Tuesday, December 15, 2009

သင်တန်း...

ဒီအပတ် သင်တန်းတက်ရပါတယ် ။ စတက်တဲ့နေ့က ပျင်းလိုက်တာဆိုတာ မပြောပါနဲ့တော့ ခုတော့လည်းသင်တန်းပဲ တက်ချင်တော့တယ် ဟိ...။ ကော်ဖီလေးသောက်လိုက် အိပ်ငိုက်လိုက် လုပ်ခိုင်းတာလေးလုပ်လိုက်နဲ့ မူကြိုကျောင်းရောက်သွားသလိုပါပဲ...။ သိပြီးသားတွေပြန်တက်ရတာလောက် ပျင်းတာမရှိဘူး။ ဒါပေမယ့် သင်တန်းမှာက မြန်မာဆိုလို့ကိုယ်တစ်ယောက်ပဲ ပြီးတော့မိန်းကလေးကလည်း ကိုယ်တစ်ယောက်တည်းပဲဆိုတော့ လူကြီးတွေနဲ့အဖွဲ့ကျနေပြီလေ ။ တချို့ဦးလေးကြီးတွေ ဘာမှမသိတော့ ဆရာမစိတ်လေတာကိုကြည့်ပြီး ကိုယ်ထိုင်ရီနေမိတယ် ။ ဘာပဲဖြစ်ဖြစ် စာရွက်တစ်ရွက်ကတော့ ရဦးမှာပေါ့ကွယ် ။



သူသင်တာက အဲဒါတွေဆိုတော့ တီချယ်နားနေပါ သမီးသင်ပါရစေ ပြောရမလိုလို (ရှင်ချင်တယ်)

ဆက်ဖတ်ချင်သေးရင်...

Sunday, December 13, 2009

တောင်ကြီးဖ၀ါးအောက်

စလုံးရောက်ပြီးကတည်းက ဒုတိယအကြိမ်မြောက် မနက်၅နာရီ ထခြင်းပါပဲ ချိန်းထားတဲ့နေရာက ကိုယ်နဲ့နည်းနည်းလှမ်းတော့ နောက်ကျမှာလည်းစိုးတယ်လေ ။ မျိုးက ၇နာရီအရောက်ဆိုတော့ အိမ်က၆နာရီလောက်ရောက်မှ အိုကေနေမှာပေါ့နော် ။ အိပ်ယာကနိုးလာတာနဲ့ကို သူတို့အားလုံးကို မက်ဆေ့လေးတွေအရင်ပို့လိုက်တယ် အားလုံးကလည်းချက်ချင်းပြန်လာကျတော့ တပြိုင်နက်နိုးနေကြပြီဆိုတာက အသေအချာပဲလေ ။

ယူသွားမယ့်ပေါက်စီလေးတွေကို အရင်လုပ်ပြီး ကိုယ်တိုင်ကတော့ ရေမိုးချိုးပြင်ဆင်ပြီးလို့ထွက်မယ်ဆိုတော့တောင် ၆နာရီ ၁၀မိနစ်ရှိနေပြီဆိုတော့ ပြာယာပြာယာနဲ့ ရထားဘူတာပြေးရတာပေါ့လေ ။ ရထားပေါ်ရောက်လို့ ဖုန်းဆက်တော့မှ မေးခွန်းများရဲ့သခင် ထောပတ်သီးက မမသစ်တဲ့ထောကားဂိတ်ရောက်နေပြီဆိုတော့ ကိုယ်များနောက်ကျနေသလားဆိုပြီး ညညဆီဆက်လိုက်တော့ တက်ဆီပေါ်မှာတဲ့ မေဖလားဝါးတစ်ယောက်ရောဆိုတော့ ကိုယ်ခုပဲအိမ်ကထွက်မှာတဲ့ ခေါင်းဆောင်ကြီးမျိုးကတော့ ရထားပေါ်ရောက်နေပြီဆိုပဲ ။ ဆုံရမယ့်နေရာမှာ ထောပတ်သီး ခရမ်းချဉ်သီးက အရင်ရောက်နေပါတယ် ။ သစ်သစ်ကတော့ ဒုတိယပေါ့ နောက်တော့ညညရောက်လာတယ် မျိုးကနောက်ဆုံးရှေ့ ပန်းဝင်ပြီး အားလုံးကစောင့်မျှော်နေကြတဲ့ မေဖလားဝါးကတော့ စတိုင်အပြည့်နဲ့ နောက်ဆုံးပိတ်ရောက်လာတာပေါ့နော် ။

တစ်ယောက်တစ်မျိုး မရိုးရအောင်ယူလာတဲ့ မုန့်တွေကို အရင်ဝေကြပါတယ် ။ ကိုယ့်စားစရာကိုယ်သယ်လို့ စောစောစီးစီး ဘတ်စ်ကားဂိတ်ကို ချီတက်ကြတာပေါ့နော် ။ ပထမဦးစွာ ကံဆိုးသွားသူကတော့ ကုလားတစ်ယောက်ပါပဲ သူကလမ်းရွေးတာမှားတော့ ကိုယ်တွေအဖွဲ့ရှေ့က ဖြတ်မိရက်သားဖြစ်သွားတယ်လေ ဒါနဲ့ပဲအဖွဲ့လိုက်ဓါတ်ပုံများကို ရိုက်ခိုင်းလိုက်ကြတယ်လေ ။ ကားပေါ်မှာလည်း ဆူညံပွက်လောရိုက်ရင်း ၇မှတ်တိုင်မြောက်ကျတော့ ဆင်းလိုက်ကြပြီး တောင်ခြေကိုလမ်းလျှောက်ကြတာပေါ့နော် ။ လာတက်တဲ့သူတွေ တော်တော်ကိုများပါတယ် အ၀င်မှာမျောက်များကလည်း အလွန်ဆိုးပါတယ် ။ ဓါတ်ပုံရိုက်နေတုန်း ဟိုအထုတ်ဆွဲ ဒီအထုတ်ဆွဲနဲ့ပေါ့ ။

စတက်ပြီဆိုတာနဲ့ တောလမ်းဆိုတာကို ရွေးဖို့နေနေသာသာ ရွှေရင်ဆို့လို့တောင် ခေါ်လောက်တဲ့ခပ်မတ်မတ် တောင်တက်ခရီးနဲ့စလိုက်တာ လူကိုတော်တော်ပြိုင်းသွားပါတယ် ။ ရီလိုက်မောလိုက် စလိုက်ပြောင်လိုက်နဲ့ တက်လိုက်ကြတာ ဒီဂုံးထိပ်ကို အောင်မြင်စွာကျော်နိုင်ခဲ့ပါတယ် ။ ဂုံးထိပ်မှာနားနေဆောင်လေးရှိတော့ ပဲနို့ချိုရည်လေးသောက်ရင်း အပန်းဖြေကြပါတယ် ။ ရိုက်လိုက်တဲ့ဓါတ်ပုံဆိုတာလည်း ကင်မရာတောင်ထိုင်ငိုရပါတယ်ဆို ...။ ဒီလိုနဲ့တက်လာလိုက်တာ တောင်ထိပ်နားရောက်ခါနီးတော့ တော်တော်ကိုမြင့်တဲ့ လှေခါးနဲ့ပြေပြစ်တဲ့လမ်း ၂ခုရွေးရပါတယ် ။ ကဲရောက်တော့မယ်ဆိုတော့ လှေခါးထစ်လမ်းကိုပဲ စိတ်တူကိုယ်တူရွေးပြီး အော်ဟစ်ညီးညူကာ တက်လိုက်ကြတာ တောင်ထိပ်ကို အောင်မြင်စွာရောက်သွားခဲ့ပါတယ် ။

ခဏနားပြီး ကြာဇံကြော်တွေထုတ်စား ဂျယ်လီတွေစားနဲ့ ဗိုက်တင်းသွားတော့ အားတွေပြန်ပြည့်လာပြီး ပြန်ဆင်းဖို့လုပ်ကြပါတော့တယ် ။ တောင်တက်ရတဲ့ခရီးစဉ်က အချိန်ဘယ်လောက်မှမကြာပေမယ့် ပျော်လည်းပျော် မောလည်းမော အော်လည်းအော်နဲ့ ပျော်စရာတော့တော်တော် ကောင်းခဲ့ပါတယ် ။ ထူးခြားတာကတော့ စကားတွေပြောကြတော့လည်း စီဘောက်တွေမှာ ပြောနေကျအတိုင်းပဲ ညည ၊ ချယ် ၊ သစ်သစ်၊ ထော ၊ ခရမ်းချဉ်သီး ဒီလိုတွေပဲ ရင်းရင်းနှီးနှီးခေါ်လို့ မနာလိုဝန်တိုခြင်း ပြိုင်ဆိုင်ခြင်းကင်းတဲ့ တောင်တက်ခရီးလေးတစ်ခု အဖြစ် သစ်ဘလော့မှာ မှတ်တမ်းတင်လိုက်မိပါတော့တယ် ။

ဆက်ဖတ်ချင်သေးရင်...

Friday, December 11, 2009

ဒီတစ်ပတ်

အေးမြတဲ့ ဒီဇင်ဘာလလေးမှာ မြန်မာနိုင်ငံမှာဆိုရင်တော့ ကျိုက်ထီးရိုးတက်မလို့ သူငယ်ချင်းတွေတိုင်ပင်ဖြစ်ကြမယ့် အချိန်ပေါ့လေ ။ ဒီနှစ်တော့ စင်္ကာပူကသူငယ်ချင်းတွေနဲ့ ဘူဂစ်တီမားတောင်လေးကို ကျိုက်ထီးရိုးအလွမ်းပြေတက်ဖို့ လာမယ့်တနင်္ဂနွေနေ့လေးကို စီစဉ်ထားပါတယ် ။ သူတို့ကို သစ်သစ်ကပြောပါတယ် တောလမ်းကတက်မလား ကွန်ကရစ်လမ်းကတက်မလား ဆိုတော့ အတိုင်အဖောက်ညီညီပါပဲ အားလုံးကတောလမ်းကတက်မယ်တဲ့..အဲဒီမှာ သစ်သစ်တစ်ယောက်တော့ သေပြီဆရာအော်ရတော့တာပေါ့။ ဟူးးးးးးးးးးးးး အများဆန္ဒပယ်လို့မရတဲ့ မတတ်နိုင်ဘူးလိုက်ရတော့မှာပေါ့လေ ဟင့်...။

တနင်္လာနေ့ကစလို့ သစ်သစ်တစ်ယောက် သင်တန်းတစ်ခုတက်ဖို့ရှိပါတယ် ။ သူတို့ကိုပြောပါတယ် သင်တန်းအတွက် ပြင်ဆင်စရာရှိလို့ နောက်အပတ်မှဆိုတော့ သူတို့ကပြောပါတယ် သင်တန်းကကိုယ်ကသွားသင်မှာတဲ့ ကိုယ်သင်ပေးရမှာမဟုတ်ဘူးဆိုပြီး အတိအလင်းပယ်ချပါတယ် ။ ခုတော့လည်း ပေါက်တဲ့နှဖူးမထူးတော့ပါဘူးလေ လူပေါင်းမှားတော့လိုက်ရတော့မှာပေါ့နော် ။ ပြီးတော့ မည်သည့်ဆေးလ်မှမသွားပဲ သပိတ်မှောက်ထားပါတယ် ။ တန်တယ်ဆိုပြီး ကိုယ့်အတွက်လိုလို မလိုလိုဝယ်ချင်တဲ့ကိုယ့်စိတ်ကို ထိန်းမရလို့ သွားကိုမသွားတော့ပါဘူးလေ ။ .

နှစ်ကုန်ခါနီးဆိုတော့ ပွဲလမ်းသဘင်တွေကများ ပိတ်ရက်တွေကများဆိုတော့ လူငယ်ပီပီ ပျော်ချင်ပါးချင်တာက ထိန်းမရပါ ။ ဘလော့ကသူငယ်ချင်းတွေကတမျိုး ကျောင်းကသူငယ်ချင်းတွေကတစ်ဖုံ အတူနေတဲ့အိမ်ကအမတွေကတစ်သွယ်နဲ့ မိသစ်သစ်တို့ပြုတ်ပြုတ်ပြုန်းပါတော့မယ် ။ သစ်သစ်ကျောင်းကသူငယ်ချင်းတွေက တော်တော်ဆိုးပါတယ် တစ်ယောက်အိတ်ဝယ်မယ်ဆိုလည်း အတွဲလိုက်ကြီးတသီကြီးလိုက်နေကြတာ ယောက်ျားလေး မိန်းကလေးအကုန်ပဲ ပျော်စရာလည်းကောင်း ပင်လည်းပင်ပန်း ညောင်းလည်းညောင်းနဲ့ ပျော်မောကြီးလေ ။

သစ်သစ်အစ်ကိုလည်း နေကောင်းသွားပါပြီ စိတ်ပူပေးကြတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ကြောင်း ဒီကနေထပ်လောင်းပြောလိုက်ပါတယ်နော် ။ တကယ်တော့ဒီပို့စ်က စာရေးချင်လို့သာရေးလိုက်တာပါ ဒီအတောအတွင်းလုပ်မယ့်အရာတွေ ချရေးတာလို့ပြောရင်ပိုမှန်ပါလိမ့်မယ် ။ အားလုံးပဲခရစ်စမတ်မှာ ပျော်ရွှင်နိုင်ကြပါစေနော်..။

ဆက်ဖတ်ချင်သေးရင်...

Wednesday, December 9, 2009

ရီကြမယ်...

သူငယ်ချင်းတစ်ယောက် ဖော်ဝပ်ပို့ပေးလို့ ဝေမျှလိုက်ပါတယ် ။ ပျော်ရွှင်နိုင်ကြပါစေရှင် ။

မြိုရခက်ကြီး
ထမင်းဝိုင်းအနားတွင် ရပ်လျက် အန်တီမြက ဧည့်သည်များကို ပြောသည်။
"စားကြပါနော်။ အားမနာပါနဲ့။ ဒါနဲ့ ဦးဘမောင် ကြက်သား တတိယတုံး ယူလိုက်ပါအုံး။ ဘယ်သူဘယ်နှစ်တုံး စားတယ်ဆိုတာ ကျွန်မ မမှတ်တတ်ပါဘူးရှင်"



တစ်ယောက်မှ မရှိပါ
လူဆိုးများ လက်မှ လွတ်အောင် ကိုချူချာပြေးရင်း ရေတွင်းထဲ ဆင်းပုန်းသည်။ လူဆိုးဂိုဏ်းခေါင်းဆောင်က ရေတွင်းထဲ ကြည့်ပြီး အော်သည်။

"တစ်ယောက်ယောက်ရှိသလားဟေ့"

ကိုချူချာက ပဲ့တင်သံပုံစံဖြင့် ပြန်အော်သည်။

"တစ်ယောက်ယောက်ရှိသလားဟေ့၊ တစ်ယောက်ယောက်ရှိသလားဟေ့"

"တစ်ယောက်မှ မရှိဘူးထင်တယ်"

"တစ်ယောက်မှ မရှိဘူးထင်တယ်၊ တစ်ယောက်မှ မရှိဘူးထင်တယ်"

"ဗုံးတစ်လုံး ပစ်ချလိုက်ရင် ကောင်းမလား"

"မပစ်နဲ့၊ မပစ်နဲ့ တစ်ယောက်မှ မရှိတာပဲ"




ဗိုလ်ကြီး မသေဘူးဟေ့
ရှေ့တန်းတိုက်ပွဲ တစ်ခုတွင်ဖြစ်သည်။ ရန်သူ့စခန်းကို သိမ်းပိုက်မိသည့် အခါ တပ်ဖွဲ့တွင်လည်း ရိက္ခာပြတ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ရန်သူ့ စားဖိုဆောင်ထဲတွင် ရိက္ခာ အမြောက်အမြား တွေ့ရသော အခါ တပ်သားများ ပျော်သွားကြသည်။ သို့သော်လည်း သူတို့ တစ်ယောက်မှ မစားကြသေးပဲ ဗိုလ်ကြီးကို သာလေးစားသည့် အနေဖြင့် အရင်စားခိုင်းကြသည်။
ဗိုလ်ကြီးစားတာကို သူတို့ ထိုင်ကြည့်နေကြသည်။ စားပြီးတစ်နာရီကြာသည်အထိ ဘာမှ မဖြစ်တာ တွေ့ရမှ "ဗိုလ်ကြီး မသေဘူးဟေ့။ အဆိပ်တွေ မပါဘူး။ တို့လည်းစားလို့ရပြီ" ဟု ၀မ်းသာအားရပြောကာ စားကြလေသည်။


တို့သူငယ်ချင်းလှထုံအကြောင်းပြောရမလား...

စာမေးပွဲနီးတော့ အိပ်ရေးပျက်ပြီး မူးလို့ ဆရာဝန်ကိုသွားပြပါတယ်..။ ဆရာဝန်က လက်မောင်းမှာ
အဝတ်ပတ်.. ရာဘာလုံးလေးကို တရှူးရှူးညှစ်ပြီး (သွေးချိန်တာပါ) အပေါ်သွေး..... လို့ပြောရုံရှိသေး..လူနာကုတင်ပေါ်က လူးလဲထပြီး အောက်သွေး မတိုင်းတော့ဘူးလို့ ဆိုပါတယ်...။
(သူထင်သွားတာက အောက်သွေးတိုင်းရင် သူ့ပေါင်ကို
အဝတ်နဲ့ ပတ်မယ်ထင်တာ၊ အပေါ်သွေးတိုင်းတုံးက လက်မောင်းကိုပတ်ထားတာကိုး....)



ချွေတာတဲ့ ကိုချူချာ
ကိုချူချာ အလုပ်မှ ပြန်လာသည်။ ရောက်ရောက်ချင်း မီးဖိုချောင်ဘက်သွားပြီး ရေခဲသေတ္တာကို ဖွင့်သည်။ ချက်ချင်းဆောင့်ပိတ်သည်။ ထို့နောက် မိန်းမကို လက်သီးစာ ကျွေးသည်။ မိန်းမဖြစ်သူ တုန်လှုပ်ချောက်ချားသွားသည်။ ဘာကြောင့် ရိုက်ပါလိမ့် စဉ်းစားသည်။ အင်း ရေခဲသေတ္တာထဲမှာ စားစရာနည်းနေလို့ နေမှာပဲ။

နောက်နေ့ ကိုချူချာ အလုပ်သွားသောအခါ မိန်းမသည် ဆိုင်သို့ပြေးပြီး ဖွယ်ဖွယ်ရာရာတွေ ၀ယ်သည်။ ရေခဲသေတ္တာတစ်ခုလုံး စားစရာတွေနဲ့ ဖြည့်ထားသည်။ ညနေရောက်သော် ကိုချူချာ ပြန်လာသည်။ မနေ့က အတိုင်း မီးဖိုထဲဝင်ပြီး ရေခဲသေတ္တာ ကိုဖွင့်သည်။ ချက်ချင်ပြန်ပိတ်ပြီး မိန်းမကို လက်သီးစာ ကျွေးသည်။ ရှိုက်ကြီးတငင်ငိုရင်း မိန်းမဖြစ်သူ စဉ်းစားသည်။ ဘီယာမရှိလား လို့များလား။

မနက် ကိုချူချာ ထွက်သွားသွားချင်း ဘီယာ ပြေးဝယ်သည်။ ရေခဲသေတ္တာ ထဲ ထည့်သည်။ ဘီယာအေးအေးလေး သောက်လိုက်ရရင် သူရန်မရှာတန်ကောင်းရဲ့ ဟုတွေးသည်။

ကိုချူချာပြန်လာသည်။ မီးဖိုချောင်ဘက်သွားပြီး ရေခဲသေတ္တာကို ဖွင့်သည်။ မိန်းမဖြစ်သူ ရင်တမမနှင့်စောင့်သည်။ ရေခဲသေတ္တာ ဆောင့်ပိတ်သံ ကြားရသည်။ ကိုချူချာ အခန်းထဲ ၀င်လာပြီး မိန်းမကို လက်သီးစာ ကျွေးသည်။ မိန်းမဖြစ်သူ မအောင့်နိုင်တော့ဘဲ မေးလိုက်သည်။

"ရှင်ဘာဖြစ်လို့ ကျွန်မ ကိုရိုက်ရတာလဲ"
"မင်းရေခဲသေတ္တာထဲက မီးကို ဘယ်တော့ ပိတ်မလဲကွ ဟေ"



နေရာကောင်း
ကိုချူချာ သစ်ပင်ပေါ် တွယ်တက်သည်။ ဖြတ်သွားသူက မေးသည်။
"ဟေ့လူ၊ ဘာတက်လုပ်မှာလဲ"
"သရက်သီးစားမလို့"
"ခင်ဗျား ရူးနေသလား၊ ဒါ မန်ကျည်းပင်ပဲဟာ"
"ကျွန်တော့် အိပ်ထောင်ထဲမှာ သရက်သီးပါတယ်ဗျ"




တွေ့ရင်ပြောမယ်
ကိုချူချာကို လူဆိုးနှစ်ဦး တစ်ဖက်တစ်ချက်မှ ချုပ်ကိုင်ပြီး ကမ်းဆိပ်သို့ အတင်းဆွဲခေါ်လာသည်။

ကိုချုချာ၏ခေါင်းကို ရေထဲနှစ်လိုက်သည်။ ခဏအကြာတွင် ပြန်ပြီးမေးသည်။

"ပိုက်ဆံရှိသလား"
"မရှိဘူး"

ကိုချူချာကို ရေထဲနှစ်လိုက်ကြပြန်သည်။ ပထမအကြိမ်က ထက် အနည်းငယ် ပိုကြာအောင်ထားလိုက်သည်။ ထို့နောက် ပြန်ဖော်ပြီးမေးသည်။

"ရွှေကောရှိသလား"
"မရှိဘူး"

"ခေါင်းမာတဲ့ အကောင်" ဟုပြောပြီး လူဆိုးများ ကိုချူချာကို ရေထဲနှစ်လိုက်ပြန်သည်။ ခဏကြာသောအခါ ပြန်ဖော်ပြီးမေးသည်။

"ပိုက်ဆံမရှိဘူး ဟုတ်လား"
"ဟုတ်တယ် မရှိဘူး"
"ရွှေလည်းမရှိဘူး ဟုတ်လား"
"ဟုတ်တယ် မရှိဘူး"
"အဲဒါဆို ဘာရှိလဲပြော"

"ရေနောက်နေတော့ ဘာမှ မမြင်ရဘူး၊ ကျွန်တော့်ကို ခပ်နက်နက် နှစ်ကြည့်ပါ၊ တွေ့ရင်ပြောပါ့မယ်။"


ဆက်ဖတ်ချင်သေးရင်...

Tuesday, December 8, 2009

ရေစီးကြောင်း

သစ်သစ်တို့ရပ်ကွက်ထဲမှာ နိုင်ငံခြားသွားပြီဆို ဟိုးးးးးး သစ်သစ်တို့ငယ်ငယ်ခေတ်က သင်္ဘောသီးတွေလို ထင်နေကြတယ် ။ ချမ်းသာတယ်ပေါ့ ငွေကိုရေလိုသုံးမယ်ပေါ့ တိုက်ဝယ်မယ် ကားဝယ်မယ်ပေါ့ သူများအတွက် ဟုတ်ချင်ဟုတ်ပါမယ် သစ်သစ်အတွက်တော့ မဟုတ်ခဲ့ပါဘူးလေ ။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်တယ် ဆိုတော့လည်း အရာရာတွေးရစိတ်တွေပူရနဲ့ လိုအပ်တာဖြည့်ဆည်းရနဲ့ ဘ၀ရယ်များ နှစ်တွေသာကုန်လွန်သွားတယ် ဖြည့်ဆည်းလို့မဆုံးနိုင်ခဲ့ပါဘူး ။ စုမယ်ဆိုတာကတော့ ဟိုးးးးးးးးးးးး အဝေးကြီးမှာပါ.........

အစကတော့ year plan ပေါ့နော် ဒီနှစ်မှာဘာဖြစ်ရမယ်ပေါ့ ၁၀ခုသတ်မှတ်ထားရင် ၅ခုဖြစ်ကံကောင်းဆိုတော့ ၂၀၁၀ကစပြီး monthly plan စပြောင်းမယ်စိတ်ကူးလိုက်ပါပြီ ...ဟိဟိ ။ နောက်လကိုအသာဘေးချိတ် ဒီလအတွင်း ငါဘာလုပ်မယ် ဖြစ်အောင်လုပ်မယ် ဆိုတဲ့အတွေးနဲ့ လေအလျင်လိုမြန်နေတဲ့ အချိန်တွေကို နည်းမျိုးစုံနဲ့လိုက်ဖို့ တွေးတောနေပါတယ် ။ နိုင်ငံခြားမှာနေတာ စိတ်လွတ်သွားလို့မရပါဘူး အမြဲတမ်း အသိနဲ့သတိက ကပ်နေရပါတယ် ။ စားတာသောက်တာ ၀ယ်တာခြမ်းတာ အကုန်ပါပဲလေ စာရိတ်ကြီးမြင့်တဲ့ နိုင်ငံမှာနေတော့လည်း တစ်ချက်မှားတာနဲ့ကို တလလုံးကြွေးပတ်လည် ၀ိုင်းလာတတ်တယ်လေ ။

Spass သမားတစ်ယောက်ရဲ့ ဘ၀ကို လှမ်းကြည့်မယ်ဆိုရင် သူ့အခြေခံလစာက ၁၈၀၀ ပဲထားလိုက်ပါတော့ ။ ကျွမ်းကျင်မှုပေါ်မူတည်ပြီး ၂၀၀၀ကျော်တဲ့သူလည်း ရှိပါတယ် ဒီလိုပဲအချို့အလုပ်တွေက ၁၃၀၀ ၊ ၁၅၀၀ ပေးပြီး လုပ်ကိုင်နေရတဲ့ မောင်နှမတွေလည်း ရှိပါတယ် ။ ၁၈၀၀ လစာနဲ့ပဲ တစ်လစာအသုံးစာရိတ်ကို တွက်ချက်ကြည့်ကြမယ် ဆိုပါစို့ ။ မည်သူမဆို သစ်ထင်တယ် တစ်လ ၈၀၀တော့ ကုန်ကြတာပါပဲလေ ။ ရထားခ ၊ အိမ်ခန်းခ ၊ စားသောက်စာရိတ် ၊ ဖုန်းခ ၊ အင်တာနက်ခ စသဖြင့်ပေါ့ လျှော့လို့ရတာ ရှိသလို ၈၀၀ထက်ပိုကုန်တဲ့သူလည်း ရှိပါတယ် ။

ဘာသာစကားမတူ အယူအဆတွေမတူတဲ့ သူတွေကြားမှာ ၈နာရီနှုန်းနဲ့ စိတ်ပျော်အောင် အမျိုးမျိုးလုပ်ပြီး တလပြီးတလ ကုန်အောင်ဖြတ်သန်းရတဲ့ သူအတွက် တလသူစုနိုင်ရင် မြန်မာငွေ၇သိန်း အလွန်ဆုံးပါပဲ ။ ဒါတောင်အသားတင်မဟုတ်ပါဘူး လစဉ်အခွန်ငွေ ၈၀လေးကို ဖယ်ထားလိုက်ပါဦး ပြီးတော့လည်း လူလူသူသူဝတ်ရစားရဖို့အတွက် လစဉ်ကိုယ့်အပိုအသုံးစာရိတ်လေး ၅၀လောက်ဖယ်လိုက်ရင် ကိုယ့်ဆရာရေ မြှောက်လို့ပင်မတွက်ချင်တော့ပါဘူးလေ ။ ဒီတော့ နောက်ဆုံးအနေနဲ့ သုံးသပ်ရရင် ကျန်းမာရေးဒေါင်ဒေါင်မြည်နဲ့ တက်ကြွစွာလုပ်နိုင်မှ ဒီလူတစ်နှစ်အလွန်ဆုံးစုနိုင် သိန်း၇၀ထက်မပိုနိုင်ပါဘူးလေ ။

သစ်သစ်ဆိုလိုချင်တာက နိုင်ငံခြားသွားတိုင်း အထင်ကြီးစရာမလိုသလို ပြန်လာတိုင်းလည်း သူဌေးမဟုတ်ပါဘူး ဆိုတာပါပဲ ။ မိဘချမ်းသာလို့ ကျောင်းလာတက်တဲ့သူတွေကလွဲလို့ သာမန်သစ်သစ်တို့လို အလုပ်လာလုပ်တဲ့ သူတွေရဲ့ဘ၀ကတော့ ထပ်တူမကျရင်တောင် သိပ်ပြီးကွာဟမယ်မထင်ပါဘူးလေ ။ ရက်ပေါင်း၃၀၀ကျော်အလုပ်လုပ်ပြီးနောက် ရလာတဲ့ရက်ရှည်ခွင့်လေးမှာ ပြန်ဖို့အတွက်လှုပ်ရှားရတာလည်း ချမ်းသာလို့ပြန်တာမဟုတ်သလို ပြန်ခါနားနီးလေ ကိုယ်စုထားတဲ့ပိုက်ဆံလေးနဲ့ ၀ယ်ထားတဲ့လက်ဆောင်လေးတွေကို ဟိုလူ့ကိုပေးမယ် ဒီလူ့ပေးမယ်ဆိုတဲ့စိတ်ကူးလေးက စိတ်ကိုတော်တော်ချမ်းသာစေပါတယ် ။

လူတိုင်း မလှုပ်သာမလူးသာနဲ့ မြှုပ်ချည်ပေါ်ချည် ဖြစ်နေတဲ့ နိုင်ငံခြားရေစီးထဲမှာ သစ်သစ်ကိုယ်တိုင်လည်း မြှုပ်မသွားအောင် တတ်နိုင်သလောက်ကူးခပ်ရင်း ကြံဆောင်နေရတာ အချိန်တိုင်းပါပဲ ။ တခါတလေလည်း မွန်းကြပ်လွန်းလို့ လုပ်ချင်ရာသာ လုပ်လိုက်ချင်တာလည်း အခါခါပါ ။ နောက်တော့ ဒီရေစီးကြောင်းအပေါ်မှာ စီးမြောရင်းနဲ့ပဲ.......

ဆက်ဖတ်ချင်သေးရင်...

အရမ်းစိတ်ပူနေတယ်

အစ်ကို အရမ်းစိတ်ပူနေတယ် ။ ကျန်းမာပါစေ အော်ပရေးရှင်းလည်း အောင်မြင်ပါစေ ။ အနားမှာညီမနေမပေးနိုင်ပေမယ့် ထပ်တူထပ်မျှ စိတ်ပူနေပြီး ဘုရားမှာအချိန်တိုင်း ဆုတောင်းပေးနေပါတယ်နော် ။ အစ်ကိုအနားကို ပြန်လာမယ့်ရက်ကို စောင့်နေပါတယ် ။ ခွဲစိတ်ခံရမယ်ဆိုတဲ့ အစ်ကို့ရဲ့တိုးညှင်းတဲ့လေသံကို ကြားရတဲ့အချိန်မှာ ညီမဘယ်လိုခံစားနေရလည်း မြင်စေချင်တယ် ။

နေလို့မရ ထိုင်လို့မရ နဲ့ အကြိမ်ကြိမ်ဆုတောင်းနေမိတာက အစ်ကို ညီမအနားကို အမြန်ပြန်လာပါနော်...။

ဆက်ဖတ်ချင်သေးရင်...

Sunday, December 6, 2009

နီးလာပြန်တဲ့ ဒီချိန်ခါ

ဘာလိုလိုနဲ့ နေရပ်ကိုခဏပြန်ဖို့အချိန်ကျရောက်လို့ လာပြန်ပါပြီ ။ တနှစ်နဲ့တနှစ်က တကယ်ကိုမြန်ဆန်လွန်းပါတယ် ။ မနှစ်ကဒီဇင်ဘာက ဟိုနေ့ကလိုပါပဲ ခုတော့လည်းနောက်တစ်နှစ်ဖြစ်လာပြန်ပြီလေ ။ အချိန်ကလိုက်လို့ကိုမမှီနိုင်ပါဘူး ။ အစကတော့ ရုံးကခွင့်က ရမလိုလို မရမလိုလိုနဲ့ ဝေခွဲမရဖြစ်ခဲ့ပါသေးတယ် ။ ခုတော့ ဘာပဲဖြစ်ဖြစ် ငါ့မိဘကိုတစ်နှစ်မှာ တစ်ကြိမ်တွေ့ရမှဖြစ်မယ်ဆိုပြီး ခွင့်ရမရတောင် မသေချာပဲ လေယာဉ်လက်မှတ်ကို ၀ယ်ခဲ့ပါတယ် ။ နောက်မှသူတို့ကိုအသိပေးလိုက်ပြီး ကိုယ့်ဘာသာလည်းဆုံးဖြတ်ချက်ချလိုက်ပါတယ် ဘာပဲဖြစ်ဖြစ်ပြန်မယ်လို့ပေါ့နော် ။

ဒီတပတ်အတွင်း သူငယ်ချင်းတစ်ယောက်ကလည်း ရန်ကုန်ကိုအပြီးပြန်တော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုသိလိုက်ရတော့ လူကနောက်တလည်လည်ဖြစ်နေတဲ့စိတ်က ပိုပြီးတန်ပိုမြင့်လာခဲ့တယ်လေ ။ သူအလုပ်တွေလည်း အဆင်ပြေနေရဲ့သားနဲ့ ဘာကြောင့်များပြန်လဲလို့တော့ မစဉ်းစားတော့ပါဘူး သူလည်းသူ့ခံယူချက်နဲ့သူပေါ့နော် ဒီလိုဆိုတော့ ငါ့ခံယူချက်ရောဘာလဲလို့ အကြိမ်ကြိမ်ပြန်စဉ်းစားပြီး ရေရာတဲ့အဖြေထွက်မလာခဲ့ပါဘူး ။ ဘာဖြစ်ရမယ်ဆိုတာထက် ဘာလေးဖြစ်ရင်တော့ ဘာဆက်လုပ်မယ်ဆိုပြီး မရေရာတဲ့အနာဂတ်ကို ပုံဖော်နေမိတာ ငါများမှားနေလားနော်..။

ဒီလိုနဲ့ပြန်မယ့်ရက်နီးလာခဲ့ပြီဆိုတော့လည်း ထုံးစံအရ ဟိုဝယ်ဒီဝယ်ဖို့ ဇာတ်လမ်းလေးတွေ စလာခဲ့တယ် ဆိုပါစို့ ။ ဘယ်နေရာမှာများ လျော့ဈေးရှိမလဲ သတင်းစာကဖတ်ရတာလည်း အခါခါပါ ။ ကိုယ်နဲ့လိုအပ်တယ် မလိုအပ်ဘူးမသိ ဒါလေးကတော့ ဟိုသူအတွက် ဒါလေးကတော့ ဒီသူအတွက်ဆိုပြီး စိတ်ကူးနဲ့လည်း ပုံဖော်မိနေပြန်ရောပေါ့ ။ အိမ်ကသူများကတော့ ဇာတ်တိုက်ထားသလား မှတ်ရပါတယ် ကလေးအစ လူကြီးအဆုံး ဘာလိုချင်လဲဆိုတော့ ဘာမှမလိုချင်ဘူးတဲ့ ။ ချော့ကလက်ဆိုတော့လည်း မနှစ်ကနင်ဝယ်လာတာတောင် ပုလင်းထဲမှာပဲ ရှိသေးတယ်တဲ့ ။

အဖေအတွက် အကျီဆိုတော့ ငါ့ကိုမင်းသားမှတ်နေလားတဲ့ ဒီလောက်အကျီပို့ရအောင်တဲ့ နာရီဆိုတော့လည်း မနှစ်ကနာရီကို သေချာတောင်မပတ်ဖြစ်သေးဘူးတဲ့ ဒါဆိုရေဒီယိုလေးဝယ်လာမယ် ဘာလိုင်းညာလိုင်းနားထောင်ဖို့ဆိုတော့လည်း ၅၀၀၀ထောင်တန် တရုတ်ဖြစ်လေးနဲ့ အိုကေပါတယ်တဲ့ ကိုယ်လည်းဒါဆို ဘာဝယ်ရမလဲ ပြောဆိုတော့ လူပြန်လာရင်တော်ပြီတဲ့ သြော် မိဘမေတ္တာများ ကြီးလေစွနော် ။ အမေအတွက် ပါတိတ်ဆိုတော့ ၃လတစ်ခါပို့နေရအောင် နင့်ပါတိတ်တွေ ငါမချုပ်နိုင်တော့ဘူးတဲ့ ပြီးတော့ ၀မ်းဆက်တွေဝတ်ချင်စိတ်ပျောက်နေတယ်ဆိုပဲ (အမေဗြောင်ဝမ်းဆက်ဝတ်ပြီး ပဲများချင်နေတယ် ထင်တယ် ဟိ ) ဒါဆိုပုဝါ ဆိုတော့ အဘွားကြီးဆိုပြီး ဒီပုဝါတွေပဲပေးလွန်းလို့ ထုံးထားရတယ်တဲ့ ဒါဆိုအိတ်ဆိုတော့လည်း ငါ့သမီးရယ် အမေအိတ်တွေပြောင်းမကိုင်တတ်တာ သိရဲ့သားနဲ့တဲ့ ပစ္စည်းတွေပြောင်းထည့်ရတာ ဟိုကျန်ဒီကျန်နဲ့တဲ့ ကဲ သစ်သစ်ဘာဝယ်ရမလဲ ....။ စဉ်းစားလို့ကိုအဖြေမထွက်တော့ဘူး ကိုယ်ကလည်းဝယ်ပေးချင် လိုအပ်တာတွေ ဖြစ်စေချင်တယ် သူတို့ကလည်း အားလုံးရှိတယ်ဆိုတော့ ဦးနှောက်တော်တော်ခြောက်ရပါတယ် ။ မိဘနှစ်ပါးဆီက တူညီတဲ့စကားကတော့ ပြန်လာရင်အစီအစဉ်တစ်ခု လုပ်ထားတယ်တဲ့ ဘာမှဝယ်လာဖို့မလိုဘူးဆိုပဲ အရမ်းသိချင်ပြီး အရမ်းပြန်ချင်နေပါပြီ ။

အစ်ကို၂ယောက်ဆီ ဖုံးဆက်ပြီး ကိုကြီး ၊ ကိုငယ် ဘာလိုချင်လဲ မီးငယ်ဘာဝယ်လာရမလဲ ဆိုတော့ ဘာမှမလိုချင်ပါ တစ်နှစ်တစ်ခါပြန်လာပေးတာကိုပဲ ကျေးဇူးတင်ပါတယ် ညီမလေးရယ်တဲ့......ကောင်းလိုက်တဲ့အစ်ကို ၂ယောက် ဂွတ် ။ အမကိုမေးတော့လည်း စပျစ်သီးတဲ့ ကဲဘယ်လောက်ချစ်စရာကောင်းတဲ့ မောင်နှမတွေလဲနော် ။ တူတူမတွေ မေးလိုက်တော့လည်း တလေတည်းပါပဲ တီတီလေးကိုပဲတွေ့ချင်ပါတယ် လွမ်းလှပါပြီတဲ့ ။ ကြိုတင်များဇာတ်တိုက်ထားသလား သံသယတောင်ဝင်နေမိတယ် ဟိ ။ ဒီလိုနဲ့ပဲ သူငယ်ချင်းတွေ အသိတွေအတွက် ဟိုဝယ်ဒီဝယ်လုပ်ရင်းနဲ့ ပြန်မယ့်နေ့ကိုမျှော်နေမိပါပြီ ။

ပြန်ချင်တဲ့ဆန္ဒသာများနေပေမယ့် စလုံးပြန်လာရမယ့်နေ့ကိုတော့ ရင်မဆိုင်ချင်ပြန်ပါဘူး တလမ်းလုံးတင်းထားသမျှတွေက စလုံးရောက်လို့အခန်းလေးထဲ ပြန်ရောက်ရင်မျက်ရည်တွေအဖြစ် သွန်ချဖြစ်မယ်ဆိုတာ စိတ်ကအလိုလိုသိနေပါတယ် ။ နောက်မဝေးတော့တဲ့ ရက်ပေါင်း၈၀၀ကျော်ရင်တော့ ဒီစလုံးမြေကိုအပြီးခွဲခွာဖို့ရင်ဆိုင်လာရတဲ့ အခါကျရင်ရော ရန်ကုန်ကအခန်းလေးထဲမှာ စလုံးကိုလွမ်းတယ်ဆိုတဲ့ ခံစားမှုမျိုး ခံစားရမလားဆိုတာ ကြိုတင်ပြီးသိချင်နေမိပါတယ် ။ ဘာပဲဖြစ်ဖြစ် ပြန်ရတော့မယ်ဆိုတဲ့ စိတ်လေးက ရင်ထဲကိုနွေးထွေးနေပါတော့တယ် ။

ဒီရက်ပိုင်းတွေ ပို့စ်ရေးဖြစ်ဖို့ သေချာမယ်မထင်ပါဘူး အလုပ်ကလည်း နေ့ရော ညပါ ဆင်းနေရတော့ အရမ်းကိုပင်ပန်းပြီး လူကမလှုပ်ချင်လောက်အောင် ဖြစ်နေပါတော့တယ် ။ အားလုံးပဲ ခွင့်လွှတ်နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ် ။

ဆက်ဖတ်ချင်သေးရင်...