Monday, August 31, 2009

တိုးထွက်လာတဲ့ ခံစားမှု

ခြောက်သွေ့နေတဲ့ ကိုယ့်ဘ၀ထဲ ခဏအလည်ရောက်နေတဲ့ သူအတွက် ရည်ရွယ်ပါတယ် ။ ရယူလိုခြင်းတစ်ခု အတွက် ခင်တွယ်နေရင် တဖက်ကအရမ်းခံစားရတတ်တယ်လို့ ပြောခဲ့တာကိုသတိရမိလို့ ဒီညဒီသီချင်းလေး တင်ဖြစ်သွားတယ် ....။ မြိုသိပ်ထားတာလည်း ကြာပါပြီ ကိုယ့်ရဲ့ရင်ခုန်သံတွေကို ချမပြတော့တာ ကြာပါပြီ ။ စိတ်အနှောင့်အယှက် ဖြစ်မှာစိုးသလို ရောက်၇ှိနေတဲ့ အနေအထားလေး ဆုံးရှုံးသွားမှာ ကိုယ်ကြောက်တယ် ။ တစ်နေ့ဆိုတာ မရှိတဲ့ ဒီမျှော်လင့်ချက်တွေ ပျက်စီးပျောက်ဆုံးသွားစေဖို့ ကိုယ်မျှော်လင့်နေမိပြီ ချစ်သူ ။

အားနည်းချက်တွေပြည့်နေတဲ့ ကိုယ့်ကို သံယောဇဉ်ဒီလောက်ရှိပေးတာကပဲ ဘုရားပေးတဲ့ ဆုတစ်ဆုလို့ မှတ်လိုက်ပါတယ် ။ ကျန်းမာပါစေ ပျော်ရွှင်ပါစေ ။ လိုချင်တဲ့နေရာကို အခက်အခဲ အနည်းငယ်နဲ့ အမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေလို့ ကိုယ်ဆုတောင်းပေးလိုက်ပါတယ် ။ ဘာလုပ်လုပ်အောင်မြင်မယ်ဆိုတာ ကိုယ်သိသလို ကိုယ်နောက်ကွယ်ကနေပဲ မင်းရဲ့အောင်မြင်မှုတွေကို ဝေမျှပါရစေတော့နော်.....။


ဆက်ဖတ်ချင်သေးရင်...

Friday, August 28, 2009

သမီး ကျန်းမာပါတယ်

ဒီနေ့က မိုးလေးညှို့နေပြီး အေးချမ်းတဲ့နေ့လေး တစ်နေ့ပါ ဒါပေမယ့် သစ်မပျော်ဘူးဖြစ်နေတယ် ။ အလုပ်လည်းမလုပ်ချင်ဘူး လူတွေနဲ့မျှတအောင်လည်း မနေချင်ဘူး လူတွေနဲ့အဝေးကို ခဏထွက်သွားချင်နေတာလေ ။ သစ်သစ်မေ့ထားတဲ့ အရိပ်မည်းကြီးက သစ်သစ်ကိုပြန်အစဖော်နေတယ်ဆိုလည်း မမှားပါဘူး ။


တစ်ခါတစ်လေ ဘ၀မှာ မထင်မှတ်တာတွေ ဖြစ်တတ်တယ်လေ ။ ဒီစာကိုရေးနေရင်းကနေ ဟိုးလွန်ခဲ့တဲ့ ၃နှစ်လောက်က ကိုယ့်ဘ၀ကိုပြန်စဉ်းစားမိတယ် ပျော်ရွှင်စရာများနဲ့ ပြည့်နေတယ်လို့ မဆိုနိုင်ပေမယ့် မျှော်လင့်ချက်ရောင်ခြည်တွေနဲ့ စိတ်ကူးတွေလတ်ဆတ်ခဲ့တာတော့ အမှန်ပါပဲ ။ ထင်မှတ်မထားတဲ့အဖြစ်တွေနဲ့ ကိုယ့်ဘ၀ရဲ့ပိတ်ကားထဲက အခန်းတစ်ခုကို ကိုယ်သရုပ်ဆောင်ခဲ့ရတယ် ။ အရင်ဆုံးစပြီး ကိုယ့်အပူတွေကို ရှယ်ယာခွဲခဲ့တာကတော့ ကိုယ့်မိဘတွေပါ ကျနေတဲ့ကိုယ့်ရဲ့စိတ်ဓါတ်တွေကို အတူလိုက်ပါပြီး စီးမြောပေးခဲ့ကြတယ်လေ ။

နေ့တစ်နေ့ရဲ့ ညခင်းလေးမှာ အမောတကြီးနဲ့ အိမ်ကိုပြန်လာတဲ့ သမီးငယ်ကိုချက်ချင်း နှစ်သိမ့်မှုမပေးနိုင်ခဲ့ဘူးလေ....။ မင်သက်ဆွံအစွာနဲ့ ကြည့်ပြီး အိပ်ခန်းလေးဆီပြေးတက်သွားတဲ့ ကိုယ့်ကိုလိုက်ကြည့်နေခဲ့ကြတယ် ။ ကိုယ်တံခါးကို လော့ချပြီးတာနဲ့ ချက်ချင်းတံခါးလာခေါက်တာကတော့ ကိုယ့်အဖေပါပဲ.....ဘ၀တစ်လျှောက်မှာ ကျန်းမာရေးအတွက် ဆေးရုံဆိုတာတောင် မတက်ခဲ့ဘူးတဲ့ အဖေ ကိုယ့်အတွက်နဲ့ ဆရာဝန်ပေါင်းများစွာနဲ့ ဆွေးနွေးခဲ့တယ် ။

ဘာလုပ်သင့်တယ် ဆိုတာထက် သမီးစိတ်ဓါတ်မကျဖို့က သူ့အတွက်ပိုအရေးကြီးခဲ့တယ် ။ ဘယ်သူ့ကိုမှ မတွေ့ပဲအခန်းအောင်းသွားတဲ့ကိုယ့်ကို အမေကအခန်းရှေ့ကုတင်ကနေ မထတမ်းစောင့်နေခဲ့တယ် ။ နင်မစားရင် ငါလည်းထမင်းမစားဘူးဆိုလို့ အခန်းတံခါးဖွင့်ပြီးထွက်လာတဲ့ကိုယ့်ကို အမကထမင်းဝိုင်းနဲ့ ကြိုနေခဲ့တယ် ။ စီးပွားပျက်ပါစေရအောင်ကုမယ်ဆိုတဲ့ အမေ့ရဲ့စကား ဒါမလုပ်ရလို့ ငါ့သမီးဘ၀မတိုးတက်တော့ဘူးလားဆိုတဲ့ အဖေ့ရဲ့ဂရုဏာဒေါသတွေက အိမ်မှာညံစီနေခဲ့တယ်လေ...။

ပထမဆုံးအကြိမ် ဒေါက်တာကိုစိုးရိမ်တကြီးလိုက်တွေ့ကြတဲ့ အဖေ နှင့် အမေ မျက်နှာကို ဘယ်တော့မှမမေ့နိုင်ခဲ့ဘူး ။ ကိန်းဂဏန်း ၁၀ကျော်တဲ့ ၃လစာ ဆေးဖိုးတွေကို နှမြောချင်းမရှိ ကောင်တာမှာရှင်းနေကြတာ ကိုယ့်ဘ၀မှာအကြွေးတွေ တင်သလိုခံစားခဲ့ရတယ် ။ ၃လကြာလို့ပြန်စစ်တော့လည်း ဘာမှထူးခြားမလာတဲ့ ကိုယ့်ရောဂါကို စိတ်ဓါတ်မကျပဲ ကိန်းဂဏန်းများထပ်ပေးပြီး ထပ်ကုနေကြတဲ့မြင်ကွင်းက ကိုယ့်နှလုံးသားထဲမှာ တဖျတ်ဖျတ်ရိုက်ခဲ့တဲ့ သမိုင်းဝင်ပုံရိပ်တွေပါပဲ....။

မထူးခြားတော့တဲ့ ကိုယ့်အခြေအနေကို လုပ်ချင်ရာလုပ်တော့ဆိုပြီး စမ်းသပ်ခုံတွေမှာ ကိုယ်ထိုင်ပေးခဲ့တယ် ။ ငယ်ငယ်လေးနဲ့ဖြစ်ရလားဆိုတဲ့ ဆရာတွေရဲ့စုတ်သတ်ချက်တွေ အောက်မှာကိုယ်ဟန်ဆောင်ပြုံးနိုင်ခဲ့တယ် ။ အကြိမ်ကြိမ်ဖောက်ခဲ့တဲ့သွေးတွေ စစ်ခဲ့တဲ့စက်တွေ ဆေးရုံရဲ့အနံ့တွေကြားမှာ ကိုယ်၂လလောက်နေသားကျခဲ့တယ် ။

မနှစ်ကကိုယ်ပြန်တော့လည်း စိတ်တိုင်းကျအစစ်ခံပေးခဲ့တယ် ပြောင်းလဲမလာလို့ ကိုယ်ကတောင် မိဘတွေကိုအားနာခဲ့ရတယ် ။ ဘာပဲဖြစ်ဖြစ် ဒီမနက်မှာအဲဒီမှောင်လွန်းသောညများအကြောင်းကို ပြန်စဉ်းစားမိခဲ့တယ် ။ ရထားဘူတာကထွက်တော့ ကိုယ့်စိတ်မထိန်းနိုင်ပဲ အိမ်ကိုဖုန်းဆက်လိုက်တယ် ပြောလိုက်တာကတော့ သမီးကျန်းမာပါတယ်ပေါ့....ဟက်ဟက် ။

ဆက်ဖတ်ချင်သေးရင်...

Thursday, August 27, 2009

သံယောဇဉ်

အခက်ကြုံလို့
တမ်းတလိုက်ချိန်
သူကကိုယ့်အနား
အမြဲရောက်တယ်


ဘာတွေဖြစ်လဲ
ပြောလိုက်တာနဲ့
သိမ်မွေ့စွာ
ဖြေရှင်းသွားတယ်

ကိုယ်ပင်ပန်းနေရင်
ဘယ်လိုစကား
ရွေးချယ်ရမယ်
သူသိတယ်

သူ့စကားက
အားဆေးတစ်ခွက် ဖြစ်ခဲ့ရင်
သေချာတယ်
ကိုယ်အားပြည့်နေပြီ

ရက်တွေလတွေ
ထပ်ကာတိုးလို့
သံယောဇဉ်တွေ
ပျိုးမိပြန်ပြီ

ဘယ်ခါမပြောင်း
မဟောင်းတော့မယ်
ဒီသံယောဇဉ်
ရစ်ပတ်မှာလား
ဖြတ်ပစ်မှာလား

ဆက်ဖတ်ချင်သေးရင်...

မှိတ်တုတ် မှိတ်တုတ် သူ့အချစ်

တိတ်ဆိတ်လို့ ညင်သာ
ကိုယ့်ရင်ထဲကို
သူတိုးလာ...


နေရာစုံအောင်
လျှောက်ကာသွားလို့
ကိုယ်လည်း ရူးနေချိန်လေးမှာ.....


မပြောမဆို
သူထွက်ခွာ
တားဆီးခွင့်တောင်မရလိုက်ပါ....


လမ်းတွေကြုံလို့
သူပြန်လာ
ငုတ်တုတ်လေးပဲ
စောင့်နေမှာ....


ဆက်ဖတ်ချင်သေးရင်...

ရှုပ်ထွေးနေတဲ့ ဒီတစ်ပတ်

ဒီတစ်ပတ်လုံး အလုပ်ရှုပ်တာကတော့ စာတောင်မဖွဲ့လိုတော့ပါဘူး ။ သစ်သစ်ဘ၀မှာ တကယ်ပါ ဒီလောက်ပင်ပန်းတာ အခုမှလုပ်ဖူးတာပါ ။ တစ်နေ့လုံး မနက် ၈နာရီခွဲကနေ ပုံတွေထိုင်ဆွဲလိုက်တာ ည၉နာရီမှ ပြန်ရတယ်ဆိုတာ အရင်အလုပ်တုန်းကလည်း မရှိခဲ့ပါဘူး ။ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ သူ့ဆန်စားမှ ရဲရတော့မှာပေါ့နော် ...။ စကားပုံက မှန်မမှန်တောင် သိဘူး...ဟိ ။ ဒီကြာသပတေးမနက်မှာ မန်နေဂျာကပြောပါတယ် သစ်သစ်တဲ့နင်မနက်အိပ်ယာထနိုင်လားတဲ့ ငါတော့မနည်းထရတယ်တဲ့....။ သစ်သစ်က ငါလည်းမထနိုင်ဘူးလို့ ပြောလိုက်တယ် ဒါဆိုတို့မနက်ဖြန်သောကြာတော့ ၅နာရီခွဲ ပြန်ကျမယ်တဲ့ ကြိုတင်ပျော်ပြီးပို့စ်ရေးလိုက်တာပါ ။


အိုတီသာဆင်းတယ် ရတာနဲ့မကာမိပါဘူး ပြန်တိုင်းဘတ်စ်ပေါ်ကနေ ရန်ကုန်အိမ်ကိုဖုန်းဆက်တာ အိမ်ရောက်မှဖုန်းချဖြစ်တယ် ။ ကတ်ကုန်လည်း တိုက်ရိုက်ခေါ်တာပဲ ရဘူး လူကတော်တော်ပြိုင်းနေတာဆိုတော့ အိမ်ကသူတွေအသံကြားမှ စိတ်ကြည်တယ်လေ ။ အချစ်ကိုတော့ ဂျီကျလို့ရတော့ဘူးလေ သူကအလုပ်ရောက်သွားပြီဆိုတော့ အထီးကျန်အပြန်လမ်းလေးပေါ့နော် ....ဟဟ နုနေတာ သနားမလားလို့ ဟိုကလာကိုမဖတ်တာ ဒီဘလော့ကို.....း) ။ တစ်ခါတစ်လေ ဖတ်စေချင်တဲ့ပို့စ်ဆို သစ်သစ်ကဥာဏ်များတာပေါ့နော် ဘလော့ကိုကြည့်ပေးပါဦး ဟိုဟာလုပ်မရလို့ ဒီဟာလုပ်မရလို့ ဆိုပြီးတော့လေ....။ အခုလည်းအလုပ်များတော့ ရစ်ချိန်သိပ်မရှိတော့ သူလည်းလွတ်လပ်ရေးရနေတယ်ထင်တယ် ။ နေ့လည်ပိုင်းထမင်းစားချိန်လေးတွေ့တဲ့အချိန်မှာ စုပုံပြောရတာကလည်း အရသာတစ်မျိုးပါပဲလေ....။

ဘာပဲဖြစ်ဖြစ် မနက်ဖြန်သောကြာညနေတော့ ပင်ပန်းလွန်းတဲ့ကိုယ့်ကိုကိုယ် သနားလို့စီးတီးဟောမှာ ပြုစုလိုက်ဦးမယ် ။ ပိန်မှာစိုးလို့.....ဟိဟိ ။ ၆နာရီနောက်ပိုင်း မြေအောက်ထပ်မှာ လှုပ်တုတ်လှုပ်တုတ်နဲ့ တစ်ယောက်တည်းဆို ကိုယ်ပါပဲကွယ်....အလဲ့ ။ ဒီနေ့တော့ပြောလက်စနဲ့ တခါတည်းနောက်အပတ်သောကြာ ကိုယ်စောစောပြန်မှာလို့ မန်နေဂျာကိုပြောခဲ့လိုက်တယ်လေ ။ ဘာလို့လည်းဆိုတော့ ကိုယ့်အမလိုချစ်ရတဲ့ မမမောင် နဲ့တွေ့ဖို့ရှိတယ်လေကွယ်...အိုတီတွေဘယ်လောက်ပေးပေး ကိုယ်အဲဒီနေ့မလုပ်ပါဘူးကွယ် ။ တပတ်လုံးဘာပို့စ်မှ မတင်ဖြစ်လို့ အကျဉ်းချုပ်တင်လိုက်တယ်ကွယ် ကျေနပ်နိုင်ကြပါစေနော်...။

ဆက်ဖတ်ချင်သေးရင်...

Monday, August 24, 2009

ကာလာစုံတဲ့ နေ့တစ်နေ့

ကိုယ့်အတွက် ညနေ

လှပတဲ့ ဒီညနေ
သံသာချိုအေး သူ့အသံလေးနဲ့
ကျေနပ်စရာအတိနဲ့ ဒီညနေ
ပင်ပန်းသမျှတွေ ပြေပျောက်စေတဲ့
ဒီညနေနဲ့ဆို
ကိုယ်နေရတာ အဆင်ပြေနေတယ်


သူ့အတွက် မနက်

ကြည်လင်နေတဲ့ သူ့မနက်
အားအင်အပြည့်နဲ့ တက်ကြွနေပုံ
မြင်စေချင်စမ်း လူအကုန်
ချိုလွင်သံစုံ သူပြောမကုန်
ကိုယ်ကြားယုံနဲ့ အပျော်တွေဟုန်


လည်ပတ်နေတဲ့ ရာသီစက်ဝန်း
ကုန်ဆုံးသွားမှာ ကိုယ်ကြောက်မိတယ်
ကောက်လိုက် ချော့လိုက် နေ့ရက်တွေက
ကိုယ့်အတွက်တော့ မမေ့ရက်စရာပါ
ရပ်လို့ရရင် တခဏလောက်
ရပ်တန့်ချင်တယ် ကမ္ဘာရယ်


၂၄.၈.၀၉ ရက်နေ့အမှတ်တရ ပျော်ရွှင်ခဲ့တဲ့ နေ့ နဲ့ ည အမှတ်တရ ကောက်ခြစ်လိုက်တဲ့ စာစုလေးကို ဘလော့လေးထဲ သိမ်းဆည်းထားလိုက်ပြီ......သူ။

ဆက်ဖတ်ချင်သေးရင်...

အသိပေးခြင်း

ဒီနေ့ သစ်သစ် ရုံးမှာအလုပ်တစ်ကယ်များပါတယ် ။ ဒီပို့စ်ကို သစ်နေ့လည် ကော်ဖီသောက်ချိန်မှာ ကော်ဖီသောက်ရင်း ရေးလိုက်တာပါ. စာရေးခြင်းဟာ သစ်သစ်ရဲ့အပန်းဖြေစရာ တစ်ခုဆိုလည်း မမှားပါဘူး ။ အဓိက သစ်သစ်က ပျော်စရာလေးတွေ ရေးချင်ပါတယ် ။ သစ်သစ်ကိုယ်တိုင်လည်း အမြဲလိုလိုပျော်ပျော် နေတတ်ပါတယ် ။ သစ်သစ် နဲ့ တွေ့ဘူးသူ ခင်မင်ဘူးသူတိုင်း သစ်သစ်စိတ်ဓါတ်ကို သိကြပါတယ် ။ အွန်လိုင်းကပဲ သိသိ အပြင်မှာပဲ သိသိ သစ်သစ် တစ်သားတည်းဆက်ဆံတတ်ပါတယ် ။ အခုပဲခင်ခင် နောက်ပဲခင်ခင် အတူတူပါပဲ ။


တစ်ခါတစ်လေ လူတိုင်းကို ပွင့်ပွင့်လင်းလင်း ပြောတတ်ဆိုတတ်လို့ သစ်သစ် အစ်ကိုက ပြောပါတယ် အရာအားလုံးကို စိတ်မှာရှိတာ လျှောက်မပြောရဘူးလို့ ကြုံတိုင်းဆုံးမလေ့ ရှိပါတယ် ။ မိဘ မောင်နှစ်မ နဲ့ အဝေးမှာနေရတဲ့ သစ်သစ် အွန်လိုင်းက အစ်ကို အစ်မတွေကသာ တိုင်ပင်စရာ ချစ်ခင်စရာ ဆွေမျိုးတွေပါ ။ သစ်သစ်ကို ၀လို့ဝိတ်လျှော့ခိုင်းနေတဲ့ အစ်ကို အစ်မ တွေအများကြီးပါ ရင်ထဲကစေတနာတွေနဲ့ တစ်ကူးတစ်ကကိုပြောနေကြတာ သစ်သစ်သိရတော့ တကယ်ကိုကျေးဇူးတင်ပါတယ် ။ သစ်သစ်လည်းလျှော့နေပါတယ် (ထမီပါ ) ၊ မနက်တိုင်း ပြေးပါတယ် ( ကုတင်ပတ်ပြေးတာပါ ) ၊ ရေမချိုးခင် နေ့တိုင်းလေ့ကျင့်ခန်း လုပ်ပါတယ် ( လက်ချောင်းလေးတွေပါ ) စတာပါ အားလုံးကို ပျော်စေချင်လို့ပါ ။

တကယ်ပါ သစ်သစ် ကျန်းမာရေးအရရော လှပဖို့ အရရော ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ အရ ပါ သင့်တင့်တဲ့ အားကစားတစ်ခုကို လုပ်ရမယ်ဆိုတာ နားလည်ပါတယ် ။ စိတ်ဓါတ်ကျမှုဆိုတာ မဖြစ်ရအောင် ထိုက်သင့်တဲ့ တရားထိုင်မှုတွေ စိတ်တည်ငြိမ်အောင် လုပ်ရမယ် ။ ဘာကြောင့်မလုပ်တာပါဆိုတဲ့ ဆင်ခြင်တွေဟာ သစ်သစ်အတွက် ပျင်းရိခြင်းကာဗာတွေပါ ။ အစားအစာကိုလည်း သမမျှတအောင်စားရမယ် ဆိုတဲ့အချက်တွေဟာ ၀နေသောသူအတွက် အဓိကအချက်တစ်ခုပါပဲ ။ လုပ်ငန်းခွင်မှာ အောင်မြင်တက်ကြွတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ဖို့က လှပဖို့ကလည်း အချက်တစ်ချက်ပါပဲဆိုတာ သစ်သစ်တက်ခဲ့တဲ့သင်တန်းတွေအရ သိထားပါတယ် ။

မဝေးတော့တဲ့ တစ်နေ့မှာ သစ်သစ်လည်း အားလုံးကဖြစ်စေချင်တဲ့ အခြေအနေတစ်ခုကို ရောက်ဖို့ကြိုးစားနေတယ် ဆိုတာ ဒီပို့စ်လေးနဲ့အသိပေးလိုက်ပါတယ်နော် ။ သစ်သစ်ပုံတွေ တင်တယ်ဆိုတာ သူများကိုယ့်ကိုလှောင်စေချင်လို့ မဟုတ်ပါဘူး ။ မြင်ဘူးချင်တဲ့သူတွေအတွက် ကိုယ့်ဘလော့ကိုလာတဲ့ သူငယ်ချင်းတွေအားလုံး အတွက် ဘာကာလာမှမခြယ်ပဲ တင်ပေးထားခြင်း ဖြစ်ပါတယ် ။ နားလည်ပေးစေချင်ပါတယ် ဘယ်သူ့ကိုယ်မှ ရည်ရွယ်ခြင်း မဟုတ်ပါ ။ လာလည်သူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင်...။

ဆက်ဖတ်ချင်သေးရင်...