Wednesday, January 13, 2010

ငယ်ဘဝ

ဒီနေ့ သစ်သစ်ငယ်စဉ်က အကြောင်းတွေထိုင်ရေးလိုက်ပါ ဦးမယ် ။ သစ်သစ်ငယ်ငယ်က ဆိုးတယ်ပြောမလား ကောင်းတယ်ပြောမလားတော့မသိဘူး အကြံကတော့ကြီးတယ်ဆိုပဲ အမေ့မှတ်ချက်ပေါ့ ။ သစ်သစ်ဘလော့လေးကို အစဉ်တစိုက်ဖတ်လာတဲ့ သူဆိုရင် သစ်သစ်အစ်ကို အစ်မတွေနဲ့ အရွယ်တော်တော်ကွာပြီးမှ လူဖြစ်လာတာကို သိကြမှာပါ ။ တပ်ထဲမှာနေခဲ့တဲ့ဘ၀တွေကို မသိတော့ပေမယ့် အရပ်ထဲကိုရောက်ပြီး ရပ်ကွက်ထဲမှာ ကဲခဲ့တာတွေတော့အားလုံးမှတ်မိနေပါသေးတယ် ။

သစ်သစ်ငယ်ငယ်က ထမင်း ဟင်းချက် ရောင်းတမ်းဆော့တာ သိပ်ဝါသနာပါတယ် ။ အိုးလေးတွေမှာ သဲထည့်ရေထည့် ထမင်းလုပ် အရွက်တွေလှီး ဟင်းတွေချက် ဆား အချိုမှုန့်ကို အမေမသိအောင် အိမ်နောက်ဖေးကတက်ခိုး တခါတလေဆို ဆီတောင်ပါသေးတယ် ... ဟိ ။ သစ်သစ်ငယ်ငယ်ကတော့ အိမ်က ဒရိုင်ဘာ စပယ်ယာတွေနဲ့ ဆော့ရပါတယ် ။ အိမ်မှာက ရန်ကုန်မထသလိုင်းကားလေးတွေ ထောင်ထားတော့ ဘယ်သူမှမရှိရင်တောင် သူတို့ရှိပါတယ် ။ သစ်သစ်ကဆိုင်ဖွင့် သူတို့ကိုရောင်းတယ်လေ ။ အရေးအခင်းဖြစ်တုန်းကဆို အိမ်အောက်တွေမှာ ကျင်းတွေတူးကြတယ်လေ သစ်သစ်က အဲ့ဒီကျင်းထဲမှာ အရွက်တွေနဲ့ဆော့ ရှယ်ပဲ...။ နောက် ၃တန်းလောက်ရောက်လာတော့ နည်းနည်းတိုးတက်လာတယ် အမေလစ်ရင် သူများအိမ်တွေမှာ သွားဆော့တယ် ။ ထမင်းမေ့ဟင်းမေ့လေ အမေက သစ်သစ်ရေ သစ်သစ်ရေ ဆိုပြီး လိုက်ခေါ် ကြားတဲ့နေရာကနေ ရှင်...လာပါပြီလို့ ပြန်အော်ပြီး လူကဘယ်တော့မှ ပြန်မလာဘူးတဲ့ ။ အိမ်မှာဘာချက်ချက်သူများအိမ်ကဟင်းပဲ စားချင်တယ်တဲ့ ဟိုအိမ်မှာဘာချက်တယ် ဒီအိမ်မှာဘာချက်တယ်နဲ့ ဂျီးလည်းများပါတယ်တဲ့ ။

နောက်၅တန်းလောက်ကျတော့ သစ်သစ်ကအဆင့်တက်လာတယ်လေ အိမ်နားမှာရှိတဲ့ကလေးမှန်သမျှကို ထိန်းတာလေ လိုက်ကိုထိန်းတာ ထိန်းပါရစေဆိုပြီးတော့ပေါ့ ။ စာတောင်မကျက်နိုင်လောက်အောင် လိုက်ထိန်းတာလေ အမေကအရမ်းဆူတာတော့ မှတ်မိတယ် သူများကလေး ကျိုးပဲ့ရင် ငါပြန်မမွေးပေးနိုင်ဘူး နင်ပဲလိုက်သွားဆိုပြီးတော့ ပြောတတ်တယ် ။ ၆တန်း ၇တန်းလောက်ရောက်တော့ ပဲများလာပြီလေ သစ်သစ်ကိုကြိုပို့ဖို့အမေခေါ်ထားတဲ့ ချင်းအမျိုးသားဒရိုင်ဘာကြီးကတော့ ပင်တိုင်ပေါ့ သစ်သစ်ကာရာအိုကေနဲ့ဆိုသမျှကို ထိုင်ကြည့်ရတာလေ ။ ဘယ်တော့မှထိုင်မဆိုပါဘူး ခုံတွေကိုဆင့်အဖေ့ပုဆိုးခင်း မိုက်ကိုကိုင်ပြီး ပိုးဒါလီသိန်းတန်သီချင်းတွေ ဆိုတာမှတ်မိသေးတယ် ။ ကားနားတဲ့အချိန်ဆို အခွင့်ကောင်းယူတာပေါ့ ပရိသတ်များတယ်လေ လည်ချောင်းနာအောင်ကို ဆိုတာလေ ကားပိုင်ရှင်သမီးဆိုတော့လည်း ဟုတ်ဟုတ်မဟုတ်ဟုတ် လက်ခုပ်တွေတီးရတာပေါ့လေ ... ရှက်ထှာ ။

နောက် ၈တန်းလောက်ရောက်တော့ အိမ်ကကားတွေက သံတောင်ကလိုင်ချီးသီးတွေကို ရန်ကုန်ကိုတိုက်ရိုက်အသယ်အပို့လုပ်တော့ သစ်သစ်ကကားနောက်အဖုံးဖွင့်ပြီး လိုင်ချီးသီးကိုလည်း စပယ်ယာတွေနဲ့အတူတူအော်ရောင်းတတ်ပါသေးတယ် ။ သစ်အမဆို ရှက်လွန်းလို့တခါမှဝင်မရောင်းဘူး ။ သစ်သစ်ကအထုတ်ထဲက ကြီးတာလေးဆိုအော်လည်းအော် ဖြုတ်လည်းဖြုတ် ပါးစပ်ထဲလဲထည့်ပေါ့လေ စားလိုက်သောက်လိုက်ရောင်းလိုက်ပေါ့ ။ ညရောက်ရင်အိပ်လိုက်တာဆိုတာ အစ်ကိုတွေကပြောတယ် ငါ့ညီမကမိုးလင်းပေါက်ကားမောင်းလာတဲ့ အစ်ကိုတွေထက်တောင် ပင်ပန်းသေးတာတဲ့ ။ လိုင်းကားလုပ်တော့သိတဲ့အတိုင်းပဲ ကားဝပ်ရှော့နဲ့မကင်းဘူးလေ အမေက၀ပ်ရှော့သွားရင် ထမင်းချိုင့်တွေနဲ့ သစ်သစ်ကိုပါခေါ်သွားတယ် ။ ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား ငါလည်းမလုပ်တတ်ဘူးက ပြောသလားမမေးနဲ့ ။

အပျော်ဆုံးအချိန်က ကျူရှင်သွားတဲ့အချိန်ပဲ လွယ်အိတ်ကိုနောက်ပစ်ပြီး ရပ်ကွက်အထဲကိုဝင်ပြီး သွားလိုက်တာ တလမ်းလုံးတုတ်တစ်ချောင်းနဲ့ သြဇာသီးအစေ့လိုက်ကောက်တာလေ ။ ဆရာမဆီရောက်ရင် ဘယ်လောက်ရလဲ ရေတွက်ရတာအမော ...။ ဗီဒီယိုရုံတွေက ရဲကိုကို လင်းဇာနည်ဇော်ကား ဆိုမှတ်လာတယ် တပတ်တကြိမ်ကျောင်းပိတ်ရင် အမေကအခွေငှားခိုင်းတယ်လေ ဒီအပတ်ငှားမှာကိုလည်း အနီးအနားကသူငယ်ချင်းတွေ ကြိုပြောထားတာ ပြမဲ့နေ့ဆိုအခွေငှားဖို့အိမ်ကထွက်ကတည်းက ၀င်ခေါ်တာလေ လာကြည့်ဖို့ကို အများကြီးနဲ့ကြည့် နေကြာစေ့တွေစား ဇီးထုတ်တွေစား သူတို့ပြန်တော့ သစ်သစ်ကအမှိုက်တွေလှည်းရတာလည်း မှတ်မိသေးတယ် ။ ငယ်ဘ၀တစ်စိတ်တစ်ဒေသလေးတွေ ချရေးလိုက်တာဘာပဲဖြစ်ဖြစ် ညစ်နေတာလေးတွေ လစ်သွားတယ် ။ နောက်များမှထပ်ပြီး ဆက်ရေးဦးမယ်နော် ။

8 comments:

  1. အမလေး ...ဒါမျိုးကလေးတော့ လုံးဝလုံးဝ ...

    ReplyDelete
  2. အစားကလည်းပုတ်သေးတယ် ဟိဟိ
    ငယ်ငယ်ကဆိုးသလောက် ..( ကြီးတော့လည်း တူတူပါပဲ ) ..ဟိဟိဟိ

    ReplyDelete
  3. ပါးစပ်ထဲပစ်ထည့်လိုက် အော်ရောင်းလိုက် ပစ်ထည့်လိုက် အော်ရောင်းလိုက် ပုံကို ညက်ချိထဲ ကွက်၂ကွင်း၂ကြီးကိုပြေးမြင်လိုက်တယ် ၀ယ်တဲ့လူလက်ထဲလည်းရောက်ကို လိုက်ချီးသီးမပါတော့ဘူး ရိုးတံတွေကြီးရှိတော့မှာ မြင်ယောင်သေးတယ် အဟိ
    ကလေးထိန်း အတော် ၀ါသနာပါတယ်လား ဟင်းဟင်း လာထားပါ
    (မူကြိုဖွင့်ပါလား ပြောမလို့ ပါ)
    ထမင်းဟင်းချက် ၀ါသနာပါတယ်မလား ခုလည်း ထပ်ကစားတဲ့အနေနဲ့ ချက်ပါလားဟင် (ကောင်းမကောင်း လာမြည်းပေးမယ်)
    ပိုးဒါလီသိန်းတန် သီချင်းတွေဆိုတယ် ဟုတ်လား
    (ဒါကြောင့်နေမှာ ပိုးဒါလီသိန်းတန် သီချင်းဆိုတာ တကြောပြတ်ပြီး ယောက်ျားယူသွားတာကိုး)
    အဲ့လို ဗီဒီယိုပြပြီး ပြီးတော့ အမှိုက်လှည်းတဲ့ အကျိုးကျေးဇူးကြောင့် ခု ဒီရောက်တော့ ဟော စီးတီးဟောမှာ ပတ်တိုင်းလုပ်တာ လွယ်သွားရော
    (ထော စိတ်ဝင်စားရင် သစ်၂နဲ့ လိုက်ပြီး ပတ်တိုင်းလုပ်)

    ReplyDelete
  4. သတိရသွားပီ..
    ကိုယ့်သူငယ်ချင်း တယောက်က မေးဖူးတယ်..
    မင်း ငယ်ငယ်လေးတုန်းက ဓာတ်ပုံ ရှိရင် ကော်ပီ ကူးချင်တယ်တဲ့..
    ငယ်နိုင်သလောက်ငယ်.. လသားဆို ပိုကောင်းမယ်တဲ့..
    ဟင့်အင်း မရှိဘူး.
    ဘာလုပ်မလို့ လဲလို့  မေးမိတော့ ဘာဖြေတယ်ထင်သတုန်း။
    ငါ မွေးမယ့်ကလေး အဲဒီပုံအတိုင်း ထွက်လာရင် တခါတည်း သတ်လိုက်မှ ဖြစ်မယ်တဲ့..
    ခုလည်း
    ချစ်သစ် ငယ်ငယ် လသားလောက်က ရိုက်ထားတဲ့ပုံလေးများ မရှိဘူးလားဟင်..

    ချစ်ခြင်းဖြင့်
    nn

    ReplyDelete
  5. ဘဏ်လေး ..ရယ်လိုက်ရတာ ..တတ်လည်းတတ်နိုင်ဒယ်

    ReplyDelete
  6. သစ်သစ်ရဲ့ ငယ်ဘ၀လေးက ပျော်စရာလေး။ :)

    ReplyDelete
  7. ဗီဒီယိုရုံကားဆို ရဲကိုကို နဲ့ လင်းဇာနည်ဇော်ကားဆို မှတ်လာတယ်
    အဲဒီခေတ်တုန်းကဆို အကိုလည်း ရဲကိုကို နဲ့ လင်းဇာနည်ဇော် ဗီဒီယို ရုံပွဲကားဆိုအမြဲသွားကြည့်တယ်
    အိမ်စာတောင် မလုပ်အားပဲ သူတို့ကားကိုသွားကြည့်ပြီးမှ ပြန်လာလုပ်ရတယ်

    ReplyDelete
  8. ဗီဒီယိုရုံကားဆို ရဲကိုကို နဲ့ လင်းဇာနည်ဇော်ကားဆို မှတ်လာတယ်
    အဲဒီခေတ်တုန်းကဆို အကိုလည်း ရဲကိုကို နဲ့ လင်းဇာနည်ဇော် ဗီဒီယို ရုံပွဲကားဆိုအမြဲသွားကြည့်တယ်
    အိမ်စာတောင် မလုပ်အားပဲ သူတို့ကားကိုသွားကြည့်ပြီးမှ ပြန်လာလုပ်ရတယ်

    ReplyDelete