Friday, August 28, 2009
သမီး ကျန်းမာပါတယ်
ဒီနေ့က မိုးလေးညှို့နေပြီး အေးချမ်းတဲ့နေ့လေး တစ်နေ့ပါ ဒါပေမယ့် သစ်မပျော်ဘူးဖြစ်နေတယ် ။ အလုပ်လည်းမလုပ်ချင်ဘူး လူတွေနဲ့မျှတအောင်လည်း မနေချင်ဘူး လူတွေနဲ့အဝေးကို ခဏထွက်သွားချင်နေတာလေ ။ သစ်သစ်မေ့ထားတဲ့ အရိပ်မည်းကြီးက သစ်သစ်ကိုပြန်အစဖော်နေတယ်ဆိုလည်း မမှားပါဘူး ။
တစ်ခါတစ်လေ ဘ၀မှာ မထင်မှတ်တာတွေ ဖြစ်တတ်တယ်လေ ။ ဒီစာကိုရေးနေရင်းကနေ ဟိုးလွန်ခဲ့တဲ့ ၃နှစ်လောက်က ကိုယ့်ဘ၀ကိုပြန်စဉ်းစားမိတယ် ပျော်ရွှင်စရာများနဲ့ ပြည့်နေတယ်လို့ မဆိုနိုင်ပေမယ့် မျှော်လင့်ချက်ရောင်ခြည်တွေနဲ့ စိတ်ကူးတွေလတ်ဆတ်ခဲ့တာတော့ အမှန်ပါပဲ ။ ထင်မှတ်မထားတဲ့အဖြစ်တွေနဲ့ ကိုယ့်ဘ၀ရဲ့ပိတ်ကားထဲက အခန်းတစ်ခုကို ကိုယ်သရုပ်ဆောင်ခဲ့ရတယ် ။ အရင်ဆုံးစပြီး ကိုယ့်အပူတွေကို ရှယ်ယာခွဲခဲ့တာကတော့ ကိုယ့်မိဘတွေပါ ကျနေတဲ့ကိုယ့်ရဲ့စိတ်ဓါတ်တွေကို အတူလိုက်ပါပြီး စီးမြောပေးခဲ့ကြတယ်လေ ။
နေ့တစ်နေ့ရဲ့ ညခင်းလေးမှာ အမောတကြီးနဲ့ အိမ်ကိုပြန်လာတဲ့ သမီးငယ်ကိုချက်ချင်း နှစ်သိမ့်မှုမပေးနိုင်ခဲ့ဘူးလေ....။ မင်သက်ဆွံအစွာနဲ့ ကြည့်ပြီး အိပ်ခန်းလေးဆီပြေးတက်သွားတဲ့ ကိုယ့်ကိုလိုက်ကြည့်နေခဲ့ကြတယ် ။ ကိုယ်တံခါးကို လော့ချပြီးတာနဲ့ ချက်ချင်းတံခါးလာခေါက်တာကတော့ ကိုယ့်အဖေပါပဲ.....ဘ၀တစ်လျှောက်မှာ ကျန်းမာရေးအတွက် ဆေးရုံဆိုတာတောင် မတက်ခဲ့ဘူးတဲ့ အဖေ ကိုယ့်အတွက်နဲ့ ဆရာဝန်ပေါင်းများစွာနဲ့ ဆွေးနွေးခဲ့တယ် ။
ဘာလုပ်သင့်တယ် ဆိုတာထက် သမီးစိတ်ဓါတ်မကျဖို့က သူ့အတွက်ပိုအရေးကြီးခဲ့တယ် ။ ဘယ်သူ့ကိုမှ မတွေ့ပဲအခန်းအောင်းသွားတဲ့ကိုယ့်ကို အမေကအခန်းရှေ့ကုတင်ကနေ မထတမ်းစောင့်နေခဲ့တယ် ။ နင်မစားရင် ငါလည်းထမင်းမစားဘူးဆိုလို့ အခန်းတံခါးဖွင့်ပြီးထွက်လာတဲ့ကိုယ့်ကို အမကထမင်းဝိုင်းနဲ့ ကြိုနေခဲ့တယ် ။ စီးပွားပျက်ပါစေရအောင်ကုမယ်ဆိုတဲ့ အမေ့ရဲ့စကား ဒါမလုပ်ရလို့ ငါ့သမီးဘ၀မတိုးတက်တော့ဘူးလားဆိုတဲ့ အဖေ့ရဲ့ဂရုဏာဒေါသတွေက အိမ်မှာညံစီနေခဲ့တယ်လေ...။
ပထမဆုံးအကြိမ် ဒေါက်တာကိုစိုးရိမ်တကြီးလိုက်တွေ့ကြတဲ့ အဖေ နှင့် အမေ မျက်နှာကို ဘယ်တော့မှမမေ့နိုင်ခဲ့ဘူး ။ ကိန်းဂဏန်း ၁၀ကျော်တဲ့ ၃လစာ ဆေးဖိုးတွေကို နှမြောချင်းမရှိ ကောင်တာမှာရှင်းနေကြတာ ကိုယ့်ဘ၀မှာအကြွေးတွေ တင်သလိုခံစားခဲ့ရတယ် ။ ၃လကြာလို့ပြန်စစ်တော့လည်း ဘာမှထူးခြားမလာတဲ့ ကိုယ့်ရောဂါကို စိတ်ဓါတ်မကျပဲ ကိန်းဂဏန်းများထပ်ပေးပြီး ထပ်ကုနေကြတဲ့မြင်ကွင်းက ကိုယ့်နှလုံးသားထဲမှာ တဖျတ်ဖျတ်ရိုက်ခဲ့တဲ့ သမိုင်းဝင်ပုံရိပ်တွေပါပဲ....။
မထူးခြားတော့တဲ့ ကိုယ့်အခြေအနေကို လုပ်ချင်ရာလုပ်တော့ဆိုပြီး စမ်းသပ်ခုံတွေမှာ ကိုယ်ထိုင်ပေးခဲ့တယ် ။ ငယ်ငယ်လေးနဲ့ဖြစ်ရလားဆိုတဲ့ ဆရာတွေရဲ့စုတ်သတ်ချက်တွေ အောက်မှာကိုယ်ဟန်ဆောင်ပြုံးနိုင်ခဲ့တယ် ။ အကြိမ်ကြိမ်ဖောက်ခဲ့တဲ့သွေးတွေ စစ်ခဲ့တဲ့စက်တွေ ဆေးရုံရဲ့အနံ့တွေကြားမှာ ကိုယ်၂လလောက်နေသားကျခဲ့တယ် ။
မနှစ်ကကိုယ်ပြန်တော့လည်း စိတ်တိုင်းကျအစစ်ခံပေးခဲ့တယ် ပြောင်းလဲမလာလို့ ကိုယ်ကတောင် မိဘတွေကိုအားနာခဲ့ရတယ် ။ ဘာပဲဖြစ်ဖြစ် ဒီမနက်မှာအဲဒီမှောင်လွန်းသောညများအကြောင်းကို ပြန်စဉ်းစားမိခဲ့တယ် ။ ရထားဘူတာကထွက်တော့ ကိုယ့်စိတ်မထိန်းနိုင်ပဲ အိမ်ကိုဖုန်းဆက်လိုက်တယ် ပြောလိုက်တာကတော့ သမီးကျန်းမာပါတယ်ပေါ့....ဟက်ဟက် ။
12 comments:
  1. ဘာဖြစ်လို့လဲဟင်...။
    ReplyDelete
  2. သူဌေးသစ်သစ်ကို ပြန်ဖတ်ကြည့်သေးတယ်...။ ဘယ်တစ်ခုကိုပြောတာလဲဆိုတာ မသိသေးဘူး...။
    ReplyDelete
  3. ခုကောင်းတယ်မလား? ပြန်မစဉ်းစားနဲ့ 
    ReplyDelete
  4. မမသစ်သစ်
    ဘာဖစ်ရို့ ရဲ..
    ReplyDelete
  5. သစ် ဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ် ဘာပဲဖြစ်၂ ကျန်းမာရေးက လူ့ ဘ၀မှာ အဓိကပဲ ကျန်းမာရေးဆိုတာကလည်း စိတ်ကအခြေခံတယ် စိတ်ကလေး ပျော်အောင်နေ ဒါဆို အရာအားလုံးကိုမေ့သွားရော (စား သောက် နေထိုင်တာလေးကိုတော့ ဆင်ခြင်ရမှာပေါ့)
    တို့ ကိုယ်တိုင်လည်း ကျန်းမာရေးနဲ့  ပတ်သက်ရင် ချူချာလို့  ကိုယ်ချင်းစာမိတယ်
    သစ် မှာရှိတဲ့ ရောဂါမှန်သမျှ အမြန်ဆုံးသက်သာပျောက်ကင်းပါစေ
    မိဘကိုလုပ်ကျွေးပြုစုနိုင်တဲ့ သစ်လိမ်မာလေးဖြစ်ပါစေလို့  အမြဲဆုတောင်းပေးနေပါတယ် (စိတ်ကလေးပျော်အောင်နေပါသစ်)
    ReplyDelete
  6. မမသစ်.... ဘာဖြစ်လို့လဲ မသိပေမယ့်... မမနဲ့တူတူ စာဖတ်နေတဲ့ အချိန် စိတ်မကောင်းဖြစ်ရတယ်...။ နောင့် ရဲ့ ကိုကြီးလဲ ... ခု နေမကောင်းဖြစ်နေတယ်.... မိဘတွေကတော့ ကုန်ချင်ကုန်ပါစေဆိုပြီး ကုနေသလို နောင့် ရတဲ့ လစာ ကိုလဲ နောင့် အတွက် နေဖို့ သုံးဖို့ ချန်ပြီး အားလုံး အကုန်ပို့တယ်..။ နောင့် ပြောချင်တာက မိသားစု ဆိုတာ ... အဲ့လိုပါပဲ အကြွေးလို့ မသတ်မှတ်ပါနဲ့ မမရယ် ။.... နောင့် ကိုကြီး ရဲ့စိတ်ထဲမှာလဲ ဒါဟာ အကြွေးတွေလို့ သတ်မှတ်မိ မှာကို နောင့် သိပ်ကြောက်တယ်... ဒါဟာ... မိသားစု တွေရဲ့ တုနှိုင်းမမှီတဲ့ မေတ္တာပါပဲ မမ.။
    ReplyDelete
  7. ဟယ် ဒီတခေါက် ငါမန့် တာသိပ်အဆင်ပြေနေပါလား တော်ကြာ ငါမဟုတ်ဘူးလို့ ထင်နေဦးမယ်
    သစ်သစ် အပေါ်က မေဖလားဝါးက အစစ်နော် သူဒီနေ့  ဆေးလှုပ်သောက်လို့ အဲ့လို မန့် နိုင်တာ
    အပေါ်ကမန့် တာ မေဖလားဝါးအစစ် ဖြစ်ကြောင်း အောက်မှ မေဖလားဝါးမှ အပြတ်အသတ် ထောက်ခံမဲပေးသည်
    ReplyDelete
  8. အပေါ်က မေဖလား အတုထင်နေတာ
    ဆေးကိုလှုပ်သောက်ပါ ဖလားရယ် မဟုတ်ရင် ငါနင့်ကိုယ်လုံးကို ကိုင်လှုပ်ပေးပမယ်
    ReplyDelete
  9. မီးမီးချစ်August 28, 2009 at 2:22 PM
    be strong သူငယ်ချင်း ..
    အားပေးနေမယ်
    ReplyDelete
  10. ညလေး..ဘာဖစ်.
    နေကောင်းအောင်ဂရုစိုက်နေနော်.
    စိတ်ကိုပျော်အောင်ထား။
    စားချင်စိတ်ပေါက်တာစား။
    မမက ညီမလေးကို ချစ်လို့ စနေတာနော်.
    ကျန်းမာရေးကောင်းအောင်ပဲ ဂရုစိုက်နေပါ။
    အဆင်ပြေပါစေ ချစ်ညီမ။
    ReplyDelete
  11. မမ.သစ်.. ကျနော်လည်း လာဖတ်သွားပါတယ်. အရေးအသားကောင်း သလို ဖတ်ရတာလည်း တစ်ကယ်ကို စိတ်မကောင်း စရာပါ.. ဘာပဲဖြစ်ဖြစ်. အစ်မ အမြန်ဆုံးကျန်းမာပါစေလို့ ဆုတောင်းပေး ပါတယ်.. မိဘမတ္တာကို ပိုနားလည်လာသလို.. အရာရာကို ရင်ဆိုင်ကျော်ဖြတ် နိုင်လိမ့်မယ် လို့လည်း ယုံကြည်ပါတယ် ..
    ReplyDelete
  12. သစ် ဘာဖြစ်လဲတော့ ကိုယ်မသိဘူး။
    ဒါပေမဲ့ စိတ်ချမ်းသာ ကိုယ်ကျန်းမာဖို့က အဓိကနော်။
    ပိန်ပိန်၀၀!
    ReplyDelete