Monday, November 9, 2009

လွမ်းတယ်မေမေ

သစ်ရင်ထဲမှာ မိဘဆိုတာ အမြဲတမ်းရှိနေပေမယ့် ဒီပိတ်ရက်မှာ သစ် မေမေ့ကိုတော်တော် သတိရနေတယ် ။ မေမေကို ဖုန်းပြောချင်ပေမယ့်လေ ပြီးခဲ့တဲ့အပတ်ကလည်း ၃ရက်လောက်ဆက်ထားတော့ မေမေဆူမှာစိုးလို့ ထပ်မဆက်ဖြစ်ဘူး ။ စိတ်တွေဟာ ကျဆင်းပြီးညဆိုရင်လည်း တယောက်တည်းအထီးကျန်စွာ နေရခြင်းကို စိတ်တိုနေမိတတ်တယ် ။

အွန်လိုင်းဆိုတာလည်း မ၀င်ချင်ပဲ သူငယ်ချင်းတွေနဲ့ အပြင်တွေသွားပြီး အချိန်တွေကုန်အောင်လုပ်နေမိတယ် ။ သူငယ်ချင်းတွေနဲ့ ဟိုးအရင်ကအကြောင်းတွေပြောရင်း ရီမောနေပေမယ့်လည်း ကိုယ့်အခန်းပြန်ရောက်ရင် အိပ်ယာပေါ်တက်ခွေပြီး ဘာမှမလုပ်ချင်လောက်အောင် စိတ်ဓါတ်တွေကျနေမိတယ် ။ အဖြစ်ချင်ဆုံးဆန္ဒက မေမေ့အနားမှာ ဒီကအလုပ်တွေအကြောင်း လူတွေအကြောင်း အွန်လိုင်းအကြောင်း ပညာရေးအကြောင်းတွေ ထိုင်ပြောချင်နေမိတယ် ။

သမီးဒီမှာ မနေချင်တော့ဘူး မေမေလို့ မေမေ့မျက်နှာကြည့်ပြီး ပြောချင်နေတယ် ။ မေမေ့လက်မောင်းကို ကိုင်ပြီး သမီးသိထားတဲ့ လောကရဲ့အကြောင်းတွေ ပြောပြချင်တယ် ။ မေမေ့ရီသံကို ကြားချင်နေတယ် နေကောင်းအောင်နေနော်ဆိုတဲ့ မေမေရဲ့စိုးရိမ်တတ်တဲ့ မျက်ဝန်းလေးကို မလွတ်တမ်းလေး ကြည့်ချင်နေမိတယ် ။ မေမေချက်တဲ့ အရင်ကမေမေ့ဟင်းက ဒါပဲလားဆိုတဲ့ ချဉ်ပေါင်ရွက် နဲ့ ငါးဟင်းလေးကိုလည်း တရှိုက်မက်မက် စားချင်နေတယ် ။ နင်မငယ်တော့ဘူးနော် စိတ်ဓါတ်ကိုရင့်ကျက်တော့ဆိုတဲ့ စကားတွေကို နားထောင်ချင်တယ် ။

မေမေမသိအောင် လမ်းထိပ်က ကြက်သားသုတ်ကိုလည်း ခိုးစားချင်သေးတယ် ။ တော်တော်ချက်တတ်နေပြီဖြစ်တဲ့ သမီးလက်ရာတွေကိုလည်း ချက်ကျွေးချင်နေမိတယ် ။ မေမေမလိုက်ရင် ဆေးခန်းမသွားတဲ့သမီးလေ ခုဆိုဆေးခန်းမှာလဲ တစ်ယောက်တည်းပဲ သိလားမေမေ ။ နေမကောင်းလို့ ဆန်ပြုတ်စားချင်ရင်လည်း ကိုယ့်ဘာသာပဲလုပ်စားနေရတယ် ။ သက်သာရဲ့လားလို့ မေးမယ့်သူတောင် မရှိတဲ့ဘ၀မှာ ငါဟာဆွေမရှိမျိုးမရှိ တစ်ကောင်ကြွက်လိုဖြစ်နေပါလားလို့ ခံစားချက်ကိုရှောင်လွှဲလို့မရဘူး ဖြစ်နေတယ် ။

သမီးဘာကြောင့် မေမေနဲ့အဝေးမှာနေရတာလဲ ...။ မောင်နှစ်မတွေမှာ သမီးကျမှဘာလို့ဖြစ်ရတာလဲ....။ မေမေ့အနားမှာနေခွင့်မရှိအောင် ဟိုဘ၀ကသမီးဘာတွေလုပ်ခဲ့မိလို့လဲ.....။ ၀ဋ်ကြွေးရှိရင်လည်း ကျေပါစေတော့မေမေရယ် ။ အဝေးမှာနေလို့ သမီးမေမေ့အပေါ် တာဝန်မကျေတာများ ရှိခဲ့ရင် ခွင့်လွှတ်ပေးစေချင်ပါတယ် ။ နောက်ဘ၀မှာ ဒီလိုမိသားစုနဲ့ခွဲနေရခြင်းဆိုတဲ့ ဒုက္ခဆင်းရဲကနေ ကင်းလွတ်ရပါစေကြောင်း ဘုရားထံပါးမှာ နေ့စဉ်ဆုတောင်း မိပါတယ် မေမေရယ် ။ သူများတွေမသိအောင် မေမေ့ကို တိုးတိုးလေးပြောပြမယ်နော် ..... ဒီပို့စ်ကို ဒီမနက်ရုံးရောက်ရောက်ခြင်း အစအဆုံးမျက်ရည်တွေနဲ့ ရေးနေတာကို ဖေဖေမသိပါစေနဲ့နော် မေမေ ......... ။ မေမေ့ကို အရမ်းလွမ်းနေတယ် ။

7 comments:

  1. မေမေဆီပြန်လည်ရတော့မယ် အဲဌယ် ...
    မေမေကိုပြန်လာနေဖို့ တော့မြူဆွဲရအုံးမယ် ..
    ဒီမှာတော်တော်ပြင်းစရာကောင်းတာမို့လို့ ၁လ ၁ခါလည်းတရားစခန်းမသွားနိုင်ဘူး တရားပွဲလည်းမရှိဘူး
    တိုက်ခန်းလေးမှာနေရမယ် ..ပန်းပင်လေးတွေလည်းမရှိဘူး
    မေမေ့ကိုသနားတယ် အတင်းမခေါ်ရက်ဘူး

    ReplyDelete
  2. လွမ်းအောင်ဖန်တယ်
    သစ် ဘာဖြစ် နေကောင်းရဲ့ လား (စိတ်ရော)
    မိဘဆီဖုန်းဆက်တာတော့ ကုန်ပစေ ဆူပစေ ဆက်သာဆက် အားပေးမယ်
    စိတ်ညစ်နေချိန် မေနဲ့ ဖေ အသံကြားရင် အားရှိတယ် အားတက်တယ်
    တို့ လည်း လွမ်းသွားတယ်

    ReplyDelete
  3. ဖုန်းဆက်ပြီးစကားပြောလိုက်ရင် အလွမ်းနည်းနည်းပြေမယ် ထင်တယ်။ တခါတလေလည်း ပိုလွမ်းလာတတ်တယ် ...

    ReplyDelete
  4. ကိုယ်လဲ ခုရက်ပိုင်း ရုံးရောက်မှ ပို့စ် တင်နေတတ်တယ်။
    တကယ်တော့ မအားတဲ့ ကြားက။
    တကြောင်းချင်းရေးပြီး တင်နေမိတာ။

    ReplyDelete
  5. ငိုချင်ထှာ..
    ဖုန်းဆက်ချင် ဆက်ပေါ့.. မဆူလောက်ပါဘူး.. အမေတွေက သမီးတွေ စိတ်ကို သိတတ်တယ်တဲ့..

    ReplyDelete
  6. ဒေါ်သစ်
    ထရာမာ တခုခုများရနေလား
    အဲ့တာမဟုတ်ရင်တော့ ကာချာရယ်ရှောခ့်ပဲ
    ဘိုင်ပိုလာမဟုတ်တာတော့သေချာတယ်
    ပျော်ပျော်နေပါ သူငယ်ချင်း
    တို့တွေ တိုင်းတပါးမှာ တခါတလေ ဒီလိုပဲ
    အပ်အန်ဒေါင်းတွေ ဖြစ်တတ်တယ်
    တခါတခါတော့လဲ ဂျိုကာနဲ့ဒေါင်းတာပေါ့
    တခါတလေ တော့လဲ ကတုံးဒေါင်းလေးပဲ ၃ ဆယူလိုက်တယ်
    ဝင်းပလေးကလဲတိုက်သေးတယ် လေ
    အဲလေ ဘာတွေပြောနေမိပါလိမ့်
    အိုကေ သွားပါလိမ်မယ် မိသစ်
    စားချင်တာလေးတွေချက်စားလိုက်
    ခွင့်ယူပလိုက်

    ReplyDelete
  7. ဒီပို့စ်ကတော့ ရုံးမှာထဲကခိုးဖတ်ပြီးသားး
    မလစ်လို့ မမန့်ခဲ့ရတာ
    ထပ်ဖတ်တော့ထပ်လွမ်းမိဒယ်

    ReplyDelete