Monday, June 14, 2010

ရောက်လာပြန်ပေါ့

သစ်သစ် စာမရေးတာလည်း ကြာပါပြီ စိတ်ထွက်ပေါက်တွေမရှိတဲ့အခါ စာတွေအဖြစ်ချရေးတတ်တဲ့ သစ်သစ်အကြောင်းကိုလည်း သိပြီးသလောက်ဖြစ်ရောပေါ့ ။ ဒီအပတ်တွေ သစ်သစ်စာရေးချင်စိတ်မရှိသလို လာဖတ်နေကျသူတွေကိုလည်း အားနာတာနဲ့ဘလော့လေး ခဏပိတ်ထားလိုက်မိပါတယ် ။ လာရောက်လည်ပတ်တဲ့သူတွေ အဆင်မပြေဖြစ်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်နော် ။ ဒီနေ့ သစ်ရေးချင်တာကတော့ ၂စီးရီးနောက်ဆုံးဖြစ်တဲ့ သစ်မွေးနေ့လေး အကြောင်းပါပဲ မွေးနေ့ဆိုတာ နှစ်တိုင်းကျရောက်နေမှာဆိုတော့ အထူးအဆန်းမဟုတ်ဘူးလို့ သစ်ကိုယ်တိုင်အစကယူဆထားပေမယ့် နောက်ပိုင်းတွေမှာ တနှစ်တကြိမ်အသက်ကြီးလာတာကို သုံးသပ်ဖို့အချက်ပေးသလို မွေးမိခင်ရဲ့သေမင်းနဲ့စစ်ခင်းခဲ့တဲ့ရက်လေးအဖြစ် အမေ့ကျေးဇူးကို ပြန်လည်အောက်မေ့မိတဲ့ ရက်လေးတစ်ရက်အဖြစ် တန်ဖိုးထားတတ်လာပါတယ် ။

ဟိုးးးး လွန်ခဲ့တဲ့ ၂၉နှစ်လောက်က တခုသောညနေခင်း ၅နာရီခွဲလောက်အချိန်မှာ မေမေဟာ သစ်ကိုမွေးဖွားခဲ့ပါတယ် ။ ဒီအချိန်ကစလို့ အသက်ကြီးမှမွေးတဲ့သမီးလေးအဖြစ် သိပ်ဂရုစိုက်ပြီး ဖြစ်ချင်တာလေးတွေအတွက် မေမေ့ဆန္ဒကိုဖြည့်ဆည်းပေးမယ့် သမီးအဖြစ်လည်း မျှော်လင့်ချက်တွေအများကြီးထားခဲ့ဘူးတာပေါ့။ ကျန်တဲ့မောင်နှမတွေကလည်း သူတို့အိမ်ကလေးသေးသေးလေး ရောက်လာလို့ ဆော့စရာသက်ရှိအရုပ်လေးဆိုပြီး ပျော်နေကြသလို ဖေဖေကလည်း သူနောက်တန်းရောက်တုန်းမွေးတဲ့ သမီးလေးဆိုပြီး ကြံဖန်အချစ်ပိုခဲ့ကြပါတယ် ။ တကယ်တော့ သစ်သစ်ဖြတ်သန်းခဲ့တဲ့ ၂၉နှစ်တာလုံးဟာ ရိုးရိုးသာမာန်လိုပဲ ဘာမှအလှည့်အပြောင်းမများခဲ့ပါဘူး ။ ငယ်စဉ်ဆယ်ကျော်သက်အရွယ်က မိဘတားမြစ်ခဲ့တာတွေကို ခုနေပြန်စဉ်းစားတော့ ဘာမှမဟုတ်ပဲ အဲ့အချိန်တုန်းကတော့ လူ့အခွင့်အရေးပဲဆုံးရှုံးသလိုမျိုး နင့်နင့်နဲနဲခံစားတတ်ခဲ့တာကို ပြန်သုံးသပ်မိပါတယ် ။ မိဘရဲ့စေတနာ မေတ္တာတွေကို ပိုပြီးသိမြင်လာသလို အတွေးအခေါ် အယူအဆတွေလည်း ပြောင်းလဲလာခဲ့တာ သစ်သစ်မငြင်းနိုင်ပါဘူး ။

မိဘလောင်းရိပ်အောက်မှာ အပူအပင်ကင်းကင်း နေထိုင်ပြီးပညာသင်ခဲ့ရတာကိုလည်း ပြန်လည်သတိရမိသလို ငါ့အလှည့်ကျရင်ရော ဒီလိုလုပ်ပေးနိုင်ပါ့မလားဆိုတဲ့အတွေးမျိုးလေး တပိုင်းတစ၀င်လာတတ်ပါပြီ ။ ခုနေပဲကြည့်လေ သစ်သစ်မိဘကိုစိတ်ပူတယ်ဆိုတာ ပါးစပ်ဖျားလေးမှာပဲ လေထဲမှာပဲ ပြောနေသလိုဖြစ်နေတော့ ကိုယ့်ပူပင်မှုတွေက အရာမရောက်သလိုဖြစ်နေတယ်လို့ ခံစားမိတယ်။ အချိန်တိုင်းသတိရသလို အနားမှာပဲ မိဘတွေအသက်ကြီးချိန်မှာ ပြုစုချင်ပေမယ့် အခြေအနေအချိန်အခါတွေ မပေးတဲ့အခါ အဝေးကပဲနှုတ်အားဖြင့် စောင့်ရှောက်နေရတဲ့ဘ၀ကို တခါတလေသစ်သစ်တော်တော်လေးစိတ်ပျက်မိပါတယ် ။ စိတ်ကိုပိုင်းဖြတ်လို့ ပြန်လာတော့မယ်ပြောတိုင်း သားသမီးရဲ့ရှေ့ရေးကို တွက်ဆလို့ နေပါရတယ် အဆင်ပြေတယ် သမီးလုပ်ချင်တာ ဖြစ်ချင်တာကို ဖြစ်မြောက်အောင် အောင်မြင်အောင်လုပ်နော်ဆိုပြီး သူတို့ရဲ့ဆန္ဒကိုမြိုသိပ်ပြီး ကိုယ့်ကိုတဖန်ပြန်လည်အားပေးနေတာကိုက သနားစရာကောင်းလှပါပြီ ။ ပိတ်ရက်တွေ ကြားရက်တွေ သစ်သစ်ဖုန်းဆက်လွန်းတော့ အိမ်ကဘာလို့ဆက်တာလဲလို့ မေးနေပေမယ့် အဖေ အမေ သစ်သစ်အသံကိုကြားရင် အနည်းငယ်တော့ဝေဒနာတွေ သက်သာသွားတာ သစ်သစ်သိတာပေါ့ ရိပ်မိတာပေါ့ ဒါကြောင့် ဖုန်းအလကားရလို့ဆက်တာပါ မိနစ်လေးတွေကျန်နေလို့လေ ဟိုသတင်းရောကြားပြီးပြီလား အဖေ ကမ္ဘာ့ဖလားကတော့ ဘယ်လို စသဖြင့်ရောက်တတ်ရာရာ လျှောက်ပြောတော့လည်း ကိုယ့်ဘက်ကကြည့်ရင်ဘာမှမဟုတ်ပေမယ့် မိဘတွေဘက်ကနေကြည့်တော့ အနည်းငယ်ကျေနပ်နှစ်သိမ့်မှု ရတတ်ကြလေတယ် ။

ခုဆိုရင် သစ်မေမေက အစပ်လုံးဝစားလို့မရဘူးဆိုတာကို ဆရာဝန်ကသတ်မှတ်လိုက်တော့ သူကအဲဒါကိုစိတ်ဓါတ်ကျနေတယ် လူဆိုတာက မစားရဘူးဆိုမှ စားချင်တာသဘာဝလေ တောင့်တနေတာကလည်း သဘာဝပဲပေါ့ ဖုန်းဆက်တိုင်း ၀မ်းပန်းတနည်းပြောတတ်တာက သူအစပ်မစားရတော့တဲ့အကြောင်းတွေပဲပေါ့ ။ အဲဒါကိုမစားနဲ့လေ ဆရာဝန်ကပြောထားတာကိုလို့ ပြောလိုက်ရင်ဝမ်းနည်းမှာသေချာသလောက်ပဲဆိုတော့ ဟုတ်လားအမေ သမီးတောင်ခုတလော ဗိုက်အောင့်တတ်လို့ အစပ်ကိုဖြတ်လိုက်တာကြာပေါ့ မေမေကတောင်နှစ်တွေအကြာကြီးစားခဲ့ရသေးတယ် သမီးဆိုခုကတည်းက ရှောင်ရတာ မေမေကံကောင်းလိုက်တာလို့ ကြံဖန်ချီးမွမ်းရတတ်တယ် ။ ဒီလိုလေးတွေပြောတော့ သူတို့လည်းစိတ်ကျေနပ်စေတယ်လို့ ထင်တယ်လေ ။ သစ်သစ်ခုတလောဖုန်းဆက်ရင် မေမေထမင်းစားချိန်ကို မှန်းဆက်တတ်တယ် သူကအချိုတွေချက်ရင်မစားချင်ဘူးလေ အန်ချင်လာပြီဆိုပြီး သစ်အမကို ဂျီကျတတ်တယ် သစ်သစ်ကမသိသလိုနဲ့ အမေဘာဟင်းနဲ့စားတုန်းဆိုတော့ ကလေးဆိုးလိုပြောတတ်တယ်လေ အဲ့အချိန်ဆို သစ်သစ်က ဟယ်...စားချင်လိုက်တာ သမီးကအဲ့ဒီအချိုလေးတွေစားချင်နေတာ မေမေအရင်ကချက်တဲ့ ဘာနဲ့ဘာလေဆိုပြီးပြောလိုက်စားလိုက်ဆိုတော့ တစ်ပန်းကန်လောက်ကတော့ အသာလေးကုန်သွားတတ်ပါတယ် ။ တခါတလေလည်း သစ်စဉ်းစားမိတယ် ငါသာအနားမှာရှိခဲ့ရင် မေမေနောက်တပန်းကန်များထပ်ယူမလားပေါ့လေ ။ ဒီလိုအတွေးတွေ စိတ်ထဲရောက်လာရင် ၀မ်းနည်းမှုက ကြီးစိုးလာတတ်တယ် ။

ဒါကြောင့် သစ်ကတနှစ်တခေါက်တော့ ရောက်အောင်အိမ်ပြန်လေ့ရှိတယ် ။ တနှစ်ထက်တနှစ်အရွယ်ကျလာတဲ့ မိဘကိုလည်းပြန်ရောက်တဲ့ရက်လေးမှာ အတတ်နိုင်ဆုံးဂရုစိုက်မိပါတယ် ။ ခုလိုမွေးနေ့တွေဆို မေမေ့ကိုကျေးဇူးတင်ကြောင်း အဝေးကနေကန်တော့မိကြောင်း မပျက်မကွက်ပြောလေ့ရှိတဲ့အကျင့်လေး လုပ်ထားတယ် ။ ကိုယ့်နိုင်ငံမှာနေတုန်းက ဒီလိုလေးတွေမလုပ်ဖြစ်ခဲ့ပါဘူး ။ မွေးနေ့ဆိုပျော်မယ်ပါးမယ် စားမယ်သောက်မယ်လောက်နဲ့ပဲ ကုန်ဆုံးသွားတတ်ခဲ့တာပါ ။ ခုနောက်ပိုင်းကိုယ်လှုနိုင်တန်းနိုင်လာတဲ့အခါမှာတော့ မိဘနာမည်လေးနဲ့လှုတတ်တဲ့အကျင့်လေး ရလာခဲ့ပါတယ် ။ ဘယ်နေရာလှူလှူ အဖေ အမေ နာမည်နဲ့ပဲလှူတတ်တဲ့ သစ်သစ်ကိုသူငယ်ချင်းတွေကတောင် မေးတတ်ကြပါတယ် ။ လက်ရှိအခြေအနေအရ သစ်လုပ်ပေးနိုင်တာဒါလေးပဲ ရှိသေးတယ်လေ ။ မိဘတွေက သစ်အတွက်လုပ်ပေးလာတာ ခုချိန်ထိမရပ်သေးပါဘူး ။ ပူပင်မှုတွေ စိုးရိမ်မှုတွေနဲ့ အချိန်တိုင်းလွှမ်းမိုးနေဆဲပါ ။ မိဘစိုးရိမ်သလိုမဖြစ်ရအောင် အတတ်နိုင်ဆုံးနေထိုင်ရင်း ဒီပို့စ်လေးနဲ့လက်ဆယ်ဖြာမိုးလို့ ရှိခိုးကန်တော့လိုက်ပါတယ် ဖေ နဲ့ မေ .... ။

ဆက်ဖတ်ချင်သေးရင်...

Tuesday, June 1, 2010

ပျော်သလိုနေပါကွယ်

ပျော်အောင်နေနော်

ခုတလော သီချင်းတွေပဲ နားထောင်ဖြစ်လို့ စာမရေးဖြစ်ပဲ သီချင်းပဲတင်နေမိတယ် ။

ဆက်ဖတ်ချင်သေးရင်...

Monday, May 31, 2010

မေ ၃၁

ဒီသီချင်းလည်း သိပ်ကြိုက်တယ်

ဆက်ဖတ်ချင်သေးရင်...

Saturday, May 29, 2010

ပုံတစ်ချို့

ပုံတွေတင်ပြီး ပို့စ်ဖြစ်အောင်လုပ်တယ် ထင်ချင်လည်း ထင်ပါတော့လေ ရန်ကုန်ပြန်တုန်းက ပို့စ်ကိုလက်စသတ်ချင်တာလည်း ပါပါတယ် ။ သစ်သစ်ကင်မရာတစ်လုံးနဲ့ မြင်မြင်ရာလိုက်ရိုက်လို့ အဖေ့ရဲ့အပြောဒဏ်ကို ဆက်တိုက်ခံပြီး ရိုက်ထားတဲ့ပုံတွေဆိုတော့ တင်ပါရစေလို့ပဲ ပြောပါရစေ...ဟိ ။ ပိတ်ရက်လေး၃ရက်ဆိုတော့ အချိန်တွေပိုနေတယ်ဆိုပါတော့ ဒီတော့ရန်ကုန်ပြန်ချင်ဒယ်...... စလုံးမှာအမျိုးမရှိ အဆွေမရှိ တကောင်ကြွက် တမျက်နှာနေလာရတာ ကိုယ့်ဘာသာတောင် သနားလာပြီ (ဇွတ်သနားတာနော်) ။ နောက်လ ရက်၃၀တောင်အလုပ်ဆင်းရမှာ ပျင်းးးးးးးးးးးးဒယ် (ဒါကလည်းတိုးတက်မယ့်လက္ခဏာပဲလေ ...ဟိ ) ။

အိမ်က အပင် (အပင်ပုပုလေးမှာ အသီးတွေကအားကြီးပဲ)

အဖေ ဘာတွေစိုက်မှန်းမသိဘူး (တကယ်မသိတာပါ)

သရက်ပင် ၃ပင်မှာ ဒင်းကအသီးဆုံးပဲ (ဒီတော့ဘလော့ထဲသူပါခွင့်ရတာပေါ့)

ချစ်စရာလေးနော် (ဘာပင်မှန်းမသိလို့ အတင်းလိုက်ချစ်ခိုင်းတာ..ဟိ)

အဲဒီကုလားထိုင်မှာ အဲဒီအရုပ်ကလေးနဲ့ စာအုပ်ဖတ်ရတာက ဇိမ်..

အပင်နာမည်မသိတာခွင့်လွှတ် (အဖေ့အချစ်ဆုံးတွေလေ)

ဒါတော့သိတယ် ငါ့ကိုနမ်းပါ အပင်

ဒါက ၈မိုင်လမ်းဆုံ

န၀ဒေးရုပ်ရှင်ရုံ

ဆီအိုးနားဆိုပဲ

ထရိတ်ဒါးရောက်တော့မယ်လေကွယ်

မြန်မာ့အသံတ၀က်ပဲရိုက်ရတယ်


ညနေခင်း ကန်ဘောင်



အောင်မင်္ဂလာအဝေးပြေး ကျောက်ခင်းလမ်း (ဖွင့်တာကြာပြီ ခုထိလမ်းခင်းတုန်း)


ဒါက ငကြောင်သစ်သစ်လေ (ဘောနပ်စ်).....ဟိ

ဆက်ဖတ်ချင်သေးရင်...

Thursday, May 27, 2010

စားဖြစ်နေတာက...

ဒီအပတ် ရုံးက ၄ရက်ပဲတက်ရတယ်ဆိုတော့ စားတဲ့အစားအစာမထပ်ဘူးလို့ ပြောရမယ် ။ ခုတလော အစားအသောက်တွေကိုစားရင် ပါးစပ်မှာတခုခုလိုနေသလို အဆင်မပြေဘူး ဖြစ်နေတယ် စားပြီးရင်လည်း ကျေနပ်မှုဆိုတာမရှိပဲ လျှာဘာဖြစ်နေလဲကို မသိဘူး ။ ပြီးတော့ သွေးတိုးမှာခပ်ကြောက်ကြောက် နဲ့ပဲ ကောင်းမယ်ထင်တာလေးတွေ လိုက်စားပြီး ကိုယ့်ကိုယ်ကိုပြုစုသော်ငြားလည်း အဆင်မပြေခဲ့ပါ ။ ဒီအပတ် စားဖြစ်တာလေးတွေ ပါးစပ်မှာအရသာမကောင်းပေမယ့် ဖုန်းလေးနဲ့တော့ မှတ်တမ်းတင်ဖြစ်တယ် ။ ဒီတော့ အမှတ်တရပို့စ်ဖြစ်သွားတာပေါ့နော့...။


မြေအိုးမြီးရှည် (စီးတီးဟောသွားပြီးကို တခုတ်တရသွားစားတာပါ သို့သော်လည်း.....)



အသားတွေမစားချင်တော့ အာလူးနဲ့ခရမ်းသီး ပဲလေးနဲ့ ကုလားလိုဆိုတော့လည်း နိုး ပါပဲ

မရိုးနိုင်တဲ့ ကြက်ဆီထမင်းနာမည်ကြီးတဲ့ဆိုင်ကို ၁၀မိနစ်လောက်လမ်းလျှောက်သွားစားတာ ဒါလဲ....


ကဲ သွေးတက်ချင်လည်းတက်တော့ အမဲအူကြမ်းစွပ်ပြုတ်တဲ့ (တခုခုလိုနေသလိုပဲ)


ဒီနေ့တော့ ရှမ်းထမင်းချဉ်စားမယ်ကွာ ဗိုက်သာပြည့်သွားတယ်.....း(


စလုံးသားတွေအတွက် မရိုးနိုင်တဲ့ ယောင်တို့ဖူး ကိုယ်လည်းလိုက်ယောင်မယ်ကွာ...မထူးးးး


ကဲ..ဘာစားရင်ကောင်းမလဲ ကိုယ်တိုင်ချက်ဖို့ကတော့ ဝေးးးးးစွ စိတ်ကိုမပါဘူး ဖြစ်နေတယ် ...ဂယ်

ဆက်ဖတ်ချင်သေးရင်...

နှုတ်မဆက်ချင်ဘူး

ဒီနေ့ သစ်သစ်နည်းနည်းလေးအားတော့ သီချင်းလေးတွေလိုက်နားထောင်ဖြစ်ပါတယ် ။ အဆိုတော် ရဲလေးရဲ့အခွေသစ်ကို ဘားမိစ်ကလပ်စစ်မှာ နားထောင်ဖြစ်တော့ ဒီသီချင်းလေးကိုသစ်သစ်ကြိုက်လို့ သစ်သစ်ဘလော့လေးက သီချင်းဆိုတဲ့နေရာလေးမှာ စုစည်းလိုက်မိပါတယ် ။


ဆက်ဖတ်ချင်သေးရင်...

Monday, May 24, 2010

ငယ်သူငယ်ချင်း

၁၉၉၄ ခုနှစ် ဇွန်လ ၁ရက်နေ့ မိုးတွေရွာနေတဲ့ နံနက်ခင်းလေးတစ်ခုမှာ အထက (၁) အင်းစိန် မေခဆောင်ထဲမှာတော့ ကျောင်းသားတွေနဲ့မိဘတွေ ပွက်လောရိုက်လို့နေပါတယ် ။ ကျွန်မသမီးလေးကတော့ ဒီအတန်းမှာသူ့သူငယ်ချင်း ဘယ်သူနဲ့ထိုင်မယ် နေရာဦးထားနော် ပြတင်းပေါက်နားရွေးမလား ကျောက်သင်ပုန်းမြင်ရအောင် အလယ်ခုံယူလေ သမီးသူငယ်ချင်း ဘယ်သူနားထိုင်မယ်နဲ့ ဆူညံနေခဲ့ပါတယ် ။


နွေကျောင်းပိတ်ရက်မှာ မျက်စိခွဲထားတဲ့ သစ်သစ်ကတော့ ၅တန်းတုန်းကအတန်းဖော်တွေနဲ့ကွဲပြီး မျက်စိလည်စွာ ၆တန်း အေတန်းရောက်လာတော့ အဖော်မဲ့နေခဲ့တာ မဆန်းပါဘူးလေ ။ နေရာလိုက်ဦးပေးတဲ့ သစ်သစ်အမကလည်း အတန်းပိုင်ဆရာမလာတော့မှ အလယ်ရိုးလ်ရဲ့ အတန်းတစ်တန်းမှာ နေရာတောင်းရန် ညီအမ၂ယောက် အတန်းပြင်မှာရပ်နေကြပါတယ် ။ အခန်းဝကနေ ကိုယ်တက်ရမယ့် အတန်းကိုကြည့်ရင်း ပထမဆုံးသတိထားမိတာကတော့ အလယ်ရိုးလ်ရှေ့ဆုံးတန်းမှာ ပါဝါအထူကြီးတပ်လို့ ယောက်ျားလေးပုံစံနဲ့ တယောက်တည်း ငြိမ်သက်စွာထိုင်နေတဲ့ ခပ်တည်တည်ကောင်မလေး တစ်ယောက်ပါပဲ ။

ဆရာမလာတော့ သစ်သစ်ကိုမျက်စိအခြေအနေကြောင့် အဲ့ကောင်မလေးဘေးမှာ နေရာပေးခဲ့ပါတယ် ။ အဲ့သူငယ်ချင်းက နောင်နှစ်တွေမှာခင်မင်ဖွယ်ကောင်းပြီး သံယောဇဉ်တွေမပြတ်ပဲ ခုစလုံးမှာပြန်တွေ့ရလိမ့်မယ်လို့ လုံးဝထင်မထားခဲ့တဲ့သူပဲ ဖြစ်ပါတယ် ။ ကျောင်းတက်ခေါင်းလောင်းသံ ထိုးခါနီးမှာ စကပ်ရှည်ရှည် အကျီပွပွနဲ့ဝင်လာတဲ့သူကတော့ ယနေ့စလုံးမှာ ဘလော့လေးတစ်ခုတည်ဆောက်ထားပြီး အလုပ်ကိုရပ်ကာ ကျောင်းတက်နေတဲ့ ဘလော်ဂါတစ်ယောက်ဖြစ်လာမယ့် ရန်ကုန်မှာရပ်ကွက်တူ သူငယ်ချင်းတစ်ယောက်ဖြစ်ပါတယ် ။

ဒီလိုအသွင်မတူတဲ့သူ၃ယောက်ဟာ သမိုင်းသင်ရင်လည်း ကျလိ ကျလိ အင်္ဂလိပ်စာသင်လည်း ပြုံးစိစိ စာဆိုခိုင်းရင်တော့ ၃ယောက်ပေါင်းမှ နောက်ကအတန်းတောင်မကြားနိုင်တဲ့ အသံနဲ့ ၆တန်းတနှစ်လုံး မြုံစိစိဖြတ်သန်းလာခဲ့တာ ၁၀တန်းရောက်တဲ့အထိပါပဲ ။ ငယ်စဉ်အရွယ်ဆိုတော့ အပြင်သွားတာလည်းမရှိသလို ကျောင်းတက် မုန့်စားဆင်း ကျောင်းပြန်ဒါနဲ့ပဲ ဖြတ်သန်းလာခဲ့တာ နောင်နှစ်အတန်းတွေတက်တော့ အေတန်းခြင်းတူပေမယ့် အဆင့်အလိုက်နေရာချထားတော့ ထိုင်ခုံနေရာတွေကွဲခဲ့ကြပါတယ် ။ နောက်ဆုံး၁၀တန်းဆိုတဲ့ အချိန်ရောက်တော့ ယောက်ျားလေးဆန်တဲ့သူငယ်ချင်းက အပြင်ကဖြေလို့ ကျောင်းလာမတက်ကတည်းက အဆက်ပြတ်သွားလိုက်တာ ပြီးခဲ့တဲ့လကမှ အဆက်အသွယ်ပြန်ရခဲ့ပါတယ် ။

ငယ်စဉ်ကတော့ ငါကကြီးလာရင် ဘာလုပ်မယ်လို့ ကြိုတင်တိုင်ပင်ထားခြင်းမရှိပေမယ့် အံ့သြစွာပဲ ၃ယောက်လုံး အင်ဂျင်နီယာဆိုတဲ့ ကျယ်ပြန့်တဲ့နယ်ပယ်တစ်ခုမှာ တူညီစွာကူးခပ်နေကြပါတယ် ။ ၃ယောက်အတူမဆုံနိုင်သေးပေမယ့် ပြီးခဲ့တဲ့သောကြာညလေးမှာတော့ သစ်တို့၂ယောက်အတူ ဆုံနိုင်ခဲ့ပြီး ငယ်စဉ်ကဆရာ ဆရာမတွေ အကြောင်း အထက သူငယ်ချင်းတွေအကြောင်းပြောရင်း ပြန်ဆုံဖြစ်ခဲ့ကြပါတယ် ။ ပြန်လာတော့ ကားစီးရင်း သစ်သစ်စဉ်းစားမိတာကတော့ ရည်ရွယ်ချက်တွေကိုယ်စီနဲ့ ငါတို့သူငယ်ချင်းတွေ ဒီအရွယ်မှာ အနာဂတ်ကိုပုံဖော်ရင်း ချီတက်နေသလို ဟိုးကလေးဘ၀တုန်းက အပူအပင်မရှိပျော်ခဲ့ကြတာကိုလည်း သတိရရင်း နောင် ၁၀နှစ်ကြာရင်ရော ဘယ်လိုအတွေးတွေ အောင်မြင်မှူတွေနဲ့ ရှင်သန်နေကြဦးမလဲ ကြိုတင်ပုံဖော်နေမိခဲ့တယ် ။

ဆက်ဖတ်ချင်သေးရင်...