Thursday, April 8, 2010

မွေးကတည်းက အူကြောင်ကြား

ဒီနေ့ သစ်သစ်ငယ်ငယ်တုန်းက အကြောင်းလေးတစ်ခုလောက် ပြောပြချင်ပါတယ် ။ သစ်သစ်ကိုမွေးတုန်းက အကြောင်းလေးပေါ့နော် ။ သစ်သစ်ကိုအသက်ကြီးမှ မေမေကကိုယ်ဝန်ရှိတာပါ ။ သစ်သစ်ကို မေမေ့အမေ သစ်အဘွားဝင်စားတယ်လို့လည်း ယုံကြည်ကြပါတယ် ။ အဘွားဆုံးပြီးမကြာဘူး သစ်သစ်ကိုကိုယ်ဝန်ရှိတယ်ပြောကြတာပဲလေ ။ မေမေစိတ်ဆိုးတိုင်းပြောလေ့ရှိတာကတော့ ငါ့အမေကဒီလောက်မ၀ဘူးတဲ့....ဟိ ။ ဒီလိုနဲ့သစ်သစ်လူ့လောကကို ရောက်ဖို့ဖြစ်လာတယ် ဆိုပါစို့ ။

သစ်သစ်ကို ကိုယ်ဝန်စရှိတော့ မေမေကအိပ်မက် မက်ပါတယ် ။ ကောင်းကင်ပေါ်က ဂါဝန်တစ်ထည်ကျလာတယ်လို့ မက်တယ်တဲ့ ။ မေမေက မိန်းကလေးပဲဖြစ်မယ်လို့ အဲဒီကတည်းကထင်ပြီးသားပါတဲ့ ။ နောက်ကိုယ်ဝန်ကပုံမှန်ပါပဲတဲ့ ။ ဒါပေမယ့်ကျန်တဲ့မောင်နှစ်မထက် ထူးခြားတာကတော့ သစ်သစ်ကိုကိုယ်ဝန်စရှိကတည်းက ဖေဖေကရှေ့တန်းမထွက်တော့ပါဘူး နောက်တန်းမှာပဲနေရပါတယ် ။ အရင်မောင်နှမတွေတုန်းကဆို မေမေကိုယ်ဝန်နဲ့လဲ အဖေရှေ့တန်းမှာ မေမေမွေးပြီးလို့ ကလေး လသားအရွယ်ကျမှ ဖေဖေပြန်လာလေ့ရှိပါတယ် ။ တရုတ်ဖြူတွေနဲ့တိုက်ရတယ်လို့လဲ ပြောသံကြားဘူးပါတယ် ရှေ့တန်းမှာနှစ်နဲ့ချီနေရသလို နေ့တိုင်းမေမေဆို စက်သံပဲနားထောင်နေရတာလို့ ပြောပါတယ် ။ ဒါပေမယ့် သစ်သစ်ကို ကိုယ်ဝန်စရှိကတည်းက မွေးသည်အထိ ဖေဖေနောက်တန်းမှာပဲ နေရလို့လားမသိဘူး ဖေဖေကသစ်သစ်ကို အားလုံးထက်အချစ်ပိုပါတယ် ။

အစ်ကို အစ်မများကလည်း အလယ်တန်းအထက်တန်းကျောင်းသူ ကျောင်းသားတွေဖြစ်ပြီဆိုတော့ သူတို့ကလေးသေးသေးလေးအရမ်း လိုချင်ကြတယ်လေ ။ သစ်သစ်ကိုမွေးမဲ့နေ့ကိုပဲ ပြောပြပါဦးမယ် အဖေကမေမေ့ကို တပ်တွင်းသားဖွားခန်းကို ပို့ပြီးအိမ်ပြန်ရေနွေးအိုး တည်နေတယ်တဲ့ ။ အဲ့အချိန်မှာ ဆေးခန်းမှာ လူကြီးသူမအစ်ကိုကြီး အစ်ကိုငယ် မမရယ် ကျန်ခဲ့တာတဲ့ ။ သစ်သစ်မေမေက အသက်၃၆နှစ်ကျော်မှ သစ်သစ်ကိုမွေးတာဆိုတော့ မေမေက၀စပြုနေပါပြီ ။ ကလေးကလည်း ထွားတယ်လို့ဆိုပါတယ် ဟိဟိ ။ မကွေးခရိုင် မိချောင်းရဲကျေးရွာက တပ်တွင်းလေးမှာပေါ့ တစ်ခုသောနေ့တစ်နေ့ ညနေ၅နာရီအချိန်မှာ သေမင်းကိုအံတုလို့ မေမေက သစ်သစ်ကိုမွေးဖွားခဲ့ပါတယ် ။ ကလေးတစ်ကိုယ်လုံးက အဆီတွေနဲ့ဖြစ်နေတော့ ပြားလွန်းလှတဲ့သစ်သစ်နှာခေါင်းမှာ အဆီဖတ်တစ်ခုကတ်နေတာကို ဆေးမှူးကသတိမထားမလိုက်ပါဘူး ။ ရုတ်တရက်ကလေးကို ကြည့်လိုက်ပြီး ဒီကလေးနှာခေါင်းမပါဘူး နောက်နာရီပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်တဲ့အတွက် ဗိုလ်မှူးကိုခုချက်ချင်းအကြောင်းကြားပါလို့ ပြောပါတယ် ။ သားဖွားဆရာမကလည်း အခန်းပြင်ထွက်ကြည့်တော့ လူကြီးလူကောင်းတွေတွေ့တယ်ဆိုပါတော့ ။

နောက်အိမ်မြန်မြန်ပြန် ကလေးကအသက်မရှင်နိုင်ဘူး လူကြီးသွားခေါ်ဆိုတော့ သစ်သစ်အစ်ကိုငယ်က အိမ်ကိုပြေးပါတယ် ။ ရေနွေးအိုးတည်နေတဲ့အဖေ့ကို အဖေမြန်မြန်လာ ညီမလေးမှာ နှာခေါင်းမပါဘူး သေတော့မယ် မြန်မြန်လာဆိုတော့ အဖေကလည်း ဟေ..ဆိုပြီး ရဲဘော်မိန်းမတွေကို မှာခဲ့ပြီး သားဖွားခန်းကို ပြေးတယ်လို့ဆိုပါတယ် ။ ဒီအချိန်ဆေးခန်းမှာလည်း ကလေးကိုရေချိုးပေးတော့ ကပ်နေတဲ့အဆီဖတ်ကြီးက ကွာကျလာတယ်တဲ့ နောက် ပိပြားနေတဲ့နှာခေါင်းလေးပေါ်လာတယ် ဆိုပါတော့နော် ။ အဲ့ကတည်းက သစ်သစ်အစ်ကိုတွေက ငယ်ငယ်ကတည်းကနေ ခုထိသစ်သစ်ကို နှာခေါင်းအမြဲဆွဲတယ် ခုထိလည်းဆွဲနေတုန်းပဲ ။ သစ်သစ်ကသူတို့အားကြီးနဲ့ဆွဲတော့ နာတာပေါ့ အဲ့တော့အော် သူတို့ကအော်လေဆွဲလေပဲ ။ ဒီလိုဆွဲခဲ့တဲ့အကျိုးကြောင့် ခုဆိုသစ်သစ်တစ်ယောက် နှာခေါင်းပြားပြီး ရုပ်ဆိုးဆိုးမဖြစ်တော့ပါဘူးလေ ။ ဒီနေ့ ဘာရယ်မဟုတ် အစ်ကိုအကြီးဆုံးကို အရမ်းသတိရနေပြီး မေလမှာကျရောက်မဲ့ ကိုကြီးမွေးနေ့မှာ ဘာလက်ဆောင်ပေးရင် ကောင်းမလဲစဉ်းစားရင်း ငယ်စဉ်ကနှာခေါင်းအဆွဲဆုံး ကိုကြီးအပြုအမူတွေ တွေးမိရင်းဒီပို့စ်ကိုရေးတင်လိုက်တာပါ ။

ဆက်ဖတ်ချင်သေးရင်...

Wednesday, April 7, 2010

သင်္ကြန်ရက်လေးတစ်ရက်

ဘာလိုလိုနဲ့ မဟာသင်္ကြန်တောင် နီးလာခဲ့ပြီပဲလေ ။ အဲဒီထဲကမှ တစ်ခုတည်းသော သင်္ကြန်ကိုသတိရမိတာ မဆန်းပါဘူးလေ ။ ၂၀၀၇ သင်္ကြန်လို့ပြောရင် ပိုမှန်မယ်ထင်ပါတယ် ။ ဘယ်တော့အခါမှမမေ့နိုင်တဲ့ သင်္ကြန်တစ်ခုပါပဲလေ။ မဟာသင်္ကြန်အတက်နေ့ တစ်ရက်ပေါ့ လူငယ်တွေဟာ နောက်ဆုံးရက်မှာ ဒီဇိုင်းမျိုးစုံနဲ့ကို ကဲနေကြပါတယ် ။


သစ်သစ်က သင်္ကြန်ဆိုရင် အရှေ့ရက်တွေအင်းလျားလမ်းမှာ ရေကစားလေ့ရှိပေမယ့် နောက်ဆုံးရက်တွေဆို မိဘစိတ်ပူမှာစိုးလို့ အိမ်မှာပဲနေလေ့ရှိပါတယ် ။ အဲ့ရက်ကတော့ မနက်ကတည်းက အိမ်ကသူတွေက ရေပက်ခံထွက်ကြပါတယ် ။ အဖေက ဘုန်းကြီးကျောင်းမနက်ကတည်းက သွားပါတယ် ။ အိမ်မှာ သစ်သစ်အစ်ကိုအကြီးဆုံးရယ် ယောင်းမရယ် ကလေးသေးသေးလေးရယ် အမေရယ် သစ်သစ်ရယ်ပဲရှိပါတယ် ။ ညနေ ၄နာရီလောက်ကျတော့ သစ်သစ်အစ်ကိုက အဖေ့ကိုကြိုဖို့ကားနဲ့ထွက်သွားပါတယ် ။ ယောင်းမက ၁၀လအရွယ်ပဲရှိသေးတဲ့ သစ်သစ်တူမလေးကို အာဟာရမှုန့်ကျွေးနေပါတယ် ။ အမေ နဲ့ သစ်သစ်က စကားပြောနေတယ် ဆိုပါတော့ ။ လမ်းထိပ်ဆီက သင်္ကြန်သီချင်းတွေ ၀ီစီသံတွေ ရေပက်သံတွေအတိုင်းသား ကြားနေရပါတယ် ။ ညနေ ၅နာရီခွဲလောက်ကျတော့ သစ်သစ်ယောင်းမက အိမ်နောက်ဖေးမှာ အ၀တ်တွေသွားရုတ်တော့ အား လား လား သစ်သစ်တို့ အနောက်လမ်း ၂အိမ်ကျော်က မီးလောင်နေတာ မီးတောက်ကြီးက တော်တော်ကိုမြင့်လို့ အိမ်လည်းတ၀က်ကျိုးနေပါပြီ ။

ဆူညံနေတဲ့ သင်္ကြန်တေးသံတွေကြားမှာ အဲ့ဒီအိမ်ကသူတွေက မီးကိုကြိတ်သတ်နေကြရင်း မီးတောက်ကအဆမတန် မြင့်လာတာပါ ။ ယောင်းမခေါ်တဲ့အချိန် သစ်သစ်သွားကြည့်တော့ ဘယ်လိုမှလွတ်ဖို့ရာမရှိတော့ပါဘူး ။ ဒါနဲ့သစ်သစ်လည်း ယောင်းမနဲ့ကလေးကို အရေးကြီးတာယူခိုင်းပြီး လမ်းထိပ်ကိုထွက်ခိုင်းလိုက်ပါတယ် ။ နောက်လူတွေပိတ်မိမှာ စိုးတယ်လေ ။ နောက်အမေကို ကားစာရွက်စာတမ်းတွေ သေချာယူစေပါတယ် သစ်သစ်ကိုယ်တိုင်လည်း အဖေ့အရေးကြီးစာရွက်တွေကို သေချာရွေးချယ်ရင်း ဖုန်းကိုလည်းအစ်ကိုဆီခေါ် ဘုန်းကြီးကျောင်းက အဖေဆီခေါ် ရွှေပြည်သာက သစ်သူငယ်ချင်းဆီခေါ် အင်းစိန်ကသူငယ်ချင်းယောက်ျားလေးတွေဆီခေါ်နဲ့ တော်တော်ကိုကတုန်ကရင် ဖြစ်မိပါတယ် ။

သစ်သစ်အစ်ကိုဆီဘယ်လိုမှ ဆက်မရတဲ့အပြင် အဖေဘုန်းကြီးကျောင်းကလည်း ခေါ်မရပါဘူး ။ ရွှေပြည်သာကသူငယ်ချင်းဆီရတော့ သူ့အိမ်ကဟိုင်းလတ်နဲ့ သစ်သစ်အဖေကိုဝင်ကြိုပြီး အိမ်ကိုအမြန်လာဖို့အကူအညီတောင်းလိုက်ပါတယ် ။ ဘုရင့်နောင်ကားဝင်းကိုရောက်နေတဲ့ သစ်သစ်အစ်ကိုကလည်း မီးသတ်ကားတွေသွားတာကြားပြီး အမြန်ပြန်လာပေမယ့် လမ်းတွေကပိတ်လိုက်ပါပြီ ။ အင်းစိန်ကသစ်သစ်သူငယ်ချင်းများကလည်း စက်ဘီးတွေနဲ့ပြေးလာကြပါတယ် ။ နောက်မီးသတ်ကားတွေ သစ်သစ်တို့လမ်းထဲကိုဝင်လိုက်ချိန်မှာ လမ်းထိပ်ကိုလူထွက်ဖို့တောင်မလွယ်တော့ပါဘူးလေ ။

အိမ်မှာသစ်သစ်အခန်းက အိမ်နောက်ဘက်ကိုမျက်နှာမူတော့ သစ်သစ်အခန်းကနေတက်ကြည့်ရင် မီးတောက်ရဲ့အပူတောင်ဟပ်ပါတယ် ။ သစ်သစ်ကခဏနေတက်ပြီး စာအုပ်တွေကိုကြည့်လိုက် ၀မ်းနည်းလိုက်ပေါ့ အနှောမြောဆုံးက သစ်သစ်ရဲ့အင်ဂျင်နီယာစာအုပ်တွေလေ သယ်လို့လည်းမရ ဒီအတိုင်းထိုင်ကြည့်နေရတယ် ။ အမေကသစ်သစ်ကိုလာခေါ်ပါတယ် အိမ်ကိုသော့ခတ်ပြီးသွားတော့မယ်တဲ့ သစ်သစ်အရမ်းကိုဝမ်းနည်းပြီး အမေ့ကိုမေးလိုက်တာက အမေ သမီးတို့ဘယ်မှာနေကြမှာလဲဟင် လို့.... ။ အဖြေမရှိတဲ့ အမေ့မျက်ဝန်းတွေကို ခုထိမှတ်မိပါတယ် ။ အိမ်ကိုသော့အထပ်ထပ်ခတ်လို့ ခြံဝန်းထဲမှာ သစ်သစ်ရပ်နေချိန် ရပ်ကွက်ထဲကပြေးလွှားနေတဲ့သူတွေက ဟဲ့ ကောင်မလေးဘာလုပ်နေတာလဲ အန္တရာယ်များတယ် ပြေးတော့ဆိုပြီး အော်သွားနေသံတွေ အဆက်မပြတ်ကြားနေရပါတယ် ။ ခြံစည်းရိုးကနေ လာတော့သမီးငယ်လို့ ခေါ်နေသံတွေ ကြားနေပေမယ့် သစ်ခြေထောက်တွေ လုံးဝကိုမရွေ့မိပါဘူး ။

မီးတောက်ကြီးကိုကြည့်ရင်း သစ်သစ်ငယ်စဉ်ကဆော့ခဲ့တဲ့နေရာ အိပ်ခဲ့တဲ့နေရာ ပျော်ခဲ့ဘူးတဲ့နေရာ အစုံကိုလိုက်ကြည့်နေမိတယ် ။ အဲ့အချိန်မှာ မီးသတ်သမားတစ်ယောက်က သစ်သစ်တို့ခြံထဲကနေပိုက်ဆွဲပြီး နောက်လမ်းကဘေးအိမ်တွေ မီးမကူးအောင်ပက်မယ်ဆိုတော့ သစ်သစ်ဖယ်ပေးလိုက်ရတယ်လေ ။ အဲ့အချိန်ကခံစားမှုရဲ့ပူလောင်ခြင်းက လောင်နေတဲ့မီးလိုပါပဲ ။ လာကူညီတဲ့သူငယ်ချင်းရဲ့ ကားကလည်းလမ်းပိတ်လို့ ၀င်လို့မရတော့ဘူးလေ ။ အဲ့အချိန်မှာ လမ်းလျှောက်ပြီးဝင်လာတဲ့ အဖေ့ကိုမြင်လိုက်တော့ သစ်သစ်ဘယ်လိုမှတင်းမထားနိုင်တော့ပဲ လဲကျသွားခဲ့တယ် ဆိုပါတော့ ။

နောက်မှသိရတာကတော့ နောက်လမ်းထိပ်ကုန်စုံဆိုင်က သင်္ကြန်တွင်းလှောင်ထားတဲ့ စားအုန်းဆီတွေ ခဲနေတာကိုပြန်ကျိုရင်း မီးမနိုင်ပဲစလောင်တာလို့ ပြောပါတယ် ။ ကျိုတဲ့ကောင်လေးက ရေထွက်ပက်လိုက် မီးကြည့်လိုက်ဆိုတော့ အပူများပြီးလောင်တာလို့ သိရပါတယ် ။ အဲဒီအိမ်ကတော့ တစ်အိမ်လုံးလောင်သွားပါတယ် ဈေးဆိုင်ကရောင်းနေတဲ့ပိုက်ဆံတွေကို ဂုံနီအိတ်ထဲကျုံးထည့်ပြီး ဟိုးးဘက်လမ်းကနေ သူ့အိမ်လောင်တာကိုထိုင်ကြည့်နေရတဲ့ ခံစားမှုကတော့ တော်တော်ကိုဆိုးရွားမယ်ထင်ပါတယ် ။ မီးညွန့်ကျိုးသွားချိန်မှာ သစ်သစ်ယောင်းမ ကလေးလေးကို လိုက်ရှာရတာလည်း လူအုပ်ကြားမှာတော်တော်ဆိုးပါတယ် ။

အားလုံးရှင်းလို့ လမ်းဖွင့်ချိန်မှ ပြန်ရောက်လာတဲ့ အစ်ကို အစ်မတွေကို ပြောပြရင်း နာရီပိုင်းအတွင်းဖြစ်ခဲ့တဲ့ အပူကိုပြန်လည်ခံစားကြည့်တော့ ဆက်ပြီးမခံစားနိုင်လောက်အောင်ပါပဲ ။ သင်္ကြန်တွေထဲမှာ အဲဒီသင်္ကြန်ကတော့ သစ်သစ်ဘ၀မှာ တသက်မေ့နိုင်တော့မယ် မထင်ပါဘူး ။ ရန်သူမျိုး၅ပါးနဲ့ ကြုံတွေ့ချိန်မှာ ရင်ဆိုင်နိုင်စွမ်းမရှိတဲ့ ကိုယ့်ရဲ့မရင့်ကျက်မှုကိုလည်း အမြဲတမ်းအောက်မေ့နေမိတာ အမှန်ပါပဲ ။ အမှတ်ရစရာလေးကို စာအဖြစ်ပြန်လည်ရေးဖွဲ့ သိမ်းဆည်းထားလိုက်ခြင်း ဖြစ်ပါတယ် ။

ဆက်ဖတ်ချင်သေးရင်...

Sunday, April 4, 2010

ငပျင်းစားဖွယ်

ဒီနေ့ သစ်သစ်မနက် ၁၂နာရီကျော်မှ အိပ်ယာနိုးပါတယ် ။ ညကလည်း ၃နာရီကျော်မှ အိပ်တာကြောင့်ရယ် စင်္ကာပူမိုးကလည်း ဒီမနက်မှာတော်တော်ကောင်းတော့ ၁၂နာရီကျော်ကို ၉နာရီလို့ထင်လိုက်မိတယ် ။ သစ်သစ်အခန်းပြင်ရောက်တော့ သစ်သစ်အစ်မက အိမ်သန့်ရှင်းရေးတောင် လုပ်ပြီးလို့ဈေးကတောင် ပြန်လာနေပြီလေ ။ သစ်သစ် ငပျင်းနော် ...ဟိဟိ ။ ဘာစားစရာပါလဲ အိတ်ထဲမွှေရင်း သကြားနဲ့စားရတဲ့ ကုလားမုန့်ဝယ်လာတော့ မျက်နှာသစ်စားပလိုက်တယ် နောက် ဘာဟင်းချက်ရင်ကောင်းမလဲ စဉ်းစားတော့ ၀က်သားရှိတယ် မှိုရှိတယ် မျှစ်ရှိတယ် ချဉ်ပေါင်ရှိတယ်ဆိုတော့ သစ်သစ်အဲလိုလေး အဆင်ပြေအောင်ချက်လိုက်တယ် ။ နောက်ရန်ကုန်က အစ်မယူလာတဲ့ ငါးကြင်းချဉ်လေးကို ထည့်လိုက်တယ် ။ သစ်သစ်ဖွယ်ဖွယ်ရာရာ မချက်ဖြစ်တာလည်း ကြာပြီလေ ။ နောက်မနက်စာညစာပေါင်းစားပြီး ဒီပို့စ်လေးတင်လိုက်တာပါ ။ မနေ့က မခင်ဦးမေက ဟင်းတွေချက်ပါဦး သစ်သစ်ရယ်တဲ့ တီချမ်းကလည်း ဟင်းမချက်သေးဘူးလား ဆိုလို့ ဒီဖြစ်သလိုလေးကို တင်လိုက်ပါတယ် ကျေနပ်တော့နော် ။

အဲဒါက ငါးကြင်းချဉ်တဲ့


ဒါက ချဉ်ပေါင် နဲ့ မျှစ် (ဗိုက်ကဆာနေတော့ ခပ်မြန်မြန်ပဲချက်ထားတယ်)


ဝက်သား နဲ့ မှိုကိုတော့ ရှယ်ချက်ထားလိုက်တယ်

ဆက်ဖတ်ချင်သေးရင်...

Saturday, April 3, 2010

မောရှမ်းမြေသို့ အလည်တစ်ခေါက် အဆက်

အိုကေ..ဒီနေ့ သစ်သစ်အင်းလေးခရီးစဉ်ကို အဆုံးသတ်ဖို့စဉ်းစားထားပါတယ် ။ အင်းလေးကန်ထဲရောက်တော့ မှန်တာဝန်ခံရရင် ရေလမ်းခရီးသစ်သစ်အရမ်း ကြောက်ပါတယ် ။ ဒါကြောင့် စက်လှေစစီးတော့ ဘုရားစာတွေရွတ်လို့ပေါ့ သစ်သစ်အစ်မကလည်း နောက်ကခုံမှာထိုင်ပြီး အားပေးပါတယ် အငယ်မ ငါလည်းရေမကူးတတ်ဘူး နင်လည်းရေမကူးတတ်ဘူးတဲ့....ဟင့် တကယ်ကိုရှင်ချင်ပါတယ် ။

နောက်...အင်းလေးကန်ရဲ့အလှက သစ်သစ်ကိုနိုင်စားသွားပါတယ် ။ တစ်ချို့နေရာတွေမှာ မြူခိုးတွေဝေနေပုံက တော်တော်ကိုသဘာဝကျပါတယ် ။ ဓါတ်ပုံမရိုက်ရမနေနိုင်လောက်အောင်ကို ဖြစ်နေတော့ လူကလည်းလှေပေါ်မှာ လှုပ်နေတာပေါ့နော် ။ သစ်သစ်အစ်မသတ္တိခဲက ကြောက်လို့လှေဘောင်ကိုစွဲစွဲမြဲမြဲ ကိုင်ထားပြီး သစ်သစ်ကိုအငယ်မ ပြီးပြီလား နင်ရိုက်လို့ပြီးပြီလား ခဏခဏကိုမေးနေပါတယ် ။ လမ်းကြားလေးလို ဒိုက်တွေ မှော်တွေကြားကနေ ကန်ရေပြင်ကျယ်ကြီးပေါ်ကို စက်လှေကတက်လိုက်တဲ့အခါ မျက်စိတစ်ဆုံးတော်တော်ကို ရင်သပ်ရှုမောဖွယ် ဖြစ်သွားပါတယ် ။ ရုပ်ရှင်ထဲမှာပဲကြည့် တီဗီထဲမှာပဲမြင်ဘူးနေတဲ့ သစ်သစ်လိုမြေပြန့်သူတစ်ယောက်အနေနဲ့ တောင်တန်းတွေကြားက ကန်ကျယ်ကြီးကိုရောက်တော့ မြင်မြင်ရာဆန်းသစ်နေတာ မထူးဆန်းပါဘူးလေ ။

နောက်တစ်ခုကတော့ စက်လှေ၂စီးရှောင်ရင် ငြိမ့်ခနဲဖြစ်သွားတတ်တဲ့ လှိုင်းလေးတွေကို စစီးခါစက တစ်ကယ်ကိုကြောက်မိပါတယ် ။ နောက်တော့လည်း တဖက်ခြမ်းကလာမယ့် စက်လှေကိုမျှော်တောင်မျှော်နေမိတယ် ။ အတန်ကြာစီးပြီးချိန်မှာ စက်လှေလေးက ခရီးအတော်ပေါက်လာသလို တိုက်ရိုက်လာမှန်တဲ့ လေနုအေးတွေကလည်း အေးစက်လာပြီး နှုတ်ခမ်းတွေတောင် ပြာလာပါတယ် ။ တန်ခိုးကြီးဖောင်တော်ဦးမြတ်စွာဘုရားကို ရောက်ဖို့ခေါင်တိုင်ကနေ တော်တော်လေးစီးရပါတယ် ။ ဘုရားကြီးကိုလှမ်းဖူးမျှော်လောက်တဲ့ နေရာလောက်ရောက်တော့ သစ်သစ်စီးလာတဲ့စက်လှေနားမှာ ရေကြက်လို့ခေါ်တဲ့ ရေဘဲလေးတွေကို အုပ်စုလိုက်ရေပြင်ပေါ်မှာတွေ့ရပါတယ် ။ စက်လှေကိုဘုရားပေါ်တက်ဖို့ ဆိုက်ကပ်ချိန်မှာ သစ်သစ်စက်လှေပေါ်မတ်တပ်မရပ်ရဲပါဘူး ။ နောက်ဒီလိုမှမဆင်းရင် မရောက်တော့ဘူးဆိုပြီး အားတင်းကာဆင်းလိုက်တော့ အာ..လာ....လာ..... သမီးတို့ဆိုင်မှာ ရှမ်းစာအစုံရပါတယ် လာခဲ့နော် အမ .... သမီး ဒီလေးခွလေးတစ်ခုပဲကျန်ပါတော့တယ် ၃၀၀၀ပါ ကောက်ညှင်းထုတ်တွေမြည်းသွားပါဦးလား အမ...ဘယ်လိုမှရုန်းထွက်လို့မရလောက်အောင် ဈေးရောင်းသူတွေများလှပါတယ် ။ ဈေးဝယ်ဝါသနာပါတဲ့ သစ်သစ်အမကတော့ အဲ့ဒီအုပ်စုကြားမှာ ကျန်ခဲ့တယ်လေ ။ သစ်သစ်ကတော့ အဲ့လိုမျိုးဆိုစိတ်တကယ်ရှုပ်မိတယ် ။ ဒါကြောင့်ခပ်သုတ်သုတ်လေးထွက်လို့ ဘုရားပေါ်တက်ခဲ့တယ်ဆိုပါတော့ ။

ဘုရားပေါ်ရောက်တော့ ခဏလောက်စိတ်ကိုတည်ငြိမ်စွာထားပြီး တော်တော်ကြာကြာဘုရားရှိခိုးနေလိုက်တယ် ။ ဘယ်အချိန်သစ်သစ်အမ အနားရောက်လာလဲတောင် မသိတော့ပါဘူး ။ နောက်အဖေအမေအတွက် ရွှေသင်္ကန်းကပ် ကိုယ့်အတွက်တော့ အလှူငွေတွေထည့်ရင်း ဘုရားပုံတော်လေးတွေလိုက်ဝယ်မိတယ် ။ နောက်သစ်သစ်အမရောက်လာတော့ ဈေးတန်းလေးတွေဆင်းပြီး တူ တူမလေးတွေအတွက် လက်ဆောင်ဝယ်ဖြစ်တယ် ။ နေပူထိန်နေတဲ့ရင်ပြင်ကို တစ်ပတ်ပတ်ရင်းဖောင်တော်ဦးဘုရားကနေ ပြန်လည်ထွက်ခွာဖို့ လှေဆိပ်ကိုဆင်းခဲ့ကြတယ်လေ ။ အဲ့မှာပြသနာပါပဲလေ သစ်သစ်တို့လှေက ဘေးကိုကပ်လို့မရပါဘူး ။ ဘေးမှာနိုင်ငံခြားသားလှေတွေက ကပ်နေတော့သူက၃စီးမြောက်မှာ ရပ်ထားတယ်ဆိုပါတော့ ။ ကဲ..သစ်သစ်ဘယ်လိုသွားမလဲ ဟူးးးးးးးးး လွယ်ပါတယ် လှေတွေပေါ်ကနေ ကိုယ့်လှေစီကိုသွားရမယ်တဲ့လေ တည်ငြိမ်နေတဲ့နေရာမှာ သွားရတာလွယ်သလောက် ရေပြင်ပေါ်မှာရပ်ထားတဲ့ လှေတွေကိုဖြတ်ကျော်သွားရမှာကတော့ သစ်သစ်အတွက်ဆန်းသစ်နေတာပေါ့ ။ စိတ်လည်းလှုပ်ရှားတယ် ကျသွားရင်ဆိုတဲ့အတွေးမျိုးလည်း ရှိနေတယ်လေ။ အဲဒီမှာ ကိုယ့်ရဲ့လက်ကို အင်းသားတွေဆီထိုးအပ်ရတော့တာပေါ့...ဟိ ။ သူတို့လှေတွေကနေ ကျော်လိုက်ခွလိုက်နဲ့ သစ်သစ်လှေရှိရာရောက်မှပဲ ဟင်း ချနိုင်တော့တယ်လေ ။ ဒါနဲ့ အလိုတော်ပေါက်ဘုရားကို ဆက်ခဲ့တယ်ဆိုပါတော့ ။

အလိုတော်ပေါက်ဘုရား ရောက်တော့သစ်သစ်တစ်ယောက် ဂိန်တော့တာပဲလေ ။ အင်းထဲကအိမ်သာကို ရောက်ခဲ့တယ်ဆိုပါတော့ ဟင့် ။ အိမ်သာကျွင်းလည်းမရှိဘူး ဒီအတိုင်းရေပေါ်မှာ အောက်ကိုကြည့်တောင်မကြည့်ရဲပါဘူး ။ အိမ်သာကထွက်လာတော့ သစ်သစ်စဉ်းစားမိတယ် ဒီအညစ်အကြေးတွေ ဘယ်ကိုရောက်မလဲပေါ့နော် ။ ဒီလိုစဉ်းစားရင်းနဲ့ပဲ ငါးဖယ်ချောင်းကျောင်းကို ရောက်ခဲ့ပါတယ် ။ အဲဒီကျောင်းကနေပြန်တော့ စက်လှေဆရာက ယက္ကန်းရုံတွေထပ်ပို့မယ်ဆိုတော့ နေကလည်းပြင်းလာပြီ ဗိုက်ကလည်းဆာလာပြီ နောက်သစ်သစ်အမကလည်း နှာခေါင်းသွေးတွေလျှံတယ်လေ ပြီးတော့ ညောင်ရွှေရောက်ဖို့ကလည်း နောက် ၄၅မိနစ်လောက် စက်လှေစီးရမယ် ဒါနဲ့ညောင်ရွှေကိုပဲ စက်လှေမောင်းခိုင်းလိုက်ပါတယ် ။ အင်းထဲမှာက နေရာတိုင်းဖုန်းလိုင်းမိပါတယ် ။ ညောင်ရွှေကညီမငယ်ကလည်း နာရီဝက်တစ်ခါလောက်ကို ဖုန်းဆက်နေတယ် ပြီးတော့ သူကမေးတယ် ဘယ်ရောက်နေပြီလဲတဲ့ သစ်သစ်ကရီချင်တယ် မြင်မြင်ရာရေပြင် ဘယ်လိုပြောရပါ့မလဲ ဘယ်ရောက်နေပြီဆိုတာကိုလေ ....။

ဒါနဲ့ တော်တော်ကြာစက်လှေစီးပြီးတော့ တော်တော်လေးကိုစည်ကားလှတဲ့ ညောင်ရွှေကိုရောက်ခဲ့ပါတယ် ။ နေ့လည် ၂နာရီခွဲကျော်လို့ထင်ပါတယ် ။ စက်လှေဆိပ်ကလည်း အမျိုးမျိုးရှိတယ်ဆိုပဲ သစ်သစ်ကတော့မသိပါဘူး ။ ညောင်ရွှေကညီမငယ်က သူတို့တိုးတွေဆင်းတဲ့ ဗီအိုင်ဗီလှေဆိပ်ကို ကပ်ဖို့စီစဉ်ထားပါတယ် ။ စက်လှေသမားက မသိတော့အဲ့လှေဆိပ်ကျော်သွားပါတယ် ။ အဲ့ဒီညီမလေးခင်မျာ စက်ဘီးလေးနဲ့စက်လှေနဲ့အပြိုင်လိုက်လာပြီး လှေသမားကိုဆိုက်မယ့်နေရာ လာအော်ပြောပါတယ် ။ နောက်လှေဆိပ်ပေါ်တက်တော့ လူကတော်တော်ပြိုင်းနေပါပြီ တောင်ကြီးတက်ဖို့လာကြိုတဲ့ မောင်ငယ်လည်းရောက်နေသလို အခြားညီမငယ်များကလည်း နေ့လည်စာကျွေးဖို့ ၁၂နာရီကတည်းကစောင့်နေတာတဲ့လေ ။ အရမ်းပင်ပန်းနေပေမယ့် သစ်သစ်မျက်နှာအပြုံးမပျက်ရဲပါဘူး မောင် ညီမလေးတွေကို တွေ့ဖို့ဟိုးးးးးးးး အဝေးကြီးကနေ သစ်သစ်လာခဲ့တာလေ ။ လှေဆိပ်အတက်မှာပဲ တောင်ကြီးတက်ဖို့ မတ်ခ်တူးကားကိုကလေးတွေက အသင့်ငှားထားတယ်လေ ။ ဒီတစ်ခါသစ်သစ်လက်မခံတော့ဘူး ပိုက်ဆံအတင်းပေးတာ စိတ်ကောက်စိတ်ဆိုးတော်မူကြတယ် ကဲ ဒါနဲ့နောက်ဖုန်းကိုဖွင့်ပြီး ပစ္စည်းတင်မယ်ဆိုတော့ ကားနောက်ဖုန်းမှာသူတို့လက်ဆောင်တွေတင်ထားတာ သစ်သစ်ပစ္စည်းတောင်ထားစရာနေရာမရှိပါဘူး ။ ကဲ..မခက်ပေဘူးလား ဒါနဲ့သူတို့ကျွေးတဲ့ဆိုင်မှာ လိုက်စားတာ အိုးး ဘာပြောကောင်းမလဲ သစ်သစ်ပန်းကန်မှာ ဟင်းတွေဆိုတာအပြည့် သူ့ဟာအရင်စား ငါ့ဟာအရင်စားနဲ့ ဒေါ်သစ်သစ်ဟန်ဆောင်ပြီး တော်တော်စားယူခဲ့ရတယ် ။ လူကအရမ်းကို ပင်ပန်းနေပြီလေ ။ ဒီလိုနဲ့ သစ်သစ်တစ်ယောက် တောင်ကြီးသွားတဲ့ကားပေါ်ရောက်တော့ သူတို့တွေကနောက်နှစ်လည်းပြန်လာခဲ့ဖို့ သူတို့ဧည့်ဝတ်မကျေတာရှိရင် ခွင့်လွှတ်ဖို့ နောက်ဆိုအကြာကြီးနေဖို့ အိုး အစုံပါပဲ မှာနေကြတာလေ သစ်သစ်တစ်ယောက်မျက်ရည်တောင်ကျယူရပါတယ် ။

မထင်ထားဘူးလေ ဒီလောက်ကိုယ့်ကိုသံယောဇဉ်ရှိကြမယ်လို့ ဘယ်လိုမှထင်မထားခဲ့ဘူး ။ ပြီးတော့ ခင်တွယ်တာကလည်း သူတို့အမအရင်းလိုပဲလေ တစ်ယောက်ကငိုတော့ သစ်သစ်လည်းဘယ်လိုမှမထိန်းနိုင်တော့ဘူးပေါ့ ။ ရိုက်လိုက်တဲ့ဓါတ်ပုံဆိုတာလည်း စကားပြောလဲရိုက် နှုတ်ဆက်လည်းရိုက် ကားတံခါးဖွင့်လည်းရိုက် တက်လည်းရိုက် တကယ်ပါပဲ ။ ဒါတောင်နောက်နေ့ အလုပ်ခွင့်ယူပြီး တောင်ကြီးတက်လာကြမယ်ဆိုပဲ ။ သစ်သစ်ကနောက်နေ့ ညနေ၃နာရီဆို တောင်ကြီးကနေ ပြန်တော့မှာဆိုတော့ သူတို့ကမနက်ပိုင်းလာမယ်ပေါ့နော် ။ သစ်သစ်ကလုံးဝမလာရဘူးဆိုမှ သူတို့ဇွတ်မတိုးကြတော့တာလေ နောက် တောင်ကြီးမှာအစစအရာရာ ကူညီမယ့်မောင်လေးတွေလည်း ရှိတယ်ဆိုတော့ သူတို့ကိုလည်းသစ်သစ်အချိန်ပေးဖို့လိုသေးတာပေါ့နော် ။ ကားထွက်သွားတော့ သစ်သစ်နောက်ကိုလုံးဝလှည့်မကြည့်ပါဘူး ထပ်ငိုမိမှာစိုးတယ်လေ ။ ညောင်ရွှေကတော်တော်လေးဝေးလာတဲ့ အထိ သစ်သစ်ပါးလေးမှာ သူတို့အနမ်းငွေ့လေးတွေ ကျန်နေဆဲပါ ။ ဒီလိုနဲ့ တောင်ကြီးကိုခရီးဆက်ခဲ့တယ် ဆိုပါတော့........

ကန်ရေပြင်ကျယ်ဆီ မရောက်ခင်ပေါ့

တွေ့ပါပြီ အင်းလေးကန်ရေပြင်ကျယ်


ရှမ်းမလေးတွေဝတ်တဲ့ အကျီင်္


ဒါကတော့ အင်းသားတွေဝတ်တဲ့အကျီပေါ့


ရေတော်တော့်ကို ကျနေတာ သက်သေပဲ


ကျွန်းမျောတွေကြားက သွားရတာ မိုက်မှမိုက်


ဟိုး အဝေးမှာမြင်ရလားဟင် ရေကြက်လေးတွေ အုပ်စုလိုက်


အိမ်အောက်မှာ လှေဂိုထောင် ( ကားဂိုထောင်မဟုတ်ပါ )


တောင်ကြီးရောက်ပြီ ဟေ့

ဆက်ဖတ်ချင်သေးရင်...

ပြန်သိမ်းထားမယ်


ဆက်ဖတ်ချင်သေးရင်...

Thursday, April 1, 2010

ခရီးစဉ်အစိတ်အပိုင်းတစ်ခု

အင်းလေးကန်က နာမည်ကြီး ငါးဖယ်ချောင်းကျောင်းပါ ကြောင်ခုန်ကျောင်းလို့လည်း အများကခေါ်ကြပါတယ် ။ နိုင်ငံခြားသားတွေကို ကြောင်လေးတွေ ကွင်းလေးထဲခုန်တာနဲ့ ဆွဲဆောင်ထားပြီး ဂိုက်များကလည်းရောက်လာတာနဲ့ အလှူငွေထည့်ပြီး ကြောင်လေးတွေကိုတိုးရစ်တွေအကြိုက် သရုပ်ပြခိုင်းကြပါတယ် ။ သစ်သစ်သွားတာ ၁လကျော်ပြီဆိုတော့ နာမည်မှားရင်ပြင်ပေးပါဦးနော် ။ ပြန်ရောက်ကတည်းက မမေ့ခင်အပြီးရေးမယ် စဉ်းစားထားပေမယ့် လက်စမသတ်နိုင်ခဲ့ပါဘူး ။ အင်းလေးခရီးစဉ်ပြီးရင်တော့ သစ်သစ်ပို့စ်ကိုအဆုံးသတ်တော့မှာပါ ။ ရိုက်လာတာလက်မငြိမ်တော့ နည်းနည်းသီးခံပြီး ကြည့်ပေးကြပါနော် ။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်...။


ဆက်ဖတ်ချင်သေးရင်...

ရင်ခွင်ဗလာ

သွားပြီ မရှိတော့ဘူး
ကိုယ့်ရင်ထဲက
ခံစားနိုင်တဲ့ အရာအားလုံး
သူယူသွားခဲ့ပြီပဲ

ရီဝေထုံထိုင်းစွာ
ကျန်ရစ်ခဲ့တဲ့ကိုယ်
ခံစားမှုက
သေသလိုပဲ

အထိတ်တလန့်
သတိထားမိတော့
ကိုယ့်နှလုံးသွေးတွေ
ရပ်တန့်ကုန်ပြီပဲ

ရှင်လျှက်နဲ့သေတယ်ဆိုတာ
ဒါလား..ချစ်သူ
ကြိမ်ဖန်များစွာ
ကျဆုံးခဲ့တာ
မခံနိုင်တော့ဘူး

မကြုံချင်ဘူး
မဆုံချင်ဘူး
မပိုင်ဆိုင်ချင်ဘူး

ဆုံမှတ်မရှိတဲ့
ဒီအဖြစ်ကို
ငါ့ဘက်ကပဲ
ကွဲကြေနေတဲ့
နှလုံးသားတစ်စုံနဲ့
အဆုံးသတ်ပေးလိုက်ပါပြီ


ခံစားချက်တွေ ဘယ်တော့မှမသိစေချင်တဲ့ ကောင်ကလေးတစ်ယောက်ထံသို့
(ကြယ်ပွင့်လေးများလမ်းပြဦး ကောင်ကလေးနဲ့နီးနိုင်ဖို့...)


ဆက်ဖတ်ချင်သေးရင်...