ဒီဇင်ဘာတဲ့ နှစ်တစ်နှစ်ရဲ့နောက်ဆုံးလ အေးမြတဲ့လ ခြေခင်းလက်ခင်းသာယာပြီး စိတ်ချမ်းသာစရာကောင်းတဲ့လ ချွေးမထွက်တဲ့လ ပျော်စရာများတဲ့လ နောက်ထပ်ခုနှစ်တစ်ခုကို ကြိုဆိုတဲ့လ လူအမျိုးမျိုးရဲ့စိတ်နှလုံးကို ဆွဲဆောင်နိုင်လွန်းတဲ့လ တစ်လဖြစ်ပါတယ် ။ ဒီလိုလလေးမှာ သစ်သစ်စိတ်ကူးတွေကလည်း အေးချမ်းနေတတ်ပါတယ် ။ နောက်နှစ်တွက်ဘာလုပ်မယ်ဆိုပြီး စိတ်ကူးတွေတပွေ့တပိုက်နဲ့ပေါ့ ။ အများခန့်မှန်းထားတဲ့ ၂၀၁၂ကိုလည်း ကိုယ်တိုင်ပါဝင်ခံစားရဦးမယ်ဆိုပြီး ရင်ခုန်မိပါတယ် ။
ဒီလိုလှပတဲ့လလေးမှာ ငယ်စဉ်ကဖြတ်သန်းခဲ့ပုံတစ်ချို့ကို ပြောပြချင်ပါတယ် ။ သစ်သစ်တို့အိမ်မှာက မေမေကခရစ်ယာန်ဆိုတော့ ဒီလလေးရောက်ပြီဆို အလှူအတန်းလုပ်လေ့ရှိတယ်ဆိုပါတော့ ။ ဒါဆိုသစ်သစ်တို့မောင်နှမတစ်တွေ မေမေရဲ့ဇာတိမြေကို ပြန်နေကြဆိုရင်လည်း မမှားပါဘူး ။ ဇွဲကပင်မြေလို့ခေါ်တွင်တဲ့ ကရင်ပြည်နယ်ဟာ သစ်တို့မောင်နှမတွေအတွက် မစိမ်းသက်သလို တစ်ယောက်တည်းလဲ နယ်မြေမအေးချမ်းစဉ်ကပင် သွားလေ့ရှိပါတယ် ။ သံလွင်မြစ်ကူးတံတားကြီးမရှိတုန်းကဆို ဇာက်တွေနဲ့နေ့ညအိပ်စောင့်ပြီး မြိုင်ကလေးကနေ ခက်ခက်ခဲခဲသွားရစဉ်တုန်းကတောင် ၂လတစ်ခေါက်လောက်သွားဖြစ်ခဲ့တဲ့မြို့လို့လည်း ပြောလို့ရပါတယ် ။ အရင်ကဆို သစ်တို့မိသားစုက အမှတ်လေးရပ်ကွက်မှာနေခဲ့ကြပေမယ့် ခုဆိုအမှတ်၂ရပ်ကွက်ကို ပြောင်းလာခဲ့တာ သစ်တူမလေးတစ်သက်ပဲ ကြာခဲ့ပါပြီ ။
သစ်ဒီနေ့ပြောချင်တာကတော့ ဘားအံမြို့ ပြည်ထောင်စုအပိုင်း အမှတ်၎ရပ်ကွက်မှာ နေခဲ့စဉ်တုန်းက တခုသောဒီဇင်ဘာလအကြောင်းပါ ။ ဘားအံရောက်ပြီဆိုတာနဲ့ ညနေဘက်ရွှေယဉ်မျှော်ဘုရားထိပ်ကနေ သံလွင်မြစ်ထဲကြည့်ရတဲ့အရသာက ဘာနဲ့မှမလဲနိုင်ပါဘူး ။ အမြဲတမ်းလည်းသွားသလို ဘယ်တော့မှလည်းမရိုးခဲ့ပါဘူး ။ ဘားအံမြို့မဈေးက သစ်သစ်ထိုင်းပစ္စည်းတွေမွှေနေကျနေရာဖြစ်သလို နာရီစင်ဘက်ဆိုတာလည်း မနက်တိုင်းလမ်းလျှောက်ဖြစ်တဲ့နေရာတွေပါပဲ ။ ကရင်ပြည်နယ်အကြောင်းပြောရင်ဖြင့် ကန်သာယာကလည်းမပါမဖြစ်တစ်ခုပါပဲ ။ ကန်သာယာကတံတားလေးမှာ ဇွဲကပင်တောင်နောက်ခံနဲ့ ရိုက်ရတဲ့ဓါတ်ပုံဟာဆိုရင်ဖြင့် တကယ်ကိုဆွဲဆောင်တဲ့ရှူခင်းလေးပါပဲ ။ ဒီတော့ ကရင်ပြည်နယ်ရဲ့အထင်ကရ ဇွဲကပင်တောင်ရဲ့အကြောင်းကတော့ မပြောမဖြစ်ဆိုသလို ဖြစ်လာခဲ့ပါတယ် ။ သစ်သစ်ဒီပို့စ်လေးမှာ ဇွဲကပင်တောင်အကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ် ။
ဇွဲကပင်တောင်က ဘားအံမြို့ပေါ်ကနေ တောင်ခြေကိုဆိုင်ကယ်တွေ ကားတွေနဲ့တစ်ဆင့်သွားရပါတယ် ။ ပွဲတော်ရက်မဟုတ်တဲ့အချိန်ဆို နယ်မြေအခြေအနေအရ သိပ်ပြီးလုံခြုံမှူမရှိတဲ့နေရာလို့လဲ ပြောလို့ရပါတယ်။ ဇွဲကပင်တောင်ရဲ့ပွဲတော်ရက်တွေမှာတော့ တောင်ခြေမှာဘုရားဈေးတန်းလိုလုပ်ပြီး ကရင်ရိုးရာလက်ဝှေ့ပွဲ ကရင်အစားအစာ ကရင်ဝတ်စုံလှလှလေးတွေနဲ့ ပွဲဈေးဟာတကယ်ကိုစည်ကားပါတယ် ။ ကရင်မုန့်ဟင်းခါးကလည်း နာမည်ကြီးရိုးရာအစားအသောက်တစ်ခုပါပဲ ။ ဇွဲကပင်တောင်တက်ချင်တဲ့သစ်သစ် အမေကိုတအားပူဆာပါတော့တယ် ။ အမေက သူအပျိုဘ၀ကတက်ဖူးကြောင်း လမ်းကြမ်းကြောင်း အန္တရာယ်များကြောင်း နင်နဲ့ဖြစ်မှာမဟုတ်ကြောင်းအတန်တန်တားပါတယ် ။ ဒါပေမယ့် လူကအရမ်းကိုသွားချင်ပါတယ် ။ လမ်းထိပ်မှာနေတဲ့ အရင်ကလက်ဝှေ့ထိုးတာနာမည်ကြီးတဲ့ ကိုရွှေဓူဝံညီတွေကို သွားပြီးအပူကပ်ပါတယ် ။ အဖော်လိုက်ပေးဖို့ရယ် အမေ့ကိုကူပြောပေးဖို့ရယ်ပေါ့ ။ အမိုး သူတို့မတက်နိုင်ရင် ကျနော်တို့ထမ်းခေါ်ခဲ့မယ်ဆိုတဲ့ ကတိစကားအရ သစ်သစ်တို့ညီအမ၂ယောက် ဇွဲကပင်တောင်တက်ဖို့ပါမစ် ရသွားခဲ့ပါတယ် ။
ညနေကတည်းက ရင်ခုန်စိတ်လှုပ်ရှားခဲ့ပါတယ် ။ ဒီတောင်ကိုတက်ဖို့ လမ်း၂လမ်းရှိပါတယ် ။ ခလောင်းဒိုဘက်ကတက်ရင် လမ်းကပြေပြစ်ပေမယ့် အတော်လေးဝေးပါတယ် ။ နောက်တစ်ဖက်ကတက်ရင် လမ်းကအရမ်းမတ်ပါတယ် ဒါပေမယ့်တက်ရမယ့်အချိန်က တိုတောင်းပါတယ် ။ ဒီတော့ ကလေးပီပီဟန်ချီချီပဲ မတ်စောက်တဲ့လမ်းကိုရွေးပါတယ် ။ စုစုပေါင်းယောက်ျားလေး၃ယောက် သစ်သစ်တို့ညီအမ အပါအ၀င် မိန်းကလေး၅ယောက်ပါ ။ တောင်ခြေကိုဆိုင်ကယ်တွေနဲ့သွားပြီး စတက်ဖို့ဖယောင်းတိုင်တွေ မီးခြစ်တွေဝယ်ပါတယ် ။ ည၉နာရီခွဲတိတိမှာစတက်ဖို့ အားလုံးကညှိထားကြပါတယ် ။ ညဘက်တက်ရတဲ့အကြောင်းက အေးနေတော့သိပ်မပင်ပမ်းအောင်ရယ် ဘေးကချောက်တွေကိုမမြင်တော့ ဒူးတုန်တာတွေမရှိအောင်ရယ်ဆိုပြီး ညဘက်ကိုရွေးချယ်ရခြင်းဖြစ်ပါတယ် ။
စတက်ပါပြီ လမ်းဆိုတာလုံးဝလုံးဝ မရှိပါဘူး ။ ကျိုက်ထီးရိုးလိုထင်ထားတဲ့ သစ်သစ်အဲဒီမှာပဲ ပြသနာစတက်ပါတယ် ။ ပါလာတဲ့အစ်ကိုတွေကလွှားခနဲ လွှားခနဲတက်ပြီး သစ်သစ်တို့မိန်းကလေးတွေကို ဆွဲတင်ပါတယ် ။ ဘေးကအပင်တွေကို ဆွဲပြီးအားပြုတက်ရပါတယ် ။ ကျဉ်းမြောင်းတဲ့လမ်းလို့မှတ်ရတဲ့နေရာလေးတွေရှိခြင်းဟာ နေ့စဉ်အနီးအနားတပ်က စစ်သားတွေဇွဲကပင်တောင်ကို တက်လိုက်ဆင်းလိုက် ထရိန်နင်လုပ်ရပါတယ် ။ ဒါကြောင့် လမ်းရယ်လို့မှန်းပြီးတက်ခဲ့ရတယ်ဆိုပါတော့ ။ ၉နာရီခွဲကတက်လိုက်တာ ည၁၂နာရီမှာ တောင်ရဲ့တစ်ဝက်ဘုန်းကြီးကျောင်းကိုရောက်ပါတယ် ။ အဲဒီတစ်နေရာပဲ အနားယူဖို့နေရာရှိသလို သောက်စရာရေကတော့မရှိပေမယ့် ရေကန်ကြီးတစ်ခုမှာ ပုန်းတွေတင်ထားပြီး လူတွေကတောက်လျှောက်တက်လာရတော့ ပင်ပမ်းပြီးခေါင်းကနေရေလောင်းချတာ တွေ့ခဲ့ရပါတယ် ။ သစ်သစ်ကတော့ အမောဖောက်နေသလိုတောင်ခံစားရပြီး အသက်ကိုပါးစပ်ကနေရှူနေရတော့ သစ်သစ်အမက ရေလောင်းခွင့်မပေးခဲ့ပါဘူး ။ လမ်းခရီးတောက်လျှောက် အတက်ကြီးပဲဆိုတော့ လူကအသက်တောင်ဘယ်ကထွက်မလဲမသိလောက်အောင်ကို ပင်ပမ်းလွန်းပါတယ် ။ သစ်သစ်အမရဲ့သူငယ်ချင်းတွေကတော့ ဒီကနေပဲ လှည့်ပြန်တော့မယ် ဆက်မတက်နိုင်တော့ဘူး အငယ်မပြန်မယ်ဆိုတော့ သစ်သစ်ကနောက်တကြိမ်ဒီတောင်ကိုတက်ဖို့ ထပ်မပင်ပမ်းချင်တော့တာနဲ့ ဆက်တက်မယ့်အစ်ကို၂ယောက်နဲ့လိုက်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ် ။
ဆက်တက်ပါပြီ လေတွေကလည်း တအားတိုက်သလို လူအားလုံးကအတက်ကြီးပဲဆိုတော့ တကိုယ်လုံးအေးစိမ့်ပြီး ကြပ်ညှပ်နေပါတော့တယ် ။ အဲဒီအချိန်မှာပဲ အစ်ကို၂ယောက်နဲ့ သစ်သစ်လူကွဲသွားပါပြီ ။ လူအုပ်ကြီးကတအားများပြီး လမ်းလေး၂ဘက်မှာ မမြင်ရတဲ့ဂျောက်ကမ်းပါးတွေ နဲ့ လူအုပ်ကြီးရဲ့ဝိတ်နဲ့ လူတန်းကြီးက ဟေးးးးးးဆိုပြီး ဘယ်ယိမ်းလိုက် ညာယိမ်းလိုက်နဲ့တကယ်ကို သဲထိပ်ရင်ဖိုပါပဲ ။ လေတွေကတိုက်တော့ ကိုင်လာတဲ့ဖယောင်းတိုင်တွေလည်း အကုန်မီးတွေငြိမ်းပြီး သစ်သစ်ကိုယ်တိုင်တောင် ဘယ်ကြားညှပ်နေမှန်းမသိတော့ပါဘူး ။ လူကလည်းချွေးတွေစီးကျပြီး အရှေ့ကအကျီမပါတဲ့ကျောပြောင်ပြောင်နဲ့ကရင်လူကြီးပုခုံးကို ဘယ်သူမှန်းမသိပဲ အသေဆွဲထားပါတယ် ။ နောက်မှာလည်းကရင်အမကြီးတွေအဖွဲ့ကလည်း တိုးလို့ပေါ့ ။ ဒီလိုနဲ့မနက်၂နာရီမှာ တောင်ထိပ်ကဘုန်းကြီးကျောင်းကို အောင်မြင်စွာရောက်သွားခဲ့ပါတယ် ။ တောင်ကြီးဖ၀ါးအောက်ရောက်သလို အရမ်းပျော်ပါတယ် ။ အရမ်းလေတိုက်တော့ ရင်ထဲမှာကတုန်ကယင်နဲ့ တောင်စောင်းကနေ အောက်ဖက်ကားလမ်းကိုကြည့်တာ ကားမီးထိုးထားတဲ့အတန်းလေးကိုမှန်းကြည့်ပြီး ဆော့စရာကားတွေသွားနေသလိုကို သေးလွန်းလှပါတယ် ။ အဲဒီအချိန်မှာ သစ်သစ်ပျောက်လို့ အစ်ကို၂ယောက်က လော်စပီကာနဲ့ရန်ကုန်က ညီမငယ်ဆိုပြီး နာမည်လည်းမသိပဲအော်နေတာကြားလို့ ကြော်ငြာနေတဲ့ဇရပ်ကိုပြေးကြည့်တော့မှ အစ်ကိုတွေနဲ့ပြန်တွေ့ပါတယ် ။
နာရီဝက်လောက်နားပြီး ပြန်ဆင်းကြပါတယ် ။ အဆင်းကိုလွယ်ကူမယ်ထင်ခဲ့တဲ့သစ်သစ် အထင်နဲ့အမြင်တက်တက်စင်အောင် လွဲပါတယ် ။ လမ်းမရှိပဲ မှန်းဆင်းရတော့ ခြေထောက်တွေတုန်ပြီး တော်တော်လေးဆင်းရခက်ပါတယ် ။ လမ်းဆိုပြီးဆင်းလိုက်တာ ဂျောက်ဖြစ်နေပြီးချော်ကျတာတွေလည်း ရှိနဲ့မနက်၆နာရီတိတိမှာ တောင်ခြေကိုချောမောစွာပြန်ရောက်ခဲ့ပါတယ် ။ အမလည်းသစ်သစ်ကိုတွေ့မှပဲ သက်ပြင်းချနိုင်ပြီး နင်မပါရင်ငါအိမ်မပြန်ရဲဘူးဆိုပြီး သစ်သစ်ကိုပြေးဖက်ပါတယ် ။ သစ်သစ်အတွက်ကတော့ မေ့မရတဲ့တောင်တက်ခရီးစဉ်လေး ဖြစ်ခဲ့ပါတယ် ။ ဇွဲကပင်တောင်ဟာ တော်ရုံဇွဲမရှိတဲ့သူတွေ မရောက်နိုင်တဲ့နေရာလို့ ကရင်ပြည်ကသူတွေကတော့ ပြောလေ့ရှိကြပါတယ် ။ တက်တုန်းကရောက်ချင်ဇောနဲ့တက်ခဲ့ပေမယ့် အိမ်ပြန်ရောက်တဲ့ချိန်မှာ စိတ်ကိုလျော့လိုက်တော့ တကိုယ်လုံးကိုက်ခဲလာပြီး ၂ရက်လောက်ဆေးကုယူရခဲ့ရပါတယ် ။
အေးမြတဲ့ဒီဇင်ဘာလမှာ သစ်သစ်ကိုယ်တိုင် စိတ်လှူပ်ရှားပျော်ရွှင်ခဲ့တဲ့ ဒီတောင်တက်ခရီးစဉ်လေးကို အမှတ်တရပို့စ်တစ်ပုဒ်အဖြစ် ဖန်တီးလိုက်ပါတယ် ။ အားလုံးပဲပျော်ရွှင်စွာနဲ့ နောက်နှစ်ကိုကြိုဆိုကြရအောင်နော် ။

ငါသာဆိုဘယ်ပြောကောင်းမလဲ .. အထမ်းနဲ့ ပြန်ရမယ် ခွိ
ReplyDeleteပျော်စာကြီး ကြောက်စာကြီး
အဲလို တောင်တက်ရတာကြိုက်တယ်။ လမ်းကောင်းကောင်းမရှိတာဆို ထားဝယ်က ဘုရား ခြေတော်ရာပဲတက်ဖူးတယ် ။ အခုတော့ ဘူးဘူးနဲ့ ဒီတောင်မျိုး ... အင်း တက်ဖြစ်တော့မယ် မထင်ပါဘူးလေ hh
ReplyDeleteဟားဟား ကိုယ့်ဆရာစိတ်လျော့တာမြန်လှချည်လား သူငယ်ချင်းတွေနဲ့တက်ရင် ဘူးဘူးလည်းအိုကေမှာပါလေ
ReplyDeleteဘူဘူးကို ထမ်းတက်လေ နင်က အားကောင်းမောင်းသန်ကြီးဟာကို
ReplyDeleteဟိဟိ
ReplyDeleteညဖက်ကြီး ငါသာဆိုရင်တော့ မတက်ရဲဘူး..
ReplyDeleteဒါနဲ့ ဒီပို့စ်အရင်တုန်းကဖတ်ဖူးသလိုပဲ.. အသစ်ပြန်ေ၇းထားတာလား
တို့ ကတော့ ခလောက်နို့ ဘက်ကတက် တော်ပုံ က ပြန်ဆင်း လုပ်တာ...
ReplyDeleteအဲ..ကောင်မလေးချောချောနဲ့ တွေ့ ရင် ဆင်းတဲ့နေရာ ကနေ ပြန်လိုက်တက်ရောပဲ....ဒီအချိန်ဆို မရမ်းချိုသီးတွေပေါ်နေလောက်ပြီး...
ကတက်ပင်တွေ လဲ တောင်ပတ်လည် ပေါက်နေရောပေါ့ ...အပြန်ကျတော့ ရွှေဓူဝံတို့ ဆိုင် sky II မှာဘီယာသောက်ပြီး..ကန်သာယာတံတားမှာသွားထိုင်တာပေါ့ ..
အေး ဟုတ်တယ် ပျော်စရာကြီးနော် မြို့ကဒီတိုင်းနေရင်ပျင်းစရာကောင်းပေမယ့် နဲနဲအနေကြာတဲ့ခါ ပျော်စရာကြီးညနေဘက်အကြော်ဆိုင်ထိုင်ရတာလဲ အရသာပဲ.... ဒီတခါရန်ကုန်ပြန်တဲ့ခါတော့ ဘားအံကိုပြန်ဖို့ကြိုးစားဦးမယ်...
ReplyDelete