Sunday, July 19, 2009

ဖျက်လို့မရ သမိုင်းများ ၇

ဒုတိယနှစ်မှာတော့ အားလုံးသိတဲ့အတိုင်း စီခန်းမှာပါ ။ ပထမနှစ် စီခန်းကတော်သေးတယ် ဒုတိယနှစ်စီခန်းက တကယ့်ကိုအပေအတေများ စုစည်းရာပါ ။ ပျော်စရာတကယ်ကောင်းပါတယ် ။ အဲဒီနှစ်မှာ အဖွဲ့ထဲမှာတစ်ယောက်တိုးလာပါတယ် ။ သူက ကွင်းဖြစ်တဲ့ ဇလပ်ဖြူပါ ။ သူက ပထမနှစ်တုန်းက အေခန်းမှာပါ စီခန်းရောက်တော့တွဲစရာသူငယ်ချင်း မရှိလို့ သစ်တို့နဲ့လာထိုင်ရင်း ညီမအရင်းတွေလို ခင်လာလိုက်တာ မနှစ်ကမြန်မာပြန်တဲ့အထိ သူသစ်ကိုလာတွေ့ပါသေးတယ် ။ နောက်နှစ်ပြန်ရင်တော့ လာနိုင်မယ်မထင်ကိုယ်ပဲသွားရတော့မယ် ထင်ပါတယ် ။ အခုဆိုဇလပ်မှာ သားလား သမီးလား မသိဘူး ရှိနေပြီလို့ ဟိုလကမေးလ်ပို့ပါတယ် ။ ရွှေဝါ ၊ ကျော့ရည်ဝင်း ၊ ဇလပ်ဖြူ ၊ ချောစုလှိုင် ၊ ခိုင်ဇာ ၊ သီရိ ရှေ့တန်း နောက်တန်းထိုင်တာ တကယ်ပျော်စရာကောင်းပါတယ် ။ အားလုံးကလည်း အင်းစိန် ၁ ကတွေကြီးပဲလေ ။ အပေအတေတွေလာပေါင်းနေတာပေါ့နော် ။ အဲဒီမှာ နှင်းဆီဝိုင်ဇာတ်လမ်းစပါတယ် ။ သစ်တို့အခန်းမှာ ကားကိုယ်တိုင်မောင်းပြီးကျောင်းတက်တဲ့ ကောင်လေးရှိပါတယ် ။ သူတို့ကမှော်ဘီသားတွေပါ ညီအစ်ကို၂ယောက်အတူလာတာပါ ။ ညီက civil ကပါ ။ ပုံစံက သရုပ်ဆောင် သူထူးစံလို ထောင့်အကျိုးပါဘူး ။ သစ်ရယ် ခိုင်ဇာရယ် သီရိရယ် ၃ယောက်ပေါင်းပြီး ခင်ဖြူဖြူမွန် လို့ နာမည်ပေးလိုက်ကြပါတယ် ။ သူ့ကားကို သူက workshop ဆောင်နားမှာရပ်ပါတယ် ။ သစ်တို့နေ့တိုင်း ကားမှာစာသွားကပ်ပါတယ် ။ ကိုယ်တိုင်မလုပ်ပါဘူး စာကိုရေးတယ် ။ ကျောင်းကစိတ်သိပ်မနှံ့တဲ့ သန့်ရှင်းရေးကောင်မလေးကို မုန့်ကျွေးပြီးလုပ်ခိုင်းတာပါ ။ စာထဲမှာကတော့ ချစ်ကြောင်းကြိုက်ကြောင်း မထင်ပါနဲ့ ဘယ်လိုအမြင် ကတ်တယ် ဘယ်လိုကြည့်မရဘူး ဘာဝတ်လာရင် ထောင်ထွက်နဲ့တူတယ် ဆံပင်ကလည်း ဘဲမြီးလိုပဲ စသဖြင့်ပေါ့ တစ်နေ့တစ်မျိုး မရိုးရပါဘူး ။ တော်တော်ကြာကြာကပ်လိုက်ပါတယ် ။ သူလည်းရှာပါတယ် မမိပါဘူး ။ နောက်ပျင်းလာတော့နောက်တစ်ယောက် ပြောင်းစပါတယ် ။ ခေါင်းကဗွေမှာ ဆံပင်နဲပြီးပြောင်တဲ့သူ ကော်ရစ်တာထွက်ရင် ကိုယ်ကအခန်းထဲကနေ နောက်ပြောင်ခြင်း သီးခံပါလို့ လှမ်းပြောတာတွေ အတန်းထဲကတစ်ယောက်ကို လှမ်းခေါ်ပြီး တိုးတိုးလေးပြောလိုက်တယ် ငါတို့ကူငွေကောက်နေတယ်ပေါ့နော် အေးဘယ်သူဆုံးလို့လဲထည့်မယ်လေဆိုမှ နင်ဘယ်သူမှသွားမပြောနဲ့နော် ဆိုပြီး မျက်နှာသေလေးနဲ့ ဗိုလ်ချုပ်အောင်ဆန်းဆုံးသွားတယ်ဟာ လို့ပြောလိုပြောနဲ့ တကယ်မရိုးရပါဘူး ။ သစ်တို့က အမြဲတမ်းပြတင်းပေါက်ရှိတဲ့ တတိယတန်းမှာထိုင်ကြတယ်လေ ။ ဖြတ်သမျှကိုစတာ ထမင်းစားချိန်ဆိုလဲ နောက်တန်းကိုလှည့်ပြီး မျက်နှာချင်းဆိုင် စားကြတာ တကယ်ပျော်ဖို့ကောင်းတယ် ကိုယ်ဟင်းကောင်းစရာ မလိုဘူးလေ အားလုံးနှိုက်စားကြတာလေ ။ ကျောင်းတက်ဖို့လဲမပျင်းသလို သူများကိုလည်း သိပ်စိတ်မ၀င်စားပါဘူး စာလည်းမလုပ်ပါဘူး ။ အတန်းတွင်းစာမေးပွဲတွေမှာဆို ကူးချနေတာ ဆရာကအပြင်ကလာတော့ ပြတင်းပေါက်ကိုပိတ်လိုက်တာလေ လာရပ်ပြီးကြည့်နေမှာစိုးလို့ ... ဟဟ ။ သစ်ဘ၀မှာတစ်ခါပဲခိုးချဘူးပါတယ် စာမေးပွဲခန်းထဲမှာပါ ။ သစ် အက်ဆေးတစ်ပုဒ် ယူသွားတာပါ ။ ထိုင်ခုံရောက်တော့ အဲဒီစာရွက်ကို ထိုင်တဲ့နေရာမှာထားပြီးကိုယ်က အပေါ်ကတက်ထိုင်ထားလိုက်တယ် ။ မေးခွန်းဝေတော့ ကိုယ်ယူလာတဲ့အက်ဆေးဆိုတော့ နောက်ဆုံးမှကူးချမယ် ဆိုပြီး အေးဆေးဖြေနေလိုက်တယ်လေ ။ ကူးမယ်ဆိုပြီး စာရွက်ကိုရှာတော့ မတွေ့တော့ပါဘူး ခဲဖျက်တွေပစ်ချလိုက် ကောက်သလိုလုပ်ပြီး ကိုယ်ထိုင်တဲ့နေရာကို ပြန်ရှာလိုက်နဲ့ သစ်အလုပ်များနေပါတယ် ။ ဆရာကမနေနိုင်လို့ သစ်ကိုလာပြောပါတယ် စာဖြေချိန်နာရီဝက်လောက်ကတည်းက အောက်မှာကျနေလို့ သူသိမ်းလိုက်ပြီတဲ့ မရှာနဲ့တော့တဲ့ သစ်မျက်နှာကိုမြင်ယောင် ကြည့်ပါလေ ....။ ဆရာ့နာမည်တောင် မှတ်မိသေးတယ် ဦးစောဗစ်တာဖေတင်မောင် တဲ့ ။ ....ဆက်ရန် ။

4 comments:

  1. တို့ကအလုပ်တဘက်နဲ့အဝေးသင်တက်ခဲ့ရတော့တက္ကသိုလ်ကျောင်းသူဘဝကိုမခံစားလိုက်ရသလိုပဲသစ်ရဲ့စာတွေဖတ်ရတော့ပျော်စရာကြီးများများရေးပါအားပေးနေတယ်

    အင်းစိန်သူ

    ReplyDelete
  2. တို့ကအလုပ်တဘက်နဲ့အဝေးသင်တက်ခဲ့ရတော့တက္ကသိုလ်ကျောင်းသူဘဝကိုမခံစားလိုက်ရသလိုပဲသစ်ရဲ့စာတွေဖတ်ရတော့ပျော်စရာကြီးများများရေးပါအားပေးနေတယ်
    မခံစားခဲ့ရဘူးသလိုပဲသစ်စာကိုဖတ်ရတော့ပျော်စရာကြီး
    များ၂ရေးနော်အားပေးနေတယ်

    အင်းစိန်သူ

    ReplyDelete
  3. သစ်ရယ် စံပါပဲအေ ဖတ်ရင်းတောင် ပျော်လာတယ် (အားတွေကျသွားတယ်)

    ReplyDelete
  4. ဖြစ်ရလေ မသစ်ရယ် ကူးမယ့်စာရွက်အောက်ကျတာမသိရဘူးလို့ ပျော်စရာကောင်းလိုက်တာ ကျောင်းသားဘ၀ ဖြတ်သန်းရတာပျော်စရာအပြည့်နဲ့နော် မဘဏ်လေးပြောသလို အားတွေကျသွားသည်

    ReplyDelete