Saturday, August 1, 2009

ထင်မထားတဲ့ တိုက်ကွက်တစ်ခု

မနေ့က သောကြာညလေးမှာ သစ် ကောင်းကောင်းနားမယ်ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ ပြန်လာခဲ့ပါတယ် ။ အိမ်မှာအတူနေတဲ့ မမ က ဖျားနေတော့ ကြက်စွပ်ပြုတ်လေး လုပ်ပေးမယ်ဆိုပြီး ဈေးဝင်ဝယ်တော့ အိမ်ရောက်တာနောက်ကျသွားခဲ့တယ်လေ ။ အဲဒါရဲ့အကျိုးဆက်ကတော့ သစ်သူနဲ့မတွေ့လိုက်ရတော့ပါဘူး သူကအလုပ်ကိုသွားပြီလေ ။ သစ်ဒီအပတ်စိတ်မကြည်ပါဘူး ပြောရရင် သစ် ဘာမှအဆင်မပြေပါဘူး ။ ဘာလုပ်လုပ်ကို အဆင်မပြေတာပါ ။ သူနဲ့စကားပြောလည်း မပြေပါဘူး ။ သစ်တကယ်ကို ပြေလည်ချင်ပါတယ် ဘာရယ်မှမတွေးပဲ တိုင်ပင်ဖော်တစ်ယောက် အနေနဲ့ကို ပြေလည်ချင်တာပါ ။ ကဲ ထားလိုက်ပေါ့ သစ်ကအမြဲတမ်း ဒါအတွက်ပဲရေးနေတော့ စာဖတ်တဲ့သူလည်း ငြီးငွေ့လာနိုင်ပါတယ်လေ ။ မနေ့ညက စားသောက်ပြီးလို့ သစ်သစ်နားတဲ့ အချိန်မှာ တချိန်က သစ်အရမ်းကို မျှော်လင့်တောင့်တဖူးတဲ့ သူတစ်ယောက်စီက ဖုန်းဝင်လာပါတယ် ။ မထင်မှတ်တဲ့ ဖုန်းနံပါတ် နဲ့ မထင်တဲ့အချိန်မှာ ဆက်တော့သစ် အငိုက်မိသွားခဲ့ပါတယ် ။ သူလို့သိလိုက်တဲ့အချိန်မှာ သစ်ရင့်သီးတဲ့ စကားများစွာကို စိတ်မထိန်းနိုင်ပဲ ပြောလိုက်မိပါတယ် ။ သူက သစ်ဒေါသတွေကို ပြီးအောင်နားထောင်ပါတယ် နောက်တော့ အရင်ကသစ်လိုချင်ပြီး သူ့ကိုဖွင့်မပြောခဲ့တဲ့ အရာအားလုံးကို သူပြောခဲ့ပါတယ် ။ သစ်တို့ရဲ့အကြောင်းတွေ ပြီးသွားတဲ့နောက်မှာ သူသစ်အတွက် ဘာတွေလုပ်နေတာရယ် အခုသူလိုချင်တဲ့ အခြေအနေကို ရောက်လို့သစ်ဆီကို ပြန်လာခဲ့ပြီဆိုတာလည်း ပါတယ် ။ အချိန်တစ်ခုပေးပြီး သစ်ကျေနပ်အောင် ပြန်လည်ပေးဆပ်တော့မယ် ဆိုတာရောလည်း ပါသေးတယ် ။ တကယ်တော့သူဟာ မျှော်လင့်ချက်တွေနဲ့ ပြန်လာခဲ့တာပါ ။ ဒါပေမယ့် သူပြောနေစဉ်မှာရော ပြောပြီးချိန်မှာရော သစ်ဘယ်လိုမှခံစားမှု မရှိတော့ပါဘူး ။ သစ်ရင်ထဲမှာသူမရှိတော့ဘူးဆိုတာ သစ်သေချာစွာ သိလိုက်ရတယ်လေ ။ ကောင်းသည်ဆိုးသည် တစ်ခုမှ မပြောပဲ ၂နာရီကျော် ဖုန်းပြောပြီးတဲ့နောက်မှာ သစ်ဖုန်းချခွင့်တောင်းခဲ့ပါတယ် ။ ဒီလိုနဲ့သစ်အိပ်ပျော်ပြီးတဲ့နောက် မနက်၃နာရီလောက်ကြီး အိပ်ယာနိုးလာပါတယ် နိုးနိုးချင်းသစ်အရမ်း သတိရသွားတာကတော့ ဒီအချိန်ဆို အလုပ်တွေလုပ်နေမယ့် သစ်သိပ်ချစ်ရတဲ့ ချစ်သူလေးကိုပါပဲ ။ အိပ်မရတာနဲ့အတူ လုပ်စရာရှိတာတွေကို ထိုင်လုပ်နေလိုက်တာ မိုးလင်းသွားပြန်ရောပေါ့နော် ။ စနေဆိုတဲ့ မနက်တိုင်း သစ်အိမ်ကိုဖုန်းဆက်လေ့ ရှိပါတယ် ။ ထူးခြားစွာအဖေကလည်း သစ်ကိုအရွယ်မငယ်တော့လို့ အိမ်ထောင်ပြုဖို့ တိုက်တွန်းခဲ့ပါတယ်။ ရှိသလား မရှိရင် မိဘတွေစီစဉ်မယ်ပေါ့နော် ။ သစ် အဖေ့ကို ဘာမှမပြောပဲ ရီနေလိုက်ပါတယ် ။ သစ် မိဘတွေက အသက်ကြီးပြီဆိုတော့ အိမ်ထောင်ပြုဖို့ ကျန်တဲ့သစ်ကို စိတ်ပူနေကြပါတယ် ။ မိဘရဲ့ဆန္ဒကိုလည်း မလိုက်လျောနိုင် သစ်ကိုယ်တိုင်လည်း ဘာမှမပြနိုင်တော့ သစ်စိတ်ညစ်သွားတယ်လေ ။ ဒါနဲ့သစ် သီချင်းတွေဆိုပြန်တယ် ပိတ်ရက်ဆိုတော့ ကွန်ကမကောင်းတော့ ဆိုတဲ့အပုဒ်တိုင်း ထစ်နေပြန်တယ် ( အဆင်မပြေပုံများနော် ) ။ နောက်ဆုံးတော့ သစ်စိတ်ထဲရှိရာချရေးမယ် ဆိုပြီး ဒီပို့စ်ကောက်ရေးလိုက်တာပါ ။ သစ်စာကို အမြဲလာဖတ်တဲ့သူများကို သစ်တောင်းဆိုချင်ပါတယ် သစ်ကိုတကယ်ချစ်တယ်ခင်တယ် ဆိုရင် သစ်ရဲ့နေရာကနေ ခံစားပြီးသင့်တော်တဲ့ အကြံဥာဏ်များကို ကွန့်မန့်တွင်ပေးသွားစေလိုပါတယ် ။ ဝေခွဲမရ စိတ်ပျက်စွာနဲ့ ပိတ်ရက်တွေကို ဖြတ်သန်းရပေဦးမယ်ကွယ်။

4 comments:

  1. ဒီတခါတော့ ဘာပြောရမှန်း တကယ်မသိတော့

    ReplyDelete
  2. သစ်ရဲ့အကြောင်းဘာမှမသိပဲ သစ်ရဲ့နေရာမှာ မည်သို့ ဝင်ပြီး ခံစားရမည်နည်း.. အသင်သစ်သစ်.....။
    သင့်အကြောင်းကို ဖုံးတစ်ခါ ကွယ်တစ်လှည့် ရေးထားသည်ကို နဂိုထုံ ကျွန်ုပ်က မည်သို့ သိနိုင်ပါမည်နည်း... စဉ်းစဉ်းစားစားခိုင်းပါအသင်... ဟွန့်....။

    sdl

    ReplyDelete
  3. ထောထောလည်း ဘာပြောရမှန်းတကယ်မသိ

    ReplyDelete
  4. အင်း
    တီလဲဖြစ်ဖူးတယ်
    အဲ့ကောင်လေး ကိုအရမ်းချစ်ခဲ့တယ်
    လိုချင်တာ အကုန်မရရအောင် လုပ်ပေးပြီး ကိုချစ်ခဲ့တာနော်
    သူမိန်းမယူသွားတယ်
    တီ အသီးကွဲတာပေါ့အေ
    ခုတော့ ပြန်လာချင်တယ်တဲ့
    သစ်လိုပါပဲ
    တီ မှ ဘာမှမကျန်တော့ဘူးလေ
    တီပြောလိုက်တယ် မင်းရွေးချယ်ခဲ့တဲ့လမ်း ပြီးအောင်လျှောက်ပါလို့
    http://chenaddy.blogspot.com/2009/02/blog-post_1020.html

    ReplyDelete