Tuesday, January 5, 2010

ကောက်ကွေးစိန်

ပိတ်ထားတဲ့ ၃ရက်တော်တော်ကို အကျိုးရှိလိုက်တယ် ။ လုပ်ချင်သောအရာတစ်ခုကို ထဲထဲဝင်ဝင်စပြီး လုပ်ဖြစ်တယ် ။ အရှိန်လေးရသွားရင် သစ်သစ်ကဆက်လုပ်ချင်တဲ့ အကျင့်ရှိတယ်လေ ။ ဒီလိုနဲ့လုပ်ဖြစ်တော့မယ်ဆိုပါစို့ ။ ပိတ်ရက်ကိုချက်စားရမှာတောင် ပျင်းလို့ ဆီချက်ခေါက်ဆွဲလေးနဲ့ ထမင်းနဲ့စားလိုက် ဆီနဲ့ဆားနယ်ပြီးစားလိုက်နဲ့ ဘယ်လိုအချိန်ကုန်သွားလဲတောင် မသိဘူး ။

ပျင်းတယ်ဆိုရင်တောင် ပျင်းချိန်မရှိခဲ့ဘူးလေ ။ ၂၀၁၀ စပြီဆိုတော့ ဇရာအရရော အချိန်နောက်ကျနေပြီဆိုတဲ့အတွေးနဲ့ရော လုပ်ဖို့တေးထားတာ အားကြီးရှိနေတယ် ။ အရှိန်အဟုန်နဲ့မလုပ်ရင် သေချာတယ် ၂၀၀၉လိုပဲ ဖြစ်တော့မယ်ဆိုတာ ကိုယ့်ကိုယ်သိတယ် ။ ဒါတောင်တစ်ခုကို လုံးဝလုပ်ရတော့မယ်ဆိုတာ သိလျှက်နဲ့ခုထိ မစဖြစ်သေးတာ ရှိသေးတယ် ။ စာရေးဖို့ကတော့ သိတဲ့အတိုင်းပဲ အကြောင်းထူးကလည်း ကိုယ့်အတွက်သိပ်မရှိဘူးဆိုတော့ ငယ်စဉ်အကြောင်း ဒါမှမဟုတ်ကိုယ်ရင်ဆိုင်ခဲ့တဲ့အကြောင်းက လွဲရင် သိပ်ရေးစရာလည်းမရှိဘူးလေ ။ ဒီတော့ ၀မ်းစာဖြည့်ဖို့လိုတယ်လေ ။ ဒါပေမယ့် သစ်သစ်လုပ်ရမယ့်အလုပ်တွေက ဘလော့ကိုဖက်တွယ်နေလို့ မဖြစ်တဲ့အရာတွေဆိုတော့ နည်းနည်းနဲ့ဖြည်းဖြည်းမှန်မှန်ပဲ ရေးဖြစ်တော့မယ်ထင်ပါတယ် ။

ဘောင်တစ်ခုနဲ့သတ်မှတ်ပြီး လုပ်နေတယ်ဆိုတော့ အခုတော့အစမို့လို့ ငြီးငွေ့ခြင်း ပျင်းရိခြင်း ကင်းနေပေမယ့် ဘယ်အချိန် ပင်ပန်းတယ်ဆိုပြီး ဒီဘလော့မှာထအော်ဖြစ်မယ် မသိပါဘူး ။ အဲ့အခါကျတော့လည်း ၀ိုင်းဝန်းပြီးနှိပ်ကွပ် အဲလေ နှစ်သစ်ကြပါဦးလို့ ကြိုတင်ရီကွက်စ်လုပ်ထားလိုက်တယ်နော် ။ ပြန်ရဖို့နီးလာလို့ ပျော်လားဆိုတော့လည်း ပျော်လည်းပျော်တယ် ပျော်လည်းမပျော်ဘူး ဖြစ်နေတယ် ။ စိတ်လွတ်ကိုယ်လွတ်လည်း မပျော်ဘူး ပြန်လာရင်လုပ်ရမယ့်အရာတွေ မပြန်ခင်ကုန်ပေါက်တွေကို စဉ်းစားရင်းမပျော်နိုင်တာလည်း ဖြစ်ချင်ဖြစ်မယ် ။ ရန်ကုန်မှာ လုပ်မယ့်အရာတွေ ၀ယ်မယ့်အရာတွေ ချရေးနေတာကလည်း အေဖိုးတစ်ရွက်ကျော်နေပြီလေ ။ တစ်ရက်ခြင်းစီကို ဟာကွက်မရှိလုပ်ရမယ့်အရာတွေကိုလည်း ချရေးထားသေးတယ် ။ ပြီးမှပြန်စဉ်းစားမိတယ် အော် ငါ့နှယ့်နော် ပြန်တာတောင်စိတ်ကိုနှောင်ဖွဲ့ထားမိနေတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုပြန်စိတ်ကောက်လိုက်သေးတယ် ။

စိတ်ကောက်တာကတော့ ၀ါသနာကိုပါတာနော် သူငယ်ချင်းအရင်းတွေနဲ့စိတ်ကောက်ရင် ၁နှစ် ၂နှစ်ကြာတယ် စကားမပြောဘူး ။ သူတို့က ပြန်ချော့လဲခပ်တင်းတင်းပဲ အဲ ပြန်ခေါ်တော့လည်း အရင်ကကိုယ်ပဲဘာမှမဖြစ်ခဲ့သလိုပဲတဲ့ သူငယ်ချင်းတွေကပြောတာနော် ။ ကိုယ်သံယောဇဉ်ရှိတဲ့သူကတော့ပြောမနေပါနဲ့တော့ ကိုယ့်ဘာသာကောက် ဟိုကသိတဲ့အချိန်လည်းချော့ မသိတဲ့အချိန်လည်း ကိုယ့်ဘာသာပြန်ပြေနဲ့ ချာလပတ်ရမ်းနေတာပဲ .... ဟိ ။ အိမ်ကသူတွေနဲ့ကလည်း ကောက်ကွေးတာပြောမနေနဲ့တော့ သစ်သစ်အဖေကို သစ်သစ်အကောက်ဆုံးပဲ ။ ဟိုးတလောကဆို အဖေကိုစိတ်ကောက်ပြီး စနေဖုန်းမဆက်ဘူးလေ ။ ဘာကောက်လဲတော့မမေးနဲ့ ပြောရင်ရီမယ် သစ်သစ်ကစနေနေ့တိုင်းအိမ်ကိုဖုန်းဆက်တယ် ။

အဖေကလည်း အပတ်တိုင်းဆိုတော့ ပြောစရာသိပ်မရှိတော့ဘူးပေါ့နော် ဒါလည်းသစ်သစ်ကမရဘူး အဖေဘာစားလဲ ခုဘာချက်နေလဲ ဘယ်သွားဖို့ရှိလဲ ဒါတွေမေးနေတာ ။ နဂိုကတည်းက စစ်သားဆိုတော့ စိတ်ကလည်းမရှည်လေ အသက်ကလည်းကြီးပြီဆိုတော့ သစ်သစ်ကိုဘာပြောဖို့ရှိသေးလဲတဲ့ ဒါတွေမေးမယ်ဆို ၂ပတ်ခြားဆက်တဲ့ အဲလိုလဲပြောပြီးရော ဖုန်းကိုသစ်သစ်က ပိတ်ပလိုက်တယ် မဆက်ဘူးဆိုပြီး ကောက်နေတာလေ ။ နောက်အပတ်လည်းမဆက်ဘူး အဖေက ဖုန်းခေါ်လည်းမကိုင်ဘူး (တကယ်တော့အဖေ ဖုန်းဘီလ်တက်မှာစိုးလို့ပါ) ။ အသက်ကြီးကြီးအဖေကလေ အိမ်ဘေးနားကအင်တာနက်ဆိုင်ကနေ ပီဖင်ဂိုလေးနဲ့လာခေါ်ရှာတယ် ။ သစ်သစ်ကပီဖင်ဂိုဆို ဘယ်သူမှန်းမသိတော့ ကိုင်တတ်တယ်ဆိုပြီးတော့လေ ဟလို ဆိုတော့ အဖေကဘာလို့ဖုန်းမကိုင်တာနဲ့ ဘလာဘလာဆိုပြီး ပြောတော့တာပေါ့ သစ်ကခုအိမ်ကိုခေါ်မယ် အိမ်ပြန်လို့ပြောလိုက်တာလေ ။ ရှက်လည်းရှက်သေးတယ် စိတ်ကောက်တာသူများသိမှာကိုလေ ။ အိမ်ကိုဆက်တော့အမေက အရင်ဖုန်းကိုင်တယ် သစ်သစ်ကအမေကိုတော့ နည်းနည်းကြောက်တယ် ဆူမှစိုးလို့လေ အရင်ဦးအောင်ငိုတာ သစ်ငိုပြီးမှအမေကမေးတယ် ဘာကိုကောက်တာလဲတဲ့ သစ်ကပြောလိုက်တော့ အစ်ကို အစ်မ တွေရော တူ တူမတွေပါ မကျန်ရီကြတယ် အဲလိုရီလို့ ထပ်ကောက်ပါသေးတယ်ဆို...... ၀ါသနာအရပါနော် ။

ခုလည်းပိတ်ရက်ပြီးလို့ ရုံးစတက်တဲ့နေ့မှာပဲ စီနီယာကသူ့အဖေနေမကောင်းလို့ ခွင့်ယူတယ်လေ သစ်သစ်ကိုအလုပ်တွေအားကြီးပေးခဲ့တယ် အေးဆေးပါပဲ ။ ဒက်လိုင်းဝေးတယ်လေ ဒါကြောင့်ပို့စ်တစ်ပုဒ်လေး ဖြစ်အောင်ဟိုရိုက်ဒီရိုက်နဲ့ အများစိတ်ညစ်ဖို့ သစ်သစ်ရဲ့မကောင်းတဲ့အကျင့်တစ်ခုကို ကြော်ငြာလိုက်တာပေါ့ ။ ဟိဟိ ......

6 comments:

  1. ကောက်ကလိန် သစ် ...

    ReplyDelete
  2. အားနေရင် မှန်ကြည့်ပြီးရော မကောက်ဘူးလား (ဆံပင်ကိုပြောပါတယ်) အဟိ
    တို့  ခပ်ငယ်ငယ်ကလည်း အဲ့လိုပဲ ကောက်ကွေးစိန်
    မိဘ မောင်နှမ သူငယ်ချင်းတွေကိုပါကောက်တာ
    တို့ ကောက်ပြီဆို ပိုက်ဆံတမတ်ရတယ် အဲဟုတ်ပေါင် အလွန်နားညည်းသက်သာတယ်ပြောတယ် စကားမပြောတော့လို့ လေ အဟိ
    ဘယ်လောက်ကောက်လည်းဆို စုဘူးထဲမှာ မတ်စိတွေ အပြည့် အဲ လာပြန်ပြီ
    ပိုက်ဆံ သူငယ်ချင်းတွေက နင် ကောက်စရာမရှိ မှန်ကြည့်ပြီး ကိုယ်ဖာသာကိုယ် စိတ်ကောက်တဲ့ဟာလေးပဲတဲ့
    ခုတော့ ကောက်စရာ နှမတော်လေးတွေနဲ့  ရုံးက မန်နေဂျာပဲရှိတော့တယ်

    ReplyDelete
  3. ဟယ်...
    (ပါးစပ်ကလေး ဖွင့်လျက်)
    အံ့ ကို သြ ရော..
    (စိတ်ထဲမှ ရေရွတ်လျက်)

    nn

    ReplyDelete
  4. ခြေကောချိတ်ပြီးကောက်သေးလား။

    ReplyDelete
  5. ဒေါ်ရွှေကောက်

    ReplyDelete
  6. ဟင့်အင်း ဟုတ်ဘူးညီ ဒေါ်ကွေးစိန်တဲ့ အဟိ

    ReplyDelete