်အမိမြေကိုပြန်မယ် စိတ်ကူးထားပါတယ် ။ ကျန်ရှိတဲ့သစ်ရဲ့လက်ကျန်အချိန်တွေကို သစ်ဆရာနဲ့ပြန်လက်တွဲပြီး ဒီဇိုင်းလောကကို ပြန်ဝင်ဖို့စိတ်ကူးထားပါတယ် ။ အကောင်အထည်ဖော်ဖြစ်မယ်လို့လည်း ထင်ပါတယ် ။ တကိုယ်တည်းဖြစ်နေတဲ့ဆရာရဲ့ သက်ကြီးပိုင်းအချိန်တွေကို ပြန်လည်စောင့်ရှောက်ပေးရင်း သင်မကုန်တဲ့ဒီဇိုင်းပညာရပ်တွေကို ဆရာထံကပြန်လည်ဆည်းပူးရင်း ဇောက်ချလုပ်မယ်စိတ်ကူးထားပါတယ် ။

အကျဉ်းချုပ်ရရင်တော့ သင်ကြားဖူးတဲ့ပညာလေးနဲ့ ပြန်လည်လုပ်ကိုင်စားသောက်မယ်လို့ စဉ်းစားထားတယ်ပဲ ဆိုပါတော့ မမမောင်ရယ် ။ မရှိမရှားဘ၀လေးနဲ့ ကျန်ရှိတဲ့အချိန်တွေကို ကုန်လွန်ပြီး ဘာသာရေးကို ထိထိမိမိလုပ်မယ်လို့လည်း ဆုံးဖြတ်ထားပါတယ် ။ ဖြစ်လာမယ် မဖြစ်လာဘူးကတော့ သစ်သစ်အပေါ်မှာပဲ မူတည်လို့ ဒီလိုရည်ရွယ်ထားတယ်ဆိုတာလောက်ပဲ ပြောပြရင်းအချိန်နဲ့အတူ ပုံဖော်မယ်ပေါ့နော် ။ ဒါကတော့ နောက်၅နှစ်လောက်မှစပြီးလုပ်မယ့် အလုပ်အကိုင်လေးပါပဲ ။

ဒုတိယပုံဖော်ထားတဲ့ စိတ်ကူးထဲက အိမ်ထောင်ဖက်ဆိုတဲ့ အချက်လေးကို နည်းနည်းလေးပြောပြချင်ပါတယ် ။ မိန်းကလေးတိုင်းကတော့ ကိုယ့်အိမ်ထောင်ဖက်ကို အမျိုးမျိုးစိတ်ကူးယဉ်ဖူးကြမှာပဲလေ ။ သစ်ထင်တာကတော့ ဒီစိတ်ကူးလေးတွေဟာ အသက်အရွယ်အလိုက်တော့ ပြောင်းလဲသွားမှာပဲ ဘာလို့လည်းဆိုတော့ ကျောင်းသားဘ၀က ထားရှိခဲ့တဲ့ ကိုယ့်ရဲ့စိတ်လေးတောင် ခုလိုအလုပ်လုပ်တဲ့အရွယ်ကျတော့ ပြောင်းလဲသွားတတ်သေးတာပဲလေ ။

သစ်အများကြီး စိတ်ကူးမယဉ်ထားပါဘူး သစ်ရဲ့လက်တွဲဖော်ဟာ သစ်လိုပဲအလုပ်လုပ်နိုင်ရမယ် သစ်ကလည်းသူ့အလုပ်အပေါ် ကူညီနိုင်တဲ့သူဖြစ်ရမယ် ။ သစ်ဖြစ်ချင်တဲ့အရာတွေကိုလည်း ကောင်းသည်ဆိုးသည် ဝေဖန်ပိုင်းခြားထောက်ပြ လမ်းညွှန်တတ်တဲ့သူ ဖြစ်ရပါမယ် ။ တစ်ဦးပေါ်တစ်ဦး သံသယတွေကင်းရှင်းပြီး နားလည်မှုတွေရှိပေးနိုင်မယ့်သူမျိုး ဖြစ်စေချင်ပါတယ် ။ ဘာသာတရားကိုယုံကြည်ပြီး ကိုယ့်ရဲ့မျိုးဆက်တွေအပေါ် လိမ်မာရေးခြားရှိအောင် ဆုံးမနိုင်စွမ်းရှိတဲ့သူဖြစ်ရမယ်လို့တော့ စိတ်ကူးထားဖူးပါတယ် ။ ရုပ်ရည်လှဖို့ထက် စိတ်သဘောကောင်းတဲ့သူကို ရွေးချယ်ဖြစ်မယ်ထင်ပါတယ် ။ အရေးကြီးဆုံးသစ်စဉ်းစားတဲ့အချက်ကတော့ သစ် သူ့အပေါ်ဘယ်လောက်ပါရမီဖြည့်ပေးနိုင်မလဲ အချက်လေးပါပဲ ။ ဒီလောက်ပါပဲ ဘာကြီးညာကြီးဖြစ်ဖို့ သစ်အတွက်တော့မလိုအပ်ဘူး ထင်ပါတယ် ။

ကဲ ဒီလောက်ဆို မမမောင်လည်း ကျေနပ်လောက်မယ်ထင်ပါတယ် ။ စိတ်ကူးယဉ်တယ်ပဲဆိုဆို တဂ်ပို့စ်လေးရေးပေးတယ်လို့ပဲ မြင်မြင် သစ်သစ်ရေးတာက မမမောင်ကိုခင်မင်မှုတစ်ခုပဲ အရင်းပြုပါတယ် ။ သစ်သစ် နောင်ဖြစ်မယ့်အရာလေးတွေကို ရေးလေ့ရေးထမရှိတော့ အမှားပါရင် ခွင့်လွှတ်ပေးစေချင်ပါတယ် ။

ဆက်ဖတ်ချင်သေးရင်...

Sunday, December 20, 2009

အပြုံးလေး

အဆိုတော်သစ် အေသင်ချိုဆွေ ဆိုတဲ့ ကောင်မလေးသီချင်းလေးပါ ။ တော်တော်များများ သီချင်းတွေကောင်းပေမယ့် ဒီသီချင်းလေးက သူ့အိုက်တင်လေးနဲ့ ကြည့်ကောင်းလို့ ဒီအပတ်နားထောင်ဖြစ်တယ် ။ တက်လမ်းရှိတဲ့ကောင်မလေးလို့ ထင်မိပါတယ် ။ ဆိုဟန်ရော အိုက်တင်တွေရော ကြိုက်ပါတယ် ။ စာလာဖတ်တဲ့သူတွေကို မျှစေချင်လို့ ဘားမိကလပ်စ်စစ်ကနေ ဒေါင်းလုပ်ချပြီးတင်လိုက်တာပါ ။




ဆက်ဖတ်ချင်သေးရင်...

Thursday, December 17, 2009

ညရဲ့လမင်း

တစိမ့်စိမ့်နားထောင်ရင်း တသိမ့်သိမ့်ခံစားနေရလို့ ကိုယ်အရမ်းကြိုက်တဲ့ သီချင်းလေးထဲထည့်လိုက်တယ် ။ ကျေနပ်တော့နော်......။



ဆက်ဖတ်ချင်သေးရင်...

Wednesday, December 16, 2009

ပျော်ရွှင်ပါစေ ချစ်မေမေ

မေမေ ဒီနှစ်တော့ သမီးပြန်မလာနိုင်တော့ဘူးနော်.....။ ကျန်တဲ့သား ၊ သမီး ၊ မြေးတွေက မေမေ့အနားကို အရောက်လာကြမှာပါ ။ အဲ့ဒီနေ့မရောက်သေးပေမယ့် သမီးမရောက်နိုင်တဲ့အကြောင်း ပြောကတည်းကိုယ်က သမီးစိတ်မကောင်းတွေ ဖြစ်နေတာပါ ။ အဲ့နေ့မှာ သမီးတစ်ယောက်တည်း အဝေးကိုလွင့်သွားတယ်လို့ ခံစားမိပါတယ် ။ အဲ့နေ့ကို တစ်ယောက်တည်းဖြတ်သန်းရမှာ ပထမဆုံးမို့ ရင်မဆိုင်ရဲပါဘူး ။

ငယ်စဉ် အရွယ်ကတည်းက ကျင်လည်ကြီးပြင်းခဲ့ရတဲ့ မေမေတို့အသိုင်းအ၀ိုင်းလေးမှာ သမီးပျော်ပါတယ် ။ ညဘက်တွေသီချင်းလိုက်ဆိုပြီး အိပ်ပျော်နေတဲ့သမီးကို ရောက်တဲ့အိမ်မှာနှိုးပြီး မုန့်ကျွေးတတ်တာလေးတွေကိုလည်း အမှတ်ရဆဲပါ မေမေ ။ ခရစ်စမတ်မရောက်ခင်ကတည်းက ဖေဖေက မ ရေ ဒီနှစ်ခရစ်စမတ်မှာ ဘာလေးကျွေးရအောင်ဆိုပြီး အမြဲသတိတရနဲ့ စိတ်ထဲထားတတ်တဲ့ ဖေဖေ့အသံကိုလည်း ကြားယောင်နေပါတယ် ။ သမီးအနားမှာမရှိပေမယ့် စိတ်မကောင်းမဖြစ်ပါနဲ့နော် ။ မနှစ်ကတုန်းကလိုပဲ သမီးအနားကိုပြန်လာတယ်လို့ မှတ်ပေးပါ ။ အဖ ဘုရားသခင်က မေမေ့အပေါ် ကောင်းချီးများစွာ ပေးသနားတော်မူမယ်လို့ သမီးယုံကြည်ပါတယ် ။ ခရစ်တော်ရဲ့မွေးနေ့မှာ မေမေသည်လဲ စိတ်လက်ပျော်ရွှင်စွာ အရင်နှစ်များလိုပဲ သားသမီး ခင်ပွန်း မြေးအစုံအလင်နဲ့ ဖြတ်သန်းရင်း နောက်နှစ်သစ်ကိုကြိုဆိုမယ်လို့ သမီးမျှော်လင့်ပါတယ် ။ ကျန်းမာပါစေ မေမေ ၊ ပျော်ရွှင်ပါစေ မေမေ ၊ လို့ အဝေးကနေဆုတောင်းပေးလိုက်ပါတယ်နော် ။

မေမေ့အတွက် သီချင်းလေး အမှတ်တရ


ဆက်ဖတ်ချင်သေးရင်...

Tuesday, December 15, 2009

ဒီလ အဖြုန်း



လိုအပ်တယ် မလိုအပ်ဘူးဆိုတာထက် ၀န်ခံရရင် သူများဝယ်လို့ လိုက်ဝယ်သည်


ဒီလိုသပ်သပ်ရပ်ရပ်ဖြစ်ဖို့ အောက်ကခုံကို ရင်းလိုက်ရတယ် (၀ယ်မိပြန်ပြီ)



နောက်တိုးလေးပေါ့ ခုဆို၈ယောက်ရှိပြီ (၁၀ယောက်ပြည့်ရင်တော်ပြီ)

ဆက်ဖတ်ချင်သေးရင်...

အရင်းနှီးဆုံး


နေ့စဉ်နေ့တိုင်း ဒီလမ်းလေးကိုတက်လို့ နေ့ရက်တွေကိုစတယ်


အပြန်ကျရင် အရောက်ချင်ဆုံးက ဒီမှတ်တိုင်ပဲ ကိုယ့်တိုက်ရှေ့ဆိုတော့ ဒီကိုရောက်ရင် အိမ်ရောက်ပြီလေ


တိုက်ရှေ့က မရိုးနိုင်တဲ့ မီးပွိုင့်လေးနဲ့ ရှော့ပင်းမောလ်


ဒီနေရာရောက်ရင် တိုက်ကိုမြင်ရပြီဆိုတော့ အမောတွေအကုန်ပြေတယ်


ဒီလမ်းလေးသာ စကားပြောတတ်ရင် သစ်သစ်အတွက် ပြောစရာအများကြီးရှိနေမှာ သေချာတယ် ပျော်ရွှင်နေချိန်တွေရှိခဲ့သလို ငိုကြွေးပြီးတော့လည်း ပြန်ခဲ့ဘူးတယ်


မနက်စာအဖြစ် ၅ရက်မှာ ၃ရက်လောက် စားဖြစ်တယ် သူလည်းအမျိုးပါပဲး)

ဆက်ဖတ်ချင်သေးရင်...

လက်ရှိအဖော်

ပြီးခဲ့တဲ့ အပတ်က အိမ်ကအစ်မတစ်ယောက် မြန်မာပြည်ပြန်ပြီး အင်ဂျင်နီယာစာတမ်းဖတ်ပွဲမှာ သွားတက်ပြီး ပြန်လာတော့ အဲဒါတွေပါလာတယ်လေ ။ ၀မ်းသာလိုက်တာများ မပြောပါနဲ့တော့ ကိုယ်ကလည်းစာအုပ်သရဲဆိုတော့ အစ်မကလည်း စာဖတ်တာဝါသနာအရမ်းကြီးတယ်လေ အကြိုက်ချင်းတူပြီး ဆက်တိုက်ဖတ်နေတာ ၂အုပ်ပြီးသွားပြီ ။



ခုတော့လက်ကမချတမ်း ဖတ်နေတာက ဒီစာအုပ်



ဖတ်ဖို့တန်းစီနေတာက အများကြီးပဲ ပိတ်ရက်မှာဇိမ်ပဲ

ဆက်ဖတ်ချင်သေးရင်...

သင်တန်း...

ဒီအပတ် သင်တန်းတက်ရပါတယ် ။ စတက်တဲ့နေ့က ပျင်းလိုက်တာဆိုတာ မပြောပါနဲ့တော့ ခုတော့လည်းသင်တန်းပဲ တက်ချင်တော့တယ် ဟိ...။ ကော်ဖီလေးသောက်လိုက် အိပ်ငိုက်လိုက် လုပ်ခိုင်းတာလေးလုပ်လိုက်နဲ့ မူကြိုကျောင်းရောက်သွားသလိုပါပဲ...။ သိပြီးသားတွေပြန်တက်ရတာလောက် ပျင်းတာမရှိဘူး။ ဒါပေမယ့် သင်တန်းမှာက မြန်မာဆိုလို့ကိုယ်တစ်ယောက်ပဲ ပြီးတော့မိန်းကလေးကလည်း ကိုယ်တစ်ယောက်တည်းပဲဆိုတော့ လူကြီးတွေနဲ့အဖွဲ့ကျနေပြီလေ ။ တချို့ဦးလေးကြီးတွေ ဘာမှမသိတော့ ဆရာမစိတ်လေတာကိုကြည့်ပြီး ကိုယ်ထိုင်ရီနေမိတယ် ။ ဘာပဲဖြစ်ဖြစ် စာရွက်တစ်ရွက်ကတော့ ရဦးမှာပေါ့ကွယ် ။



သူသင်တာက အဲဒါတွေဆိုတော့ တီချယ်နားနေပါ သမီးသင်ပါရစေ ပြောရမလိုလို (ရှင်ချင်တယ်)

ဆက်ဖတ်ချင်သေးရင်...

Sunday, December 13, 2009

တောင်ကြီးဖ၀ါးအောက်

စလုံးရောက်ပြီးကတည်းက ဒုတိယအကြိမ်မြောက် မနက်၅နာရီ ထခြင်းပါပဲ ချိန်းထားတဲ့နေရာက ကိုယ်နဲ့နည်းနည်းလှမ်းတော့ နောက်ကျမှာလည်းစိုးတယ်လေ ။ မျိုးက ၇နာရီအရောက်ဆိုတော့ အိမ်က၆နာရီလောက်ရောက်မှ အိုကေနေမှာပေါ့နော် ။ အိပ်ယာကနိုးလာတာနဲ့ကို သူတို့အားလုံးကို မက်ဆေ့လေးတွေအရင်ပို့လိုက်တယ် အားလုံးကလည်းချက်ချင်းပြန်လာကျတော့ တပြိုင်နက်နိုးနေကြပြီဆိုတာက အသေအချာပဲလေ ။

ယူသွားမယ့်ပေါက်စီလေးတွေကို အရင်လုပ်ပြီး ကိုယ်တိုင်ကတော့ ရေမိုးချိုးပြင်ဆင်ပြီးလို့ထွက်မယ်ဆိုတော့တောင် ၆နာရီ ၁၀မိနစ်ရှိနေပြီဆိုတော့ ပြာယာပြာယာနဲ့ ရထားဘူတာပြေးရတာပေါ့လေ ။ ရထားပေါ်ရောက်လို့ ဖုန်းဆက်တော့မှ မေးခွန်းများရဲ့သခင် ထောပတ်သီးက မမသစ်တဲ့ထောကားဂိတ်ရောက်နေပြီဆိုတော့ ကိုယ်များနောက်ကျနေသလားဆိုပြီး ညညဆီဆက်လိုက်တော့ တက်ဆီပေါ်မှာတဲ့ မေဖလားဝါးတစ်ယောက်ရောဆိုတော့ ကိုယ်ခုပဲအိမ်ကထွက်မှာတဲ့ ခေါင်းဆောင်ကြီးမျိုးကတော့ ရထားပေါ်ရောက်နေပြီဆိုပဲ ။ ဆုံရမယ့်နေရာမှာ ထောပတ်သီး ခရမ်းချဉ်သီးက အရင်ရောက်နေပါတယ် ။ သစ်သစ်ကတော့ ဒုတိယပေါ့ နောက်တော့ညညရောက်လာတယ် မျိုးကနောက်ဆုံးရှေ့ ပန်းဝင်ပြီး အားလုံးကစောင့်မျှော်နေကြတဲ့ မေဖလားဝါးကတော့ စတိုင်အပြည့်နဲ့ နောက်ဆုံးပိတ်ရောက်လာတာပေါ့နော် ။

တစ်ယောက်တစ်မျိုး မရိုးရအောင်ယူလာတဲ့ မုန့်တွေကို အရင်ဝေကြပါတယ် ။ ကိုယ့်စားစရာကိုယ်သယ်လို့ စောစောစီးစီး ဘတ်စ်ကားဂိတ်ကို ချီတက်ကြတာပေါ့နော် ။ ပထမဦးစွာ ကံဆိုးသွားသူကတော့ ကုလားတစ်ယောက်ပါပဲ သူကလမ်းရွေးတာမှားတော့ ကိုယ်တွေအဖွဲ့ရှေ့က ဖြတ်မိရက်သားဖြစ်သွားတယ်လေ ဒါနဲ့ပဲအဖွဲ့လိုက်ဓါတ်ပုံများကို ရိုက်ခိုင်းလိုက်ကြတယ်လေ ။ ကားပေါ်မှာလည်း ဆူညံပွက်လောရိုက်ရင်း ၇မှတ်တိုင်မြောက်ကျတော့ ဆင်းလိုက်ကြပြီး တောင်ခြေကိုလမ်းလျှောက်ကြတာပေါ့နော် ။ လာတက်တဲ့သူတွေ တော်တော်ကိုများပါတယ် အ၀င်မှာမျောက်များကလည်း အလွန်ဆိုးပါတယ် ။ ဓါတ်ပုံရိုက်နေတုန်း ဟိုအထုတ်ဆွဲ ဒီအထုတ်ဆွဲနဲ့ပေါ့ ။

စတက်ပြီဆိုတာနဲ့ တောလမ်းဆိုတာကို ရွေးဖို့နေနေသာသာ ရွှေရင်ဆို့လို့တောင် ခေါ်လောက်တဲ့ခပ်မတ်မတ် တောင်တက်ခရီးနဲ့စလိုက်တာ လူကိုတော်တော်ပြိုင်းသွားပါတယ် ။ ရီလိုက်မောလိုက် စလိုက်ပြောင်လိုက်နဲ့ တက်လိုက်ကြတာ ဒီဂုံးထိပ်ကို အောင်မြင်စွာကျော်နိုင်ခဲ့ပါတယ် ။ ဂုံးထိပ်မှာနားနေဆောင်လေးရှိတော့ ပဲနို့ချိုရည်လေးသောက်ရင်း အပန်းဖြေကြပါတယ် ။ ရိုက်လိုက်တဲ့ဓါတ်ပုံဆိုတာလည်း ကင်မရာတောင်ထိုင်ငိုရပါတယ်ဆို ...။ ဒီလိုနဲ့တက်လာလိုက်တာ တောင်ထိပ်နားရောက်ခါနီးတော့ တော်တော်ကိုမြင့်တဲ့ လှေခါးနဲ့ပြေပြစ်တဲ့လမ်း ၂ခုရွေးရပါတယ် ။ ကဲရောက်တော့မယ်ဆိုတော့ လှေခါးထစ်လမ်းကိုပဲ စိတ်တူကိုယ်တူရွေးပြီး အော်ဟစ်ညီးညူကာ တက်လိုက်ကြတာ တောင်ထိပ်ကို အောင်မြင်စွာရောက်သွားခဲ့ပါတယ် ။

ခဏနားပြီး ကြာဇံကြော်တွေထုတ်စား ဂျယ်လီတွေစားနဲ့ ဗိုက်တင်းသွားတော့ အားတွေပြန်ပြည့်လာပြီး ပြန်ဆင်းဖို့လုပ်ကြပါတော့တယ် ။ တောင်တက်ရတဲ့ခရီးစဉ်က အချိန်ဘယ်လောက်မှမကြာပေမယ့် ပျော်လည်းပျော် မောလည်းမော အော်လည်းအော်နဲ့ ပျော်စရာတော့တော်တော် ကောင်းခဲ့ပါတယ် ။ ထူးခြားတာကတော့ စကားတွေပြောကြတော့လည်း စီဘောက်တွေမှာ ပြောနေကျအတိုင်းပဲ ညည ၊ ချယ် ၊ သစ်သစ်၊ ထော ၊ ခရမ်းချဉ်သီး ဒီလိုတွေပဲ ရင်းရင်းနှီးနှီးခေါ်လို့ မနာလိုဝန်တိုခြင်း ပြိုင်ဆိုင်ခြင်းကင်းတဲ့ တောင်တက်ခရီးလေးတစ်ခု အဖြစ် သစ်ဘလော့မှာ မှတ်တမ်းတင်လိုက်မိပါတော့တယ် ။

ဆက်ဖတ်ချင်သေးရင်...

Friday, December 11, 2009

ဒီတစ်ပတ်

အေးမြတဲ့ ဒီဇင်ဘာလလေးမှာ မြန်မာနိုင်ငံမှာဆိုရင်တော့ ကျိုက်ထီးရိုးတက်မလို့ သူငယ်ချင်းတွေတိုင်ပင်ဖြစ်ကြမယ့် အချိန်ပေါ့လေ ။ ဒီနှစ်တော့ စင်္ကာပူကသူငယ်ချင်းတွေနဲ့ ဘူဂစ်တီမားတောင်လေးကို ကျိုက်ထီးရိုးအလွမ်းပြေတက်ဖို့ လာမယ့်တနင်္ဂနွေနေ့လေးကို စီစဉ်ထားပါတယ် ။ သူတို့ကို သစ်သစ်ကပြောပါတယ် တောလမ်းကတက်မလား ကွန်ကရစ်လမ်းကတက်မလား ဆိုတော့ အတိုင်အဖောက်ညီညီပါပဲ အားလုံးကတောလမ်းကတက်မယ်တဲ့..အဲဒီမှာ သစ်သစ်တစ်ယောက်တော့ သေပြီဆရာအော်ရတော့တာပေါ့။ ဟူးးးးးးးးးးးးး အများဆန္ဒပယ်လို့မရတဲ့ မတတ်နိုင်ဘူးလိုက်ရတော့မှာပေါ့လေ ဟင့်...။

တနင်္လာနေ့ကစလို့ သစ်သစ်တစ်ယောက် သင်တန်းတစ်ခုတက်ဖို့ရှိပါတယ် ။ သူတို့ကိုပြောပါတယ် သင်တန်းအတွက် ပြင်ဆင်စရာရှိလို့ နောက်အပတ်မှဆိုတော့ သူတို့ကပြောပါတယ် သင်တန်းကကိုယ်ကသွားသင်မှာတဲ့ ကိုယ်သင်ပေးရမှာမဟုတ်ဘူးဆိုပြီး အတိအလင်းပယ်ချပါတယ် ။ ခုတော့လည်း ပေါက်တဲ့နှဖူးမထူးတော့ပါဘူးလေ လူပေါင်းမှားတော့လိုက်ရတော့မှာပေါ့နော် ။ ပြီးတော့ မည်သည့်ဆေးလ်မှမသွားပဲ သပိတ်မှောက်ထားပါတယ် ။ တန်တယ်ဆိုပြီး ကိုယ့်အတွက်လိုလို မလိုလိုဝယ်ချင်တဲ့ကိုယ့်စိတ်ကို ထိန်းမရလို့ သွားကိုမသွားတော့ပါဘူးလေ ။ .

နှစ်ကုန်ခါနီးဆိုတော့ ပွဲလမ်းသဘင်တွေကများ ပိတ်ရက်တွေကများဆိုတော့ လူငယ်ပီပီ ပျော်ချင်ပါးချင်တာက ထိန်းမရပါ ။ ဘလော့ကသူငယ်ချင်းတွေကတမျိုး ကျောင်းကသူငယ်ချင်းတွေကတစ်ဖုံ အတူနေတဲ့အိမ်ကအမတွေကတစ်သွယ်နဲ့ မိသစ်သစ်တို့ပြုတ်ပြုတ်ပြုန်းပါတော့မယ် ။ သစ်သစ်ကျောင်းကသူငယ်ချင်းတွေက တော်တော်ဆိုးပါတယ် တစ်ယောက်အိတ်ဝယ်မယ်ဆိုလည်း အတွဲလိုက်ကြီးတသီကြီးလိုက်နေကြတာ ယောက်ျားလေး မိန်းကလေးအကုန်ပဲ ပျော်စရာလည်းကောင်း ပင်လည်းပင်ပန်း ညောင်းလည်းညောင်းနဲ့ ပျော်မောကြီးလေ ။

သစ်သစ်အစ်ကိုလည်း နေကောင်းသွားပါပြီ စိတ်ပူပေးကြတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ကြောင်း ဒီကနေထပ်လောင်းပြောလိုက်ပါတယ်နော် ။ တကယ်တော့ဒီပို့စ်က စာရေးချင်လို့သာရေးလိုက်တာပါ ဒီအတောအတွင်းလုပ်မယ့်အရာတွေ ချရေးတာလို့ပြောရင်ပိုမှန်ပါလိမ့်မယ် ။ အားလုံးပဲခရစ်စမတ်မှာ ပျော်ရွှင်နိုင်ကြပါစေနော်..။

ဆက်ဖတ်ချင်သေးရင်...

Wednesday, December 9, 2009

ရီကြမယ်...

သူငယ်ချင်းတစ်ယောက် ဖော်ဝပ်ပို့ပေးလို့ ဝေမျှလိုက်ပါတယ် ။ ပျော်ရွှင်နိုင်ကြပါစေရှင် ။

မြိုရခက်ကြီး
ထမင်းဝိုင်းအနားတွင် ရပ်လျက် အန်တီမြက ဧည့်သည်များကို ပြောသည်။
"စားကြပါနော်။ အားမနာပါနဲ့။ ဒါနဲ့ ဦးဘမောင် ကြက်သား တတိယတုံး ယူလိုက်ပါအုံး။ ဘယ်သူဘယ်နှစ်တုံး စားတယ်ဆိုတာ ကျွန်မ မမှတ်တတ်ပါဘူးရှင်"



တစ်ယောက်မှ မရှိပါ
လူဆိုးများ လက်မှ လွတ်အောင် ကိုချူချာပြေးရင်း ရေတွင်းထဲ ဆင်းပုန်းသည်။ လူဆိုးဂိုဏ်းခေါင်းဆောင်က ရေတွင်းထဲ ကြည့်ပြီး အော်သည်။

"တစ်ယောက်ယောက်ရှိသလားဟေ့"

ကိုချူချာက ပဲ့တင်သံပုံစံဖြင့် ပြန်အော်သည်။

"တစ်ယောက်ယောက်ရှိသလားဟေ့၊ တစ်ယောက်ယောက်ရှိသလားဟေ့"

"တစ်ယောက်မှ မရှိဘူးထင်တယ်"

"တစ်ယောက်မှ မရှိဘူးထင်တယ်၊ တစ်ယောက်မှ မရှိဘူးထင်တယ်"

"ဗုံးတစ်လုံး ပစ်ချလိုက်ရင် ကောင်းမလား"

"မပစ်နဲ့၊ မပစ်နဲ့ တစ်ယောက်မှ မရှိတာပဲ"




ဗိုလ်ကြီး မသေဘူးဟေ့
ရှေ့တန်းတိုက်ပွဲ တစ်ခုတွင်ဖြစ်သည်။ ရန်သူ့စခန်းကို သိမ်းပိုက်မိသည့် အခါ တပ်ဖွဲ့တွင်လည်း ရိက္ခာပြတ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ရန်သူ့ စားဖိုဆောင်ထဲတွင် ရိက္ခာ အမြောက်အမြား တွေ့ရသော အခါ တပ်သားများ ပျော်သွားကြသည်။ သို့သော်လည်း သူတို့ တစ်ယောက်မှ မစားကြသေးပဲ ဗိုလ်ကြီးကို သာလေးစားသည့် အနေဖြင့် အရင်စားခိုင်းကြသည်။
ဗိုလ်ကြီးစားတာကို သူတို့ ထိုင်ကြည့်နေကြသည်။ စားပြီးတစ်နာရီကြာသည်အထိ ဘာမှ မဖြစ်တာ တွေ့ရမှ "ဗိုလ်ကြီး မသေဘူးဟေ့။ အဆိပ်တွေ မပါဘူး။ တို့လည်းစားလို့ရပြီ" ဟု ၀မ်းသာအားရပြောကာ စားကြလေသည်။


တို့သူငယ်ချင်းလှထုံအကြောင်းပြောရမလား...

စာမေးပွဲနီးတော့ အိပ်ရေးပျက်ပြီး မူးလို့ ဆရာဝန်ကိုသွားပြပါတယ်..။ ဆရာဝန်က လက်မောင်းမှာ
အဝတ်ပတ်.. ရာဘာလုံးလေးကို တရှူးရှူးညှစ်ပြီး (သွေးချိန်တာပါ) အပေါ်သွေး..... လို့ပြောရုံရှိသေး..လူနာကုတင်ပေါ်က လူးလဲထပြီး အောက်သွေး မတိုင်းတော့ဘူးလို့ ဆိုပါတယ်...။
(သူထင်သွားတာက အောက်သွေးတိုင်းရင် သူ့ပေါင်ကို
အဝတ်နဲ့ ပတ်မယ်ထင်တာ၊ အပေါ်သွေးတိုင်းတုံးက လက်မောင်းကိုပတ်ထားတာကိုး....)



ချွေတာတဲ့ ကိုချူချာ
ကိုချူချာ အလုပ်မှ ပြန်လာသည်။ ရောက်ရောက်ချင်း မီးဖိုချောင်ဘက်သွားပြီး ရေခဲသေတ္တာကို ဖွင့်သည်။ ချက်ချင်းဆောင့်ပိတ်သည်။ ထို့နောက် မိန်းမကို လက်သီးစာ ကျွေးသည်။ မိန်းမဖြစ်သူ တုန်လှုပ်ချောက်ချားသွားသည်။ ဘာကြောင့် ရိုက်ပါလိမ့် စဉ်းစားသည်။ အင်း ရေခဲသေတ္တာထဲမှာ စားစရာနည်းနေလို့ နေမှာပဲ။

နောက်နေ့ ကိုချူချာ အလုပ်သွားသောအခါ မိန်းမသည် ဆိုင်သို့ပြေးပြီး ဖွယ်ဖွယ်ရာရာတွေ ၀ယ်သည်။ ရေခဲသေတ္တာတစ်ခုလုံး စားစရာတွေနဲ့ ဖြည့်ထားသည်။ ညနေရောက်သော် ကိုချူချာ ပြန်လာသည်။ မနေ့က အတိုင်း မီးဖိုထဲဝင်ပြီး ရေခဲသေတ္တာ ကိုဖွင့်သည်။ ချက်ချင်ပြန်ပိတ်ပြီး မိန်းမကို လက်သီးစာ ကျွေးသည်။ ရှိုက်ကြီးတငင်ငိုရင်း မိန်းမဖြစ်သူ စဉ်းစားသည်။ ဘီယာမရှိလား လို့များလား။

မနက် ကိုချူချာ ထွက်သွားသွားချင်း ဘီယာ ပြေးဝယ်သည်။ ရေခဲသေတ္တာ ထဲ ထည့်သည်။ ဘီယာအေးအေးလေး သောက်လိုက်ရရင် သူရန်မရှာတန်ကောင်းရဲ့ ဟုတွေးသည်။

ကိုချူချာပြန်လာသည်။ မီးဖိုချောင်ဘက်သွားပြီး ရေခဲသေတ္တာကို ဖွင့်သည်။ မိန်းမဖြစ်သူ ရင်တမမနှင့်စောင့်သည်။ ရေခဲသေတ္တာ ဆောင့်ပိတ်သံ ကြားရသည်။ ကိုချူချာ အခန်းထဲ ၀င်လာပြီး မိန်းမကို လက်သီးစာ ကျွေးသည်။ မိန်းမဖြစ်သူ မအောင့်နိုင်တော့ဘဲ မေးလိုက်သည်။

"ရှင်ဘာဖြစ်လို့ ကျွန်မ ကိုရိုက်ရတာလဲ"
"မင်းရေခဲသေတ္တာထဲက မီးကို ဘယ်တော့ ပိတ်မလဲကွ ဟေ"



နေရာကောင်း
ကိုချူချာ သစ်ပင်ပေါ် တွယ်တက်သည်။ ဖြတ်သွားသူက မေးသည်။
"ဟေ့လူ၊ ဘာတက်လုပ်မှာလဲ"
"သရက်သီးစားမလို့"
"ခင်ဗျား ရူးနေသလား၊ ဒါ မန်ကျည်းပင်ပဲဟာ"
"ကျွန်တော့် အိပ်ထောင်ထဲမှာ သရက်သီးပါတယ်ဗျ"




တွေ့ရင်ပြောမယ်
ကိုချူချာကို လူဆိုးနှစ်ဦး တစ်ဖက်တစ်ချက်မှ ချုပ်ကိုင်ပြီး ကမ်းဆိပ်သို့ အတင်းဆွဲခေါ်လာသည်။

ကိုချုချာ၏ခေါင်းကို ရေထဲနှစ်လိုက်သည်။ ခဏအကြာတွင် ပြန်ပြီးမေးသည်။

"ပိုက်ဆံရှိသလား"
"မရှိဘူး"

ကိုချူချာကို ရေထဲနှစ်လိုက်ကြပြန်သည်။ ပထမအကြိမ်က ထက် အနည်းငယ် ပိုကြာအောင်ထားလိုက်သည်။ ထို့နောက် ပြန်ဖော်ပြီးမေးသည်။

"ရွှေကောရှိသလား"
"မရှိဘူး"

"ခေါင်းမာတဲ့ အကောင်" ဟုပြောပြီး လူဆိုးများ ကိုချူချာကို ရေထဲနှစ်လိုက်ပြန်သည်။ ခဏကြာသောအခါ ပြန်ဖော်ပြီးမေးသည်။

"ပိုက်ဆံမရှိဘူး ဟုတ်လား"
"ဟုတ်တယ် မရှိဘူး"
"ရွှေလည်းမရှိဘူး ဟုတ်လား"
"ဟုတ်တယ် မရှိဘူး"
"အဲဒါဆို ဘာရှိလဲပြော"

"ရေနောက်နေတော့ ဘာမှ မမြင်ရဘူး၊ ကျွန်တော့်ကို ခပ်နက်နက် နှစ်ကြည့်ပါ၊ တွေ့ရင်ပြောပါ့မယ်။"


ဆက်ဖတ်ချင်သေးရင်...

Tuesday, December 8, 2009

ရေစီးကြောင်း

သစ်သစ်တို့ရပ်ကွက်ထဲမှာ နိုင်ငံခြားသွားပြီဆို ဟိုးးးးးး သစ်သစ်တို့ငယ်ငယ်ခေတ်က သင်္ဘောသီးတွေလို ထင်နေကြတယ် ။ ချမ်းသာတယ်ပေါ့ ငွေကိုရေလိုသုံးမယ်ပေါ့ တိုက်ဝယ်မယ် ကားဝယ်မယ်ပေါ့ သူများအတွက် ဟုတ်ချင်ဟုတ်ပါမယ် သစ်သစ်အတွက်တော့ မဟုတ်ခဲ့ပါဘူးလေ ။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်တယ် ဆိုတော့လည်း အရာရာတွေးရစိတ်တွေပူရနဲ့ လိုအပ်တာဖြည့်ဆည်းရနဲ့ ဘ၀ရယ်များ နှစ်တွေသာကုန်လွန်သွားတယ် ဖြည့်ဆည်းလို့မဆုံးနိုင်ခဲ့ပါဘူး ။ စုမယ်ဆိုတာကတော့ ဟိုးးးးးးးးးးးး အဝေးကြီးမှာပါ.........

အစကတော့ year plan ပေါ့နော် ဒီနှစ်မှာဘာဖြစ်ရမယ်ပေါ့ ၁၀ခုသတ်မှတ်ထားရင် ၅ခုဖြစ်ကံကောင်းဆိုတော့ ၂၀၁၀ကစပြီး monthly plan စပြောင်းမယ်စိတ်ကူးလိုက်ပါပြီ ...ဟိဟိ ။ နောက်လကိုအသာဘေးချိတ် ဒီလအတွင်း ငါဘာလုပ်မယ် ဖြစ်အောင်လုပ်မယ် ဆိုတဲ့အတွေးနဲ့ လေအလျင်လိုမြန်နေတဲ့ အချိန်တွေကို နည်းမျိုးစုံနဲ့လိုက်ဖို့ တွေးတောနေပါတယ် ။ နိုင်ငံခြားမှာနေတာ စိတ်လွတ်သွားလို့မရပါဘူး အမြဲတမ်း အသိနဲ့သတိက ကပ်နေရပါတယ် ။ စားတာသောက်တာ ၀ယ်တာခြမ်းတာ အကုန်ပါပဲလေ စာရိတ်ကြီးမြင့်တဲ့ နိုင်ငံမှာနေတော့လည်း တစ်ချက်မှားတာနဲ့ကို တလလုံးကြွေးပတ်လည် ၀ိုင်းလာတတ်တယ်လေ ။

Spass သမားတစ်ယောက်ရဲ့ ဘ၀ကို လှမ်းကြည့်မယ်ဆိုရင် သူ့အခြေခံလစာက ၁၈၀၀ ပဲထားလိုက်ပါတော့ ။ ကျွမ်းကျင်မှုပေါ်မူတည်ပြီး ၂၀၀၀ကျော်တဲ့သူလည်း ရှိပါတယ် ဒီလိုပဲအချို့အလုပ်တွေက ၁၃၀၀ ၊ ၁၅၀၀ ပေးပြီး လုပ်ကိုင်နေရတဲ့ မောင်နှမတွေလည်း ရှိပါတယ် ။ ၁၈၀၀ လစာနဲ့ပဲ တစ်လစာအသုံးစာရိတ်ကို တွက်ချက်ကြည့်ကြမယ် ဆိုပါစို့ ။ မည်သူမဆို သစ်ထင်တယ် တစ်လ ၈၀၀တော့ ကုန်ကြတာပါပဲလေ ။ ရထားခ ၊ အိမ်ခန်းခ ၊ စားသောက်စာရိတ် ၊ ဖုန်းခ ၊ အင်တာနက်ခ စသဖြင့်ပေါ့ လျှော့လို့ရတာ ရှိသလို ၈၀၀ထက်ပိုကုန်တဲ့သူလည်း ရှိပါတယ် ။

ဘာသာစကားမတူ အယူအဆတွေမတူတဲ့ သူတွေကြားမှာ ၈နာရီနှုန်းနဲ့ စိတ်ပျော်အောင် အမျိုးမျိုးလုပ်ပြီး တလပြီးတလ ကုန်အောင်ဖြတ်သန်းရတဲ့ သူအတွက် တလသူစုနိုင်ရင် မြန်မာငွေ၇သိန်း အလွန်ဆုံးပါပဲ ။ ဒါတောင်အသားတင်မဟုတ်ပါဘူး လစဉ်အခွန်ငွေ ၈၀လေးကို ဖယ်ထားလိုက်ပါဦး ပြီးတော့လည်း လူလူသူသူဝတ်ရစားရဖို့အတွက် လစဉ်ကိုယ့်အပိုအသုံးစာရိတ်လေး ၅၀လောက်ဖယ်လိုက်ရင် ကိုယ့်ဆရာရေ မြှောက်လို့ပင်မတွက်ချင်တော့ပါဘူးလေ ။ ဒီတော့ နောက်ဆုံးအနေနဲ့ သုံးသပ်ရရင် ကျန်းမာရေးဒေါင်ဒေါင်မြည်နဲ့ တက်ကြွစွာလုပ်နိုင်မှ ဒီလူတစ်နှစ်အလွန်ဆုံးစုနိုင် သိန်း၇၀ထက်မပိုနိုင်ပါဘူးလေ ။

သစ်သစ်ဆိုလိုချင်တာက နိုင်ငံခြားသွားတိုင်း အထင်ကြီးစရာမလိုသလို ပြန်လာတိုင်းလည်း သူဌေးမဟုတ်ပါဘူး ဆိုတာပါပဲ ။ မိဘချမ်းသာလို့ ကျောင်းလာတက်တဲ့သူတွေကလွဲလို့ သာမန်သစ်သစ်တို့လို အလုပ်လာလုပ်တဲ့ သူတွေရဲ့ဘ၀ကတော့ ထပ်တူမကျရင်တောင် သိပ်ပြီးကွာဟမယ်မထင်ပါဘူးလေ ။ ရက်ပေါင်း၃၀၀ကျော်အလုပ်လုပ်ပြီးနောက် ရလာတဲ့ရက်ရှည်ခွင့်လေးမှာ ပြန်ဖို့အတွက်လှုပ်ရှားရတာလည်း ချမ်းသာလို့ပြန်တာမဟုတ်သလို ပြန်ခါနားနီးလေ ကိုယ်စုထားတဲ့ပိုက်ဆံလေးနဲ့ ၀ယ်ထားတဲ့လက်ဆောင်လေးတွေကို ဟိုလူ့ကိုပေးမယ် ဒီလူ့ပေးမယ်ဆိုတဲ့စိတ်ကူးလေးက စိတ်ကိုတော်တော်ချမ်းသာစေပါတယ် ။

လူတိုင်း မလှုပ်သာမလူးသာနဲ့ မြှုပ်ချည်ပေါ်ချည် ဖြစ်နေတဲ့ နိုင်ငံခြားရေစီးထဲမှာ သစ်သစ်ကိုယ်တိုင်လည်း မြှုပ်မသွားအောင် တတ်နိုင်သလောက်ကူးခပ်ရင်း ကြံဆောင်နေရတာ အချိန်တိုင်းပါပဲ ။ တခါတလေလည်း မွန်းကြပ်လွန်းလို့ လုပ်ချင်ရာသာ လုပ်လိုက်ချင်တာလည်း အခါခါပါ ။ နောက်တော့ ဒီရေစီးကြောင်းအပေါ်မှာ စီးမြောရင်းနဲ့ပဲ.......

ဆက်ဖတ်ချင်သေးရင်...

အရမ်းစိတ်ပူနေတယ်

အစ်ကို အရမ်းစိတ်ပူနေတယ် ။ ကျန်းမာပါစေ အော်ပရေးရှင်းလည်း အောင်မြင်ပါစေ ။ အနားမှာညီမနေမပေးနိုင်ပေမယ့် ထပ်တူထပ်မျှ စိတ်ပူနေပြီး ဘုရားမှာအချိန်တိုင်း ဆုတောင်းပေးနေပါတယ်နော် ။ အစ်ကိုအနားကို ပြန်လာမယ့်ရက်ကို စောင့်နေပါတယ် ။ ခွဲစိတ်ခံရမယ်ဆိုတဲ့ အစ်ကို့ရဲ့တိုးညှင်းတဲ့လေသံကို ကြားရတဲ့အချိန်မှာ ညီမဘယ်လိုခံစားနေရလည်း မြင်စေချင်တယ် ။

နေလို့မရ ထိုင်လို့မရ နဲ့ အကြိမ်ကြိမ်ဆုတောင်းနေမိတာက အစ်ကို ညီမအနားကို အမြန်ပြန်လာပါနော်...။

ဆက်ဖတ်ချင်သေးရင်...

Sunday, December 6, 2009

နီးလာပြန်တဲ့ ဒီချိန်ခါ

ဘာလိုလိုနဲ့ နေရပ်ကိုခဏပြန်ဖို့အချိန်ကျရောက်လို့ လာပြန်ပါပြီ ။ တနှစ်နဲ့တနှစ်က တကယ်ကိုမြန်ဆန်လွန်းပါတယ် ။ မနှစ်ကဒီဇင်ဘာက ဟိုနေ့ကလိုပါပဲ ခုတော့လည်းနောက်တစ်နှစ်ဖြစ်လာပြန်ပြီလေ ။ အချိန်ကလိုက်လို့ကိုမမှီနိုင်ပါဘူး ။ အစကတော့ ရုံးကခွင့်က ရမလိုလို မရမလိုလိုနဲ့ ဝေခွဲမရဖြစ်ခဲ့ပါသေးတယ် ။ ခုတော့ ဘာပဲဖြစ်ဖြစ် ငါ့မိဘကိုတစ်နှစ်မှာ တစ်ကြိမ်တွေ့ရမှဖြစ်မယ်ဆိုပြီး ခွင့်ရမရတောင် မသေချာပဲ လေယာဉ်လက်မှတ်ကို ၀ယ်ခဲ့ပါတယ် ။ နောက်မှသူတို့ကိုအသိပေးလိုက်ပြီး ကိုယ့်ဘာသာလည်းဆုံးဖြတ်ချက်ချလိုက်ပါတယ် ဘာပဲဖြစ်ဖြစ်ပြန်မယ်လို့ပေါ့နော် ။

ဒီတပတ်အတွင်း သူငယ်ချင်းတစ်ယောက်ကလည်း ရန်ကုန်ကိုအပြီးပြန်တော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုသိလိုက်ရတော့ လူကနောက်တလည်လည်ဖြစ်နေတဲ့စိတ်က ပိုပြီးတန်ပိုမြင့်လာခဲ့တယ်လေ ။ သူအလုပ်တွေလည်း အဆင်ပြေနေရဲ့သားနဲ့ ဘာကြောင့်များပြန်လဲလို့တော့ မစဉ်းစားတော့ပါဘူး သူလည်းသူ့ခံယူချက်နဲ့သူပေါ့နော် ဒီလိုဆိုတော့ ငါ့ခံယူချက်ရောဘာလဲလို့ အကြိမ်ကြိမ်ပြန်စဉ်းစားပြီး ရေရာတဲ့အဖြေထွက်မလာခဲ့ပါဘူး ။ ဘာဖြစ်ရမယ်ဆိုတာထက် ဘာလေးဖြစ်ရင်တော့ ဘာဆက်လုပ်မယ်ဆိုပြီး မရေရာတဲ့အနာဂတ်ကို ပုံဖော်နေမိတာ ငါများမှားနေလားနော်..။

ဒီလိုနဲ့ပြန်မယ့်ရက်နီးလာခဲ့ပြီဆိုတော့လည်း ထုံးစံအရ ဟိုဝယ်ဒီဝယ်ဖို့ ဇာတ်လမ်းလေးတွေ စလာခဲ့တယ် ဆိုပါစို့ ။ ဘယ်နေရာမှာများ လျော့ဈေးရှိမလဲ သတင်းစာကဖတ်ရတာလည်း အခါခါပါ ။ ကိုယ်နဲ့လိုအပ်တယ် မလိုအပ်ဘူးမသိ ဒါလေးကတော့ ဟိုသူအတွက် ဒါလေးကတော့ ဒီသူအတွက်ဆိုပြီး စိတ်ကူးနဲ့လည်း ပုံဖော်မိနေပြန်ရောပေါ့ ။ အိမ်ကသူများကတော့ ဇာတ်တိုက်ထားသလား မှတ်ရပါတယ် ကလေးအစ လူကြီးအဆုံး ဘာလိုချင်လဲဆိုတော့ ဘာမှမလိုချင်ဘူးတဲ့ ။ ချော့ကလက်ဆိုတော့လည်း မနှစ်ကနင်ဝယ်လာတာတောင် ပုလင်းထဲမှာပဲ ရှိသေးတယ်တဲ့ ။

အဖေအတွက် အကျီဆိုတော့ ငါ့ကိုမင်းသားမှတ်နေလားတဲ့ ဒီလောက်အကျီပို့ရအောင်တဲ့ နာရီဆိုတော့လည်း မနှစ်ကနာရီကို သေချာတောင်မပတ်ဖြစ်သေးဘူးတဲ့ ဒါဆိုရေဒီယိုလေးဝယ်လာမယ် ဘာလိုင်းညာလိုင်းနားထောင်ဖို့ဆိုတော့လည်း ၅၀၀၀ထောင်တန် တရုတ်ဖြစ်လေးနဲ့ အိုကေပါတယ်တဲ့ ကိုယ်လည်းဒါဆို ဘာဝယ်ရမလဲ ပြောဆိုတော့ လူပြန်လာရင်တော်ပြီတဲ့ သြော် မိဘမေတ္တာများ ကြီးလေစွနော် ။ အမေအတွက် ပါတိတ်ဆိုတော့ ၃လတစ်ခါပို့နေရအောင် နင့်ပါတိတ်တွေ ငါမချုပ်နိုင်တော့ဘူးတဲ့ ပြီးတော့ ၀မ်းဆက်တွေဝတ်ချင်စိတ်ပျောက်နေတယ်ဆိုပဲ (အမေဗြောင်ဝမ်းဆက်ဝတ်ပြီး ပဲများချင်နေတယ် ထင်တယ် ဟိ ) ဒါဆိုပုဝါ ဆိုတော့ အဘွားကြီးဆိုပြီး ဒီပုဝါတွေပဲပေးလွန်းလို့ ထုံးထားရတယ်တဲ့ ဒါဆိုအိတ်ဆိုတော့လည်း ငါ့သမီးရယ် အမေအိတ်တွေပြောင်းမကိုင်တတ်တာ သိရဲ့သားနဲ့တဲ့ ပစ္စည်းတွေပြောင်းထည့်ရတာ ဟိုကျန်ဒီကျန်နဲ့တဲ့ ကဲ သစ်သစ်ဘာဝယ်ရမလဲ ....။ စဉ်းစားလို့ကိုအဖြေမထွက်တော့ဘူး ကိုယ်ကလည်းဝယ်ပေးချင် လိုအပ်တာတွေ ဖြစ်စေချင်တယ် သူတို့ကလည်း အားလုံးရှိတယ်ဆိုတော့ ဦးနှောက်တော်တော်ခြောက်ရပါတယ် ။ မိဘနှစ်ပါးဆီက တူညီတဲ့စကားကတော့ ပြန်လာရင်အစီအစဉ်တစ်ခု လုပ်ထားတယ်တဲ့ ဘာမှဝယ်လာဖို့မလိုဘူးဆိုပဲ အရမ်းသိချင်ပြီး အရမ်းပြန်ချင်နေပါပြီ ။

အစ်ကို၂ယောက်ဆီ ဖုံးဆက်ပြီး ကိုကြီး ၊ ကိုငယ် ဘာလိုချင်လဲ မီးငယ်ဘာဝယ်လာရမလဲ ဆိုတော့ ဘာမှမလိုချင်ပါ တစ်နှစ်တစ်ခါပြန်လာပေးတာကိုပဲ ကျေးဇူးတင်ပါတယ် ညီမလေးရယ်တဲ့......ကောင်းလိုက်တဲ့အစ်ကို ၂ယောက် ဂွတ် ။ အမကိုမေးတော့လည်း စပျစ်သီးတဲ့ ကဲဘယ်လောက်ချစ်စရာကောင်းတဲ့ မောင်နှမတွေလဲနော် ။ တူတူမတွေ မေးလိုက်တော့လည်း တလေတည်းပါပဲ တီတီလေးကိုပဲတွေ့ချင်ပါတယ် လွမ်းလှပါပြီတဲ့ ။ ကြိုတင်များဇာတ်တိုက်ထားသလား သံသယတောင်ဝင်နေမိတယ် ဟိ ။ ဒီလိုနဲ့ပဲ သူငယ်ချင်းတွေ အသိတွေအတွက် ဟိုဝယ်ဒီဝယ်လုပ်ရင်းနဲ့ ပြန်မယ့်နေ့ကိုမျှော်နေမိပါပြီ ။

ပြန်ချင်တဲ့ဆန္ဒသာများနေပေမယ့် စလုံးပြန်လာရမယ့်နေ့ကိုတော့ ရင်မဆိုင်ချင်ပြန်ပါဘူး တလမ်းလုံးတင်းထားသမျှတွေက စလုံးရောက်လို့အခန်းလေးထဲ ပြန်ရောက်ရင်မျက်ရည်တွေအဖြစ် သွန်ချဖြစ်မယ်ဆိုတာ စိတ်ကအလိုလိုသိနေပါတယ် ။ နောက်မဝေးတော့တဲ့ ရက်ပေါင်း၈၀၀ကျော်ရင်တော့ ဒီစလုံးမြေကိုအပြီးခွဲခွာဖို့ရင်ဆိုင်လာရတဲ့ အခါကျရင်ရော ရန်ကုန်ကအခန်းလေးထဲမှာ စလုံးကိုလွမ်းတယ်ဆိုတဲ့ ခံစားမှုမျိုး ခံစားရမလားဆိုတာ ကြိုတင်ပြီးသိချင်နေမိပါတယ် ။ ဘာပဲဖြစ်ဖြစ် ပြန်ရတော့မယ်ဆိုတဲ့ စိတ်လေးက ရင်ထဲကိုနွေးထွေးနေပါတော့တယ် ။

ဒီရက်ပိုင်းတွေ ပို့စ်ရေးဖြစ်ဖို့ သေချာမယ်မထင်ပါဘူး အလုပ်ကလည်း နေ့ရော ညပါ ဆင်းနေရတော့ အရမ်းကိုပင်ပန်းပြီး လူကမလှုပ်ချင်လောက်အောင် ဖြစ်နေပါတော့တယ် ။ အားလုံးပဲ ခွင့်လွှတ်နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ် ။

ဆက်ဖတ်ချင်သေးရင်...