Thursday, April 29, 2010

ကျောင်းအလွမ်း

ဒီနေ့ ကျောင်းတုန်းကအကြောင်းတစ်ခုလောက် ပြန်ရေးမယ်စဉ်းစားထားပါတယ် ။ သစ်သစ်တို့ ကျောင်းတက်တုန်းကဆို ဆယ်တန်းအောင်လို့သာတက်ရပေမယ့် အုပ်ချုပ်ပုံက အထက်တန်းကျောင်းနဲ့မခြားပါဘူး ။ ကျောင်းကားစီးတယ် ကျောင်းရောက်တယ် တစ်ချိန်ပြီးတစ်ချိန်သင်တယ် စာသင်ချိန်မှာ အတန်းပြင်မှာလူမရှိပုံကတော့ အထက်တန်းကျောင်းအတိုင်းပါပဲလေ ။ နေ့လည်မုန့်စားဆင်းရင် ထမင်းစားတယ်ပေါ့ ။ တက္ကသိုလ်ဆိုတာမျိုးက အဲလိုမှမဟုတ်တာလေ အတန်းမတက်ချင်လည်း အပြင်ထွက်နေလို့ရတယ် ။ ကင်တင်းထိုင်လို့ရတယ် လွတ်လပ်တယ်ဆိုပါတော့ ။


သစ်သစ်တို့က စတက်တော့ အဲ့ကျောင်းကြီးက တကယ့်ကိုကျောင်းအဟောင်းကြီးပါပဲ (ခုလည်းအဟောင်းပါပဲလေ ) ။ ဆိုလိုတာကနောက်မှ စာကြည့်တိုက်တွေ ကွန်ပျူတာခန်းတွေနဲ့ ဖြစ်လာတာကိုပြောချင်တာပါ ။ ပုံဆွဲတဲ့အခန်းဆိုလည်း အဲယားကွန်းမလိုပါဘူး အပင်လေးတွေကရိပ်မိုးထားလို့ သူ့အလိုလိုအေးမြနေတာပါ (ဆရာတွေကတော့ ချွေးဘူးသီးလုံးလောက်ကျပြီး သင်နေတာပေါ့နော် ) ။ ကျောင်းထဲမှာလဲ စိုက်ခင်းလေးတွေရှိတော့ ဘူးသီးတွေဘာတွေဆို ၀ယ်လို့တောင်ရပါတယ် ။ လက်ဆတ်တယ်ဆိုပါတော့လေ ။ အရင်ကကျောင်းအ၀င်ဘက်မှာ ကျောင်းကဆရာတွေကိုပေးထားတဲ့အဆောင် ရှိပါတယ် ။ သစ်သစ်သူငယ်ချင်းက သူတို့ရပ်ကွက်ထဲကဆရာလင်မယားနဲ့သိတော့ အဲ့အိမ်မှာသစ်သစ်တို့အဖွဲ့က စတည်းချနေကြပေါ့ ။ တကယ်တော့နေသာနေရတာ ကျောင်းအုပ်ဆရာမကြီးအိမ်နဲ့က မျက်နှာချင်းဆိုင်လေ ... ဟိဟိ ။ ကျောင်းမတက်ပဲ မုန့်ဖတ်သုတ်စားတယ် မှော်ဘီဈေးကနေ သဘောင်္သီးစိမ်းဝယ် သုတ်စားတယ် အစုံသုတ်စားတယ် တကယ်ကိုပေါက်ပေါက်ရှာရှာစားကြပါတယ် (ကျောင်းမတက်ရပြီးရောလေ) ။

ပျော်သလားတော့ မမေးနဲ့ ခုဆိုအဲ့ဒီအချိန်တွေ ပြန်မရနိုင်တော့ဘူးလေ ။ သစ်သစ်အပျော်ဆုံးနဲ့ သတိအရဆုံးကတော့ ၁၉၉၉ မှာလုပ်တဲ့ မေဂျာပေါင်းစုံဝဲလ်ကမ်းပါပဲ သစ်သစ်တို့ေ၇ှ့မှာဘယ်သူမှမရှိတော့ ကိုယ့်ဘာသာပဲဝဲလ်ကမ်းကြပါတယ် ။ အကျွေးအမွေးတွေ စတိတ်ရှိုးတွေနဲ့ တကယ်ကိုပျော်စရာကောင်းခဲ့ပါတယ် ။ ဘာမှန်းညာမှန်းမသိ တတ်သလောက်မှတ်သလောက်နဲ့ လုပ်ကြ နောက်တော့ရေတွေပက်ကြပေါ့ ။ အော် တောပေမယ့်လည်း ပျော်နေကြတာပဲလေ ဒါတောင် ဆရာ ဆရာမတွေက စည်းကမ်းတင်းကြပ်ထားတာနော် ။ ကျောင်းရှေ့ကရွာကြီးက ဘယ်လိုဆိုတဲ့အတင်းတွေ ကျောင်းရှေ့ကဖြိုးဆိုတဲ့ ယောက်ျားလေးဆောင်မှာ သူငယ်ချင်းတွေဖဲသွားရိုက်တာ ယောက်ျားလေးတွေပေါ့ ခြင်ထောင်ချပြီးဖဲရိုက်ကြတာ ကိုယ်တွေကအပေါက်ကနေဆရာ ဆရာမစောင့်လေ တကယ်တမ်းလည်း ကျောင်းအုပ်ဆရာမကြီးနဲ့ စည်းကမ်းထိန်းသိမ်းရေးလည်းလာရော သစ်သစ်တို့ပါခြင်ထောင်ထဲပြေးဝင် အသက်တောင်မရှုရဲဘူးလေ ။ ဒီလောက်တင်းကြပ်ထားတာတောင် ကလေးတွေကလည်းဆိုးပါတယ် ဥက္ကံကနွားပွဲစားတွေနဲ့ချိန်းပြီးရိုက်ကြပါတယ် ဆွဲကြိုးတွေပါဆုံးတဲ့အထိပါပဲ (သစ်သူငယ်ချင်းတာတေတွေပေါ့ ခုတော့လည်း လှိုင်းစီးလို့သင်္ဘောလိုက်နေကြတယ်လေ) ။

ကျောင်းပတ်ဝန်းကျင်က ဘုန်းကြီးကျောင်းအစုံ မှော်ဘီမြို့ဝင် မြို့ထွက် ဘုန်းကြီးကျောင်းအစုံပါပဲ သွားကြတာ ပန်းတစ်ပွင့်တောင် တောင်ပါသေးတယ် (သိပ်မကဲပါဘူးလေ) ။ သစ်သစ်တို့မိန်းကလေးတွေလည်း မခေပါဘူးလေ မှော်ဘီတစ်ခွင်က ဗေဒင်ဆရာမအစုံပဲ ဘယ်သူမှအလွတ်မပေးဘူး တွက်လိုက်ကြတာလေ (ခုတွေးခုရီချင်တယ်) ။ ဒီနေ့တော့ ကျောင်းကသူငယ်ချင်းတစ်ယောက်နဲ့ လိုင်းပေါ်တွေ့ရင်း ကျောင်းကအကြောင်းတွေ စမြုံ့ပြန်တော့ သစ်သစ်လည်းမှတ်မိတာလေးတွေ ချရေးလိုက်တာပါ ။ နောက်တစ်ခေါက်မှ ရန်ကုန်မြို့ကိုရေဖြန့်ဝေပေးနေတဲ့ ရေလှောင်ကန်သွားတဲ့အကြောင်းထပ်ရေးပါဦးမယ်နော် ။

5 comments:

  1. ငပွေး


    မှ - ငါးဖယ်

    ReplyDelete
  2. အဲ့လို မပျော်ခဲ့ရဘူးးးးးးးးးးးးး chitt

    ငါးခူ

    ReplyDelete
  3. ဒီလူလို ဟိုလူလိုApril 29, 2010 at 11:56 PM

    ကျောင်းနေချိန်ကတော့ ကျောင်းမတက်ချင်ဘူး
    ကျောင်းလည်းပြီးရော ကျောင်းပြန်တက်ချင်လာတယ်
    အရှေ့အာရှမှာ အဲဒီလို အဖြစ်များတယ်

    ReplyDelete
  4. မမ.. ကျောင်းက ခုမဟောင်းတော့ဘူး.. အသစ်ကြီးဖြစ်သွားပြီ.. အရင်ကလို သစ်ရိပ် ၀ါးရိပ်တော့ ရှိတော့မယ်မထင်ဘူး..

    ReplyDelete
  5. အသုပ်တွေ စားချင်တယ်တော့
    သင်္ဘောသီး သုပ်ကို မြန်မာ သုပ်စားချင်တယ်
    ရှမ်းလိုလဲ ပဲပုပ်လေးနဲ့ သုပ်စားချင်တယ်
    အဲ့တာ တီတို့ ကျိုင်းတုံဘက်မှာ ရတယ်

    ReplyDelete