Monday, April 11, 2011

ချစ်တတ်လာပြီ



ချစ်တတ်လာပြီတဲ့.....

ဆက်ဖတ်ချင်သေးရင်...

Friday, April 8, 2011

လွမ်းမိတဲ့သင်္ကြန်

ဘာလိုလိုနဲ့ နောက်အပတ်ဆို မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကြီး ရောက်ပါတော့မယ် ။ သင်္ကြန်ရေနဲ့မထိတွေ့ခဲ့ရတာ ၄နှစ်ကျော်ခဲ့ပါပြီ ။ အသက်ကြီးလာတော့သင်္ကြန်ဆိုတာ ငယ်စဉ်ကလို ခံစားမှုမျိုးထက် ဆွတ်ပျံ့လွမ်းမောဖွယ်ကောင်းတဲ့ အလွမ်းဓါတ်ခံ ခံစားမှုတွေကနေရာပိုယူလာပါတယ် ။ သင်္ကြန်ကိုပြန်ချင်လားလို့မေးရင် သိပ်ကိုပြန်ချင်တာပေါ့ ဒါပေမယ့် ခြေနေချိန်ခါ အကြောင်းတွေကြောင့် မပြန်ဖြစ်ခဲ့တာ ကြာခဲ့ပါပြီ ။ သစ်တို့အိမ်မှာက သင်္ကြန်ဆိုလုပ်ငန်းတွေနားလို့ သားသမီးမြေးတွေ ရန်ကုန်ကအိမ်မှာ စုံကြတဲ့အလေ့အထရှိတော့ သင်္ကြန်ဆိုပိုပြီးပြန်ချင်တာ မဆန်းပါဘူးလေ ။ သင်္ကြန်မတိုင်မီ မတ်လကုန်ခါနီးလောက်ဆို ထိုင်းနိုင်ငံဘက် အလုပ်သွားလုပ်တဲ့သူတွေ ရွာပြန်ချိန်ဆိုတော့ တချို့ဆိုမိန်းကလေးတွေပေမယ့်လည်း ကားပေါ်မှာမတ်တပ်ရပ်ပြီးစီးကြပါတယ် ။ ကြမ်းတမ်းတဲ့လမ်းတွေမှာ ၁၂ဘီးလိုကားမျိုးတွေ ထိုင်ခုံနေရာလဲမရှိပဲ ကြပ်ပိတ်သိတ်တိုးတက်ကြ အပေါ်အမိုးဂိုင်းတွေမှာ ယောက်ျားလေးတွေက ခိုတွယ်ထိုင်ကြနဲ့ သူတို့မှာပြန်ချင်ဇောနဲ့ ဒုက္ခမျိုးစုံခံကြရပါတယ် ။ ဒါကလည်း သင်္ကြန်တွင်းလေး အိမ်ခဏပြန်မိသားစုနဲ့ တွေ့ဖို့အချိန်လေးပေါ့ ။ ဒီလိုမြင်ကွင်းမျိုးတွေကို သစ်ငယ်စဉ်ကတွေ့တုန်းက ဘာလို့အရမ်းပြန်လာကြတာလဲ မသိဘူးဆိုပြီး အမေ့ကိုမေးဖူးပါတယ် ။ ခုတော့ ကိုယ်တိုင်ရေခြားမြေခြားရောက်နေတဲ့အချိန်ကျမှ ဒီအချိန်ဖြစ်ပေါ်လာတဲ့ ခံစားမှုနဲ့ သူတို့ကိုကိုယ်ချင်းစာတတ်သွားပါတယ် ။ သစ် ငယ်စဉ်ကသင်္ကြန်ဆိုတာ အကြိုနေ့လောက်ကတည်းက အိမ်ရှေ့မှာတိုင်ကီချ ရေဖြည့်နဲ့မမောနိုင်မပမ်းနိုင် မနက် ၈နာရီလောက်ကနေ နေမြင့်တဲ့၁၁နာရီလောက်အထိ ရေပက် လူတွေမလာရင်လည်း ခွက်ကလေးကိုင်ပြီး စောင့်နေတတ်တယ် ။ နောက် ထမင်းစား ခဏနား တရေးတမောအိပ်ပြီး ညနေ၃နာရီလောက်ဆို ၀တ်စုံတစ်စုံလဲ ရေပြန်ပက်နဲ့ တယောက်တည်း နောက်ဆုံးရက်အထိ အလုပ်ရှုတ်တတ်ပါတယ် ။ ကလေးဘ၀က လွယ်အိတ်ထဲမှာ ရေပုံးလေးထည့်ရေဖြည့် ရေပြွတ်ကိုဆက် လွယ်အိတ်ကိုလွယ်ပြီး တလမ်းဝင်တလမ်းထွက် သူများအဖွဲ့တွေနဲ့လည်း ရန်ဖြစ်တတ်ပါသေးတယ် ။ အပြိုင်အဆိုင်ရေပိုက်တွေနဲ့ထိုးလို့ ရေကုန်အောင်ပက်တတ်ပါတယ် ။ ဘယ်မောင်နှမ မှ သစ်လိုမကဲပါဘူး သစ် ကလေးဘ၀ရောက်တော့ အဖေကလည်း ပင်စင်စားပြီဆိုတော့ ရပ်ကွက်ထဲမှာနေရတဲ့အရသာကို ကောင်းကောင်းသိခဲ့ပါတယ် ။ နည်းနည်းလေးအရွယ်ရောက်တော့ အိမ်ရှေ့မှာပဲပက်ရမယ်ဆိုတဲ့ မေမေရဲ့ရာဇသံကြောင့် ခြေထောက်မြေကြီးကိုဝင်လောက်တဲ့အထိ ရပ်နေပြီး လူလာတာကိုစောင့်ပက်လေ့ရှိပါတယ် ။ အရွယ်လေးကြီးပြီး ၆တန်း၇တန်းလောက်ကျတော့ အိမ်က အစ်ကိုအစ်မတွေနဲ့ နေ့စဉ်ကားနဲ့လျှောက်လည်ရတဲ့ အရသာကိုသဘောကျလာခဲ့ပါတယ် ။ အစပိုင်းကတော့ အဖေစိတ်မချတော့ ကားခေါင်းခန်းမှာပဲ ထိုင်ရပါတယ် ။ နောက်ပိုင်းကျတော့ နောက်ခန်းမှာကဲလို့ မီးသတ်ပိုက်ဒဏ်လည်း အလူးအလဲခံနိုင်ခဲ့ပါတယ် ။ အစ်ကိုအစ်မတွေနဲ့ အရွယ်ကွာဟနေတော့ နောက်ပိုင်းသူတို့နဲ့လိုက်ရတာ မပျော်တော့ပါဘူး ။ အဖေ့အမျိုးတွေက သင်္ကြန်ဆိုအိမ်တစ်အိမ်မှာစုပြီး နေကြပါတယ် ။ ဗဟန်းဘုရားနားဆိုတော့ ညဘက်တွေဘုရားပေါ်တက် အပျိုအရွယ်တွေအများကြီးဆိုတော့ သင်္ကြန်မတိုင်ခင်ကတည်းက အဲ့အိမ်ကလူတွေက လာခေါ်သွားကြတာ နှစ်ဆန်း၂ရက်နေ့လောက်မှ ပြန်လာလေ့ရှိပါတယ် ။ နေ့တိုင်းရေပက်ခံထွက်သလို နေ့လည်ဘက်ဆို အဘွားတို့က အိုးကြီးအိုးငယ်နဲ့ချက်ပြုတ်ပြီး စောင့်နေတတ်ပါတယ် ။ နောက်ရခိုင်အသင်းကဖိတ်တဲ့ပွဲတွေကို အဖွဲ့လိုက်ကြီးသွားပြီး ရခိုင်သင်္ကြန်တွေလည်းဆင်နွဲတတ်ပါသေးတယ် ။ သစ်တို့ကတော့ ၉တန်း ၁၀တန်းအရွယ်ဆိုတော့ အမှန်ပြောရရင် အိမ်ပြန်ရမှာတောင်မေ့နေတတ်ပါတယ် ။ ရွှေတိဂုံဘုရားက နံ့သာသွေးပြိုင်ပွဲဆိုလည်း တစ်ဖွဲ့ကြီးဝင်ပြိုင်ကြတာ ခုပြန်တွေးပြီးရေးရင် ခုစိတ်ထဲပျော်လာပါတယ် ။ ဂျီတီအိုင်တက်တဲ့အချိန်မှာတော့ သစ်သစ်ခြေလှမ်းကျယ်လာပါတယ် ။ ဘယ်လိုနည်းနဲ့မှ အင်းစိန်မှာရေပက်ဖို့ပြောလို့မရတော့ပါဘူး မဏ္ဍပ်ထိုင်မယ်ဆိုတာကြီးပဲ ဖြစ်လာပါတယ် ။ ဆရာစံလမ်း တက္ကသိုလ်ရိပ်သာလမ်း အင်းယားလမ်း လှည့်ပတ်ပြီး နှစ်စဉ်မဏ္ဍပ်ထိုင်လိုက်တာ စလုံးထွက်မလာခင်အချိန်ထိပါပဲ ။ ဗိုလ်ချုပ်ဈေးသင်္ကြန်ဆိုလည်း မလွတ်စေရပါဘူး သင်္ကြန်မတိုင်ခင်ရှော့ပင်ထွက်ရတဲ့ အရသာကလည်း တအားမိုက်ပါတယ် ။ ၄ရက်စာ ၀တ်စုံ၎စုံကို ယုဇနပလာဇာ ၅ကြိမ်အနဲဆုံးပတ်လေ့ရှိပါတယ် ။ သူငယ်ချင်းတွေနဲ့အဲ့အချိန် အိမ်ကနေပိုက်ဆံလေးတောင်းတန်တောင်း နှိုက်သင့်တာနှိုက် ဘုံးသင့်တာဘုံးနဲ့ ပြန်စဉ်းစားကြည့်ရင် အတော်ရီစရာကောင်းပါတယ် ။ အစ်ကိုအစ်မတွေဆီက မဏ္ဍပ်ထိုင်ခစပွန်ဆာတောင်းရတာလဲ အလွန်တရာမျက်နှာငယ်ရပါတယ် ။ ပိုက်ဆံလေး ၃သောင်းထွက်ဖို့ မျက်ရည်တွေလည်းညှစ်ထုတ်ရတတ်ပါတယ် ။ အဖေ အမေ ဆီက ရတာတွေက သင်္ကြန်ပြီးရင်သုံးဖို့ထားရသေးတယ်ဆိုတော့ သူတို့ဆီကရသမျှခွာရတာ အမြတ်ကြီးပဲလေ ဟိ ။ သင်္ကြန်မှာ အလုပ်နားလို့ ဇိမ်ယူမယ့်အစ်ကိုတွေကို မနက်၈နာရီဆို ၀တ်စုံပြည့်နဲ့ မဏ္ဍပ်လိုက်ပို့ခိုင်းတတ်ပါသေးတယ် ။ ပွစိပွစိပြောနေတာကို ပန်းနဲ့ပေါက်သလိုခံစားပြီး ကိုယ့်ပြောတာမဟုတ်သလို နေတတ်ပါသေးတယ် ။ မဏ္ဍပ်ရောက်လို့ကတော့ အစ်ကိုကိုနှုတ်တောင်မဆက်ဘူး ညနေ၆နာရီရေပိတ်မယ်ပြောပြီး ပျောက်သွားလိုက်တာ ညနေမှအိမ်ကကားကိုရှာတတ်ပါတယ် ။ သင်္ကြန်မှာအကြိုက်ဆုံးရက်ရှိပါတယ် နောက်ဆုံးရက်ပါ အသားကုန်ကဲမယ် မြူးမယ် အကင်တွေအပြတ်စားမယ်ဆိုပြီး အဲ့ရက်ကိုပဲ စောင့်နေတတ်ပါတယ် ။ ပွဲပြီးချိန် ညနေ၅နာရီလောက်ကတည်းက ရေတွေပိတ်လိုက်ပေမယ့် သီချင်းသံတွေနဲ့ ကလို့ခုန်လို့နောက်နေ့ကို မရောက်ချင်ပါဘူးလေ ။ နောက်နေ့အဖေနဲ့ ဘုရားလိုက်ရပြီဆို ဆံပင်တွေကလည်း နီလို့ သူများတွေကို ဘုရားမှာတွေ့ရင် ကိုယ်ကတပြန်ရီလိုက်ပါသေးတယ် ။ တကယ်တော့ ကိုယ်တိုင်လည်းဆံပင်နီနဲ့ပါ ။ တခါတလေများဆို အကြိုနေ့ညကတည်းက ကျစ်ဆံမြီးသေးသေးလေးတွေကျစ်တာ နောက်ဆုံးရက်မှဖြေပါတယ် ။ နာရကောင်းမှန်းလည်းမသိဘူး ဒီလိုချိန် ဒီလိုလုပ်ရင် ဒီလိုလေးများပိုလှမလားဆိုပြီးတော့ လုပ်တာပါပဲလေ ။ တခါတလေ အမေက နောက်ဆုံး၂ရက်ပဲပက်ရမယ် ကျန်တဲ့ရက်တွေအိမ်မှာနေဆိုရင်တော့ ကောက်ညှင်းတွေ ဆန်ကြမ်းတွေနဲ့ မုန့်လုံးရေပေါ်တွေ အများကြီးလုံးပြီး တအိမ်တက်တအိမ်ဆင်း လိုက်ဝေရတာလည်း အရသာပါပဲလေ ။ သစ်တို့ရပ်ကွက်မှာ လူပျိုကာလသားတွေက နောက်ဆုံးရက်ဆို အိမ်ထဲကနေမထွက်တဲ့ အပျိုတွေအိမ်ကိုရေလိုက်လောင်းတတ်ပါတယ် ။ တအိမ်တက်တအိမ်ဆင်းပေါ့ အဲ့လိုတွေလိုက်ကြည့်ရတာလည်း ပျော်စရာပါပဲ ။ အမကြီးတွေက ဥပုလ်ကြီးနဲ့ဆိုလည်း အစ်ကိုကြီးတွေက နဲနဲလေးတော့ဆွတ်ရုံလောင်းတတ်ပါသေးတယ် ။ နောက် ကြိုက်လို့လုပ်ရတာ တခုရှိပါသေးတယ် မြန်မာဓလေ့ပေါ့နော် နှစ်ဆန်းတစ်ရက်နေ့ ညနေ လမ်းတွေမှာ ဖျာတွေခင်း မဏ္ဍပ်တွေထိုးပြီး ပရိတ်ရွတ် သက်ကြီးပူဇော်ပွဲလုပ်တဲ့ အခါကိုယ့်အိမ်က အတာအိုးတွေကို ပရိတ်ရွတ်မယ့်စင်မှာ သွားထားပြီး ပရိတ်ရွတ်ပြီးလို့ သွားပြန်ယူရင် အိမ်ရဲ့ခြံထောင့်တွေ အိမ်ပေါ်တွေမှာ ပရိတ်ရေဖျန်း ပရိတ်ကြိုးတွေချည်လို့ ညနေ၆နာရီကျော်တာနဲ့ မကောင်းဆိုးဝါးနှင်ထုတ်တယ်ဆိုလားပဲ သံဗုံးတွေအိမ်တိုင်းတပြိုင်နက်တီးကြတာ ဘယ်နိုင်ငံမှာမှ သစ်မမြင်ဖူးပါဘူး ။ ဒါပေမယ့် သစ်ကတော့ သံဗုံးတစ်လုံးနဲ့တုတ်တစ်ချောင်းကို အိမ်ရှေ့မှာအဆင်သင့်ထားပြီး တီးပြီဆိုတာနဲ့အိမ်ကိုပတ် ခြံကိုပတ်လို့တီးလိုက်တာ အမေက သစ်သစ်ဆိုပြီးအကျယ်ကြီးအော်မှ ရပ်လေ့ရှိပါတယ် ။ ပျော်လို့အိမ်ပတ်ပြေးပြီး တီးတာ သူများအိမ်တွေကလည်းတီးလို့ တစ်လမ်းကနေတစ်လမ်း နောက်ရပ်ကွက်တစ်ခုလုံး ဆူညံနေတတ်ပါတယ် ။ ဒီလိုမျိုးငယ်စဉ်ကတည်းက သင်္ကြန်ကိုပုံစံအမျိုးမျိုးနဲ့ ဖြတ်သန်းခဲ့တဲ့သစ်သစ် စလုံးရောက်မှပဲ ခြေငြိမ်ပြီးသင်္ကြန်ရက်ဆို ယောင်ချာချာဖြစ်နေတတ်ပါတယ် ။ သင်္ကြန်ရက်တွေဆို အလုပ်ကပြန်တိုင်း ရထားပေါ်မှာ ဒီချိန်ဆိုရင်ဖြင့် ဒီလိုတွေလောင်းနေကျမှာဆိုပြီး တွေးတောရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ပါဘူး ။ သူများတော့မသိပါဘူး သစ်သစ်ကတော့ အသက်အရွယ်အပိုင်းအခြားနဲ့မဆိုင်ပဲ သင်္ကြန်ပိုးကအစဉ်အမြဲ ရှင်သန်နေတာပါပဲလေ ။ ခုလည်း သင်္ကြန်ကိုလွမ်းစိတ်နဲ့ ရောက်တတ်ရာရာတွေချရေးလို့ ပို့စ်အဖြစ်အသက်သွင်းလိုက်ပြန်ပါပြီ ။ အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့အန္တရာယ်ကင်းတဲ့ သင်္ကြန်ရက်ကိုဖြတ်သန်းလို့ အေးချမ်းစွာနှစ်သစ်ကူးနိုင်ကြပါစေလို့ ...။

ဆက်ဖတ်ချင်သေးရင်...

Thursday, March 24, 2011

သီချင်းလေးထဲကခံစားမှူ

ဒီသီချင်းလေးတစ်ပုဒ်ကို တယောက်သောသူ ပေးလို့ဒီညနေ နားထောင်ဖြစ်ပါတယ် ။ တကယ်လည်း ကောင်းလို့ သစ်ဘလော့လာဖတ်တဲ့သူတွေကို မျှဝေလိုက်ပါတယ် ။


ဆက်ဖတ်ချင်သေးရင်...

Tuesday, March 22, 2011

လွမ်းဆွတ်ခြင်းဒဏ်

မနေ့က ည ၇နာရီလောက်ကတည်းက စင်္ကာပူမှာ လျှပ်စီးတွေလက်ပြီး ညဘက်မိုးရွာမယ့်ပုံ ပြခဲ့ပါတယ် ။ သစ်သစ်လည်းမနေ့က အဆိုင်းမန့်တစ်ခုကို အသည်းအသန်လုပ်ရမယ်ဆိုပြီး ည၈နာရီလောက်ကတည်းက စလုပ်နေခဲ့တော့ အချိန်တွေကုန်လို့ကုန်မှန်းမသိခဲ့သလို ပြီးဖို့အရေးဇောကပ်နေတော့ ဘယ်အချိန်မိုးစရွာမှန်းတောင် မသိခဲ့ပါဘူး ။ မနက် ၄နာရီခွဲလောက်ပြီးသွားချိန်မှာ ကော်ဖီလေးသောက်ဖို့ မီးဖိုချောင်ဘက်သွားတော့ ပြင်ပလေက အေးစက်လို့နေပါပြီ ။ အဲ့အချိန် သစ်သစ်ရင်ထဲ တစ်မျိုးဖြစ်သွားပြီး စိတ်ထဲတအားကို အိမ်ပြန်ချင်တဲ့စိတ် ဖြစ်ခဲ့ပါတယ် ။

ဒီနှစ် သစ်သစ် အိမ်ပြန်ခွင့်မရခဲ့ပါဘူး ။ အိမ်ကိုသိပ်ကိုလွမ်းပါတယ် ရင်ထဲကဆန္ဒတွေ မြိုသိပ်လို့ခံစားချက်တွေ ကြိတ်မှိတ်ကာ ပြီးအောင်လုပ်မယ်စိတ်ကူးနဲ့ အားလုံးကိုမေ့ဖျောက်ပြီး ပေတေနေခဲ့တာ ခုဆို ၆လတောင်ကျော်ခဲ့ပြီပဲ ။ အိမ်ကိုတအားသတိရပါတယ် သူများတွေပြန်တော့ အရမ်းပြန်ချင်ပြီး တိတ်တခိုးမျက်ရည်ကျမိပါတယ် ။ သစ်သစ်လည်းနှလုံးသားနဲ့ လူသားပေပဲ စိတ်အားငယ်ချိန် စိတ်ဓါတ်ကျချိန် အားငယ်နေချိန် ရှိပါတယ် ။ အများအမြင်မှာတော့ သစ်သစ်ကပျော်ပျော်နေတတ်ပြီး အမြဲရီမောစိတ်ချမ်းသာတယ် ထင်တတ်ကြပါတယ် ။ သစ်သစ်အသက်မငယ်တော့ပါဘူး ဒါပေမယ့် အိမ်ကိုစွဲလန်းနေတဲ့စိတ်က အချိန်တိုင်းဖြစ်ပေါ်လေ့ရှိနေပါတယ် ။ အသက်ကြီးနေတဲ့အဖေ နဲ့ အမေ ကို လွမ်းသလို ခုလိုကျောင်းပိတ်ချိန်မှာ ရန်ကုန်မှာလူစုံနေတဲ့ အချိန်တွေကိုလည်း လွမ်းပါတယ် ။

အမေ့အနားမှာ အရင်လိုတီးတိုး စကားတွေပြောချင်သလို သမီးခုနောက်ပိုင်း သိခဲ့တဲ့လောကအကြောင်းတွေလည်း မေမေ့ကိုပြောပြချင်တယ် ။ အလုပ်မှာလေ ဘယ်သူကဘာပြောတာ သူတို့တွေဓလေ့က ဒီလိုမျိုးဆိုတာလည်း ဖေဖေ့ကိုပြောပြချင်သေးတယ် ။ ဘယ်သောအခါမှ ပြင်ပမှာမပျော်တတ်တဲ့ ကျွန်မစိတ်ကို ဘယ်လိုများချိုးနှိမ်ပြီး ပျော်အောင်လုပ်ရပါ့မလဲ ။ အနေဝေးသွားတဲ့အခါမှ ကျွန်မကိုသိပ်ချစ်တဲ့ ကျွန်မအထက်ကအစ်မရင်း အနားမှာလည်း အရင်ကလို ဆရာတွေလုပ် ရန်တွေပြန်ဖြစ်ချင်သေးတယ် ။ ၉နှစ်ကွာပြီး အမေတစ်ယောက်လိုပဲ အရာရာစိတ်ပူစိုးရိမ်နေတတ်တဲ့ သူ့ဗီဇနဲ့ကျွန်မအတွက်ဆို မမောနိုင်မပန်းနိုင် လုပ်ပေးတတ်တဲ့ ဒီအစ်မကိုလည်း သစ်သစ်လွမ်းတတ်လာပါပြီ ။

သစ်သစ်ရုံးက စလုံးအဘွားကြီးတစ်ယောက်ရှိပါတယ် သူကသစ်သစ်ရဲ့စလုံးကအမေဆိုလည်း မမှားပါဘူး ။ အရာရာဘယ်လိုနေရတယ် ဘယ်လိုပြောရတယ် ဘယ်လိုစားရတယ်ဆိုတာက အသေးစိတ်ဂရုစိုက်တတ်ပါတယ် ။ သစ်မေမေ နေမကောင်းရင် သစ်မျက်နှာကိုအမြဲလိုလို မှန်တချပ်လိုကြည့်ပြီး ဂရုစိုက်တတ်ပါတယ် ။ ဒီမနက်လည်း မိုးတွေကရွာပြီး ရထားစီးလာချိန်မှာ သစ်မေမေကို ရင်ထဲတအားလွမ်းသတိရနေချိန် ရုံးခန်းလည်းရောက်ရော သူကမေးပါတယ် နင့်မျက်နှာမကောင်းဘူးတဲ့ ဘာဖြစ်တာလဲဆိုတော့ သစ်ရင်ထဲကခံစားချက်တွေ သစ်မျက်နှာထိပေါ်လွင်ရလောက်အောင် သစ်အိမ်ကိုလွမ်းတတ်နေပြီလားလို့ ကိုယ့်ဘာသာအတော်လေး သနားမိသွားပါတယ် ။ သစ် ဒီအချိန်မှာ စကားတစ်ခွန်းပဲ ပြောချင်မိပါတယ် သစ်အိမ်ကိုအပြေးပြန်ပြီး အမေ့ပါးကိုဖက်နမ်းလိုက်ချင်တဲ့စိတ်တွေ ဖြစ်နေပါတယ်ဆိုတာပေါ့ ။ ဘယ်တော့များမှ အိမ်ပြန်ခွင့်ရမလဲ မေမေရယ် ........ ။

ဆက်ဖတ်ချင်သေးရင်...

Saturday, March 5, 2011

ချစ်ခြင်းရနံ့ထုံမွှမ်းနေတဲ့ ငါးထမင်းနယ်

ငါးထမင်းလေး...ရှလွတ်


အဲဒါ တစ်ဝက်ပဲရှိသေးတယ်

ငယ်စဉ်တောင်ကျေး ကလေးဘ၀ကတည်းက ခင်မင်မှသာ သူငယ်ချင်းရင်းချာအစစ်လို့ ခေါ်လို့မရပါဘူး တယောက်ကိုတယောက် အနစ်နာခံလိုအပ်ချက်တွေ ဖြည့်ဆည်းဖို့အမြဲတွေးတောနေတတ်တာကလည်း သူငယ်ချင်းကောင်းတွေပါပဲလေ ။ အခက်အခဲဖြစ်နေချိန် လိုအပ်နေချိန်တွေမှာ ကိုယ့်ရှေ့မှာ အကြံဥာဏ်ပေးနိုင်တဲ့သူ ကိုယ့်ကိုအနည်းဆုံးတော့အားပေးနိုင်တဲ့သူတွေ ကလည်း ကိုယ့်အနားကသူငယ်ချင်းတွေပါပဲလေ ။ သစ်မှာစလုံးရောက်မှ ခင်မင်ရတဲ့သူငယ်ချင်းတွေ ရှိပါတယ် ။ သူတို့တွေကလည်း သစ်အပေါ်သိပ်ကောင်းသလို သစ်ကလည်းအမြဲ သူတို့ကိုဘာလုပ်ပေးမရမလဲ စဉ်းစားနေသူတစ်ယောက်ပါ ။ အိမ်ထောင်သည်တွေပါသလို အပျိုလူပျိုတွေလည်း ပါတာပေါ့နော် ။ သစ်တို့အဖွဲ့က ဗစ်က ရန်ကုန်ကပြန်လာပြီးကတည်းက အစားအသောက်ပျက်နေတာကတကြောင်း သစ်လည်းစာမေးပွဲပြီးတော့ သူငယ်ချင်းတွေကို တခုခုလုပ်ကျွေးချင်နေတာကတကြောင်း စသဖြင့်အကြောင်းတွေကြောင့် ဒီငါးထမင်းချဉ်ဇာတ်လမ်းလေး ဖြစ်လာခဲ့တယ်ဆိုပါတော့လေ ။

အစကတော့ သူတို့တွေစနေနေ့တ၀က်အလုပ်ဆင်းပြီးမှ ကိုယ့်ဆီဝင်စားဖို့ စီစဉ်ထားပေမယ့် သူတို့စောစောစီးစီးမနက်စာလေးအဖြစ် အလွယ်တကူစားလို့ရအောင်ဆိုပြီး သစ်မနက်၅နာရီထပြီး ငါးထမင်းလုပ်ဖို့ ကြိုးစားခဲ့ပါတယ် ။ မနက် ၈နာရီရုံးသွားတဲ့ ဗစ်စတာ အချိန်ပိုအလုပ်သွားမယ်မေလေး သူတို့တွေကို စောစောစီးစီးစားစေချင်တာလည်း ပါတာပေါ့နော် ။ ဒီလိုနဲ့ လုပ်ဖြစ်ခဲ့တဲ့ ငါးထမင်းလေးကို ပုံလေးတွေရိုက်ပြီး တင်လိုက်ပါတယ်နော် ။ လုပ်နည်းကတော့ အများသိပြီးသားဖြစ်နေလို့ အထွေအထူးမရေးတော့ပါဘူး ။ အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ အလုပ်ပိတ်ရက်လေးဖြစ်ပါစေနော်။

ဆက်ဖတ်ချင်သေးရင်...

Sunday, February 27, 2011

ဖြတ်သန်းခဲ့တဲ့ အင်ဂျင်နီယာဘဝ

အရွယ်တော်တစ်ဆိတ်ဟိုင်းလို့ ကိုယ်၃၀ပိုင်းကို ချဉ်းကပ်လာတာ ခုဆိုနီးကပ်လာပါပြီ ။ အိပ်မက်တွေကတော့ ခုထိအကောင်ထည်မဖော်နိုင်ခဲ့သေးပါဘူး ။ ဒီနေ့ နေ့လည်အိပ်စက်ရင်းအိပ်မက်တစ်ခု မက်ပါတယ် ငယ်စဉ်ကျောင်းသူဘ၀က မက်ခဲ့သလိုပါပဲ အင်ဂျင်နီယာမကြီး ဖြစ်လို့ပေါ့ ။ ရိုးရိုးတောင်မဟုတ်ဘူးနော် အတော်လေးကိုတော်တဲ့ အများကအားကျရတဲ့အင်ဂျင်နီယာမကြီးနော် အဟိ (အိပ်မက်တစ်ခုပါ)။ သစ်သူငယ်ချင်းတစ်ယောက်ကအမြဲပြောလေ့ရှိပါတယ် သစ်သစ်ရယ် ငါကနင်တို့လို အန်ချင်စရာကြီးမှ မဟုတ်တာတဲ့လေ ။ ဒီတော့ စဉ်းစားမိပါတယ် ဘာလို့များအင်ဂျင်နီယာ ဖြစ်လာပါလိမ့်ပေါ့နော် ။

ဟုတ်ပါတယ် သစ်သစ်အင်ဂျင်နီယာရယ်လို့ ဖြစ်လာတာ အဖေ့ရဲ့ဂိုက်လိုင်းကြောင့်ပါ ။ သူများတွေက ကလေးတွေက ဘာဖြစ်မယ်ဆိုတာ ဗီဇပြလေ့ရှိတယ်တဲ့ ဒါဆိုသစ်သစ်ဘာလုပ်တတ်ခဲ့လဲ ပြန်စဉ်းစားကြည့်တော့ ပုံတွေကိုခဲတံနဲ့ဆွဲတိုင်း ပုံပြင်ပြောတိုင်းကစားရင် ၂ထပ်အိမ်ဆွဲလေ့ရှိပါတယ် အမြဲထည့်လေးရှိပါတယ် လှေခါးတစ်ခု ဧည့်သည်ထိုင်ဖို့ ဧည့်ခန်းစားပွဲထိုင်ခုံ နောက်အပေါ်ထပ်တက်ဖို့ လှေခါးတစ်ခု နောက်အပေါ်ထပ်မှာ အခန်းဆိုတာမဖွဲ့တတ်ပါဘူး ကုတင်တစ်လုံးအမြဲဆွဲတယ် ဘုရားစင်ဆွဲလေ့ရှိတယ် ပြီးမှသာ ဒီအိမ်ကြီးမှာ ဘယ်သူကနေတယ်ဘာညာဆိုပြီး စပြောလေ့ရှိပါတယ် ။ ဒါကတချိန် အင်ဂျင်နီယာဖြစ်လာစေဖို့ အစပျိုးလေလားပေါ့နော် ။ သစ်တို့၁၀တန်းနှစ်ကတော့ ဆရာဝန်ဆိုတာ ပါးစပ်ဖျားကမချတတ်ပါဘူး ဆရာဝန်ပဲလုပ်မယ် ဘာညာပေါ့ ကြိုးစားသလားဆိုတော့လည်း ပုံမှန်ပါပဲ အညံ့ထဲမှာလည်းမပါသလို အတော်ဆုံးဆိုတာလဲ မဖြစ်ခဲ့ပါဘူး ။ အင်ဂျင်နီယာဆိုတာ စိတ်ကူးထဲတောင်မရှိခဲ့ပါဘူး ။

သစ်တို့၁၀တန်းအောင်တဲ့နှစ်က ပညာရေးစနစ်ပြောင်းတဲ့အချိန်လို့လည်း ပြောလို့ရပါတယ် ပလန်မရှိတဲ့အစီအစဉ်တွေအောက်မှာ ကျရာနေရာဝင်ကရင်း ဒီလိုဟိုမတတ်ဒီမတတ်ဘ၀ ရောက်ခဲ့တယ်လို့ပြောလည်းရပါတယ် ။ ဘာလုပ်ရင်ဘာဖြစ်မယ်ဆိုတဲ့ တိကျတဲ့မျှော်မှန်းချက်တွေလည်းမရှိပါဘူး ။ ဒီအတန်းမှာခရက်ဒစ်ဖြစ်ရင် ဘာဆက်တက်ရမယ် ဘာညာလည်းမရှိပါဘူး လုံးဝမရှိတာတော့မဟုတ်ပါဘူး ပလန်တော့ရှိတယ် ခေါ်ချင်လည်းခေါ်မယ် မခေါ်ချင်လည်းမခေါ်ဘူးဆိုတဲ့ မရေရာတဲ့ဘ၀ပါ ။ ၁၀တန်းအမှတ်နဲ့ ကျောင်းတက်ဖို့ထိုင်စောင့်ရပါတယ် ။ နိုင်ငံခြားမှာကျောင်းတက်ဖို့လည်း သစ်သစ်မိဘတွေကအဲ့လောက်အမြင်မကျယ်သလို ကျောင်းထားနိုင်လောက်အောင်လည်း ပိုက်ဆံမရှိပါဘူး ။ သင်တန်းတွေတက်ပါတယ် ကွန်ပျူတာသင်တန်း စပီကင်သင်တန်း ဒါကလည်းအတန်းကုန်ပါပဲ ။ တရုတ်စကားဘာညာတက်ဖို့ဆိုတာ စိတ်ကူးတောင်မရှိပါဘူး ။ ဆင်ခြေဖုံးရပ်ကွက်မှာနေတော့ ရပ်ကွက်ထဲက စာအုပ်ဆိုင်က ကာတွန်း ၀တ္ထု မဂ္ဂဇင်းလောက်ငှားဖတ်ရရင်ကိုယ်ပဲ အမြင်အတော်ကျယ်နေပါပြီ ။ သစ်အိမ်မှာ စာဖတ်ဆုံးက သစ်ပါပဲ စာအုပ်အရမ်းငှားဖတ်ပါတယ် ။ အစကတော့ ကာတွန်းလောက် ၀တ္ထုလောက်ပေါ့ နောက်ပိုင်းကျတော့ စာအုပ်ဆိုင်က ဦးလေးကြီးက သစ်ကိုလေသူရဲတစ်ဦးရဲ့စွန့်စားခန်းလို စာအုပ်မျိုး ဂျာနယ်ကျော်မမလေးရဲ့စာအုပ်တွေ အခြားနာမည်ကျော်တွေရဲ့ အတ္ထုပတ္တိတွေရေးတာတွေ ဖတ်တတ်လာအောင် သင်ကြားပေးလာခဲ့ပါတယ် ။ စာအုပ်ဘယ်လောက်ကြီးကြီး တစ်ထိုင်တည်းအပြတ်ဖတ်တတ်တဲ့ အကျင့်လည်းရခဲ့ပါတယ် ။ သစ်ဒီလိုတွေ ဖတ်နိုင်ပြုနိုင်အောင် အများဆုံးအထောက်အကူပြုသူက သစ်အဖေပါပဲ ။ နောက်ပိုင်း ဂျာနယ်တွေခေတ်စားလာတော့ ထွက်သမျှဂျာနယ်တွေဝယ်ဖတ်ပြီး အမြင်လည်းကျယ်လာခဲ့ပါတယ် ။

၁၀တန်းအောင်ကျောင်းပိတ်ရက် သစ်ကတော့ စာပေဘက်မှာပဲမွေ့လျော်ခဲ့တယ် ဆိုပါတော့ ။ ဒီလိုနဲ့ကျောင်းတက်ဖို့ကလည်း မခေါ်သေးတော့ ငယ်သူငယ်ချင်း ယုစံအစ်ကိုက ဂျီတီအိုင်လျှောက်ဖို့ တိုက်တွန်းခဲ့ပါတယ် ။ သစ်ကလည်းစိတ်မ၀င်စားဘူး တစ်အိမ်လုံးကလည်းစိတ်မ၀င်စားခဲ့ပါဘူး ဒါပေမယ့် သစ်အဖေက အားနေတဲ့အချိန်မှာ စိတ်မလေအောင်ရယ် ပညာရပ်တစ်ခုတတ်ထားလည်း တချိန်အသုံးဝင်မယ်ဆိုပြီး သမီးတက်ချင်တဲ့တက္ကသိုလ်ဖွင့်တဲ့အခါ ဂျီတီအိုင်ဆက်မတက်ပဲနားလိုက်ပါဆိုတဲ့ ကတိတစ်ခုနဲ့ civil တစ်ခုပဲရေးပြီးလျှောက်ခဲ့ပါတယ် ။ အင်းစိန်ဂျီတီအိုင်က သစ်တို့နဲ့နီးတော့ အဲဒီမှာတက်ရရင်ဖြင့်ဆိုပြီး သူငယ်ချင်း၃ယောက်လျှောက်ဖြစ်ခဲ့ပါတယ် ။ တစ်မေဂျာတည်းလျှောက်တော့ ပါရင်လည်းတက်မယ်မပါလည်း မတက်ဘူးပေါ့ တကယ်တော့ civil မေဂျာဆိုတာကိုလည်း နက်နက်နဲနဲ နားလည်ပြီးလျှောက်ခဲ့ခြင်းလည်းမဟုတ်ပါဘူး ။ မိန်းကလေးက civilနဲ့ကိုက်တယ်ဆိုတဲ့ အဖေ့ရဲ့ဆုံးဖြတ်ချက်နဲ့လျှောက်ခဲ့ခြင်း ဖြစ်ပါတယ် ။ တက်ခွင့်ရခဲ့ပါတယ် ဒါပေမယ့်မှော်ဘီမှာတက်ရမယ်တဲ့ အစကတော့ အဖေကနေ့စဉ်အဝေးကိုကားစီးပြီးတက်ရမယ်ဆိုတော့ မတက်နဲ့တော့ဆိုပြီး စိတ်မချလို့ပယ်ချခဲ့ပါတယ် ဒါပေမယ့် သူငယ်ချင်းအားလုံးကလည်း တက်ကြမယ်ဘာညာဆိုပြီး နေ့စဉ်အိမ်မှာလာပြီးဆွဲဆောင်တော့ တက်ဖြစ်ခဲ့ပါတယ် ။

ဒီလိုနဲ့ တီတံကိုကိုင်တဲ့ ဂျီတီအိုင်ကျောင်းသူဘ၀ကို သူငယ်ချင်းအသစ်တွေနဲ့ ပျော်ရွှင်စွာဖြတ်သန်းခဲ့ပါတယ် ။ နှစ်တိုင်းပုံမှန်ပဲဖြေဆိုခဲ့ပါတယ် ဂုဏ်ထူးများကလည်းပက်ပက်စက်စက်ထွက်ပါတယ် ဒါနဲ့ပဲ Btech တက်ခွင့်ရခဲ့တယ်ဆိုပါတော့ အဲ့မှာလမ်းကြောင်းတစ်ခုပေါ်လာခဲ့ပါတယ် စီးပွားရေးတက္ကသိုလ်ရွာသာကြီးမှာ ကျောင်းတက်ခွင့်ရပါတယ် ။ တက်မယ် ဘ၀တလျှောက်လုံးတက်ချင်လွန်းတဲ့ တက္ကသိုလ်ရအောင်တက်မယ် ဖြစ်အောင်တက်မယ် စိတ်တွေကလည်းအရမ်းတက်ကြွတယ် ကိုယ်လိုပဲ၂လိုင်းတက်တဲ့သူတွေလည်း ရှိတော့ ၂ဘက်လုံးကိုနိုင်အောင် ကြိုးပမ်းအားထုတ်ခဲ့ပါတယ် ။ ပြီးတော့ Btech ပြီးရင် ဘွဲ့ကပေးမပေးဆိုတာလည်းမသိသလို BEကိုဆက်ခေါ်မခေါ်ကလည်း မသေချာခဲ့ဘူးလေ ။ အစမ်းသပ်ခံပညာရေးနယ်ပယ်မှာ ကျင်လည်ခဲ့ရတဲ့အတွေ့အကြုံတစ်ခုပေါ့နော် ။ အခြားသူငယ်ချင်းတွေကတော့ အဝေးသင်တွေတက်ကြပြီး ဘွဲ့ယူကြပါတယ် ။ သစ်ကအဝေးသင်ကလည်းမတက်ချင်ဘူးလေ ဒါနဲ့ပဲ စီးပွားရေးတက္ကသိုလ်ကို ပထမနှစ်ပြီးသည်အထိ ဆက်တက်ခဲ့ပါတယ် ။ ရွာသားကြီးနဲ့မှော်ဘီ တောင်နဲ့မြောက်ကို ဖြစ်အောင်ကျောင်းတက်ခဲ့တဲ့ သစ်ကိုအဖေက ကြည့်ရတာကြာလာတော့ တစ်လိုင်းလိုင်းကိုရွေးချယ်ဖို့ ပြောခဲ့ပါတယ် ။ သစ်ကရတယ် တက်မယ်ဖြစ်တယ်ဆိုပြီး ဆက်တက်ခဲ့ပါတယ် ။ ဒီလိုနဲ့ Btech ပြီးတော့ BEဆက်တက်ခွင့်ရခဲ့ပါတယ် ။ တကယ်ကိုအဆင့်ဆင့် မရေမရာနဲ့ဖြတ်သန်းခဲ့ရတာပါ ။ အဲဒီအချိန်ရောက်မှ ဘွဲ့ရမယ်ဆိုတာသေချာတော့ အဖေက တခုကိုအပြီးတိုင်ဖြတ်ဖို့ နေ့စဉ်တွန်းအားပေးခဲ့ပါတယ် ။ အီကို ဒုတိယနှစ်မှာ စာတွေကလည်းများလာသလို ၂ကျောင်းတက်တာသိရင် ဘယ်ကျောင်းဘက်ကမှဘွဲ့မပေးဘူးဆိုပြီး သတင်းတွေထွက်လာခဲ့ပါတယ် ။ လူကလည်းတအားပင်ပန်းလာသိလို ၂ဘက်စလုံးမှာ ထူးချွန်အောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်သလို ယူထားတဲ့၂လိုင်းလုံးက ဆက်စပ်မှုမရှိတဲ့မေဂျာတွေဖြစ်နေတော့ နောက်ဆုံးမှာအီကိုကနေ အတန်းနားဖို့စီစဉ်ခဲ့ပါတယ် ၂နှစ်အတွင်းစိတ်ရှိရင် ပြန်တက်လို့ရအောင်လုပ်ခဲ့ပါတယ် ။ ဒီလိုနဲ့ စီးပွားရေးပညာရပ်က သစ်သစ်ဆီမှာ တစ်ခန်းရပ်ခဲ့ပါတယ် ။

ကျောင်းပြီးတော့ နောက်ထပ်ပြသနာတစ်ခုတက်လာခဲ့ပါတယ် ဘယ်သူကတော့ ဘယ်သူ့အကပ်နဲ့ ဘယ်မှာအလုပ်ဝင်မယ်ပေါ့ ဘယ်သူကတော့ ဘယ်တံတားဆောက်တဲ့နေရာမှာ ၀င်မယ်ပေါ့ ဘယ်သူကပြောပေးတာပေါ့ ဘာညာတွေစလာခဲ့ပါတယ် ။ ကိုယ့်အမျိုးမှာလည်း အင်ဂျင်နီယာဆိုတာ မူးလို့ရှုစရာတောင်မရှိခဲ့ဘူး လမ်းကြောင်းဆိုတာလည်းမသိခဲ့ဘူး ကျရာနေရာမှာ တာဝန်ထမ်းဆောင်ဖို့ အစိုးရအလုပ်လုပ်ရင်လည်း နယ်စပ်တွေက ဆောက်လုပ်ရေးလမ်းတံတားတွေကို လွှတ်မယ် အမြဲတမ်းခန့်မဟုတ်ပဲ နေ့စားဘ၀နဲ့နှစ်ရှည်လုပ်ရမယ် ဘာညာတွေနဲ့ ရွေးချယ်စရာများတဲ့ လမ်းဆုံလမ်းခွကို သစ်သစ်ထပ်ရောက်ခဲ့တယ်ဆိုပါတော့ ။

ဒါနဲ့အပြင်အလုပ်တွေမှာလုပ်ဖို့ စီဗီဖောင်လေးကိုင်လို့ တရုံးဝင်တရုံးထွက် အလုပ်လျှောက်ခဲ့ရပါတယ် ။ အသစ်ဆိုတော့ ခန့်ချင်တဲ့သူမရှိသလို ဘာမှမတတ်တော့သင်ပေးမယ့်သူလည်းမရှိခဲ့ပါဘူး ။ ၀ါဝါ၀င်း ရွှေသံလွင် အစုံပါပဲ စီဗီဖောင်လေးလိုက်တင်ရတာပါ ။ စိတ်ဓါတ်တွေကလည်းကျသလို မိဘကိုပြန်ထောက်ပံ့ဖို့မဆိုထားနဲ့ ကိုယ့်ဘ၀ကိုရပ်တည်ဖို့တောင် အလုပ်တစ်ခုရဖို့ ခက်ခဲခဲ့ပါတယ် ။ ဒီလိုနဲ့နောင်တစ်ချိန်မှာ ဆရာရင်းဖြစ်လာမယ့် ဆရာဦးစိုးနိုင်ဆီမှာ သင်တန်းသွားတက်ရင်း အင်ဂျင်နီယာတစ်ယောက် သိသင့်တဲ့တတ်သင့်တဲ့ ပညာရပ်တွေကို ဆရာစားမချန်သင်ပေးရင်း တပည့်ရင်းတစ်ယောက်အဖြစ် စင်္ကာပူထွက်မလာခင်အချိန်ထိ အလုပ်ဝင်လုပ်ခဲ့ပါတယ် ။

သစ်သစ်ကို အင်ဂျင်နီယာဆိုတဲ့ဘ၀မှာ ပျော်မွေ့လာအောင် စိတ်ဝင်စားလာအောင် လက်တွေ့လုပ်ငန်းခွင်ကို တွန်းပို့ပေးခဲ့တာကတော့ ဆရာပါ ။ အင်ဂျင်နီယာတစ်ယောက်ရဲ့တန်ဖိုးကို မြင်တတ်လာအောင် လမ်းပြခဲ့ပါတယ် ။ ကျောင်းတက်တုန်းကသင်ကြားပေးလိုက်တဲ့ ပညာရပ်တွေကို လက်တွေ့မှာဘယ်လိုအသုံးချဖို့ လမ်းပြပေးခဲ့တာကတော့ ဆရာဦးစိုးနိုင်ပါပဲ ။ ဘယ်တော့မှ ဆရာ့ကျေးဇူးတွေက ဆပ်လို့မကုန်သလို ဘယ်လိုမျိုးတွေကို ဘယ်လိုလေ့လာရင်း လက်တွေ့မှာဘယ်လိုလုပ်ရတယ်ဆိုတာပါ သင်ကြားပေးရင်းနဲ့ သစ်သစ်တစ်ယောက် အင်ဂျင်နီယာဘာသာရပ်ကို သင်ကြားတတ်မြောက်ခွင့် ရခဲ့တာကို ဂုဏ်ယူတတ်လာသလို သိချင်မြင်ချင်စွန့်စားချင်စိတ်တွေ ဖြစ်ခဲ့ပါတယ် ။ ဘာပဲဖြစ်ဖြစ် သစ်ဒီလိုခြေနေနဲ့ နေရာလေးတစ်ခုရအောင် ထမင်းစားလက်မှတ်ပိုင်ဆိုင်ခွင့်လမ်းကြောင်းချပေးတဲ့ မွေးသဖခင်ကျေးဇူးရှင်ဖေဖေရော ကျောင်းတုန်းကတတ်သည့်ပညာမချန်ပဲ ကြိုးစားသင်ကြားပေးခဲ့သော ဆရာ ၊ ဆရာမများရော စာတွေ့လက်တွေ့ကို တထပ်တည်းကျအောင် ပြသပေးခဲ့သော ဆရာဦးစိုးနိုင်တို့ရဲ့ ကျေးဇူးကြောင့် အင်ဂျင်နီယာလောကထဲကို ရောက်လာခဲ့ပါတယ် ။ ထပ်ပြီးတော့လည်းအခွင့်ရှိသေးရင် ထပ်ဆင့်သင်တန်းတွေတက်ပြီး ကိုယ်တတ်ထားတဲ့ပညာလည်းမပျောက်ပျက်အောင် တိုးတက်အောင်မွမ်းမံပါ့မယ်လို့ ဆန္ဒပြုရင်း ဖြတ်သန်းခဲ့တဲ့ အင်ဂျင်နီယာဘ၀ဆိုတဲ့ စာလေးတစ်ပုဒ်ကို ရင်ထဲရှိတဲ့အတိုင်းချရေးလိုက်ပါတယ် ။

ဆက်ဖတ်ချင်သေးရင်...

Wednesday, February 23, 2011

ဒုတိယအရွယ် မိန်းမသားတစ်ယောက်ရဲ့ အတ္တနဲ့လောဘ

ဒုတိယအရွယ် ဟုတ်တယ် ကျော်တောင်ကျော်တော့မယ်ထင်တယ် ဒီအရွယ်ကိုး) ။ ဘာတွေဖြစ်လာလဲဆိုတော့ ပိုပြီးတော့လုပ်ချင်တာတွေများလာသလို အတ္တတွေ လောဘတွေကြီးလာပါတယ် ။ သေချာတာကတော့ မလုပ်လိုက်ရမှာစိုးရိမ်နေတာလေ ။ လုပ်ချင်တာတွေက များပြီးလူကလိုက်လို့ကို အဆင်မပြေဘူး ဖြစ်နေတယ် ။ အခက်အခဲဆိုတာကတော့ နေရာတိုင်းမှာရှိပါတယ် ။ ဒါပေမယ့် ၂ယောက်ရှိနေချိန်က ရင်ဖွင့်ခံစားတိုင်ပင်နဲ့ အချိန်တွေကုန်နေပေမယ့် ခုတစ်ယောက်တည်းဆိုတဲ့အချိန်မှာကျတော့လည်း ဘာလာလာရင်ဆိုင်တတ်အောင် လေ့ကျင့်ထားရတာပေါ့နော် ။

လူရောစိတ်ရောပင်ပန်းလွန်းတဲ့ ဒီအချိန်မှာ တော်တော်လေးကို ကိုယ့်ဘာသာအဆင်ပြေအောင် လုပ်ရတယ် ။ တခါတလေ စိတ်ဓါတ်ကျပြီဆို သစ်သစ်နင်လုပ်ချင်တာအများကြီးကျန်သေးတယ် ကျရှုံးလဲပြိုနေလို့မဖြစ်ဘူးဆိုပြီး အားပြန်တင်းရတာလဲအခါခါပါ ။ ခုနောက်ပိုင်း သစ်ရေးတဲ့ပို့စ်တွေကိုကြည့်လို့ မလုပ်လိုက်ရမှာစိုးတဲ့စိတ်တွေ တအားများနေတာ သိသာပါတယ် ။ လောဘကြီးရင်မှားတတ်တယ် သစ်သိပါတယ် ဒါပေမယ့် အခွင့်အရေးရရဲ့သားနဲ့ မလုပ်လိုက်ရလေခြင်းဆိုတဲ့ နောင်တကိုအရမခံတော့ဘူးလေ ။ ခေါင်းထဲမှာလည်း ဘာပြီးရင်ဘာလုပ်မယ်ဆိုပြီး အစီအစဉ်တွေကိုချပြီး အကောင်အထည်ဖော်နေရပါတယ် ။ သူများတွေအတွက် အရေးမကြီးတဲ့အရာတွေက တခါတလေ သစ်သစ်အတွက် အတော်လေးအရေးပါနေတတ်ပါတယ် ။ အတွေးအခေါ်တွေကလည်း တဖက်စွန်းကိုရောက်တတ်ပါသေးတယ် ။

ဒီရက်ပိုင်းတွေ တွေးတောကြံစည်ဖြစ်နေတာကတော့ မြန်မာပြည်ပြန်ဖို့ကိစ္စပါပဲ ။ ကိုယ်အပြီးပြန်ပြီဆို အရင်ဆုံးဘာလုပ်မလဲ ဘယ်လိုရပ်တည်မလဲ ဘယ်လိုရင်ဆိုင်မလဲ ဘာတွေကိုရွေးချယ်ပြီး ဘ၀ကိုအသစ်ကနေပြန်စမလဲ ငါ့မှာရပ်တည်ဖို့ လုံလောက်တဲ့အရည်အချင်း ရှိနေပြီလား ။ ကိုယ့်နိုင်ငံကရော ခုဘာတွေဖြစ်နေပြီလဲ ဘယ်သူတွေက ဘယ်လိုတွေလုပ်နေသလဲ သူတို့နေရာမှာ ငါဆိုရင်ရော ဘယ်လိုတွေလုပ်ဖြစ်မလဲပေါ့ ။ ကဲ သစ်စာဖတ်သူတွေရော စိတ်ရှုတ်သွားပြီမှတ်လား ဟုတ်တယ် သစ်ကိုယ်တိုင်တောင် အတော်ကိုစိတ်ရှုပ်မိတယ် ဒါတွေကမစဉ်းစားနေလို့လဲ မဖြစ်ပါဘူး ။ အဓိက အချက်ကတော့ အသက်ကြီးနေပြီဆိုတဲ့ သစ်မိဘအနားမှာ ပြန်နေသင့်ပြီဆိုတာပါပဲ ။ ဒီအချက်ကို အလေးပေးပြီးစဉ်းစားဖြစ်ပါတယ် ။ ဒီအချိန်မှာ ဒါကိုမစဉ်းစားရင် နောင်တဆိုတာမဖြစ်ချင်ဘူးလေ။

သစ်အသိုင်းအ၀ိုင်းမှာ အမေးများတဲ့မေးခွန်းတစ်ခုရှိပါတယ် ။ နင်ကျောင်းတက်တာ ဘာလုပ်ဖို့လဲတဲ့ ဒီကျောင်းတက်တာ ဒီမှာလုပ်မှဖြစ်မယ်ဆိုတာ အတော်ကိုမှားနေတဲ့အတွေးအခေါ်ပါပဲ ။ သစ်ကတော့ လောလောဆယ်ကိုယ်ပလန်ထားတာများနေတော့ ဘာဆိုတာလက်ဆုပ်လက်ကိုင်ပြောပြနိုင်တဲ့တစ်နေ့ အဲဒီမေးခွန်းကိုပြန်ဖြေဖို့စဉ်းစားထားပါတယ် ။ စိတ်ကိုအမြဲတက်ကြွရွှင်လန်းတဲ့သူဖြစ်အောင် ဂရုတစိုက်လေးကို နေထိုင်နေရပါတယ် ။ စိတ်ကစဖြစ်ပြီဆို သစ်သစ်ကကျန်းမာရေးပါ ထိခိုက်လာတတ်တယ်လေ ။ ခုနောက်ပိုင်းတော့ လူများအတွက်ကိုမျှတစွာမစဉ်းစားပဲ ကန့်လန့်လုပ်ချင်တဲ့စိတ်တွေ သိပ်များနေလို့ အတော်လေးလျှော့ချနေရပါတယ် ။

သူငယ်ချင်းတွေကို အတတ်နိုင်ဆုံး အဆင်ပြေအောင် ဆက်ဆံပါတယ် ။ သစ်ကသူငယ်ချင်းတအားများပါတယ် ။ ကျောင်းနေဖက်တွေ ဘလော့ဂါကနေခင်တဲ့သူငယ်ချင်းတွေ ငယ်သူငယ်ချင်းရယ် အွန်လိုင်းကသူငယ်ချင်းရယ် အားလုံးကိုအချိန်မျှအောင်ပေးဖို့ ကြိုးစားနေပါတယ် ။ နင်က ငါတို့ဆီဘယ်တော့မှမလာဘူးဆိုတဲ့ သူငယ်ချင်းလေးကိုလည်း နားလည်ပေးပါ မယ်လောဘဖြစ်နေလို့ပါလို့ တောင်းပန်ထားရပါတယ် ။ သူကပြောပါတယ် နင့်ကိုကြည့်လို့ကျောင်းတက်ဖို့ စိတ်ပျက်သွားပြီဆိုပဲ ။ ဒါကလည်း သစ်ကိုယ့်ဘာသာကွန်ထရိုးလုပ်တာညံ့လို့ သူငယ်ချင်းတွေဘက်ကို ပျက်ကွက်မိတာလေးပေါ့ ။ အတတ်နိုင်ဆုံး ဒီလိုမဖြစ်အောင် ကြိုးစားနေပါတယ် ။ နောက်တော့ သစ်ငယ်စဉ်ဘ၀ကနေ အသက်၃၀ပြည့်တဲ့အထိ ဘာတွေလုပ်လို့ ဘယ်လိုဖြတ်သန်းခဲ့တယ်ဆိုတာကို ပို့စ်လေးအပိုင်းတွေခွဲပြီးရေးဖို့ စဉ်းစားနေပါတယ် ။ ရေးဖို့အချိန်ရှိတုန်း ကြိုးစားမယ်စိတ်ကူးပါ ။ နောင်ဆိုတာမသေချာဘူးလေ သေချာတာကတော့ သစ်ပစ်ထားတာကြာပြီဖြစ်တဲ့ ဘလော့လေးကို အချိန်ပေးပြီး ပြန်ရေးတော့မယ်ဆိုတာပါပဲ ။ နောက်ပိုင်းအတ္တနဲ့လောဘတွေ သမမျှတမှုမရှိတဲ့ပို့စ်တွေဖတ်ရဦးမယ်ဆိုတာပါ အသိပေးရင်း စာပြန်ရေးဖို့ အားပြန်မွေးလိုက်ပါတယ် ။ အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေနော် ... ။

ဆက်ဖတ်ချင်သေးရင်...