Sunday, October 18, 2009

ကြည်နူးပျော်ရွှင်ထိုနေ့တွင်


ကြိုတင်စီစဉ် တိုင်ပင်ခြင်းမရှိပဲ ဒီလူတွေတွေ့ဖြစ်ခဲ့ကြတယ် ။ ပျော်ရွှင်ခဲ့ကြတယ် ပွင့်လင်းစွာလဲ စကားတွေပြောဖြစ်ခဲ့တယ် ။ ကျေနပ်စရာတစ်ခုပါပဲ....။

ဘလော့လေးရေးတော့ အမြဲလာဖတ်ဖြစ်တဲ့သူတွေ ကိုယ်နဲ့စိတ်တူကိုယ်တူ ရေးသူတွေ ခင်ခဲ့ကြတယ် မင်ခဲ့ကြတယ် ။ ခံစားချက်တွေ ဖလှယ်ဖြစ်ကြတယ် ။ ကိုယ့်အပူသူ့အပူတွေ ပြောဆိုတိုင်ပင် ရင်ဖွင့်ဖြစ်ကြတယ် ။ ကြာလာတော့လည်း မောင်နှစ်မရင်းသဖွယ် ခင်မင်လာကြတယ် ။ ဟန်ဆောင်တာ ကြွားဝါးတာ ဆရာလုပ်တာ မပါဘဲနဲ့ကို အရင်းခံငယ်ပေါင်းတွေလို ပြောမနာဆိုမနာတွေ ဖြစ်ခဲ့ကြတယ် ။ စိတ်ညစ်ရင် ရင်ဖွင့်စရာနေရာလေးတွေ တိုးခဲ့တယ်ပြောရင်လည်း မမှားပြန်ပါဘူးလေ ။

အစ်မတစ်ယောက် ၊ အစ်ကိုတစ်ယောက် ( အသက်တစ်နှစ်ကြီးသဖြင့် အစ်ကိုရာထူးရနေသော်လည်း နင် နှင့် ငါ ဟုသာ ခေါ်ဖြစ်ခဲ့တယ် ပိုပြီးရင်းနှီးတယ်လို့ စိတ်မှာခံစားရလို့ပါ ) ၊ ညီမငယ်တစ်ယောက် ဒီ၃ယောက်ကိုတော့ စွဲစွဲမြဲမြဲခင်မင်ခဲ့သလို အပြင်မှာလည်း တွေ့ဆုံဖြစ်ခဲ့ပါတယ် ။ စနေနေ့ကလည်း သစ်သစ်အိမ်မှာ ဒီလေးယောက်စုံပြီး ဒုတ်ထိုး ၊ ကြာဇံကြော် ၊ လက်ဖက် ၊ မုန့်လက်ဆောင်း လုပ်စားဖြစ်ကြတယ်လေ ။ ပူပြင်းတဲ့စင်္ကာပူရဲ့ ရာသီဥတုအောက်မှာ အေးချမ်းစွာစကားတွေပြောကြတယ်လေ ။ ရောက်တတ်ရာရာတွေပြောရင်း ညမိုးချုပ်တဲ့အထိ စကားစတွေမပြတ်နိုင်ခဲ့ကြပါဘူး ။

ကိုယ့်ရဲ့ခံယူချက် ၊ အခက်အခဲ ၊ ရှေ့ဆက်ရမည့်အရာတွေ ၊ သုံးသပ်နေတဲ့အချိန်တွေ အားလုံးကိုဖွင့်ဟပြောဆို ဖြစ်ခဲ့ကြတယ် ။ ခင်ရာဆွေမျိုးဆိုတဲ့စကားအတိုင်း ဒီနိုင်ငံရောက်မှ တွေ့ကြဆုံကြပေမယ့် နောင်ကျန်ရှိနေသေးတဲ့ ကိုယ့်ဘ၀တလျှောက်မှာတော့ ဒီလူတွေရဲ့စကားသံတွေ ပုံရိပ်တွေကတော့ ကိုယ့်ရဲ့နှလုံးသားမှာ သံမှိုစွဲသလို ရိုက်နှက်ပြီးခဲ့ပြီလေ ။ နောင်တစ်ချိန်တွေ့ဖြစ်ကြတဲ့အခါမှာ ဒီလိုလေးပဲ အောင်မြင်မှူတွေ ပျော်ရွှင်မှုတွေနဲ့ ပြန်လည်ဆုံတွေ့ချင်ပါသေးတယ် ။ အားလုံးကို တကယ်ခင်တယ်ဆိုတာ သိပြီးကြပြီလို့လည်း မျှော်လင့်မိပါတယ်......။

3 comments:

  1. မုန့် လက်ဆောင်းစားမယ် ဟိ

    ReplyDelete
  2. ဆွဲအား ကောင်းတဲ့ ဒါ့ပုံပဲ
    နောက်တခါလုပ်ရင် ခေါ်ပါ လာဖြစ်အောင် လာပြီး စားပါ့မယ် (ဒါလည်း စွမ်းအားတမျိုးပဲ) အချစ်စွမ်းအားတော့မဟုတ်ဘူး ဒုတ်ထိုးစွမ်းအားပါ

    ReplyDelete
  3. ဒုတ်ထိုးနဲ့လက်ဘက်စားချင်တယ် စားချင်တယ် စားချင်တယ်

    ReplyDelete