Sunday, February 27, 2011

ဖြတ်သန်းခဲ့တဲ့ အင်ဂျင်နီယာဘဝ

အရွယ်တော်တစ်ဆိတ်ဟိုင်းလို့ ကိုယ်၃၀ပိုင်းကို ချဉ်းကပ်လာတာ ခုဆိုနီးကပ်လာပါပြီ ။ အိပ်မက်တွေကတော့ ခုထိအကောင်ထည်မဖော်နိုင်ခဲ့သေးပါဘူး ။ ဒီနေ့ နေ့လည်အိပ်စက်ရင်းအိပ်မက်တစ်ခု မက်ပါတယ် ငယ်စဉ်ကျောင်းသူဘ၀က မက်ခဲ့သလိုပါပဲ အင်ဂျင်နီယာမကြီး ဖြစ်လို့ပေါ့ ။ ရိုးရိုးတောင်မဟုတ်ဘူးနော် အတော်လေးကိုတော်တဲ့ အများကအားကျရတဲ့အင်ဂျင်နီယာမကြီးနော် အဟိ (အိပ်မက်တစ်ခုပါ)။ သစ်သူငယ်ချင်းတစ်ယောက်ကအမြဲပြောလေ့ရှိပါတယ် သစ်သစ်ရယ် ငါကနင်တို့လို အန်ချင်စရာကြီးမှ မဟုတ်တာတဲ့လေ ။ ဒီတော့ စဉ်းစားမိပါတယ် ဘာလို့များအင်ဂျင်နီယာ ဖြစ်လာပါလိမ့်ပေါ့နော် ။

ဟုတ်ပါတယ် သစ်သစ်အင်ဂျင်နီယာရယ်လို့ ဖြစ်လာတာ အဖေ့ရဲ့ဂိုက်လိုင်းကြောင့်ပါ ။ သူများတွေက ကလေးတွေက ဘာဖြစ်မယ်ဆိုတာ ဗီဇပြလေ့ရှိတယ်တဲ့ ဒါဆိုသစ်သစ်ဘာလုပ်တတ်ခဲ့လဲ ပြန်စဉ်းစားကြည့်တော့ ပုံတွေကိုခဲတံနဲ့ဆွဲတိုင်း ပုံပြင်ပြောတိုင်းကစားရင် ၂ထပ်အိမ်ဆွဲလေ့ရှိပါတယ် အမြဲထည့်လေးရှိပါတယ် လှေခါးတစ်ခု ဧည့်သည်ထိုင်ဖို့ ဧည့်ခန်းစားပွဲထိုင်ခုံ နောက်အပေါ်ထပ်တက်ဖို့ လှေခါးတစ်ခု နောက်အပေါ်ထပ်မှာ အခန်းဆိုတာမဖွဲ့တတ်ပါဘူး ကုတင်တစ်လုံးအမြဲဆွဲတယ် ဘုရားစင်ဆွဲလေ့ရှိတယ် ပြီးမှသာ ဒီအိမ်ကြီးမှာ ဘယ်သူကနေတယ်ဘာညာဆိုပြီး စပြောလေ့ရှိပါတယ် ။ ဒါကတချိန် အင်ဂျင်နီယာဖြစ်လာစေဖို့ အစပျိုးလေလားပေါ့နော် ။ သစ်တို့၁၀တန်းနှစ်ကတော့ ဆရာဝန်ဆိုတာ ပါးစပ်ဖျားကမချတတ်ပါဘူး ဆရာဝန်ပဲလုပ်မယ် ဘာညာပေါ့ ကြိုးစားသလားဆိုတော့လည်း ပုံမှန်ပါပဲ အညံ့ထဲမှာလည်းမပါသလို အတော်ဆုံးဆိုတာလဲ မဖြစ်ခဲ့ပါဘူး ။ အင်ဂျင်နီယာဆိုတာ စိတ်ကူးထဲတောင်မရှိခဲ့ပါဘူး ။

သစ်တို့၁၀တန်းအောင်တဲ့နှစ်က ပညာရေးစနစ်ပြောင်းတဲ့အချိန်လို့လည်း ပြောလို့ရပါတယ် ပလန်မရှိတဲ့အစီအစဉ်တွေအောက်မှာ ကျရာနေရာဝင်ကရင်း ဒီလိုဟိုမတတ်ဒီမတတ်ဘ၀ ရောက်ခဲ့တယ်လို့ပြောလည်းရပါတယ် ။ ဘာလုပ်ရင်ဘာဖြစ်မယ်ဆိုတဲ့ တိကျတဲ့မျှော်မှန်းချက်တွေလည်းမရှိပါဘူး ။ ဒီအတန်းမှာခရက်ဒစ်ဖြစ်ရင် ဘာဆက်တက်ရမယ် ဘာညာလည်းမရှိပါဘူး လုံးဝမရှိတာတော့မဟုတ်ပါဘူး ပလန်တော့ရှိတယ် ခေါ်ချင်လည်းခေါ်မယ် မခေါ်ချင်လည်းမခေါ်ဘူးဆိုတဲ့ မရေရာတဲ့ဘ၀ပါ ။ ၁၀တန်းအမှတ်နဲ့ ကျောင်းတက်ဖို့ထိုင်စောင့်ရပါတယ် ။ နိုင်ငံခြားမှာကျောင်းတက်ဖို့လည်း သစ်သစ်မိဘတွေကအဲ့လောက်အမြင်မကျယ်သလို ကျောင်းထားနိုင်လောက်အောင်လည်း ပိုက်ဆံမရှိပါဘူး ။ သင်တန်းတွေတက်ပါတယ် ကွန်ပျူတာသင်တန်း စပီကင်သင်တန်း ဒါကလည်းအတန်းကုန်ပါပဲ ။ တရုတ်စကားဘာညာတက်ဖို့ဆိုတာ စိတ်ကူးတောင်မရှိပါဘူး ။ ဆင်ခြေဖုံးရပ်ကွက်မှာနေတော့ ရပ်ကွက်ထဲက စာအုပ်ဆိုင်က ကာတွန်း ၀တ္ထု မဂ္ဂဇင်းလောက်ငှားဖတ်ရရင်ကိုယ်ပဲ အမြင်အတော်ကျယ်နေပါပြီ ။ သစ်အိမ်မှာ စာဖတ်ဆုံးက သစ်ပါပဲ စာအုပ်အရမ်းငှားဖတ်ပါတယ် ။ အစကတော့ ကာတွန်းလောက် ၀တ္ထုလောက်ပေါ့ နောက်ပိုင်းကျတော့ စာအုပ်ဆိုင်က ဦးလေးကြီးက သစ်ကိုလေသူရဲတစ်ဦးရဲ့စွန့်စားခန်းလို စာအုပ်မျိုး ဂျာနယ်ကျော်မမလေးရဲ့စာအုပ်တွေ အခြားနာမည်ကျော်တွေရဲ့ အတ္ထုပတ္တိတွေရေးတာတွေ ဖတ်တတ်လာအောင် သင်ကြားပေးလာခဲ့ပါတယ် ။ စာအုပ်ဘယ်လောက်ကြီးကြီး တစ်ထိုင်တည်းအပြတ်ဖတ်တတ်တဲ့ အကျင့်လည်းရခဲ့ပါတယ် ။ သစ်ဒီလိုတွေ ဖတ်နိုင်ပြုနိုင်အောင် အများဆုံးအထောက်အကူပြုသူက သစ်အဖေပါပဲ ။ နောက်ပိုင်း ဂျာနယ်တွေခေတ်စားလာတော့ ထွက်သမျှဂျာနယ်တွေဝယ်ဖတ်ပြီး အမြင်လည်းကျယ်လာခဲ့ပါတယ် ။

၁၀တန်းအောင်ကျောင်းပိတ်ရက် သစ်ကတော့ စာပေဘက်မှာပဲမွေ့လျော်ခဲ့တယ် ဆိုပါတော့ ။ ဒီလိုနဲ့ကျောင်းတက်ဖို့ကလည်း မခေါ်သေးတော့ ငယ်သူငယ်ချင်း ယုစံအစ်ကိုက ဂျီတီအိုင်လျှောက်ဖို့ တိုက်တွန်းခဲ့ပါတယ် ။ သစ်ကလည်းစိတ်မ၀င်စားဘူး တစ်အိမ်လုံးကလည်းစိတ်မ၀င်စားခဲ့ပါဘူး ဒါပေမယ့် သစ်အဖေက အားနေတဲ့အချိန်မှာ စိတ်မလေအောင်ရယ် ပညာရပ်တစ်ခုတတ်ထားလည်း တချိန်အသုံးဝင်မယ်ဆိုပြီး သမီးတက်ချင်တဲ့တက္ကသိုလ်ဖွင့်တဲ့အခါ ဂျီတီအိုင်ဆက်မတက်ပဲနားလိုက်ပါဆိုတဲ့ ကတိတစ်ခုနဲ့ civil တစ်ခုပဲရေးပြီးလျှောက်ခဲ့ပါတယ် ။ အင်းစိန်ဂျီတီအိုင်က သစ်တို့နဲ့နီးတော့ အဲဒီမှာတက်ရရင်ဖြင့်ဆိုပြီး သူငယ်ချင်း၃ယောက်လျှောက်ဖြစ်ခဲ့ပါတယ် ။ တစ်မေဂျာတည်းလျှောက်တော့ ပါရင်လည်းတက်မယ်မပါလည်း မတက်ဘူးပေါ့ တကယ်တော့ civil မေဂျာဆိုတာကိုလည်း နက်နက်နဲနဲ နားလည်ပြီးလျှောက်ခဲ့ခြင်းလည်းမဟုတ်ပါဘူး ။ မိန်းကလေးက civilနဲ့ကိုက်တယ်ဆိုတဲ့ အဖေ့ရဲ့ဆုံးဖြတ်ချက်နဲ့လျှောက်ခဲ့ခြင်း ဖြစ်ပါတယ် ။ တက်ခွင့်ရခဲ့ပါတယ် ဒါပေမယ့်မှော်ဘီမှာတက်ရမယ်တဲ့ အစကတော့ အဖေကနေ့စဉ်အဝေးကိုကားစီးပြီးတက်ရမယ်ဆိုတော့ မတက်နဲ့တော့ဆိုပြီး စိတ်မချလို့ပယ်ချခဲ့ပါတယ် ဒါပေမယ့် သူငယ်ချင်းအားလုံးကလည်း တက်ကြမယ်ဘာညာဆိုပြီး နေ့စဉ်အိမ်မှာလာပြီးဆွဲဆောင်တော့ တက်ဖြစ်ခဲ့ပါတယ် ။

ဒီလိုနဲ့ တီတံကိုကိုင်တဲ့ ဂျီတီအိုင်ကျောင်းသူဘ၀ကို သူငယ်ချင်းအသစ်တွေနဲ့ ပျော်ရွှင်စွာဖြတ်သန်းခဲ့ပါတယ် ။ နှစ်တိုင်းပုံမှန်ပဲဖြေဆိုခဲ့ပါတယ် ဂုဏ်ထူးများကလည်းပက်ပက်စက်စက်ထွက်ပါတယ် ဒါနဲ့ပဲ Btech တက်ခွင့်ရခဲ့တယ်ဆိုပါတော့ အဲ့မှာလမ်းကြောင်းတစ်ခုပေါ်လာခဲ့ပါတယ် စီးပွားရေးတက္ကသိုလ်ရွာသာကြီးမှာ ကျောင်းတက်ခွင့်ရပါတယ် ။ တက်မယ် ဘ၀တလျှောက်လုံးတက်ချင်လွန်းတဲ့ တက္ကသိုလ်ရအောင်တက်မယ် ဖြစ်အောင်တက်မယ် စိတ်တွေကလည်းအရမ်းတက်ကြွတယ် ကိုယ်လိုပဲ၂လိုင်းတက်တဲ့သူတွေလည်း ရှိတော့ ၂ဘက်လုံးကိုနိုင်အောင် ကြိုးပမ်းအားထုတ်ခဲ့ပါတယ် ။ ပြီးတော့ Btech ပြီးရင် ဘွဲ့ကပေးမပေးဆိုတာလည်းမသိသလို BEကိုဆက်ခေါ်မခေါ်ကလည်း မသေချာခဲ့ဘူးလေ ။ အစမ်းသပ်ခံပညာရေးနယ်ပယ်မှာ ကျင်လည်ခဲ့ရတဲ့အတွေ့အကြုံတစ်ခုပေါ့နော် ။ အခြားသူငယ်ချင်းတွေကတော့ အဝေးသင်တွေတက်ကြပြီး ဘွဲ့ယူကြပါတယ် ။ သစ်ကအဝေးသင်ကလည်းမတက်ချင်ဘူးလေ ဒါနဲ့ပဲ စီးပွားရေးတက္ကသိုလ်ကို ပထမနှစ်ပြီးသည်အထိ ဆက်တက်ခဲ့ပါတယ် ။ ရွာသားကြီးနဲ့မှော်ဘီ တောင်နဲ့မြောက်ကို ဖြစ်အောင်ကျောင်းတက်ခဲ့တဲ့ သစ်ကိုအဖေက ကြည့်ရတာကြာလာတော့ တစ်လိုင်းလိုင်းကိုရွေးချယ်ဖို့ ပြောခဲ့ပါတယ် ။ သစ်ကရတယ် တက်မယ်ဖြစ်တယ်ဆိုပြီး ဆက်တက်ခဲ့ပါတယ် ။ ဒီလိုနဲ့ Btech ပြီးတော့ BEဆက်တက်ခွင့်ရခဲ့ပါတယ် ။ တကယ်ကိုအဆင့်ဆင့် မရေမရာနဲ့ဖြတ်သန်းခဲ့ရတာပါ ။ အဲဒီအချိန်ရောက်မှ ဘွဲ့ရမယ်ဆိုတာသေချာတော့ အဖေက တခုကိုအပြီးတိုင်ဖြတ်ဖို့ နေ့စဉ်တွန်းအားပေးခဲ့ပါတယ် ။ အီကို ဒုတိယနှစ်မှာ စာတွေကလည်းများလာသလို ၂ကျောင်းတက်တာသိရင် ဘယ်ကျောင်းဘက်ကမှဘွဲ့မပေးဘူးဆိုပြီး သတင်းတွေထွက်လာခဲ့ပါတယ် ။ လူကလည်းတအားပင်ပန်းလာသိလို ၂ဘက်စလုံးမှာ ထူးချွန်အောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်သလို ယူထားတဲ့၂လိုင်းလုံးက ဆက်စပ်မှုမရှိတဲ့မေဂျာတွေဖြစ်နေတော့ နောက်ဆုံးမှာအီကိုကနေ အတန်းနားဖို့စီစဉ်ခဲ့ပါတယ် ၂နှစ်အတွင်းစိတ်ရှိရင် ပြန်တက်လို့ရအောင်လုပ်ခဲ့ပါတယ် ။ ဒီလိုနဲ့ စီးပွားရေးပညာရပ်က သစ်သစ်ဆီမှာ တစ်ခန်းရပ်ခဲ့ပါတယ် ။

ကျောင်းပြီးတော့ နောက်ထပ်ပြသနာတစ်ခုတက်လာခဲ့ပါတယ် ဘယ်သူကတော့ ဘယ်သူ့အကပ်နဲ့ ဘယ်မှာအလုပ်ဝင်မယ်ပေါ့ ဘယ်သူကတော့ ဘယ်တံတားဆောက်တဲ့နေရာမှာ ၀င်မယ်ပေါ့ ဘယ်သူကပြောပေးတာပေါ့ ဘာညာတွေစလာခဲ့ပါတယ် ။ ကိုယ့်အမျိုးမှာလည်း အင်ဂျင်နီယာဆိုတာ မူးလို့ရှုစရာတောင်မရှိခဲ့ဘူး လမ်းကြောင်းဆိုတာလည်းမသိခဲ့ဘူး ကျရာနေရာမှာ တာဝန်ထမ်းဆောင်ဖို့ အစိုးရအလုပ်လုပ်ရင်လည်း နယ်စပ်တွေက ဆောက်လုပ်ရေးလမ်းတံတားတွေကို လွှတ်မယ် အမြဲတမ်းခန့်မဟုတ်ပဲ နေ့စားဘ၀နဲ့နှစ်ရှည်လုပ်ရမယ် ဘာညာတွေနဲ့ ရွေးချယ်စရာများတဲ့ လမ်းဆုံလမ်းခွကို သစ်သစ်ထပ်ရောက်ခဲ့တယ်ဆိုပါတော့ ။

ဒါနဲ့အပြင်အလုပ်တွေမှာလုပ်ဖို့ စီဗီဖောင်လေးကိုင်လို့ တရုံးဝင်တရုံးထွက် အလုပ်လျှောက်ခဲ့ရပါတယ် ။ အသစ်ဆိုတော့ ခန့်ချင်တဲ့သူမရှိသလို ဘာမှမတတ်တော့သင်ပေးမယ့်သူလည်းမရှိခဲ့ပါဘူး ။ ၀ါဝါ၀င်း ရွှေသံလွင် အစုံပါပဲ စီဗီဖောင်လေးလိုက်တင်ရတာပါ ။ စိတ်ဓါတ်တွေကလည်းကျသလို မိဘကိုပြန်ထောက်ပံ့ဖို့မဆိုထားနဲ့ ကိုယ့်ဘ၀ကိုရပ်တည်ဖို့တောင် အလုပ်တစ်ခုရဖို့ ခက်ခဲခဲ့ပါတယ် ။ ဒီလိုနဲ့နောင်တစ်ချိန်မှာ ဆရာရင်းဖြစ်လာမယ့် ဆရာဦးစိုးနိုင်ဆီမှာ သင်တန်းသွားတက်ရင်း အင်ဂျင်နီယာတစ်ယောက် သိသင့်တဲ့တတ်သင့်တဲ့ ပညာရပ်တွေကို ဆရာစားမချန်သင်ပေးရင်း တပည့်ရင်းတစ်ယောက်အဖြစ် စင်္ကာပူထွက်မလာခင်အချိန်ထိ အလုပ်ဝင်လုပ်ခဲ့ပါတယ် ။

သစ်သစ်ကို အင်ဂျင်နီယာဆိုတဲ့ဘ၀မှာ ပျော်မွေ့လာအောင် စိတ်ဝင်စားလာအောင် လက်တွေ့လုပ်ငန်းခွင်ကို တွန်းပို့ပေးခဲ့တာကတော့ ဆရာပါ ။ အင်ဂျင်နီယာတစ်ယောက်ရဲ့တန်ဖိုးကို မြင်တတ်လာအောင် လမ်းပြခဲ့ပါတယ် ။ ကျောင်းတက်တုန်းကသင်ကြားပေးလိုက်တဲ့ ပညာရပ်တွေကို လက်တွေ့မှာဘယ်လိုအသုံးချဖို့ လမ်းပြပေးခဲ့တာကတော့ ဆရာဦးစိုးနိုင်ပါပဲ ။ ဘယ်တော့မှ ဆရာ့ကျေးဇူးတွေက ဆပ်လို့မကုန်သလို ဘယ်လိုမျိုးတွေကို ဘယ်လိုလေ့လာရင်း လက်တွေ့မှာဘယ်လိုလုပ်ရတယ်ဆိုတာပါ သင်ကြားပေးရင်းနဲ့ သစ်သစ်တစ်ယောက် အင်ဂျင်နီယာဘာသာရပ်ကို သင်ကြားတတ်မြောက်ခွင့် ရခဲ့တာကို ဂုဏ်ယူတတ်လာသလို သိချင်မြင်ချင်စွန့်စားချင်စိတ်တွေ ဖြစ်ခဲ့ပါတယ် ။ ဘာပဲဖြစ်ဖြစ် သစ်ဒီလိုခြေနေနဲ့ နေရာလေးတစ်ခုရအောင် ထမင်းစားလက်မှတ်ပိုင်ဆိုင်ခွင့်လမ်းကြောင်းချပေးတဲ့ မွေးသဖခင်ကျေးဇူးရှင်ဖေဖေရော ကျောင်းတုန်းကတတ်သည့်ပညာမချန်ပဲ ကြိုးစားသင်ကြားပေးခဲ့သော ဆရာ ၊ ဆရာမများရော စာတွေ့လက်တွေ့ကို တထပ်တည်းကျအောင် ပြသပေးခဲ့သော ဆရာဦးစိုးနိုင်တို့ရဲ့ ကျေးဇူးကြောင့် အင်ဂျင်နီယာလောကထဲကို ရောက်လာခဲ့ပါတယ် ။ ထပ်ပြီးတော့လည်းအခွင့်ရှိသေးရင် ထပ်ဆင့်သင်တန်းတွေတက်ပြီး ကိုယ်တတ်ထားတဲ့ပညာလည်းမပျောက်ပျက်အောင် တိုးတက်အောင်မွမ်းမံပါ့မယ်လို့ ဆန္ဒပြုရင်း ဖြတ်သန်းခဲ့တဲ့ အင်ဂျင်နီယာဘ၀ဆိုတဲ့ စာလေးတစ်ပုဒ်ကို ရင်ထဲရှိတဲ့အတိုင်းချရေးလိုက်ပါတယ် ။

4 comments:

  1. ရင်ထဲရှိတဲ့အတိုင်းချရေးတာကို
    ရင်ဘတ်နဲ့ဖတ်သွားတယ်
    ထော

    ReplyDelete
  2. 27 Feb 11, 10:49 PM
    RITA: ဂုဏ်ထူးများကလည်းပက်ပက်စက်စက်ထွက်ပါတယ် )) :smile:

    ReplyDelete
  3. ဖတ်သွားကြောင်းးး စ်
    ဖြတ်သန်းခဲ့တဲ့ အင်ဂျင်နီယာဘဝဆို ကျန်သေးတယ်လေ စင်္ကာပူမှာလုပ်တဲ့အကြောင်းတွေ.. အိမ်သာခွက်နဲ့ လက်ဆေးဘေးစင်မှားဆွဲမိတာတို့ အမျိုးသားအိမ်သာခွက်ဆွဲဖို့ အိမ်သာကို သွားချောင်းကြည့်ရတာတို့...တို့

    ReplyDelete
  4. ငနာမျိုး ငါ့လျှို့ဝှက်ချက်တွေဖော်သွားတယ် ကတောက်

    ReplyDelete