Showing posts with label တဂ်. Show all posts
Showing posts with label တဂ်. Show all posts

Monday, February 1, 2010

မေ့ချင်တယ်တဲ့...

ခင်မင်နေတဲ့ နွယ်နွယ်က ရေးခိုင်းပါတယ် လူတစ်ယောက်ကိုမေ့ဖို့ လိုအပ်တဲ့အချက်အလက်များတဲ့ ...။ သစ်သစ်မှာမေ့သွားလောက်တဲ့ အထိ အောင်မြင်မှုမရှိခဲ့ပေမယ့် ကြိုးစားဖူးခဲ့သူတစ်ယောက်အနေနဲ့ရော သူကိုယ်တိုင်တစ်စုံတစ်ယောက်ကို မေ့ပြစ်ချင်လို့ တစ်စွန်းတစ်စ ရလိုရငြားသိချင်နေတဲ့ နွယ်နွယ်အတွက်ရော တတ်သလောက်ကြိုးစားပြီး ရေးလိုက်ပါတယ် ။

နှစ်ရှည်လများ ကိုယ်သံယောဇဉ်ရှိနေတဲ့ သူတစ်ယောက်ကို မေ့ပစ်ဖို့ဆိုတာ တကယ်ကိုခက်ခဲပါတယ် ။ အတူသွားအတူလာ အတူစားနေတဲ့ သူတွေမဆိုထားနဲ့ အွန်လိုင်းပေါ်ကမမြင်ရပဲ ခင်မင်နေတဲ့ သူတွေတောင် ကြာလာရင်သံယောဇဉ်ဆိုတာ ဖြစ်လာတတ်ပါတယ် ။ ကိုယ်နဲ့အမြဲပက်သက်မှု မရှိရင်တောင် သူ့နစ်လေးကစိမ်းနေ နီနေရင် ဘာမှမဖြစ်ပေမယ့်လည်း ၁ပတ်လောက်ပျောက်ပြီး ပြန်ပေါ်လာရင်တော့ အနည်းဆုံးဘယ်တွေပျောက်နေတာတုန်းလို့တော့ မေးမိတာပဲလေ ။ ဒါလည်းသံယောဇဉ်တစ်မျိုးပဲလို့ ဆိုရမှာပေါ့ ။ တစ်ချို့သောသူတွေကတော့ ဒါကိုစပ်စုခြင်းခံရတယ်လို့လည်း သတ်မှတ်ချင်သတ်မှတ်ကြပါတယ် ။ သစ်သစ်ကတော့ မတွေ့တာကြာပေါ့လို့ မေးလာရင်ပဲကို တခုတ်တရဘာကဘယ်လို ဖြစ်လဲဆိုတာ ရှင်းပြတတ်ပါတယ် ။ သစ်သစ်နဲ့ခင်မင်ဘူးတဲ့ သူတိုင်းသိကြပါတယ် ။

ဒီကမ္ဘာမြေကြီးမှာ အသက်ရှင်နေထိုင်ခွင့်ရတဲ့ လူပေါင်းများစွာထဲမှာက ကိုယ်တိုင်ကသိကျွမ်းပြီး ခင်မင်ရတဲ့သူဆိုတာ လူတစ်ယောက်မှာ သိပ်မများပါဘူး ဒီထဲမှာမှ ကိုယ်နဲ့အစေးကပ်သူက ပြန်တွက်ရင်သိပ်ကိုနည်းပါတယ် ။ ဒီလိုခဏလာတဲ့ လူ့ဘ၀ကြီးမှာ သစ်သစ်ကတော့ ကိုယ့်ကိုယ်တကယ်ခင်လို့ ကိုယ်ကလည်းအစေးကပ်တဲ့သူဆိုရင်တော့ အောက်ကနေဆက်ဆံနေရလည်း အောက်ကျတယ်လို့ တစ်ခါမှမထင်ပါဘူး ။ ဘယ်သူ့ကိုမှလည်း အပေါ်ကြောနဲ့မဆက်ဆံဘူးတာ ကိုယ့်ကိုယ်ကိုသိပါတယ် ။ အရင်တုန်းကဆိုရင်တော့ ကောက်တယ်ကွေးတယ် စကားမပြောဘူး ဒီနည်းကိုသုံးပေမယ့် တကယ်တမ်းတော့ ဒီလူကိုကိုယ်မေ့ပစ်လို့မရပါဘူး ။ ခွန်းကြီးခွန်းငယ်စကားများဘူးရင်တောင် အချိန်တခုကြာသွားရင် အရင်ကငါဘယ်လိုခံခဲ့ရတာလို့ တစ်ခါမှပြန်မစဉ်းစားပဲ အရင်အတိုင်းဆက်ဆံတတ်တာကလည်း သစ်သစ်ရဲ့မကောင်းတဲ့အကျင့်တစ်ခုပါပဲ ။ အငြိုးအတေးထားတတ်သူနဲ့တွေ့ရင်တော့ ခံရပြီသာမှတ်ပေတော့ပဲလေ ...။ ဒါပေမယ့် ခုချိန်ထိတော့ မခံရသေးပါဘူး ခံရလိမ့်မယ်လို့လည်း မထင်ပါဘူး ။ သစ်သစ်ကိုယ်တိုင်က သူများမုန်းအောင်မနေခဲ့ဖူးဘူးလို့ ကိုယ့်ဘာသာတော့ထင်တာပဲလေ .... ဟိ ။

ခုနှစ်တွေနောက်ပိုင်းမှာတော့ သစ်သစ်ရဲ့ချစ်ခင်ရတဲ့အစ်ကိုတစ်ယောက်ရဲ့ ဆိုဆုံးမမှုအောက်မှာ လိမ္မာတတ်လာပါပြီ ။ လူတွေကိုရင်ထဲကမုန်းပေမယ့် အပြုံးလေးနဲ့ဆက်ဆံတတ်လာပါပြီ ။ အစ်ကိုကလူတစ်ယောက်ကို မုန်းတတ်အောင် မသင်ပေးပဲ ချစ်ခင်တတ်လာအောင်ပဲ သင်ပေးခဲ့တယ်လေ ။ သူကိုယ်တိုင်ခံရတဲ့ လူတွေရဲ့တိုက်ခိုက်မှုအကြောင်းကို အမြဲလိုလိုပြောပြတတ်တော့ သစ်သစ်ရင်ထဲမှာ တိုက်ခိုက်မှုတွေနောက်ကပါလာတတ်တဲ့ အမုန်းတရားတွေကို ကြောက်မိပါတယ် ။ ခုလူတစ်ယောက်ကိုမေ့ချင်နေတဲ့ သူငယ်ချင်းနွယ်နွယ်ကိုလည်း အစ်ကိုသင်ပေးထားတဲ့အတိုင်း ဆက်ပြီးဆုံးမရမယ်ဆိုရင်တော့ မေ့ပစ်ဖို့စဉ်းစားနေတဲ့ သူတစ်ယောက်ကိုယ့်အပေါ်မှာ ဘယ်နေရာတွေကောင်းခဲ့လည်း ဆိုတာပြန်စဉ်းစားကြည့်ပါ ။ သူကိုယ့်အပေါ်ကို ဘယ်လောက်ထိလွှမ်းမိုးနေလည်း စဉ်းစားပါ ။ လောကကြီးမှာ သူမရှိရင်မဖြစ်ဘူးဆိုတာ မရှိပါဘူး ။ အားလုံးဟာ သံယောဇဉ်နှောင်ဖွဲ့ခြင်းတွေပေါ်မှာ အခြေပြုနေကြတာပါလေ ။ ဒီတော့ မေ့ချင်နေတဲ့သူရဲ့ ကောင်းကွက်လေးတွေ ရှာကြံစဉ်းစားရင်း မေ့ဖို့ကြိုးစားနေတာထက် လက်တွေ့ကျတဲ့ အခြားသောအကျိုးရှိမယ့်အရာလေးတွေ အစားထိုးလုပ်ကိုင်ရင်း သတိရမှုကို မေ့ပျောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် ။

ဆက်ဖတ်ချင်သေးရင်...

Monday, December 21, 2009

ယုံကြည်တယ်

ဟိုနေ့က မမမောင်က မေးလ်ပို့ထားတော့ အပြေးအလွှားသွားကြည့်တာပေါ့နော် ။ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ကြည့်နူးစွာဖတ်ပြီးသကာလမှာတော့ ချစ်မမမောင်က လက်ဆောင်ပေးတော့တာပဲလေ ။ ချစ်မကပေးတော့လည်း ယူရတာပေါ့နော် ။ ကိုယ့်ကိုချစ်လို့တဂ်တာ မရှိရှိတာထုတ်ရေးရတော့တာပေါ့နော် ။ သမီးကသီလရှင်ဝတ်မှာလို့ ပြောရင်လည်း လက်ခံမယ့်သူမဟုတ်တော့ ရေးရပြီပေါ့ကွယ် ။ မမမောင်ရေဖတ်ပြီးတော့ မရီရဘူးနော် ။

ပထမဆုံးနောက် ၅နှစ်ဆိုတဲ့အပိုင်းကို စရေးချင်ပါတယ် ။ ဒါကတော့စိတ်ကူးယဉ်တာမဟုတ်ပါဘူး နဂိုကတည်းကလုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့အရာတစ်ခုပါပဲ ။ သစ်သစ်ဒီကိုမလာခင် သစ်သစ်ဆရာက ပညာတော်တော်များများသင်ပေးခဲ့ပါတယ် ။ သစ်သစ်ကိုယ်တိုင်လည်း ဒီဇိုင်းတွက်တာကို တကယ်စိတ်ဝင်စားပါတယ် ။ ကိုယ့်အိမ်လေးကနေ ကိုယ့်စိတ်ကူးလေးနဲ့တွက်ချက်ပေးလိုက်တာကို လူမပင်ပန်း စိတ်မပင်ပန်းနဲ့ သင်ခဲ့တဲ့ပညာတွေကို လက်တွေ့အသုံးချတဲ့ ဒီအသက်မွေးဝမ်းကျောင်းလေးကို တကယ်မြတ်နိုးပါတယ် ။ ကျေးဇူးရှင်ဆရာကိုယ်တိုင် သင်ကြားပေးခဲ့လို့ တန်ဖိုးအရမ်းထားပါတယ် ။

၁၉၉၉ ကနေ ၂၀၀၄ ထိ သင်ကြားပေးခဲ့တဲ့ သင်ဆရာ မြင်ဆရာအားလုံးကိုလည်း အမြဲတမ်းစိတ်မှာအောက်မေ့သတိရလျှက်ပါ ။ ဒီဆရာတွေသင်ကြားပေးခဲ့တာကို ပြန်လည်အသုံးချဖို့ ကိုယ့်မှာတာဝန်ရှိတယ်လို့ အစဉ်အမြဲခံစားရပါတယ် ။ ခုလိုပြင်ပထွက်ပြီးအလုပ်လုပ်တဲ့အခါ ဆရာတွေရဲ့ကျေးဇူးကိုပြတ်ပြတ်သားသား မြင်လာပါတယ် ။ သစ်ဘ၀ရဲ့အချိန်အစိတ်အပိုင်းလေးတစ်ခုကို မြှုပ်နှံပြီးမိဘတွေကို ငွေကြေးအားဖြင့်အားရအောင် ကျေးဇူးဆပ်ပြီးရင်တော့ သစ်သစ်အမိမြေကိုပြန်မယ် စိတ်ကူးထားပါတယ် ။ ကျန်ရှိတဲ့သစ်ရဲ့လက်ကျန်အချိန်တွေကို သစ်ဆရာနဲ့ပြန်လက်တွဲပြီး ဒီဇိုင်းလောကကို ပြန်ဝင်ဖို့စိတ်ကူးထားပါတယ် ။ အကောင်အထည်ဖော်ဖြစ်မယ်လို့လည်း ထင်ပါတယ် ။ တကိုယ်တည်းဖြစ်နေတဲ့ဆရာရဲ့ သက်ကြီးပိုင်းအချိန်တွေကို ပြန်လည်စောင့်ရှောက်ပေးရင်း သင်မကုန်တဲ့ဒီဇိုင်းပညာရပ်တွေကို ဆရာထံကပြန်လည်ဆည်းပူးရင်း ဇောက်ချလုပ်မယ်စိတ်ကူးထားပါတယ် ။

အကျဉ်းချုပ်ရရင်တော့ သင်ကြားဖူးတဲ့ပညာလေးနဲ့ ပြန်လည်လုပ်ကိုင်စားသောက်မယ်လို့ စဉ်းစားထားတယ်ပဲ ဆိုပါတော့ မမမောင်ရယ် ။ မရှိမရှားဘ၀လေးနဲ့ ကျန်ရှိတဲ့အချိန်တွေကို ကုန်လွန်ပြီး ဘာသာရေးကို ထိထိမိမိလုပ်မယ်လို့လည်း ဆုံးဖြတ်ထားပါတယ် ။ ဖြစ်လာမယ် မဖြစ်လာဘူးကတော့ သစ်သစ်အပေါ်မှာပဲ မူတည်လို့ ဒီလိုရည်ရွယ်ထားတယ်ဆိုတာလောက်ပဲ ပြောပြရင်းအချိန်နဲ့အတူ ပုံဖော်မယ်ပေါ့နော် ။ ဒါကတော့ နောက်၅နှစ်လောက်မှစပြီးလုပ်မယ့် အလုပ်အကိုင်လေးပါပဲ ။

ဒုတိယပုံဖော်ထားတဲ့ စိတ်ကူးထဲက အိမ်ထောင်ဖက်ဆိုတဲ့ အချက်လေးကို နည်းနည်းလေးပြောပြချင်ပါတယ် ။ မိန်းကလေးတိုင်းကတော့ ကိုယ့်အိမ်ထောင်ဖက်ကို အမျိုးမျိုးစိတ်ကူးယဉ်ဖူးကြမှာပဲလေ ။ သစ်ထင်တာကတော့ ဒီစိတ်ကူးလေးတွေဟာ အသက်အရွယ်အလိုက်တော့ ပြောင်းလဲသွားမှာပဲ ဘာလို့လည်းဆိုတော့ ကျောင်းသားဘ၀က ထားရှိခဲ့တဲ့ ကိုယ့်ရဲ့စိတ်လေးတောင် ခုလိုအလုပ်လုပ်တဲ့အရွယ်ကျတော့ ပြောင်းလဲသွားတတ်သေးတာပဲလေ ။

သစ်အများကြီး စိတ်ကူးမယဉ်ထားပါဘူး သစ်ရဲ့လက်တွဲဖော်ဟာ သစ်လိုပဲအလုပ်လုပ်နိုင်ရမယ် သစ်ကလည်းသူ့အလုပ်အပေါ် ကူညီနိုင်တဲ့သူဖြစ်ရမယ် ။ သစ်ဖြစ်ချင်တဲ့အရာတွေကိုလည်း ကောင်းသည်ဆိုးသည် ဝေဖန်ပိုင်းခြားထောက်ပြ လမ်းညွှန်တတ်တဲ့သူ ဖြစ်ရပါမယ် ။ တစ်ဦးပေါ်တစ်ဦး သံသယတွေကင်းရှင်းပြီး နားလည်မှုတွေရှိပေးနိုင်မယ့်သူမျိုး ဖြစ်စေချင်ပါတယ် ။ ဘာသာတရားကိုယုံကြည်ပြီး ကိုယ့်ရဲ့မျိုးဆက်တွေအပေါ် လိမ်မာရေးခြားရှိအောင် ဆုံးမနိုင်စွမ်းရှိတဲ့သူဖြစ်ရမယ်လို့တော့ စိတ်ကူးထားဖူးပါတယ် ။ ရုပ်ရည်လှဖို့ထက် စိတ်သဘောကောင်းတဲ့သူကို ရွေးချယ်ဖြစ်မယ်ထင်ပါတယ် ။ အရေးကြီးဆုံးသစ်စဉ်းစားတဲ့အချက်ကတော့ သစ် သူ့အပေါ်ဘယ်လောက်ပါရမီဖြည့်ပေးနိုင်မလဲ အချက်လေးပါပဲ ။ ဒီလောက်ပါပဲ ဘာကြီးညာကြီးဖြစ်ဖို့ သစ်အတွက်တော့မလိုအပ်ဘူး ထင်ပါတယ် ။

ကဲ ဒီလောက်ဆို မမမောင်လည်း ကျေနပ်လောက်မယ်ထင်ပါတယ် ။ စိတ်ကူးယဉ်တယ်ပဲဆိုဆို တဂ်ပို့စ်လေးရေးပေးတယ်လို့ပဲ မြင်မြင် သစ်သစ်ရေးတာက မမမောင်ကိုခင်မင်မှုတစ်ခုပဲ အရင်းပြုပါတယ် ။ သစ်သစ် နောင်ဖြစ်မယ့်အရာလေးတွေကို ရေးလေ့ရေးထမရှိတော့ အမှားပါရင် ခွင့်လွှတ်ပေးစေချင်ပါတယ် ။

ဆက်ဖတ်ချင်သေးရင်...

Saturday, August 22, 2009

ထိုသူ......

သူငယ်ချင်းက တဂ်ချင်တယ် ရလားတဲ့ ရတယ်လို့ဆိုတော့ သူကသိပ်မခက်ပါဘူးတဲ့ နောက်နေ့ကျတော့ ဘာခေါင်းစဉ်လဲလို့ သွားကြည့်မိလိုက်တော့ ခေါင်းနှစ်ဆပိုကြီးသွားတယ်လေ ...လုပ်ရက်လိုက်တာပေါ့ ။ အခုငြိမ်းချမ်းနေတဲ့ သစ်သစ်ကို သူမမြင်ချင်တော့ဘူးလို့ ထင်လိုက်မိတယ် ။ တကယ်တော့ မိန်းကလေးတစ်ယောက်က အထူးသဖြင့် ချစ်သူရှိကာနီး မိန်းကလေးတစ်ယောက်အတွက် တော်တော်ကိုသတိထားရမယ့် တဂ် လေးပါ ။ တတ်နိုင်ဘူးလေ ခင်မိမှတော့ ရေးကြည့်ရတာပေါ့ ။ ချစ်ခဲ့တာနဲ့ သံယောဇဉ်ရှိခဲ့ဘူးတာနဲ့ တူမယ်ထင်လို့ရေးလိုက်ပြီ သယ်ချင်း....။


ကျောင်းတက်ခါစ အချိန်တစ်ခုပဲလို့ ဆိုကြပါစို့....။ ထိုစဉ်အခါက အပျော်တွေကလည်း လွန်နေတော့ အစပိုင်းမှာသတိကို မထားခဲ့မိပါဘူး ။ သူကကိုယ့်ထက်တစ်နှစ်စောပြီး ဆယ်တန်းအောင်ခဲ့တဲ့ ကောင်လေးတစ်ယောက်ဆိုလည်း မမှားပါဘူးကွယ် ။ ရှမ်းလူမျိုးဆိုတော့ သူ့အသားအရည်က သာမန်ထက်ဖြူပြီး ကြည့်ကောင်းနေတာကလည်း သူ့ကိုသတိထားမိစေတဲ့အချက်တစ်ခုပါပဲ ။ သူကဆရာမတွေနဲ့ ဆက်ဆံရေးတော်တော်ကို ပြေပြစ်ပြီး ဆရာများရဲ့အချစ်တော်ဆိုလည်း မမှားခဲ့ပါဘူး ။ စာလည်းတော်ပါတယ် ။ စပြီးသတိထားမိတာကတော့ ကျောင်းရဲ့ကထိန်ပွဲလေးမှာပါ ပဒေသာပင်တွေကို သူငယ်ချင်းတွေနဲ့သယ်ပြီး ဘုန်းကြီးကျောင်းရောက်တော့ ထမင်းတွေအတူစားခဲ့ကြတော့ သတိထားမိသွားခဲ့တယ်လေ ။

ဒီလိုနဲ့အတန်းတူတော့ နောက်ရက်တွေမှာလည်း သတိထားမိတယ်ဆိုပါစို့ ...။ ကိုယ်ကသူ့ကိုချစ်လို့ စိတ်လှုပ်ရှားလို့ လိုက်ကြည့်နေမိတာတော့ ဟုတ်မယ်မထင်ဘူး ဘာလို့လည်းဆိုတော့ ကိုယ်သူ့လိုတော်ချင်ပြီး မသိစိတ်က စာတွေလိုက်ပြိုင်နေမိတယ် ။ အိမ်ရောက်ရင်လည်း သူ့ကိုသတိရနေတယ် ဘာကြောင့်လည်းဆိုတော့ ဒီအချိန်ဆိုသူစာကြည့်နေမလားဆိုပြီး စာတွေဖိလုပ်ခဲ့တာ ကိုယ့်ကိုယ်ကို သတိရမိသွားတယ် ။ သူ့ထက်တော်သွားလို့ သူကိုယ့်ကိုသတိထားမိသွားမှာကို ကိုယ်လိုလားခဲ့တယ် ။ ကိုယ်သူ့ကိုအရိပ်လိုလိုက်မကြည့်နေဘူး ဒါပေမယ့် ကိုယ်သူ့သတင်းတွေ သိချင်နေတယ် ။ သူကလည်းကိုယ့်ကို ဘယ်တော့မှရိုးသားစွာနဲ့ စကားလာမပြောခဲ့တာ ၅နှစ်တိုင်တိုင်ပဲလေ သူသည်လည်းပဲစိတ်ထဲမှာ ဘယ်လိုရှိခဲ့လည်းဆိုတာ ကိုယ်သိချင်နေမိတာ မဆန်းပါဘူး ။ သူ့မှာချစ်သူရှိတာလည်း သစ်သစ်သိထားတာပဲလေ ။

ဒါပေမယ့် ယောက်ျားလေးတစ်ယောက်ကို ဘာအတွက်ကြောင့်ပဲဖြစ်စေ စပြီးသတိထားမိတာသူဖြစ်နေလို့ ဒီပို့စ်လေးမှာ သူကဇာတ်ကောင်ဖြစ်သွားရှာတယ်ကွယ်.....ဆောရီးပါဟယ် ။ ကိုယ် နဲ့ သူ မျက်လုံးချင်းများစွာ ဆုံဘူးပါတယ် ၅နှစ်တောင်အတူကျောင်းတက်ခဲ့တယ် ဆိုတာနည်းလားနော် ။ ဒါပေမယ့် ကိုယ်တို့တွေသူများတွေထက်တော့ စိမ်းနေခဲ့တာ သေချာခဲ့တယ်လေ ။ နောက်ပိုင်းကွဲသွားကြတဲ့အချိန်မှာ သူ့အကြောင်းတွေမသိရတော့ဘူး ဒါပေမယ့်သူလေဆိပ်သစ်ဆောက်လုပ်ရေးမှာ လုပ်နေတယ်ဆိုတာ ကိုယ်သိခဲ့တယ် နောက်ကိုယ်နိုင်ငံခြားထွက်တာ သူသိသွားတယ်ဆိုတာရော ကိုယ်စလုံးရောက်ပြီး ၁နှစ်လောက်မှာ သူလက်ထပ်သွားတယ်ဆိုတာရော သိခဲ့ရတယ် ။ ကိုယ်ဘာမှမခံစားရပေမယ့် နုနယ်တဲ့ငယ်ရွယ်စဉ်မှာ စိတ်ကစားခဲ့တယ်ဆိုရင် စာပြိုင်ဖို့သက်သက်သာလျှင်ဖြစ်လို့ သန့်ရှင်းစွာနဲ့ ကိုယ်သတိရသွားတယ်ဆိုတာတော့ ၀န်ခံချင်ပါတယ် မသိစိတ်ရဲ့သူငယ်ချင်းလေးရယ် ...။ တဂ်ထားတဲ့ ခေါင်းစဉ်နဲ့ လွဲကောင်းလွဲနိုင်ပေမယ့် သူသည်လည်း စိတ်ကစားတဲ့အရွယ်မှာ သတိထားမိခဲ့တဲ့ ပုရိသတစ်ယောက်ပေပဲမို့ ဒီလောက်နဲ့ပဲကျေနပ်ပေးပါ ကိုရွာသားရေ.....။

ဆက်ဖတ်ချင်သေးရင်...

Friday, August 7, 2009

ခုတစ်လော

၁။တွေးနေမိတာက >>>ညနေဘာချက်စားရင်ကောင်းမလဲနော်
၂။ကိုယ့်ကိုယ်ကိုပြန်ဆင်ခြင်မိတာက>>>အ၀လွန်နေပြီ
၃။ကျန်းမာရေး>>>နီးနေပြီ
၎။ဖတ်ဖြစ်နေတဲ့ စာအုပ်လေးတွေ>>>ချက်နည်းပြုတ်နည်းတစ်ရာ
၅။ရောက်ဖြစ်နေတာက>>>မလုလုဘလော့
၆။ရေးဖြစ်နေတာက>>>ကိုယ့်အကြောင်း
၇။နားထောင်ဖြစ်နေတာက>>>စားမှာပဲ သီချင်း
၈။ရွတ်မိနေတာက>>>ဘာနဲ့ဘာတွဲချက်ရင်ကောင်းမလဲနော်
၉။ဖြစ်ချင်နေတာက>>>စလင်းဘော်ဒီဖြစ်ချင်ဒယ်
၁၀။စားဖြစ်နေတာက>>>ဂယ်ရေးရမှာလား ရေးတော့ဘူး မဆန့်မှာစိုးတယ်
၁၁။သနားနေမိတာက>>>ဖြစ်သလိုစားနေရတဲ့ကိုယ်
၁၂။လွမ်းနေမိတာက>>>ချက်လို့အရမ်းကောင်းပြီး ပေါက်သွားတဲ့ ဒယ်အိုးလေး
၁၃။မေ့လျော့ပစ်နေမိတာက>>>စားနေကျ လှည်းတန်းက ဒုတ်ထိုးဆိုင်
၁၄။ခါးသက်နေမိတာက>>>ဘာစားစားကောင်းတဲ့ ကိုယ့်ရဲ့လျှာ
၁၅။တမ်းတနေမိတာက>>>၅တန်းတုန်းကကိုယ့်ရဲ့ ဘော်ဒီလေး
၁၆။ကြိတ်ပြီးချီးကျူးနေမိတာ>>>ဒီဝိတ်နဲ့လျှောက်နိုင်သေးတဲ့ ကိုယ့်ခြေထောက်
၁၇။ကြိတ်ပြီးအထင်သေးနေမိတာ>>>၀က်ပုပ်ကိုယ်လုံး
၁၈။ဆန္ဒမရှိတဲ့နေရာ>>>ကိုယ်ကာယလေ့ကျင့်ခန်းမ
၁၉။ဆန္ဒရှိတဲ့နေရာ>>>ဘူဖေးရောင်းတဲ့ ဘယ်နေရာမဆို
၂၀။မုန်းတီးနေမိတာက>>>ဆာနေတတ်တဲ့ ကိုယ့်အစာအိမ်
၂၁။ချစ်နေမိတာက>>>အစားမရွေးတတ်တဲ့ကိုယ့်ရဲ့စိတ်
၂၂။စိတ်ပျက်နေမိတာက>>>တိုးလာတဲ့ပေါင်ချိန်
၂၃။စွဲလန်းနေမိတာက>>>ခိုင်သင်းကြည်ရဲ့ကိုယ်လုံးလေး ( ဝေးခဲ့ပြီ )
၂၄။လိုအပ်နေတာ>>>စားဖို့သောက်ဖို့ပိုက်ဆံ
၂၅။တောင်းနေမိတဲ့ဆု>>>နောက်ဘ၀ မ ၀ ပါရစေနဲ့
၂၆။ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက>>>ပိန်မှပိန်ပါဦးမလား
၂၇။ဝန်ခံချင်တာက>>>ကိုယ် သိပ်ဝတယ်ချစ်သူရယ်........း(

ထောရေခုတလောဆိုလို့ ရေးလိုက်ပြီနော် ။ ကျေနပ်တော့...။

ဆက်ဖတ်ချင်သေးရင်...