Friday, July 23, 2010

ဖေဖေ့ကိုချစ်တယ်

စင်္ကာပူရဲ့ သောကြာညနေခင်းတွေဟာ တချို့သူတွေအတွက်ပျော်ရွှင်စရာကောင်းပေမယ့် သစ်အတွက်ကတော့ ဘာမှမထူးတဲ့နေ့တွေထဲက ညနေတစ်ခုပါပဲ ။ ခုနောက်ပိုင်းသင်တန်းလေးတစ်ခုရှိလို့သာ ညနေဘက်အချိန်တွေကို အကျိုးရှိရှိအသုံးချဖြစ်တာပါ။ ဒီလိုနဲ့ပဲ ဒီနေ့လည်းတစ်ခုတည်းသော သောကြာဆိုတော့ ထုံးစံအတိုင်းစောပြန်ရောက်ပြီး အင်တာနက်ကနေ ရုပ်ရှင်လေးတစ်ကား ကြည့်ဖြစ်တယ်ဆိုပါတော့ ။

ရုပ်ရှင်မကြည့်ခင်ကလည်း အိမ်ကိုဖုန်းဆက် အလွမ်းသယ်ထားတဲ့ဓါတ်ခံလေးကလည်း ရှိနေတော့ကြည့်လိုက် ပြောလိုက်တဲ့အရာတိုင်းဟာ ဆွေးမြည့်ဖွယ်ကောင်းနေတော့တာပဲလေ ။ သရုပ်ဆောင်လူမင်းရဲ့ဖခင်မေတ္တာဖွဲ့ကားလေး ကြည့်ပြီးချိန်မှာ သစ်ရင်ထဲမှာ ဟာ ဆင်းသွားသလို ခံစားချက်မျိုးဖြစ်ပြီး အဖေ့ကိုပိုပြီး သတိရမိပါတယ် ။ နောက်ပြီး ငယ်စဉ်တုန်းကအဖေ အလိုလိုက်ခဲ့တာတွေကို ပိတ်ကားချပ်ပေါ် ပေါ်လာသလိုမျိုး တစ်ခန်းချင်းစီ ပုံရိပ်တွေလာထင်နေပါတော့တယ် ။ သစ်သစ်ကတစ်ဦးတည်းသောသမီးမဟုတ်ခဲ့ပေမယ့် သစ်အဖေက သစ်ကိုတစ်ဦးတည်းသော သမီးတစ်ယောက်လိုအချစ်မျိုးနဲ့ ချစ်ခဲ့တာပါ ။ အရွယ်ကွာတဲ့အစ်ကို၊အစ်မတွေကြားမှာ သစ်ကသီးခြားဖြစ်နေတာကတော့ သိပ်ဆန်းပြားမယ်မထင်ပါဘူး ။ ဒါပေမယ့် အဖေရဲ့ထူးထူးကဲကဲ အခွင့်အရေးပေးအချစ်ပိုတာကတော့ အမေနဲ့စကားများ ရန်ဖြစ်ယူရတဲ့အထိပါပဲ ။

အဖေက သစ်ကိုဘာလုပ်လုပ် တော်တော်လေးယုံကြည်ပါတယ် အရာရာကိုလည်း သစ်ကိုပဲဆုံးဖြတ်ခိုင်းပြီး နောက်မှသာ ဘယ်ဟာကဘယ်လိုပြောတတ်တဲ့သူမျိုးပါ ။ ငယ်စဉ်ကတည်းကဘယ်သွားသွားခေါ်လွန်းလို့ သစ်လာရင်အဖေမပါဘူးလား အဖေလာရင် သစ်မပါဘူးလား မေးတဲ့အထိပါပဲ ။ နောက်တစ်ခု အဖေက အစ်ကို ၊ အစ်မ တွေကို စစ်တပ်လိုပဲအုပ်ချုပ်သလို ဒါဆိုဒါပဲဆိုတဲ့ အမိန့်နဲ့ဆက်ဆံတတ်ပေမယ့် သစ်စကားဆိုရင်တော့ ကလေးဘ၀ကတည်းက သေချာစဉ်းစားမျှတွေးပေးတတ်ပါတယ် ။ စဉ်းစားပေးတယ်ဆိုတာထက် အလိုလိုက်ချင်တာကများတာပါလေ ။ မောင်နှမထဲမှာ ဘယ်သူမှမရတဲ့ အခွင့်အရေးမျိုးတွေ သစ်ရတတ်သလို သစ်ကိုယ်တိုင်ကလည်း အဖေယုံကြည်စိတ်ချ အားထားရတဲ့သူတစ်ယောက်ဖြစ်အောင် နေထိုင်နိုင်ခဲ့လို့လဲပါတယ် ထင်ပါတယ် ။

ကိုင်တွယ်ပုံကွာဟတော့ အမြင် အယူအဆတွေလည်း ကွဲလွဲသွားတာ သစ်ကိုယ်တိုင်ကိုယ်တွေ့ပါပဲ ။ သစ်အစ်ကို၊အစ်မတွေက ဆုံးဖြတ်ချက်တစ်ခုချတော့မယ်ဆို မိဘကိုပြောရင်တားဆီးမှာပဲလေဆိုတဲ့စိတ်မျိုး အလိုလိုဝင်နေတတ်တော့ သူတို့ဘာသာဆုံးဖြတ်လေ့ရှိပါတယ် ။ လောကအတွေ့အကြုံမရင့်သန်သေးတော့ ဆုံးဖြတ်ချက်တွေကမှားနေတတ်ပါတယ် ဒီတော့မိဘကပိုပြီး ထိန်းချုပ်ကြပ်မတ်လာပါတယ် ။ အဲဒီမှာပဲ သားသမီးနဲ့မိဘကြား နားလည်မှုတွေလွဲသည်ထက်လွဲလာခဲ့တယ်လေ ။ သစ်ကိုဖေဆုံးမတာကျတော့ ဖရီးစတိုင်လိုမျိုး ဖြစ်တော့ဘာမဆို သစ်ကမိဘကိုတိုင်ပင်ပြောဆိုလေ့ရှိတယ်ဆိုတော့ ဟိုလိုရောမဖြစ်နိုင်ဘူးလား ဒီလိုကျတော့ရောဆိုပြီး ကိုယ်မမြင်နိုင်တှဲ့ရှု့ထောင့်တွေကို မြင်တတ်လာခဲ့တယ်လေ အမှားမရှိဘူးလို့မဆိုနိုင်ပေမယ့် အမှားနည်းတယ်လို့တော့ ပြောလို့ရတဲ့အနေအထားမှာရှိပါတယ် ။

ရေခြားမြေခြားသွားအလုပ်လုပ်မယ်ဆိုတော့လည်း အမေကတော့ မိန်းကလေးဆိုတော့ပူပင်တာတစ်မျိုးပေါ့ အဖေသည်လည်းပူပင်ပေမယ့် သူစိတ်ပူတာကိုသစ်ရှေ့ကိုမပြတတ်ပါဘူး ။ ဆုံးမစကားကိုလည်းတတွတ်တွတ်လိုက်မပြောပါဘူး ။ ကိုယ်ဖြစ်ရင်ကိုယ်ခံ ဆိုတဲ့စကားတစ်ခွန်းရယ် ဖြစ်ပြီးမှတတဲ့နောင်တဆိုတဲ့အနက်ရယ်ကိုပဲ သေချာရှင်းပြခဲ့ပါတယ် ။ သမီးလိုလားပို့ပေးမယ်ဆိုတဲ့စကားကိုလည်း ခုထိမေးဆဲမေးတုန်းပါပဲလေ ။ တစ်နှစ်ထက်တစ်နှစ်ပြန်ချိန်တွေမှာ အရွယ်အတော်ကျလာတဲ့ အဖေ့ကို ကိုယ်ကကြည့်ရင် ဂရုဏာမျက်ဝန်းတွေနဲ့ အဖေက သမီးကိုကြည့်ရင် ဂုဏ်ယူတတ်တဲ့မျက်လုံးတွေနဲ့ အချိန်ကာလတွေက သားအဖကြားကမျက်ဝန်းတွေကိုပါ ပြောင်းလဲပေးခဲ့ပါတယ် ။

ငယ်စဉ်တုန်းကဆို စာကြိုးစားပါ ရည်ရွယ်ချက်ထားပါ ငွေကြေးမချို့မတဲ့နဲ့စာသင်ရတာ ကုသိုလ်ကံကောင်းလို့ဆိုတာကတစ်မျိုး ဘာသာရေးမှာလည်း ခရစ်ယာန်ရယ် ဗုဒ္ဒဘာသာရယ် မဟုတ် ကိုယ်ယုံကြည်ရာ ကိုးကွယ်ဖို့ကို တိုးတိုးလိုတစ်မျိုး ကျယ်ကျယ်လိုတစ်သွယ် လမ်းချပြပေးခဲ့ပါတယ် ။ ဘုရားစာတွေကျက်လို့မှတ်လို့ရွတ်ဆိုနိုင်တယ်ဆို အဖေ့မှာဝမ်းတွေသာနေပေမယ့် အမေ့ရှေ့မှာတော့ ငါတို့ဘာသာဆိုပြီးမော်ကြွားကာ သမီးကိုတစ်ခါမှမဆုံးမခဲ့ပါဘူး ။ ဘာသာတိုင်းကကောင်းမွန်တယ်ဆိုတာကိုပဲ ဘယ်စာအုပ်တွေဖတ်ဆိုပြီး သစ်ကိုလမ်းကြောင်းပေးခဲ့တာ ငယ်စဉ်ကနားမလည်ခဲ့ပေမယ့် ခုလိုအရွယ်ရောက်တော့အဖေ့ရဲ့စေတနာတွေကို သိမြင်လာခဲ့ပါတယ် ။

အလည်ခဏပြန်လို့ သမီးစိတ်ကြိုက်ဘာမဆို လိုက်လျောတတ်ပြီး သမီးနဲ့ညဘက်တွေစကားပြောချင်လွန်းလို့ သမီးအခန်းနားရစ်ဝဲနေတတ်တာ သူ့ရင်ထဲကပြောချင်တဲ့စကားတွေကို ခုမှပဲတစ်လုံးတစ်ခဲတည်းပြောရတော့မယ်ဆိုပြီး ပျော်နေတတ်တာ လေဆိပ်ကိုဘယ်တော့မှ လိုက်မပို့တတ်တာ ရောက်လာရင်လည်းခြံထိပ်ကနေပဲ ကြိုနေတတ်တာ မနက်ဆိုခုချိန်ထိ ဘာစားမလဲလာမေးနေတတ်တာ သူ့ကိုဆေးမသောက်လို့ဆူရင် ငါကလေးမဟုတ်ဘူးဆိုပြီး စိတ်ပြန်လုပ်တတ်တာလေးတွေက လုပ်ပေးနေချိန်မှာ ဘာမှမဟုတ်သလိုဖြစ်ခဲ့ပေမယ့် တစိမ့်စိမ့်ပြန်တွေးကြည့်ရင် တစ်သိမ့်သိမ့်ခံစားရပါတယ် ။

ဖေဖေရယ် အခွင့်ရှိခဲ့သေးရင်တော့ အချိန်တစ်ခုပေးပြီး အဖေပြောတဲ့တရုတ်ဖြူတွေ တိုက်ပွဲအကြောင်း ၊ အဖေ့ငယ်ဘ၀အကြောင်း ၊ ဗိုလ်သင်တန်းအကြောင်း ၊ အဖေတို့မြို့အကြောင်း ၊ အမေ့အကြောင်းတွေကို သမီးတစ်ဝကြီးနားထောင်ချင်ပါသေးတယ် ။ ဘ၀ဆိုတဲ့တိုက်ပွဲတစ်ခုမှာ သမီးရောက်နေပေမယ့် စစ်မျက်နှာဖွင့်ပေးခဲ့တဲ့ အဖေ့ကျေးဇူးတွေကို သမီးဒီတစ်သက်ပြန်ဆပ်ဖို့ မှီပါဦးမလားနော် ။ အဖေ့ဆီမှာသမီးလိုချင်တာတွေအများကြီးရှိသေးတယ် တန်ဖိုးရှိတဲ့အဖေ့အတွေ့အကြုံတွေကို မှတ်တမ်းတင်ချင်ပါသေးတယ် ။ သမီးတို့မိသားစုဒီအခြေအနေတစ်ခုရောက်အောင် မားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့ အဖေ့ကိုသမီး သိပ်ချစ်ပါတယ် အဖေ. ..... ။ ဇူလိုင်လ၂၃ရက်နေ့မှာကျရောက်တဲ့ မင်္ဂလာသက်တမ်း ၄၇နှစ်ပြည့်မှသည် နောင်နှစ်၁၂၀တိုင် ဖေချစ်တဲ့ဒီသားသမီးမြေးတွေနဲ့ ထာဝရအတူတကွ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းရင်း အဖေ့ကိုသတိရတမ်းတစိတ်တွေနဲ့ ဒီပို့စ်လေးတစ်ပုဒ်ချရေးဖြစ်ခဲ့ပါပြီ အဖေ.....။ ကျန်းမာရွှင်လန်းပါစေ ဖေဖေ ။


ဆက်ဖတ်ချင်သေးရင်...

Wednesday, July 14, 2010

ခရီးသွားမယ်ကွယ်

သစ်ငယ်စဉ်ကတည်းက ရောက်ဖူးချင်တဲ့ နေရာလေးတွေ ရေးမှတ်ထားလေ့ ရှိပါတယ် ။ ခရီးဝေး ဘုရားဖူးထွက်လေ့ မရှိတဲ့သစ်မိသားစုမှာ သစ်ကခရီးသွားတာကို ၀ါသနာပါနေတော့လည်း ခက်သားလားနော် ။ ငယ်စဉ်တုန်းကတော့ စိတ်မချလို့တဲ့ နောက်တော့လည်း အကြောင်းတွေကများတော့ မရောက်ဖြစ်ပါဘူး ။ ကရင်ပြည်နယ်ကတော့ အမြဲသွားနေကျလမ်းဖြစ်လို့ သိပ်မထူးပါဘူး ။

အရမ်းရောက်ဖူးချင်တာကတော့ ပုဂံပါ တခါမှမရောက်ဘူးလို့ ကိုယ့်ဘာသာမြန်မာမစစ်ဘူးလို့တောင် ခံယူထားပါတယ် ။ မြန်မာဆို ပုဂံကိုရောက်ဖူးသင့်တယ်လို့ သစ်ထင်နေမိလို့ပါ ။ (အမြင်ကွဲနိုင်ပါတယ်) ။ ခုထိ ပုဂံကိုဆန္ဒသာရှိပြီး မရောက်ဖူးသေးပါဘူး ။ နောက်တစ်နေရာကတော့ ချင်းတောင်တွေဘက်ပါ လူမျိုးတွေအကြောင်းလေ့လာချင်သလို တောင်ဇလပ်တွေပွင့်တဲ့ ချင်းပြည်နယ်ကိုသဘောကျမိတယ်လေ ။ အရမ်းရောက်ဖူးချင်တဲ့နေရာ၂ခုလုံး မရောက်ဖူးသေးပါဘူး ။ အခွင့်အရေးအရရော ငွေကြေးအရရော ကြိုးစားနေဆဲပေါ့...း) ။

အိပ်မက်တွေထဲက မန္တလေး ၊ ပြင်ဦးလွင် ၊ မုံရွာ ၊ စစ်ကိုင်း စတဲ့နေရာတွေကိုတော့ စလုံးမလာခင် သွားဖြစ်ခဲ့ပါတယ် ။ မင်းကွန်းလည်း ရောက်ခဲ့တယ်ဆိုပါတော့လေ ။ နောက်တစ်ခုကတော့ ကမ်းခြေတွေပါ ရေနဲ့ဝေးတဲ့အရပ်ဒေသမှာ ကြီးပြင်းတော့ရေကိုအများကြီးမြင်ချင်တယ် ပင်လယ်ကိုမြင်ဖူးချင်တာ မဆန်းပါဘူးလေ ဒါကြောင့် ငပလီကလည်း သွားချင်တဲ့နေရာမှာပါခဲ့တယ်လေ ။ ဆရာကျေးဇူးကြောင့် ငပလီ ရော ကမ်းသာယာရော ရောက်ဖူးခဲ့တဲ့အပြင် ရခိုင်ဒေသရဲ့ ဓလေ့တစ်ချို့ကိုလည်း မြည်းစမ်းခွင့်ရခဲ့ပါတယ် ။ ကျိုက်ထီးရိုးကတော့ မမသူငယ်ချင်းတွေနဲ့ ၂ခေါက် ကိုယ့်သူငယ်ချင်းတွေနဲ့တစ်ခေါက် ရောက်ဖူးခဲ့လို့ ကျေနပ်မိပါတယ် ။ နောက်ဆုံးသစ်သစ်ရောက်ဖူးခဲ့တာကတော့ ဒီတရုတ်နှစ်ကူးပြန်လည်တော့ အင်းလေး ၊ တောင်ကြီး စတဲ့ ရှမ်းပြည်ဘက်ကို မထင်မှတ်ပဲရောက်ခဲ့ပါတယ် ။ သိပ်ကိုပျော်ခဲ့ပါတယ် အဖော်လိုက်ပေးတဲ့သစ်အမကို ကျေးဇူးအရမ်းတင်ပါတယ် ။

ဒီတစ်ခါပြန်ရင်တော့ မွေးရပ်မြေဖြစ်တဲ့ မကွေးဘက်ကို သွားမယ်စဉ်းစားထားပါတယ် ။ ရွှေစက်တော် ၊ မင်းဘူး ဘက်ရောပေါ့ ။ အမေရော အဖေပါလိုက်နိုင်တဲ့ ခရီးစဉ်လေးတစ်ခုသွားဖြစ်အောင် သစ်စီစဉ်ဖို့စဉ်းစားထားပါတယ် ။ ဒီနေ့ အင်တာနက်ကနေ ကိုယ့်နိုင်ငံကိုကြည့်ရင်း သွားချင်တာလေးတွေနဲ့ သွားပြီးတာလေးတွေ ချရေးဖြစ်ခဲ့တယ် ။ နောက်ထပ်သွားနိုင်ဖို့ ငွေစုလိုက်ဦးမယ်ကွယ်...ဟိ ။

ဆက်ဖတ်ချင်သေးရင်...

Sunday, July 11, 2010

တစ်နှစ်ဆိုတဲ့အချိန်

တစ်နှစ်ပြည့်နေတာကို အမှန်ပြောရရင် သစ်သတိမရမိပါဘူး ။ ဒီနေ့ ဟိုဒီလိုက်ကြည့်ရင်း ပထမဆုံးပို့စ်ကို အလိုအလျောက်ရောက်သွားတော့ မနှစ်က ဇူလိုင် ၉ရက်နေ့မှာ သစ်ဘလော့ကိုစတင်လုပ်ဖြစ်ခဲ့တာကို သတိထားမိသွားတယ် ။ ဘာလိုလိုနဲ့ ခံစားချက်တွေ ပျော်ရွှင်ခြင်းတွေ ၀မ်းနည်းခြင်းတွေ ချရေးဖြစ်ဖို့ သူတာဝန်ကျေကျေနေရာလေးတစ်ခု အနေနဲ့ထမ်းဆောင်ခဲ့တာ ၁နှစ်တောင်ရှိခဲ့ပြီပဲလေ ။ တကယ်ဆို သစ်သူ့ကိုမေ့နေမိတာ တာဝန်မကျေသလိုတောင် ခံစားမိတယ် ။


တကယ်တော့ သစ်ဘလော့တွေ စတင်ဖတ်ဖြစ်လာတာ wesheme ဆိုတဲ့ဘလော့လေးက စတင်ခဲ့တာပါ ။ အဲဒီဘလော့လေးက သစ်သစ်ကိုရသမျိုးစုံပေးခဲ့တဲ့အပြင် အခြားဘလော့လေးတွေ မြည်းစမ်းခွင့်ကိုလည်း အဲ့ဒီဘလော့လေးကတဆင့် ရခဲ့တာပါ ။ ကျေးဇူးတင်ပါတယ် အစ်ကို နဲ့ အမ ....။ သစ် အဲဒီဘလော့လေးမှာ စိတ်ဝင်စားဆုံးအရာကို ပြောရရင် အစ်ကို ၊ အမ တို့ရဲ့ သမီးဦးလေးဖြစ်တဲ့ ညီမလေးရဲ့လှုပ်ရှားမှု ပုံရိပ်လေးတွေပါပဲ ။ ကလေးချစ်တတ်တဲ့ သစ်သစ်ကတော့ အဲ့ဘလော့မှာ ကလေးလေးအကြောင်းပါရင် မသွားရ မနေနိုင်လောက်အောင်ပါပဲ ။ အဲဒီကနေ တဆင့် ကိုစိုးထက် ဆိုတဲ့အစ်ကိုတစ်ယောက်ရဲ့ ဘလော့ကိုရောက်ခဲ့ပါတယ် ။ နောက်ပိုင်းကျတော့ အဲ့အစ်ကိုဘလော့ကို စွဲစွဲမြဲမြဲ အဟောင်းလေးတွေ ဖတ်ဖြစ်တဲ့အပြင် အခုနာမည်ကျော် မခင်ဦးမေ ဆိုတဲ့ဘလော့ကို အမှတ်မထင်တွေ့ရှိခဲ့ပါတယ် ။ အဲ့အချိန်မှာ သစ်သစ် မဟုတ်တဲ့ဘလော့လေးတစ်ခု စတင်ဖြစ်တဲ့အချိန်လေးပဲ ဆိုပါတော့ ။

နေ့နေ့ညည ဘလော့မှဘလော့ပါပဲ အဲဒီဘလော့ကနေတဆင့် ခင်မင်ရင်းနှီးလာရတာကတော့ မခင်ဦးမေလို့ခေါ်တဲ့ မမပါပဲ နောက် မမ၀ါ နောက်ပိုင်းဘလော့နဲ့ပက်သက်တာတွေ ဖတ်ရင်းရောက်ခဲ့တာကတော့ သစ်အစ်ကိုလိုခင်မင်ရတဲ့ ကိုရန်အောင်ဘလော့လေးပါပဲ ။ နောက်ပိုင်းဘလော့မျိုးစုံကို ဖတ်တတ်လာခဲ့တဲ့အပြင် ဟတ်စတေရှင်ဆိုပြီး ပို့စ်လေးတွေရေးတတ်တဲ့ ကိုဘ ဘလော့ကိုရောက်သွားချိန်မှာ ဘလော့လောကသူငယ်ချင်းများစွာ ရလာခဲ့ပါတယ် ။ ကိုဘစီဘောက်မှာ အတူတကွ ချက်တက်ကြရင်းနဲ့ ဒေါက်တာစတိ (ခုဆိုအားလုံးကို အဆက်အသွယ်ဖြတ်သွားပါပြီ ) ၊ ထိုင်ဝမ်က ပေါက် ၊ ချစ်စရာမဲလေး ၊ စလုံးကတော့ မျိုး ၊ မေဖလားဝါး ၊ ဆင်ဆင် ၊ ရန်ကုန်ကဆို နန်းညီတို့နဲ့ မမခင်ဦးမေကနေဆင့် သိလာတဲ့ ခင်မင်ဖွယ်ကောင်းတဲ့ အွန်လိုင်းသူငယ်ချင်းတွေပါပဲ ။ ခုချိန်ထိလဲ ဆက်လက်ခင်မင်နေတုန်းပါပဲ မိဝေးဖဝေးနိုင်ငံမှာ အလုပ်လုပ်လာလုပ်ကြတဲ့ မောင်ငယ် ညီမငယ်တွေကို စောင့်ရှောက်ကြတဲ့ အစ်ကိုအစ်မ အသစ်တွေရလာသလို စီဘောက်မလာရင်လဲ ဘာဖြစ်လဲ နေမကောင်းဘူးလား ဖုန်းဆက်မေးကြတဲ့အထိ တစ်ဦးပေါ်တစ်ဦး ခင်တွယ်လာခဲ့ကြပါတယ် ။

အဲဒီအချိန်မှာ သစ်စခဲ့ဘလော့လေးကို အကြောင်းအမျိုးမျိုးကြောင့်ဖြတ်ပစ်ခဲ့ပြီး စာဖတ်သူအနေနဲ့ပဲ နေလာခဲ့တာ ၈လလောက်ကျော်လာတော့ သစ်သစ်စာတွေပြန်ရေးချင်လာမိပြန်တယ် ။ အားပေးဆုံးကတော့ မမပေါ့ ပြန်ရေးပါ လာဖတ်မယ် ပြန်ရေးပါ အမြဲပြောပြီး ဟင်းတွေချက်ပါလို့ အားပေးတတ်သူပေါ့ ။ ဒါနဲ့ပဲ ၂၀၀၉ ဇူလိုင် ၉ရက်နေ့မှာ သစ်သစ်ဘလော့လေးကို စတင်ဖန်တီးခဲ့ပါတယ် ။

သစ်ဘလော့လေးကို အစစအရာရာ အဆင်သင့်ရေးနိုင်အောင် ပြင်ဆင်ပေးတဲ့အစ်ကို့ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် ။ နောက်ကွန်မန့်လေးတွေပုံမှန် လာပေးတဲ့သူငယ်ချင်းတွေရော ကျေးဇူးတင်ပါတယ် ။ နောက်သစ်နဲ့ခင်သည်ဖြစ်စေ မခင်သည်ဖြစ်စေ သစ်ဘလော့ကိုပုံမှန်ဖတ်ပြီးလာလည်နေကျ သူငယ်ချင်းတွေရော တခဏတာ ကလစ်လေးတစ်ချက်ယောင်ပြီး ပေးလိုက်မိပြီးရောက်လာတဲ့ သူငယ်ချင်းတွေကိုရော သစ်ကကျေးဇူးအများကြီးတင်ရှိကြောင်း ဒီပို့စ်လေးနဲ့ပြောလိုက်ပါရစေနော် ။ သစ်နောက်ပိုင်းပို့စ်များကို အလျဉ်းသင့်သလို ရေးသွားမှာဖြစ်သလို အရေးကျဲခဲ့ရင်လည်း ခွင့်လွှတ်ပေးကြပါဦးလို့ ဒီနေရာကနေပဲ တခါတည်းတောင်းပန်လိုက်ပါတယ်နော် ...။

ဆက်ဖတ်ချင်သေးရင်...

Wednesday, July 7, 2010

ဓါတ်ကျချိန်

ဒီနေ့ အိမ်ကိုသတိရတယ် ပြန်ချင်တယ်ပြောရင် ပိုမှန်မယ် ။ စလုံးမှာနေရတာ မပျော်ဘူးဖြစ်နေတယ် ဖန်တရာထေနေတဲ့ စကားလုံးတွေနဲ့ ကိုယ့်ဘာသာနှစ်သိမ့်ရရင် ပျော်ရာမှာမနေရ တော်ရမှာနေရတဲ့လေ ။ ဒါတော့ ဒါပေါ့ မပျော်တာဘယ်လိုလုပ်မလဲ ။ တစ်ခါတစ်လေလည်း စိတ်ဆိုတာ ခက်သားလား လွှတ်ထားလိုက်ရင်မပြီးတော့ဘူး ကိုယ့်ကိုကိုယ်အားပြန်တင်းရပေါင်းလဲ များနေပါပြီလေ ။ အားငယ်တာ စိတ်ဓါတ်ကျတာတွေမရှိအောင် ကိုယ့်ဘာသာအချိန်တွေ မအားလပ်အောင်လုပ်ထားပေမယ့်လည်း တွေးချင်ရင်တွေးနေမိပြန်ရော စိတ်ညစ်တယ်လို့ပဲ ခေါင်းစဉ်တပ်ချင်တော့တယ် ။

လူရယ်လို့ဖြစ်လာရင် ကိုယ့်ဘာသာရှာဖွေစုဆောင်း တိုးတက်အောင်လုပ်သင့်တာ မှန်ပေမယ့် တခါတလေတော့လည်း သူများအားကိုးချင်တဲ့စိတ်တွေ ၀င်လာတတ်တာ သဘာဝပဲလေ ။ သစ်သစ်မျက်နှာဆိုအစဉ်ပြုံးရွှင်နေပေမယ့် စိတ်ညစ်စရာ ပူပင်စရာတွေကလည်း အများသားလား တချို့တွေကို ခဏမေ့ထား တချို့တွေကို ဦးစားပေးလို့ အလျင်းသင့်အောင် လုပ်နေသော်လည်း တစ်ခါတစ်လေကျတော့ စိတ်ကိုလျော့ချပလိုက်ချင်တယ် ။ ငါ့စိတ်သည်သာ ငါ့ဘ၀အတွက် အားကိုးရာဆိုပြီး မာန်ကိုတင်းလို့ ဖြတ်သန်းခဲ့ရပေါင်းလဲများနေပါပြီ ။ လောဘ ဒေါသ မောဟတွေနဲ့ ပြည့်နှက်နေတဲ့ ဒီလောကကြီးထဲမှာ ရှေ့ဆက်ဘယ်လိုခွန်အားတွေနဲ့ ဖြတ်သန်းရမလဲဆိုတာ တွေးလို့တောင်မနေချင်ပါဘူး။

စိတ်ဓါတ်ကျရောဂါဟာ တကယ်ဆိုးပါတယ် မျက်နှာသွင်ပြင် စိတ်တွင်းအားလုံး ပြောင်းလဲစေနိုင်လို့ ကြောက်မက်ဖွယ်ရောဂါထဲတောင် ထည့်လို့ရပါတယ် ။ ခုတလောစာတွေလည်းမဖတ်ဖြစ်သလို တစ်စုံတစ်ခုကိုပဲ တစ်စိုက်မတ်မတ်လုပ်နေမိတယ် ။ ပိတ်ရက်တွေမှာလည်း သွားတာလာတာများလာသလို ခံစားမိလို့ နောက်ရက်တွေကစလို့ ခြေချုပ်ပြန်ချတော့မယ် စဉ်းစားမိတယ် ။ မိဘတွေကို တခုခုလေးကြားတာနဲ့ အရမ်းစိတ်ပူတတ်တဲ့ ကိုယ့်စိတ်ကိုလည်း ထိန်းချုပ်မရဘူး ။ စိတ်ကထင့်ခနဲဆို ဖုန်းကောက်ဆက်လိုက် အသံလေးကြားမှ နေသာထိုင်သာရှိသလိုမျိုး ဖြစ်နေတယ် ။ စာတွေလည်းရေးချင်စိတ်မရှိ ကိုယ့်အပူတွေကို မရှယ်ချင်တာလဲပါပေမယ့် ခုတော့စိတ်ကဘယ်လိုမှ မနေနိုင်လို့ ပို့စ်လေးတစ်ပုဒ်ချရေးလိုက်ပါတယ် ။

ချစ်သူကတော့ ကိုယ့်အပေါ်သိပ်ကိုကောင်းပါတယ် တခါတလေ သူပင်ပန်းချိန်တွေဆို ကိုယ်ကရစ်တတ်လို့ သူအနှောင့်အယှက်ဖြစ်တာတွေကိုတောင် အားနာမိပါတယ် ။ အရာအားလုံးအဆင်ပြေပြေနဲ့ပဲ ဖြတ်သန်းနိုင်ဖို့ ကိုယ့်ဘာသာစိတ်လေး တည်ငြိမ်အောင် သီလရှင်ဝတ်ရင်ကောင်းမလားဟင်....း) ။ သစ်ကိုတော့ဝတ်ပါလားလို့ ချစ်သူကတော့အားပေးနေပြီလေ....။ စိတ်ညစ်စရာတွေဖတ်ပြီး ညစ်သွားမှာစိုးလို့ ဒီလောက်ပဲရေးတော့မယ်နော် ... မွ ။

ဆက်ဖတ်ချင်သေးရင်...

Friday, July 2, 2010

တွေ့ဖြစ်ကြတယ် 26.6.2010

သစ်တို့ပြီးခဲ့တဲ့အပတ်က ဗစ်စီဘောက်ကနေ ညီအစ်မလိုခင်နေတဲ့ သစ်သူငယ်ချင်းတွေနဲ့ သစ်အိမ်မှာအသုတ်စုံလေး လုပ်စားဖြစ်ခဲ့ပါတယ် ။ ဒီလိုလုပ်စားဖြစ်ဖို့ စလာတာကတော့ မိုးအေးတဲ့တစ်နေ့မှာ ချက်တက်နေရင်း ဗစ်ကအသုတ်စုံလေး စားချင်လိုက်တာဆိုတော့ အိုင်ဒီယာရသွားပြီး အားလုံးကိုသစ်အိမ်မှာလာပြီး အသုတ်စုံလာစားဖို့ သစ်ဖိတ်လိုက်မိပါတယ်။ အဲဒီနေ့က ပျော်စရာလည်းတကယ်ကို ကောင်းခဲ့ပါတယ် ။ သစ်ကသူတို့ကိုအိမ်မှာတစ်ခုခုလုပ်ကျွေးချင်စိတ်ရှိနေပေမယ့် သစ်နေမကောင်းဖြစ်နေတာကတကြောင်း အားလုံးအဆင်ပြေမယ့်အချိန်ညှိနေရတာကတစ်ကြောင်းဆိုတော့ တော်တော်နဲ့လူမစုဖြစ်ပါဘူး ။

အဲဒီနေ့က သစ်အိပ်ယာကတောင် မနိုးသေးလို့ အလုပ်ကိုရောက်နေတဲ့ ညညကဖုန်းဆက်ပါတယ် ထတော့ဈေးသွားဖို့တဲ့ တော်ကြာသူရုံးကလာရင် အသုတ်စားလို့မရသေးမှာစိုးလို့ ထင်ပါတယ် ... ဟိ ။ စီဘောက်ထဲဝင်တော့လည်း မမထောလေးက အော်နေပါပြီ ဘယ်သူမှမနိုးသေးဘူးလား ဘာလား ညာလားနဲ့ အဖွဲ့ထဲမှာသူအငယ်ဆုံးပါ ဒါပေမယ့်သူကပဲ အားလုံးကိုဆုံးမနေကြလေ (ချစ်စရာညီမငယ်လေးပါ ) ။ အေးဆေးမှလာကြရတယ် သစ်လုပ်ထားမယ်ဆိုတာကို နိုမိုကဇွတ်အတင်းကူမယ်ဆိုပြီး ကလမ်မန်တီကနေ ၁၁နာရီထွက်လာတာ သစ်နေတဲ့ဘိုနာဗစ်စတာကို ၁၂ကျော်မှရောက်ပါတယ် (သူလက်ဆောင်ဝယ်နေတာလေ ) အရမ်းဝေးတော့ သူအချိန်ယူရတာပေါ့ ဟိဟိ ။ ဒုတိယမြောက်အိပ်ယာခင်းကြီးကိုင်ပြီး ပန်းဝင်လာတာကတော့ ဒေါ်ချယ်ရီပါပဲ ကတောက် ကတောက်နဲ့ရောက်ကတည်းက သစ်ကိုဘရိတ်အုပ်နေတာ သူပြန်တဲ့အထိပါပဲ ။

အလုပ်ကနေတိုက်ရိုက်လာတဲ့ စုံထောက်ကျော်ညညကတော့ သူများလာနေကျလမ်းကိုသူမသုံးပဲ သူလာချင်သလိုလာနေတာ ရေကူးကန်ဘက်ကိုရောက်သွားပါတယ် ။ နောက်မှဟိုလိုပြော ဒီလိုပြောနဲ့ သစ်အိမ်ကိုဆိုက်ရောက်လာပါတယ် ။ မျိုးတစ်ယောက်က ၉၇၀ကားစောင့်ရတာကြာလို့ သူဟာအိမ်ကနေဘာမှမစားလာဘူး ဗိုက်ဆာနေပြီ တက်ဆီငှားမယ် စိတ်တိုလာပြီ ဗျစ်တောက်ဗျစ်တောက်ပြောလိုက်တာဆိုတာ အိမ်ရောက်အသုတ်ပန်းကန်တွေ့မှပဲ အသံတိတ်သွားပါတော့တယ် ။ အလုပ်ကနေလှုပ်လီလှုပ်လဲ့နဲ့ သမီးကမစားနိုင်ဘူး မမသစ်ရယ် အားလုံးကိုတွေ့ချင်လို့လာတဲ့ ထောကတော့ ရောက်တာနဲ့ပန်းကန်ကိုင်တော့တာပဲလေ (ချစ်စဖွယ်) သူမကုန်တော့ဘူးပြောလို့ အားလုံးကအစာအိမ်ဖြစ်မှာစိုးလို့ အေးအေးနိုင်သလောက်ပဲစား ပြောနေချိန်မှာ သူ့ပန်းကန်ကြည့်တော့ တက်တက်ကိုပြောင်သွားပြီလေ အဲလိုပါဆို ....။

သစ်တို့အဖွဲ့မှာ စားပြီးတိုင်းပြန်အန်တတ်တဲ့ ရောဂါသည်၂ယောက်တိတိရှိပါတယ် ။ သူတို့ကိုသူများတွေက အန်မှာစိုးရိမ်နေပေမယ့် သူတို့ကလက်ဖက်ပန်းကန်နားကကိုမခွာပဲ လစ်ရင်လစ်သလိုနှိုက်စားလို့ လက်ဖက်ပန်းကန်စောင့်ဖို့ ရဲခေါ်ရမလိုတောင်ဖြစ်နေပါတယ် ။ ဗစ်တစ်ယောက်ပဲဘယ်သူမှသိပ်မမေးပဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတော့ သူပေးတဲ့သူ့စီဘောက်က သစ်ပုံစံအရုပ်ဆင်လေးကြည့်ပြီး သဘောတွေကျနေသေးတယ် ။ ပေါက်ပေါက်ရှာရှာဝယ်တတ်တဲ့ ဗစ်လေ ။ သူဝယ်လာတဲ့လိုင်ချီးသီးကတော့ ခိုးစားလို့မရပါဘူး အခွံကိုခွာတာနဲ့ အခြားတစ်ယောက်ကိုစင်တော့ ချက်ချင်းတန်းသိတာ မဆန်းပါဘူးလေ အကြံပိုင်ချက် ဗစ်ရယ် ။

ဟဲ့ နင်တို့တွေ ငါ့ကိုစောင့်နော် နင်တို့ကိုတွေ့ချင်တာဆိုတဲ့ စီးပွားရေးသမားကြီး မေလေးကတော့ ညနေ ၄နာရီကျော်မှ ဘလော်ဂါညီမငယ်တစ်ယောက်နဲ့အတူ ရောက်လာပါတယ် ။ ဗစ် နဲ့ မျိုး က သွားစရာရှိလို့စောပြန်သွားတော့ သူတို့နဲ့မတွေ့လိုက်ရပါဘူး ။ ပြောမနာဆိုမနာနဲ့ အငြိုးအတေးအမုန်းမရှိပဲ တစ်ယောက်ကိုတစ်ယောက်ဖဲ့ကျတာကတော့ လျင်သူဦးစတမ်းပဲလေ ။ ဒါတောင် စကားလုံးတွေနဲ့ပဲရှိသေးတယ် ဟိဟိ ။ သူစိမ်းလူတစ်ယောက်သာ သစ်တို့အဖွဲ့စကားပြောတာ လိုက်နားထောင်ရင်ဘယ်အချိန်ထသတ်မလဲတောင် စဉ်းစားမိမယ်ထင်ပါတယ် ။ ဘာပဲဖြစ်ဖြစ် သစ်သူတို့တွေနဲ့တွေ့ရတော့ သွေးတိုးတာတောင်ဘယ်ရောက်သွားလဲမသိပါဘူး ။ သွားရေးလာရေးသိပ်အဆင်မပြေတဲ့ သစ်အိမ်ကိုတကူးတကလာပြီး စားသောက်ပေးတဲ့သူငယ်ချင်းတွေကို သိပ်ကျေးဇူးတင်သလို လက်ဆောင်တွေပေးတဲ့သူတွေကိုလည်း အားနာမိပါတယ် ။ နောင်လည်းအခွင့်ကြုံရင် ဒီလိုပဲလွတ်လပ်ပေါ့ပါးတဲ့စိတ်တွေနဲ့ ထပ်ဆုံချင်ပါသေးတယ် ။ အမှတ်တရပုံလေးတွေပါ တင်ပေးလိုက်ပါတယ် ။

မစားခင်ပြင်နေတုန်း ပန်းကန်တွေဆွဲပြီး ရိုက်နေတာလေ

နယ်ပြီးတာနဲ့လာထားပဲ တစ်ပုံရိုက်လိုက်တာ

ဟင်းခါးကိုလည်းသောက်လိုက်ကြတာ (ဘာကောင်းတယ်ဆိုလားပဲ များများသောက်ရင်..ဟိ)


အသီးကတော့အအီပြေပါ


လက်ဖက်ကိုတော့ အဲလိုပဲဖြစ်သလို သုတ်လိုက်တယ်


ဆက်ဖတ်ချင်သေးရင်...