သစ်သစ် ဒီပိတ်ရက်မှာ စာလေးတွေရေးချင်ပေမယ့် စိတ်ကသိပ်ပြီးရေးချင်စိတ်မရှိတာနဲ့ သီချင်းလေးတွေပဲ တင်ဖြစ်တယ်ဆိုပါတော့နော် ။ လာဖတ်နေကြ သစ်သူငယ်ချင်းက စာတွေရေးပါတဲ့ သီချင်းပဲမတင်ပါနဲ့ ဆိုတော့ သစ်တက္ကသိုလ်တက်ဖို့ဖောင်တွေတင်တော့ ဘားအံကပြန်ခဲ့ရတဲ့ အတွေ့အကြုံလေး ပြောပြချင်ပါတယ် ။ ခုပြန်ရေးတော့ စိတ်လှုပ်ရှားစရာ သိပ်မရှိပေမယ့် ကြုံတွေ့တုန်းကတော့ တကယ်ကိုစိတ်လှုပ်ရှားခဲ့ရတဲ့ အတွေ့အကြုံတစ်ခုပါပဲ ။
သစ်သစ်ငယ်စဉ်ကတည်းက ဘားအံ ရန်ကုန်ဆိုတာ ခေါက်တုံ့ခေါက်ပြန် သွားနေရတဲ့ ခရီးလေးပါ ။ အမေပါတာရှိသလို တစ်ယောက်တည်းသွားတာလည်း ရှိတာပေါ့နော် ။ ဘားအံကနေ မနက်၈နာရီလောက်ထွက်တဲ့ကားက ရန်ကုန်ကို ညနေ၅နာရီလောက်ဆို ၀င်လေ့ရှိပါတယ် ။ ဘားအံကနေ ညနေ၆နာရီထွက်တဲ့ကားက ရန်ကုန်ကို မနက်၃နာရီလောက် ၀င်လေ့ရှိပါတယ် ။ အဲ့အခေါက်ကတော့ အမေသူမပါတော့ သစ်သစ်ကိုနေ့ကားနဲ့ပြန်ခိုင်းခဲ့ပါတယ် ။
ဘားအံကနေကျောင်းတက်ဖို့ လျှောက်လွှာတင်ရန် ပြန်လာရမယ်လို့အဖေက လှမ်းခေါ်တော့ပြန်ဖို့ စီစဉ်ရတော့တာပေါ့နော် ။ ဒီလိုနဲ့အမေက သစ်သစ်ကိုလမ်းမှာ ဓါးပြတွေဘာတွေတိုက်တတ်တော့ သူကနေ့ကားနဲ့ပြန်ဖို့လက်မှတ်ဝယ်ပေးပါတယ် ။ မနက်ဖက် ၈နာရီလောက်အိမ်ရှေ့မှာကားရောက်တော့ သစ်သစ်တစ်ယောက်တည်း စပြီးပြန်လာတယ်ဆိုပါတော့လေ ။ သံလွင်တံတားကိုဖြတ်ပြီး ၂နာရီလောက်စီးပြီးတဲ့အချိန်ရောက်တော့ ဟိုင်းလတ်ကားတွေက လမ်းပြောင်းပြန်ပြန်လာပြီး ပြန်လှည့်ပါ ရှေ့မှာရေကြီးနေတယ် တော်တော်ရေများတယ် ရက်ကြာမယ်ဆိုပြီး အော်ပါတယ် ။ ဒါပေမယ့် သစ်သစ်တို့ကားသမားက မလှည့်ပါဘူး အခြားကားတွေကလည်း မလှည့်ကြဘူးလေ ဆက်သွားကြတယ် ဆိုပါတော့ ။
ဒီလိုနဲ့ရေကြီးတယ်ဆိုတာ ကြားသာကြားဘူးပြီး တစ်ခါမှမကြုံဘူးတဲ့ သစ်သစ်တစ်ယောက်ကတော့ အေးအေးဆေးဆေးပဲ ဆက်လိုက်လာခဲ့တယ်လေ ။ ကားကနေ့လည် ၁၁နာရီလောက်ကျတော့ ရေကြီးတဲ့နေရာကို ရောက်လာပြီးရေကျချိန်ကို စောင့်ဖို့ရပ်ထားလိုက်ပါတယ် ။ ကားပေါ်ကသူများကလည်း ရေကြီးတဲ့နေရာနားကို သွားကြည့်ကြတာပေါ့ သစ်သစ်ကတော့ ထိုင်ခုံပေါ်ကနေ တစ်ဖ၀ါးမှမခွာပဲ နေခဲ့တယ် ။ သစ်သစ်ဘေးကအစ်ကိုကြီးကတော့ နောက်နေ့အရောက်မိုးကုတ်သွားရမယ်ဆိုပြီး နောက်ပြန်လှည့်တဲ့ကားတစ်စီးနဲ့ လိုက်သွားပြီး ရထားနဲ့ရန်ကုန်သွားမယ်ပြောသွားခဲ့တယ်လေ ။
ညဘက်ရောက်တဲ့အထိ ရေကမကျပဲ တောင်ကျရေတွေပါ ရောလာပြီးပိုကြီးလာခဲ့တယ်လေ ။ ဖြစ်တဲ့နေရာကလည်း ရွာတွေနဲ့မနီးဘဲ သောက်စရာရေ အိမ်သာသွားစရာတောင် ခက်ခဲလာခဲ့တယ် ။ ညနေစာလည်း မစားရတော့ ကားပေါ်ကလူတွေလည်း စကားသံတိတ်ဆိတ်လာခဲ့ပါတယ် ။ ည၁၀နာရီလောက်မှာ ကားအုံနာက ဆလွန်းကားနဲ့ဘားအံကနေ လိုက်လာခဲ့ပါတယ် ။ နောက်တော့ သူ့လိုင်းကခရီးသည်တွေအားလုံးကို ရေသန့်ဗူးနဲ့ ခေါက်ဆွဲကြော်ထုပ်တွေဝေပါတယ် ။ ရန်ကုန်က အဖေ နဲ့ ဘားအံက အမေကလည်း သစ်သစ်ပျောက်လို့ပျားတုတ်နေပါတော့တယ် ။ ဘားအံက အစ်ကိုကလည်း ကားကိုမြ၀တီကို ယူသွားတော့ သစ်သစ်ဆီကိုချက်ချင်းလိုက်လာလို့မရတော့ သစ်သစ်အမေက သစ်ဆီကိုကားတစ်စီးငှားပြီး ညတွင်းချင်းလိုက်လာပါတော့တယ် ။
ကိုရီးယားရုပ်ရှင်ထဲကလိုပါပဲ သစ်သစ်တို့ကားအုံနာက ကျိုက်ကော်ကိုသူ့ကား၃စီးလုံးပြန်လှည့်ပြီး ဘုန်းကြီးကျောင်းတစ်ခုမှာ သွားအိပ်စေပါတယ် ။ အမေကရေကြီးတဲ့နေရာကို လိုက်သွားပြီး ဟိုရောက်တော့ကားတန်းကြီးအရှည်ကြီးမှာ လမ်းဆင်းလျှောက်ပြီး သစ်ကိုလိုက်ရှာပါတယ် ။ မတွေ့တော့ အချို့ခရီးသည်တွေကလည်း ပြောပါတယ် တစ်ချို့တွေကရထားလမ်းရေမကျော်သေးတော့ ရထားနဲ့သွားကြတယ်ပေါ့နော် ။ သစ်သစ်လည်းအဲဒီအဖွဲ့နဲ့ပါသွားလောက်တယ်လို့ပြောပါတယ် ။ မနက်လင်းတဲ့အထိရှာတာမတွေ့တော့ အမေကဘားအံကိုပြန်လာခဲ့ပါတယ် ။ စိတ်တွေပူလို့ ရန်ကုန်ဖုန်းဆက်တော့ အဖေကလည်း ပြန်မရောက်ဘူးဆိုပြီး ရန်ကုန်ဘူတာကြီးရဲ့ ဘီးလင်းဘက်ကလာတဲ့ ရထားခရီးစဉ်တွေမှာ သစ်သစ်ကိုရှာပါတယ် ။ မတွေ့ဘူးဆိုတော့ အိမ်ကအစ်ကိုငယ်ကို ဘီးလင်းကိုလွှတ်ပြီး သစ်သစ်ကိုရှာပါတယ် ။ အမေကလည်းနောက်တစ်ခေါက် ကျိုက်ကော်ကိုပြန်ဆင်းတာပေါ့နော် ။
သစ်တို့နောက်တစ်နေ့ နေ့လည်လောက်ကျတော့ ရေကတော့မကျဘူး ဒါပေမယ့် အဲဒီအရပ်က ဆယ့်နှစ်ဘီးကားအုံနာတွေက သူတို့ကားမောင်းသမားတွေက ဒီလမ်းကိုမျက်စိမှိတ်ပြီး မောင်းလို့ရတယ်ဆိုပြီး ကားတွေငှားပါတယ် ။ သစ်သစ်တို့ကားအုံနာကလည်း ရန်ကုန်ကတက်လာတဲ့သူ့ခရီးသည်တွေကလည်း ဘီးလင်းမှာသောင်တင်နေတော့ ဒီဘက်အခြမ်းကခရီးသည်ကို ဟိုဘက်ပို့ပြီး ဟိုဘက်ကခရီးသည်ကို ဒီဘက်ပြန်ပို့ဖို့ ကားတစ်စီးငှားလိုက်ပါတယ် ။ လူတွေဆိုတာ ကမ္ဘာပျက်သလိုပါပဲ ကိုယ့်အထုတ် သူ့အထုတ်ဆွဲပြီး အဲ့ဒီကားပေါ်ကိုအတင်းလုတက်ကြပါတယ် ။ သစ်သစ်ကလည်း တက်မလို့စောင့်နေချိန်မှာ ကားမောင်းတဲ့ဦးလေးကြီးက သစ်သစ်ကိုတွေ့သွားတော့ သူကတစ်ချိန်တုန်းက သစ်သစ်တို့အိမ်မှာ လာမောင်းဘူးတဲ့သူဖြစ်နေတယ်လေ ။ ဒါနဲ့အဘွားကြီး အဘိုးကြီးတွေကိုပဲ ရှေ့ခန်းမှာတင်တဲ့အထဲ သစ်သစ်ကိုထည့်လိုက်ပါတယ် ။ ၁၂ဘီးကားရဲ့ အိပ်ခန်းကလည်း တော်တော်ကျယ်တယ်ဆိုတော့ လူ၅ယောက်လောက်ကတော့ ချောင်ချောင်ချိချိ နေလို့ရပါတယ် ။
ဒီလိုနဲ့ကားကစထွက်တော့ ရေပြင်ကြီးအတိုင်း ကန့်လန့်ဖြတ်မောင်းပါတယ် ။ လမ်းဆိုတာဘာမှမမြင်ရပါဘူး ထိပ်ပိုင်းသာပေါ်နေတဲ့ အပင်တွေကိုကြည့်ပြီး မောင်းနေတာက တော်တော်အသဲယားစရာ ကောင်းပါတယ် ။ ဘားအံဘက်ကိုရောက်ဖူးသူတိုင်းသိပါတယ် ဘားအံလမ်းတွေက မြင့်ပြီး အိမ်တွေကအောက်ဖက်မှာပါ ဒီတော့ရေကြီးတော့အိမ်တွေဆိုတာ ခေါင်မိုးပဲမြင်ရပါတယ် ။ ဒီလိုနဲ့ဖြည်းဖြည်းမောင်းလိုက်တာဟာ ဟိုဘက်ကမ်းအထိမရောက်ပဲ ရောက်ဖို့၁မှတ်တိုင်လောက်အလိုမှာ ကားကရှေ့ဆက်သွားလို့မရတော့ပါဘူး ။ ဒီကားပေါ်ပဲဆက်နေမလား ခါးလောက်ရှိပြီး အရှိန်နဲ့စီးနေတဲ့ရေမှာ လမ်းလျှောက်ဖြတ်မလားပေါ့ လူတော်တော်များများကတော့ တောင်ကျရေထပ်လာမှာစိုးတော့ ရေထဲဖြတ်မယ်ဆိုပြီး ဆုံးဖြတ်ကြပါတယ် ။ ကားမောင်းတဲ့ဦးကြီးကလည်း သစ်သစ်ကိုဖြတ်သွားလိုက်တဲ့ အိတ်တွေထားခဲ့လိုက် ဘားအံအိမ်ကိုပို့ပေးမယ်လို့ ပြောပါတယ် ။ ဒီလိုနဲ့သစ်သစ်တစ်ယောက် ၅ယောက်တစ်တွဲလက်ချိတ်ပြီး ရေထဲကိုစမ်းတ၀ါးဝါးနဲ့ စဖြတ်ပါတယ် ။ အတွေ့အကြုံသစ်လည်းဖြစ်လို့ ကြောက်လည်းကြောက် ပျော်လည်းပျော်တာပေါ့နော် ။
ဒီလိုနဲ့လူတွေက တစ်ရွေ့ရွေ့နဲ့ ဖြတ်နေလိုက်တာ သစ်သစ်တို့၅ယောက်တွဲမှာ ထိပ်ဆုံးကဦးကြီးတစ်ယောက်က ခြေချော်ပြီးအတွဲလိုက်ကြီး ရေနဲ့အတူပါသွားခဲ့တယ်လေ ။ သစ်သစ်ကအတွဲမှာနောက်ဆုံးဆိုတော့ နောက်အတွဲကဦးလေးတစ်ယောက်ကလှမ်းဆွဲလိုက်တော့ ယှက်ကန်ယှက်ကန်နဲ့ ကျန်ခဲ့တယ်လေ ။ ထိတ်လန့်ခြောက်ခြားတာကတော့ ဆိုဖွယ်မရှိပါဘူး ။ တကယ်တမ်းပြောရရင် အဲဒီဦးကြီးပေးတဲ့အသက်ပဲရှိပါတယ် ။ သစ်သစ်ကရေလည်းမကူးတတ်ဆိုတော့ ပါသွားရင်နစ်သေဖို့ပဲ ရှိပါတော့တယ် ။ ဒီလိုနဲ့ကမ်းနားဘက်ရောက်လာတော့ ကြက်ခြေနီတွေနဲ့ သစ်သစ်တို့ရန်ကုန်ဘက်က ကားအုံနာက သစ်သစ်တို့ကို ကြိုဆိုပါတယ် ။ ရေစိုနေတဲ့သစ်သစ်တို့ကို ကော်ဖီတိုက်ပြီး ရန်ကုန်ပြန်မယ့်ကားပေါ်ခေါ်တင်ပါတယ် ။ နေရာလက်မှတ်တွေလည်း မရှိပဲ ရတဲ့နေရာဝင်ထိုင်ကြပါတယ် ။
သစ်သစ်ကို ဘီးလင်းမှာလာကြည့်တဲ့အစ်ကိုငယ်က ရေမကျသေးတော့ ကူးလာမယ်မထင်ပဲ ရန်ကုန်ပြန်လှည့်ပါတယ် ။ အိမ်ရောက်တော့အဖေက ညီမပါမလာပဲပြန်လာတယ်ဆိုပြီး ချက်ချင်းကားပေါ်အဖေကိုယ်တိုင်တက်ပြီး ဘီးလင်းကိုပြန်ထွက်လာခဲ့ပါတယ် ။ သစ်သစ်စီးလာတဲ့ကား ပဲခူးနားရောက်တော့ ကားမောင်းတဲ့သူကပြောပါတယ် နောက်မှာကားအဖြူလေးတစ်စင်း စုံမီးထိုးပြီးရပ်ခိုင်းနေတယ်တဲ့ ရပ်လိုက်ရမလားဆိုပြီး စပယ်ယာကိုပြောသံကြားရပါတယ် ။ နောက်သစ်တို့ကားရပ်လိုက်တော့ အဖေရယ် စခန်းမှူးတစ်ယောက်ရယ် အိမ်ကကားစပယ်ယာလေးရယ် က သစ်စီးလာတဲ့ကားပေါ်အပြေးတက်ပြီး သစ်သစ်ရေ သစ်သစ်ရေ အော်ခေါ်ပါတယ် ။ သစ်သစ်ကလည်း ရှိတယ် ဒီမှာပါတယ်ဆိုပြီး အဖေကိုတွေ့တော့ အာဗြဲနဲ့အော်ငိုလိုက်တယ်လေ .. ရှက်ထှာ ။ နောက်ကားသမားကို သစ်အစ်ကိုကနှုတ်ဆက်ပြီး သစ်သစ်ကိုပြန်ခေါ်သွားပါတယ် ။ အင်းတကော်ရောက်တော့ အဖေက သစ်သစ်ကိုစားသောက်ဆိုင်တစ်ခုမှာ စားချင်တာစားဆိုပြီး ကျွေးပါတယ် ။ သစ်သစ်လည်းအငတ်လိုပဲ စားတော့တာပဲလေ နောက်သစ်မေမေကို အဖေကဖုန်းဆက်တော့ အမေကသစ်အသံလည်း ကြားရောငိုပြီး စိတ်တွေအရမ်းပူလို့ အိပ်လို့လည်းမရ စားလို့လည်းမရ သွားရှာတာလည်း မတွေ့နဲ့ဆိုပြီးဖုန်းချသွားပါတယ် ။ နောက်နေ့ကြားရတာကတော့ သစ်တို့ရေကိုဖြတ်လာတဲ့၁၂ဘီးကားလဲ တောင်ကျရေနဲ့အတူ မြောသွားတယ်ဆိုတာပါပဲ ။
ကံကောင်းလို့ ယနေ့မှာ သစ်သစ်ရယ်လို့ စာတွေရေးနိုင်တာပါ ။ စာတွေမရေးဘူးဆိုလို့ သစ်သစ်ရဲ့ကိုယ်တွေ့လေးကို ရေးချလိုက်ပါတယ် ။ သဘာဝဘေးကို ဘ၀မှာ အဲ့တစ်ကြိမ်သာကြုံဘူးပေမယ့် သစ်ဘ၀မှာတစ်သက်လုံး အမှတ်ရနေပြီး ဘယ်တော့မှမမေ့နိုင်တဲ့အဖြစ်လေးတစ်ခုအဖြစ် အမြဲတမ်းတည်ရှိနေတော့မှာဆိုတာ သေချာပါတယ် ။

ကြားဖူးတယ်..
ReplyDeleteမကြုံဖူးဘူး။။
အဖေ တာချီလိတ်ကိုသွားတုန်းက ကားနဲ့ ..
လမ်းမှာကားပျက်တော့ ဒုက္ခရောက်တာ ပြန်လာတော့ ပြောပြတယ်။။
ဒီဇင်ဘာလကြီးး..အေးလိုက်တာလည်း မပြောပါနဲ့တော့တဲ့။။
ပြန်လာတော့ လေယာဉ်နဲ့ ပြန်လာရတယ် ။။
ငှက်ဖျားမိ ပြန်လာတယ်။။
ကြောက်စရာကြီးတော်.... အဲ့လမ်းကို ခဏခဏ သွားဖူးတယ်..
ReplyDeleteဘီးလင်း ပတ်ဝန်းကျင်မှာ ရေကြီးပြီး၊ ရေပြန်ကျပြီးကာစ ရောက်သွားသေး...
ရေကြီးတာ အဲ့လောက်တောင် ဆိုးတယ်..
ReplyDeleteကြောက်စရာကြီးနော်...
ဒါတောင် ပြန်ရေးတော့ စိတ်လှုပ်ရှားစရာမရှိဘူးတဲ့..
ကြောက်ကြောက်..
“သစ်သစ်ကိုလမ်းမှာ ဓါးပြတွေဘာတွေတိုက်တတ်တော့ ”
ဒါလည်း ကြောက်ကြောက်
ဓါးပြကြီး သစ်သစ်
ကြောက်ကြောက်..
ဗြဲ))))))))))))
ဓါးပြကြီး သစ်သစ်
ကြောက်ကြောက်..
တီ ငယ်ငယ်က တော့ တောင်ကြီး ကျိုင်းတုံ ဘက် ကားနဲ့သွားဖူးတယ်
ReplyDeleteရက် ၂၀ လောက်ကြာသလားပဲ သိပ်တောင်မမှတ်မိတော့
သေချာတာကတော့ တော်တော်ကြာတယ်
လမ်းတွေကို ကိုယ့်ဘာသာ ကျောက်တွေနဲ့ဖို့ဖို့ပြီးသွားရသာပ
တမျိုးပျော်စရာကောင်းပါတယ်
ထမင်းတွေလဲချက်စားရတယ် ကားသမားတွေနဲ့
ကလေးဆိုတော့ ပျော်သာပဲ
မိုင်းဆယ်မိုင်းလဲဖြတ်ရတယ်လေ
စကားမစပ် စားစရာတွေအကြောင်းရေးပါအုံး မမသစ်
ရင်ထိတ်သည်းဖို ခံစားရတယ်
ReplyDeleteမိဘတွေ ဘယ်လောက်စိတ်ပူမလဲ ကိုယ်ချင်းစာမိတယ်
နောက် လျှောက်၂ မသွားပါနဲ့ 
တို့ သာဆို မြောပါသွားမှာ ရေထဲ သစ်မလို့  မမြောတာ အဟိ
တကယ်တော့ အဲ့တုန်းက ရေကြီးတာနည်း သစ် ရေထဲဆင်းလိုက်တော့ အာခိမိဒိနိယာမအရ ရေလျှံကုန်တာပိုဆိုးသွားတာ အော် အဲ့ပတ်ဝန်းကျင် ကလူတွေကို သနားလိုက်ပါဘိဟယ်
ReplyDeleteရေကြီးတာ နဲနဲ လို့ ပြောတာ
ReplyDelete