Tuesday, March 30, 2010

မောရှမ်းမြေသို့ အလည်တစ်ခေါက်

နေပြည်တော် အမြန်လမ်းကနေ သစ်သစ်ကသွားစေချင်တာ သစ်သစ်စီးတဲ့ရန်ကြီးအောင် ရန်ကုန် တောင်ကြီးလိုင်းကလည်း နေပြည်တော်ဘက်ကသွားတော့ သစ်သစ်အကြိုက်ဖြစ်သွားတာပေါ့ ။ လမ်းတစ်လျှောက်လုံး ဓါတ်ပုံတွေမနားတမ်းရိုက်လာတာ နေ၀င်မှပဲ ကင်မရာလေးလည်း နားရတော့တယ်လေ ။ ဒီလိုနဲ့ ဆွာကိုရောက်တော့ တော်တော့်ကိုမှောင်နေပြီလေ သစ်သစ်ကဘယ်ရောက်မှန်းတောင် မသိပါဘူး ဆိုင်ကကောင်လေးကို ဒါဘယ်နေရာလဲမေးလိုက်တော့ ဆွာနားမှာအမတဲ့ ညဘက်ကြီးကိုလူတွေဆိုတာ အများကြီးပါပဲ ။ သတိထားမိတာက တိုးရစ်တွေက သူတို့ဘာသာသစ်သစ်တို့လို အိတ်စပတ်စ်ကားတွေနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားလာနေကြတာပါပဲ ။ သစ်သစ်ကတော့ ဆတ်သားခြောက်ကြော်ကို ဒီတိုင်းရေနွေးကြမ်းနဲ့ထိုင်သောက်နေလိုက်တယ် ။ ညဘက်ဆိုတော့ ဓါတ်ပုံလည်းမရိုက်ဖြစ်တော့ပါဘူး (စိတ်ဆိုးနဲ့နော် မေဖလားဝါးရှလွတ် ) ။

ဒီလိုနဲ့ကားကဆက်တိုက်မောင်းလာလိုက်တာ နေပြည်တော်ကအ၀ိုင်းပေါင်းစုံရဲ့ ညဘက်မီးထွန်းထားတဲ့အလှကလည်း မြင်သူစွဲဆောင်စေပါတယ် ။ ကားကသွားနေတော့ မီးအလင်းတွေကရှိတ်တွေဖြစ်နေတယ် ဒါနဲ့ဓါတ်ပုံမတင်တော့ပါဘူး ။ နောက်တော်တော်လေးမောင်းပြီး ညနက်လောက်ရောက်တော့ တစ်ခါကားနားပြန်ပါတယ် နေရာမသိလို့မေးတော့ ယင်းမာပင်မြို့လို့ ပြောပါတယ် ။ လမ်းခရီးတစ်လျှောက်မှာ တိုးတက်လာတာကတော့ ကားရပ်လိုက်တဲ့ဆိုင်တိုင်းမှာ အိမ်သာရေနိုင်နိုင်နဲ့ သန့်ရှင်းသပ်ရပ်နေတာ တွေ့ခဲ့ရပါတယ် ။ ဆိုင်တွေကလည်း ရေကိုဖောဖောသီသီကိုယ်ပိုင်မီးစက်တွေနဲ့ အပြိုင်အဆိုင်ပါပဲ ။ နောက် သစ်သစ်လည်းသီချင်းနားထောင်ပြီး လိုက်လာလိုက်တာ အောင်ပန်းရောက်တော့တစ်ခေါက်ထပ်နားပါတယ် မနက် ၃နာရီလောက်ရှိနေပါပြီ ။ သစ်သစ်အမက အောက်ဆင်းချင်တယ်ဆိုတော့ ဒေါ်ရွှေသစ်သစ်လိုက်သွားတာ အားပါးးးးးးးပါးးးးးးး အေးလိုက်တာဆိုတာ ခြေလက်တောင်ကိုက်ချင်ချင်ဖြစ်ပြီး ဖုန်းထုတ်ကြည့်လိုက်တော့ လိုင်းမိနေတယ်လေ ။ လာကြိုမယ့်ကလေးတွေကို ဖုန်းဆက်ဖို့ခလုပ်နှိပ်တော့ လက်တွေဆိုတာ ထုံနေတာပါပဲ ။

ကားပြန်ထွက်တော့ သစ်သစ်မအိပ်ချင်တော့ဘူး အေးလွန်းတော့ အိပ်မရတာလဲပါတယ် ။ နောက်တော့ဖုန်းလိုင်းကလည်း မိနေပြီဆိုတော့ ချောချောမောမောရောက်ပြီဖြစ်ကြောင်း အိမ်ကိုလှမ်းဆက်လိုက်သေးတယ်လေ အဖေကတစ်ညလုံးမအိပ်တမ်းစောင့်နေမှာ သစ်သစ်ကသိနေတော့ ထင်တဲ့အတိုင်းပဲ အဖေဖုန်းကိုင်တယ် ။ နောက်ညမှောင်မှောင်မှာ သတိထားမိတာကတော့ တိတ်ဆိတ်နေတဲ့ကလောမြို့လေးပါ ။ မကြာပါဘူး ကားဆရာကလာမေးပါတယ် ခေါင်တိုင်မှာဆင်းဖြစ်လားတဲ့ နေဦးဆိုပြီး သစ်သစ်ကကလေးတွေကို ဖုန်းဆက်တော့ခေါင်တိုင်လမ်းခွဲမှာသွားစောင့်နေကြတယ်ဆိုလို့ ခေါင်တိုင်လမ်းခွဲမှာဆင်းမယ်ပြောလိုက်တယ်လေ ။ လမ်းခွဲဆိုတာရောက်တော့ မှောင်မဲနေတာပါပဲ ချမ်းကလည်းချမ်း လာကြိုတဲ့မောင်လေးတွေက ဆိုင်ကယ်တွေနဲ့ သစ်သစ်တော့ရှင်ချင်ပါတယ်လေ ။ လမ်းခွဲထောင့်က လက်ဖက်ရည်ဆိုင်က တရားခွေဖွင့်ပြီး ရေနွေးထကြိုတော့ သစ်သစ်တို့အဖွဲ့ အဲ့ဆိုင်မှာထိုင်ပြီး ကော်ဖီသောက်ဖို့ ရေနွေးစောင့်ကြရတယ်လေ ။ ချမ်းလွန်းတော့ သစ်သစ်ကဘယ်လိုမှနေလို့မရတော့ ဆိုင်ရှင်ဦးလေးကြီးက မီးပုံလေးလုပ်ပေးတော့မှာ သစ်သစ်တစ်ယောက်အနွေးဓါတ်ရပြီး နေရတာအဆင်ပြေသွားတယ် ။

အွန်လိုင်းပေါ်ကနေသိပြီး အဆက်အသွယ်လည်းမပြတ်တဲ့ မောင်ငယ်လေးတွေက ဗထူးမှာတာဝန်ကျနေတာလေ သစ်သစ်လာမယ်ဆိုတော့ ခေါင်တိုင်လာပြီးကြိုကြတယ်ဆိုပါတော့ ။ ခုမှ အမ ကျွန်တော်ကဘယ်သူလေ သူကဘယ်သူနဲ့မိတ်တွေဆက်ကြပေမယ့် ဟိုးအရင်ကခင်ဖူးသလိုပဲ နောက်လိုက်ပြောင်လိုက်ရင်းနှီးနေကြတာပါပဲလေ ။ ရှေးဘ၀ကအဆက်တွေပဲ ဖြစ်မှာပါပဲလေ သူတို့တွေကလည်းဆိုင်ကယ်တွေနဲ့လာကြိုတော့ သစ်သစ်ကဟယ် အမဘယ်လိုစီးနိုင်မှာလဲလို့ ဆိုင်ကယ်ဆိုတာက လေတိုးတယ်လေ ။ မပူပါနဲ့ဆိုပြီး သူတို့ကြိုတင်ဝယ်လာတဲ့ အနွေးထည်တွေ ခြေအိတ်လက်အိတ်တွေ သစ်သစ်ကိုပေးကြတယ် ။ အ၀တ်အထည်တွေရဲ့အနွေးဓါတ်ထက် သူတို့လေးတွေရဲ့မေတ္တာက ပိုပြီးနွေးထွေးပါတယ်လေ ။ သစ်သစ်အမကိုလည်း သူတို့အမအရင်းလိုပဲ စနောက်နေကြတာ သစ်သစ်အမလည်းသူတို့တွေနဲ့ ပျော်နေတယ်လေ ။

ရေပူစမ်းက ၆နာရီလောက်စဖွင့်မှာဆိုတော့ မိုးလင်းတာကိုစောင့်ရင်း မီးပုံဘေးမှာစကားတွေထိုင်ပြောတာ တကယ်မမေ့နိုင်ပါဘူး ။ ရေပူစမ်းမှာဆိုင်ကယ်တွေနဲ့လာစောင့်နေတဲ့ ခေါင်တိုင်ရွာထဲက ညီမငယ်လေးတွေကလည်းဖုန်းတွေဆက်လှပြီ သူတို့ကိုလည်းစနေကြတယ်လေ ။ ငါ့အမကို နင်တို့ဘယ်မှာသွားရောင်းစားနေလဲ ဘာလဲပေါ့ ။ တကယ်ကိုခင်မင်စရာပါ ။ နောက်သွားမယ်ဆိုတော့ ဆိုင်ကယ်၅စီးမှာ သူ့ဆိုင်ကယ်တက် င့ါဆိုင်ကယ်တက်နဲ့ သစ်သစ်ကိုလုကြတယ်လေ နောက်ခေါင်းပန်းလှန်ကြတယ် တကယ့်ကလေးတွေပဲ ။ ခေါင်တိုင်ရွာအရောက်ကို ၁၀မိုင်ရှိတယ် ရေပူစမ်းအထိကို ၈မိုင်တဲ့ ။ ဆိုင်ကယ်၅စီးနဲ့ တစ်ပျော်ကြီးရေပူစမ်းသွားတာ သစ်သစ်ဘ၀မှာပထမဆုံးဆောင်းတွင်းချမ်းချမ်းမှာ လေအေးတွေကမျက်နှာကိုတိုးလို့ ဆိုင်ကယ်စစီးဖူးတာပါပဲ ။ ပထမတော့နောက်ကနေ မောင်လေးဟိုဟာကဘာလဲ ဒီဟာကဘာလဲ မေးနိုင်သေးတယ် တော်တော်လေးကြာတော့ မေးတွေခိုက်လာတယ် ဟဲ့...ငါမရတော့ဘူးဆိုပြီး ဆိုင်ကယ်ရပ်ခဏနားကြတယ် ။ အရမ်းအေးပြီး လူကထုံနေတာလေ တကယ့်ကိုအတွေ့အကြုံသစ်တစ်ခုပဲ ..... ။ နောက်အင်းလေးကို ဒီတစ်ရက်အပြီးလည်း ညနေတောင်ကြီးတက်မှာဆိုတော့ ရေပူစမ်းမှာ၁နာရီလောက်ပဲရေစိမ်ခွင့်ရမှာလေ ဒါကြောင့်အချိန်သိပ်ဆွဲနေလို့မဖြစ်ပြန်ဘူးလေ ။ နောက်အင်းထဲမှာစက်လှေငှားပြီး အဆင်သင့်နောက်တစ်ဖွဲ့ကစောင့်နေကြတယ်လေ ။

ဒါနဲ့ရေပူစမ်းရောက်တော့ မမဆိုပြီးပါးတွေဖက်နမ်းကြတဲ့ ပွင့်လင့်းဖြူစင်တဲ့ညီမငယ်လေး၎ယောက်က ရေပူစိမ်ဖို့ အခန်းအဆင်သင့်ယူထားကြတယ်လေ ။ သစ်သစ်က ညီမလေးတွေပါအတူစိမ်မယ်ဆိုပြီး မနက်စောတော့ဘယ်သူမှမရှိသေးတဲ့ အများကန်မှာပဲစုစိမ်ဖြစ်ကြတယ်လေ ။ ရှမ်းသံဝဲ၀ဲလေးတွေနဲ့ ပေါက်ပေါက်ဖောက်အောင်ပြောနေကြတာ အသံသွင်းဖို့တောင်မေ့သွားခဲ့တယ် ။ မောင်လေးတွေကအပြင်ကနေ သစ်သစ်တို့ရေစိမ်ပြီးရင်စားဖို့ ဆိုင်ပေါ်ကနေစောင့်နေကြတယ်လေ ။ တွေ့ပါပြီ ရေပူကန် တလမ်းလုံးအေးလာတော့ ကန်ထဲဆင်းချသွားတာ အားးးးးးးးးးးလားးးးးးးးးးလားးးးးးးးးးပူလိုက်တာဆိုတာ ချက်ချင်းကန်ဘောင်ပေါ်ပြေးတက်ရတယ် ။ ညီမလေးတွေက မမရယ် ရေအေးအရင်ချိုးပြီးမှဆင်းတာမဟုတ်ဘူးတဲ့ အောင်မလေး ဒီလောက်အေးတာ ရေအေးသာစိမ်ရရင် ငါ့သာအသေသတ်လိုက်ပါတော့လို့ဆိုတော့ သူတို့ကရီကြတယ်လေ ။ နောက်တော့ခြေထောက်လေးပြန်ချနောက် ခါးအထိဆင်း နောက်မှသူတို့ကလည်းကိုယ့်ကို ရေလည်ကနေအမျိုးမျိုးလုပ်ပြနေကြတော့ ချစ်စရာရှမ်းမလေးတွေဆီ မသွားပဲမနေနိုင်ခဲ့ပါဘူး ။ ဒီလိုနဲ့ ၁နာရီကျော်မှန်းမသိအောင် ရေဆော့ကြတာလေ ပြန်တောင်မတက်ချင်တော့ဘူး ။ ကိုယ်ကအချိန်လုလာရတာဆိုတော့ ဆက်နေလို့မဖြစ်ဘူးလေ ။ ရေချိုးမိုးပြီးထွက်လာတော့ မောင်ငယ်တွေက ထမင်းကြော် ကော်ဖီ ရေကြက်ကြော် ငါးမုန့်ကြော်အဆင်သင့်နဲ့ စောင့်နေကြတာပေါ့ ။ ဒီတော့မှဗိုက်ကလည်း ဆာမှန်းမသိဆာနေတာလေ ကြက်ဥကြော်နဲ့ထမင်းကြော်က ဘယ်လိုစားလို့ ဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်ပါဘူး ။ ပိုက်ဆံကိုလည်းဘယ်လိုမှသစ်သစ်လုရှင်းလို့မရပါဘူး သူတို့တွေပဲအားလုံးလုရှင်းကြတယ်လေ အရမ်းကိုအားနာစရာကောင်းပါတယ် ။ နောက်အဖွဲ့လိုက်ပုံတွေရိုက်ကြပါတယ် (နိုင်ငံ့တာဝန်ထမ်းဆောင်နေတဲ့ ကလေးတွေဆိုတော့ သစ်သစ်ပုံတွေမတင်တော့ပါဘူး ) ။

ရေပူစမ်းကထွက်တော့ ဆိုင်ကယ်၉စီးဖြစ်သွားပြီလေ ခေါင်တိုင်ရွာထဲဝင်တော့ သူပုန်စီးသလိုပါပဲလေ ။ သစ်သစ်ကတော့ ဗိုက်ကလည်းတင်း လူကလည်းနွေးနေပြီဆိုတော့ ရှမ်းတောင်တန်းတွေကြည့်ပြီး ဓါတ်ပုံရိုက်ပြီးလိုက်လာခဲ့တယ်လေ ။ ဆိုင်ကယ်မောင်းတဲ့မောင်လေးကလည်း တကယ်စိတ်ရှည်ပါတယ် ။ သစ်သစ်ရိုက်ချင်တဲ့နေရာတိုင်း ရပ်ပြီးစောင့်ပေးတယ်လေ ။ ရွာထဲရောက်တော့ညီမငယ်လေးတစ်ယောက်ရဲ့အိမ်မှာ ခဏ၀င်နားတော့ နေကြာစေ့လှော်တွေ ခေါပုတ်တွေ ရှမ်းလွယ်အိတ်တွေ အကျီတွေခြင်းတောင်းတစ်လုံးနဲ့ လက်ဆောင်ထည့်ပေးကြတယ်လေ ။ မယူဘူးဆိုတော့လည်း စိတ်တွေဆိုးကြတယ် ။ ကန်ထဲမှာမြူတွေရှိသေးတော့ ကန်ထဲကိုမဆင်းရသေးဘူးလေ ။ မောင်ငယ်လေးတွေက အင်းထဲဆက်မလိုက်တော့ပဲ ညနေမှတောင်ကြီးကနေစောင့်နေမယ်လို့ ပြောပြီးနှုတ်ဆက်လမ်းခွဲကြတယ်လေ ။ ညီမငယ်လေးတွေကလည်း သစ်သစ်ကိုလှေပေါ်ထိလိုက်ပို့ပေးပါတယ် နောက်တော့ညောင်ရွှေက အလုပ်တွေကိုသွားခိုင်းလိုက်တယ် ။ အစကတည်းကတစ်ယောက်ကိုမှ ခွင့်မယူရဘူးလို့ သစ်သစ်ကပြောထားတယ်လေ ။ ကိုယ့်ကြောင့်အလုပ်ပျက်မှာ စိုးတယ်လေ ။ စက်လှေပေါ်ကိုတစ်ဖွဲ့လုံးလိုက်ပို့ကြတယ်လေ နောက်အင်းလေးကန်ထဲကို စက်လှေစထွက်တွေ အေးမြလတ်ဆတ်တဲ့ အင်းလေးရေပြင်ကျယ်ကြီးထဲက လေနုအေးလေးတွေက သစ်သစ်ကိုပွေ့ဖက်ကြိုဆိုကြတယ် ။ တကယ့်ကိုအမောတွေပြေစေတဲ့ သစ်တို့နိုင်ငံရဲ့သဘာဝကပေးထားတဲ့ နာမည်ကြီးအလှပေါင်းစုံတဲ့ အင်းလေးကန်ထဲကို သစ်သစ်ရောက်ခဲ့ပြီလေ......။ ပို့စ်တစ်ခုတည်းအပြီးသတ်ရေးမယ် စီစဉ်ထားပေမယ့် အရမ်းရှည်နေမှာစိုးလို့ နောက်ပို့စ်တစ်ခုအဖြစ် ခွဲထုတ်လိုက်ရပါတယ် ။ ဆက်ဖတ်နော်......။


ကားမထွက်ခင် အိပ်ချင်နေတဲ့ ဒေါ်ရွှေသစ်


အောင်မင်္ဂလာအဝေးပြေးက စထွက်ပြီကွယ်


တာယာစားတယ် နာမည်ကြီးတဲ့ နေပြည်တော်ကွန်ကရစ်လမ်း


အမြန်လမ်းပေါ်က တိုးဂိတ်တစ်ခုရဲ့အလှ


ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ တွေ့ရင် မရိုက်ရမနေနိုင်ဘူး


အမြန်လမ်းရဲ့နေ၀င်ဆည်းဆာအလှ (လွမ်းတယ် ရွှေပြည်ကြီးရယ် )


ရေပူစမ်းအ၀င်ဆိုင်းဘုတ် (ဟဲဟဲ ဘလာကော်ဆိုတော့လည်း မြင်ရာရိုက်တာပဲ)


ရေပူထွက်တဲ့နေရာ အဲဒီကနေ ကန်ထဲကိုပိုက်နဲ့သွယ်တာတဲ့


ကန်ထဲက သစ်သစ်ထက် နောက်ကရှမ်းတောင်တန်းတွေကို ပြချင်တာ (လှတယ်နော်)

သစ်သစ်ရဲ့ချစ်မကြီးရယ် ရှမ်းတောင်တန်းတွေရယ်ပေါ့


ရေပူစမ်းက ညီမငယ်တစ်ယောက်နဲ့ အမှတ်တရ


ရေကြက်ကြော်ဆိုပဲ ပူပူကြွပ်ကြွပ်လေး စားကောင်းတယ်


ဒါကတော့ ငါးမုန့်ကြော်

ကျန်တာကတော့ ဗိုက်ထဲရောက်မှ ရိုက်ဖို့သတိရတယ်....ဟိ ။



ဆက်ဖတ်ချင်သေးရင်...

Sunday, March 28, 2010

ဒီရေဒီမြေသို့ တစ်ခေါက်-၆

၂၀.၂.၂၀၁၀ မနက်ကတည်းက သွားတာများမယ်ဆိုတော့ စောစောလေးထပြီးလုပ်စရာရှိတာ ခပ်သွက်သွက်လေးလုပ်လိုက်တယ် ။ မနက်၉နာရီခွဲ အိမ်ကထွက်ချင်တော့ အမကိုလည်း လောနေရပါတယ် သူကလည်းအမေ အဖေ တို့စားဖို့ ချက်ပြုတ်ဈေးပြေးဆိုတော့ မအားပါဘူးလေ ။ သစ်သစ်ပြန်တဲ့အချိန် သူတော်တော်အလုပ်များပါတယ် ။ သနားပါတယ် တစ်ဦးတည်းသောချစ်မကြီး အနားမှာနေရင်သာ အသက်၁၀နှစ်လောက်ကွာပေမယ့် သစ်သစ်ဆရာလုပ်လွန်းတော့ သိပ်မတည့်ပါဘူး ဟိဟိ (ဒါတောင် သူကသစ်သစ်ဘာပြောပြော ရက်စ်ဆိုတဲ့သူမျိုး ) ညီမခဏလာလည်တော့ သူ့ခင်မျာပျော်ရှာတယ် ။


အိမ်ကထွက်တော့ ၁၀နာရီရှိနေပြီလေ သူကားမောင်းတာကိုလည်း ဘေးကနေဆရာဆက်တိုက်လုပ်နေတာ အစ်မကပြောပါတယ် နင်ဟာလေ ဘာမှကိုမပြောင်းလဲဘူးတဲ့ ။ Junction 8 ရောက်တော့ ဆံပင်ညှပ်ဆိုင်က လွန်ခဲ့တဲ့ ၂လလောက်ကတည်းက လှည်းတန်းကိုပြောင်းသွားပါပြီတဲ့ စိတ်တောင်လေသွားတယ် ။ လှည်းတန်းသွားဖို့ကျတော့လည်း သွားဆရာဝန်နဲ့ချိန်းထားတာက ၁၂နာရီဆိုတော့ မမှီလောက်ဘူးလေ ။ ဒါနဲ့ သစ်သစ်ရန်ကုန်မှာနေတုန်းက ပွဲတွေရှိတိုင်းပြင်နေကျ သစ်သစ်လက်စွဲအလှဖန်တီးရှင် ရှိပါတယ် ။ သူ့ဆီဖုန်းဆက်တော့ ၂နာရီမှာတစ်ယောက်လွတ်တယ်တဲ့ ၀င်ချင်တယ်ဆိုရင် အဲ့အချိန်လာခဲ့တဲ့ ။ ဒါနဲ့ အချိန်ကနည်းနည်းဟနေပြန်တယ်လေ ညီအစ်မ၂ယောက် ရွှေဘဲမှာနေ့လည်စာစားရင်း အချိန်ဖြုန်းလိုက်ကြတယ် ။ နောက်သွားဆရာဝန်ဆီရောက်တော့ ကိုယ့်အလှည့်ရောက်ဖို့ ၁ယောက်ပဲလိုတော့တယ်လေ ။

သွားဆရာဝန်ဆီရောက်ရင် သစ်သစ်မှာစိတ္တဇရှိပါတယ် ဘာလဲဆိုတော့ သွားဆေးခန်းတွေက စက်တွေကရုပ်ရှင်တွေထဲက စက်ရုပ်ကားတွေလိုပဲဆိုတော့ အလိုလိုကြောက်ပါတယ် ။ ဒါပေမယ့် ဒီဆရာဝန်က သစ်သစ်အစ်မ သူငယ်ချင်းဆိုတော့ စကားတွေပြော သီချင်းလေးဖွင့်ပြီး လုပ်တာဆိုတော့ နည်းနည်းတော့စိတ်သက်သာရစေပါတယ် ။ နောက်ပြီးသွားတော့လည်း သူတို့သူငယ်ချင်းတွေ စကားစမြည်ပြောနေတာကို စောင့်ပေးရင်း ၁နာရီခွဲသွားပြန်တယ် ။ ၂နာရီကိုမှီဖို့ ကားကမောင်းရဦးမှာဆိုတော့ မြန်မြန်စကားစဖြတ်လို့ ပြန်လစ်လာကြတယ် ဆိုပါတော့ ။ ကားပေါ်မှာ သစ်သစ်ကတော့ ဖုန်းခေါ်ရင်း ဟဲ့ ငါလာနေပြီနော် နင် အခြားသူကိုမပြင်နဲ့တော့ ငါ နင်နဲ့ပဲဆံပင်လုပ်ချင်တယ် ဘာညာပေါ့ ဂျီကျလိုက်တာ သူ့ဆီရောက်တော့ ၂နာရီခွဲတော့မယ်လေ ။

အရင်ကတော့ နာမည်ကြီးမိတ်ကပ်ဆရာဆီမှာ သူကအသင်အနေနဲ့လုပ်ရင်း သစ်သစ်ဘယ်သွားသွား သူကအိမ်ကိုလာလာပြင်ပေးနေကျဆိုတော့ အရမ်းရင်းနှီးနေတဲ့သူပါ ။ ခုသူ့ဆိုင်ရောက်တော့ အဆင်ပြေနေလိုက်တာနော် တိုက်အောက်ထပ်တစ်ခုလုံးကို အလှပြင်ဆိုင်ဖွင့်ထားလိုက်တယ် သူ့လက်ထောက် ၅ယောက်လောက်နဲ့ တကယ်ကိုလက်မလည်အောင် လုပ်ရတာပဲ တော်တော်လည်းအောင်မြင်ပြီး အဆင်ပြေနေတာပါ ။ဖုန်းလာရင်တောင် လက်ထောက်တစ်ယောက်က အရင်ပြောပြီးဘယ်သူဆိုမှ သူကပြောတာနော် ဟိ ...မြင့်ချက် ။ ၀င်ငွေကတော့အားကျစရာပါ ဘွဲ့သမားဆို ၂ရက်ကို ၅သောင်းတောင်တဲ့ ဟိဟိ သများတွေနိုင်ငံခြားလာစရာမလို အလုပ်တွေဖြစ်နေလိုက်ကြတာ ။ သစ်သစ်ရောက်တော့ သတို့သမီး ၂ယောက်ကို သူပြင်နေတယ်လေ သူ့အသင်ကောင်မလေးကို သစ်သစ်ခေါင်းကိုလျှော်ဖို့ ပြောတော့ ဟဲ့ နင်လုပ်တာပဲငါလိုချင်တာ ဆိုတော့ သူ့ခင်မျာမအားတဲ့ကြားက သစ်သစ်ကိုခေါင်းပါဝင်လျှော်ပေးရတယ် တကယ်ခင်မင်စရာပါပဲ ။ နောက်သူနဲ့စကားတွေအများကြီးပြော ဧပြီစလုံးလာမယ်ဆိုတော့ ကိုယ်ကလည်းဖိတ်ခေါ်ရတာပေါ့ လာလည်လေပေါ့ တကယ်တော့နင်တို့တွေက ထိုင်းကိုသွားတာပိုကောင်းတယ်လို့ အကြံပေးရင်းကိုယ်လုပ်ချင်တာမှန်သမျှကို သူကိုယ်တိုင်မငြီးမငြူပဲလုပ်ပေးနေတာလေ အားလုံးပြီးသွားတော့ ပိုက်ဆံလည်းတော်တော်မြောက်သွားတယ် စိတ်တိုင်းလည်းကျတယ်လေ သူ့ဆီကထွက်တော့ပဲ ညနေ၅နာရီကျော်နေပြီပေါ့ ။

ဒီနေ့ရဲ့နောက်ဆုံးသွားရမယ့်နေရာကတော့ နက်ဖြန်ရှမ်းပြည်သွားဖို့ လက်မှတ်ဝယ်ရမယ်လေ ။ အောင်မင်္ဂလာအဝေးပြေးရောက်တော့ လက်မှတ်က နောက်ဆုံးခုံတန်းပဲကျန်တော့တယ် သွားမယ်ဟာဆိုပြီး ညီအစ်မ၂ယောက်လက်မှတ်ဖြတ်ပြီးပြန်တော့ ည၇နာရီရှိနေပြီလေ ။ တွေ့ချင်တဲ့သူတွေကလည်း ဖုန်းတွေတဂွမ်ဂွမ်ဆက်လို့ သစ်သစ်အမကပြောပါတယ် နင်ပြန်လာတာ ဖုန်းပြောဖို့ပြန်လာသလား ထင်ရတယ်တဲ့ .... ဟိ ။ နောက်နေ့မနက်ကျတော့လည်း တောင်ကြီးကညီမတွေ ဗထူးကမောင်လေးတွေက (အားလုံးကအွန်လိုင်းကနေခင်မင်တဲ့မောင်နှမတွေပါ ) ဖုန်းဆက်ပြီးဘယ်အချိန် ဘယ်ကားနဲ့လာမှာလဲ သေချာလားကွန်ဖန်းလုပ်ကြတယ်လေ ။ ညီအမ၂ယောက် ခရီးသွားမယ်ဆိုတော့ အဖေ ရော အမေရော တတွတ်တွတ် နဲ့နောက်ကလိုက်ပြောနေတာ စဉ်းစားမိပါတယ် ငါစလုံးမှာဆိုရင် ဒီလိုပြောမယ့်သူမရှိပါလားလို့ပေါ့နော် ။ ညနေ ၃နာရီ ကားစထွက်တော့ နောက်ဆုံး ၅ယောက်တန်းမှာ သစ်သစ်တို့ ညီအမ၂ယောက်ပဲ တောင်ကြီးအထိ စီးရမယ်ဆိုတော့ လွတ်လွတ်လပ်လပ်နဲ့ အဆင်ပြေပြေဖြစ်တော့ လိုက်ပို့တဲ့အဖေ သစ်သစ်အမယောက်ျားတို့ ကျေနပ်စွာနဲ့ပြန်သွားကြတယ်လေ ။ မျက်စိထဲအမြင်မတော်တာတစ်ခုကတော့ သစ်သစ်ခဲအိုနဲ့ သစ်သစ်အမလက်ထပ်ထားတာ ၅နှစ်ရှိပါပြီ ဒါပေမယ့်သူ့မိန်းမသူမပါပဲ ခရီးရှည်သွားတာ ပထမဆုံးဆိုတော့ အမှတ်၃လမ်းမကြီးဆုံးတဲ့အထိ သစ်သစ်တို့စီးတဲ့ကားနောက်ကို လိုက်မောင်းပြီးလိုက်လာတာကတော့ တော်တော့်ကိုမျက်စိခရော့စ်ဖြစ်ခဲ့ပါတယ် ...။ ဟိ.... အပျိုကြီးဆိုတော့လည်း သိတယ်ဟုတ်း) ။ တောင်ကြီးအင်းလေး ခရီးစဉ်ကရှည်လွန်းလို့ နောက်ပို့စ်တစ်ပုဒ် သပ်သပ်ထပ်ရေးပါ့မယ်နော်....။

ဆက်ဖတ်ချင်သေးရင်...

Friday, March 26, 2010

ကျေးဇူးချစ်သူ

တိုးတိတ်စွာ တမ်းတခဲ့တဲ့
မျှော်လင့်ချက်လေး
လွတ်ကျသွားတာ
တပတ်ရှိခဲ့ပြီ
ဖြစ်သမျှကို မေ့ဖျောက်လို့
ခေါင်းမော့ကာ
ရယ်တတ်ခဲ့ပြီ
အေးစက်တဲ့ စာသားတွေက
ငါ့နှလုံးသားကို လောင်မြိုက်ပြီးပြီ
လေလှိုင်းကြားမှာလွင့်မျောလို့
မင်းမကြိုက်တာမှန်သမျှ
ရွေးလုပ်ပြီးပြီ
တံခါးပိတ်ကာ အမှောင်ချလို့
အတိတ်ဟောင်းကို လွမ်းဆွတ်ပြီးပြီ
ခုချိန်ကစ အနည်ကျလို့
ပြန်လည်ထူထောင်ကာလကို
ကျေးဇူးပြုပြီး ငါ့နားမှာကျရောက်နေတဲ့
မင်းရဲ့အရိပ်ကို ညင်သာစွာ
ဖယ်ရှားသွားပါနော်
ထာဝရအတွက်
ကျေးဇူးတင်နေမှာပါ


ဆက်ဖတ်ချင်သေးရင်...

Tuesday, March 23, 2010

ပြန်လိုချင်တယ်...




ဒီလိုအချိန်တွေ ပြန်လိုချင်တယ်ဆိုရင် လွယ်မယ်ထင်နေလား ။ အနည်းဆုံးတော့ ၄ယောက်လုံးဒီလိုကိုယ်လုံးမျိုး ပြန်မရနိုင်တော့ဘူးလေ ....ဟိ ။ တွဲလက်တွေမြဲနေခဲ့တာလည်း ခုထိပဲလေ ...... ။ ရှေ့ရေးနောက်ရေး ပူကာတွေးလို့ တွတ်ထိုးပြီးမိုးလင်းခဲ့တာတွေကတော့ မမေ့ရက်စရာပါ ။ ကမ်းသာယာကမ်းခြေအလှထက် မျက်နှာပေါ်ကအပြုံးတွေက အတိတ်ကိုပြန်လည်လွမ်းဆွတ်စေခဲ့တယ် ။ နင်တို့လည်းလွမ်းနေဦးမယ်လို့ ငါယုံကြည်တယ် သူငယ်ချင်း....။ စင်္ကာပူရောက်တော့မှ ဒီလိုပေါ့ပါးလွတ်လပ်တဲ့စိတ်နဲ့ ၄ယောက်ဆုံတွေ့ဖို့က တကယ်ကိုခက်ခဲနေတာကတော့ ငါလည်းမဖြေရှင်းတတ်တော့ဘူး ။ အရင်လိုပြန်ဆုံလို့ လွတ်လပ်စွာစကားတွေ ပြောချင်နေတာကတော့ ရင်ထဲကဆန္ဒအမှန်ပါ ။ ကျဉ်းမြောင်းလှတဲ့ဒီနိုင်ငံလေးမှာ ငါတို့တွေ ပြန်လည်ဆုံတွေ့ဖို့ ကြိုးစားကြပါစို့နော်....။

ဆက်ဖတ်ချင်သေးရင်...

Friday, March 19, 2010

စမ်းချောင်းလေးရဲ့စီးဆင်းသံ

မင်းကိုပဲ စွဲလန်းလို့နေတာပဲ မင်းကိုပဲစွဲလန်းခဲ့ရ အသက်ရှင်ချိန်လေး.....အဲ့သီချင်းလေးလိုပါပဲ ဘယ်တော့မှပျောက်ပျက်သွားမယ် မထင်တဲ့စွဲလန်းမှုမျိုးနဲ့ ကိုယ်ချစ်နေမိတယ် ။ ရှေ့ဆက်ရမယ့်အားမာန်တွေ ပေးခဲ့တယ် ရပ်တည်နိုင်စွမ်းမရှိတော့လို့ ပြိုလဲတော့မယ့် ကိုယ့်ကိုထူမတ်ခဲ့တယ် ။ တစ်ညပေါ့......တစ်ကယ်ကို သတိရမိပါတယ် ။ ရင်လည်းခုန်နေဆဲပါပဲ.........

တနင်္ဂနွေဆိုတဲ့ အဲဒီညလေးကို ထူးထူးခြားခြားမှတ်မိနေခဲ့တယ် ။ ကွန်ပျူတာရှေ့မှာထိုင်လို့ ငိုကြွေးနေတဲ့ကလေးတစ်ယောက်ကို ချော့မြှူခဲ့ဖူးတယ်လေ ။ စိတ်ဓါတ်တွေကျပြီး အိပ်စက်လို့မရနိုင်တဲ့ ည၁နာရီမှာ ..... ဟယ် ညီမလေး နက်ဖြန်အလုပ်တက်ရမှာကို ဘာလို့ဒီအချိန်ထိမအိပ်ပဲ နေရတာတုန်းဆိုပြီး ချက်ချင်းဖုန်းကောက်ခေါ်တော့ နဂိုကတည်းက မျက်ရည်စက်လက်နဲ့ဆိုတော့ ရှိုက်ကြီးတစ်ငင်ငိုကြွေးမိတာ မဆန်းပါဘူးလေ ။ မိနစ်ဝက်လောက်စောင့်ဆိုင်းပြီးမှ ကဲ .... ငိုလို့ဝပြီလား အပြင်ထွက်မျက်နှာသစ်ခဲ့ ရေသောက်ခဲ့ကိုယ်စောင့်နေမယ်တဲ့လေ ...... ချိုသာတဲ့အမိန့်သံအောက်မှာ အသက်မဲ့နေသလို သူခိုင်းသမျှလိုက်လုပ်နေခဲ့မိတယ် ။

ပြန်လာတော့ သူကကလေးဆိုးလေး ကျနေတာပဲတဲ့ ဘာဖြစ်လို့ငိုတာလဲဆိုတော့ ကိုယ့်အဖြေက နက်ဖြန်အလုပ်တက်ရမှာသိရက်နဲ့ မျက်စိမှပိတ်လို့မရတာဆိုတော့ ရီလိုက်တာဆိုတာများ နောက်....ကဲ ကဲ အိပ်မယ် အိပ်ယာပေါ်တက်ဆိုတော့လည်း တက်လိုက်တာပဲ ဘာတွေပြောချင်လဲဆိုတော့ ပြောလိုက်တာ ပေါက်ပေါက်ဖောက်သလိုပဲ ၁နာရီကျော်လောက် ကြာတာမှတ်မိသေးတယ် ။ နောက်သန်းဝေသံတွေကြားလာတော့ အိပ်လို့ရပြီလားတဲ့ ဟုတ်ကဲ့လို့ဆိုတော့မှ ကဲ ... ကိုယ် ကျန်းမာရေးအတွက်ပြေးဖို့သွားတော့မယ်နော်တဲ့ ။ အယ်...အစ်ကိုက မပြေးခင်ဘာလုပ်တာလဲဆိုတော့ အားကစားဝတ်စုံလဲပြီး ကွန်ကိုပိတ်ဖို့လာတော့ ချာတိတ်လေးက ငိုနေတာကိုးဆိုတော့ သစ်နှလုံးသားထဲမှာ ငြိမ့်ခနဲပဲစမ်းချောင်းလေးတစ်ခု စီးဆင်းသွားသလိုခံစားလိုက်ရတယ် ။ ခုတော့ အဲဒီစမ်းချောင်းလေး......

ဆက်ဖတ်ချင်သေးရင်...

Tuesday, March 16, 2010

ချစ်သမီးငယ်လေးရဲ့ပုံရိပ်

သစ်မှာ အရမ်းချစ်ရတဲ့ တူမလေးရှိပါတယ် ။ သစ်ဒီကိုလာစက သူကလသားလေးပဲ ရှိသေးတယ် ခုတော့သူကအရမ်းကို တတ်နေပြီး ဆရာမကြီးလို ဖြစ်နေတယ်လေ ။ စကားပြောနောက်ကျတော့ အားလုံးကသူ့ကို စိုးရိမ်ခဲ့ကြတာ ခုတော့ပြောလွန်းလို့ တားတောင်ယူရတဲ့အထိပါပဲ သူ့ကိုဓါတ်ပုံရိုက် ဗီဒီယိုရိုက်နေရင် အိုက်တင်မျိုးစုံလုပ်တတ်ပြီး သူ့အဘွားကခေါ်ရင်လည်း သူကဒီမှာဓါတ်ပုံရိုက်နေတယ် မအားဘူးလို့ပြန်ပြောတတ်လွန်းလို့ အားလုံးက၀ိုင်းရီရပါတယ် ။ သူ့ရဲ့လှုပ်ရှားမှုတော်တော်များများက မှတ်တမ်းတင်လာခဲ့ပေမယ့် ဖိုင်ဆိုဒ်ကြီးတော့ တင်ဖို့အဆင်မပြေပါဘူး ။ ဒီဖိုင်လေးကတော့ ဖိုင်ဆိုဒ်ကလည်း သေးပြီးတော့ သူစိတ်ကောက်တဲ့အချိန်ဆိုတော့ ခဏလေးပဲရိုက်လိုက်ရတယ် ဆိုပါတော့လေ ။ အမှတ်တရတင်လိုက်ပါတယ် ။ သူနဲ့ပက်သက်တာလေးတွေ နောက်မှသီးသန့်ထပ်ရေးပါဦးမယ် ။


သမီးငယ်ရဲ့လှုပ်ရှားမှုတစ်ခု

ဆက်ဖတ်ချင်သေးရင်...

ဒီရေဒီမြေသို့ တစ်ခေါက်-၅

၁၉.၂.၂၀၁၀ ...၀ိုး ဒီနေ့ ကိုယ့်စိတ်ကြိုက်သွားခွင့်ရမယ့်နေ့လေး ရောက်လာပြီပေါ့ကွယ် ။ ဒီနေ့သွားရမယ့် လမ်းကနည်းနည်းများတယ်လေ ချစ်သူငယ်ချင်း ခိုင်ဇာ ၊ သီရိ တို့နဲ့တွေ့ရမယ့်အပြင် သူတို့ရဲ့ကလေးလေးတွေ နဲ့ပါ တွေ့ရမယ်ဆိုတော့ သစ်သစ်တစ်ယောက် ပျော်နေပြီပေါ့လေ ။ သူတို့တွေနဲ့ သစ်သစ်ခွဲနေရတာ ၁နှစ်ကျော်ရှိနေပြီလေ ။ သစ်ချစ်သူငယ်ချင်း ရွှေဝါကတော့ နေပြည်တော်ရဲ့ တည်ဆောက်ရေးလုပ်ငန်းခွင်မှာ အရေးကြီးလို့ သစ်ပြန်မယ်ဆိုတဲ့ ၂၈ရက်နေ့မှ ပြန်လာရမယ်တဲ့လေ မတွေ့ခဲ့ရတဲ့ သူငယ်ချင်းလေးပေါ့ ...။


မနက် ၁၀နာရီ တွေ့မယ်ဆိုတော့လေ သစ်က သစ်သူငယ်ချင်းသီရိတို့သားအမိကို ၀င်ကြိုပြီးတော့ အသည်းယားစရာလေး သစ်သူငယ်ချင်းသမီးလေးကို တွေ့လိုက်ရသလို သီရိရဲ့မိန်းမဆန်တဲ့မိခင်တစ်ယောက်ရဲ့ အလှကိုတွေ့လိုက်ရတယ်လေ ။ ကားပေါ်မှာအသည်းတယားယားနဲ့ကလေးလေးကို ထိကိုင်နေရတာ စိတ်လှုပ်ရှားစရာပါ ။ နောက် ခိုင်ဇာအိမ်ကိုရောက်တော့ မမချော သား သစ်အချစ်လေးက ကျောင်းသွားနေတယ်တဲ့လေ မတွေ့ခဲ့ရဘူးဆိုပါတော့ ။ သားအငယ်လေးက ရက်သားလေးပဲရှိနေသေးတယ်လေ ။ ခိုင်ဇာကသမီး မိန်းကလေးလိုချင်သူဆိုတော့ သီရိသမီးလေးကို တကိုင်ကိုင်နဲ့ အမှန်အတိုင်းဝန်ခံရရင် သစ်သူငယ်ချင်းတွေ အိမ်ထောင်ရေးသာယာစိုပြည်တာ တွေ့ရတော့ သစ်တစ်ကယ်ကိုဝမ်းသာမိပါတယ် ။ သူတို့တွေကို အဲ့လိုတွေ့ရတော့ တချိန်တုန်းက သူတို့အပျိုဘ၀က ပျော်စရာလေးတွေ ပြန်စဉ်းစားမိခဲ့တယ် ။ သီရိသမီးလေးကို သစ်ကချီဖို့ကြိုးစားသေးတယ် ၂လကျော်ကလေးကို ချီရတာ တကယ်ကိုစိတ်လှုပ်ရှားစရာ ကောင်းလွန်းလှပါတယ် ။ သစ်ကိုယ့်ဘာသာစိတ်မချတော့ မြန်မြန်ပြန်ပေးလိုက်တယ် ။ သူငယ်ချင်းကိုလည်း ဘေးကနေ ဟိုဟာကဘယ်လို ဒီဟာကဘယ်လို ထိုင်မေးနေတော့ သူတို့၂ယောက်လုံးကို သစ်သစ်ကို အပျိုကြီးဆိုပြီး နှိပ်ကွပ်ပြီးတစ်ခုပြီးတစ်ခု ပြောတော့တာပဲလေ ။

နေ့လည်စာကို ခိုင်ဇာအိမ်မှာပဲ စားပြီး ကလေး ၂ယောက်ကြားမှာ ဟိုဟာကြည့်လိုက် ဒီဟာကြည့်လိုက်နဲ့ အချိန်တွေကုန်မှန်းမသိကုန်လာခဲ့တယ်လေ ။ ညနေ ၃နာရီမှာ သစ်သစ်အွန်လိုင်းမှာချစ်ခင်ရတဲ့ သစ်အစ်ကိုနဲ့ပက်သက်ပြီး ခင်မင်ရတဲ့ အမတစ်ယောက်ကိုတွေ့ဖို့ အချိန်ရောက်လာခဲ့တယ် ။ ဒါနဲ့ပဲ သစ်သီရိတို့သားအမိနဲ့ ပြန်လာပြီး သီရိတို့ကို တက်ဆီပေါ်တင်ပေးလိုက်ပြီး သစ်ကတော့ချိန်းထားတဲ့မြေနီကုန်းကို ချီတက်ခဲ့ပါတယ် ။ မြေနီကုန်းမှတ်တိုင်မှာ သစ်သစ်ကစောင့်နေတယ်ဆိုပါတော့ ဟိုအစ်မကိုဖုန်းဆက်တော့ မှတ်တိုင်ရောက်နေပြီလို့ပြောပါတယ် ။ သစ်လည်းမှတ်တိုင်မှာပဲ ဘာကြောင့်မတွေ့ရတာလဲဆိုတော့ ပြောင်းလဲခြင်းတစ်ခုကို စတွေ့ခဲ့ပါတယ် ။ မြေနီကုန်းမှတ်တိုင်လေးက လှည်းတန်းဘက်ကနေလာရင် မြေနီကုန်းမီးပွိုင့်မတိုင်ခင်နေရာကို ပြောင်းသွားခဲ့ပါပြီ ။ သစ်သစ်ကမသိတော့ မှတ်တိုင်ဟောင်းပဒုမ္မာပန်းခြံထောင့်မှာပဲ စောင့်နေတော့မတွေ့နိုင်ဖြစ်နေခဲ့တာလေ ။ နောက် ဟိုအမက အဲ့နေရာမှာပဲစောင့်နေ သူလာခဲ့မယ်ဆိုတော့ သစ်တစ်ခါမှမမြင်ဘူးတဲ့သူကို စောင့်နေခဲ့ပါတယ် ။ အမက ဆံပင်အရှည်ကြီးဆိုတာတော့ သစ်ကသိနေခဲ့တယ်လေ သူကတော့အဝေးကပဲ သစ်ကိုမှတ်မိနေခဲ့တယ်တဲ့လေ ။

တွေ့တွေ့ချင်းအမက သစ်ကိုလက်ဆောင်တွေပေးတယ်လေ ဟိ...။ နောက်ဘယ်သွားချင်လည်းဆိုတော့ သစ်ကစာပေလောက ၅ ပန်းဆိုးတန်းကိုသွားချင်တယ်ဆိုတော့ သူကလိုက်ပို့ပေးခဲ့တယ်လေ ။ သစ်စာအုပ်တွေဝယ်တော့ အဲ့မမက စိတ်ရှည်လက်ရှည်စောင့်နေပေးခဲ့တယ် ဆိုပါတော့ တကယ်ကိုစိတ်ရှည်တဲ့ မမပါ ။ အဲဒီမှာပဲ အချိန်ကတော်တော်ကို ကြာသွားခဲ့တယ်လေ နောက်ဘယ်နေရာသွားချင်သေးလဲဆိုတော့ အချိန်ကတော်တော်နောက်ကျနေခဲ့ပြီလေ ။ မြေနီကုန်းက၀ိုင်ကေကေအိုမှာ သွားစားမယ်ဆိုပြီး ချီတက်ခဲ့ကြတယ်လေ ။ တွေ့တဲ့အချိန်မှာလည်း ငယ်ပေါင်းတွေလည်းစကားတွေ ရေပက်မ၀င်ပြောဖြစ်တယ် အစ်ကို့အကြောင်းလည်းပါတာပေါ့နော် (အစ်ကိုကပြောပါတယ် သူအဲ့နေ့ကအလုပ်မှာ အရမ်းအိပ်ချင်နေတာတဲ့ ) ..။ နောက်မမနဲ့လမ်းခွဲတော့ ည၈နာရီထိုးနေပြီပေါ့...။ ဒီလိုနဲ့အိမ်ကိုပြန်ရောက်တော့ မမကဖုန်းဆက်ပါတယ် တို့၂ယောက်တွေ့တာ ဘာမှရှိုးတိုးရှန့်တန့်ဖြစ်မနေဘူးနော်တဲ့ ။ စိမ်းလည်းမနေဘူးနော်တဲ့လေ....း) ။

၂၀ရက်နေ့မှာ သွားတာများလွန်းတော့ နောက်ပို့စ်တစ်ပုဒ်အဖြစ်ခွဲရေးပါ့မယ်နော်....။ ဆက်တိုက်ရေးရင် စာဖတ်သူတွေငြီးငွေ့မှာစိုးလို့ ရက်ခြားပြီးတော့ သစ်သစ်တင်ပေးတာပါ ။ လာဖတ်သူများအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်...။ ဆက်ရေးပါဦးမယ် ။


ဝယ်လာခဲ့တဲ့ စာအုပ်တွေပေါ့


နာမည်ကြီးဆိုပဲ ၀ိုင်ကေကေအို ကြေးအိုး နဲ့ ကြံရည်



သီရိတို့သားအမိ (အသဲယားစရာလေး )

ဆက်ဖတ်ချင်သေးရင်...