Tuesday, December 8, 2009

ရေစီးကြောင်း

သစ်သစ်တို့ရပ်ကွက်ထဲမှာ နိုင်ငံခြားသွားပြီဆို ဟိုးးးးးး သစ်သစ်တို့ငယ်ငယ်ခေတ်က သင်္ဘောသီးတွေလို ထင်နေကြတယ် ။ ချမ်းသာတယ်ပေါ့ ငွေကိုရေလိုသုံးမယ်ပေါ့ တိုက်ဝယ်မယ် ကားဝယ်မယ်ပေါ့ သူများအတွက် ဟုတ်ချင်ဟုတ်ပါမယ် သစ်သစ်အတွက်တော့ မဟုတ်ခဲ့ပါဘူးလေ ။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်တယ် ဆိုတော့လည်း အရာရာတွေးရစိတ်တွေပူရနဲ့ လိုအပ်တာဖြည့်ဆည်းရနဲ့ ဘ၀ရယ်များ နှစ်တွေသာကုန်လွန်သွားတယ် ဖြည့်ဆည်းလို့မဆုံးနိုင်ခဲ့ပါဘူး ။ စုမယ်ဆိုတာကတော့ ဟိုးးးးးးးးးးးး အဝေးကြီးမှာပါ.........

အစကတော့ year plan ပေါ့နော် ဒီနှစ်မှာဘာဖြစ်ရမယ်ပေါ့ ၁၀ခုသတ်မှတ်ထားရင် ၅ခုဖြစ်ကံကောင်းဆိုတော့ ၂၀၁၀ကစပြီး monthly plan စပြောင်းမယ်စိတ်ကူးလိုက်ပါပြီ ...ဟိဟိ ။ နောက်လကိုအသာဘေးချိတ် ဒီလအတွင်း ငါဘာလုပ်မယ် ဖြစ်အောင်လုပ်မယ် ဆိုတဲ့အတွေးနဲ့ လေအလျင်လိုမြန်နေတဲ့ အချိန်တွေကို နည်းမျိုးစုံနဲ့လိုက်ဖို့ တွေးတောနေပါတယ် ။ နိုင်ငံခြားမှာနေတာ စိတ်လွတ်သွားလို့မရပါဘူး အမြဲတမ်း အသိနဲ့သတိက ကပ်နေရပါတယ် ။ စားတာသောက်တာ ၀ယ်တာခြမ်းတာ အကုန်ပါပဲလေ စာရိတ်ကြီးမြင့်တဲ့ နိုင်ငံမှာနေတော့လည်း တစ်ချက်မှားတာနဲ့ကို တလလုံးကြွေးပတ်လည် ၀ိုင်းလာတတ်တယ်လေ ။

Spass သမားတစ်ယောက်ရဲ့ ဘ၀ကို လှမ်းကြည့်မယ်ဆိုရင် သူ့အခြေခံလစာက ၁၈၀၀ ပဲထားလိုက်ပါတော့ ။ ကျွမ်းကျင်မှုပေါ်မူတည်ပြီး ၂၀၀၀ကျော်တဲ့သူလည်း ရှိပါတယ် ဒီလိုပဲအချို့အလုပ်တွေက ၁၃၀၀ ၊ ၁၅၀၀ ပေးပြီး လုပ်ကိုင်နေရတဲ့ မောင်နှမတွေလည်း ရှိပါတယ် ။ ၁၈၀၀ လစာနဲ့ပဲ တစ်လစာအသုံးစာရိတ်ကို တွက်ချက်ကြည့်ကြမယ် ဆိုပါစို့ ။ မည်သူမဆို သစ်ထင်တယ် တစ်လ ၈၀၀တော့ ကုန်ကြတာပါပဲလေ ။ ရထားခ ၊ အိမ်ခန်းခ ၊ စားသောက်စာရိတ် ၊ ဖုန်းခ ၊ အင်တာနက်ခ စသဖြင့်ပေါ့ လျှော့လို့ရတာ ရှိသလို ၈၀၀ထက်ပိုကုန်တဲ့သူလည်း ရှိပါတယ် ။

ဘာသာစကားမတူ အယူအဆတွေမတူတဲ့ သူတွေကြားမှာ ၈နာရီနှုန်းနဲ့ စိတ်ပျော်အောင် အမျိုးမျိုးလုပ်ပြီး တလပြီးတလ ကုန်အောင်ဖြတ်သန်းရတဲ့ သူအတွက် တလသူစုနိုင်ရင် မြန်မာငွေ၇သိန်း အလွန်ဆုံးပါပဲ ။ ဒါတောင်အသားတင်မဟုတ်ပါဘူး လစဉ်အခွန်ငွေ ၈၀လေးကို ဖယ်ထားလိုက်ပါဦး ပြီးတော့လည်း လူလူသူသူဝတ်ရစားရဖို့အတွက် လစဉ်ကိုယ့်အပိုအသုံးစာရိတ်လေး ၅၀လောက်ဖယ်လိုက်ရင် ကိုယ့်ဆရာရေ မြှောက်လို့ပင်မတွက်ချင်တော့ပါဘူးလေ ။ ဒီတော့ နောက်ဆုံးအနေနဲ့ သုံးသပ်ရရင် ကျန်းမာရေးဒေါင်ဒေါင်မြည်နဲ့ တက်ကြွစွာလုပ်နိုင်မှ ဒီလူတစ်နှစ်အလွန်ဆုံးစုနိုင် သိန်း၇၀ထက်မပိုနိုင်ပါဘူးလေ ။

သစ်သစ်ဆိုလိုချင်တာက နိုင်ငံခြားသွားတိုင်း အထင်ကြီးစရာမလိုသလို ပြန်လာတိုင်းလည်း သူဌေးမဟုတ်ပါဘူး ဆိုတာပါပဲ ။ မိဘချမ်းသာလို့ ကျောင်းလာတက်တဲ့သူတွေကလွဲလို့ သာမန်သစ်သစ်တို့လို အလုပ်လာလုပ်တဲ့ သူတွေရဲ့ဘ၀ကတော့ ထပ်တူမကျရင်တောင် သိပ်ပြီးကွာဟမယ်မထင်ပါဘူးလေ ။ ရက်ပေါင်း၃၀၀ကျော်အလုပ်လုပ်ပြီးနောက် ရလာတဲ့ရက်ရှည်ခွင့်လေးမှာ ပြန်ဖို့အတွက်လှုပ်ရှားရတာလည်း ချမ်းသာလို့ပြန်တာမဟုတ်သလို ပြန်ခါနားနီးလေ ကိုယ်စုထားတဲ့ပိုက်ဆံလေးနဲ့ ၀ယ်ထားတဲ့လက်ဆောင်လေးတွေကို ဟိုလူ့ကိုပေးမယ် ဒီလူ့ပေးမယ်ဆိုတဲ့စိတ်ကူးလေးက စိတ်ကိုတော်တော်ချမ်းသာစေပါတယ် ။

လူတိုင်း မလှုပ်သာမလူးသာနဲ့ မြှုပ်ချည်ပေါ်ချည် ဖြစ်နေတဲ့ နိုင်ငံခြားရေစီးထဲမှာ သစ်သစ်ကိုယ်တိုင်လည်း မြှုပ်မသွားအောင် တတ်နိုင်သလောက်ကူးခပ်ရင်း ကြံဆောင်နေရတာ အချိန်တိုင်းပါပဲ ။ တခါတလေလည်း မွန်းကြပ်လွန်းလို့ လုပ်ချင်ရာသာ လုပ်လိုက်ချင်တာလည်း အခါခါပါ ။ နောက်တော့ ဒီရေစီးကြောင်းအပေါ်မှာ စီးမြောရင်းနဲ့ပဲ.......

6 comments:

  1. အိုင်ဖုံးလေး.............

    ReplyDelete
  2. သံယောဇဉ်..
    (ရေစီးကြောင်းလို့ ဆိုလို့)

    ReplyDelete
  3. ဒါကြောင့် လော်ရယ်ဆေးတို့  ဂျော်ဆေးတို့  ဘာတို့ ကို သစ်သစ်တို့ က လှည့်တောင်မကြည့်တာ ပင်၂ပန်း၂ ရှာရတဲ့ ငွေတန်ဖိုးကို နားလည်တာ နားလည်တာ သမီးအလိမ်မာတုံးလေး
    ဖုန်းဆိုလည်းကြည့်ပါလား နိုကီယာက ၄၈ ကျပ်တန်ဖုန်းပဲကိုင်တာ
    အ၀တ်အစားလည်း လော်လီမပေါ့ပေါင်
    အစားအသောက်လား အမလေး ရေသောက် ဗိုက်မှောက်နေတာပါနော် သစ်တို့ က အဲ့လို ချွေတာ တာပါ
    ဒုန်းးးးးးးးးးးးးး
    ဟဲ့ ပလုတ်တုတ်
    အော် ငါအိပ် မက် မက်နေတာကိုး

    ReplyDelete
  4. စာတွေလာဖတ်တယ်
    လာလည်တာကျေးဇူးပါရှင်
    လင့်ခ်လေးပါချိတ်ထားတယ်နော်

    ReplyDelete
  5. တို့လည်း ယက်ကန်ယက်ကန်ပါပဲ
    လိပ်ကို ပက်လက်လှန်ထားသလို

    ReplyDelete
  6. ထောလည်းမြှုပ်မသွားအောင် ကြိုးစားကြံဆောင်နေပါတယ်

    ReplyDelete