Monday, October 31, 2011

ချိုမြိန်တဲ့ဖုန်းသံ

ကြားဖြတ်ပို့စ်လေးတစ်ပုဒ် ရေးချင်ပါတယ် ။ ပြီးခဲ့တဲ့သောကြာ 28.10.2011ရက်နေ့မှာ ၉လတာအပင်ပန်းခံကြိုးစားခဲ့ရတဲ့ စာတီဖီကိတ်လေး တက်ရောက်ယူခွင့်ရခဲ့ပါတယ် ။ အဲ့ရက်လေးကို ခံစားချက်ပေါင်းများစွာနဲ့ ဖြတ်သန်းခဲ့တယ်ဆိုတာကို ရေးချင်တာပါ ။ ပွဲမတက်ခင်ကလည်း ရင်ခုန်ရပါတယ် တကယ်တမ်းပွဲတက်ရတဲ့နေ့မှာတော့ အတိုင်းအဆမရှိ ၀မ်းသာမိပါတယ် ။ ဒါကြောင့်လည်း special day ရယ်လို့ တင်စားကြခြင်းဖြစ်မယ်ထင်ပါတယ် ။

တကယ်ဆို ကိုယ့်နိုင်ငံနဲ့နှိုင်းယှဉ်တဲ့အခါမှာ ဒီပလိုမာလက်မှတ်အသေးစားလေးသာ ဖြစ်တယ်ဆိုပေမယ့် အလုပ်ကတဖက် နည်းပါးလှတဲ့အချိန်ကတဖက် နားလည်မှူလွဲတဲ့ဆရာတွေနဲ့ကတဖုံ ၉လတာဟာ စိတ်ထဲမှာအတော်လေးကြာမြင့်ခဲ့ပါတယ် ။ ပရော့ဂျက်တွေ အဆိုင်းမန့်တွေနဲ့ အလူးလူးအလှိမ့်လှိမ့် ဖြတ်သန်းပြီးချိန်မှာ နောက်ဆုံးလိုချင်တာကို ရရှိခဲ့ပါတယ် ။ ထူးချွန်စွာမအောင်မြင်ခဲ့တဲ့အတွက် မိဘအပေါ်တာဝန်မကျေသလို ခံစားမိပေမယ့် နှစ်သိမ့်နိုင်တဲ့ကတ်လေးအဖြစ်တော့ လက်ဝယ်ပိုင်ဆိုင်နိုင်ခဲ့ပါပြီ ။ ဘာလို့ ဒီစာတီဖီကိတ်လေးကို အကျယ်ချဲ့ပြီးရေးနေတာလဲ ပြောစရာရှိပါတယ် ။

သစ်သစ်ကတကယ်ဆို စိတ်ခံစားမှုပျော့ညံ့လွန်းပါတယ် ။ မယူခင်အချိန်ထိ ဘာမှမဖြစ်ပေမယ့် တကယ်ယူရမယ့်နေ့ရောက်ချိန်မှာ မိဘတွေကိုအနားမှာရှိစေချင်ခဲ့ပါတယ် ။ မနက်အစောကြီးထ ဘုရားရှိခိုးပြီးမိဘတွေကို ကန်တော့ပြီးတဲ့နောက် အိမ်ကိုဖုန်းဆက်ခဲ့ပါတယ် ။ မေမေဆိုပြီး စိတ်ထဲဝမ်းနည်းစွာ ငိုနေမိလို့ အမေကတောင်ချော့မော့ယူရတဲ့အထိ ခံစားချက်ပြင်းထန်ခဲ့ပါတယ် ။ ကျောင်းကိုသွားနေချိန်မှာ ဘာမှမဖြစ်ပေမယ့် ကျောင်းရောက်လို့သူငယ်ချင်းတွေနဲ့တွေ့ပြီး ၀တ်စုံဝတ် ဓါတ်ပုံတွေရိုက်ချိန်မှာ စိတ်လှုပ်ရှားပြီးပျော်နေတာ မျက်နှာမှာအသိသာကြီးပါ ။ ဒီလိုနဲ့ ဟိုပြောဒီပြော ပြောင်နောက်နေရင်းကနေ ၉လတာအတူဖြတ်သန်းပြီး နောက်ဆုံးနှစ်မှအတူတက်ယူခွင့်မရပဲ ကျန်ခဲ့တဲ့သူငယ်ချင်း၂ယောက်ကိုလည်း အရမ်းသတိရမိပါတယ် ။

စတိတ်ပေါ်တက်ခါနီး သူတို့ပြောထားတဲ့အတိုင်း လုပ်ရမယ့်ပုံစံကို စိတ်ထဲမှာအကြိမ်ကြိမ်လေ့ကျင့်ထားပေမယ့် တကယ်တမ်းစတိတ်ပေါ်ရောက်ချိန်မှာ လူကလေထဲမျောလွင့်နေသလို ခံစားမိပါတယ် ။ ကြည့်နေကြတဲ့မျက်လုံးတွေ တီးနေကျတဲ့လက်ခုပ်သံတွေ ပေးနေတဲ့သူရဲ့အပြုံး အိုးးး စုံလင်နေတဲ့ခံစားချက်တွေနဲ့ ဘယ်လိုစင်အောက်ကို ရောက်ခဲ့မှန်းတောင်မသိနိုင်တော့ပါဘူး ။ ကတုန်ကယင်နဲ့စိတ်လှုပ်ရှားနေတာ စက္ကန့်အားဖြင့်အတော်လေး ကြာမြင့်ခဲ့တယ်လို့ ဆိုလို့ရပါတယ် ။ ကိုယ်တိုင်ကြိုးစားပြီးရခဲ့တဲ့ ဒီလက်မှတ်လေးကို တကယ်ပင်တန်ဖိုးထားသလို မိဘတွေဖြစ်ချင်တာလုပ်ပေးနိုင်ခဲ့လို့ ပိုပြီးဝမ်းသာမိပါတယ် ။ ပွဲပြီးလို့ရုံးကိုဆက်သွားရန် ကားဂိတ်လာချိန်မှာ အိမ်ကိုဖုန်းဆက်ပြီး ဖေကြီးသမီးယူပြီးပြီ မေမေ့ကိုလည်း ပြောပြလိုက်နော်ဆိုပြီး ဆက်လိုက်ရချိန်ဟာ လေးနှစ်တာစင်္ကာပူကျွန်းကနေ ရန်ကုန်ဆက်တဲ့ဖုန်းသံတွေထဲက အချိုမြိန်ဆုံးအသံလို့သာ ဆိုညွှန်းလိုက်ချင်ပါတော့တယ် ။

ဘ၀မှာအကြီးကျယ်ဆုံး မာတာမိဘနှစ်ပါးကို ဖုန်းဆက်ပြီးချိန်မှာ ရေခြားမြေခြားရဲ့ပထမဆုံးအောင်မြင်မှူတစ်ခုကို ချစ်တဲ့သူကိုပြောပြချင်ခဲ့ပါတယ် ။ သူလည်းနားထောင်ချင်မယ်လို့ ထင်ပါတယ် ဒါပေမယ့်ခုချိန်ထိ ပြောပြနိုင်တဲ့ခွင့်ရေးမရှိသေးတော့ ရင်ထဲမှာတခုခုလိုနေသလို ခံစားချက်တွေနဲ့ ဒီပို့စ်လေးကိုရေးလိုက်ပါတယ်နော် ။



2 comments:

  1. ပြောပြလိုက်တော့လေ မြန်မြန်

    ReplyDelete