Friday, October 9, 2009

ဂျင်ဆမ်းပိုးရဲ့ စာတစ်စောင်

မမ၀ါ တို့ ၊ ကိုရန်အောင်တို့ ၊ ရွာသား တို့က ဦးဆောင်ပြီး ကထိန်အလှူတစ်ခု လုပ်မယ်ဆိုတော့ သစ်သစ်တို့လည်း ပါဝင်ချင်ကြတယ်လေ ။ ဒါနဲ့ပဲ ဂျီတော့ထဲမှာလည်းခင် အပြင်မှာလည်း ခင်ကြတဲ့ ဒီ၆ယောက်စုပြီး လှူဖြစ်ခြင်းက ဒီစာလေးတစ်စောင် ဖြစ်လာမယ့် အစဦးလေး ဖြစ်ခဲ့ရပါတယ် ။ လှူမယ်တန်းမယ်ဆိုတော့လည်း ၆ယောက်သားမြန်မြန်ပဲ စုလိုက်လှူလိုက်ကြတယ်လေ ။ သူများတွေက ငွေလွှဲလိုက်ကြောင်းကို ရိုးရှင်းစွာမေးလ်တွေပို့ပြီး အသိပေးကြတဲ့ထဲမှာ ဒီတစ်စောင်ကတော့ ပို့စ်တစ်ပုဒ်ရေးရလောက်အောင်ကို ဖတ်သူတိုင်းမရယ်ရမနေနိုင်တဲ့ စာတစ်စောင်ဖြစ်ခဲ့တယ်လေ ။ ပိုးဆိုတဲ့ မဒီကညာကတော့ သစ်သစ်ပို့စ်တိုင်းမှာ ပင်တိုင်ကွန်မန့်တွေပေးနေကြ ကိုရီးယားမင်းသမီးရူး အဲလေ....မင်းသမီးချောလေး မေဖလားဝါးပိုး ဖြစ်ပါတယ် ။ သူဟာဆိုရင် ခုတလော အလုပ်တော်တော်မအားသဖြင့် ဘယ်ကိုမှစာသွားမဖတ်နိုင်တဲ့တစ်ယောက် ဖြစ်ပါတယ် ။ အလှူဖြစ်မြောက်တယ်လည်း သိရော တတ်သည့်ပညာမနေသာဆိုသလို အောက်ပါစာတမ်းရှည်တစ်စောင်ကို ဒီမနက်မှာ အမြန်ချောပို့နဲ့ ပို့လိုက်တော့ သူ့ကွန်မန့်တွေကို စောင့်မျှော်နေကြတဲ့ ပရိတ်သတ်ကြီးအတွက် ထူးထူးခြားခြားတင်ဆက်လိုက်ခြင်း ဖြစ်ပါတယ် ။


သီတင်းကျွတ် အခါသမယမှာ
သူငယ်ချင်းအပေါင်း မင်္ဂလာဆောင်နိုင်ကြပါစေ (အဲလေ) မင်္ဂလာအပေါင်းနဲ့  ခညောင်းကြပါစေလို့  ဦးစွာ ပထမ နံပါတ် ၁ နှုတ်ခွန်းဆက်သ လိုက်ပါတယ်

နိဗ္မာန်အကျိုးမျှော် နိုးဆော်သူက အာခိမိဒိနိယာမကို မှန်ကန်ကြောင်းလက်တွေ့ သက်သေပြတဲ့ အလွန်ဝတဲ့ (အဲလေ) အလွန်လှတဲ့ ချစ်စရာ့ မဒီကညာ ဒေါ်ရွှေသစ်

နိဗ္မာန်အကျိုးတွင်မက နောင်သံသရာအတွက်ပါ အကျိုးမျှော်ကာ လှူဒါန်းကုသိုလ်ဒါနပါဝင်သူ ချစ်စရာ့ ချောကလျာ မဒီကညာများကတော့ဖြင့်

ကြားရင်ဖြင့် ဖျော်သောက်ချင်စရာ အပြင်မှာတော့ ချစ်စရာ လောလောဆယ်မှာတော့ ဘလော့ဂါဘုံပျောက် ထောပတ်သီး ဟု တွင်ခေါ် မဒီကညာ ချောကလျာ ကျု့ ကလေး

ကင်မလာတခု အရင်းပြု စလုံးမှ ငှက်မော်ဒယ်များရဲ့  ကျေးဇူးရှင် လူတကာ ဘာပုံလဲ မေးယူရအောင် ဖုန်းထဲမှာ ပုံဆွဲတော်တဲ့ နှင်းချစ်တဲ့ မဒီကညာ ချောကလျာ ဗစ်

ကိုကိုမောင်ရီတာ ဆိုတာနဲ့  ပိတ်သတ်ကို သစ်ကုလားအုပ်ဖြစ်အောင်လုပ်ပြီး ဂျူး ကြည်အေးတို့ နဲ့  ကိုင်ပေါက်တတ်တဲ့ တည်ငြိမ်အေးဆေးပါတဲ့ ချောကလျာ မဒီကညာကတော့ဖြင့် ရီတာ

နှလုံးသားရပ်ဝန်းမှာ အခြေပြု မမနဲ့  JDစီဘောက်ပါမချန် ၀င်မွှေကာ ဘလော့ဂါတွင်မက စာဖတ်သူအချင်းချင်းကိုပါ ခင်မင်ရင်းနှီးပါတဲ့ မီးမီးကလျာ မဒီကညာကတော့ဖြင့် ညည ပါ ခင်ဗျာ

အဟမ်းအဟမ်း အဟမ်းးးးးးးး (လည်ချောင်းရှင်းသံ)
ဗစ်တိုရီယားကိုယ်လုံး အွန်စောခြေထောက်ကလေးနဲ့  ဂျပန်မော်ဒယ်ဆံပင်ပုံစံလေးတခါခါ ချစ်ဖွယ်ပီယ၀ါစာ အရေးအသားလေးတွေနဲ့  စိတ်ကူးအသစ်များရဲ့  ပင်တိုင်စံ သမီးငယ် ချောကလျာ မဒီကညာ မေပျိုလေးကတော့ဖြင့် မျက်နှာမြင် နှာနပ်ယူရပါတဲ့ အသံကြား ဂွမ်းဆို့ ထားချင်မိပါတယ်ဆိုတဲ့ ဆုတောင်းနဲ့ ပြည့်စုံပါတဲ့ ပန်းတွေတောင် ထိုင်ငိုတဲ့ လူတကာချဉ်တဲ့ (အဲလေ) ချစ်တဲ့ မေပန်းပွင့်


အထက်ပါ ပန်းတွေတောင် ထိုင်ငိုတဲ့ ချောကလျာ မဒီကညာ မေပျို ၆ ယောက်က သဒ္ဒါထက်သန် လှူဒါန်းတာကတော့ဖြင့် မြင့်မြတ်လှတဲ့ ကထိန်သင်္ကန်း

ထိုထိုအလှူအကြောင်းပြု ယနေ့ ယခု မင်္ဂလာ အခါသမယ ကောင်းခြင်းတွေနဲ့ ပြည့်စုံသော (ရုံးပိတ်ရက်နီးလို့ )သောကြာနေ့ မှာ အလှူငွေကို လှူဒါန်းသောအားဖြင့် ခေတ်မှီမှီ အိုင်ဘဏ့်ကင်းကို အသုံးပြု၍ လှူဒါန်းပြီးဖြစ်ပါကြောင်း မေပျိုကညာများအား အသိပေး သတင်းကောင်း ပါးအပ်ကြောင်းးးးးးးးးးးးးးးးးးးးးး သစ် ဟောင်းလောင်း (နားပေါက်)


ခင်မင်ရင်းနှီးစွာဖြင့်

မဒီကညာ မေပျိုတယောက်


သည်းခံပြီးဖတ်ကာ လိုအပ်သလို ပြစ်ပြစ်နှစ်နှစ် ကွန်မန့်များပေးကာ ဝေဖန်သွားနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေရှင်....း) ။

ဆက်ဖတ်ချင်သေးရင်...

Wednesday, October 7, 2009

အောက်တိုဘာ

အောက်တိုဘာ က မမေ့နိုင်စရာတွေ များတဲ့လလေးတစ်ခုပဲ ။ သစ်သစ် အောက်တိုဘာဆိုတဲ့လလေးကိုချစ်တယ် ။ သူက သစ်ကိုကောင်းခြင်းဆိုသော အရာများကို ဖန်တီးပေးတတ်တယ် ။ အောက်တိုဘာရောက်ရင် သစ်ပျော်နေတတ်တယ် ။ မြန်မာပြည်တုန်းကဆိုရင်တော့ ပလန်တွေချပြီး အောက်တိုဘာမှာ လုပ်လေ့ရှိတယ် ။

အောက်တိုဘာက သစ်ကို အစ်ကိုတစ်ယောက်နဲ့ စတင်သိရှိခွင့်ပေးခဲ့တယ် ။ လာခြင်းကောင်းတဲ့အစ်ကိုနဲ့ သစ် ခုထက်ထိတွဲလက်တွေ မြဲနေခဲ့တယ် ။ ဖြူစင်တဲ့ချစ်ခြင်းတွေနဲ့ အရာများစွာသီကုံးခဲ့တယ် ။ ဒီပို့စ်လေးက အစ်ကိုနဲ့တွေ့ဆုံပေးခဲ့တဲ့ နေ့ရက်တွေ အမှတ်တရပေါ့ ။ ပြီးတော့ လာခြင်းကောင်းတဲ့ အောက်တိုဘာအမှတ်တရလည်း ဖြစ်တယ်လေ ။ ညီမလေး ကြာရှည်စွာခိုင်မြဲချင်ရင် ဖြူစင်ကြမယ်လေတဲ့ ။ သိပ်ကိုလှတဲ့စာသားလေးပါ ။ ခုဆို သစ် တို့ တွေ့ရမယ့်ရက်တွေ နီးလာပြီ အပြင်ဘက်မှာ မသိသလိုနေခဲ့ပေမယ့် လက်ချိုးရေတွက်နေတာ ယုံမယ်ထင်တယ် ။ မှန်တယ် မှားတယ် လမ်းကြောင်းတွေကို ရွေးချယ်ခွင့်ပေးခဲ့တယ် ။ ကျေးဇူးတင်ပါတယ် အောက်တိုဘာရယ်....။

နောက်တစ်ခုကတော့ သစ်ဘ၀ရဲ့အလေးစားရဆုံး ဆရာ့မွေးနေ့ကလည်း အောက်တိုဘာ ၁၇ပဲလေ ။ မွေးနေ့တိုင်းဆရာ့ကို ကန်တော့ပြီး ညဘက်ဆရာက သစ်တို့ကိုအပြင်မှာ လိုက်ပြီးကျွေးခဲ့တာတွေ ညဘက်ဆရာ့အိမ်မှာပဲ အိပ်ကြပြီးကျွတ်ကျွတ်ညံအောင် ပြောခဲ့ကြတာ အောက်တိုဘာပဲလေ ...။ ဆရာ့ကိုလည်း ဒီပို့စ်လေးနဲ့ အရင်ဦးဆုံး ရှိခိုးကန်တော့လိုက်ပါတယ် ဆရာ.....။

နောက်အောက်တိုဘာမှာ သစ် အဖေ နဲ့ အမေ လက်ထက်တဲ့ နေ့ထူးနေ့မြတ်လေးလည်း ရှိနေသေးတယ်လေ ။ တာဝန်တွေနဲ့ အမြဲလိုလို ရှေ့တန်းရောက်နေတဲ့ အဖေ နဲ့ ကိုယ့်မြို့လေးမှာ ကျောင်းဆရာမလေး ပြန်လုပ်တဲ့ အမေ တို့ဇာတ်လမ်းကလည်း အောက်တိုဘာမှာပဲ စခဲ့တယ်လို့သိခဲ့ရတယ် ။ စိတ်ကူးတွေကွန့်မြူးခဲ့တဲ့ အောက်တိုဘာ အတွေးသစ်တွေပေးတတ်တဲ့ အောက်တိုဘာ ကိုယ်မင်းကို သိပ်ချစ်တယ်ကွယ် ။

ဆက်ဖတ်ချင်သေးရင်...

Monday, October 5, 2009

ဖိတ်စာ

သစ် ဒီရက်ပိုင်းတွေ ပို့စ်ရေးဖို့အချိန်မရှိလောက်အောင် ဖြစ်နေရတာ သူလေးကြောင့်ပေါ့ ။ သစ်သစ် ချစ်ရတဲ့ မမ မင်္ဂလာဆောင်မယ်လေ ။ ဒါကြောင့်လည်း လုပ်စရာတွေကများ သစ်မမကိုယ်တိုင်ကလည်း စိတ်လှုပ်ရှားနေပုံပဲလေ ။ ဘာပဲဖြစ်ဖြစ် မမပြီးရင်တော့.........



စိတ်လှုပ်ရှားစရာ ဖိတ်စာလေး


ကီးချိန်းလေးနဲ့တွဲလို့ပေါ့


ထိုနေ့တွင်ကျရောက်သော မင်္ဂလာရက်မြတ်မှသည် သေတပန် သက်တစ်ဆုံး ချစ်စဖွယ်ကောင်းသော သား သမီးများပိုင်ဆိုင်ပြီး ပျော်ရွှင်ဖွယ်ကောင်းသော ဘ၀လေးပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။



ဆက်ဖတ်ချင်သေးရင်...

Saturday, October 3, 2009

ဒီအပတ်စားဖြစ်တဲ့အသုတ်

ဒီနေ့ မနက်လပြည့်နေ့ဆိုတော့ စောစောစီးစီးလေ အိပ်ယာထပြီး အိမ်ကိုဖုန်းဆက်ပါတယ် ။ နောက်တော့ ကောင်းသူမကောင်းသူအားလုံးကို အမျှဝေပြီး ဒီပိတ်ရက်ဘာလုပ်စားရင်ကောင်းမလဲ စစဉ်းစားလိုက်ပါတယ် ။ ပြီးခဲ့တဲ့အပတ်တွေကလည်း သိပ်ပြီးဖွယ်ဖွယ်ရာရာမလုပ်စားဖြစ်ဘူးလေ ။ အိမ်မှာနေတဲ့အတူစားနေကျ အမကလည်းဒီလ မင်္ဂလာပြန်ဆောင်မှာဆိုတော့ အလုပ်တွေက ရှုတ်နေတယ်လေ ။ ချက်ရင်လည်း တစ်ယောက်တည်းဆိုတော့ ချက်ရမှာပျင်းနေတာပေါ့နော် ။

ဒါနဲ့ အသုပ်စုံချဉ်ငံစပ်လေး လုပ်စားမယ်စဉ်းစားလိုက်တယ် ။ ပထမဆုံးအာလူးလေးတွေ ပြုတ်ထားလိုက်တယ် ။ ပြီးတာနဲ့ ပဲပြားကြော်ဖို့ အဆင်သင့်ပြင်ထားလိုက်တယ် ။ အာလူးကျက်ခါနီးတော့ ကြက်ဥ၂လုံးထည့်ပြုတ်လိုက်သေးတယ် ။ နောက်တော့ ဆီအိုးကိုတင်ပြီး ပဲပြားကြော်လိုက်တယ် ။ ပဲပြားကြော်တော့ နည်းနည်းကြာတယ်လေ ဒါကြောင့်ညနေစာအတွက် တစ်ခါတည်းပြင်ဆင်လိုက်တယ် ။ ၀က်သားကြိတ်သားလေး ကို ဂျင်း ၊ ကြက်သွန်ဖြူ တို့နဲ့ ရောနယ်ပြီး နီရဲလာအောင်ကြော်ဖို့ ကြိုတင်လုပ်ထားလိုက်တယ် ။ ပဲပြားကြော်လည်းရရော ဆက်ပြီးဝက်သားလုံးလေးတွေကြော်လိုက်တယ် ။ ကျက်သွားတော့မှ အသင့်ခရမ်းချဉ်သီးအနှစ်လေးတွေနဲ့ ရောလိုက်ပြီး နောက်ဆုံးနံနံပင်လေး အုပ်လိုက်တယ်လေ ..။ ညနေစာပါ တစ်ခါတည်း ပြီးသွားခဲ့တယ်လေ ။

နောက်တော့ ဂေါ်ဖီ ၊ သခွားသီး ၊ နံနံပင်လေးတွေကို လှီးလိုက်တယ် ။ ပဲပင်ပေါက်ကိုရေနွေးပူလေးနဲ့ ဖျောလိုက်တယ် ပြီးတော့ အာလူးလေးတွေ လှီးပြီး ပဲပြားကြော်ကိုတော့ ကတ်ကြေးလေးနဲ့ အလောတော်လေး ညှပ်လိုက်တယ် ။ ခေါက်ဆွဲ ၊ ကြာဇံတွေကိုလည်း ရေနွေးလေးနဲ့ ခဏနှပ်လိုက်တယ် ။ မကျီးရည်ပျစ်ပျစ်လေးရအောင်လည်း ရေနွေးပူလေးနဲ့စိမ်ထားလိုက်တယ် ။ နောက် ပဲမှုန့် ၊ ငရုပ်သီးမှုန့် ၊ ဆီကျက် ၊ ငံပြာရည်တွေနဲ့ သုတ်ဖို့အဆင်သင့် ဖြစ်နေပြီလေ ...။

ချဉ်စပ်လေးနဲ့တွဲဖက်စားဖို့ ဟင်းရည်ပူပူလေး ချက်ဖို့မေ့နေတယ်ကွယ် ။ ဒါကြောင့် မုန့်တီရည်တစ်ထုပ်ကို တည်လိုက်ပြီး ဂေါ်ဖီလေးတွေပစ်ထည့်ကာ အပေါ့အငံပြင်ပြီး မြန်မြန်လေးချက်လိုက်တယ် ။ ငရုပ်ကောင်းနံ့သင်းနေတဲ့ ဟင်းရည်ပူလေးရတော့ ကိုယ်လုပ်ရမယ့်အရာအားလုံး ပြီးဆုံးသွားပြီလေ ။ ဒါနဲ့မစားခင် တစ်ယောက်သောသူအတွက် ဓါတ်ပုံရိုက်လိုက်တယ် ။ သူကအသုတ်အရမ်းကြိုက်တာ ကိုယ်သိတယ်လေ ။ နောက်ကျရင် သူ့ကိုလုပ်ပေးရမယ်လို့ ခဏခဏ တောင်းဆိုတတ်လို့ ခုတော့ဓါတ်ပုံလေးနဲ့ပဲ လုပ်ကျွေးလိုက်တယ်နော် ။ ပုံတွေမြင်ရင်စိတ်တိုဦးမှာ မြင်ယောင်မိသေးတယ်ကွယ် ။ တကယ်တော့အသုတ်စုံက လုပ်ရတာအမယ်များပေမယ့် ဟင်းချက်ဝါသနာပါတဲ့သူတွေအတွက် အပျင်းလည်းပြေတဲ့ လုပ်စားချင်ဖွယ် စားစရာတစ်မျိုးပါပဲကွယ် ..။


အဆာပလာအစုံအလင်


ခေါက်ဆွဲ၊ကြာဇံ အသင့်ကွယ်


ဟင်းခါးပူပူလေးပေါ့



ဒါလေးကတော့ ညနေစာလေးပါ


ဆက်ဖတ်ချင်သေးရင်...

Thursday, October 1, 2009

၂၀၀၇ ခရီးစဉ် ၃

ဒီလိုနဲ့ ပြင်ဦးလွင်ကနေ တောင်လျှောက် စစ်ကိုင်းကိုဆင်းလာလိုက်တာ ကားပေါ်မှာလည်း ကာရာအိုကေ ဗွီဒီယိုခွေမျိုးစုံကိုလည်းပြလို့ လူတွေကလည်းတစ်ကားလုံး သိပြီးခင်မင်လာကြတော့ တစ်ကားလုံးပေါက်ပေါက်ဖောက်သလိုပါပဲလေ ။ တစ်ယောက်ကိုတစ်ယောက် ကူညီရိုင်းပင်းတတ်တာလည်း မြန်မာတို့ရဲ့အလေ့အထဆိုသည့်အတိုင်း မောင်နှမတွေသဖွယ် စလိုက်နောက်လိုက် ပျော်စရာတကယ်ကောင်းပါတယ် ။ ဒီလိုအချိန်လေးတွေက ငွေနဲ့ပြန်ဝယ်လို့မရတာ တကယ်မှန်ပါတယ် ။


စစ်ကိုင်းကို ရောက်တာနဲ့ဂိုက်ကို မင်းကွန်းကိုသွားဖို့ ကားများစီစဉ်ပေးပါတယ် ။ သစ်သစ် ဘ၀မှာဓါတ်ပုံတွေသာ မြင်ဘူးခဲ့သော မင်းကွန်းက မြသိန်းတန်စေတီ ၊ ပြိုမကျသေးတဲ့ မင်းကွန်းခေါင်းလောင်းကြီး ၊ မင်းကွန်းဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့သောနေရာ ၊ မြစ်ကမ်းနဖူးနားက ပုထိုးတော်ကြီး အိုးးးး နေရာတွေကိုအစုံပါပဲ ။ နားလိုက် သွားလိုက်နဲ့ လူကပင်ပမ်းတယ်လို့တောင် မထင်ရပါဘူး ။ စစ်ကိုင်းကိုပြန်ရောက်တော့လည်း ထမင်းစားပြီးတာနဲ့ စစ်ကိုင်းတောင်ရိုးတစ်ကြောလုံးကို ဒိုင်နာကားတွေနဲ့ တက်ပြီးဖူးကြတာ တောင်တက်တောင်ဆင်း တော်တော်ကိုအသည်းယားစရာကောင်းပါတယ် ။ ဇရပ်လေးများစွာကို တွေ့ခဲ့ရပြီး တကယ်အေးချမ်းတဲ့အရပ်ဒေသလေးပါ ။ ဂိုက်ဦးလေးကြီးက ပြောပါတယ် နင်တို့တွေယောက်ျားမယူရင် ဒီမှာကြိုတင်ဝယ်ထားလို့တောင် စနေသေးတယ် ။ ဒီစာရေးတဲ့အချိန်မှာ သွားခဲ့တာ ၂နှစ်ကျော်နေပေမယ့် ဂိုက်ဦးလေးကြီးပြောခဲ့တဲ့ ဟာသတွေက စာရေးဖို့လမ်းစလေးတွေ ဖြစ်ခဲ့ပါတယ် ။


ဒီလိုနဲ့ သစ်တို့ရဲ့နောက်ဆုံး ခရီးစဉ်ဖြစ်တဲ့ မုံရွာကိုဆက်ပြီး ချီတက်ကြပြန်ပါတယ် ။ မုံရွာကညကတော့ တကယ်ကိုမမေ့နိုင်တဲ့ညလေးပါပဲ ။ တည်းရတဲ့နေရာကလည်း နာရီစင်နားမှာ ဆိုတော့မြို့လည်ခေါင်ကြီးပါ အရမ်းစည်ကားပါတယ် ။ ညနေဘက်ရောက်ပြီး တည်းတဲ့နေရာနားက ဘုရားကြီးကိုသွားဖူးကြပြီး ရင်ပြင်ပေါ်မှာစကားတွေ ထိုင်ပြောကြပါတယ် ။ နောက်တော့ညဘက်ကြီး အကြော်ဆိုင်ထိုင်ပြီး မပြန်ချင်ကြဘူးလေ နောက်နေ့ညနေဆို ရန်ကုန်တိုက်ရိုက်ပြန်မှာဆိုတော့ အားလုံးရဲ့ရင်ထဲမှာ တစ်မျိုးကြီးဖြစ်နေကြတယ်လေ ။ နောက်နေ့မုံရွာဈေးမှာ ဈေးတွေဝယ်ကြနဲ့ ပြန်မဲ့အချိန်ကိုနီးကပ်လာခဲ့တယ်လေ ။ မိုးညှင်းသံဗ္ဗုဓေ ၊ ဗောဓိတစ်ထောင် ၊ ကောင်းမှုတော်ဘုရား စသဖြင့် တန်ခိုးကြီးဘုရားမျိုးစုံကိုဖူးခဲ့တာတော့ အသေးစိတ်မရေးနိုင်တော့ပါဘူး ။ သစ်သစ်မမှတ်မိတော့လို့ပါ ဘုရားအမည်ရေးရာတွင် စာလုံးပေါင်းမှားခဲ့ရင်လည်း ခွင့်လွှတ်ပေးစေချင်ပါတယ် ။ သစ်သစ်များခရီးသွားလိုက်တာ အိမ်ကိုတော်တော်သတိရပါတယ် ။ ကောင်းမှုတော်စေတီရောက်မှ နောက်နေ့မနက်ရန်ကုန်ရောက်မယ် လာကြိုဖို့ဖုန်းဆက်တယ်လေ ....ဟိဟိ ။ ရန်ကုန်ရောက်ခါနီး အင်းတကော်ရောက်တော့ ကားပိုင်ရှင်ဆီက ဂျီအက်စ်အမ်ကိုငှားပြီး နောက်၂နာရီလောက်ဆို ရန်ကုန်ဝင်တော့မယ် ခရေပင်လမ်းခွဲတွင်လာကြိုရန်ပြောရပါတော့တယ် ။ မပြောလို့မဖြစ်ဘူးလေ ရောက်တဲ့အချိန်က မနက်၃နာရီလောက်ကြီးဆိုတော့ အဖေကဖုန်းဆက်မှာကို သိလို့ တညလုံးမအိပ်ပဲစောင့်နေတာ အမှတ်တရပါပဲ ။ အိမ်ရောက်တာနဲ့ နံနက်စားပြီးအိပ်လိုက်တာ နေ့လည်ကျမှပြန်နိုးတယ်လေ ....။


ခရီးအစုံကို သစ်သစ်သွားချင်တယ်လေ အထူးသဖြင့် မြန်မာနိုင်ငံက သဘာဝအတိုင်းလှပနေတဲ့ နာမည်ကျော်နေရာတွေကို ပိုမက်မောတယ် ။ သွားမယ်လို့ စဉ်းစားပြီးပျက်ခဲ့ရတာလည်း တော်တော်များတယ်လေ ။ ဒီတစ်ခေါက်ရန်ကုန်ပြန်တုန်းက ရှမ်းပြည်သွားမယ့်အစီအစဉ်လေးက ပြန်လာမယ့်ရက်လေးမှာ အနားမှာနေစေချင်တဲ့ မိဘတွေရဲ့မျက်ဝန်းကို ကြည့်ပြီး ကိုယ့်အလိုတွေကို မြိုသိပ်ခဲ့ရတယ်လေ ။ ဒီတစ်ခါများပြန်ရင်ဖြင့်............


ဆက်ဖတ်ချင်သေးရင်...

Tuesday, September 29, 2009

ကြေကွဲနေ့တွေ ညတွေ


ကိုယ်မြင်ချင်တဲ့ လမင်းရယ်
ကိုယ်မက်ချင်တဲ့ အိပ်မက်ရယ်
ညတွေ တစ်ညမှ
ရောက်မလာဘူး


ရင်မှာဟာတာတာနဲ့
တခုလိုအပ်နေလို့
မင်းနဲ့ဝေးရင်
စိတ်ဓါတ်ကျလာတယ်

ဒီလိုအထီးကျန်တဲ့နေ့တွေ
ကိုယ်သိပ်လွမ်းနေတဲ့ ညတွေ
ဆက်တိုက်ကြီးဆို
ရူးတော့မှာပဲ

ကြေကွဲသွားတဲ့နေ့ညတွေ
တစ်ယောက်တည်း
မင်းအနားမရှိချိန်တွေ
မခံစားရဲဘူး ရူးမယ်လေ

ဆက်ဖတ်ချင်သေးရင်...

Sunday, September 27, 2009

စားချင်စဖွယ် ဟင်းအမယ်


ရာသီဥတုကလည်းပူတယ်ဆိုတော့ သစ်သစ်ဒီနေ့ ညနေစာကို ပုန်းရည်ကြီး ထမင်းသုတ်လေး လုပ်စားဖြစ်ပါတယ် ။ ဓါတ်ပုံလေးထဲကအတိုင်းပဲ လုပ်စားဖြစ်ခဲ့တယ် ။ ဒီပုံလေးကတော့ အရင်တစ်ခါတုန်းက လုပ်စားတုန်းက ရိုက်ထားတဲ့ပုံလေးပါ ။ ဒီပုံရှိနေတော့ ထပ်ပြီးအသစ်မရိုက်တော့ပါဘူး ။


ပုန်းရည်ကြီးထမင်းသုတ်က လုပ်ရတာလည်းအရမ်းလွယ်ပါတယ် ။ ပြီးတော့မြန်ပြီးစားလို့လည်း မြိန်တဲ့မြန်မာ့ရိုးရာစားစရာ တစ်မျိုးပါပဲ ။ ကြက်ဥကြော်လေး ငရုပ်သီးကြော်လေးနဲ့ အလွန်တရာကို လိုက်ဖက်ပါတယ် ။ ဟင်းချိုကိုတော့ သီးသန့်ထပ်မလုပ်တော့ပဲ အလွန်မြန်ဆန်တဲ့ စွန်တန်ဟင်းချိုလေးကိုပဲ ငရုပ်သီးစိမ်း ကြက်သွန်ဖြူလေးတစ်ပြားရိုက်ပြီး ရေနွေးပူပူလေးမှာ ထည့်ပြီးလုပ်လိုက်တယ် ။ ပျင်းလွန်းလို့ဓါတ်ပုံလည်း မရိုက်တော့ဘူး ။ ခရမ်းချဉ်သီးအစိမ်းကြိုက်တတ်တဲ့သူအနေနဲ့ကတော့ ဒီလိုစိမ်းစိမ်းလေးတွေကို လှီးပြီးထိုင်စားရတာက အရသာတစ်မျိုးပဲလေ ။ ဘာပဲဖြစ်ဖြစ်အပျင်းတစ်နေတဲ့ သစ်သစ်အဖို့ကတော့ ဒီထမင်းသုတ်လေးက နတ်သုဒ္ဓာဖြစ်ခဲ့ရပါတယ်...။

ဆက်ဖတ်ချင်သေးရင်...