Monday, June 14, 2010

ရောက်လာပြန်ပေါ့

သစ်သစ် စာမရေးတာလည်း ကြာပါပြီ စိတ်ထွက်ပေါက်တွေမရှိတဲ့အခါ စာတွေအဖြစ်ချရေးတတ်တဲ့ သစ်သစ်အကြောင်းကိုလည်း သိပြီးသလောက်ဖြစ်ရောပေါ့ ။ ဒီအပတ်တွေ သစ်သစ်စာရေးချင်စိတ်မရှိသလို လာဖတ်နေကျသူတွေကိုလည်း အားနာတာနဲ့ဘလော့လေး ခဏပိတ်ထားလိုက်မိပါတယ် ။ လာရောက်လည်ပတ်တဲ့သူတွေ အဆင်မပြေဖြစ်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်နော် ။ ဒီနေ့ သစ်ရေးချင်တာကတော့ ၂စီးရီးနောက်ဆုံးဖြစ်တဲ့ သစ်မွေးနေ့လေး အကြောင်းပါပဲ မွေးနေ့ဆိုတာ နှစ်တိုင်းကျရောက်နေမှာဆိုတော့ အထူးအဆန်းမဟုတ်ဘူးလို့ သစ်ကိုယ်တိုင်အစကယူဆထားပေမယ့် နောက်ပိုင်းတွေမှာ တနှစ်တကြိမ်အသက်ကြီးလာတာကို သုံးသပ်ဖို့အချက်ပေးသလို မွေးမိခင်ရဲ့သေမင်းနဲ့စစ်ခင်းခဲ့တဲ့ရက်လေးအဖြစ် အမေ့ကျေးဇူးကို ပြန်လည်အောက်မေ့မိတဲ့ ရက်လေးတစ်ရက်အဖြစ် တန်ဖိုးထားတတ်လာပါတယ် ။

ဟိုးးးး လွန်ခဲ့တဲ့ ၂၉နှစ်လောက်က တခုသောညနေခင်း ၅နာရီခွဲလောက်အချိန်မှာ မေမေဟာ သစ်ကိုမွေးဖွားခဲ့ပါတယ် ။ ဒီအချိန်ကစလို့ အသက်ကြီးမှမွေးတဲ့သမီးလေးအဖြစ် သိပ်ဂရုစိုက်ပြီး ဖြစ်ချင်တာလေးတွေအတွက် မေမေ့ဆန္ဒကိုဖြည့်ဆည်းပေးမယ့် သမီးအဖြစ်လည်း မျှော်လင့်ချက်တွေအများကြီးထားခဲ့ဘူးတာပေါ့။ ကျန်တဲ့မောင်နှမတွေကလည်း သူတို့အိမ်ကလေးသေးသေးလေး ရောက်လာလို့ ဆော့စရာသက်ရှိအရုပ်လေးဆိုပြီး ပျော်နေကြသလို ဖေဖေကလည်း သူနောက်တန်းရောက်တုန်းမွေးတဲ့ သမီးလေးဆိုပြီး ကြံဖန်အချစ်ပိုခဲ့ကြပါတယ် ။ တကယ်တော့ သစ်သစ်ဖြတ်သန်းခဲ့တဲ့ ၂၉နှစ်တာလုံးဟာ ရိုးရိုးသာမာန်လိုပဲ ဘာမှအလှည့်အပြောင်းမများခဲ့ပါဘူး ။ ငယ်စဉ်ဆယ်ကျော်သက်အရွယ်က မိဘတားမြစ်ခဲ့တာတွေကို ခုနေပြန်စဉ်းစားတော့ ဘာမှမဟုတ်ပဲ အဲ့အချိန်တုန်းကတော့ လူ့အခွင့်အရေးပဲဆုံးရှုံးသလိုမျိုး နင့်နင့်နဲနဲခံစားတတ်ခဲ့တာကို ပြန်သုံးသပ်မိပါတယ် ။ မိဘရဲ့စေတနာ မေတ္တာတွေကို ပိုပြီးသိမြင်လာသလို အတွေးအခေါ် အယူအဆတွေလည်း ပြောင်းလဲလာခဲ့တာ သစ်သစ်မငြင်းနိုင်ပါဘူး ။

မိဘလောင်းရိပ်အောက်မှာ အပူအပင်ကင်းကင်း နေထိုင်ပြီးပညာသင်ခဲ့ရတာကိုလည်း ပြန်လည်သတိရမိသလို ငါ့အလှည့်ကျရင်ရော ဒီလိုလုပ်ပေးနိုင်ပါ့မလားဆိုတဲ့အတွေးမျိုးလေး တပိုင်းတစ၀င်လာတတ်ပါပြီ ။ ခုနေပဲကြည့်လေ သစ်သစ်မိဘကိုစိတ်ပူတယ်ဆိုတာ ပါးစပ်ဖျားလေးမှာပဲ လေထဲမှာပဲ ပြောနေသလိုဖြစ်နေတော့ ကိုယ့်ပူပင်မှုတွေက အရာမရောက်သလိုဖြစ်နေတယ်လို့ ခံစားမိတယ်။ အချိန်တိုင်းသတိရသလို အနားမှာပဲ မိဘတွေအသက်ကြီးချိန်မှာ ပြုစုချင်ပေမယ့် အခြေအနေအချိန်အခါတွေ မပေးတဲ့အခါ အဝေးကပဲနှုတ်အားဖြင့် စောင့်ရှောက်နေရတဲ့ဘ၀ကို တခါတလေသစ်သစ်တော်တော်လေးစိတ်ပျက်မိပါတယ် ။ စိတ်ကိုပိုင်းဖြတ်လို့ ပြန်လာတော့မယ်ပြောတိုင်း သားသမီးရဲ့ရှေ့ရေးကို တွက်ဆလို့ နေပါရတယ် အဆင်ပြေတယ် သမီးလုပ်ချင်တာ ဖြစ်ချင်တာကို ဖြစ်မြောက်အောင် အောင်မြင်အောင်လုပ်နော်ဆိုပြီး သူတို့ရဲ့ဆန္ဒကိုမြိုသိပ်ပြီး ကိုယ့်ကိုတဖန်ပြန်လည်အားပေးနေတာကိုက သနားစရာကောင်းလှပါပြီ ။ ပိတ်ရက်တွေ ကြားရက်တွေ သစ်သစ်ဖုန်းဆက်လွန်းတော့ အိမ်ကဘာလို့ဆက်တာလဲလို့ မေးနေပေမယ့် အဖေ အမေ သစ်သစ်အသံကိုကြားရင် အနည်းငယ်တော့ဝေဒနာတွေ သက်သာသွားတာ သစ်သစ်သိတာပေါ့ ရိပ်မိတာပေါ့ ဒါကြောင့် ဖုန်းအလကားရလို့ဆက်တာပါ မိနစ်လေးတွေကျန်နေလို့လေ ဟိုသတင်းရောကြားပြီးပြီလား အဖေ ကမ္ဘာ့ဖလားကတော့ ဘယ်လို စသဖြင့်ရောက်တတ်ရာရာ လျှောက်ပြောတော့လည်း ကိုယ့်ဘက်ကကြည့်ရင်ဘာမှမဟုတ်ပေမယ့် မိဘတွေဘက်ကနေကြည့်တော့ အနည်းငယ်ကျေနပ်နှစ်သိမ့်မှု ရတတ်ကြလေတယ် ။

ခုဆိုရင် သစ်မေမေက အစပ်လုံးဝစားလို့မရဘူးဆိုတာကို ဆရာဝန်ကသတ်မှတ်လိုက်တော့ သူကအဲဒါကိုစိတ်ဓါတ်ကျနေတယ် လူဆိုတာက မစားရဘူးဆိုမှ စားချင်တာသဘာဝလေ တောင့်တနေတာကလည်း သဘာဝပဲပေါ့ ဖုန်းဆက်တိုင်း ၀မ်းပန်းတနည်းပြောတတ်တာက သူအစပ်မစားရတော့တဲ့အကြောင်းတွေပဲပေါ့ ။ အဲဒါကိုမစားနဲ့လေ ဆရာဝန်ကပြောထားတာကိုလို့ ပြောလိုက်ရင်ဝမ်းနည်းမှာသေချာသလောက်ပဲဆိုတော့ ဟုတ်လားအမေ သမီးတောင်ခုတလော ဗိုက်အောင့်တတ်လို့ အစပ်ကိုဖြတ်လိုက်တာကြာပေါ့ မေမေကတောင်နှစ်တွေအကြာကြီးစားခဲ့ရသေးတယ် သမီးဆိုခုကတည်းက ရှောင်ရတာ မေမေကံကောင်းလိုက်တာလို့ ကြံဖန်ချီးမွမ်းရတတ်တယ် ။ ဒီလိုလေးတွေပြောတော့ သူတို့လည်းစိတ်ကျေနပ်စေတယ်လို့ ထင်တယ်လေ ။ သစ်သစ်ခုတလောဖုန်းဆက်ရင် မေမေထမင်းစားချိန်ကို မှန်းဆက်တတ်တယ် သူကအချိုတွေချက်ရင်မစားချင်ဘူးလေ အန်ချင်လာပြီဆိုပြီး သစ်အမကို ဂျီကျတတ်တယ် သစ်သစ်ကမသိသလိုနဲ့ အမေဘာဟင်းနဲ့စားတုန်းဆိုတော့ ကလေးဆိုးလိုပြောတတ်တယ်လေ အဲ့အချိန်ဆို သစ်သစ်က ဟယ်...စားချင်လိုက်တာ သမီးကအဲ့ဒီအချိုလေးတွေစားချင်နေတာ မေမေအရင်ကချက်တဲ့ ဘာနဲ့ဘာလေဆိုပြီးပြောလိုက်စားလိုက်ဆိုတော့ တစ်ပန်းကန်လောက်ကတော့ အသာလေးကုန်သွားတတ်ပါတယ် ။ တခါတလေလည်း သစ်စဉ်းစားမိတယ် ငါသာအနားမှာရှိခဲ့ရင် မေမေနောက်တပန်းကန်များထပ်ယူမလားပေါ့လေ ။ ဒီလိုအတွေးတွေ စိတ်ထဲရောက်လာရင် ၀မ်းနည်းမှုက ကြီးစိုးလာတတ်တယ် ။

ဒါကြောင့် သစ်ကတနှစ်တခေါက်တော့ ရောက်အောင်အိမ်ပြန်လေ့ရှိတယ် ။ တနှစ်ထက်တနှစ်အရွယ်ကျလာတဲ့ မိဘကိုလည်းပြန်ရောက်တဲ့ရက်လေးမှာ အတတ်နိုင်ဆုံးဂရုစိုက်မိပါတယ် ။ ခုလိုမွေးနေ့တွေဆို မေမေ့ကိုကျေးဇူးတင်ကြောင်း အဝေးကနေကန်တော့မိကြောင်း မပျက်မကွက်ပြောလေ့ရှိတဲ့အကျင့်လေး လုပ်ထားတယ် ။ ကိုယ့်နိုင်ငံမှာနေတုန်းက ဒီလိုလေးတွေမလုပ်ဖြစ်ခဲ့ပါဘူး ။ မွေးနေ့ဆိုပျော်မယ်ပါးမယ် စားမယ်သောက်မယ်လောက်နဲ့ပဲ ကုန်ဆုံးသွားတတ်ခဲ့တာပါ ။ ခုနောက်ပိုင်းကိုယ်လှုနိုင်တန်းနိုင်လာတဲ့အခါမှာတော့ မိဘနာမည်လေးနဲ့လှုတတ်တဲ့အကျင့်လေး ရလာခဲ့ပါတယ် ။ ဘယ်နေရာလှူလှူ အဖေ အမေ နာမည်နဲ့ပဲလှူတတ်တဲ့ သစ်သစ်ကိုသူငယ်ချင်းတွေကတောင် မေးတတ်ကြပါတယ် ။ လက်ရှိအခြေအနေအရ သစ်လုပ်ပေးနိုင်တာဒါလေးပဲ ရှိသေးတယ်လေ ။ မိဘတွေက သစ်အတွက်လုပ်ပေးလာတာ ခုချိန်ထိမရပ်သေးပါဘူး ။ ပူပင်မှုတွေ စိုးရိမ်မှုတွေနဲ့ အချိန်တိုင်းလွှမ်းမိုးနေဆဲပါ ။ မိဘစိုးရိမ်သလိုမဖြစ်ရအောင် အတတ်နိုင်ဆုံးနေထိုင်ရင်း ဒီပို့စ်လေးနဲ့လက်ဆယ်ဖြာမိုးလို့ ရှိခိုးကန်တော့လိုက်ပါတယ် ဖေ နဲ့ မေ .... ။

9 comments:

  1. HAppy Birthday thit

    မွေးနေ့အကြိုဆုတောင်းပေးသွားတာ
    သစ်သစ်ဆန္ဒရှိတဲ့အတိုင်း မိဘကိုကျေးဇူးဆပ်နိုင်သောသူ ဖြစ်ပါစေ
    စိတ်ကူးတွေလည်း အမြန်ဆုံးအကောင်အထည်ဖော်နိုင်ပါစေ

    ReplyDelete
  2. သစ်ရေ
    ပျော်ရွှင်စရာ မွေးနေ့ ပါ
    ကျန်းမာပျော်ရွှင် အသက်ရှည်ရှည်နဲ့  မိဘကို ပြုစုလုပ်ကျွေးနိုင်သော သမီးအလိမ်မာလေး ဖြစ်ပါစေ
    ချစ်သောသူနဲ့ လည်း အနှောက်အယှက် အပူအပင်မရှိ လက်တွဲနိုင်ပါစေ
    ပညာတွေလည်း ထပ်မံဆည်းပူးနိုင်ပြီး အချိန်တွေကို အကျိုးရှိစွာ အသုံးချနိုင်ပါစေ
    ဒိထက်မက အလှတွေတိုးလို့  ချစ်သူခင်သူ ပေါများပါစေ
    လှူနိုင်တန်းနိုင်ပြီး ကုသိုလ်တွေလည်းယူတတ်ပါစေ
    သစ် တောင့်တတာ မှန်သမျှ ပြီးပြည့်စုံနိုင်ပါစေလို့  မွေးနေ့ မှာ သစ်အတွက် ဆုတောင်းပေးလိုက်ပါတယ်

    ReplyDelete
  3. သမီးအလိမ္မာလေးအစစ်ပါလား အပေါ်ကတစ်ယောက်လိုတော့သမီးအလိမ်တုံးလေးမဟုတ်ဘူး။

    ReplyDelete
  4. လိမ္မာလိုက်တဲ့ သစ်ကလေး
    မိဘစိတ်ချမ်းသာအောင် တွေးတတ်လိုက်တာ

    Happy Birthday, Thit!
    May all your wishes/dreams come true!

    with love,
    nomo

    ReplyDelete
  5. မမသစ်

    မိဘကျေးဇူးသိတတ်တာကောင်းတဲ့ အလေ့အထလေးပါ။ ညီမလဲ ဒီရောက်မှ မမလိုပဲ။

    မမရေ ဟက်ပီး ဘတ်ဒေးနော်...

    ဘယ်နေ့လဲမသိဘူး။ နောက်ကျနေပြီလားဟင်...

    ReplyDelete
  6. တခါပြန်ကြည်.်လို.ရတဲ.အတွက် thanks...ဘ၀မှာ ၀င်လို.မရတဲ.တံခါးတွေတွေ.ယင်ဝမ်းအနည်ဲးဆုံး တကယ်

    ReplyDelete
  7. ပျော်ရွှင်စရာမွေးနေ့ပါမမသစ်
    ထော

    ReplyDelete
  8. happy birthday သစ်
    သမီး အလိမ္မာလေး.. ဖတ်ပြီး မျက်ရည်ဝဲသွားတယ်၊

    တို့ကတော့ အဖွားကို အဲ့လို ထမင်းညာစားခိုင်းရတယ်

    ReplyDelete
  9. Happy Birthday !!!!!!!!!

    ReplyDelete