Thursday, October 1, 2009

၂၀၀၇ ခရီးစဉ် ၃

ဒီလိုနဲ့ ပြင်ဦးလွင်ကနေ တောင်လျှောက် စစ်ကိုင်းကိုဆင်းလာလိုက်တာ ကားပေါ်မှာလည်း ကာရာအိုကေ ဗွီဒီယိုခွေမျိုးစုံကိုလည်းပြလို့ လူတွေကလည်းတစ်ကားလုံး သိပြီးခင်မင်လာကြတော့ တစ်ကားလုံးပေါက်ပေါက်ဖောက်သလိုပါပဲလေ ။ တစ်ယောက်ကိုတစ်ယောက် ကူညီရိုင်းပင်းတတ်တာလည်း မြန်မာတို့ရဲ့အလေ့အထဆိုသည့်အတိုင်း မောင်နှမတွေသဖွယ် စလိုက်နောက်လိုက် ပျော်စရာတကယ်ကောင်းပါတယ် ။ ဒီလိုအချိန်လေးတွေက ငွေနဲ့ပြန်ဝယ်လို့မရတာ တကယ်မှန်ပါတယ် ။


စစ်ကိုင်းကို ရောက်တာနဲ့ဂိုက်ကို မင်းကွန်းကိုသွားဖို့ ကားများစီစဉ်ပေးပါတယ် ။ သစ်သစ် ဘ၀မှာဓါတ်ပုံတွေသာ မြင်ဘူးခဲ့သော မင်းကွန်းက မြသိန်းတန်စေတီ ၊ ပြိုမကျသေးတဲ့ မင်းကွန်းခေါင်းလောင်းကြီး ၊ မင်းကွန်းဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့သောနေရာ ၊ မြစ်ကမ်းနဖူးနားက ပုထိုးတော်ကြီး အိုးးးး နေရာတွေကိုအစုံပါပဲ ။ နားလိုက် သွားလိုက်နဲ့ လူကပင်ပမ်းတယ်လို့တောင် မထင်ရပါဘူး ။ စစ်ကိုင်းကိုပြန်ရောက်တော့လည်း ထမင်းစားပြီးတာနဲ့ စစ်ကိုင်းတောင်ရိုးတစ်ကြောလုံးကို ဒိုင်နာကားတွေနဲ့ တက်ပြီးဖူးကြတာ တောင်တက်တောင်ဆင်း တော်တော်ကိုအသည်းယားစရာကောင်းပါတယ် ။ ဇရပ်လေးများစွာကို တွေ့ခဲ့ရပြီး တကယ်အေးချမ်းတဲ့အရပ်ဒေသလေးပါ ။ ဂိုက်ဦးလေးကြီးက ပြောပါတယ် နင်တို့တွေယောက်ျားမယူရင် ဒီမှာကြိုတင်ဝယ်ထားလို့တောင် စနေသေးတယ် ။ ဒီစာရေးတဲ့အချိန်မှာ သွားခဲ့တာ ၂နှစ်ကျော်နေပေမယ့် ဂိုက်ဦးလေးကြီးပြောခဲ့တဲ့ ဟာသတွေက စာရေးဖို့လမ်းစလေးတွေ ဖြစ်ခဲ့ပါတယ် ။


ဒီလိုနဲ့ သစ်တို့ရဲ့နောက်ဆုံး ခရီးစဉ်ဖြစ်တဲ့ မုံရွာကိုဆက်ပြီး ချီတက်ကြပြန်ပါတယ် ။ မုံရွာကညကတော့ တကယ်ကိုမမေ့နိုင်တဲ့ညလေးပါပဲ ။ တည်းရတဲ့နေရာကလည်း နာရီစင်နားမှာ ဆိုတော့မြို့လည်ခေါင်ကြီးပါ အရမ်းစည်ကားပါတယ် ။ ညနေဘက်ရောက်ပြီး တည်းတဲ့နေရာနားက ဘုရားကြီးကိုသွားဖူးကြပြီး ရင်ပြင်ပေါ်မှာစကားတွေ ထိုင်ပြောကြပါတယ် ။ နောက်တော့ညဘက်ကြီး အကြော်ဆိုင်ထိုင်ပြီး မပြန်ချင်ကြဘူးလေ နောက်နေ့ညနေဆို ရန်ကုန်တိုက်ရိုက်ပြန်မှာဆိုတော့ အားလုံးရဲ့ရင်ထဲမှာ တစ်မျိုးကြီးဖြစ်နေကြတယ်လေ ။ နောက်နေ့မုံရွာဈေးမှာ ဈေးတွေဝယ်ကြနဲ့ ပြန်မဲ့အချိန်ကိုနီးကပ်လာခဲ့တယ်လေ ။ မိုးညှင်းသံဗ္ဗုဓေ ၊ ဗောဓိတစ်ထောင် ၊ ကောင်းမှုတော်ဘုရား စသဖြင့် တန်ခိုးကြီးဘုရားမျိုးစုံကိုဖူးခဲ့တာတော့ အသေးစိတ်မရေးနိုင်တော့ပါဘူး ။ သစ်သစ်မမှတ်မိတော့လို့ပါ ဘုရားအမည်ရေးရာတွင် စာလုံးပေါင်းမှားခဲ့ရင်လည်း ခွင့်လွှတ်ပေးစေချင်ပါတယ် ။ သစ်သစ်များခရီးသွားလိုက်တာ အိမ်ကိုတော်တော်သတိရပါတယ် ။ ကောင်းမှုတော်စေတီရောက်မှ နောက်နေ့မနက်ရန်ကုန်ရောက်မယ် လာကြိုဖို့ဖုန်းဆက်တယ်လေ ....ဟိဟိ ။ ရန်ကုန်ရောက်ခါနီး အင်းတကော်ရောက်တော့ ကားပိုင်ရှင်ဆီက ဂျီအက်စ်အမ်ကိုငှားပြီး နောက်၂နာရီလောက်ဆို ရန်ကုန်ဝင်တော့မယ် ခရေပင်လမ်းခွဲတွင်လာကြိုရန်ပြောရပါတော့တယ် ။ မပြောလို့မဖြစ်ဘူးလေ ရောက်တဲ့အချိန်က မနက်၃နာရီလောက်ကြီးဆိုတော့ အဖေကဖုန်းဆက်မှာကို သိလို့ တညလုံးမအိပ်ပဲစောင့်နေတာ အမှတ်တရပါပဲ ။ အိမ်ရောက်တာနဲ့ နံနက်စားပြီးအိပ်လိုက်တာ နေ့လည်ကျမှပြန်နိုးတယ်လေ ....။


ခရီးအစုံကို သစ်သစ်သွားချင်တယ်လေ အထူးသဖြင့် မြန်မာနိုင်ငံက သဘာဝအတိုင်းလှပနေတဲ့ နာမည်ကျော်နေရာတွေကို ပိုမက်မောတယ် ။ သွားမယ်လို့ စဉ်းစားပြီးပျက်ခဲ့ရတာလည်း တော်တော်များတယ်လေ ။ ဒီတစ်ခေါက်ရန်ကုန်ပြန်တုန်းက ရှမ်းပြည်သွားမယ့်အစီအစဉ်လေးက ပြန်လာမယ့်ရက်လေးမှာ အနားမှာနေစေချင်တဲ့ မိဘတွေရဲ့မျက်ဝန်းကို ကြည့်ပြီး ကိုယ့်အလိုတွေကို မြိုသိပ်ခဲ့ရတယ်လေ ။ ဒီတစ်ခါများပြန်ရင်ဖြင့်............


4 comments:

  1. အဲ့နေရာတွေ လုံးဝမရောက်ဖူးဘူး၊ ယောက်ျားရရင် လိုက်ပို့ခိုင်းမယ်.. အဟတ်

    သစ်သစ်အိမ်နဲ့ သွားလို့မရဘူးလား? တို့က ပြောင်းပြန်.. တစ်ပါတ်ပဲ ပြန်ရတော့ အဖိုးအဖွားနားမှာ နေချင်တယ်၊ မေမေက ချောင်းသာသွားမယ် မေမြို့သွားမယ်ဆို ရန်ဖြစ်ရော..

    ReplyDelete
  2. အင်းလေ မမေ ပြောသလို မိဘတွေနဲ့တူတူသွားပေါ့ မမသစ်ရဲ့ ပိုတောင်ပျော်ဖို့ကောင်းသေးတယ် ပြောသာပြောရတာပါ ထောရန်ကုန်ပြန်တုန်းကလည်း သွားမယ် သွားမယ်ဆိုပြီး ဘယ်မှမရောက်ဖြစ်ခဲ့ဘူး :(

    ReplyDelete
  3. ဖတ်၇တာပျော်စရာကောင်းလိုက်တာ .... မမေပြောသလို မိဘတွေနဲ့ပြန်တဲ့အခါ တူတူသွားပါလား မမသစ် .. ပြောသာပြောရတာပါ ထောလည်း ရန်ကုန်ပြန် ခရီးသွားဖို့ဆန္ဒရှိပေမယ့် တကယ်တမ်း ဘယ်မှမရောက်ဖြစ်ခဲ့ပါ :(

    ReplyDelete
  4. သွားမှာ ဒီတစ်ခါပြန်ရင် ..
    မြန်မာနိုင်ငံက သဘာဝအတိုင်းလှပနေတဲ့ နာမည်ကျော်နေရာတွေကို ..ဒုံပါတ်လျှောက်ရိုက်မယ် ...ဟိ

    ReplyDelete