မနှစ်က ဒီလိုချိန်လေးမှာ သစ် မြန်မာပြည်ပြန်တော့မှာပေါ့နော် ...။ ဒီနှစ်တော့ မပြန်နိုင်တော့ မနှစ်ကသွားခဲ့တဲ့ ခရီးလေးကိုပဲ စမြုံ့ပြန်ရင်းလွမ်းမောတသလိုက်ပါဦးမယ်လေ ။ ဘယ်တော့မှမရိုးနိုင်တဲ့ ကရင်ပြည်နယ်ကိုပဲ အရောက်သွားခဲ့မိတာပေါ့လေ ။ မေမေရဲ့မွေးရပ် ဇာတိဖြစ်တဲ့ ကရင်ပြည်နယ်ဟာ သစ်သစ်တို့မောင်နှစ်မတွေနဲ့ ဘယ်တော့မှမစိမ်းခဲ့ပါဘူး ။ ဒီလိုပြောရခြင်းကလည်း ဖေဖေ့ဇာတိဖြစ်တဲ့ ရခိုင်ဒေသကို ၁ခေါက်ပဲရောက်ဖူးခဲ့လို့ပါပဲ...။
သစ်သစ်အစ်ကိုများဟာ ဘားအံမှာတစ်ယောက် အိမ်ထောင်ကျ မြ၀တီမှာတစ်ယောက် အိမ်ထောင်ကျဆိုတော့ သစ်သစ်တို့ကရင်ပြည်နဲ့ ကင်းကွာလို့မရတော့ပါဘူး ။ သံယောဇဉ်အမျှင်လေးများဖြစ်တဲ့ ကလေးတွေက အဲဒီအရပ်ဒေသတွေမှာ နေတော့ သွားရပြီပေါ့လေ ။ ရန်ကုန် ဘားအံလမ်းကတော့ အိမ်ဦးနဲ့ကြမ်းပြင်လိုပါပဲ သွားနေကျဆိုတော့ ကိုယ့်အတွက်ကအဆန်းမဟုတ်တော့ဘူးလေ အိပ်တာပဲကောင်းတယ်ဆိုပြီး အသားကုန်ကိုအိပ်နေတော့တာပါပဲလေ ။ ပဲခူးလောက်အထိကတော့ ကင်မရာအစုတ်လေး တ၀င့်ဝင့်နဲ့ပေါ့လေ နောက်ပိုင်းကျတော့ ဖုန်ထူလွန်းလို့ ကားမှန်တင်ပြီးအိပ်လိုက်တာဆိုတာ အစ်ကိုကြီးကကားမောင်းရင်းကိုယ့်ကိုယ်နှိုးမှ နိုးတော့တယ်လေ ။
ထမင်းစားတဲ့နေရာရောက်တော့ ကိုယ်အိပ်လို့သူတို့က ဆက်မောင်းတယ် ကိုယ်နိုးလာတော့ဗိုက်ဆာတယ် အသားကုန်အော်နေလို့ အစ်ကိုကြီးက သူတို့စားနေကျ ကားကြီးသမားတွေစားတဲ့ဆိုင်မှာ ရပ်ပေးရတယ်လေ ။ ကားပေါ်တက်ပြီးပြန်အိပ်လိုက်တာ သံလွင်တံတားရောက်မှ ပြန်နိုးတော့တယ် ။ မထလို့လည်းမရတော့ဘူး အမေဆူတော့မယ်လေ...ဟိဟိ ။
ဘားအံရောက်ပြီး နောက်တစ်နေ့ကျတော့ မြ၀တီကအစ်ကိုက သူ့သားလေးနဲ့ရောက်လာခဲ့တယ် ပြီးတော့ သစ်သစ်ကိုမြ၀တီကိုလိုက်ခဲ့ဖို့ ခေါ်ပါတော့တယ် ။ ဘယ်နေ့ရန်ကုန်အရောက်လို့စဉ်းစားထားတဲ့ သစ်သစ်ကတကယ်ဆိုရင် မလိုက်ချင်တော့ပါဘူး ။ ယာဉ်တန်းအတက်အဆင်းတွေနဲ့ဆို ၂ရက်လောက်ကတော့ အသာလေးပဲလေ ။ ဒါပေမယ့်အမေက နင့်အစ်ကိုစိတ်မကောင်းဖြစ်မယ်လိုက်သွားဆိုတော့ ဒေါနတောင်တန်းရဲ့ ရင်ခွင်ကိုခဏခိုဝင် ခဲ့ရတာပေါ့နော် ။
ဘားအံကနေ နေ့လည်၁၁နာရီလောက်ထွက်လိုက်တာ အစ်ကိုငယ်ကဘယ်မှာမှမနားပဲ ကော့ကရိတ်အရောက်ကို မောင်းခဲ့တော့တာပဲလေ ။ ယာဉ်တန်းအတက်ကိုသူမှီချင်တယ်လေ ကော့ကရိတ်ရောက်တော့ ဆိုင်တစ်ဆိုင်မှာထမင်းစား ပြီးတော့စားချင်တဲ့ဟာတွေဝယ် အအေး ၊ နေကြာစေ့ ၊ မုန့်တွေ ၀ယ်တဲ့ ယာဉ်တန်းပိတ်ရင် ကြာတတ်တယ်တဲ့ လိုတာဝယ်ထားဆိုတော့ သစ်သစ်တစ်ယောက်စိုးရိမ်ကြီးပြီး ၀ယ်တော့တာပဲလေ ။ အစ်ကို့သားလေးပါတော့ ကလေးအတွက်အဓိက ရေသန့်ဗူးတွေပေါ့နော် ။ နောက် ကျွပ်ကျွပ်အိတ်တွေရောပဲပေါ့ ။ တစ်ခါတစ်လေ လမ်းပိတ်ရင် ၂ရက်လောက်ကြာတတ်တယ်လေ ။ ဒီလိုနဲ့ဖုန်တသောသောလမ်းကို အစ်ကိုတစ်ယောက် ကျွမ်းကျင်စွာမောင်းလို့ တောင်တက်လမ်းတွေစတင်ခဲ့တယ်လေ ။
သစ်သစ် အစ်ကိုငယ်ကကားမောင်းရင် ကွမ်းလေးငုံပြီး ဘယ်သူနဲ့မှစကားမပြောတော့ပါဘူး ။ ကားကိုလည်း မြှားတစ်စင်းလိုပဲ မောင်းတာတအားမြန်ပါတယ် ။ အဖေနဲ့ဆို ကားမောင်းမြန်တာအမြဲရန်ဖြစ်နေကြလေ ။ ခုတော့သူ့သားလေးပါတော့ သစ်က ကိုငယ်ရယ် ဖြည်းဖြည်းကလေးကားမူးမယ်ဆိုပြီး ထိန်းရတယ် ။ တကယ်တော့ဟိုးအရင်တုန်းကဆို သစ်ကိုယ်တိုင်လည်း ဒီအစ်ကိုတွေမောင်းတာ သဘောကျတဲ့သူလေ ခုတော့မစီးတာကြာတော့ သစ်ကိုယ်တိုင်ကြောက်မိတာအမှန်ပဲလေ ။ ဒီလိုနဲ့တောင်တွေရဲ့အကွေ့လမ်းတွေကို ကျင်လည်စွာမောင်းရင်း တောင်ကမ်းပါးယံတွေကို တပ်မတော်သားတွေက လမ်းချဲ့ဖို့ဖြိုချနေလို့ ၃နာရီလောက်လမ်းပိတ်သွားခဲ့ပါတယ် ။ သစ်လည်းအညောင်းပြေအညာပြေ တူလေးကိုလက်ဆွဲပြီး အောက်ဆင်းမယ်လုပ်တော့ ကိုငယ်ကဆင်းခွင့်မပေးပါဘူး ။
မတ်စောက်တဲ့တောင်တက်လမ်းတစ်လျှောက်မှာ ကုန်ကားတွေ ဟိုင်းလတ်တွေ ဆိုင်ကယ်တွေ စလွန်းကားတွေဟာ ပြည့်နှက်လို့နေပါတယ် ။ ဆိုင်ကယ်အိတ်ဇောသံတွေမပြဲပြဲနဲ့ လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်ထားတဲ့ အုပ်စုတွေ ကြိုးမဲ့စကားပြောစက်တွေနဲ့ တပ်မတော်သားတွေ မှောင်ခိုကုန်ကူးနေတဲ့သူတွေ အိုး...လူတွေဆိုတာ စုံနေတာပါပဲ ။ အလွှာစုံကဘ၀အမောတွေကို သူတို့တွေရဲ့မျက်နှာမှာ အထင်းသားမြင်နေရတယ်လေ ။ ကိုယ်ထင်ရာကိုယ်မှန်တယ်ဆိုတဲ့ လက်နက်ကိုင်တွေကလည်း သေနတ်ကြီးတွေတကားကားနဲ့ပေါ့ ။ သစ်သစ်လည်း အစ်ကိုမကြိုက်တာနဲ့ အောက်မဆင်းတော့ပဲ မျက်စိမလွှဲနိုင်လောက်အောင်လှပတဲ့ ဒေါနတောင်တန်းကြီးကိုလာ လွမ်းဆွတ်စွာကြည့်နေမိတော့တယ် ။
အစောင်းလမ်းတွေပေါ်မှာ ကုန်တင်ကားကြီးတွေကုန်အပြည့်နဲ့ ငယ်သံပါအောင် အော်ပြီးတက်နေတာကို ကြည့်ရင်း ရင်ထဲမှာသူတို့သာ စကားပြောတတ်ခဲ့ရင် ပြောစရာတွေအများကြီးဖြစ်နေမှာပဲလို့လဲ တွေးနေမိခဲ့တယ် ။ အစ်ကိုငယ်ကိုလည်း ကားကိုကိုယ်တိုင်မမောင်းဖို့ လိုက်ရင်လည်းကားပေါ်ကမလိုက်ပဲ ဆိုင်ကယ်နဲ့သာလိုက်ဖို့ ကုန်ကိုလည်းတတ်နိုင်သလောက်ပေါ့တာတင်ဖို့ လောဘမတတ်ဖို့ တတွတ်တွတ်မှာနေမိတော့တယ် ။ အစ်ကိုငယ်က သစ်သစ်ကိုဘာမှပြန်မပြောပဲ အစ်ကို့မျက်နှာမှာ ရှားပါးလှတဲ့အပြုံးတစ်ပွင့်ကိုပဲ တွေ့ခဲ့ရတယ်လေ ။ ဒီလိုနဲ့အာရှလမ်းမကြီးဆိုတဲ့ ခြောက်လမ်းသွားလမ်းမကြီးပေါ်ရောက်တော့ မြ၀တီနယ်စပ်မြို့လေးကို ချဉ်းကပ်မိရဲ့သားဖြစ်နေခဲ့ပြီလေ ။
မြို့အ၀င်က နယ်စပ်ကုန်သွယ်ရေးစခန်းကိုလည်း ထည်ထည်ဝါ၀ါကြီးတွေ့ခဲ့ရတယ် ။ အစ်ကိုကအိမ်ကိုတန်းမောင်းတော့ အစ်ကို့ကိုကားထားတဲ့နေရာ ခဏလောက်လိုက်ပို့ဖို့ ပြောလိုက်မိတယ် ။ အစ်ကိုနားတော့လေဆိုတော့ စိတ်ကအ၇မ်းအဲဒီကိုသွားချင်နေတယ်လေ ။ ကုန်တင်နေတဲ့ကားဝင်းကိုရောက်တော့ သစ်သစ်လက်စုံမိုးပြီးပြီး ကားတွေကိုစိတ်ထဲကနေ ရည်မှန်းကန်တော့ခဲ့မိတယ် ။ အစ်ကိုငယ်ကလည်း ညီမလေးဘ၀တလျှောက်လုံး လူတစ်လုံးသူတစ်လုံးဖြစ်အောင် လုပ်ပေးခဲ့တဲ့ ကျေးဇူးရှင်တွေဆိုတဲ့ စကားလေးက သစ်သစ်ကိုတကယ်ထိပါတယ် ။ ကားမောင်းတဲ့ဦးလေးကြီးတွေ စပယ်ယာတွေကလည်း ဟဲ့...ပြန်လာတာလားဟေ့ ဆိုပြီး ဆင်းပြီးနှုတ်ဆက်ကြတော့ သစ်သစ်ရင်ထဲကိုယ့်သွေးသားတွေတွေ့သလိုပဲ ပျော်သွားမိတယ် ။ သစ်သစ်ကမုန့်ဖိုးတွေပေးတော့ ဘယ်လောက်မှမများတဲ့ပမာဏကို မက်မက်မောမော တန်ဖိုးထားပြီးယူကြတယ်လေ ။ သစ်သစ်က ကားတွေကိုလမ်းမှာဂရုစိုက်ဖို့ ကျန်းမာရေးတွေဂရုစိုက်ဖို့ ပြောပြီးအစ်ကို့အိမ်ကိုပြန်လာခဲ့တော့တယ် ။
နောက်နေ့မနက် ယောင်းမကဆိုင်ကယ်တပြင်ပြင်နဲ့ အပြင်ကိုလိုက်ပို့ပါတယ် ။ သစ်သစ်ကတော့လိုက်ချင်စိတ်ကိုမရှိပဲ ယာဉ်တန်းအဆင်းဆိုတော့ ကားတွေဆီကိုပဲသွားရင်း လိုအပ်တာတွေ ကူညီနေမိတယ် ။ ယောင်းမလည်းနောက်ဆုံးတော့ လက်ဆောင်တွေသူ့ဘာသာဝယ်ပြီး သစ်အတွက်စီစဉ်နေတော့တယ်လေ ။ နောက်နေ့ယာဉ်တန်းနဲ့ပြန်ဖို့လုပ်ထားတဲ့ အစ်ကိုငယ်ကိုလည်း ဒီယာဉ်တန်းနဲ့ပဲ ကားတွေကြည့်ရင်းပြန်မယ်ဆိုတော့ သစ်သစ်ဆန္ဒအတိုင်း မငြီးငြူပဲပြန်လိုက်ပို့ခဲ့ပါတယ် ။
ဘားအံအိမ်ကိုရောက်တော့ အမေ့ကိုပြောပြရင်း တညတာခိုလှုံခဲ့တဲ့ မြ၀တီမြို့ရယ် တခဏတာရောက်ရှိခဲ့တဲ့ ဒေါနတောင်တန်းရယ်ကို သတိတွေရနေမိတဲ့အပြင် ကျရာနေရာမှာပျော်ပြီး နိုင်ငံခြားဆိုတာ နတ်ပြည်လိုထင်နေတဲ့ ရိုးသားတဲ့အပြုံးပိုင်ရှင် ကားမောင်းတဲ့ကရင်ဘကြီးတွေရဲ့မျက်နှာကိုလည်း တွေးတောအောက်မေ့နေမိပါတော့တယ် ။ ရန်ကုန်အပြန်လမ်းမှာ အသံတိတ်ဆိတ်နေတဲ့ ညီမငယ်ကို အစ်ကိုကြီးကတောင် မေးယူရလောက်အောင်ကို သစ်သစ်တစ်ယောက် အတွေးတွေပွားနေမိပါတော့တယ် ။ ခရီးစဉ်လေးက ဘာမှမဟုတ်ခဲ့ပေမယ့် အရင်ကမတွေးဖူးခဲ့တဲ့ အတွေးသစ်တော်တော်များများကို သစ်သစ်တွေးခဲ့မိတဲ့အပြင် အရင်ကလိုအမြင်မတူတော့တဲ့ ကိုယ့်ရဲ့စိတ်ကိုလည်း သိသိသာသာကြီး သတိထားမိခဲ့ပါတော့တယ်..။

အတွေးသစ်တွေရခဲ့တယ်ပေါ့ ဒီတစ်ခေါက်ပြန်ရင်ကောင်းကောင်းလေးတွေဝယ်သွားပေးပါဟယ် ဟိုနေ့ ကပြောသလိုတော့မလုပ်နဲ့ နော်သစ်မ
ReplyDeleteအဲ့လောက်ဝေးတဲ့ခရီးမျိုး တခါမှ မသွားဖူးဘူး
ReplyDeleteမော်လမြိုင်ထိပဲ သွားဖူးတယ်
ဒီခေါက်က ၀ယ်စရာမလိုလောက်ဘူး အဲ့မသွားဖူးတဲ့
ပင်းတယသွားပြီး 2012 ကြည့်ပြီင်္း ဆူနာမီအကြောင်း သင်ခန်းစာပေးမလို့ တဲ့
ဒီတခါသွား အတွေးသစ်တင်ဘယ်ကမလဲ အမြင်သစ်ပါ ရမှာ
လိုက်လွမ်းသွားတယ်
ReplyDeleteတို့က အဲ့လို အတွေ့အကြုံမျိုးမရှိဘူး၊ ရောက်ဖူးချင်တယ်၊
ဟုတ်ပါ့ ဒေါ်သစ်ရယ်
ReplyDeleteရှင့်စာဖတ်တော့ ကျုပ် ငယ်ငယ်ကလေးဘဝက
တောင်ကြီး ကျိုင်းတုံ ကို ဦးလေးတွေရဲ့ ကုန်ကားနဲ့ နှစ်ပတ် ခရီးသွားခဲ့ရတာ မှတ်မိနေတယ်
ခုတောင် လမ်းပန်းဆက်သွယ်ရေးက သိပ်မကောင်သေးတော့ တောင်ကြီး ကျိုင်းတုံ ကို ဗမ်နဲ့ ၂ ည ၃ရက် သွားနေရသေးတယ်
တောင်ပေါ်သားတွေဘဝနော်
အင်း အဲ့ဒီခရီးလေးကလဲ ခုထိကိုမမေ့သေးတာပါ
လမ်းမှာ ခဲတွေနဲ့ ဖို့ဖို့ ပြီး ကားဘီးတွေတလှိမ့်ချင်းသွားရတာတွေ
စစ်သားတွေချက်တဲ့ ကောက်ကောက်ပုံ အိုးတွေနဲ့ ထမင်းတွေချက် ပြီး ဆီသွပ်ဘူးတွေနဲ့ နှစ်ပါးသွားခဲ့ရတာတွေ ခုပြန်တွေးခု ပြန်လွမ်းတယ်
ကလေးဘဝ တုံးကတော့ ဘာသိမှာလဲ
ပျော်တာပပြေါ့နော့
ခုတော့ သွားအုံးမလား ဆိုရင်
လေယာဉ်လက်မှတ်ရနိုင်မလားဟင်လို့မေးမိမှာပဲ
စကားမစပ် မြဝတီ ဒီဘက် ယိုးဒယား အခြမ်းက မဲစောက်လေ ခဏခဏ ရောက်တယ်
ပျော်လို့ သူငယ်ချင်းတွေလဲရှိတယ်
ဘုရားစူး နိုင်ငံခြားပါအေ
ငပိ ကအစ မုန့်ယင်းခါး အဆုံး အကုန်ရှိ
သောကြာည ကို ကားစီးသွားလိုက်ရင် မနက်ကျ မဲစောက်မှာ နိုးတာပဲ
၇ နာရီ စီးရတယ် ဘန်ကောက်က
လွယ်မှလွယ်
ကားတွေကလဲ ကောင်းမှကောင်း ကိုယ်က VIP အမြဲစီးတယ်
ကိုယ်လုံးက ကြီးလို့ အဟိ
လာလည်ရင် လိုက်ပို့မယ်
ပြီးရင် ဟိုဘက် ကိုကူးပြီး အကိုငယ်ကိုတွေ့ပေါ့
ဗစ်ပေါတာမှန်ဒယ်
ReplyDeleteဟိုနေ့ကပြောသလိုမလုပ်နဲ့
ကောင်းကောင်းလေးဝယ်သွားးးး
ပြန်လာရင်လဲ ငတို့အတွက်ကောင်းကောင်းလေးဝယ်ခဲ့
ဟိ
ကိုယ်လည်း ရောက်ဖူးသွားတယ်။
ReplyDeleteခု။