Sunday, September 13, 2009

တုံယမ်းဟင်းလေးတစ်ခွက်




ဒီနေ့ မနက် သစ်သစ် နိုးလာတော့ ၁၀နာရီခွဲနေပါပြီ ...။ လူက တစ်ညလုံးချောင်းတွေဆိုးပြီး အိပ်မရတော့ လူကတော်တော်ကို နုံးနေပါတယ် ။ ချောင်းတွေဆက်တိုက်ဆိုးတော့ ဆေးပူတွေလည်ပင်းတွေ ရင်ဘတ်တွေမှာ သက်သာအောင်လူး ရာသီဥတုကလည်းပူ ဆေးတွေကလည်း ပူနဲ့ လူကတော်တော်ခံစားရခက်ခဲ့ပါတယ် ။ နိုးလာတော့လည်း နေ့လည်ရောက်တော့မယ်ဆိုတော့ ကော်ဖီလည်းမသောက်ချင်တော့ဘူးလေ ဒါကြောင့်ရေခဲသေတ္တာထဲကို ၀ယ်ထားတာဘာကျန်သေးလဲကြည့်တော့ ပန်းဂေါ်ဖီ ရယ် ခရမ်းချဉ်သီးရယ် ပဲပြားရယ် ၀က်သားကြိတ်သားတစ်ဗူးရယ် ငရုပ်သီးစိမ်းလေးရယ်တွေ့တော့ တုံယမ်းလေးချက်စားမယ်ဆိုပြီး အားလုံးကိုအပြင်ထုတ်လာခဲ့လိုက်တယ် ။ ဒီအပတ်က သစ်သစ်ဈေးကိုဆင်းမ၀ယ်ဖြစ်ပါဘူး နေမကောင်းတော့ချက်မစားရင် အသီးအရွက်တွေက မလတ်ဆတ်ဘူးထင်လို့ ပြီးတော့ ဒီပိတ်ရက်မှာ အိမ်ကလည်းပို့လိုက်မယ်ဆိုတော့ ဘာမှကိုဝယ်မထားလိုက်ပါဘူး ။

ဒါကြောင့်လည်း ဒီဟင်းချိုက လက်ကျန်ရှင်းတမ်းဖွင့်တယ်လို့ ခေါင်းစဉ်တပ်လည်းရပါတယ် ။ တုံယမ်းအနှစ် နဲ့ ပန်းဂေါ်ဖီ နဲ့ကို အရင် ရေဖုံးရုံလေးတည်လိုက်ပါတယ် ။ နည်းနည်းဆူလာပြီဆိုမှ ကြိတ်သားလေးတွေကို ဆား၊ဆနွင်းလေး နယ်ပြီးလုံးလိုက်ပါတယ် ။ နောက်ရေတ၀က်ခန့်ထည့်ပြီး အသားလုံးလေးတွေ နူးအောင်တည်လိုက်ပါတယ် ပွက်ပွက်ဆူလာတော့ အပေါ့အငံလေးမြည်းပြီး ပဲပြား ကိုထည့်ဖို့ပြင်ပါတယ် ခဏလောက်နေတော့ နောက်ဆုံးမင်းသမီးဖြစ်တဲ့ ခရမ်းချဉ်သီးတွေကို ထည့်ပြီး အနည်းငယ်ပျော်သွားတာနဲ့ ငရုပ်သီးစိမ်းလေး အုပ်ပြီးမီးပိတ်လိုက်ပါတယ် ။ ဟင်းအိုးကိုတော့ ခွင်ပေါ်ကချက်ချင်းမချပါဘူး အပူငွေ့လေးနဲ့ပွက်စေပါတယ် ။ နောက်ဆုံးတော့ သစ်သစ်သောက်ချဉ်တဲ့ ချဉ်စပ်လေးတစ်ခွက်ရလာပါတယ် ။ ပုစွန် နဲ့ ငုံးဥ လေးထပ်ထည့်ချင်ပေမယ့် အောက်ဆင်းပြီးသွားဝယ်ရမှာကြောင့် မပြည့်စုံပေမယ့် နလံထစ သစ်သစ်အတွက်တော့ တော်တော့်ကိုအဆင်ပြေတဲ့ ဟင်းတစ်ခွက်ပါပဲ ...။

နေ့လည် မမအွန်လိုင်းလာတော့ ဒီနေ့ဒါချက်စားတယ်ဆိုတော့ သူကဆီထည့်လားတဲ့ သစ်သစ်ကလုံးဝဆီ အချိုမှုန့် မထည့်ပါဘူး ။ တုံယမ်းက အရောင်တွေကဆီလိုတက်နေတာပါ ။ ဒီနေ့တော့ဘာပို့စ်တင်ရင်ကောင်းမလဲ စဉ်းစားရင်း အမြဲတမ်းကိုယ့်အကြောင်းတွေပဲ တင်နေလို့ စာဖတ်တဲ့သူတွေကို အပြောင်းအလဲလေးဖြစ်အောင် သစ်သစ်ရဲပိတ်ရက်နေ့လည်စာ ချက်ပုံလေးကို တင်လိုက်ပါတယ်နော်။ ဘာပညာရပ်မှ မပါပေမယ့် နေမကောင်းဖြစ်လို့ ပါးစပ်တွေပျက်နေရင် ဒီဟင်းလေးက ပေါ့ပေါ့ပါးပါးနဲ့ ချက်ရလွယ်ပြီး စားလို့ကောင်းလို့ စာဖတ်သူတွေကို ပို့စ်လေးရေးပြီးမျှဝေလိုက်ပါတယ်...။

5 comments:

  1. နေကကောင်းသွားပေမယ့် လူကပုံမှန် မဖြစ်သေးဘူး အေအေ.... စိတ်ပူစေလို့ ဆောရီးနော်..။

    ReplyDelete
  2. စင်ကာပူ ယိုးဒယားဟင်းချိုလား။ တုံယမ်းဆိုရင် အုန်းနို့ ဒါမှမဟုတ် နို့စိမ်းထည့်ရတယ်တဲ့။ ရန်ကုန်မှာတော့ ပဒဲဂေါနဲ့ စပါးလင်ပါ ထည့်တယ်။

    ReplyDelete
  3. စားချင်စရာလေး :)

    ReplyDelete
  4. ဟင့်အင်း တို့ က သစ်ကိုယ်တိုင်ချက်ကျွေးတာပဲ စားချင်တာ
    အစပ်မစားဘူး
    နောက်တခါဆို လက်တို့ လိုက်ပါ

    ReplyDelete