Thursday, May 20, 2010

ဒီအပတ်ရဲ့ဒိုင်ယာရီ

မနေ့က 19.5.2010 က သစ်သစ်ဒီအလုပ်မှာ ၁နှစ်တိတိပြည့်တဲ့နေ့ ဖြစ်ပါတယ် ။ ဒီအလုပ်လေးမှာလုပ်ရတာကို သစ်သစ်သိပ်ကိုကျေနပ်မိပါတယ် ။ စလုံးမှာ ပထမဆုံးသစ်သစ်လုပ်တာ ကုမ္ပဏီအကြီးမှာလုပ်တာပါ ။ မန်နေဂျာတွေ အဖွဲ့တွေလည်းအများကြီး ဖြစ်သလိုမန်နေဂျာအချင်းချင်းတွေ ပြိုင်ဆိုင်ကြ လက်အောက်ငယ်သား သစ်သစ်တို့ပါ မနားမနေ နိုင်ချင်တော့လုပ်ရတယ် အလုပ်မရှိတော့ ဒီတိုင်းထိုင်နေရပြန်တော့လည်း တင်စရာရီပို့မရှိ အခြားသူများက ဘယ်သူဘာလုပ်နေတယ် ဘယ်သူကတော့ဘာလုပ်ပြန်ပြီ ဆိုပြီး အတင်းပေါင်းစုံ ချွန်တွန်းပေါင်းစုံနဲ့ တော်တော်လေးကို စိတ်ပျက်စရာကောင်းခဲ့ပါတယ် ။ ဒါပေမယ့်လည်း အတွေ့အကြုံတွေအများကြီးလည်း ရခဲ့တယ်ဆိုပါတော့ ။ သစ်သစ်ရယ်လို့ စလုံးမှာရပ်တည်ခွင့်ရအောင် သူကလည်းများစွာအကျိုးပြုခဲ့တယ်လေ ကျေးဇူးလည်းမမေ့ပါဘူး ဘယ်အရာမဆို အကောင်းအဆိုးက ဒွန်တွဲနေတာပဲလေ ။

ဒီအလုပ်သစ်ကျတော့ အရင်အလုပ်လောက်တော့ မကြီးမားတော့ပေမယ့် ကိုယ့်ထက်ကြီးတဲ့ စလုံးသားတွေပဲဆိုတော့ ကိုယ့်ကိုဘယ်အရာမဆို အငယ်မို့လို့ ဦးစားပေးသလို မေးသမျှရှင်းပြဖို့စောင့်နေသလား မှတ်ရပါတယ် ။ ဘာလုပ်လုပ် သူတို့ကပြောပြတာကို ကိုယ်သိလည်းမသိသလိုနေလိုက် မသိလည်းမှတ်လိုက်ဆိုပြီး နေလာလိုက်တာ သူတို့ကလည်း သစ်သစ်ကိုတော်တော်ချစ်ကြပါတယ် ။ အမ်စီမယူချင်လို့ ဒီအတိုင်းဆေးခန်းမသွားပဲ ခွင့်ယူရင်တောင် လာတယ်ဆိုပြီး သူဌေးဆီမှာအလာစာရင်းပြပေးတတ်ကြတဲ့သူတွေပါ ။

အရာရာတိုင်းဆရာလုပ်တယ်လို့ မှတ်မယ်ဆိုရင်တော့ ရနိုင်ပေမယ့် သစ်သစ်ကိုယ်တိုင်က သူတို့ပြောသမျှ ဘာမှမငြင်းတော့ သူတို့အကြိုက်ဖြစ်ပုံလည်း ကျပါတယ် ။ အလုပ်နဲ့ပက်သက်ရင်တော့ သူတို့လည်းကိုယ်လုပ်တာဘာမှနားမလည်ဆိုတော့ ဘာမှဝင်စွက်ဖက်ခြင်းမရှိတာ တော်တော်စိတ်ချမ်းသာစရာကောင်းပါတယ် ။ သစ်သစ်စီနီယာက လုပ်သက်ဒီအလုပ်မှာ ၁၀နှစ်ဆိုတော့ သစ်သစ်ကိုဘယ်သူကဘယ်လိုဆက်ဆံရတယ် ဆိုတာကအစ သင်ပေးပါတယ် ။ သိပ်ချစ်စရာကောင်းတဲ့ စီနီယာပါ ။ အလုပ်မှန်သမျှ သူနဲ့ကိုယ်ပဲခွဲလုပ်ရတာဆိုတော့ အိုဗာတိုင်ဆင်းတဲ့ရက်တွေဆို ၂ယောက်တည်းပျော်ပျော်ပါပဲ ။

သစ်သစ်ကအလုပ်ကိုအချိန်ဆွဲမလုပ်တတ်တော့ စီနီယာကတောင် ဘယ်လိုမျိုးဆို ဘယ်လိုနှေးလုပ်ရတယ် မြန်တယ်ဆိုတာအချိန်အခါနဲ့ပြရတယ် မလိုအပ်ပဲ စွမ်းအားတွေမသုံးပါနဲ့တဲ့လေ ။ အဲလိုစီနီယာဆိုတော့ သစ်သစ်ကံကောင်းတယ်လို့ ဆိုရပါမယ် ။ ကုမ္ပဏီသေးပေမယ့် လုပ်ငန်းမျိုးစုံလုပ်ရတဲ့အပြင် စီနီယာရဲ့စီစဉ်တတ်မှုကြောင့်လားတော့မသိဘူး အလုပ်များတာလည်းမရှိဘူး အလုပ်ပါးတာလည်းမရှိဘူး ပုံမှန်ပဲ ဒတ်လိုင်းမဲ့လုပ်ရတာကတော့ စိတ်ချမ်းသာစရာအကောင်းဆုံးပါပဲလေ ။

မနေ့ကတနှစ်ပြည့်ဆိုပြီး အလုပ်ကလုပ်ပေးတဲ့ပွဲလေးမှာ ပျော်ရွှင်ကြည်နူးရသလို နွေးထွေးမှုဆိုတာလည်း ခံစားရပါတယ် ။ သစ်သစ်ခံယူချက်ကတော့ ကုမ္ပဏီသေးတယ်ကြီးတယ်ဆိုတာထက် လုပ်ငန်းခွင်မှာစိတ်ချမ်းသာဖို့က ပိုပြီးအဓိကကျပါတယ် ။ ဒီအပတ်ထဲနေမကောင်းလည်းဖြစ်လိုက်သလို စိတ်မချမ်းသာစရာလည်း ကြုံခဲ့ပါသေးတယ် ဒီ့အတွက်ချစ်သူက ပိုလို့တောင်ဂရုစိုက်လို့ ကျေနပ်ရပါသေးတယ် ။

နောက် သစ်ရဲ့အရမ်းချစ်ရတဲ့ သစ်ဆရာမလည်းဖြစ်တဲ့ သစ်အမတစ်ယောက် ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက် သစ်တို့ကိုမွေးပေးပါတယ် ။ သစ်သိပ်ကိုပျော်ပါတယ် ကလေးအရမ်းချစ်တတ်တော့ နောက်ဆိုအဲဒီအိမ်ပဲရောက်နေတော့မယ် ထင်ပါတယ် ။ လာမယ့်သောကြာမှာ ဖေ့ဘွတ်ကနေတဆင့်ပြန်ဆက်သွယ်မိတာ မကြာသေးတဲ့ ဟိုးးးး အထကကျောင်းကငယ်သူငယ်ချင်းနဲ့ တွေ့ဖို့ရှိပါတယ် ။ အဲဒီအတွက်လည်း ကြိုတင်ပျော်နေမိတယ် ။ မတွေ့ရတာ လက်၁၀ချောင်းတောင် ကျော်ခဲ့ပြီလေ ။ ဘာပဲဖြစ်ဖြစ် ဒီအပတ်လေးကတော့ စိတ်ညစ်စရာအနည်းငယ်သာရရှိခဲ့ပေမယ့် တော်တော်များများကတော့ စိတ်ချမ်းသာပါတယ် ။ ချစ်သူလေးနဲ့လည်း ဘာပြသနာမှမရှိ အဆင်ပြေပြေ နေ့ရက်များကို ဖြတ်သန်းရင်း ဒီတပတ်ရဲ့ဒိုင်ယာရီကို အဆုံးသတ်လိုက်ပါတယ်နော် ။

5 comments:

  1. သြော်သူကပျော်စရာတွေပြည့်နေလို့  နာတို့ ဆီကိုမလာတော့တာကိုး
    နာကနေမကောင်းလို့ နားနေတယ်မှတ်လို့ ဖုန်းတောင်မဆက်ရက်ဘူး
    အေးပါလေ ဘယ်တူပါ့မလဲး(

    ReplyDelete
  2. စိတ်ချမ်းသာလို့ ဝမ်းသာတယ် ပျော်သလိုသာနေ စား သောက် အိပ်
    စလုံးကလူတွေအကြောင်းတော့ မပြောပါနဲ့ တော့
    တယောက်တမျိုး မရိုးစရာတွေ ကြုံနေရလို့ 
    ကောင်းတာရှိသလို ရူးကြောင်၂တွေလည်းရှိရဲ့ 
    နောက်တော့ ကိုယ်ပဲ မကောင်းတာပဲလို့  သတ်မှတ်လိုက်မှ နေသာထိုင်သာရှိသွားတော့တယ်

    ReplyDelete
  3. ဝမ်းသာမိပါကြောင်း။

    ReplyDelete
  4. သစ်သစ်

    စိတ်ချမ်းသာနေတယ် ဆိုတော့ ဝမ်းသာမိပါကြောင်း

    မမရွှေစင်

    ReplyDelete
  5. အဆင်ပြေ ပျော်ရွှင်တယ်ဆိုလို့ ဝမ်းသာပါတယ်.... :D

    ReplyDelete