Tuesday, July 28, 2009

မှတ်မိဆဲပါ ထိုအခါ

သစ်သစ်မှာ အရမ်းကိုချစ်စရာကောင်းတဲ့ အဖေ နှင့် အမေ ရှိပါတယ်။ ဒီ ကျေးဇူးရှင် မိဘနှစ်ပါးကြောင့် သစ်ရယ်လို့ ဒီလိုဘလော့တွေ ရေးနိုင်တာပါ ။ သစ် အဖေ နဲ့ အမေ က သစ်အပေါ်မှာ အုပ်ချုပ်ပုံမတူပါဘူး ။ အဖေက သစ်ကိုဖရီးစတိုင် အုပ်ချုပ်ပါတယ် ။ အမေကတော့ အရာရာကို စိတ်ပူပြီး သစ်ကို တုတ်နဲ့အုပ်ချုပ်ပါတယ် ။ သစ်ငယ်ငယ်ကဆို ကျော်ဟိန်းဘုရားလာပင့်တာ သွားကြည့်လို့ တိုင်ကိုဖက်ပြီး အရိုက်ခံရဖူးပါတယ် ။ အဲဒီကတည်းက ကျော်ဟိန်းကို မုန်းလိုက်တာ အခုထိပါပဲ သူ့ကြောင့်ရိုက်ခံရတာလေ ။ အဖေ နှင့် အမေက ဘာသာမတူပါဘူး ဒါပေမယ့် အေးဆေးပါပဲ အဖေကလည်း ခရစ်စမတ်ဆိုရင် အမေကတောင် ဘာမှမစဉ်းစားသေးဘူး သူကဘာလုပ်မယ်ဆိုတာ စဉ်းစားပြီးပြီလေ ဒီလိုပဲ အမေကလည်း ဆွမ်းကျွေးတွေအိမ်မှာလုပ်ရင် ကိုယ်တိုင်ချက်ပါတယ် ။ ဘုန်းကြီးတော့ မရှိခိုးပါဘူး ။ ဘာသာရေးကိုလည်း သားသမီးတွေကို ဘယ်သူ့ဘက်ကို ကိုးကွယ်ပါလို့ တစ်ခါမှမဆွဲဆောင်ပါဘူး ယုံကြည်ရာကို ကိုးကွယ်စေပါတယ် ။ အမေက ကျန်တဲ့သားသမီးတွေကို ထားတဲ့စည်းကမ်းနဲ့ သစ်ကိုထားတဲ့စည်းကမ်း မတူပါဘူး ။ သစ် နဲ့ကျမှ အမေ့စည်းကမ်းတွေက ပျက်တာများပါတယ် ။ သစ်အမဆို ကျောင်းပြီးတာတောင် ယောက်ျားလေးသူငယ်ချင်း အိမ်မခေါ်လာရဲပါဘူး သစ်သစ်ကတော့ အဖေ့အားကိုးနဲ့ ယောက်ျားလေးသူငယ်ချင်း များမှများ အိမ်ကိုလည်း ခေါ် သူတို့ဆီလည်းသွား ရှုပ်နေတာပါပဲ ။ သစ် အဖေက သစ်ဘာလုပ်လုပ် ဟုတ်တယ်ပဲ မှားမယ်ဆိုတာ သိရင်လည်း လုပ်ခိုင်းတာပဲ မှားပြီးမှ ဘယ်လိုဆိုတာ ပြောပြတယ် ။ အမေကကျတော့ မလုပ်ခင်တားတာကအရင်ပါ ။ သစ်၅တန်းအရွယ်ကတည်းက အဖေ့ဝင်ငွေမှန်သမျှကို ကိုင်တွယ်ရပါတယ် ။ အမေကပြောတာပေါ့ အဖေ့ကိုလေ သစ်ပျက်ဆီးရင် နင်နဲ့ငါအကွဲပဲတဲ့ သစ်ကလည်း ဘယ်မှာသုံးရမှန်းကို မသိတာပါ ။ မသုံးတတ်တာလဲ ပါတယ်လေ ။ သစ်မှာအများဆုံးသုံးတာ ကျူရှင်လခပါပဲ ။ ဈေးထွက်တယ်ဆိုတာလည်း မရှိသလောက်ပဲလေ ။ ကျောင်းတစ်နှစ်တက်ရင် အကျီ င်္ ၅ စုံချုပ်တယ် ဒါထန်ကုန်ပဲ....။ ထပ်မသုံးတော့ဘူးလေ ။ အမေကိုတောင် သစ်ကငွေတိုးပြန်ချေးစားသေးတယ် ဟိဟိ ဆိုးတယ်နော် ။ သစ်နောက်ဆုံးအရိုက်ခံရတာ ၈တန်းနှစ်ပါ မှတ်မိပါသေးတယ် အဲဒီနေ့ကို ကျူရှင်တွေကများတော့ တစ်နေ့ကို ၅ချိန်တက်ရပါတယ် ။ ပထမ၃ချိန်က စာမေးပွဲစစ်ပါမယ် ။ သစ်တို့ဟိုဘက်လမ်းက သူငယ်ချင်းအိမ်မှာပါ ကျူရှင်ကလေ ။ သစ်က တတိယချိန်ရဲ့စာမရသေးတော့ ပထမအချိန်မတက်ပဲ စာကျက်နေပါတယ် ။ အမေက ဈေးသွားတော့ ကျူရှင်လုပ်တဲ့အိမ်က သစ်သူငယ်ချင်းအမေနဲ့ တွေ့ပါတယ် ။ သစ်သစ်ဘာလို့ ကျူရှင်မလာလည်းလို့ မေးတော့ အမေက သစ်ကျူရှင်ပြေးတာသိသွားပါတယ် ။ သစ်ကအခန်းထဲမှာ ကျောပေးပြီးစာကြည့်ခုံမှာ စာကျက်နေတုန်း အမေက ဈေးခြင်းတောင်းကြီးချပြီး အပေါ်ထပ်ကိုတက်လာပါတယ် ။ လက်မှာလည်း တံမြက်စည်းကိုကိုင်လို့ပေါ့ အခုထိကျောစိမ့်တုန်းပါပဲလေ...။ သစ်ကိုရှင်းပြချိန်မပေးပဲ ရိုက်ပါတယ် ။ သစ်ကလည်းပတ်ပြေး သစ်အခန်းကပြေးထွက် အပြင်ကဆန်ထည့်တဲ့ တိုင်ကီကိုပတ်ပြေး အမေကလိုက် အိမ်အောက်ထက်ဆင်းပြေး အဖေကလှေခါးမှာ ပိတ်ထား အဖေ့လက်အောက်ကနေပြေး ခြံထဲရောက် ခြံထဲမှာလည်း ကားစပယ်ယာ ဒရိုင်ဘာတွေကြား ပတ်ပြေး အမေကလိုက် အဲဒီချိန်မှာ အပြင်ကပြန်လာတဲ့ အစ်ကိုက ကားကိုအိမ်ထဲမောင်းမ၀င်ပဲ သစ်ကို ညီမလေး တက်တက် ဆိုပြီးကားတံခါးဖွင့်ပေးတယ် ပြေးတက်ပြီး အစ်ကိုက အင်းစိန်တစ်ပတ် ကားမောင်းပို့တယ်လေ ပြီးတော့မှ တက်ရမယ့်ကျူရှင်အိမ်ကို ပို့ပေးသွားတယ်လေ ။ ကားပေါ်မှာလည်း ဒေါ်သစ်က ငိုကြီးချက်မနဲ့ပေါ့ ။ ကျူရှင်အိမ်မှာလည်း စာအုပ်တစ်အုပ်မှမပါပဲ ကျန်တဲ့လေးချိန်ကို တက်တယ်လေ ။ မှတ်မိပါတယ် သင်္ချာဆရာချိန်လေ စာမေးပွဲကို ငိုလိုက်ဖြေလိုက်နဲ့ ဆရာဆိုခုထိပြောတုန်း..။ ၂ချိန်ပြီးရင် အိမ်ပြန်ထမင်းစားရမှာ မပြန်ပဲသူငယ်ချင်းအမေဆီမှာ ငါးကြော်နဲ့စားတယ်လေ ။ သစ်အမက ပြန်မလာလို့ ထမင်းချိုင့်နဲ့ လိုက်လာပါတယ် ။ သစ်ကစားပြီးပြီဆိုတော့ အိမ်ကသူတွေကို အဖက်တောင်မလုပ်ဘူးလေ....ဟိဟိ ။ ညနေကျူရှင်ချိန်တွေပြီးတော့ အစ်ကိုငယ်က လာကြိုပါတယ် ။ လမ်းထိပ်မှာမုန့်တွေစားပြီးမှ အတူတူပြန်ကြတယ်လေ ။ အိမ်ရောက်တော့ သစ်သစ်က ခြေသံကို တမင်လေ ဒုံး ဒုံး ဖနောင့်နဲ့လုပ်ပြီး လမ်းလျှောက်တက်ပါတယ် စိတ်ဆိုးတယ်ပေါ့လေ ...။ ဟိုနေ့ကဖုန်းဆက်တော့ အမေက ပြောပါတယ် သူ့နောက်ဆုံးမြေးမက နင့်အတိုင်းပဲ ငါ့ကိုစိတ်ကောက်တာ ခြေသံကိုသစ်လိုလုပ်တယ်တဲ့...ဟဟ ။ ငယ်ဘ၀ကိုသတိရလို့ ချရေးလိုက်တာပါ ။ နောက်လည်းရေးစရာတွေ ၇ှိပါသေးတယ် ။

5 comments:

  1. ဟားး မမသစ် ခြေထောင့်ဆောင့်တော့နာတာပေါ့လို့ အကိုတွေရှိတာတအားကောင်းတာပဲ ထောပတ်သီးကတော့ငယ်ငယ်ကတည်းက မိဘစကားနားထောင်ရတယ် ဒါဝတ် ဒါစား မသွားရဘူး အဲလိုကြီးပြင်းလာတာပဲ မကျေနပ်ပါဘူး ဒါပေမယ့်ခုထိနားထောင်နေရတုန်းပဲ :)

    ReplyDelete
  2. နောက်လည်းရေးပါ ဆက်ဖတ်ဖို့စောင့်နေပါတယ် :)

    ReplyDelete
  3. အိမ်ကို အရမ်းသတိယသွားတယ် (လူဇိုးမ သစ်သစ်)

    ReplyDelete
  4. ပေကပ်ကပ်နဲ့ အတော်ဆိုးမယ့် ပုံပဲ။ ဝေးဝေးက ရှောင်မှ။

    ReplyDelete
  5. ခြေသံကို တမင်လေ ဒုံး ဒုံး ဖနောင့်နဲ့လုပ်ပြီး လမ်းလျှောက်တက်ပါတယ် စိတ်ဆိုးတယ်ပေါ့လေ

    ကိုကိုမောင်ကိုသွားပြောဦးမှ..........

    ReplyDelete