Thursday, August 20, 2009

ခံစားလို့မရတဲ့နေ့ကလေး

ဇန်န၀ါရီလ ၈ရက်နေ့ ကိုယ်ရန်ကုန်ကနေ မနက် ၁၀နာရီထွက်မဲ့ လေယာဉ်လေးနဲ့ ပြန်ရတော့မယ်လေ ..။ မပြန်ခင်ညကတည်းက ကိုယ်ပြင်ဆင်နေတာကိုကြည့်ပြီး မိဘတွေက မျက်နှာတွေပျက်နေပြီလေ ။ ကိုယ်မသိသလိုလေးပဲ နေလိုက်တယ် အဓိက ကတော့အမေ့နားမှာ အမေ့ကိုဖက်ထားမိတယ် ။ အမေကတော့ပြောပါတယ် ကလေးလည်းမဟုတ်ပဲနဲ့ သွား ...ဝေးဝေးနေတဲ့ ။ အမေလည်း ကိုယ်ခံစားနေတာ သိပုံရတယ် ။ အစ်ကိုတွေကတော့ မပြန်ခင် ၂ရက်လောက် ကတည်းကပြေးပြီလေ ။ အစ်မကတော့ ထည့်ပေးချင်တာတွေများတော့ ၀င်လိုက်ထွက်လိုက်နဲ့ လမ်းထိပ်နဲ့အိမ်ကို သူမမောနိုင်ပါဘူး ။ အဖေကလည်း ဝေ့လည်ကြောင်လည်နဲ့ သစ်သစ်အိတ်ကို ချိန်လိုက်နဲ့အလုပ်ရှုတ်ချင်ယောင် ဟန်ဆောင်နေတယ်လေ ။


ကိုယ် အဲဒီချိန်က ခံစားချက်ကိုပေါ်လွင်အောင် ရေးနိုင်မယ်မထင်ဘူး ။ နှုတ်ဆက်နေကြတဲ့ သူငယ်ချင်းများရဲ့ ဖုန်းသံကလည်း လူခြေတိတ်တဲ့ ၁၁နာ၇ီအထိ မစဲခဲ့ပါဘူး ။ အဲဒီည ကိုယ်အိပ်မပျော်ပါဘူး ငါနေခဲ့တဲ့ ဒီအခန်းလေးမှာ ငါကအခုဧည့်သည်ပဲ ပြန်ဖြစ်နေပြီလားဆိုပြီး ၀မ်းနည်းစွာနဲ့ တစ်ခန်းလုံးကို လက်နဲ့ထိတွေ့ကိုင်တွယ်နေမိတယ် ။ ကိုယ့်ရဲ့ရင်ထဲမှာ လှိုင်းလေးတွေတငြိမ့်ငြိမ့်သွားနေသလို ခံစားမှုက နာရီလက်တံတွေကို ကြည့်ပြီး တရိပ်ရိပ်နဲ့ဒီရေလို တက်လာခဲ့တယ်လေ ။ အမေက သူ့အခန်းကလှမ်းပြောတယ် ည၁နာရီ ရှိပြီ အိပ်သေးဘူးလားတဲ့ အမေတို့အိပ်တော့လေ ဆိုတော့ သမီးမအိပ်သေးလို့တဲ့ ကိုယ့်ရဲ့အမည်မသိခံစားချက်ကို မြိုသိပ်ရင်းကိုယ့်အခန်းမီးလေးကို ပိတ်လိုက်တယ် ။ ပြီးတော့ နက်ဖြန်လာကြိုဖြစ်လားလို့ စလုံးကိုဖုန်းဆက်တော့ သူခွင့်မရပါတဲ့ အင်း....ဒါဆိုလည်း ကိုယ့်ဘာသာပဲပြန်လာတော့မယ်လို့ ပြောပြီး ဖုန်းလေးကိုချထားလိုက်တော့တယ် ။

တလူးလူး တလှိမ့်လှိမ့်နဲ့ မိုးလင်းသွားခဲ့ပြီပေါ့ ဒီနေ့ကိုယ်ပြန်ရမယ်ဆိုတော့ ဘာလုပ်လုပ်နှေးကွေးနေမိတယ် ။ ကော်ဖီသောက် ဟိုစားဒီစားနဲ့ စိတ်တွေလွှဲလည်း မရခဲ့ဘူး ။ နောက်ဆုံးတော့ကိုယ်မခံနိုင်တော့ဘူး အဖေ နှင့် အမေကို တဖက်စီလက်ကိုဆွဲပြီး အိမ်ရှေ့ဒန်းလေးမှာ ထိုင်လိုက်တယ် ။ အဖေကတော့ ခဏပဲ ဘုရားရှိခိုးမယ်ဆိုပြီး ထွက်သွားတယ် အမေကတော့ မိန်းကလေးဆိုတာ ဟိုရောက်ရင် ဘယ်လိုနေ အစားလျှော့စား ကျန်းမာရေးဂရုစိုက် အပြင်သိပ်မထွက်နဲ့တဲ့ သမီးနေချင်တဲ့နေရာမို့ လွတ်ထားတာတဲ့ တစ်နေ့မှစိတ်မချဘူးတဲ့ သစ်သစ်ကတော့ အမေ့မျက်နှာကိုကြည့်ပြီး အင်းအင်း...ဆိုပြီး ခေါင်းဘယ်နှစ်ကြိမ်ငြိမ့်မိလည်းတောင် မသိတော့ပါဘူး ။ ခဲအိုကလည်း ကားပေါ်အိတ်တွေတင်နေပြီ အစ်မကလည်း ကားကိုဂိုထောင်က ထုတ်နေပြီ သစ်သစ်အမေ့လက်ကို ဆွဲထားတုန်းပဲ ၀မ်းနည်းတာကို အရမ်းကြီးထိန်းထားရတယ် ။ ဘုရားကန်တော့ အဖေ ၊ အမေ ကန်တော့ပြီးတာနဲ့ အိမ်ရှေ့က ရပ်ကွက်ထဲက အန်တီတွေကို နှုတ်ဆက် ကားပေါ်တက်ခဲ့တော့တယ် ။ လေဆိပ်အသွားလမ်းမှာ ဆရာကဖုန်းဆက် နှုတ်ဆက် တကယ်ဝမ်းနည်းစရာပါ ...။

ထုံးစံအတိုင်း အဖေက အိမ်စောင့်ကျန်တယ်လေ ။ အစ်မကတော့ ကားစမောင်းပြီဆိုတာနဲ့ကို မြည်တွန်တောက်တီးနေတာ လေဆိပ်မှာကားရပ်မှပဲ သူလည်းအသံတိတ်တယ်လေ ။ သူရွတ်နေတာတွေကိုလည်း အရင်ကဆို သစ်သစ်ကလည်း လိုက်ပြောနေကျ အခုတော့ဘာမှကိုမပြောနိုင်ဘူး ။ လေဆိပ်ရောက်တော့အားလုံးအမပဲလုပ်တာ သစ်ကအမေနားမှာပဲနေတယ် အမေ့ကိုပုံစံမျိုးစုံ ဓါတ်ပုံရိုက်တယ် ။ နောက်ဆုံးတော့သစ်သစ်ဝင်ရပြီလေ အချိန်ကိုဘယ်လိုမှ ဆွဲထားလို့မရခဲ့ဘူး ။ အမေ့ကိုနမ်းပြီးစိတ်ကတင်းထားဆဲပေါ့ အိတ်တွေအပ်ပြီးတာနဲ့ အပေါ်ကိုမတက်သေးပဲ မှန်နားကနေအမေ့ကိုပြေးကြည့်သေးတယ် ။ နောက်တော့ကြာကြာမကြည့်ဝံ့ပါဘူး ပြန်တော့လို့ပဲပြောခဲ့လိုက်တယ်လေ ....။

အင်မီဂရေးရှင်းဖြတ်ဖို့ စက်လှေခါးပေါ်တက်တော့ သစ်သစ်ရင်တွေတလှပ်လှပ်နဲ့ ကတုန်ကရင်ဖြစ်နေတယ် စိတ်ကိုတော်တော်တင်းပြီး တန်းစီနေလိုက်တယ် ။ သစ်သစ်စီးရမယ့် ဂိတ်ကိုလမ်းလျှောက်တော့လည်း အတွေးတွေကမျိုးစုံပါပဲ သစ်ကိုစစ်တဲ့မမက စနေတာတောင် သစ်မရီနိုင်ခဲ့ပါဘူး ။ ထိုင်ခုံလေးမှာ ငြိမ်ငြိမ်လေးထိုင်ပြီး ငါရွေးချယ်တဲ့လမ်းမှားနေပြီလားလို့ အထပ်ထပ်စဉ်းစားနေတယ်လေ ။ ဒီလိုနဲ့ချန်ဂီလေဆိပ်ရောက်တော့လည်း စိတ်ကနည်းနည်းတည်ငြိမ်လာတယ် ။ နောက်ကြိုသူမဲ့နေတဲ့ လေဆိပ်ကြီးကို မြန်မြန်ပဲ ကျောခိုင်းပြီး တက်စီငှားပြီးပြန်လာခဲ့တယ်လေ ။ ကားပေါ်ကနေ အိမ်ကိုဖုန်းဆက်တော့ ရောက်ပြီလားတဲ့ အဖေ ရော အမေရော ဖုန်းနားမှာမျှော်နေတာတဲ့ နေ့လည်စာတောင် မစားသေးဘူးတဲ့လေ ... ။ ဒီလိုနဲ့ ကိုယ်နေတဲ့ အခန်းလေးကိုရောက်တော့ အိပ်ယာခင်းအသစ်ခင်းပြီးတာနဲ့ ချုပ်ထိန်းထားသမျှတွေ အားလုံးကိုလျှော့ချပြီး အားရပါးရငိုကြွေးလိုက်တယ် တကယ်ပါနောက်တော့မောပြီး အိပ်ပျော်သွားခဲ့တယ်လေ ။ အဲဒီနေ့လေး သစ်သစ်ဘ၀မှာတော့ တစ်ကယ်မမေ့စရာလေးပါပဲ .....။

6 comments:

  1. သစ်ရေ ငိုချင်နေတဲ့အချိန် ဒီပိုစ့်လေးဖတ်မိသွားတော့ ငိုမိသွားတယ်
    ဘ၀မှာ ကိုယ့်အိမ်လောက်ကောင်းတဲ့နေရာ တခုမှမရှိသလိုပဲ
    ကိုယ့်မိဘလောက်ကောင်းတဲ့လူမျိုး တယောက်မှမရှိသလို
    မိဘ မောင်နှမတွေလောက် နားလည်ပေးနိုင်တဲ့လူမျိုးလည်း တယောက်မှမရှိဘူးလို့ ပဲထင်မိတယ် ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာကို ပိုဦးစားပေးမိတယ်လို့ ပဲ မှတ်ထားပြီး အားတင်းနေရတဲ့ဘ၀ပဲ
    အင်း ခုတလော ကိုယ့်စိတ်ကြိုးတွေ နည်း၂လျှော့သွားတယ် ထင်တယ်ကွယ် ၀မ်းနည်းလွယ် ခံစားလွယ် ငိုလွယ်နေတယ် ပြန်တင်းဦးမှလို့  သတိပေးမိတယ် မဟုတ်ရင် သစ်လိုပဲ ခံစားလို့ မရတဲ့နေ့ လေးတွေ ပိုင်ဆိုင်နေမှာ ကြောက်မိတယ် (သစ်ရေ စိတ်အကြည်ဓါတ်လေးနည်းနေလို့  ရေးချင်တာတွေ ရေးမိသွားပြန်ပြီ အပြစ်တော်မြင်လို့  ဗွေမယူလိုက်ပါနဲ့ နော်)

    ReplyDelete
  2. ကိုယ်ပြန်တဲ့နေ့ က ဖေဖေက ဟိုးအဝေးကြီးမှာ မေမေကဆိုလေ လေဆိပ်မှာ ပိုက်ပိုက်တွေပေးပြီး ဟိုးအထဲထိ မရမကလိုက်တာ ပြီးတော့ ငိုတာပဲ
    သိဘူးသစ် ရယ် ပြောရင်းနဲ့ ထပ်ငိုမိပြန်ပြီ မေမေနဲ့ ဖေဖေ့ကိုလည်း အရမ်းသတိယသွားပြီ ထပ်ဖတ်တော့ဘူးကွယ်

    ReplyDelete
  3. တနေ့တော့ ပြန်နိုင်မယ်လို့ အားတင်းထားပါ။

    ReplyDelete
  4. Just for a while, sis. It's also so great to support the parents back. So graceful.

    ReplyDelete
  5. မမသစ်ရေ.... နောင့် လဲ သီတင်းကျွတ်ပြန်မလို့လေ.... အရမ်းကို ပြန်ချင်ပေမယ့်... အိမ်ပြန်ပြီး... ဒီကို ပြန်လာရမယ့် အဖြစ်ကို မတွေးချင်ဘူး.. ခုမပြန်ရသေးပဲနဲ့ မမသစ် ရဲ့ စလုံး ပြန်ခရီး ကို ဖတ်ပြီး ငိုချင်တယ်...။း(( နောက် တော့ နေသားကျသွားမှာပါ ဆိုပေမယ့် မခံစားရဲဘူး...။

    ReplyDelete