Monday, March 1, 2010

စက္ကန့်မလပ် သတိရသူ

ချစ်သူ .......................... ဖမ်းစားလွန်းတယ် ။ ၁၄ရက်လုံး သတိမရတဲ့နေ့ မရှိခဲ့ပါဘူး ။ ဆရာဝန်ကတစ်ခုခု ပြောလိုက်ရင်လည်း အရင်ဆုံးအသိပေးချင် နေမိတယ် ။ အသံလေးတစ်သံက ဒီလောက်ဖမ်းစားတယ်ဆိုရင် သူကိုယ်တိုင်ဆိုရင် တွေးတောင်မတွေးရဲပါဘူး ။ စိတ်ကူးယဉ်ဆန်လွန်းနေလား ဟင်..... စိတ်ကူးယဉ်ခွင့်လေးတော့ ပေးပါနော် ။ ခေါ်လို့မရတဲ့ဖုန်းနံပတ်လေးတွေကိုပဲ အကြိမ်ကြိမ်နှိပ်နေမိတယ် သိလား ။


စလုံးကနေ စတင်ထွက်ခွာတဲ့ အချိန်ကစလို့ လေဆိပ်ထဲကနေ ဖုန်းဆက်ချင်တယ် အဲဒီအခွင့်အရေးပေးမထားလို့ တိတ်တဆိတ်ပဲ ဒီအချိန်ဆိုပြန်လာလောက်ပြီလို့ မှန်းဆရင်းနှုတ်ဆက်မိတယ် ။ လေယာဉ်ပေါ်မှာနေတဲ့တစ်ချိန်လုံး ပြန်ရောက်လောက်ပြီ ရေချိုးနေလောက်ပြီ ထမင်းစားနေလောက်ပြီနဲ့ အတွေးထဲတစိမ့်စိမ့်ပါပဲ ။ အိမ်ရောက်တော့လည်း အင်တာနက်ဆိုင်ကို သွားပြီးချောမောစွာရောက်တယ်ဆိုတာ သတင်းပို့ချင်မိတယ် ။ ကိုယ်တိုင်ကမဖြစ်နိုင်တော့ မမတစ်ယောက်ကိုပဲ ရောက်ပြီဆိုတာပြောပေးပါလို့ ဆန္ဒကိုမြိုသိပ် လိုက်မိတယ် ။

ဘယ်ဆရာဝန်ကလေ ဘာတွေပြောလိုက်တာ သိလား အစ်ကိုရဲ့လို့ ပြောချင်တဲ့စိတ်ကို ချိုးနှိမ်ထားရတာလေ ရောဂါတွေအားလုံးခံစားရတာထက် ခက်ခဲပါတယ် ။ သွေးတွေဖောက်လို့ မျက်စိမှိတ်ထားချိန်မှာလဲ အနားမှာလာရပ်နေသလို ခံစားနေမိတယ် ။ နာကျင်တာတွေမေ့ကုန်တယ်လို့ ပြောရင် ယုံမှာလား အစ်ကို ...။ တစ်နေ့ပေါ့ ဘယ်လိုမှစိတ်မထိန်းနိုင်လို့ ရှိမယ့်အချိန်လေးမှန်းဆပြီး အင်တာနက်ဆိုင်လေးကို ပြေးတော့ နစ်ကလေးကလေ နီနေတာပဲ စပြီးမခေါ်ရဲခဲ့ပါဘူး အလုပ်များလို့ ကိုယ့်ကြောင့်စိတ်ရှုတ်သွားမှာ သိပ်ကိုကြောက်မိပါတယ် ။ နာရီဝက်လောက်နေတော့လည်း စမခေါ်ခဲ့ပါဘူး ငိုချင်နေတာ အရမ်းပဲ သူများဆိုင်ဆိုတဲ့ အတွေးနဲ့မြိုသိပ်ခဲ့ရတယ် ။ နောက်ဆုံးတော့မနေနိုင်လွန်းလို့ ဆရာဝန်ပြောတာလေးတွေ မျက်စိမှိတ်ပြီးချရေးပလိုက်တယ် ။ ပြီးတာနဲ့ချက်ချင်းပဲ နှုတ်ဆက်ပြီးကိုယ်အဲ့ဒီဆိုင်ထဲကနေ ပြေးထွက်ခဲ့မိတယ် ။

နောက်ဆို သူမရှိမယ့်အချိန်ပဲ သွားမယ်စဉ်းစားမိတယ် ရှိနေရင်ပိုပြီး ၀မ်းနည်းစရာကောင်းလို့ မရှိတော့မက်ဆေ့ခ်ျလေးတွေ ချရေးပြီးပြန်လာရတာက ခံစားရသက်သာစေပါတယ် ။ ဆေးခန်းကိစ္စတွေပြီးတော့ ရှမ်းပြည်ဘက်ကိုမထင်မှတ်ပဲ ခရီးထွက်ခဲ့ပါတယ် ။ လွမ်းမောဖွယ်ကောင်းတဲ့ တောင်တန်းတွေကြားမှာ ပုံရိပ်တွေအတွေးတွေ ၀င်ရောက်လာတိုင်း ဖယ်လိုက်ဖို့ကြိုးစားတာ မအောင်မြင်ခဲ့ပါဘူး ။ အင်းလေးကန်ကြီးထဲမှာ စက်လှေစီးနေတဲ့အချိန်မှာ အနားမှာအစ်ကိုသာဆိုရင် ဆိုတဲ့ တောင်းတမှုကိုမျက်ရည်တွေနဲ့ပဲ ဖြေသိမ့်ခဲ့ရတယ်လေ ။ စလုံးကိုပြန်လာတဲ့အချိန်ထိ စိုးမိုးလွန်းလို့ အစ်ကိုစိုးမိုးလို့တောင် ပြောင်းခေါ်ချင်ခဲ့မိတယ် ။

ညကရောက်တာနဲ့ အထုတ်တွေပစ်ချပြီး ကွန်ကိုဖွင့်လို့ အသည်းအသန်လိုက်ရှာခဲ့မိတယ် မရှိခဲ့ပါဘူး ။ ကိုယ့်ဘလော့ကိုမဖွင့်ဖြစ်ပဲ ဘာတွေရေးထားလဲ စိတ်ညစ်နေလား နေကောင်းရဲ့လား ဘယ်တွေသွားနေလဲ အပြေးအလွှားအရင်ဖတ်မိတယ် ။ စကိုက်ကိုလည်းဖွင့်လို့ ဖုန်းများခေါ်လို့ရမလားလို့ ကြည့်တော့လဲ မရနိုင်ပြန်ဘူးလေ ဒီတော့ရနိုင်မယ့်အချိန်ကို ကြည့်ရင်းအိပ်ပျော်သွားတယ် တရေးနိုးတော့ မစ်စ်ကောလ်ကိုသွားတွေတယ် နားကြပ်ကနားနဲ့လွတ်သွားတော့ ခေါ်တာကိုမသိလိုက်ဘူးလေ မနက်၃နာရီလောက်ကြီး ပြန်ခေါ်တော့လည်း မရခဲ့ဘူးလေ ။ ၆နာရီခွဲနိုးတာနဲ့ ပြေးလွှားပြီးကြည့်တော့ ခေါ်လို့ရတာနဲ့အရမ်းဝမ်းသာပြီး စကားမိနစ်၂၀လောက် ပြောခဲ့ဖြစ်တယ်လေ ။ ရုံးကိုပျော်ရွှင်စွာနဲ့ပဲ လာခဲ့တယ်လေ ဒီလောက်ဆိုရင်ကို ကျေနပ်နေတဲ့သူကို ဘာလို့မြင်တာနဲ့ ပုန်းလိုက်တာလဲလို့ မမေးချင်တော့ဘူး ။ အလိုက်တသိလေးပဲ ကိုယ်ဘလော့ပေးလိုက်တယ် ။ ဘလော့ပေးတာမကြိုက်ဘူးဆိုတဲ့သူကို ဘလော့ပေးလိုက်တာ မမှားဘူးလို့ထင်ပါတယ် ကိုယ်မရှိရင်ပျော်နေမယ်လို့လဲ ထင်မိလို့ပါ ။

တင်းကြပ်လာလို့ ချက်ချင်းချရေးလိုက်တာပါ ။ လာဖတ်ပါလို့မတောင်းဆိုပါဘူး ရောက်ခဲ့ရင်လည်း ဒီပို့စ်လေးကိုကျော်ဖတ်သွားပေးပါ ချစ်ရသူရယ် ............. ။

7 comments:

  1. ( အင်းလေးကန်ကြီးထဲမှာ စက်လှေစီးနေတဲ့အချိန်မှာ အနားမှာအစ်ကိုသာဆိုရင် ဆိုတဲ့ တောင်းတမှုကိုမျက်ရည်တွေနဲ့ပဲ ဖြေသိမ့်ခဲ့ရတယ်လေ ) ဟင် ...ပြောတော့
    နာတို့ ကိုသတိရလို့ အဲအချိန်မှာ မျက်ရည်ဝဲဆို .. အခုတော့ သူ့ ချစ်ချစ်ကြီး သတိရတာကိုး...သေလေသစ် ..နင်တော့လား
    နောက်တစ်ခါ တွေ့ လိုကတော့ဟယ်... ငါ့မှာတော့ သနားလိုက်ရတာ သူငယ်ချင်းတွေချစ်ရှာတယ်ဆိုပြီး....

    ReplyDelete
  2. ဗစ် နင်မလို့ ယုံတယ် ဒင်းကို
    ငါဖြင့် တစက်ကလေး တစိကလေးမှကို မယုံတာ

    ReplyDelete
  3. နာကတော့ တစိရဲ့တဝက်တောင်မယုံဘူး..
    ဟိ ဘာတစိလဲတော့မသိဘူး သူများမယုံဘူးဆိုလို့ လိုက်မယုံတာ
    ပို့စ်ပြန်ဖတ်လိုက်ဦးမယ်..

    သြော် ဒါရိုက်တာစိုးမိုးအကြောင်းရေးထားတာကိုး..
    အဲဒါကြောင့်ပြောတာ နာတို့များ ပြန်တာ ပျော်လိုက်တာအရမ်းပဲ..
    ဘယ်နေရာသွားသွား အပျော်တွေချည့်..
    လူတောင်အရည်မပျော်ပဲ ပြန်ရောက်လာတာကံကောင်း..

    ReplyDelete
  4. ချစ်သူ .......................... ဖမ်းစားလွန်းတယ် ။ >>> Subject ဖေါ်ပြပါ။

    စိတ်ကူးယဉ်ဆန်လွန်းနေလား ဟင်..... >>> ......

    စိတ်ကူးယဉ်ခွင့်လေးတော့ ပေးပါနော် ။>>> သနားစရာလေးး

    ReplyDelete
  5. ဒါဆို ထောတို့ကိုတော့ နဲနဲလေးတောင်သတိမရဘူးပေါ့နော် ဟုတ်လား ဟင်

    ReplyDelete
  6. အေးလေ မေလေးတို့ကိုမေ့နေတာ စိတ်ကောင်းဝူးး အဟင့်

    ReplyDelete
  7. နာပါ ငိုချင်လာပြီ ချစ်သစ်
    နှလုံးရောဂါရှိပါတယ်ဆိုမှ.. လူကို အဲ့လို ဝမ်းနည်းအောင် လုပ်စရာလား

    ReplyDelete