Thursday, May 20, 2010

ဒီအပတ်ရဲ့ဒိုင်ယာရီ

မနေ့က 19.5.2010 က သစ်သစ်ဒီအလုပ်မှာ ၁နှစ်တိတိပြည့်တဲ့နေ့ ဖြစ်ပါတယ် ။ ဒီအလုပ်လေးမှာလုပ်ရတာကို သစ်သစ်သိပ်ကိုကျေနပ်မိပါတယ် ။ စလုံးမှာ ပထမဆုံးသစ်သစ်လုပ်တာ ကုမ္ပဏီအကြီးမှာလုပ်တာပါ ။ မန်နေဂျာတွေ အဖွဲ့တွေလည်းအများကြီး ဖြစ်သလိုမန်နေဂျာအချင်းချင်းတွေ ပြိုင်ဆိုင်ကြ လက်အောက်ငယ်သား သစ်သစ်တို့ပါ မနားမနေ နိုင်ချင်တော့လုပ်ရတယ် အလုပ်မရှိတော့ ဒီတိုင်းထိုင်နေရပြန်တော့လည်း တင်စရာရီပို့မရှိ အခြားသူများက ဘယ်သူဘာလုပ်နေတယ် ဘယ်သူကတော့ဘာလုပ်ပြန်ပြီ ဆိုပြီး အတင်းပေါင်းစုံ ချွန်တွန်းပေါင်းစုံနဲ့ တော်တော်လေးကို စိတ်ပျက်စရာကောင်းခဲ့ပါတယ် ။ ဒါပေမယ့်လည်း အတွေ့အကြုံတွေအများကြီးလည်း ရခဲ့တယ်ဆိုပါတော့ ။ သစ်သစ်ရယ်လို့ စလုံးမှာရပ်တည်ခွင့်ရအောင် သူကလည်းများစွာအကျိုးပြုခဲ့တယ်လေ ကျေးဇူးလည်းမမေ့ပါဘူး ဘယ်အရာမဆို အကောင်းအဆိုးက ဒွန်တွဲနေတာပဲလေ ။

ဒီအလုပ်သစ်ကျတော့ အရင်အလုပ်လောက်တော့ မကြီးမားတော့ပေမယ့် ကိုယ့်ထက်ကြီးတဲ့ စလုံးသားတွေပဲဆိုတော့ ကိုယ့်ကိုဘယ်အရာမဆို အငယ်မို့လို့ ဦးစားပေးသလို မေးသမျှရှင်းပြဖို့စောင့်နေသလား မှတ်ရပါတယ် ။ ဘာလုပ်လုပ် သူတို့ကပြောပြတာကို ကိုယ်သိလည်းမသိသလိုနေလိုက် မသိလည်းမှတ်လိုက်ဆိုပြီး နေလာလိုက်တာ သူတို့ကလည်း သစ်သစ်ကိုတော်တော်ချစ်ကြပါတယ် ။ အမ်စီမယူချင်လို့ ဒီအတိုင်းဆေးခန်းမသွားပဲ ခွင့်ယူရင်တောင် လာတယ်ဆိုပြီး သူဌေးဆီမှာအလာစာရင်းပြပေးတတ်ကြတဲ့သူတွေပါ ။

အရာရာတိုင်းဆရာလုပ်တယ်လို့ မှတ်မယ်ဆိုရင်တော့ ရနိုင်ပေမယ့် သစ်သစ်ကိုယ်တိုင်က သူတို့ပြောသမျှ ဘာမှမငြင်းတော့ သူတို့အကြိုက်ဖြစ်ပုံလည်း ကျပါတယ် ။ အလုပ်နဲ့ပက်သက်ရင်တော့ သူတို့လည်းကိုယ်လုပ်တာဘာမှနားမလည်ဆိုတော့ ဘာမှဝင်စွက်ဖက်ခြင်းမရှိတာ တော်တော်စိတ်ချမ်းသာစရာကောင်းပါတယ် ။ သစ်သစ်စီနီယာက လုပ်သက်ဒီအလုပ်မှာ ၁၀နှစ်ဆိုတော့ သစ်သစ်ကိုဘယ်သူကဘယ်လိုဆက်ဆံရတယ် ဆိုတာကအစ သင်ပေးပါတယ် ။ သိပ်ချစ်စရာကောင်းတဲ့ စီနီယာပါ ။ အလုပ်မှန်သမျှ သူနဲ့ကိုယ်ပဲခွဲလုပ်ရတာဆိုတော့ အိုဗာတိုင်ဆင်းတဲ့ရက်တွေဆို ၂ယောက်တည်းပျော်ပျော်ပါပဲ ။

သစ်သစ်ကအလုပ်ကိုအချိန်ဆွဲမလုပ်တတ်တော့ စီနီယာကတောင် ဘယ်လိုမျိုးဆို ဘယ်လိုနှေးလုပ်ရတယ် မြန်တယ်ဆိုတာအချိန်အခါနဲ့ပြရတယ် မလိုအပ်ပဲ စွမ်းအားတွေမသုံးပါနဲ့တဲ့လေ ။ အဲလိုစီနီယာဆိုတော့ သစ်သစ်ကံကောင်းတယ်လို့ ဆိုရပါမယ် ။ ကုမ္ပဏီသေးပေမယ့် လုပ်ငန်းမျိုးစုံလုပ်ရတဲ့အပြင် စီနီယာရဲ့စီစဉ်တတ်မှုကြောင့်လားတော့မသိဘူး အလုပ်များတာလည်းမရှိဘူး အလုပ်ပါးတာလည်းမရှိဘူး ပုံမှန်ပဲ ဒတ်လိုင်းမဲ့လုပ်ရတာကတော့ စိတ်ချမ်းသာစရာအကောင်းဆုံးပါပဲလေ ။

မနေ့ကတနှစ်ပြည့်ဆိုပြီး အလုပ်ကလုပ်ပေးတဲ့ပွဲလေးမှာ ပျော်ရွှင်ကြည်နူးရသလို နွေးထွေးမှုဆိုတာလည်း ခံစားရပါတယ် ။ သစ်သစ်ခံယူချက်ကတော့ ကုမ္ပဏီသေးတယ်ကြီးတယ်ဆိုတာထက် လုပ်ငန်းခွင်မှာစိတ်ချမ်းသာဖို့က ပိုပြီးအဓိကကျပါတယ် ။ ဒီအပတ်ထဲနေမကောင်းလည်းဖြစ်လိုက်သလို စိတ်မချမ်းသာစရာလည်း ကြုံခဲ့ပါသေးတယ် ဒီ့အတွက်ချစ်သူက ပိုလို့တောင်ဂရုစိုက်လို့ ကျေနပ်ရပါသေးတယ် ။

နောက် သစ်ရဲ့အရမ်းချစ်ရတဲ့ သစ်ဆရာမလည်းဖြစ်တဲ့ သစ်အမတစ်ယောက် ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက် သစ်တို့ကိုမွေးပေးပါတယ် ။ သစ်သိပ်ကိုပျော်ပါတယ် ကလေးအရမ်းချစ်တတ်တော့ နောက်ဆိုအဲဒီအိမ်ပဲရောက်နေတော့မယ် ထင်ပါတယ် ။ လာမယ့်သောကြာမှာ ဖေ့ဘွတ်ကနေတဆင့်ပြန်ဆက်သွယ်မိတာ မကြာသေးတဲ့ ဟိုးးးး အထကကျောင်းကငယ်သူငယ်ချင်းနဲ့ တွေ့ဖို့ရှိပါတယ် ။ အဲဒီအတွက်လည်း ကြိုတင်ပျော်နေမိတယ် ။ မတွေ့ရတာ လက်၁၀ချောင်းတောင် ကျော်ခဲ့ပြီလေ ။ ဘာပဲဖြစ်ဖြစ် ဒီအပတ်လေးကတော့ စိတ်ညစ်စရာအနည်းငယ်သာရရှိခဲ့ပေမယ့် တော်တော်များများကတော့ စိတ်ချမ်းသာပါတယ် ။ ချစ်သူလေးနဲ့လည်း ဘာပြသနာမှမရှိ အဆင်ပြေပြေ နေ့ရက်များကို ဖြတ်သန်းရင်း ဒီတပတ်ရဲ့ဒိုင်ယာရီကို အဆုံးသတ်လိုက်ပါတယ်နော် ။

ဆက်ဖတ်ချင်သေးရင်...

Monday, May 17, 2010

ချစ်တူလေး

တီတီလေးရေ ဆိုပြီး ဖုန်းဆက်နေကျ ချစ်တူလေး ဘာလုပ်လုပ် သူ့တီတီလေးကို သတိရတဲ့ကလေးလေး ခုဆို ၁တန်းကျောင်းသားကြီးတောင် ဖြစ်တော့မယ် ။ ချစ်စဖွယ်တူလေးကို သတိရလို့ ရန်ကုန်ပြန်တုန်းက ရိုက်ယူလာတဲ့သူပုံလေး အလွမ်းပြေတင်လိုက်တယ် ။ ဖုန်းဆက်ပြီး သားသားပုံကို လူတွေအများကြီးကြည့်အောင် တီတီလေးလုပ်လိုက်တယ်ဆိုတော့ ဘလော့ဆိုတာဘာမှန်းမသိတဲ့ ကလေးလေးက ရှက်တယ်တဲ့လေ...း) ။


ဆက်ဖတ်ချင်သေးရင်...

Sunday, May 16, 2010

အချစ်

သစ်သစ် ဒီနေ့ အချစ်အကြောင်းလေး နည်းနည်းရေးချင်နေမိပါတယ် ။ ချစ်တယ်ဆိုတာ စာလုံးကတော့၂လုံးတည်းပေမယ့် တကယ်ကိုရိုးရှင်းပြီး နက်ရှိုင်းပါတယ် ။ အချစ်ဆိုတာကို ခိုင်မြဲအောင် နားလည်မှု သီးခံမှုတွေနဲ့ ချည်နှောင်လေ့ရှိကြပါတယ် ။ လူတစ်ယောက်ဟာ အချစ်ဆိုတာ တစ်ခုတည်းနဲပဲတွေ့ရမယ်လို့ ဘယ်သူမှသတ်မှတ်မထားပါဘူး ။ တစ်ဦးထက်ပေါ်လာတဲ့ ချစ်ခြင်းတွေကို အလိမ္မာအသိဥာဏ်နဲ့ ပယ်ချဆုံးဖြတ်လေ့ရှိပါတယ် ။


ကိုယ်ပက်သက်လိုက်တဲ့သူဟာ ပက်သက်နေတဲ့အချိန်မှာ အရာအားလုံးကင်းရှင်းနေရင် ဒါဟာသန့်စင်တယ်လို့ ယူဆလို့ရပါတယ် ။ ဟိုးအတိတ်ဟောင်းကို ပြန်လည်တူးဆွလို့ အချိန်တိုင်းအဆင်မပြေမှု ဖြစ်လာခဲ့ရင် ဒီအချစ်သည်လည်း ဘယ်လောက်ကြာရှည်စွာ ခိုင်မြဲတော့မှာလဲလေ ။ ခွင့်လွှတ်နိုင်လို့စကတည်းက ပက်သက်ခဲ့တာပဲ ဒါကိုပွိုင့်အောက်လုပ်လာခဲ့ရင်တော့ သစ်သစ်ဆိုရင်သီးခံနိုင်မယ် မထင်ပါ ။ လူတစ်ယောက်အတွက် အချစ်ဆိုတာ ဖျော်ဖြေစရာတစ်ခုအဖြစ် ယူဆခဲ့ရင် ဒီအချစ်ဟာဘယ်တော့မှ ဖြူစင်တဲ့ချစ်ခြင်းအဖြစ် မရပ်တည်နိုင်တော့တာ သေချာပါတယ် ။

မိန်းမသားတိုင်းက အချစ်ရဲ့ပန်းတိုင်ကို လက်ထပ်ခြင်းဆိုတာနဲ့ သတ်မှတ်ထားလေ့ရှိပါတယ် ။ ချစ်သူဘ၀မှာ အတွေးအခေါ် အယူအဆတွေညှိကြမယ် သဘောထားတွေပြောကြမယ် ရှေ့ရေးတွေတိုင်ပင်ကြမယ် ဒါဟာဖြစ်ရိုးဖြစ်စဉ် တစ်ခုပါပဲ ။ ဒါတွေကိုချည်နှောင်တယ်လို့ ယူဆရင်တော့ သေချာနေပါပြီ တခုခုတော့မှားနေပြီပဲလေ ။ ဒီလိုမျိုးခံစားရတဲ့ မိန်းကလေးတစ်ယောက်က ကိုယ့်ချစ်သူအပေါ် ယုံကြည်မှုမရှိတော့တာ သစ်သစ်ကတော့မှားတယ်မထင်ပါဘူး ။ ရွေးချယ်ခြင်းဆိုတာ တဖက်သတ်တော့မဖြစ်နိုင်ဘူးလေ သီးခံတယ်ဆိုတာကလည်း အတိုင်းအတာတစ်ခုတော့ ရှိသင့်တာပေါ့ ။ ချစ်သူတိုင်းမျှမျှတတ တွေးခေါ်တတ်ရင် လောကကြီးကတော့ သာယာနေမှာသေချာပါတယ် ။

တဖက်စွန်းရောက်နေတဲ့ချစ်သူတွေ ညီညွတ်မျှတစွာ တွေးခေါ်တတ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။ သစ်သစ်ကိုရင်ဖွင့်လာတဲ့ သူငယ်ချင်းလေးလည်း အစစအရာရာအဆင်ပြေပါစေ ။ သစ်သစ်အနေနဲ့ သူများချစ်ခြင်းကို ဝေဖန်လိုစိတ်မရှိပေမယ့် ခံစားနေရတဲ့သူ့ခံစားချက်လေးကို အခြေခံပြီး သစ်အမြင်လေးနည်းနည်းရေးချင်တာနဲ့ ဒီပို့စ်လေးဖြစ်လာတာပါ ။ အားလုံးပဲ မျှမျှတတနဲ့ ပျော်ရွှင်စွာအနာဂတ်ကို ပုံဖော်နိုင်ကြပါစေ....။


ဆက်ဖတ်ချင်သေးရင်...

ဆုတောင်း

၃နှစ်ပြည့်မှသည် နောင်နှစ်များစွာတိုင် ခိုင်မြဲစေသော်....

ဆက်ဖတ်ချင်သေးရင်...

Thursday, May 13, 2010

ခွန်အားမျှပါ

သစ်သစ်ကိုကြီးအကြောင်း ရေးပြီးတဲ့နောက်ပိုင်းမှာ သစ်သစ်မိသားစုအကြောင်းကို တော်တော်များများစဉ်းစားမိခဲ့ပါတယ် ။ တစ်ယောက်ကိုတစ်ယောက်ချစ်ခြင်းတွေကို ထုတ်ဖော်မပြတတ်တဲ့ သစ်တို့ညီအစ်ကိုမောင်နှမတွေရဲ့စရိုက်ကိုလည်း ပြန်လည်သုံးသပ်မိပါတယ် ။ အိမ်နဲ့ပက်သက်လို့တာဝန်မကျေတဲ့ သစ်သစ်ကိုလည်း အားလုံးကနားလည်ခွင့်လွှတ်စွာနဲ့ သစ်သစ်ဘာလုပ်လုပ် ဂုဏ်ယူနေတတ်တဲ့ သစ်သစ်မိဘ ၊ မောင်ဘွားတွေကိုလည်း ပြောမပြနိုင်လောက်အောင် အံ့သြမိပါတယ် ။ ဒီလိုနဲ့ ဒီမိသားစုကြီးဖြစ်လာအောင် စတင်ခဲ့တဲ့ သစ်အဖေ နှင့် သစ်အမေရဲ့ စွမ်းဆောင်ချက်အချို့ကို ချရေးဖို့သစ်သစ် စဉ်းစားမိခဲ့ပါတယ် ။ ဘယ်လိုအခြေအနေကပဲလာလာ သစ်တစ်ကိုယ်လုံးမှာ ဒီမိသားစုရဲ့သွေးတွေစီးဆင်းလည်ပတ်နေပါတယ် ။ ဒီလူတွေရဲ့ ခွန်အားနဲ့ ဒီနေ့ဒီအချိန်ထိ သစ်သစ်ရပ်တည်နေနိုင်ခဲ့တာပါ ။

ဖေဖေ နှင့် မေမေဟာ ဘိုးစဉ်ဘောင်ဆက်ချမ်းသာတဲ့ မိသားစုကဆင်းသက်လာတာ မဟုတ်တော့ ခုလိုမရှိမရှားဘ၀လေးတစ်ခုရဖို့ တော်တော်လေးကြိုးပမ်းအားထုတ်ခဲ့ရပါတယ် ။ သာမာန်အရာရှိပေါက်စလေးဖေဖေက ကျောင်းဆရာမလေးမေမေ့ကို ရင်ထဲကနှစ်နှစ်ကာကာ ချစ်မြတ်နိုးလို့ ဘာသာမတူတဲ့မိသားစုပြသနာတွေ ကြားကနေရအောင်ဆွဲထုတ်ယူနိုင်ခဲ့ပါတယ် ။ ဝေးလံခေါင်ဖျားတဲ့ ရွာလေးတစ်ခုကအစပြုလို့ ဘ၀တစ်ခုကိုစတင်ခဲ့ကြပါတယ် ။ မင်္ဂလာဧည့်ခံပွဲလုပ်ဖို့ပိုက်ဆံမရှိလို့ ဘ၀တူဖေဖေ့သူငယ်ချင်းစုံတွဲ ၂တွဲနဲ့ပေါင်းပြီး ၃စုံတွဲစုပေါင်းဧည့်ခံပွဲကို အခါတော်ပေးမပါ နှစ်ဖက်မိဘမပါပဲ ကျင်းပပြီးစခဲ့တယ်ဆိုပါတော့ ။ မနက်ပိုင်းမင်္ဂလာဆောင် ညနေရှေ့တန်းထွက်ရတဲ့ ဖေဖေ နှင့် တပ်တွင်းမှာနေသားမကျသေးတဲ့ မေမေတို့ဘ၀အစက ထင်သလောက်မလွယ်ခဲ့ပါဘူး ။

ဘာသာမတူတဲ့သူကိုယူသွားတဲ့ သမီးကိုနှမြောလွန်းလို့ တစ်ငိုတည်းငိုနေတဲ့ သစ်တို့အဘွားကိုလည်း အမိုး အမိုးဆိုပြီး သားမက်ကိုသားဖြစ်အောင်လည်း ဖေဖေလုပ်နိုင်ခဲ့ပါတယ် ။ ရှိရဲ့သားနဲ့မသုံးရက် မဖြုံးရက်စုဆောင်းလာခဲ့တဲ့ မေမေဟာ ခုချိန်မှာသစ်တို့က မေမေဘာလေးစားပါ ညာလေးစားပါဆိုရင်တောင် တို့ရုံထိရုံလောက်ပဲ စားတတ်တော့တာ ဘ၀ကပေးခဲ့တဲ့သင်ခန်းစာတွေပဲလား မေမေရယ် ။ ဖေဖေမရှိရင် ကြက်ဥပြုတ်ကို မနက် ၊ ည ခွဲစားတတ်ပြီး ဖေဖေရှိချိန်တွေဆို စုံလင်အောင်ချက်ပြုတ်တတ်တာ ဘယ်သူကသိနိုင်ခဲ့မှာလဲလေ ။ ဖေဖေ့ရိက္ခာနို့ဆီ ၊ သကြားတွေကို ၁၀ဗူးရရင် ၁ဗူးချန် ကျန်တာဈေးထဲသွင်းပြီး တစ်ကျပ်ကအစစုဆောင်းလာတဲ့ မေမေဟာ တပ်ကထွက်တော့ ဘယ်လိုမှအခြေမပျက်ခဲ့တာ အံ့သြစရာတော့မဟုတ်ခဲ့ပါဘူး ။

ဆေးပင်စင်နဲ့တပ်ကထွက်လို့ စိတ်ဓါတ်တွေကျနေတဲ့ ဖေဖေ့ကိုအားပေးရတာတစ်ဖက် အိမ်စီးပွားရေးကို သား၂ယောက်နဲ့အစပျိုးရတာ တဖက်နဲ့ မေမေ့အကြောင်းကို သစ်စဉ်းစားမိရင် ခုတွေးခုသနားပါတယ် ။ ဒီကြားထဲ သား ၊ သမီးတွေကို တစ်ယောက်ကိုသော်မှ ပညာရေးမှာမလစ်ဟင်းရအောင် မေမေကြိုးစားခဲ့တယ် ။ ကားလုပ်ငန်းစလုပ်တော့ သား၂ယောက်လက်ကိုဆွဲလို့ ထမင်းချိုင့်တွေနဲ့ နေရာစုံသွားလို့ အားမာန်အပြည့်နဲ့မေမေကြိုးစားခဲ့တယ် ။ ပင်စင်ယူပြီးအနားယူတဲ့ဖေဖေကလည်း ကားလုပ်ငန်းကိုနည်းနည်းသော်မျှ စိတ်မ၀င်စား အားပေးခြင်း တားဆီးခြင်းကင်းပြီး အိမ်ထောင်ဦးစီးဆိုတဲ့မာနတွေနဲ့ သူ့ဘာသာရပ်တည်ခဲ့တာ ခုချိန်ထိပါပဲလေ ။ သား သမီးတွေကိုသိပ်ချစ်တတ်တဲ့ ဖေဖေနဲ့ စီးပွားရေးကိုဇောက်ချလုပ်တဲ့ မေမေတို့ကြား ကွာဟမှုတွေဖြစ်ခဲ့ပေမယ့် ဘယ်သူဘာလုပ်လုပ် အားလုံးဟာဒီသား၊သမီး ၄ယောက်အတွက်ပဲဆိုတဲ့ စိတ်လေးတစ်ခုကြောင့် ခုလိုအချိန်ထိ တစ်စိတ်တစ်ဝမ်းတည်း နေနိုင်ခဲ့တယ်လေ ။ ကျေးဇူးအရမ်းပဲ တင်မိပါတယ် ။

အသက် ၆၈နှစ်ရှိပြီးဖြစ်တဲ့ သစ်မေမေဟာ ခုချိန်ထိစီးပွားရေးကို ဦးဆောင်နေတုံးပါပဲ ။ သူစိတ်မထင်ရင် သူ့သားတွေကို ဆူငေါက်ပြောနေနိုင်တုန်းပါပဲ ။ မနက်ကရန်ကုန်မှာ ညနေဘားအံရောက်နေပြီဆိုတဲ့ မေမေပါ ။ သူ့သားတော်မောင်တွေဖုန်းမဆက်ရင် ညဘက်စဉ်းစားထား မနက်မိုးလင်းတာနဲ့ အမကိုသွားနှိုး ငါ့ကိုအောင်မင်္ဂလာအဝေးပြေးပို့စမ်းဆိုပြီး မပြောမဆိုလည်း ခြင်းတောင်းတစ်လုံးနဲ့ သွားတတ်ပါသေးတယ် ။ ညနေ၃နာရီလောက်ဆို သူ့ချွေးမဆိုင်ရှေ့ရောက်ပြီး ချစ်ကြည်လို့အော်ခေါ်လိုက်တာနဲ့ ဟိုကလည်းအမေဆိုပြီး ပြေးလာလို့မကြိုလိုက်နဲ့ ခြင်းတစ်လုံးပဲပါတယ် ။ ခုနောက်ပိုင်းတော့ သစ်စိတ်မချလို့ဟန်းဖုန်းတစ်လုံးသယ်ခိုင်းထားတာ ဘာလုပ်တယ်ထင်ပါသလဲ ဖုန်းပိတ်ထားတယ်လေ အဲလို မေမေပါ ။ မေမေရယ် ဘာမှမလုပ်ပါနဲ့တော့ နားပါတော့ဆိုရင်လည်း သူနားရင်နေမကောင်းချင်ဖြစ်တယ်တဲ့ ဒါကြောင့်သူဒီလိုလုပ်မှပျော်တယ်တဲ့လေ ။


ခုတော့သစ်က ရာသီဥတုအကြောင်းပြုပြီး ရန်ကုန်မှာပဲနေခိုင်းထားတော့ ဖေဖေနဲ့အဖော်ရနေတာပေါ့ ။ ဒါတောင်သူ့ကားတွေဝင်ရင် ဘုရင့်နောင်ကားဝင်းသွား ၁၂ဘီးကားတာလဘတ်တွေ ဆွဲချနေတတ်တဲ့မေမေပါ ။ ပုပုသေးသေးလေးနဲ့ လုပ်ချင်တာကို အသက်ကိုမစဉ်းစားလုပ်တတ်လွန်းလို့ သစ်အမကနောက်ကတကောက်ကောက်လိုက်နေရတယ်လေ ။ သူနေမကောင်းလို့များသစ်ဖုန်းမဆက်လိုက်နဲ့ ပြန်လာပါဆိုတာကြီးပဲ နောက်မေးတယ်ဘာလုပ်နေတာလဲတဲ့ မပျင်းသေးဘူးလားတဲ့လေ ဒီလိုဆို ဖေဖေနဲ့ကွိုင်တွေတက်ကုန်ပြီလေ ။ သစ်အဖေက သစ်ကိုလောကကြီးမှာ ဘယ်သူ့ကိုမှအားမကိုးပဲ ရပ်တည်တတ်စေချင်တယ် ။ ရပ်တည်တတ်အောင်လည်း သစ်ငယ်စဉ်ကတည်းက ထရိန်နင်ပေးလာခဲ့တဲ့ဖေဖေပါ ။

ဘာပဲဖြစ်ဖြစ် ဒီအဖေ ဒီအမေ တွေရဲ့စရိုက်တွေ အမူအကျင့်တွေ သစ်သစ်ဆီမှာပြည့်နှက်နေတတ်ပါတယ် ။ လိုသလိုအသုံးချတတ်ရင် သိပ်ကိုကောင်းပေမယ့် သေချာမကိုင်တွယ်တတ်တဲ့ ကိုယ့်ဘာသာလဲအားမရပါဘူး ။ ၀မ်းနည်းလို့စိတ်ဓါတ်ကျချိန်ဆို ဖေဖေက နင်ဟာလေငါ့သွေးတစ်စက်မှ မပါသလိုပဲ အားအားရှိစိတ်ဓါတ်ကျနေတယ်ဆိုရင် မျက်ရည်တွေသူ့အလိုလို ရပ်တန့်သွားတတ်ပါတယ် ။ မိသားစုအပေါ်တာဝန်မကျေသူလို့လည်း ကိုယ့်ဘာသာသတ်မှတ်ထားပါတယ် ။ ရှေ့ဆက်ပြီးလည်း ဒီခွန်အားတွေနဲ့ ရပ်တည်ခွင့်ပေးပါ ။ ဘုရားထံပါးမှာလည်း အနားမှာမနေနိုင်တဲ့ သမီးမိုက်ကိုယ်စား မိဘနှစ်ပါးကိုစောင့်ရှောက်ပေးပါလို့ နေ့စဉ်နေ့တိုင်းအပ်နှံလျှက်ပါ ။ ပျော်ရွှင်ပါစေ ဖေ နဲ့ မေ ..... ။

ဆက်ဖတ်ချင်သေးရင်...

Tuesday, May 11, 2010

ဟက်ပီးဘတ်ဒေး ကိုကြီး

ဒီနေ့ဟာဆိုရင် သစ်သစ်အရမ်းချစ်တဲ့ သစ်သစ်အစ်ကိုကြီးရဲ့ ၄၃နှစ်မြောက်မွေးနေ့လေးပါ ။ စနေသားဖြစ်တဲ့ သစ်သစ်အစ်ကိုဟာ သားဦးစနေမီးလိုမွှေဆိုတဲ့ စကားနဲ့လားလားမှ မတူပဲ အလွန်အေးဆေး မောင်နှမတွေအပေါ်အနစ်နာခံပြီး အစ်ကိုကြီးအဖရာပီသတဲ့ အစ်ကိုပါ ။ မေမေ အချစ်ဆုံးသားဆိုရင်လည်း မမှားပါဘူးလေ ။ ရိုးလွန်းတော့သူလုပ်တဲ့အလုပ်တော်တော်များများဟာ သူများအတွက်သာဖြစ်သွားတာ များပါတယ် ။ ဒါလည်း အမြဲပြုံးပြီး ကွမ်းတမြုံမြုံနဲ့အစ်ကိုကြီးပါ ။

သစ်သစ်ကိုမွေးကတည်းကနေ လက်ကမချတမ်းထိန်းလာတာလဲ ဒီအစ်ကိုကြီးပါပဲလေ ။ နှာခေါင်းချွန်အောင်ဆွဲလွန်းတာလည်း ကိုကြီးပါပဲ ။ သစ်သစ်ကလည်းခေသူတော့မဟုတ်ပါဘူး ကိုကြီးဆယ်တန်းအောင်တုန်းက အိမ်ပေါ်ကဆင်းတုန်းကတောင် သစ်သစ်ကနို့မှုန့်ဗူးတွေနဲ့လိုက်ဆင်းတတ်သူတဲ့လေ ။ အဖေကဆယ်တန်းအောင်တဲ့ သူ့သားကြီးကိုဗိုလ်သင်တန်းလျှောက်ဖို့ ဖောင်ယူလာတော့ စစ်သားမလုပ်ချင်တဲ့ကိုကြီးက မိကျောင်းရဲကနေ တောင်တွင်းကြီးကို ခဏရှောင်ဖို့ကြိုးစားပါတယ် ။ အမေကလည်း သူ့သားကြီးကိုသူ့နားမှာပဲ နေစေ့ချင်တော့ ဖောင်ပိတ်တဲ့ရက်မှပြန်လာဖို့ ပိုက်ဆံအလုံအလောက်ပေး သူ့သူငယ်ချင်းအိမ်မှာနေဖို့ စီစဉ်ပါတယ် ။ အဲမှာဒေါ်ရွှေသစ်စခန်းထပါတယ် အစ်ကိုနောက်လိုက်ဖို့ပါ နောက်တော့ပြောမရတာနဲ့ သစ်အကျီလေးတစ်ပတ်စာ နို့မှုန့်ဘူး ကလေးထမင်းဘူး အစုံသယ်လို့ ကိုကြီးအိမ်ပေါ်ကဆင်းပါတယ် ။ ခုချိန်ထိ တောင်တွင်းကြီးကအမျိုးတွေက တွေ့ရင်ပြောနေတုန်းပါပဲလေ ။ ဖောင်ပိတ်လို့ပြန်လာတော့ အဖေကသူ့သားကိုဆူမယ်လုပ်တော့ သူ့သားကသစ်သစ်ကိုခါးမှာခွင်ထား နို့ဗူးကလက်ကကိုင်လို့တဲ့ အိမ်ပေါ်ပြန်တက်လာတာကြည့်ပြီး မဆူရက်တော့ဘူးတဲ့လေ ။ ရဲရဲသာကျေးဇူးတင်လိုက်ပါ ကိုကြီးရယ် ညလေးကြောင့်အဆူမခံရတာပါနော်...ဟွန့် ။

သစ်သစ်ကိုမွေးတဲ့ မကွေးတိုင်းဟာ အရမ်းပူသလို မြွေပွေးလည်းအရမ်းများတယ် ပြောပါတယ် ။ တပ်ထဲကလိုင်းခန်းတွေက ၂ခန်းဆက်တွေဆိုတော့ အပူဒဏ်ကိုသိပ်မကာနိုင်ဘူးလေ ။ ဒါကြောင့် အမေမြို့ပေါ်သွားရင် သစ်သစ်ကိုထိန်းတာ ဒီကိုကြီးပဲပေါ့ ။ တစ်နေ့ နေ့လည်သစ်သစ်မအိပ်တော့ ကိုကြီးက သစ်သစ်ကိုချီပြီးချော့တယ်တဲ့လေ ။ လမ်းလျှောက်ရင်းသစ်သစ်အိပ်ပျော်သွားတော့ ကိုကြီးက သစ်သစ်ကိုပေါင်ပေါ်တင်ထားပြီး အိမ်ဘေးရေချိုးတိုင်ကီမှာမှီလို့ ခြေထောက်ကိုကျောက်ပြားပေါ်ဆင်းထားချိန်မှာ မြွေပွေးပေါက်ကလေးတစ်ကောင်က ကိုကြီးခြေဖမိုးပေါ်ကနေဖြတ်ဖို့ကြိုးစားတယ်တဲ့လေ ။ ဆတ်ခနဲထလိုက်ရင် မှီပေမယ့် သစ်နိုးမှာစိုးလို့ ငြိမ်ငြိမ်လေးပဲဆက်နေခဲ့တာ မြွေပွေးလေးဟိုဘက်ရောက်သွားတဲ့အထိပါပဲတဲ့လေ ။ ဒီအကြောင်းအရာတွေဟာ ခုနေမှာရယ်စရာဖြစ်ပေမယ့် ကိုကြီးရဲ့မေတ္တာကိုဖော်ညွှန်းနေခဲ့တာ သက်သေပဲလေ ။

တက္ကသိုလ်ကျောင်းသားကြီးဖြစ်တော့လည်း သစ်သစ်တို့က အာစီတူး မိန်းထဲ မရောက်ဖူးတာမရှိစေရပါဘူး ပုဆိုးဆွဲပြီးလိုက်နေတာ ၄နှစ်လုံးလေ....း ) ။ ကိုကြီးသူငယ်ချင်းတွေကဆို မင်းညီမကိုပါ ဘွဲ့ပေးသင့်တယ်တဲ့လေ ။ ဘော်တနီမေဂျာကဖြစ်တဲ့ကိုကြီးရဲ့ ကျူတိုရီယမ်စာအုပ်ထဲက ပန်းပုံတွေဟာ သစ်သစ်အတွက် ကာလာချယ်တဲ့စာအုပ်ဖြစ်ခဲ့တယ်လေ ။ စာမွဲနီးလို့စာကျက်နေတဲ့ အစ်ကိုဘေးနားမှာ ပွတ်သီးပွတ်သတ်နေရင် ကိုကြီးကစာအုပ်ပေးထားလိုက်တယ်လေ ။ ငြိမ်နေတာများ ထမင်းဟင်းတောင်မေ့တဲ့ သစ်သစ်ပါ ။ အဲလိုဆိုးတာ ပြန်ကိုမပြောချင်တော့ဘူး ဟိ ။

ကျောင်းပြီးတော့ အမေက ဟိုင်းလတ်လေးတစ်စီးဝယ်ပြီး ကိုကြီးကိုမောင်းစေတယ်လေ ရန်ကုန်- ပြည် နေ့ချင်းပြန်လိုင်းဆွဲတယ် ဆိုပါတော့ ။ ကျောင်းပိတ်ရက်တိုင်းဟာ သစ်သစ်တို့မနက်လေးနာရီဆို ဂီယာတံလေးဘေးမှာ အခန့်သားထိုင်လို့ပေါ့ ကားလိုက်စီးမယ်လေ .. ဟဲ ဟဲ ။ တွေ့တဲ့နေရာမှာမုန့်ဝယ်ကျွေးခိုင်း ကားသမားတွေစားတဲ့ ထမင်းဝိုင်းမှဟင်းစုံတာအမေရဲ့ ပြန်လာရင်ဂုဏ်ယူဝံ့ကြွားစွာ ပြောတတ်သေးတယ် ။ တစ်ခါတစ်လေဆို ကိုကြီးကမောင်းတယ် ကိုငယ်ကစပယ်ယာလုပ်တယ် အမေကသား၂ယောက်ကိုစိတ်မချတော့ ခေါင်းခန်းကလိုက်ရင် သစ်သစ်တို့ကပျော်မဆုံးလေ ထမင်းချိုင့်တွေပါယူတာပေါ့ ။ မောင်း ဆရာရေ ဟိုးး ဆရာရေ ကျော်လေ ဘာလုပ်နေတာလဲ ကားခေါင်းခန်းတစ်ခုလုံး သစ်သစ်အသံတွေကြီးပဲ...သတိရမိတယ် ။ ကားလိုက်စီးမယ်ဆို စိတ်မချတဲ့အဖေက သူကိုယ်တိုင်ကလည်းကုမ္ပဏီတစ်ခုမှာ အဖွဲ့ဝင်လုပ်နေတော့ သစ်ကိုခေါ်လို့မရ အားမတန်တော့မာန်လျော့တဲ့သဘောနဲ့ လွှတ်ရတယ်လေ ။ ပြန်လာပြီဆို ဆော့တောင်မဆော့နိုင်ပဲ သစ်သစ်တစ်ယောက်ဒေါင်းတာကတော့ တစ်အိမ်လုံးဆလံပေးရတယ် ။

ကိုကြီးအိမ်ထောင်ကျလို့သမီးလေးမွေးတော့ ငိုလိုက်ရတဲ့ သစ်သစ်လေ .. ကိုကြီးက သူ့သမီးလေးကို ပိုချစ်မှာ သစ်သစ်ကိုမချစ်တော့ပါဘူးဆိုပြီး ပြောလိုက်ငိုလိုက် အိမ်ကသူတွေက ငိုအားထက်ရယ်အားသန်ဖြစ်ခဲ့ကြတယ်လေ ။ သစ်သစ်အရွယ်ရောက်လို့ နိုင်ငံခြားကိုထွက်မယ်ဆိုတော့ သူ့ဘ၀မှာနိုင်ငံခြားဆိုတာ ဘာမှမဆိုင် တခါမှလည်းမသွားချင် ရုပ်ရှင်ထဲမှာပဲမြင်ဘူးတဲ့ ကိုကြီးတစ်ယောက် မျက်နှာအပျက်ပျက်နဲ့ မိဘတွေကိုတားခိုင်းပါတော့တယ်လေ ။ မသွားနဲ့ဘာသွားလုပ်မှာလဲ ပိုက်ဆံရှာဖို့ဆိုလုံးဝမသွားရဘူး အလည်၁ပတ်လောက်ပဲသွား ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့တယ်လေ ။ အဖေကခေတ်နဲ့အညီ သူများတွေသွားလို့သွားတာ မတားရဘူး ငွေတန်ဖိုးသိအောင် ကိုယ်တိုင်ရှာရမယ် တတ်ထားတဲ့ပညာတွေကို အသုံးချတတ်ရမယ် နို့မို့ဆိုမင်းတို့လို ကားသမားဘ၀ပဲဖြစ်မယ်ဆိုတော့ ကိုကြီးဘာမှဆက်မပြောအောင် အသံတိတ်သွားခဲ့တယ်လေ ။ သူ့လိုမပင်ပန်းစေချင်ပြန်တဲ့စိတ်လေးက သူ့ဆီမှာရှိနေခဲ့တာကိုး ။ သူ့ကိုယ်လုံး၀၀ကြီးနဲ့ ၁၀ဘီးကားတွေပေါ်ကို တက်လိုက်ဆင်းလိုက်လုပ်နေတာကို သူကပျော်နေတာလေ ။ သစ်သစ်ပြန်တုန်းကတောင် ဘားအံကိုကိုကြီးမောင်းတဲ့ကားစီးမယ်ဆိုတော့ ၁၀ဘီးကားပေါ်တက်ဖို့ ခွေးခြေတစ်လုံးနဲ့တစ်လမ်းလုံး သူ့ဘက်ကအရင်ဆင်း သစ်သစ်ဆင်းမယ့်ဘက်ကိုပြေးလာ ခွေးခြေခံတက်ခိုင်းဆင်းခိုင်း အဲလိုလုပ်တာလေ ခုချိန်ထိပဲ ....း ) ။

သစ်သစ်စလုံးသွားမယ်ဆိုတော့ လေဆိပ်မှာငိုတာလဲ ဒီအစ်ကိုပဲလေ ။ ပြန်လာတော့လဲ ၀မ်းသာအားရလာကြိုတာ ဒီအစ်ကိုပဲ ။ သစ်ပြန်မယ်ဆို တောထဲရောက်နေရင်တောင် ဒရိုင်ဘာနဲ့ကားကိုထားခဲ့ပြီး သစ်ကိုကြိုဖို့ရန်ကုန်အရောက်လာတတ်တဲ့ အစ်ကိုပါ ။ မေးတဲ့မေးခွန်းတွေကိုကြည့်လေ စင်္ကာပူမှာရထားတွေက တံခါးပေါက်မရှိဘူးဆိုတာ ဟုတ်လား ပူနေမှာပေါ့ တစ်ရှူး ရေဗူး မမေ့နဲ့နော် အဲလိုမှာတတ်တဲ့အစ်ကိုလေ ။ တခါတလေရိုးလွန်းတော့ သစ်သစ်ကအားမရဘူး ။ စလုံးလာလည်ဖို့သစ်သစ်ခေါ်တော့ အလကားပေးတောင်မလာဘူးတဲ့ လေယာဉ်မစီးရဲဘူးတဲ့လေ ။ အဲလို အစ်ကိုမျိုးပါဆို ။

ခုတော့ သစ်အချစ်ဆုံးကိုကြီး အသက် ၄၃နှစ်ပြည့်ခဲ့ပြီလေ ။ သူချစ်တဲ့ သူ့ဇနီးရယ် ၊ သား ၊ သမီး ၄ယောက် ရယ်နဲ့ လောဘမရှိ ပျော်ပျော်ရွှင်ရွှင် ဘားအံမှာလုပ်ကိုင်စားသောက်နေထိုင်နေတာ ခုချိန်ထိပါပဲ ။ အရက်မသောက်နဲ့ဆို မသောက်တော့ဘူး ဘီယာပဲသောက်တယ်ဆိုတဲ့ ကိုကြီး ကျန်းမာရွှင်လန်းပြီး နောက်နှစ်၁၂၀တိုင် ကိုကြီးချစ်တဲ့မိသားစုနဲ့ သက်ထက်ဆုံး ပျော်ရွှင်နိုင်ပါစေလို့ အဝေးရောက်ညီမငယ်က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

ဆက်ဖတ်ချင်သေးရင်...

Monday, May 10, 2010

ယုံမှာလား

ဒီနေ့ ရင်ထဲမှာ ဟာတာတာနဲ့ဘာကြီးဖြစ်မှန်းမသိ ဖြစ်နေမိတယ် ။ ဒါကြောင့် ဟိုးအရင်က သစ်သစ်ကိုယ်တိုင်ဆိုပြီး လုပ်ထားတဲ့ဖိုင်လေးတွေ ပြန်နားထောင်ရင်း အမှတ်တရခံစားချက်လေးကို တင်လိုက်ပါတယ် ။ အသံသိပ်မကောင်းလို့ သီးခံပြီးနားထောင်ပေးစေလိုပါတယ် ။ ဘာကြောင့်ရယ်မသိ ဒီသီချင်းက ဒီညမှာတော်တော်ဟတ်ထိသွားတယ် ဆိုပါတော့ ။ အရင်ကတင်ခဲ့ဘူးတဲ့ သီချင်းလေးတစ်ပုဒ်ပါပဲလေ ။






ဆက်ဖတ်ချင်သေးရင်...