Tuesday, May 11, 2010

ဟက်ပီးဘတ်ဒေး ကိုကြီး

ဒီနေ့ဟာဆိုရင် သစ်သစ်အရမ်းချစ်တဲ့ သစ်သစ်အစ်ကိုကြီးရဲ့ ၄၃နှစ်မြောက်မွေးနေ့လေးပါ ။ စနေသားဖြစ်တဲ့ သစ်သစ်အစ်ကိုဟာ သားဦးစနေမီးလိုမွှေဆိုတဲ့ စကားနဲ့လားလားမှ မတူပဲ အလွန်အေးဆေး မောင်နှမတွေအပေါ်အနစ်နာခံပြီး အစ်ကိုကြီးအဖရာပီသတဲ့ အစ်ကိုပါ ။ မေမေ အချစ်ဆုံးသားဆိုရင်လည်း မမှားပါဘူးလေ ။ ရိုးလွန်းတော့သူလုပ်တဲ့အလုပ်တော်တော်များများဟာ သူများအတွက်သာဖြစ်သွားတာ များပါတယ် ။ ဒါလည်း အမြဲပြုံးပြီး ကွမ်းတမြုံမြုံနဲ့အစ်ကိုကြီးပါ ။

သစ်သစ်ကိုမွေးကတည်းကနေ လက်ကမချတမ်းထိန်းလာတာလဲ ဒီအစ်ကိုကြီးပါပဲလေ ။ နှာခေါင်းချွန်အောင်ဆွဲလွန်းတာလည်း ကိုကြီးပါပဲ ။ သစ်သစ်ကလည်းခေသူတော့မဟုတ်ပါဘူး ကိုကြီးဆယ်တန်းအောင်တုန်းက အိမ်ပေါ်ကဆင်းတုန်းကတောင် သစ်သစ်ကနို့မှုန့်ဗူးတွေနဲ့လိုက်ဆင်းတတ်သူတဲ့လေ ။ အဖေကဆယ်တန်းအောင်တဲ့ သူ့သားကြီးကိုဗိုလ်သင်တန်းလျှောက်ဖို့ ဖောင်ယူလာတော့ စစ်သားမလုပ်ချင်တဲ့ကိုကြီးက မိကျောင်းရဲကနေ တောင်တွင်းကြီးကို ခဏရှောင်ဖို့ကြိုးစားပါတယ် ။ အမေကလည်း သူ့သားကြီးကိုသူ့နားမှာပဲ နေစေ့ချင်တော့ ဖောင်ပိတ်တဲ့ရက်မှပြန်လာဖို့ ပိုက်ဆံအလုံအလောက်ပေး သူ့သူငယ်ချင်းအိမ်မှာနေဖို့ စီစဉ်ပါတယ် ။ အဲမှာဒေါ်ရွှေသစ်စခန်းထပါတယ် အစ်ကိုနောက်လိုက်ဖို့ပါ နောက်တော့ပြောမရတာနဲ့ သစ်အကျီလေးတစ်ပတ်စာ နို့မှုန့်ဘူး ကလေးထမင်းဘူး အစုံသယ်လို့ ကိုကြီးအိမ်ပေါ်ကဆင်းပါတယ် ။ ခုချိန်ထိ တောင်တွင်းကြီးကအမျိုးတွေက တွေ့ရင်ပြောနေတုန်းပါပဲလေ ။ ဖောင်ပိတ်လို့ပြန်လာတော့ အဖေကသူ့သားကိုဆူမယ်လုပ်တော့ သူ့သားကသစ်သစ်ကိုခါးမှာခွင်ထား နို့ဗူးကလက်ကကိုင်လို့တဲ့ အိမ်ပေါ်ပြန်တက်လာတာကြည့်ပြီး မဆူရက်တော့ဘူးတဲ့လေ ။ ရဲရဲသာကျေးဇူးတင်လိုက်ပါ ကိုကြီးရယ် ညလေးကြောင့်အဆူမခံရတာပါနော်...ဟွန့် ။

သစ်သစ်ကိုမွေးတဲ့ မကွေးတိုင်းဟာ အရမ်းပူသလို မြွေပွေးလည်းအရမ်းများတယ် ပြောပါတယ် ။ တပ်ထဲကလိုင်းခန်းတွေက ၂ခန်းဆက်တွေဆိုတော့ အပူဒဏ်ကိုသိပ်မကာနိုင်ဘူးလေ ။ ဒါကြောင့် အမေမြို့ပေါ်သွားရင် သစ်သစ်ကိုထိန်းတာ ဒီကိုကြီးပဲပေါ့ ။ တစ်နေ့ နေ့လည်သစ်သစ်မအိပ်တော့ ကိုကြီးက သစ်သစ်ကိုချီပြီးချော့တယ်တဲ့လေ ။ လမ်းလျှောက်ရင်းသစ်သစ်အိပ်ပျော်သွားတော့ ကိုကြီးက သစ်သစ်ကိုပေါင်ပေါ်တင်ထားပြီး အိမ်ဘေးရေချိုးတိုင်ကီမှာမှီလို့ ခြေထောက်ကိုကျောက်ပြားပေါ်ဆင်းထားချိန်မှာ မြွေပွေးပေါက်ကလေးတစ်ကောင်က ကိုကြီးခြေဖမိုးပေါ်ကနေဖြတ်ဖို့ကြိုးစားတယ်တဲ့လေ ။ ဆတ်ခနဲထလိုက်ရင် မှီပေမယ့် သစ်နိုးမှာစိုးလို့ ငြိမ်ငြိမ်လေးပဲဆက်နေခဲ့တာ မြွေပွေးလေးဟိုဘက်ရောက်သွားတဲ့အထိပါပဲတဲ့လေ ။ ဒီအကြောင်းအရာတွေဟာ ခုနေမှာရယ်စရာဖြစ်ပေမယ့် ကိုကြီးရဲ့မေတ္တာကိုဖော်ညွှန်းနေခဲ့တာ သက်သေပဲလေ ။

တက္ကသိုလ်ကျောင်းသားကြီးဖြစ်တော့လည်း သစ်သစ်တို့က အာစီတူး မိန်းထဲ မရောက်ဖူးတာမရှိစေရပါဘူး ပုဆိုးဆွဲပြီးလိုက်နေတာ ၄နှစ်လုံးလေ....း ) ။ ကိုကြီးသူငယ်ချင်းတွေကဆို မင်းညီမကိုပါ ဘွဲ့ပေးသင့်တယ်တဲ့လေ ။ ဘော်တနီမေဂျာကဖြစ်တဲ့ကိုကြီးရဲ့ ကျူတိုရီယမ်စာအုပ်ထဲက ပန်းပုံတွေဟာ သစ်သစ်အတွက် ကာလာချယ်တဲ့စာအုပ်ဖြစ်ခဲ့တယ်လေ ။ စာမွဲနီးလို့စာကျက်နေတဲ့ အစ်ကိုဘေးနားမှာ ပွတ်သီးပွတ်သတ်နေရင် ကိုကြီးကစာအုပ်ပေးထားလိုက်တယ်လေ ။ ငြိမ်နေတာများ ထမင်းဟင်းတောင်မေ့တဲ့ သစ်သစ်ပါ ။ အဲလိုဆိုးတာ ပြန်ကိုမပြောချင်တော့ဘူး ဟိ ။

ကျောင်းပြီးတော့ အမေက ဟိုင်းလတ်လေးတစ်စီးဝယ်ပြီး ကိုကြီးကိုမောင်းစေတယ်လေ ရန်ကုန်- ပြည် နေ့ချင်းပြန်လိုင်းဆွဲတယ် ဆိုပါတော့ ။ ကျောင်းပိတ်ရက်တိုင်းဟာ သစ်သစ်တို့မနက်လေးနာရီဆို ဂီယာတံလေးဘေးမှာ အခန့်သားထိုင်လို့ပေါ့ ကားလိုက်စီးမယ်လေ .. ဟဲ ဟဲ ။ တွေ့တဲ့နေရာမှာမုန့်ဝယ်ကျွေးခိုင်း ကားသမားတွေစားတဲ့ ထမင်းဝိုင်းမှဟင်းစုံတာအမေရဲ့ ပြန်လာရင်ဂုဏ်ယူဝံ့ကြွားစွာ ပြောတတ်သေးတယ် ။ တစ်ခါတစ်လေဆို ကိုကြီးကမောင်းတယ် ကိုငယ်ကစပယ်ယာလုပ်တယ် အမေကသား၂ယောက်ကိုစိတ်မချတော့ ခေါင်းခန်းကလိုက်ရင် သစ်သစ်တို့ကပျော်မဆုံးလေ ထမင်းချိုင့်တွေပါယူတာပေါ့ ။ မောင်း ဆရာရေ ဟိုးး ဆရာရေ ကျော်လေ ဘာလုပ်နေတာလဲ ကားခေါင်းခန်းတစ်ခုလုံး သစ်သစ်အသံတွေကြီးပဲ...သတိရမိတယ် ။ ကားလိုက်စီးမယ်ဆို စိတ်မချတဲ့အဖေက သူကိုယ်တိုင်ကလည်းကုမ္ပဏီတစ်ခုမှာ အဖွဲ့ဝင်လုပ်နေတော့ သစ်ကိုခေါ်လို့မရ အားမတန်တော့မာန်လျော့တဲ့သဘောနဲ့ လွှတ်ရတယ်လေ ။ ပြန်လာပြီဆို ဆော့တောင်မဆော့နိုင်ပဲ သစ်သစ်တစ်ယောက်ဒေါင်းတာကတော့ တစ်အိမ်လုံးဆလံပေးရတယ် ။

ကိုကြီးအိမ်ထောင်ကျလို့သမီးလေးမွေးတော့ ငိုလိုက်ရတဲ့ သစ်သစ်လေ .. ကိုကြီးက သူ့သမီးလေးကို ပိုချစ်မှာ သစ်သစ်ကိုမချစ်တော့ပါဘူးဆိုပြီး ပြောလိုက်ငိုလိုက် အိမ်ကသူတွေက ငိုအားထက်ရယ်အားသန်ဖြစ်ခဲ့ကြတယ်လေ ။ သစ်သစ်အရွယ်ရောက်လို့ နိုင်ငံခြားကိုထွက်မယ်ဆိုတော့ သူ့ဘ၀မှာနိုင်ငံခြားဆိုတာ ဘာမှမဆိုင် တခါမှလည်းမသွားချင် ရုပ်ရှင်ထဲမှာပဲမြင်ဘူးတဲ့ ကိုကြီးတစ်ယောက် မျက်နှာအပျက်ပျက်နဲ့ မိဘတွေကိုတားခိုင်းပါတော့တယ်လေ ။ မသွားနဲ့ဘာသွားလုပ်မှာလဲ ပိုက်ဆံရှာဖို့ဆိုလုံးဝမသွားရဘူး အလည်၁ပတ်လောက်ပဲသွား ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့တယ်လေ ။ အဖေကခေတ်နဲ့အညီ သူများတွေသွားလို့သွားတာ မတားရဘူး ငွေတန်ဖိုးသိအောင် ကိုယ်တိုင်ရှာရမယ် တတ်ထားတဲ့ပညာတွေကို အသုံးချတတ်ရမယ် နို့မို့ဆိုမင်းတို့လို ကားသမားဘ၀ပဲဖြစ်မယ်ဆိုတော့ ကိုကြီးဘာမှဆက်မပြောအောင် အသံတိတ်သွားခဲ့တယ်လေ ။ သူ့လိုမပင်ပန်းစေချင်ပြန်တဲ့စိတ်လေးက သူ့ဆီမှာရှိနေခဲ့တာကိုး ။ သူ့ကိုယ်လုံး၀၀ကြီးနဲ့ ၁၀ဘီးကားတွေပေါ်ကို တက်လိုက်ဆင်းလိုက်လုပ်နေတာကို သူကပျော်နေတာလေ ။ သစ်သစ်ပြန်တုန်းကတောင် ဘားအံကိုကိုကြီးမောင်းတဲ့ကားစီးမယ်ဆိုတော့ ၁၀ဘီးကားပေါ်တက်ဖို့ ခွေးခြေတစ်လုံးနဲ့တစ်လမ်းလုံး သူ့ဘက်ကအရင်ဆင်း သစ်သစ်ဆင်းမယ့်ဘက်ကိုပြေးလာ ခွေးခြေခံတက်ခိုင်းဆင်းခိုင်း အဲလိုလုပ်တာလေ ခုချိန်ထိပဲ ....း ) ။

သစ်သစ်စလုံးသွားမယ်ဆိုတော့ လေဆိပ်မှာငိုတာလဲ ဒီအစ်ကိုပဲလေ ။ ပြန်လာတော့လဲ ၀မ်းသာအားရလာကြိုတာ ဒီအစ်ကိုပဲ ။ သစ်ပြန်မယ်ဆို တောထဲရောက်နေရင်တောင် ဒရိုင်ဘာနဲ့ကားကိုထားခဲ့ပြီး သစ်ကိုကြိုဖို့ရန်ကုန်အရောက်လာတတ်တဲ့ အစ်ကိုပါ ။ မေးတဲ့မေးခွန်းတွေကိုကြည့်လေ စင်္ကာပူမှာရထားတွေက တံခါးပေါက်မရှိဘူးဆိုတာ ဟုတ်လား ပူနေမှာပေါ့ တစ်ရှူး ရေဗူး မမေ့နဲ့နော် အဲလိုမှာတတ်တဲ့အစ်ကိုလေ ။ တခါတလေရိုးလွန်းတော့ သစ်သစ်ကအားမရဘူး ။ စလုံးလာလည်ဖို့သစ်သစ်ခေါ်တော့ အလကားပေးတောင်မလာဘူးတဲ့ လေယာဉ်မစီးရဲဘူးတဲ့လေ ။ အဲလို အစ်ကိုမျိုးပါဆို ။

ခုတော့ သစ်အချစ်ဆုံးကိုကြီး အသက် ၄၃နှစ်ပြည့်ခဲ့ပြီလေ ။ သူချစ်တဲ့ သူ့ဇနီးရယ် ၊ သား ၊ သမီး ၄ယောက် ရယ်နဲ့ လောဘမရှိ ပျော်ပျော်ရွှင်ရွှင် ဘားအံမှာလုပ်ကိုင်စားသောက်နေထိုင်နေတာ ခုချိန်ထိပါပဲ ။ အရက်မသောက်နဲ့ဆို မသောက်တော့ဘူး ဘီယာပဲသောက်တယ်ဆိုတဲ့ ကိုကြီး ကျန်းမာရွှင်လန်းပြီး နောက်နှစ်၁၂၀တိုင် ကိုကြီးချစ်တဲ့မိသားစုနဲ့ သက်ထက်ဆုံး ပျော်ရွှင်နိုင်ပါစေလို့ အဝေးရောက်ညီမငယ်က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

17 comments:

  1. Happy Birthday ကိုကြီး

    တော်သေးတယ် မြန်မြန်အိမ်ထောင်ကျပြီး သားတွေသမီးတွေရသွားလို့
    မဟုတ်ရင် သစ်သစ်ဒဏ်ကို ခုထက်ထိခံရမှာ

    ReplyDelete
  2. သစ်သစ်May 11, 2010 at 12:35 PM

    တော်သေးတယ် မျိုးက ကိုကြီးမွေးနေ့ဆိုပြီး စတင်းဘုတ်မကျွေးခိုင်းလို့...ဟိ

    ReplyDelete
  3. ဖတ်ပြီးတော့ စိတ်ထဲမှာ ကြည်နှုး ၀မ်းသာ ၀မ်နည်းသလိုပဲ
    အစ်ကိုတစ်ယောက်ငယ်ငယ်ထဲကတအားလိုချင်ခဲ့တာ

    ထော

    ReplyDelete
  4. ပြောဖို့မေ့ခဲ့တယ် Happy Birthday ပါ မမသစ်အစ်ကိုကြီး

    ထော

    ReplyDelete
  5. ဒါနဲ့ စကားမစပ် စတင်းဘုတ်မကျွေးနဲ့ ဘူဖေးလိုက်ကျွေးပါလားဟင်

    ထော

    ReplyDelete
  6. ပျော်ရွှင်ဖွယ်မွေးနေ့ပါကိုကြီး

    ညနေ စတင်းဘုတ်မနေနဲ့
    ထိုင်းစာလိုက်ကျွေးးးးးးး

    ReplyDelete
  7. မင်္ဂလာမွေးနေ့ ပါ သစ်ရဲ့ အကိုကြီး
    တော်တော်ဗလကြီးမှာက တော့ သစ်ကိုချီထိန်းလာတယ်ဆိုတည်းက သိပါဒယ်လေ ငွင့်ငွင့် ...။
    မြန်မြန်အိမ်ထောင်ကျပေလို့ မဟုတ်ရင်တစ်သက်လုံး
    လူပျိုကြီး ဘွနဲ့ အရိုးထုတ်ရမယ် .. ဘယ့်နှယ်လူပျိုပေါက်အိမ်ကဆင်းတာတောင် ကလေးချီဆင်းရတဲ့ ဘွ ဆိုးထှာအေ ..မယ်သစ်ဆိုးချက်ကတော့။ ဟိဟိ။

    ReplyDelete
  8. အေး ငါအလုပ်တွေများပြီး စတင်းဘုတ်ကျွေးခိုင်းဖို့မေ့နေတာ. သစ်သစ်က သတိပေးတဲ့အတွက် ကျေးဇူးပဲ.. ဘယ်နေ့ကျွေးမှာလဲ ဟင် ဟင်

    ReplyDelete
  9. သစ်သစ်May 11, 2010 at 1:24 PM

    ဒါကြောင့် စောနက ထမင်းစားနေရင်း စိတ်ထဲတမျိုးဖြစ်နေတာ ဒင်းတို့ငါ့ကိုတနေကြတာကိုးးးးးးးး ဟိုးးးးးးးး ဟိုးးးးးးးး

    ReplyDelete
  10. ကြား ကြားဖူးပေါင်အေ...
    အိမ်ပေါ်ကဆင်းတာတောင် ကလေးချီဆင်းရသတဲ့...
    သစ်သစ် ကိုကြီးဘဝများး ဆိုးတာ...
    ဒီညီမကို ဒီလောက် ချစ်နိုင်ကတည်းက ဒိုးဆလံ။

    မင်္ဂလာရှိသောမွေးနေ့ ပါ သစ်ရဲ့ ကိုကြီး
    ပျော်ရွှင်ချမ်းမြေတဲ့ မိသားစုလေး ဖြစ်ပါစေ။

    ဝေလငါး
    မွေးနေ့ အတွက် ထိုင်းစာ အတည်ဖြစ်ပီလားး
    ဘယ်တော့ ကျွေးမှာလဲငှင်..

    ReplyDelete
  11. ချစ်ငယ်ရဲ့ ကိုကြီး ဟက်ပီ ဘက်ဒေးပါ။
    ကိုကြီးရော ချစ်ငယ်ပါ ပျော်ရွှင်ပါစေ..။
    မွန်

    ReplyDelete
  12. ချစ်ဖို့ကောင်းလိုက်တဲ့ အကို.. ဖတ်ရတာ ပျော်ဖို့ကောင်းလိုက်တာ
    သစ် ယောက်ျားရရင် အကိုက တိုနေမှာ ထင်တယ်နော်

    ReplyDelete
  13. Happy Birthday ပါ သစ်သစ်ကိုကြီး။

    (ကျန်းမာရွှင်လန်းပြီး နောက်နှစ်၁၂၀တိုင် ကိုကြီးချစ်တဲ့မိသားစုနဲ့ သက်ထက်ဆုံး ပျော်ရွှင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။)

    ReplyDelete
  14. မိသစ်.ညီမလေး........... ညီမလေး လက်တွေပိုထက်လာတယ်။ ဖတ်ရင်းနဲ့ ဝမ်းသာဝမ်းနည်း စို့နင့်အောင်ဖြစ်မိတယ်။ ညီမလေး ကံကောင်းပါတယ်။ ဒီလိုအစ်ကိုကြီးမျိုး ဆိုတာရှာမှ ရှားဘဲ ညီမလေးရေ..... ညီမလေးအစ်ကို က ညီမကို ဒီလိုအရမ်းဂရုစိုက် တာတွေ့ရတော့ ညီမလေး အစား အစ်ကိုကြီးကို ပိုပြီး လေးစားမိပါတယ်။ ညီမလေး ရဲ့ အစ်ကိုကြီး သက်တော်ရာကျော် ရှည်ပါစေလို့ အဝေးတစ်နေရာကနေဆုတောင်းလိုက်ပါတယ်။
    ညီမလေး ပျော်ရွှင်ပါစေ။

    ReplyDelete
  15. ကျန်းမာရွင်လန်းပါစေ.သစ်အစ်ကြိုီကီး.

    ReplyDelete
  16. ဖတ်ပြီး ကြည်နူးမိတယ် မောင်နှမတွေရဲ့ ချစ်ခြင်းမေတ္တာတွေကို
    ကျန်းမာပျော်ရွှင်ပါစေလို့  သစ်နဲ့ အတူ ဆုတောင်းပေးလိုက်ပါတယ်

    ReplyDelete
  17. သစ်သစ် လေး

    အကိုကြီး ကချစ်ဖို့ ကောင်းလိုက်တာ.. သစ်သစ် ကလည်း ဆိုးလိုက်တာ လွန်ရောနော်

    သစ် အကိုကြီး မွေးနေ့ နှစ်၁၂၀ တိုင်ပါစေလို့ ဆုတောင်း ပေးလိုက် ပါတယ်နော်.. သစ်သစ် အကိုကြီးအတွက် သစ်သစ်ရေးထားတာလေး တွေ ပရင့် ထုတ်ပေးလိုက်အုန်းလေ ၀မ်းသာသွားအောင်

    ချစ်တဲ့
    မမရွှေစင်

    ReplyDelete