Sunday, September 27, 2009

၂၀၀၇ ခရီးစဉ် ၁


သစ်သစ်က နယူးရီးယားပေါင်းများစွာကို ပုံစံမျိုးစုံနဲ့ကျော်ဖြတ်လေ့ရှိပါတယ် ။ ဒီနယူးရီးယားကတော့ ခရီးသွားရင်းဖြတ်သန်းခဲ့လို့ အမှတ်တရဖြစ်ခဲ့ပါတယ် ။ တကယ်တော့ သစ်သစ်ခရီးသွားတာကို တကယ်နှစ်သက်ပါတယ် ။ သူငယ်ချင်းတွေနဲ့ ကြုံသလိုလည်း သွားလေ့ရှိပါတယ် ။ အဲဒီနှစ်ကတော့..........

၂၀၀၇ ကုန်ခါနီး ဆရာကဘောနပ်စ်တွေပေးတော့ သစ်သစ်တို့ခရီးသူငယ်ချင်းလေးယောက် ခရီးသွားဖို့စစဉ်းစားကြပါတယ် ။ ဒီလိုမျိုး သွားဖြစ်အောင်လုပ်ခဲ့လို့လည်း ဒီနေရာတွေကို ရောက်ဖူးခဲ့ခြင်းဖြစ်ပါတယ် ။ ဒီနေ့ည ဟိုဒီမွှေနှောက်ရှာရင်းနဲ့ ခရီးသွားခဲ့တဲ့ပုံလေး မှုန်ရီရီကိုတွေ့လိုက်ရတော့ ဒီခရီးလေးအကြောင်း ရေးဖြစ်ခဲ့တယ်ပေါ့နော် ။ ဘယ်သွားမလဲလို့ စစဉ်းစားကြတော့ မြန်မာပြည်အထက်ပိုင်းကို သွားဖို့စဉ်းစားဖြစ်တယ်လေ ။ ဒါနဲ့ပဲ ဘုရားဖူးကားဝန်ဆောင်မှုတွေကို လိုက်ပြီးစုံစမ်းတော့နောက်ဆုံး စိန်ဝင်း နှင့် ရောင်းရင်းများ နဲ့သွားဖို့ ရွေးချယ်ဖြစ်ခဲ့တယ် ။ သွားချင်တာကတော့ ရှမ်းပြည်ဘက်ပါ သွားချင်ကြတယ် ဒါပေမယ့် ရှမ်းပြည်ခရီးစဉ်ပါရင် ၉ညအိပ် ၁၀ရက်ဆိုတော့ အရမ်းကြာလို့ ဒီ၎ညအိပ် ၅ရက် မန္တလေး ၊ မုံရွာ ၊ ပြင်ဦးလွင် ၊ စစ်ကိုင်း ခရီးစဉ်လေးကိုပဲ ရွေးဖြစ်ခဲ့ကြတယ်လေ ။

လက်မှတ်ဝယ်ပြီး ခရီးထွက်ဖို့ ဈေးဝယ်ထွက်တာကလည်း မရေတွက်နိုင်ဘူးလေ ။ ခရီးထွက်ဖို့နီးတော့မှ ဆရာကလည်း သံတွဲပြန်သွားခဲ့တယ် ။ အလုပ်တွေအားလုံး လက်စသတ်မယ်ဆိုပြီး ၄ယောက်သားက ဆရာ့အိမ်မှာပဲနေပြီး နေ့ရော ညပါ အလုပ်တွေကိုဖြတ်ဖို့ ကြိုးစားကြတယ်လေ ။ သွားခါနီး ၂ရက်လောက်အလိုမှာ အရင်ကတွက်ခဲ့တဲ့ လှည်းတန်းစင်တာ ပရော့ဂျက်က ပြသနာပေါ်လာခဲ့တယ် ဆရာကလည်းမရှိဆိုတော့ တပည့်လေးယောက်ပျားတုတ်ပြီလေ ။ ဆရာရှိတဲ့ရွာကလည်း ဖုန်းဆက်ရတာခက် ဒီကလည်း ဆရာ့ရဲ့ဆရာအရင်းဖြစ်တဲ့ ဆရာကြီးဦးခင်မောင်တင့်ကိုင်တဲ့ ပရော့ဂျက်ဖြစ်နေတော့ ဘယ်လိုမှပြန်လာမှလုပ်ပေးလို့က မရတော့ ၄ယောက်သား ခရီးထွက်ခါနီးအထိ ညမအိပ်ပဲလုပ်ခဲ့ကြတယ်လေ ။ သံတွဲမြို့ပေါ်ကတဆင့် ဆရာ့ဆီအကြောင်းကြားတော့ လိုအပ်တဲ့ဆုံးဖြတ်ချက်တွေကို ဖုန်းကနေတဆင့်ယူပြီး ယခင်အထပ်၂၀ကျော် လှည်းတန်းစင်တာ ပရော့ဂျက်ကို ၂ညနဲ့ဖြတ်ကြတာလည်း အမှတ်ရစရာပါ ။ ညဘက်ကြီး စကြ နောက်ကြနဲ့ ဒီလေးယောက် ပြီးတာနဲ့ မိတ္တူဆိုင်ကိုပြေး မီးပျက်တော့ တစ်ဆိုင်ပြီးတစ်ဆိုင်ထိုင်စောင့်ပြီး စာအုပ်ကိုအပြီးလုပ်ခဲ့ကြတာ ခုပြန်တွေးကြည့်ရင်တော့ ပျော်စရာလိုတောင်ဖြစ်နေပါသေးတယ် ။

ဒီလိုနဲ့ည ၇နာရီ ခရီးထွက်မှာကို နေ့လည်၂နာရီလောက်မှ အိမ်တွေအသီးသီးပြန်ပြီး ခရီးထွက်ဖို့ပြင်ဆင်ကြပါတယ် ။ ဒီလိုနဲ့ပဲ စုရပ်နေရာကို ၈နာရီလောက်မှာ ရောက်ကြပြီး စိတ်အပန်းဖြေခြင်းခရီးကို စတင်ခဲ့ပါတယ် ။ ကားစထွက်ကတည်းက ကျန်တဲ့နေ့တွေမှာ ကောင်းကောင်းအိပ်မထားတော့ အအိပ်ပြိုင်ပွဲကြီးကို စတင်ခဲ့ကြပါတယ် ။ မိုးလေးလင်းတော့ မန္တလေးသွားတဲ့ ကားလမ်းမကြီးပေါ်မှာ ကားကသွားနေတာပေါ့နော် ဂိုက်အစ်ကိုကြီးက မနက်စာမျက်နှာသစ်စားသောက်ဖို့ ဆိုင်တစ်ခုမှာ ရပ်မည့်အကြောင်းကြော်ငြာတော့မှ ၄ယောက်သား တောင်ကြည့်မြောက်ကြည့် နိုးလာကြတယ်လေ ။ တကယ်တော့ ၄ယောက်လုံးက ဒီလမ်းခရီးကို တစ်ခါသော်မျှ ရောက်ဖူးခြင်းမရှိခဲ့ပါဘူး ။

မျက်နှာသစ် မနက်စာ စားသောက်ပြီးတာနဲ့ ဂိုက်အစ်ကိုကြီးကနောက် နာရီဝက်ကြာရင် ပလိပ်မြွေဘုရားကို ၀င်ဖူးမည်ဖြစ်ကြောင်း အချိန်ကဘယ်လောက်ကြာမည်ဖြစ်ကြောင်း ဘုရားသမိုင်းအကျဉ်းကိုလည်း ပြောပြခဲ့ပါတယ် ။ ဘုရားလည်းရောက်တော့ ပန်းရောင်းတဲ့ကလေးမများကိုရှောင်ရှားရင်း လေးယောက်သား ဘုရားဖူးဖို့ဝင်လာခဲ့တယ်လေ ။ ဘုရားကိုဖူးပြီးတော့ အလှူခံနေရာမှာ ဖေ နှင့် မေ နာမည်နဲ့ အလှူငွေထည့်ပြီးတော့ နောက်လှည့်ကြည့်လိုက်ချိန်မှာ ဂေါပကများက ဘုရားဖူးများမြွေနဲ့အတူတူ ဓါတ်ပုံရိုက်ရန်မြွေကြီးကို သစ်နားကထမ်းသွားကြတာကို တွေ့လိုက်ရတော့ ဒေါ်သစ်သစ်နေစရာ တကယ်မရှိခဲ့ပါဘူး ။ တကယ်တော့ သစ်သစ်ကမြွေအရမ်းကြောက်ပါတယ် အဝေးကကြည့်လည်းကြောက်ပါတယ် ။ မျက်စိမျက်နှာပျက်လောက်အောင်ကို ကြောက်တာပါ ။ သစ်ကလည်း မြွေနဲ့ဝေးအောင် အောက်ကိုလိုက်မဆင်းသွားပဲ မြွေနဲ့ရိုက်ထားတဲ့ရုပ်ရှင်သရုပ်ဆောင်ပုံတွေကို ငေးမောရင်းကျန်ခဲ့ပါတယ် ။ အဲဒီအချိန်မှာ ပါလာတဲ့သူငယ်ချင်းကသူမြွေနဲ့ဓါတ်ပုံရိုက်ချင်တော့ အောက်ဘက်သွားဖို့ပြောပါတယ် ။ နောက်ဆုံးတော့လိုက်သွားရင်း သူကမြွေကိုကိုင်ပြီး ရိုက်နေချိန်မှာ သစ်သစ်ကတော့ကားနဲ့အနီးဆုံးကို ရောက်နေခဲ့ပြီလေ ...။

ဒီလိုနဲ့မြွေဘုရားကနေ ထွက်ခွာလာရင်း မန္တလေးရွှေမြို့တော်ကြီးဆီသို့ ကားကဆက်ပြီးထွက်ခွာလာခဲ့တယ် ။ မန္တလေးရောက်တော့ နေ့လည်စာစားပြီး နာမည်ကျော်ဦးပိန်တံတားဆီကို ပို့ပေးပြန်တယ်လေ ။ ဦးပိန်တံတားမရောက်ခင်မှာ ဂိုက်ကအားလုံးကို မှာပါတယ် ဈေးဝယ်ရင် ဘယ်လိုဈေးကြီးကြောင်း အကြော်စားရင် ဘယ်လောက်ဖြစ်ကြောင်း လှေစီးရင်ဘယ်လိုဖြစ်နိုင်ကြောင်း သေချာရှင်းပြပါတယ် ။ ဦးပိန်တံတားပေါ်မှာ သစ်သစ်တို့လျှောက်လည်ရင်း ဓါတ်ပုံတွေလည်း ရိုက်ကြတဲ့အချိန်မှာ ကားပေါ်ကသစ်သစ်တို့ ခုံနဲ့ဘေးချင်းယှဉ်ရက်မှာထိုင်တဲ့ ညီမ၂ယောက် တူတစ်ယောက် တူမလေးတစ်ယောက် နဲ့ ခင်မင်ခွင့်ရခဲ့ပါတယ် ။ ဒါနဲ့သစ်တို့ အုပ်စု၈ယောက်ဖြစ်သွားခဲ့တယ်လေ ။ တစ်ယောက်တည်းသော တူလေးဆိုတဲ့ကောင်လေးက နောက်ပိုင်းသစ်သစ်တို့ အရမ်းကိုအားကိုးရတဲ့ ကောင်လေးဖြစ်လာခဲ့တယ်လေ ။

ဒီလိုနဲ့တစ်နေ့လုံး မန္တလေးကနာမည်ကြီး ငါးရံ့နှစ်ကောင်ဘုရား မှ စပြီးဖူးလိုက်ရတာ နောက်ဆုံးညနေပိုင်းရောက်တော့ မန္တလေးတောင်ကိုတက်ဖို့ စီစဉ်တဲ့နေရာကိုရောက်ခဲ့တယ်လေ ။ မန္တလေးတောင်ကို ကားနဲ့တက်တဲ့အချိန်မှာ လမ်းလျှောက်တဲ့သူ အပြေးလေ့ကျင့်ပြီးတက်တဲ့သူတွေကိုလည်း တွေ့ခဲ့ရပါတယ် ။ နောက်တော့တောင်ပေါ်တက်ဖို့ စက်လှေခါးနဲ့တက်ရမယ့်နေရာကို ရောက်ခဲ့ပါတယ် ။ လူတွေကလည်း အများကြီးနိုင်ငံခြားသားများကလည်း အများကြီးပါပဲ တောင်ပေါ်ရောက်တော့ တညလုံးကားစီးပြီး ပင်ပန်းခဲ့သမျှ အားလုံးပိန်းကြာရွက်ပေါ်ရေတင်သကဲ့သို့ လျှောကျပြေပျောက်သွားပြီး တောင်ပေါ်ကညနေခင်းရှုခင်းလေးက သစ်သစ်ကိုယခုတိုင် ဆွဲဆောင်နေတဲ့ပုံရိပ်လေး တစ်ခုဖြစ်ခဲ့ပါတယ် ။ တောင်ခြေကိုပြန်ရောက်တော့ သစ်သစ်တို့တစ်ညတာ နားနေရမယ့်နေရာကို ပို့ပေးခဲ့ပါတယ် ။ ရေမိုးချိုး စားသောက်ပြီး အိပ်လိုက်တာ ဘာကိုမှသတိမရတော့ပါဘူး ။ တနေ့တည်းနဲ့မန္တလေးနေရာစုံ ဘုရားစုံကိုရောက်ခဲ့တာ အသေးစိတ်ရေးရင် ရေးလို့တောင်မကုန်နိုင်ပါဘူး ။ သစ်သစ်ဆုတောင်းပါတယ် တစ်နေ့ငါဒီနေရာတွေကို အေးအေးဆေးဆေးနဲ့တစ်ကြိမ်လာခွင့်ကြုံချင်ပါတယ်လို့လေ.....။ အချိန်ပေးပြီးလေ့လာစရာ ဘုရားတွေတော်တော်များများ ဖူးခွင့်ရခဲ့တယ်လေ ။ ဒီလိုနဲ့ ညဘက်ကျတော့ ဂိုက်ကလာပြောပါတယ် မနက်၎နာရီစထွက်မည်ဖြစ်ကြောင်း မဟာမြတ်မုနိဘုရားကြီး မျက်နှာသစ်တော်အချိန်ကို အရောက်ဖူးဖို့ပို့မည်ဆိုတော့ နောက်နေ့၂နာရီခွဲလောက်ကတည်းက အားလုံးကနိုးနေကြပါတယ် ။ ဒီလိုနဲ့ပဲ.........ဆက်ရန်

5 comments:

  1. ဒီခရီးလည်း ရခိုင်လိုပဲလား.. ဒေသန္တရ ဗဟုသုတတွေရအောင် တစ်လမ်းလုံး အိပ်လိုက်လာတာ.. :P

    ReplyDelete
  2.ုကိုယ်လည်း မြန်မာပြည်ရုံးက စီနီယာအစ်မတွေနဲ့ ခရီးထွက်ရကောင်းမယ်လို့ စဉ်းစားမိနေတာ

    ReplyDelete
  3. ပျော်စရာကောင်းတဲ့ ခရီးစဉ်လေးပဲ (ဖတ်ပြီး စဉ်းစားစရာ တွေးစရာ မှတ်သားစရာ သတိထားစရာတွေ အများကြီးပဲ) ကဲ စပြီ နံပါတ်မှာ
    တစ် - လခလည်းပေးရ အလှူလည်းခေါ်ရ ဘောနပ်လေးပေးရနဲ့  ဆရာ့ကိုပဲ သနားတယ်
    Two - လာပြီ ဗဟုသုတရဖွယ် အအိပ်ပြိုင်ပွဲံ
    စန် - မြွေက သစ်ကိုကြောက်တာလား သစ်က မြွေကိုကြောက်တာလားဆိုတာ စဉ်းစားစရာပဲ
    ရှိ - ဘာာာာာာာာာာာာာာ ဦးပိန်တံတားကို သစ်ကသွားတယ် ဟုတ်လာာာာာာာာာာာား (ဘုရား ဘုရား ဘုရား ငါစောစောသွားမိတာ မှန်သွားတယ်) သစ်က ဦးပိန်တံတားပေါ် လမ်းလျှောက်ခဲ့သေးတယ် ဟုတ်လားးးးးးးးးးးးးးးးးးးးး ဒါကြောင့် ဒါကြောင့်ပေါ့ ဦးပိန်တံတားကြမ်းခင်းတွေ ဦးပိန်တံတားတိုင်လုံးတွေ ရှေးဟောင်းလက်ရာတွေ ခုတော့ ခုတော့ ခုတော့
    ၅ - မန်းလေးတောင်ကို သူများ ခြေကျင်တက်တာလားလို့  ဟွန့်  ဟုတ်လည်းဟုတ်ဘူး
    ခြောက် - အသေးစိတ်ရေးပါ ခရေစေ့တွင်းကျ ဂဂဏဏ လုံးစေ့ပတ်စေ့ တိတိကျကျ စုံစုံစေ့စေ့ ရေးသင့်ပါတယ်
    7 - ဒီကိုဂျင်ကြော်ငြာတာလား ဘိုင်အိုဂျက်ဆစ်ကြော်ငြာတာလား?????
    ၈ - တကယ်ဆုတောင်းက အဲ့လိုမျိုးရော ဟုတ်ရဲ့ လား????????

    ဖတ်ပြီးတော့ မန်းလေးကို အရမ်းသတိယသွားပြီ အသေးစိတ်ရေးပါ စိတ်ဝင်စားပါတယ် (ခုလို မှတ်ချက်ရေးတာလည်း အသေးစိတ်ရေးလို့  ရတယ်မလား)

    ReplyDelete
  4. ငါရံနှစ်ကောင်ဘုရားဆိုလို့ မနဲ့ ပြန်စဉ်းစားရတယ်။ ကျွန်တော်တို့ ကတော့ ရန်ကင်းတောင် လို့ ပဲခေါ်နေကြဆိုတော့။ ဒို့ လည်းဘလော့ခ်ကို July မှာစထောင်ဖြစ်တာ။

    ReplyDelete
  5. ဟိဟိ တကယ်တော့ သစ်သစ်လည်းမှတ်မိသလောက်ပြန်ရေးတာ မေ့ချင်နေပြီ ငါးရံ့နှစ်ကောင်ပဲ မှတ်မိတော့တာ ဟီးးးးး

    ReplyDelete