Thursday, May 13, 2010

ခွန်အားမျှပါ

သစ်သစ်ကိုကြီးအကြောင်း ရေးပြီးတဲ့နောက်ပိုင်းမှာ သစ်သစ်မိသားစုအကြောင်းကို တော်တော်များများစဉ်းစားမိခဲ့ပါတယ် ။ တစ်ယောက်ကိုတစ်ယောက်ချစ်ခြင်းတွေကို ထုတ်ဖော်မပြတတ်တဲ့ သစ်တို့ညီအစ်ကိုမောင်နှမတွေရဲ့စရိုက်ကိုလည်း ပြန်လည်သုံးသပ်မိပါတယ် ။ အိမ်နဲ့ပက်သက်လို့တာဝန်မကျေတဲ့ သစ်သစ်ကိုလည်း အားလုံးကနားလည်ခွင့်လွှတ်စွာနဲ့ သစ်သစ်ဘာလုပ်လုပ် ဂုဏ်ယူနေတတ်တဲ့ သစ်သစ်မိဘ ၊ မောင်ဘွားတွေကိုလည်း ပြောမပြနိုင်လောက်အောင် အံ့သြမိပါတယ် ။ ဒီလိုနဲ့ ဒီမိသားစုကြီးဖြစ်လာအောင် စတင်ခဲ့တဲ့ သစ်အဖေ နှင့် သစ်အမေရဲ့ စွမ်းဆောင်ချက်အချို့ကို ချရေးဖို့သစ်သစ် စဉ်းစားမိခဲ့ပါတယ် ။ ဘယ်လိုအခြေအနေကပဲလာလာ သစ်တစ်ကိုယ်လုံးမှာ ဒီမိသားစုရဲ့သွေးတွေစီးဆင်းလည်ပတ်နေပါတယ် ။ ဒီလူတွေရဲ့ ခွန်အားနဲ့ ဒီနေ့ဒီအချိန်ထိ သစ်သစ်ရပ်တည်နေနိုင်ခဲ့တာပါ ။

ဖေဖေ နှင့် မေမေဟာ ဘိုးစဉ်ဘောင်ဆက်ချမ်းသာတဲ့ မိသားစုကဆင်းသက်လာတာ မဟုတ်တော့ ခုလိုမရှိမရှားဘ၀လေးတစ်ခုရဖို့ တော်တော်လေးကြိုးပမ်းအားထုတ်ခဲ့ရပါတယ် ။ သာမာန်အရာရှိပေါက်စလေးဖေဖေက ကျောင်းဆရာမလေးမေမေ့ကို ရင်ထဲကနှစ်နှစ်ကာကာ ချစ်မြတ်နိုးလို့ ဘာသာမတူတဲ့မိသားစုပြသနာတွေ ကြားကနေရအောင်ဆွဲထုတ်ယူနိုင်ခဲ့ပါတယ် ။ ဝေးလံခေါင်ဖျားတဲ့ ရွာလေးတစ်ခုကအစပြုလို့ ဘ၀တစ်ခုကိုစတင်ခဲ့ကြပါတယ် ။ မင်္ဂလာဧည့်ခံပွဲလုပ်ဖို့ပိုက်ဆံမရှိလို့ ဘ၀တူဖေဖေ့သူငယ်ချင်းစုံတွဲ ၂တွဲနဲ့ပေါင်းပြီး ၃စုံတွဲစုပေါင်းဧည့်ခံပွဲကို အခါတော်ပေးမပါ နှစ်ဖက်မိဘမပါပဲ ကျင်းပပြီးစခဲ့တယ်ဆိုပါတော့ ။ မနက်ပိုင်းမင်္ဂလာဆောင် ညနေရှေ့တန်းထွက်ရတဲ့ ဖေဖေ နှင့် တပ်တွင်းမှာနေသားမကျသေးတဲ့ မေမေတို့ဘ၀အစက ထင်သလောက်မလွယ်ခဲ့ပါဘူး ။

ဘာသာမတူတဲ့သူကိုယူသွားတဲ့ သမီးကိုနှမြောလွန်းလို့ တစ်ငိုတည်းငိုနေတဲ့ သစ်တို့အဘွားကိုလည်း အမိုး အမိုးဆိုပြီး သားမက်ကိုသားဖြစ်အောင်လည်း ဖေဖေလုပ်နိုင်ခဲ့ပါတယ် ။ ရှိရဲ့သားနဲ့မသုံးရက် မဖြုံးရက်စုဆောင်းလာခဲ့တဲ့ မေမေဟာ ခုချိန်မှာသစ်တို့က မေမေဘာလေးစားပါ ညာလေးစားပါဆိုရင်တောင် တို့ရုံထိရုံလောက်ပဲ စားတတ်တော့တာ ဘ၀ကပေးခဲ့တဲ့သင်ခန်းစာတွေပဲလား မေမေရယ် ။ ဖေဖေမရှိရင် ကြက်ဥပြုတ်ကို မနက် ၊ ည ခွဲစားတတ်ပြီး ဖေဖေရှိချိန်တွေဆို စုံလင်အောင်ချက်ပြုတ်တတ်တာ ဘယ်သူကသိနိုင်ခဲ့မှာလဲလေ ။ ဖေဖေ့ရိက္ခာနို့ဆီ ၊ သကြားတွေကို ၁၀ဗူးရရင် ၁ဗူးချန် ကျန်တာဈေးထဲသွင်းပြီး တစ်ကျပ်ကအစစုဆောင်းလာတဲ့ မေမေဟာ တပ်ကထွက်တော့ ဘယ်လိုမှအခြေမပျက်ခဲ့တာ အံ့သြစရာတော့မဟုတ်ခဲ့ပါဘူး ။

ဆေးပင်စင်နဲ့တပ်ကထွက်လို့ စိတ်ဓါတ်တွေကျနေတဲ့ ဖေဖေ့ကိုအားပေးရတာတစ်ဖက် အိမ်စီးပွားရေးကို သား၂ယောက်နဲ့အစပျိုးရတာ တဖက်နဲ့ မေမေ့အကြောင်းကို သစ်စဉ်းစားမိရင် ခုတွေးခုသနားပါတယ် ။ ဒီကြားထဲ သား ၊ သမီးတွေကို တစ်ယောက်ကိုသော်မှ ပညာရေးမှာမလစ်ဟင်းရအောင် မေမေကြိုးစားခဲ့တယ် ။ ကားလုပ်ငန်းစလုပ်တော့ သား၂ယောက်လက်ကိုဆွဲလို့ ထမင်းချိုင့်တွေနဲ့ နေရာစုံသွားလို့ အားမာန်အပြည့်နဲ့မေမေကြိုးစားခဲ့တယ် ။ ပင်စင်ယူပြီးအနားယူတဲ့ဖေဖေကလည်း ကားလုပ်ငန်းကိုနည်းနည်းသော်မျှ စိတ်မ၀င်စား အားပေးခြင်း တားဆီးခြင်းကင်းပြီး အိမ်ထောင်ဦးစီးဆိုတဲ့မာနတွေနဲ့ သူ့ဘာသာရပ်တည်ခဲ့တာ ခုချိန်ထိပါပဲလေ ။ သား သမီးတွေကိုသိပ်ချစ်တတ်တဲ့ ဖေဖေနဲ့ စီးပွားရေးကိုဇောက်ချလုပ်တဲ့ မေမေတို့ကြား ကွာဟမှုတွေဖြစ်ခဲ့ပေမယ့် ဘယ်သူဘာလုပ်လုပ် အားလုံးဟာဒီသား၊သမီး ၄ယောက်အတွက်ပဲဆိုတဲ့ စိတ်လေးတစ်ခုကြောင့် ခုလိုအချိန်ထိ တစ်စိတ်တစ်ဝမ်းတည်း နေနိုင်ခဲ့တယ်လေ ။ ကျေးဇူးအရမ်းပဲ တင်မိပါတယ် ။

အသက် ၆၈နှစ်ရှိပြီးဖြစ်တဲ့ သစ်မေမေဟာ ခုချိန်ထိစီးပွားရေးကို ဦးဆောင်နေတုံးပါပဲ ။ သူစိတ်မထင်ရင် သူ့သားတွေကို ဆူငေါက်ပြောနေနိုင်တုန်းပါပဲ ။ မနက်ကရန်ကုန်မှာ ညနေဘားအံရောက်နေပြီဆိုတဲ့ မေမေပါ ။ သူ့သားတော်မောင်တွေဖုန်းမဆက်ရင် ညဘက်စဉ်းစားထား မနက်မိုးလင်းတာနဲ့ အမကိုသွားနှိုး ငါ့ကိုအောင်မင်္ဂလာအဝေးပြေးပို့စမ်းဆိုပြီး မပြောမဆိုလည်း ခြင်းတောင်းတစ်လုံးနဲ့ သွားတတ်ပါသေးတယ် ။ ညနေ၃နာရီလောက်ဆို သူ့ချွေးမဆိုင်ရှေ့ရောက်ပြီး ချစ်ကြည်လို့အော်ခေါ်လိုက်တာနဲ့ ဟိုကလည်းအမေဆိုပြီး ပြေးလာလို့မကြိုလိုက်နဲ့ ခြင်းတစ်လုံးပဲပါတယ် ။ ခုနောက်ပိုင်းတော့ သစ်စိတ်မချလို့ဟန်းဖုန်းတစ်လုံးသယ်ခိုင်းထားတာ ဘာလုပ်တယ်ထင်ပါသလဲ ဖုန်းပိတ်ထားတယ်လေ အဲလို မေမေပါ ။ မေမေရယ် ဘာမှမလုပ်ပါနဲ့တော့ နားပါတော့ဆိုရင်လည်း သူနားရင်နေမကောင်းချင်ဖြစ်တယ်တဲ့ ဒါကြောင့်သူဒီလိုလုပ်မှပျော်တယ်တဲ့လေ ။


ခုတော့သစ်က ရာသီဥတုအကြောင်းပြုပြီး ရန်ကုန်မှာပဲနေခိုင်းထားတော့ ဖေဖေနဲ့အဖော်ရနေတာပေါ့ ။ ဒါတောင်သူ့ကားတွေဝင်ရင် ဘုရင့်နောင်ကားဝင်းသွား ၁၂ဘီးကားတာလဘတ်တွေ ဆွဲချနေတတ်တဲ့မေမေပါ ။ ပုပုသေးသေးလေးနဲ့ လုပ်ချင်တာကို အသက်ကိုမစဉ်းစားလုပ်တတ်လွန်းလို့ သစ်အမကနောက်ကတကောက်ကောက်လိုက်နေရတယ်လေ ။ သူနေမကောင်းလို့များသစ်ဖုန်းမဆက်လိုက်နဲ့ ပြန်လာပါဆိုတာကြီးပဲ နောက်မေးတယ်ဘာလုပ်နေတာလဲတဲ့ မပျင်းသေးဘူးလားတဲ့လေ ဒီလိုဆို ဖေဖေနဲ့ကွိုင်တွေတက်ကုန်ပြီလေ ။ သစ်အဖေက သစ်ကိုလောကကြီးမှာ ဘယ်သူ့ကိုမှအားမကိုးပဲ ရပ်တည်တတ်စေချင်တယ် ။ ရပ်တည်တတ်အောင်လည်း သစ်ငယ်စဉ်ကတည်းက ထရိန်နင်ပေးလာခဲ့တဲ့ဖေဖေပါ ။

ဘာပဲဖြစ်ဖြစ် ဒီအဖေ ဒီအမေ တွေရဲ့စရိုက်တွေ အမူအကျင့်တွေ သစ်သစ်ဆီမှာပြည့်နှက်နေတတ်ပါတယ် ။ လိုသလိုအသုံးချတတ်ရင် သိပ်ကိုကောင်းပေမယ့် သေချာမကိုင်တွယ်တတ်တဲ့ ကိုယ့်ဘာသာလဲအားမရပါဘူး ။ ၀မ်းနည်းလို့စိတ်ဓါတ်ကျချိန်ဆို ဖေဖေက နင်ဟာလေငါ့သွေးတစ်စက်မှ မပါသလိုပဲ အားအားရှိစိတ်ဓါတ်ကျနေတယ်ဆိုရင် မျက်ရည်တွေသူ့အလိုလို ရပ်တန့်သွားတတ်ပါတယ် ။ မိသားစုအပေါ်တာဝန်မကျေသူလို့လည်း ကိုယ့်ဘာသာသတ်မှတ်ထားပါတယ် ။ ရှေ့ဆက်ပြီးလည်း ဒီခွန်အားတွေနဲ့ ရပ်တည်ခွင့်ပေးပါ ။ ဘုရားထံပါးမှာလည်း အနားမှာမနေနိုင်တဲ့ သမီးမိုက်ကိုယ်စား မိဘနှစ်ပါးကိုစောင့်ရှောက်ပေးပါလို့ နေ့စဉ်နေ့တိုင်းအပ်နှံလျှက်ပါ ။ ပျော်ရွှင်ပါစေ ဖေ နဲ့ မေ ..... ။

6 comments:

  1. မိဘ မေတ္တာတွေက ဆပ်လို့ မကုန်နိုင်အောင် သိပ်ကြီးမားတာပဲ
    ဒီလို မိဘက မွေးလာတဲ့ သစ်မှာ ခွန်အားတွေ အပြည့်ရှိပါတယ်
    သစ်မသိတာနေမှာပါ
    ကြိုးစားပါသစ် အမြဲအားပေးနေပါတယ်

    ReplyDelete
  2. ပျော်ရွှင်ပါစေ သစ် ...
    ဒါနဲ့ နင့်မွေးတဲ့ အချိန်တော့ အန်တီ ကြက်ဥကို တစ်ခြမ်းမကျွှေးလောက်ပါဘူးဟယ် ..ဟိဟိ။

    ReplyDelete
  3. ခွန်အားမျှခြင်ပါသော်လည်း ကိုယ်တိုင်က ဂေါက်ဂတ်မို့ 

    ReplyDelete
  4. အတွေ့အကြုံတွေရယူနေတုံးပါမေမေလို့..

    ReplyDelete
  5. ခုလိုမျိုး မိဘကျေးဇူးကို သိတတ်ကတည်းက သမီးအလိမ္မာဆိုတာ သိပါတယ်... ဒီပိုစ့်ကို သစ်ဖေနဲ့ မေ ဖတ်ရရင် မျက်ရည်တောင် ၀ိုင်းမလားသိဘူးနော်... အနားမှာမနေနိုင်တိုင်း သမီးမိုက်ဟုတ်ပါဘူး... အခြေအနေက ဒီလိုပဲ ဖန်လာတာကို... အဝေးကနေ သိတတ်နေလဲ ကုသိုလ်ရပါတယ်...

    ခင်တဲ့
    ငါးသလဲထိုး... (မဗေဒါလို့ရေးရင် ၂ယောက်ရှိနေလို့ မှားမှာစိုးလို့)

    ReplyDelete
  6. သစ်
    အချစ်
    ကြိုးစားပါ။

    ချစ်တဲ့
    nn

    ReplyDelete