Sunday, October 11, 2009

စိတ်နယ်လွန်

သစ်သစ် ဒီနေ့ စိတ်နယ်လွန်နေတဲ့ အဖြစ်တစ်ခုကို ရေးချင်နေမိပါတယ် ။ တကယ်တော့ သစ်သစ်က ဆရာဝန်တစ်ယောက်လည်း မဟုတ်တော့ ဒီရောဂါအကြောင်းကိုတော့ မသိပါဘူး ။ ဒါပေမယ့် ဒီရောဂါဟာ လူပေါင်းများစွာကို စိတ်တွေရှုပ်အောင် လုပ်နိုင်စွမ်းရှိပါတယ် ။

အစ ပထမမှာတော့ လူပေါင်းများစွာဟာ တကယ်များလား အဟုတ်များလား ထင်တဲ့အထိ သူကအစွမ်းထက်ခဲ့ပါတယ် ။ နောက်ပိုင်းမှာ တိကျခိုင်လုံမှုမရှိတဲ့ အချက်တွေနဲ့ သူ့ကိုစိတ်မ၀င်စားတော့တဲ့ သူတွေကို စိတ်ဝင်စားအောင် ကြိုးပမ်းအားထုတ်ရတဲ့ အချက်တွေကြောင့် သူ့ဆီမှာအမှားများစွာ ကွာဟချက်များစွာပေါ်လာ ခဲ့ပါတယ် ။ သာမန်လူတောင်ခန့်မှန်းလို့ ရနိုင်တဲ့အခြေအနေတစ်ခုထိ ပေါ်လွင်ခဲ့ပါတယ် ။

လူတစ်ယောက်ဟာ ပညာဘယ်လောက်ပဲ တတ်ပါစေ ဘာသာတရားရဲ့အဆုံးအမလည်း မရှိ ငါသာလျှင် အတော်ဆုံး ငါသာလျှင်အတတ်ဆုံး လူတွေအားလုံးက ငါ့ကိုပဲ အထင်ကြီးလေးစား အားကိုးနေရမယ်ဆိုတဲ့ တလွဲမာနကိုလက်ကိုင် ထားလိုက်တဲ့အချိန်မှာ ဒီလူရဲ့ကျဆုံးခန်းကို စတင်ပြီးဆိုတာ ဒီဖြစ်ရပ်ကိုကြည့်ပြီး တော်တော်ကိုတရားလည်းရ ကိုယ့်ဘာသာလည်း ဆင်ခြင်တုံတရားများစွာကို ရရှိလိုက်ပါတယ် ။

ဒီလို လက်တွေ့ကျင်လည်နေတဲ့ဘ၀မှာ စိတ်ကတစ်မျိုး မဟုတ်မမှန်လုပ်ကြံပြီး ကိုယ့်ကိုစိတ်ဝင်စားအောင် လုပ်ရတဲ့ မှောင်မိုက်နေချိန်မှာ စိတ်ကတစ်မျိုးနဲ့ နေရတာ တကယ်ကိုပင်ပန်းလွန်းပါတယ် ။ အများရဲ့အမုန်းကိုခံယူပြီး ကျော်ကြားချင်တဲ့ပျော်ရွှင်မှုဟာ တကယ်တော့ပူလောင်လွန်းပါတယ် ။ ဘယ်သူမှဘာမှလုပ်စရာမလိုပဲနဲ့ကို သူ့ကိုယ်သူပြန်ပြီးလောင်မြိုက်နေမှာ ကတော့ကျိန်းသေပါပဲ ။

ဘာတစ်ခုမှတော့ စိုးရိမ်ခြင်းမရှိပေမယ့် လုပ်ကိုင်ရတဲ့အသက်မွေးဝမ်းကြောင်းအရ မှားယွင်းမှုတွေ ဖြစ်မှာတော့တကယ်ပင် စိုးရိမ်မိပါတယ် ။ အဆုံးသတ်မှာတော့ ကြီးပြင်းလာရတဲ့ အသိုင်းအ၀ိုင်းမှာ ပုံမှန်မဟုတ်တဲ့ စိတ်နယ်လွန်ခြင်းတွေ ရှိနေတတ်တဲ့ အခြေအနေတစ်ခုရယ် ဒါမှမဟုတ် အလုပ်များလွန်းတဲ့ အထက်တန်းလွှာမှာ သားသမီးကို ဖိဖိစီးစီး သွန်သင်ညွှန်ပြဆုံးမခြင်း မရှိခဲ့တဲ့ အခြေအနေတစ်ခုရယ် များမြောင်လှတဲ့ အတွေးအခေါ်တွေကြားမှာ လမ်းလွဲသွားတဲ့ အခြေအနေတစ်ခုရယ် စတဲ့အကြောင်းအရာတွေကြောင့် အစပျိုးဖြစ်လာခဲ့တယ်လို့ သုံးသတ်မိပါတယ် ။

ဒီသင်ခန်းစာကြောင့် ရှေ့ရေးအတွက် အများကြီး စဉ်းစားဖြစ်ခဲ့သလို ကိုယ်တိုင်လည်းအကြောင်းအရာများစွာကို သုံးသပ်ဖြစ်ခဲ့တဲ့အတွက် ကျေးဇူးတကယ်ပင်တင်ပါတယ် ။ ငယ်စဉ်က သစ်သစ်ဖတ်ခဲ့ဖူးတဲ့ စိတ်နယ်လွန်ဖြစ်ရပ်လေးကိုလည်း အမှတ်တမဲ့သတိရမိသွားခဲ့ပါတယ် ။ သစ်သစ် ၁၄နှစ်သမီးလောက်က ဖတ်ခဲ့တော့ ဒါဟာစိတ်ကူးယဉ် ဆောင်းပါးတစ်ပုဒ်ပဲလို့ ထင်ခဲ့မိပါတယ် ။ ခုလိုလက်တွေ့သိလိုက်ရတော့ ဒါမျိုးဟာလောကကြီးမှာ ဖြစ်နိုင်ကြောင်း လက်ခံခဲ့ပါတယ် ။

သစ်ဖတ်တဲ့ ဆောင်းပါးလေးကတော့ လူတစ်ယောက်ဟာ သိပ်ကိုနာမည်ကြီးချင်လို့ အရမ်းကိုကြိုးစားခဲ့ပါတယ် ။ သူလိုချင်တာက သတင်းစာထဲမှာ သူ့နာမည်ပါချင်တာပဲလေ ။ ဘယ်လိုပဲကြိုးစားကြိုးစား မပါခဲ့တော့ နောက်ဆုံးမှာသူလုပ်ခဲ့တဲ့ နည်းလမ်းလေးကတော့ သတင်းစာထဲမှာပါတော့ပါခဲ့ပါတယ် ။ လူတစ်ယောက်ကိုသတ်လိုက်ပြီး စာလုံးမဲနဲ့လူသတ်သမားဆိုတဲ့ဂုဏ်ပုဒ်တစ်ခုဖြင့် သူ့နာမည်သတင်းစာထဲပါလာတော့တယ်လေ ။ သူလိုချင်တာဖြစ်သွားခဲ့တော့ တရားခွင်မှာ သူကျေနပ်ကြောင်းပြောခဲ့တဲ့ ဆောင်းပါးလေးပါပဲ ။

ဒီလိုသနားစရာစိတ်နယ်လွန်ရောဂါ ခံစားနေရတဲ့သူတွေဟာ ဘယ်တော့မှ ပြုပြင်ယူလို့မရတတ်ပါဘူး ။ ဘာလို့လည်းဆိုတော့ သူကိုယ်တိုင်ကသူ့ကိုယ်သူ ရောဂါရှိမှန်းမသိတော့ လောကကြီးမှာ သူသာလျှင်အမှန်ဆိုပြီး မနာလိုစိတ်တွေနဲ့ပဲ ဘ၀ဆုံးရတာများတတ်ပါတယ် ။ လူ့အသိုင်းအ၀ိုင်းကဖယ်ကျဉ်လိုက်လည်း သူကပိုဆိုးလာမှာပါပဲ ဒါပေမယ့်သိနေတယ်ဆိုတဲ့အရာကိုတော့ သူသိအောင်လုပ်ပြနိုင်ရင် ၅၀%လောက်တော့ သူ့စိတ်တွေထိန်းချုပ်နိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တစ်ခုနဲ့ ကြိုးစားသင့်တယ်လို့တော့ ထင်မြင်မိပါတယ် ။

ခဏတာရောက်လာတဲ့ ဒီလူ့ဘောင်လောကမှာ အရာမထင်တဲ့အကြောင်းတွေနဲ့ အချိန်မဖြုန်းသင့်ကြောင်း သူသိအောင်တော့ တကယ်ကိုပြောပြလိုက်ချင်ပါသေးတယ် ....။ အားလုံးပဲကျန်းမာပျော်ရွှင်စွာနဲ့ တိုတောင်းလှတဲ့ဘ၀ခရီးကို ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။ မထင်မှတ်တာတွေဖြစ်တတ်တဲ့ ဆန်းကြယ်တဲ့လောကကြီးကို အံ့သြမင်သက်စွာနဲ့ ဒီပို့စ်လေးကိုရေးလိုက်မိပါတယ် ။ ကိုယ်ထင်တာကိုယ်ရေးခဲ့တဲ့အတွက် သဘောထားကွဲလွဲနိုင်ခွင့်လည်း ရှိနိုင်ပါတယ် ။ ဒီပို့စ်ဖတ်ရှုသူတိုင်းကို ကျေးဇူးအထူးပင်တင်ရှိပါတယ် ။

3 comments:

  1. စိတ်နယ်လွန်တယ်ဆိုတာ ကိုယ်သိတာတော့ ကိုယ်ရည်ကိုယ်သွေးနဲ့ ဆိုင်တဲ့ရောဂါလို့ ထင်မိတယ်။ လူတကိုယ်ထဲက နှစ်ကိုယ်ခွဲပြီး ကိုယ့်ဘာသာ မြင်နေတာတို့ ဘာတို့။ ဝင်းဦးရဲ့ ဆောင်းအိပ်မက် ရုပ်ရှင်ကားထဲကလိုလေ။ အဲဒါတွေ အပြင်မှာ တကယ်ရှိလား ဘာလားတော့ သေချာ မသိပါဘူး။

    ဒါပေမဲ့ စိတ္တဇ လူသတ်သမားလို နာမည်ကြီးဖို့ လုပ်တဲ့ ကိစ္စကတော့ တမျိုးလို့ ထင်မိတယ်။

    ခု တို့တွေဆီမှာ လောလောဆယ် ဖြစ်ပျက်နေတာကတော့ မနာလိုစိတ်တွေ မကျေနပ်စိတ်တွေက အရင်းခံတယ် လို့ ထင်မိတယ်။ ဖြေရှင်းရင် ရလောက်မလားလို့လဲ မျှော်လင့်မိတယ်။

    ကိုယ်လဲ ပညာရှင် မဟုတ်လို့ အမှားတွေ ပါနိုင်ပါတယ်။

    ReplyDelete
  2. ခဏတာရောက်လာတဲ့ ဒီလူ့ဘောင်လောကမှာ အရာမထင်တဲ့အကြောင်းတွေနဲ့ အချိန်မဖြုန်းသင့်ကြောင်း သူသိအောင်တော့ တကယ်ကိုပြောပြလိုက်ချင်ပါသေးတယ် ....။
    အင်း.. ဟုတ်တယ်.. ပြောပြသင့်တယ်။
    စိတ်အေးလက်အေး အပြင်ပြဿနာတခုကို ဆွေးနွေးကြတဲ့ ပုံစံလေးနဲ့ ပေါ့။
    အနည်းဆုံးတော့ သူ့ မှာ သူ့ ကို လူသားတစ်ယောက်အနေနဲ့  သူ့ ကို ချစ်ခင်တဲ့သူတွေ သူငယ်ချင်းတွေ ရှိနေတယ်ဆိုတာ သူ သိဖို့ လိုတယ်။ လက်ခံဖို့  လိုတယ်။
    သူ့ အနေနဲ့  သူ့ ပတ်ဝန်းကျင် ဆက်ဆံတဲ့နေရာအနေအထားတွေကို ကိုယ်ချင်းစာစိတ်လေးနဲ့ တွေးပီး နေရင် ပစ္စုပ္ပန်ကျကျ ကြည့်တတ်အောင် ကြိုးစားရင် သူ့ ပိုပျော်သွားမှာပဲနော်။
    နာမည်ကြီးဖို့ မလိုပါဘူး။ သတင်းစာမှာ စာလုံးမဲနဲ့ ပါဖို့ မလိုပါဘူး။ အနည်းဆုံးတော့ မိတ်ဆွေတစ်ယောက် လူသားတစ်ယောက်ရဲ့ ရင်ထဲမှာ သူဟာ ဖျက်လို့ မရတဲ့ ကမ္ဗည်းထိုးထားနိုင်တာပဲ။ အဲဒီ ကမ္ဗည်းကမှ ကမ္ဘာတည်သရွေ့ တည်တယ်ဆိုတာ သိစေချင်တယ်။ ဒါဟာ သတင်းစာမှာ ကြော်ငြာစရာမလိုပဲနဲ့  လက်ခံရတဲ့ အမည်တခုပဲ။
    သူ
    ဘာတွေပဲလုပ်လုပ်
    ဘာတွေပဲဖြစ်ဖြစ်
    သူဟာ
    ငါတို့ တွေအတွက်တော့
    လူသားတစ်ယောက်
    သူငယ်ချင်းတစ်ယောက်ပါပဲ.
    တို့ တွေ သူငယ်ချင်းထဲမှာ
    အဲလို လူရှိခဲ့ရင်
    နွေးနွေးထွေးထွေး ကြိုဆိုပါတယ် သူငယ်ချင်းရေ..
    မင်း ခံစားမှုတွေ နာကျင်မှုတွေကို
    မျှဝေခံစားပေးမယ့်သူတွေ
    ဒီမှာရှိနေတယ်..
    မင်းရင်ဘတ်ထဲမှာ ပြည့်ကျပ်နေတဲ့အရာတွေ
    ဟောဒီမှာ
    လွတ်လွတ်လပ်လပ်
    သွန်ချပစ်နိုင်တယ်။
    ယုံယုံကြည်ကြည်
    စိတ်ချလက်ချနဲ့ ပေါ့။

    ချစ်ခင်စွာဖြင့်
    ချစ်သမီး

    ReplyDelete