Wednesday, April 7, 2010

သင်္ကြန်ရက်လေးတစ်ရက်

ဘာလိုလိုနဲ့ မဟာသင်္ကြန်တောင် နီးလာခဲ့ပြီပဲလေ ။ အဲဒီထဲကမှ တစ်ခုတည်းသော သင်္ကြန်ကိုသတိရမိတာ မဆန်းပါဘူးလေ ။ ၂၀၀၇ သင်္ကြန်လို့ပြောရင် ပိုမှန်မယ်ထင်ပါတယ် ။ ဘယ်တော့အခါမှမမေ့နိုင်တဲ့ သင်္ကြန်တစ်ခုပါပဲလေ။ မဟာသင်္ကြန်အတက်နေ့ တစ်ရက်ပေါ့ လူငယ်တွေဟာ နောက်ဆုံးရက်မှာ ဒီဇိုင်းမျိုးစုံနဲ့ကို ကဲနေကြပါတယ် ။


သစ်သစ်က သင်္ကြန်ဆိုရင် အရှေ့ရက်တွေအင်းလျားလမ်းမှာ ရေကစားလေ့ရှိပေမယ့် နောက်ဆုံးရက်တွေဆို မိဘစိတ်ပူမှာစိုးလို့ အိမ်မှာပဲနေလေ့ရှိပါတယ် ။ အဲ့ရက်ကတော့ မနက်ကတည်းက အိမ်ကသူတွေက ရေပက်ခံထွက်ကြပါတယ် ။ အဖေက ဘုန်းကြီးကျောင်းမနက်ကတည်းက သွားပါတယ် ။ အိမ်မှာ သစ်သစ်အစ်ကိုအကြီးဆုံးရယ် ယောင်းမရယ် ကလေးသေးသေးလေးရယ် အမေရယ် သစ်သစ်ရယ်ပဲရှိပါတယ် ။ ညနေ ၄နာရီလောက်ကျတော့ သစ်သစ်အစ်ကိုက အဖေ့ကိုကြိုဖို့ကားနဲ့ထွက်သွားပါတယ် ။ ယောင်းမက ၁၀လအရွယ်ပဲရှိသေးတဲ့ သစ်သစ်တူမလေးကို အာဟာရမှုန့်ကျွေးနေပါတယ် ။ အမေ နဲ့ သစ်သစ်က စကားပြောနေတယ် ဆိုပါတော့ ။ လမ်းထိပ်ဆီက သင်္ကြန်သီချင်းတွေ ၀ီစီသံတွေ ရေပက်သံတွေအတိုင်းသား ကြားနေရပါတယ် ။ ညနေ ၅နာရီခွဲလောက်ကျတော့ သစ်သစ်ယောင်းမက အိမ်နောက်ဖေးမှာ အ၀တ်တွေသွားရုတ်တော့ အား လား လား သစ်သစ်တို့ အနောက်လမ်း ၂အိမ်ကျော်က မီးလောင်နေတာ မီးတောက်ကြီးက တော်တော်ကိုမြင့်လို့ အိမ်လည်းတ၀က်ကျိုးနေပါပြီ ။

ဆူညံနေတဲ့ သင်္ကြန်တေးသံတွေကြားမှာ အဲ့ဒီအိမ်ကသူတွေက မီးကိုကြိတ်သတ်နေကြရင်း မီးတောက်ကအဆမတန် မြင့်လာတာပါ ။ ယောင်းမခေါ်တဲ့အချိန် သစ်သစ်သွားကြည့်တော့ ဘယ်လိုမှလွတ်ဖို့ရာမရှိတော့ပါဘူး ။ ဒါနဲ့သစ်သစ်လည်း ယောင်းမနဲ့ကလေးကို အရေးကြီးတာယူခိုင်းပြီး လမ်းထိပ်ကိုထွက်ခိုင်းလိုက်ပါတယ် ။ နောက်လူတွေပိတ်မိမှာ စိုးတယ်လေ ။ နောက်အမေကို ကားစာရွက်စာတမ်းတွေ သေချာယူစေပါတယ် သစ်သစ်ကိုယ်တိုင်လည်း အဖေ့အရေးကြီးစာရွက်တွေကို သေချာရွေးချယ်ရင်း ဖုန်းကိုလည်းအစ်ကိုဆီခေါ် ဘုန်းကြီးကျောင်းက အဖေဆီခေါ် ရွှေပြည်သာက သစ်သူငယ်ချင်းဆီခေါ် အင်းစိန်ကသူငယ်ချင်းယောက်ျားလေးတွေဆီခေါ်နဲ့ တော်တော်ကိုကတုန်ကရင် ဖြစ်မိပါတယ် ။

သစ်သစ်အစ်ကိုဆီဘယ်လိုမှ ဆက်မရတဲ့အပြင် အဖေဘုန်းကြီးကျောင်းကလည်း ခေါ်မရပါဘူး ။ ရွှေပြည်သာကသူငယ်ချင်းဆီရတော့ သူ့အိမ်ကဟိုင်းလတ်နဲ့ သစ်သစ်အဖေကိုဝင်ကြိုပြီး အိမ်ကိုအမြန်လာဖို့အကူအညီတောင်းလိုက်ပါတယ် ။ ဘုရင့်နောင်ကားဝင်းကိုရောက်နေတဲ့ သစ်သစ်အစ်ကိုကလည်း မီးသတ်ကားတွေသွားတာကြားပြီး အမြန်ပြန်လာပေမယ့် လမ်းတွေကပိတ်လိုက်ပါပြီ ။ အင်းစိန်ကသစ်သစ်သူငယ်ချင်းများကလည်း စက်ဘီးတွေနဲ့ပြေးလာကြပါတယ် ။ နောက်မီးသတ်ကားတွေ သစ်သစ်တို့လမ်းထဲကိုဝင်လိုက်ချိန်မှာ လမ်းထိပ်ကိုလူထွက်ဖို့တောင်မလွယ်တော့ပါဘူးလေ ။

အိမ်မှာသစ်သစ်အခန်းက အိမ်နောက်ဘက်ကိုမျက်နှာမူတော့ သစ်သစ်အခန်းကနေတက်ကြည့်ရင် မီးတောက်ရဲ့အပူတောင်ဟပ်ပါတယ် ။ သစ်သစ်ကခဏနေတက်ပြီး စာအုပ်တွေကိုကြည့်လိုက် ၀မ်းနည်းလိုက်ပေါ့ အနှောမြောဆုံးက သစ်သစ်ရဲ့အင်ဂျင်နီယာစာအုပ်တွေလေ သယ်လို့လည်းမရ ဒီအတိုင်းထိုင်ကြည့်နေရတယ် ။ အမေကသစ်သစ်ကိုလာခေါ်ပါတယ် အိမ်ကိုသော့ခတ်ပြီးသွားတော့မယ်တဲ့ သစ်သစ်အရမ်းကိုဝမ်းနည်းပြီး အမေ့ကိုမေးလိုက်တာက အမေ သမီးတို့ဘယ်မှာနေကြမှာလဲဟင် လို့.... ။ အဖြေမရှိတဲ့ အမေ့မျက်ဝန်းတွေကို ခုထိမှတ်မိပါတယ် ။ အိမ်ကိုသော့အထပ်ထပ်ခတ်လို့ ခြံဝန်းထဲမှာ သစ်သစ်ရပ်နေချိန် ရပ်ကွက်ထဲကပြေးလွှားနေတဲ့သူတွေက ဟဲ့ ကောင်မလေးဘာလုပ်နေတာလဲ အန္တရာယ်များတယ် ပြေးတော့ဆိုပြီး အော်သွားနေသံတွေ အဆက်မပြတ်ကြားနေရပါတယ် ။ ခြံစည်းရိုးကနေ လာတော့သမီးငယ်လို့ ခေါ်နေသံတွေ ကြားနေပေမယ့် သစ်ခြေထောက်တွေ လုံးဝကိုမရွေ့မိပါဘူး ။

မီးတောက်ကြီးကိုကြည့်ရင်း သစ်သစ်ငယ်စဉ်ကဆော့ခဲ့တဲ့နေရာ အိပ်ခဲ့တဲ့နေရာ ပျော်ခဲ့ဘူးတဲ့နေရာ အစုံကိုလိုက်ကြည့်နေမိတယ် ။ အဲ့အချိန်မှာ မီးသတ်သမားတစ်ယောက်က သစ်သစ်တို့ခြံထဲကနေပိုက်ဆွဲပြီး နောက်လမ်းကဘေးအိမ်တွေ မီးမကူးအောင်ပက်မယ်ဆိုတော့ သစ်သစ်ဖယ်ပေးလိုက်ရတယ်လေ ။ အဲ့အချိန်ကခံစားမှုရဲ့ပူလောင်ခြင်းက လောင်နေတဲ့မီးလိုပါပဲ ။ လာကူညီတဲ့သူငယ်ချင်းရဲ့ ကားကလည်းလမ်းပိတ်လို့ ၀င်လို့မရတော့ဘူးလေ ။ အဲ့အချိန်မှာ လမ်းလျှောက်ပြီးဝင်လာတဲ့ အဖေ့ကိုမြင်လိုက်တော့ သစ်သစ်ဘယ်လိုမှတင်းမထားနိုင်တော့ပဲ လဲကျသွားခဲ့တယ် ဆိုပါတော့ ။

နောက်မှသိရတာကတော့ နောက်လမ်းထိပ်ကုန်စုံဆိုင်က သင်္ကြန်တွင်းလှောင်ထားတဲ့ စားအုန်းဆီတွေ ခဲနေတာကိုပြန်ကျိုရင်း မီးမနိုင်ပဲစလောင်တာလို့ ပြောပါတယ် ။ ကျိုတဲ့ကောင်လေးက ရေထွက်ပက်လိုက် မီးကြည့်လိုက်ဆိုတော့ အပူများပြီးလောင်တာလို့ သိရပါတယ် ။ အဲဒီအိမ်ကတော့ တစ်အိမ်လုံးလောင်သွားပါတယ် ဈေးဆိုင်ကရောင်းနေတဲ့ပိုက်ဆံတွေကို ဂုံနီအိတ်ထဲကျုံးထည့်ပြီး ဟိုးးဘက်လမ်းကနေ သူ့အိမ်လောင်တာကိုထိုင်ကြည့်နေရတဲ့ ခံစားမှုကတော့ တော်တော်ကိုဆိုးရွားမယ်ထင်ပါတယ် ။ မီးညွန့်ကျိုးသွားချိန်မှာ သစ်သစ်ယောင်းမ ကလေးလေးကို လိုက်ရှာရတာလည်း လူအုပ်ကြားမှာတော်တော်ဆိုးပါတယ် ။

အားလုံးရှင်းလို့ လမ်းဖွင့်ချိန်မှ ပြန်ရောက်လာတဲ့ အစ်ကို အစ်မတွေကို ပြောပြရင်း နာရီပိုင်းအတွင်းဖြစ်ခဲ့တဲ့ အပူကိုပြန်လည်ခံစားကြည့်တော့ ဆက်ပြီးမခံစားနိုင်လောက်အောင်ပါပဲ ။ သင်္ကြန်တွေထဲမှာ အဲဒီသင်္ကြန်ကတော့ သစ်သစ်ဘ၀မှာ တသက်မေ့နိုင်တော့မယ် မထင်ပါဘူး ။ ရန်သူမျိုး၅ပါးနဲ့ ကြုံတွေ့ချိန်မှာ ရင်ဆိုင်နိုင်စွမ်းမရှိတဲ့ ကိုယ့်ရဲ့မရင့်ကျက်မှုကိုလည်း အမြဲတမ်းအောက်မေ့နေမိတာ အမှန်ပါပဲ ။ အမှတ်ရစရာလေးကို စာအဖြစ်ပြန်လည်ရေးဖွဲ့ သိမ်းဆည်းထားလိုက်ခြင်း ဖြစ်ပါတယ် ။

6 comments:

  1. တော်သေးတာပေါ့ ...ပါမသွားလို့ ..တော်တော့်ကိုလန့် မှာနော် ..

    ReplyDelete
  2. ကိုယ်လဲပဲ ကြုံဖူးတယ် 2000 ခုနှစ်တုန်းက...
    သင်္ကြန်အတက်နေ့ပဲ။

    ReplyDelete
  3. ကိုယ်ချင်းစာပါတယ်....အရမ်းလန့်နေမှာပဲနော်...နောက်ဆုံး အားလုံး ပြီးသွားတဲ့ အချိန် ကိုယ့်အိမ်လေး အကောင်းပကတိ ဘာမှ မဖြစ်ပဲ ကျန်နေတာကို တွေ့ရတဲ့ ပီတိကလဲ တော်တော်ပျော်စရာကောင်းမယ်...။

    ReplyDelete
  4. တော်ပါသေးရဲ့။

    ReplyDelete
  5. ဒီလူလို ဟိုလူလိုApril 7, 2010 at 10:40 PM

    စာအုပ်နှမျောလို့ မပြေးတာတော့ ဟုတ်မယ်မထင်ဘူး။။
    ဒီကိုယ်လုံးလေး (လေး ကို အထူးဂရုပြုရန်) နဲ့ ပြေးမလွတ်မှန်း
    သိလို့များလား........။

    ReplyDelete
  6. ကိုယ်ချင်းစာပါတယ်သစ်သစ်ရေ။ ကိုယ်လည်းဒီလိုအဖြစ်ကြုံဖူးတယ်။ ကိုယ်က part II စာမေးပွဲမဖြေခင်တစ်ရက်မှာပေါ့။ အိမ်မှာ ကိုယ်နဲ့ ကောင်မလေးနှစ်ယောက်ပဲရှိတာ။ ဖေဖေက အပြင်ရောက်နေတယ်။ အိမ်နီးချင်း ကားပေါ်ကို စာမေးပွဲဖြေစရာစာအုပ်တွေတင်ပြီး ပြေးရတာ။ တစ်ခြားဘာမှ မယူနိုင်ဘူး။ ကိုယ်တို့အိမ်နဲ့ လေးငါးအိမ်ကျော်က ဓါတ်ဆီဆိုင်မှာလောင်တာ။ ဆီပေပါတွေ တအုန်းအုန်းထပေါက်တော့ ကြောက်လိုက်တာ။ ဘေးကပ်ရပ်အိမ်မှာက gas အိုးတွေနဲ့လေ။ ထပေါက်မှာစိုးတော့ အားလုံးက အိမ်ကထွက်ခိုင်းတာ။ ကံကောင်းချင်တော့ ဘုန်းကြီးကျောင်းတိုက်တွေနဲ့ နီးတော့ ကိုရင်တွေ၊ဘုန်းကြီးတွေက ၀ိုင်းငြိမ်းရင်းမီးငြိမ်းသွားတယ်။ အိမ်ပြန်ရောက်တော့ ဖေဖေရောက်နေပြီ။ အဲဒီအဖြစ်အပျက်ကို မေ့လို့မရသေးဘူးလေ။

    ReplyDelete