Friday, March 30, 2012
တို့ဆုံတွေ့ဖို့ရှိတယ်
Tuesday, March 27, 2012
ရင်ခုန်နှစ်သစ်
ဒီလကုန်ရင်ဖြင့် သစ်သစ်တစ်ယောက် အမိမြန်မာပြည်ကို ခဏတာပြန်ပါဦးမယ် ။ ၅နှစ်တာဝေးကွာခဲ့သော မြန်မာ့နှစ်ကူးအတာသင်္ကြန်ပွဲတော်ကို ဆင်နွဲရင်းဘ၀ရဲ့အမောတွေ ပြေပျောက်စေဖို့ မိဘရင်ခွင်မှာခဏတာ ပြန်လည်မှေးစက်ခိုဝင်လိုက်ပါဦးမယ် ။ သင်္ကြန်ရေနဲ့မထိတွေ့ခဲ့လို့များ အမြဲနေမကောင်းဖြစ်နေသလားလို့တောင် သံသယဖြစ်မိပါတယ်.. (အကြောင်းရှာနေတာ..အဟိ) ။ သင်္ကြန်ကာလဟာ မွေးရပ်မြေမှာနေထိုင်စဉ်ကတောင် နှစ်စဉ်ရင်ခုန်သံတွေမြန်ဆန်နေခဲ့တာ ခုလိုရေခြားမြေခြားရောက်ချိန် သင်္ကြန်ကျနေပြီလို့ အသံကြားလိုက်ရင် လွမ်းမောတသခံစားချက်နဲ့ ငိုချင်သလိုလို ၀မ်းနည်းလာသလိုလို နာမည်ပေးရခက်တဲ့ သံစဉ်တချို့ခိုအောင်းလာတတ်ပါတယ် ။ ဘာပဲဖြစ်ဖြစ် မြန်မာ့ရိုးရာနှစ်သစ်ကူးပွဲတော်မှာ ၅နှစ်မြောက်ပြန်လည်ဆင်နွဲခွင့်ရတော့မယ့် သစ်သစ်တစ်ယောက်ကတော့ ရင်ခုန်သံတွေမြန်နေမယ်ဆိုတာ ဗေဒင်မေးစရာကိုမလိုတော့ပါဘူး ။ တချို့များပြောသလို ဒီသက်ရွယ်နဲ့ရေမပက်ချင်တော့ပါဘူးတို့ သင်္ကြန်မှာဘာလုပ်ရမှန်းကိုမသိလို့ အိမ်ထဲပဲအောင်းတယ်ဆိုတဲ့သူတွေနဲ့ သစ်သစ်ကတော့တခြားစီပါ. သင်္ကြန်ရယ်လို့အသံကြားလိုက်ရင်ဖြင့်ကို ရောက်နေတဲ့ဇရာကိုမေ့ပြီး စိတ်လတ်အစဉ်နုပျိုလန်းဆန်းလာပါတယ် ။ သစ်သစ်အတွက်ကတော့ သင်္ကြန်ဟာသေသည့်တိုင်ရင်ခုန်နေဦးမယ့် မြန်မာ့ပွဲတော်တခုဖြစ်နေဦးမှာ သေချာပါတယ်။
သင်္ကြန်မတိုင်ခင် မိဘဆွေမျိုးစုံလင်စွာဖြင့် အလှူလေးတခုလုပ်ဖို့ စီစဉ်ထားပါတယ် ။ ဒီ့အတွက်လဲ ၀မ်းသာကျေနပ်မိပါတယ် ။ တချိန်က ဟိုနေရာလှူချင်ဒီနေရာလှူချင်တဲ့သစ်သစ် ခုဆိုရင်ဖြင့် စိတ်ရှိတိုင်းကိုယ့်ချွေးနဲစာလေးနဲ့ လှူဒါန်းခွင့်ရလာလို့ ပိုပြီးပီတိဖြစ်မိပါတယ် ။ အလှူပြုရခြင်းနောက်ရည်ရွယ်ချက်တခုကတော့ဖြင့် ရေမြေတခုတည်းမှာ အခြေချနေခြင်းမတူတဲ့ သစ်သစ်ရဲ့မောင်နှမတွေ မိသားစုဝင်တွေ မိဘနဲ့ပြန်လည်တွေ့ဆုံပြီး အမှတ်ရစေချင်တဲ့ ရည်ရွယ်ချက်လည်းပါခဲ့ပါတယ် ။ အသက်အရွယ်ကြီးနေပြီဖြစ်တဲ့ သစ်သစ်မိဘတွေ သူတို့သားသမီးအစုံအလင် အိမ်ကိုပြန်လာကြမှာဆိုတော့ သူတို့လည်းသစ်သစ်နည်းတူ စိတ်လှုပ်ရှားပျော်ရွှင်နေကြပါတယ် ။ မြေးတစ်ဦးချင်းစီရဲ့အကြိုက် သားသမီးတစ်ဦးချင်းစီရဲ့အကြိုက် တွေကိုကြိုတင်စီစဉ်ရင်း ပြန်လာမယ့်နေ့ကိုမျှော်နေကြပါတယ် ။ ပြန်လာတဲ့မောင်နှမတွေထဲမှာ သစ်သစ်ကနောက်ဆုံးဖြစ်ပါတယ် ။ ဒီတော့ သစ်သစ်ကိုမောင်နှမတွေအကုန် လာကြိုကြမယ်ဆိုလို့ ၅နှစ်အတွင်း ခြောက်ကြိမ်မြောက်ရန်ကုန်ပြန်ခြင်းမှာ အမှတ်ရစရာတခုလည်း ဖြစ်လာတော့မှာပါ။
နေ့စဉ်နေ့တိုင်းဝမ်းရေးအတွက် လှုပ်ရှားရင်းဘ၀တိုးတက်မှူရှာဖွေနေစဉ်မှာ ကိုယ့်ဘ၀ရှေ့ရေးတွက် ချစ်သောမောင်နှမ မိဘများကိုခွဲခွာနေရတဲ့ အကျည်းတန်ခံစားချက်က လူကိုအလဲလဲအပြိုပြိုဖြစ်အောင် နှိပ်စက်လေ့ရှိပါတယ် ။ တခါတရံများ မိဘများနေမကောင်းတဲ့အသံကြားတဲ့ခါ ရင်ခွင်တခုလုံးဆုပ်ခြေထားသလို ခံစားရပြီး မကျေနပ်ခြင်းများစွာနဲ့ ခေါင်းကိုမော့ကာ ကျဆင်းလာတဲ့မျက်ရည်တွေ သုတ်ပစ်ရတာကလည်း အကြိမ်ကြိမ်ပါပဲ ။ ဝေးကွာတဲ့ခံစားချက်က အဝေးမှာရောက်လေလေ ပိုပြီးသိသာထင်ရှားလာလေလို့ ပြောမယ်ဆိုလည်း မှားမယ်လို့ သစ်သစ်ကတော့မထင်ပါဘူး ။ ငါကပဲသတိရနေရတာ သူကတော့သတိမရဘူးလို့လဲ မထင်ပါဘူး ။ မေတ္တာရဲ့သဘောတရားကိုက အပြန်အလှန်စီးဆင်းနေတဲ့သဘောလို့ သစ်သစ်ကယုံကြည်ပါတယ် ။ ကိုယ်သတိရနေရင် သူလည်းပဲသတိရနေမယ်ဆိုတာ သေချာပေါက်လက်ခံထားပါတယ် ။ ဒီတော့ သစ်သစ်တို့ကိုမွေးထားတဲ့ မိဘတွေ သားသမီးတိုးတက်ရာတိုးတက်ကြောင်းအတွက်သာ ရေခြားမြေခြားကိုသွားခွင့်ပေးထားပေမယ့် သူတို့ရင်ထဲမှာတော့ နေ့စဉ်တမ်းတပြန်လာစေချင်မှာ အမှန်ပါပဲ ။ ကျန်းမာရေးမကောင်းချိန်မှာ ဘာမှမလုပ်ပေးနိုင်ရင်တောင်မှ သားသမီးတွေဘေးမှာဝိုင်းနေတယ်ဆို သူတို့ရောဂါအတော်အတန် သက်သာစေမှာပါပဲလေ ။ ဒါကြောင့် သစ်သစ်မိဘတွေ နေမကောင်းဘူးဆိုရင် သစ်သစ်မှာထိုင်ရမလိုလို ထရမလိုလိုနဲ့ ပူလောင်နေတတ်ပါတယ် ။ ငါဒီကိုထွက်လာခဲ့တာ မှားပြီလား မိဘအပေါ်တာဝန်လစ်ဟင်းနေမိပြီလား စဉ်းစားမိတာလဲအခါခါပါ ။ တနှစ်ကိုအနဲဆုံး၁ကြိမ်လောက်ကတော့ ရောက်အောင်ပြန်လေ့ရှိပါတယ် ။
ဒီတခါပြန်တာကတော့ မောင်နှမများစုံလင်မယ့်အပြင် ရိုးရှင်းတဲ့အလှူလေးတခုလည်းလုပ်ခွင့်ရမယ်ဆိုတော့ သစ်သစ်ပျော်နေမယ်ဆိုတာ မေးစရာတောင်လိုမယ်မထင်ပါဘူး ။ ပြန်ရမယ့်ရက်တွေနီးလာလေ ရင်ခုန်သံတွေမြန်လာလေပဲပေါ့ ။ ရန်ကုန်ကပြန်လာရင်ဖြင့် သစ်သစ်မှာလုပ်စရာတွေအများကြီးဖြစ်နေပါတယ် ။ ဒါပေမယ့် နောက်ပိုင်းတလတပုဒ်လောက်တော့ရေးနိုင်အောင် ကြိုးစားပါ့မယ် ။ ဘလော့သက်တမ်းကလည်း ၃နှစ်ထဲဝင်လာပြီဆိုတော့ ကိုယ့်ဘလော့လေးကို အသစ်လေးတွေပြုပြင်မွမ်းမံရင်း အတွေးအခေါ်အသစ်လေးတွေနဲ့ ပြန်လည်ဝင်ရောက်လာပါပြီ ။ အားလုံးပဲ ပျော်ရွှင်ဖွယ်ရာ အတာနှစ်ကူးလေးဖြစ်ပါစေလို့ သစ်သစ်ဆုတောင်းပေးလိုက်ပါတယ် ။
Tuesday, December 13, 2011
ဇွဲကပင်တောင်နဲ့အမှတ်တရ
ဒီလိုလှပတဲ့လလေးမှာ ငယ်စဉ်ကဖြတ်သန်းခဲ့ပုံတစ်ချို့ကို ပြောပြချင်ပါတယ် ။ သစ်သစ်တို့အိမ်မှာက မေမေကခရစ်ယာန်ဆိုတော့ ဒီလလေးရောက်ပြီဆို အလှူအတန်းလုပ်လေ့ရှိတယ်ဆိုပါတော့ ။ ဒါဆိုသစ်သစ်တို့မောင်နှမတစ်တွေ မေမေရဲ့ဇာတိမြေကို ပြန်နေကြဆိုရင်လည်း မမှားပါဘူး ။ ဇွဲကပင်မြေလို့ခေါ်တွင်တဲ့ ကရင်ပြည်နယ်ဟာ သစ်တို့မောင်နှမတွေအတွက် မစိမ်းသက်သလို တစ်ယောက်တည်းလဲ နယ်မြေမအေးချမ်းစဉ်ကပင် သွားလေ့ရှိပါတယ် ။ သံလွင်မြစ်ကူးတံတားကြီးမရှိတုန်းကဆို ဇာက်တွေနဲ့နေ့ညအိပ်စောင့်ပြီး မြိုင်ကလေးကနေ ခက်ခက်ခဲခဲသွားရစဉ်တုန်းကတောင် ၂လတစ်ခေါက်လောက်သွားဖြစ်ခဲ့တဲ့မြို့လို့လည်း ပြောလို့ရပါတယ် ။ အရင်ကဆို သစ်တို့မိသားစုက အမှတ်လေးရပ်ကွက်မှာနေခဲ့ကြပေမယ့် ခုဆိုအမှတ်၂ရပ်ကွက်ကို ပြောင်းလာခဲ့တာ သစ်တူမလေးတစ်သက်ပဲ ကြာခဲ့ပါပြီ ။
သစ်ဒီနေ့ပြောချင်တာကတော့ ဘားအံမြို့ ပြည်ထောင်စုအပိုင်း အမှတ်၎ရပ်ကွက်မှာ နေခဲ့စဉ်တုန်းက တခုသောဒီဇင်ဘာလအကြောင်းပါ ။ ဘားအံရောက်ပြီဆိုတာနဲ့ ညနေဘက်ရွှေယဉ်မျှော်ဘုရားထိပ်ကနေ သံလွင်မြစ်ထဲကြည့်ရတဲ့အရသာက ဘာနဲ့မှမလဲနိုင်ပါဘူး ။ အမြဲတမ်းလည်းသွားသလို ဘယ်တော့မှလည်းမရိုးခဲ့ပါဘူး ။ ဘားအံမြို့မဈေးက သစ်သစ်ထိုင်းပစ္စည်းတွေမွှေနေကျနေရာဖြစ်သလို နာရီစင်ဘက်ဆိုတာလည်း မနက်တိုင်းလမ်းလျှောက်ဖြစ်တဲ့နေရာတွေပါပဲ ။ ကရင်ပြည်နယ်အကြောင်းပြောရင်ဖြင့် ကန်သာယာကလည်းမပါမဖြစ်တစ်ခုပါပဲ ။ ကန်သာယာကတံတားလေးမှာ ဇွဲကပင်တောင်နောက်ခံနဲ့ ရိုက်ရတဲ့ဓါတ်ပုံဟာဆိုရင်ဖြင့် တကယ်ကိုဆွဲဆောင်တဲ့ရှူခင်းလေးပါပဲ ။ ဒီတော့ ကရင်ပြည်နယ်ရဲ့အထင်ကရ ဇွဲကပင်တောင်ရဲ့အကြောင်းကတော့ မပြောမဖြစ်ဆိုသလို ဖြစ်လာခဲ့ပါတယ် ။ သစ်သစ်ဒီပို့စ်လေးမှာ ဇွဲကပင်တောင်အကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ် ။
ဇွဲကပင်တောင်က ဘားအံမြို့ပေါ်ကနေ တောင်ခြေကိုဆိုင်ကယ်တွေ ကားတွေနဲ့တစ်ဆင့်သွားရပါတယ် ။ ပွဲတော်ရက်မဟုတ်တဲ့အချိန်ဆို နယ်မြေအခြေအနေအရ သိပ်ပြီးလုံခြုံမှူမရှိတဲ့နေရာလို့လဲ ပြောလို့ရပါတယ်။ ဇွဲကပင်တောင်ရဲ့ပွဲတော်ရက်တွေမှာတော့ တောင်ခြေမှာဘုရားဈေးတန်းလိုလုပ်ပြီး ကရင်ရိုးရာလက်ဝှေ့ပွဲ ကရင်အစားအစာ ကရင်ဝတ်စုံလှလှလေးတွေနဲ့ ပွဲဈေးဟာတကယ်ကိုစည်ကားပါတယ် ။ ကရင်မုန့်ဟင်းခါးကလည်း နာမည်ကြီးရိုးရာအစားအသောက်တစ်ခုပါပဲ ။ ဇွဲကပင်တောင်တက်ချင်တဲ့သစ်သစ် အမေကိုတအားပူဆာပါတော့တယ် ။ အမေက သူအပျိုဘ၀ကတက်ဖူးကြောင်း လမ်းကြမ်းကြောင်း အန္တရာယ်များကြောင်း နင်နဲ့ဖြစ်မှာမဟုတ်ကြောင်းအတန်တန်တားပါတယ် ။ ဒါပေမယ့် လူကအရမ်းကိုသွားချင်ပါတယ် ။ လမ်းထိပ်မှာနေတဲ့ အရင်ကလက်ဝှေ့ထိုးတာနာမည်ကြီးတဲ့ ကိုရွှေဓူဝံညီတွေကို သွားပြီးအပူကပ်ပါတယ် ။ အဖော်လိုက်ပေးဖို့ရယ် အမေ့ကိုကူပြောပေးဖို့ရယ်ပေါ့ ။ အမိုး သူတို့မတက်နိုင်ရင် ကျနော်တို့ထမ်းခေါ်ခဲ့မယ်ဆိုတဲ့ ကတိစကားအရ သစ်သစ်တို့ညီအမ၂ယောက် ဇွဲကပင်တောင်တက်ဖို့ပါမစ် ရသွားခဲ့ပါတယ် ။
ညနေကတည်းက ရင်ခုန်စိတ်လှုပ်ရှားခဲ့ပါတယ် ။ ဒီတောင်ကိုတက်ဖို့ လမ်း၂လမ်းရှိပါတယ် ။ ခလောင်းဒိုဘက်ကတက်ရင် လမ်းကပြေပြစ်ပေမယ့် အတော်လေးဝေးပါတယ် ။ နောက်တစ်ဖက်ကတက်ရင် လမ်းကအရမ်းမတ်ပါတယ် ဒါပေမယ့်တက်ရမယ့်အချိန်က တိုတောင်းပါတယ် ။ ဒီတော့ ကလေးပီပီဟန်ချီချီပဲ မတ်စောက်တဲ့လမ်းကိုရွေးပါတယ် ။ စုစုပေါင်းယောက်ျားလေး၃ယောက် သစ်သစ်တို့ညီအမ အပါအ၀င် မိန်းကလေး၅ယောက်ပါ ။ တောင်ခြေကိုဆိုင်ကယ်တွေနဲ့သွားပြီး စတက်ဖို့ဖယောင်းတိုင်တွေ မီးခြစ်တွေဝယ်ပါတယ် ။ ည၉နာရီခွဲတိတိမှာစတက်ဖို့ အားလုံးကညှိထားကြပါတယ် ။ ညဘက်တက်ရတဲ့အကြောင်းက အေးနေတော့သိပ်မပင်ပမ်းအောင်ရယ် ဘေးကချောက်တွေကိုမမြင်တော့ ဒူးတုန်တာတွေမရှိအောင်ရယ်ဆိုပြီး ညဘက်ကိုရွေးချယ်ရခြင်းဖြစ်ပါတယ် ။
စတက်ပါပြီ လမ်းဆိုတာလုံးဝလုံးဝ မရှိပါဘူး ။ ကျိုက်ထီးရိုးလိုထင်ထားတဲ့ သစ်သစ်အဲဒီမှာပဲ ပြသနာစတက်ပါတယ် ။ ပါလာတဲ့အစ်ကိုတွေကလွှားခနဲ လွှားခနဲတက်ပြီး သစ်သစ်တို့မိန်းကလေးတွေကို ဆွဲတင်ပါတယ် ။ ဘေးကအပင်တွေကို ဆွဲပြီးအားပြုတက်ရပါတယ် ။ ကျဉ်းမြောင်းတဲ့လမ်းလို့မှတ်ရတဲ့နေရာလေးတွေရှိခြင်းဟာ နေ့စဉ်အနီးအနားတပ်က စစ်သားတွေဇွဲကပင်တောင်ကို တက်လိုက်ဆင်းလိုက် ထရိန်နင်လုပ်ရပါတယ် ။ ဒါကြောင့် လမ်းရယ်လို့မှန်းပြီးတက်ခဲ့ရတယ်ဆိုပါတော့ ။ ၉နာရီခွဲကတက်လိုက်တာ ည၁၂နာရီမှာ တောင်ရဲ့တစ်ဝက်ဘုန်းကြီးကျောင်းကိုရောက်ပါတယ် ။ အဲဒီတစ်နေရာပဲ အနားယူဖို့နေရာရှိသလို သောက်စရာရေကတော့မရှိပေမယ့် ရေကန်ကြီးတစ်ခုမှာ ပုန်းတွေတင်ထားပြီး လူတွေကတောက်လျှောက်တက်လာရတော့ ပင်ပမ်းပြီးခေါင်းကနေရေလောင်းချတာ တွေ့ခဲ့ရပါတယ် ။ သစ်သစ်ကတော့ အမောဖောက်နေသလိုတောင်ခံစားရပြီး အသက်ကိုပါးစပ်ကနေရှူနေရတော့ သစ်သစ်အမက ရေလောင်းခွင့်မပေးခဲ့ပါဘူး ။ လမ်းခရီးတောက်လျှောက် အတက်ကြီးပဲဆိုတော့ လူကအသက်တောင်ဘယ်ကထွက်မလဲမသိလောက်အောင်ကို ပင်ပမ်းလွန်းပါတယ် ။ သစ်သစ်အမရဲ့သူငယ်ချင်းတွေကတော့ ဒီကနေပဲ လှည့်ပြန်တော့မယ် ဆက်မတက်နိုင်တော့ဘူး အငယ်မပြန်မယ်ဆိုတော့ သစ်သစ်ကနောက်တကြိမ်ဒီတောင်ကိုတက်ဖို့ ထပ်မပင်ပမ်းချင်တော့တာနဲ့ ဆက်တက်မယ့်အစ်ကို၂ယောက်နဲ့လိုက်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ် ။
ဆက်တက်ပါပြီ လေတွေကလည်း တအားတိုက်သလို လူအားလုံးကအတက်ကြီးပဲဆိုတော့ တကိုယ်လုံးအေးစိမ့်ပြီး ကြပ်ညှပ်နေပါတော့တယ် ။ အဲဒီအချိန်မှာပဲ အစ်ကို၂ယောက်နဲ့ သစ်သစ်လူကွဲသွားပါပြီ ။ လူအုပ်ကြီးကတအားများပြီး လမ်းလေး၂ဘက်မှာ မမြင်ရတဲ့ဂျောက်ကမ်းပါးတွေ နဲ့ လူအုပ်ကြီးရဲ့ဝိတ်နဲ့ လူတန်းကြီးက ဟေးးးးးးဆိုပြီး ဘယ်ယိမ်းလိုက် ညာယိမ်းလိုက်နဲ့တကယ်ကို သဲထိပ်ရင်ဖိုပါပဲ ။ လေတွေကတိုက်တော့ ကိုင်လာတဲ့ဖယောင်းတိုင်တွေလည်း အကုန်မီးတွေငြိမ်းပြီး သစ်သစ်ကိုယ်တိုင်တောင် ဘယ်ကြားညှပ်နေမှန်းမသိတော့ပါဘူး ။ လူကလည်းချွေးတွေစီးကျပြီး အရှေ့ကအကျီမပါတဲ့ကျောပြောင်ပြောင်နဲ့ကရင်လူကြီးပုခုံးကို ဘယ်သူမှန်းမသိပဲ အသေဆွဲထားပါတယ် ။ နောက်မှာလည်းကရင်အမကြီးတွေအဖွဲ့ကလည်း တိုးလို့ပေါ့ ။ ဒီလိုနဲ့မနက်၂နာရီမှာ တောင်ထိပ်ကဘုန်းကြီးကျောင်းကို အောင်မြင်စွာရောက်သွားခဲ့ပါတယ် ။ တောင်ကြီးဖ၀ါးအောက်ရောက်သလို အရမ်းပျော်ပါတယ် ။ အရမ်းလေတိုက်တော့ ရင်ထဲမှာကတုန်ကယင်နဲ့ တောင်စောင်းကနေ အောက်ဖက်ကားလမ်းကိုကြည့်တာ ကားမီးထိုးထားတဲ့အတန်းလေးကိုမှန်းကြည့်ပြီး ဆော့စရာကားတွေသွားနေသလိုကို သေးလွန်းလှပါတယ် ။ အဲဒီအချိန်မှာ သစ်သစ်ပျောက်လို့ အစ်ကို၂ယောက်က လော်စပီကာနဲ့ရန်ကုန်က ညီမငယ်ဆိုပြီး နာမည်လည်းမသိပဲအော်နေတာကြားလို့ ကြော်ငြာနေတဲ့ဇရပ်ကိုပြေးကြည့်တော့မှ အစ်ကိုတွေနဲ့ပြန်တွေ့ပါတယ် ။
နာရီဝက်လောက်နားပြီး ပြန်ဆင်းကြပါတယ် ။ အဆင်းကိုလွယ်ကူမယ်ထင်ခဲ့တဲ့သစ်သစ် အထင်နဲ့အမြင်တက်တက်စင်အောင် လွဲပါတယ် ။ လမ်းမရှိပဲ မှန်းဆင်းရတော့ ခြေထောက်တွေတုန်ပြီး တော်တော်လေးဆင်းရခက်ပါတယ် ။ လမ်းဆိုပြီးဆင်းလိုက်တာ ဂျောက်ဖြစ်နေပြီးချော်ကျတာတွေလည်း ရှိနဲ့မနက်၆နာရီတိတိမှာ တောင်ခြေကိုချောမောစွာပြန်ရောက်ခဲ့ပါတယ် ။ အမလည်းသစ်သစ်ကိုတွေ့မှပဲ သက်ပြင်းချနိုင်ပြီး နင်မပါရင်ငါအိမ်မပြန်ရဲဘူးဆိုပြီး သစ်သစ်ကိုပြေးဖက်ပါတယ် ။ သစ်သစ်အတွက်ကတော့ မေ့မရတဲ့တောင်တက်ခရီးစဉ်လေး ဖြစ်ခဲ့ပါတယ် ။ ဇွဲကပင်တောင်ဟာ တော်ရုံဇွဲမရှိတဲ့သူတွေ မရောက်နိုင်တဲ့နေရာလို့ ကရင်ပြည်ကသူတွေကတော့ ပြောလေ့ရှိကြပါတယ် ။ တက်တုန်းကရောက်ချင်ဇောနဲ့တက်ခဲ့ပေမယ့် အိမ်ပြန်ရောက်တဲ့ချိန်မှာ စိတ်ကိုလျော့လိုက်တော့ တကိုယ်လုံးကိုက်ခဲလာပြီး ၂ရက်လောက်ဆေးကုယူရခဲ့ရပါတယ် ။
အေးမြတဲ့ဒီဇင်ဘာလမှာ သစ်သစ်ကိုယ်တိုင် စိတ်လှူပ်ရှားပျော်ရွှင်ခဲ့တဲ့ ဒီတောင်တက်ခရီးစဉ်လေးကို အမှတ်တရပို့စ်တစ်ပုဒ်အဖြစ် ဖန်တီးလိုက်ပါတယ် ။ အားလုံးပဲပျော်ရွှင်စွာနဲ့ နောက်နှစ်ကိုကြိုဆိုကြရအောင်နော် ။
Monday, November 7, 2011
ကိုယ့်ရင်ထဲက မော်လဒိုက်
ဟုတ်ပါတယ် မော်လဒိုက်ဆိုတဲ့ကျွန်းနိုင်ငံသေးသေးလေးပါ ။ ပင်လယ်ရေပြာပြာတွေနဲ့ ဆောက်ထားတဲ့အိမ်လေးတွေက သစ်သစ်ကိုသိပ်ပြီးဆွဲဆောင်နိုင်ခဲ့ပါတယ် ။ ဟိုးလွန်ခဲ့တဲ့နှစ်တစ်ခုမှာ အဲ့နိုင်ငံမှာရိုက်တဲ့ရုပ်ရှင်တစ်ကားကိုကြည့်ပြီးချိန်ကစပြီး ဒီမြင်ကွင်းတွေစွဲကျန်ရစ်ခဲ့ပါတယ် ။ အချိန်တွေတိုက်စားလို့ ကြာမြင့်ခဲ့ပေမယ့် စိတ်ကူးထဲကပျောက်ပျက်မသွားခဲ့ပါဘူး ။ ဒီနိုင်ငံတဲ့ပက်သက်တဲ့သတင်းတစ်ချို့ကိုဖတ်မိပေမယ့် ကိုယ်သွားချင်တဲ့နေရာလေးရှိတဲ့နိုင်ငံဆိုတာ မသိခဲ့ပါဘူး ။ ဘာလူမျိုးတွေနေထိုင်လို့ ဘယ်နိုင်ငံနဲ့နီးတယ်ဆိုတာတောင် သစ်သစ်မသိခဲ့ပါဘူး အဲ့လောက်ထိကိုညံ့ခဲ့တဲ့သစ်သစ်လို့ပဲ ဆိုပါတော့ ။ ဒါပေမယ့်ခုချိန်မှာ နိုင်ငံရဲ့အကြောင်းတစ်ချို့တစ်ဝက်နဲ့ စင်္ကာပူကနေသွားရင် ဘယ်နေရာလေးမှာရှိတယ်ဆိုတာကအစ မြေပုံထဲကနေလေ့လာနိုင်ခဲ့ပါပြီ ။ ဆိုက်ရောက်ဗီဇာလေးပေးတယ်ဆိုရယ် သီရိလင်္ကာအနားမှာဆိုတာရယ်ကလွဲလို့ ကျန်တာတွေကတော့လေ့လာနေဆဲပါ ။
တစ်နေ့တော့ ဒီနေရာလေးကိုရောက်အောင်သွားဖို့ ကြိုးစားရပါဦးမယ် ။ သူငယ်ချင်းတစ်ချို့ကတော့ တိုးပက်ကေ့ခ်ျတွေရှိတယ် ပြောကြပါတယ် ။ အသေအချာထပ်မံစုံစမ်းရင်း အိပ်မက်ထဲကနေရာလေးကို ရောက်အောင်အကြံထုတ်ရပါဦးမယ် ..ဟိ ။ ဘာပဲဖြစ်ဖြစ်မဝေးတော့တဲ့တစ်နေ့မှာ အတွေးအခေါ်စိတ်ကူးသစ်တွေနဲ့ ထိုနေရာလေးဆီသို့ လာမယ်ဆိုကြောင်း ပို့စ်လေးချရေးပြီး စိတ်ကူးယဉ်လိုက်မိပါတယ် ။ (အရမ်းပြင်းပြနေတဲ့စိတ်ကြောင့် ပို့စ်လေးတစ်ပုဒ်တောင် ချရေးဖြစ်သွားခဲ့ရပါတယ် ။ တကယ်လို့စာဖတ်သူများထဲမှ ဒီနိုင်ငံအကြောင်းသိတဲ့သူများပါခဲ့ရင် ဒီနိုင်ငံလေးအကြောင်း သစ်သစ်ကိုမျှဝေပါဦးနော် ) ။

အဲ့လိုရေကြည်ကြည်လေးနဲ့အိမ်လေးတွေကိုချစ်တယ်

ဒီလိုသောင်ပြင်နဲ့တံတားက ကိုယ့်စိတ်ကိုလှုပ်ရှားစေခဲ့တယ်
Saturday, November 5, 2011
လွမ်းမောဖွယ်ဖူးခက်
ကျွန်းမသွားခင်မှာ ကျွန်းခရီးစဉ်အမျိုးမျိုးကို ပြောပြချင်ပါသေးတယ် ။ ဖီဖီကျွန်းခရီးစဉ် နဲ့ ဂျိမ်းစ်ဘွန်းကျွန်းခရီးစဉ်ဆိုပြီး နှစ်ခုရှိပါတယ် ။ စပိဘုတ်လိုအသေးလေးတွေနဲ့သွားရင် တစ်ယောက်ကိုဘတ်၁၃၀၀ပါ သင်္ဘောလေးကို နှစ်ထပ်စီးနဲ့သွားရင် တစ်ယောက် ဘတ်၈၀၀ သတ်မှတ်ထားပါတယ် ။ ဖီဖီကျွန်းကတော့ သူတို့ကနေရာများစွာကိုရောက်မယ် နေ့လည်စာဖီဖီကျွန်းပေါ်မှာစားမယ် အပြန်သဲဖြူကျွန်းဝင်မယ် သူတို့ခရီးစဉ်ပလန်ကလည်း အတော်ကောင်းပါတယ် ။ ဂျိမ်းစ်ဘွန်းကျွန်းကတော့ တချိန်က နာမည်ကြီး ဒွေး နဲ့ ထက်ထက်မိုးဦးတို့ မီကိုကော်ဖီမစ်ရိုက်ကွင်းတည်ခဲ့တဲ့ကျွန်းလေးဖြစ်ပါတယ် ။ ကျွန်မတို့လူငယ်တွေကတော့ စပိဘုတ်နဲ့သွားဖို့ပိုပြီး အားသန်ခဲ့ကြပါတယ် ဒါပေမယ့် ရာသီဥတုခြေနေအရရယ် စပိဘုတ်နဲ့ဆို မူးဝေအော့အန်ခြင်းဖြစ်မှာစိုးတာရယ်ကြောင့် ဘတ်၈၀၀တန်ဖီဖီကျွန်းခရီးစဉ်ကိုပဲ ရွေးချယ်ဝယ်ယူခဲ့ကြပါတယ် ။
ကဲ လာကြိုတဲ့ကားလေးနဲ့ သင်္ဘောကြီးထွက်ခွာမယ့်ဆိပ်ကမ်းကို ချီတက်ခဲ့ပြီဆိုပါတော့ ။ နာရီဝက်လောက်သွားခဲ့ရပါတယ် ဆိပ်ကမ်းရောက်တော့သူတို့က ကိုယ့်အဖွဲ့တံဆိပ်လေးတွေ လာကပ်ပေးပါတယ် ။ တက်ပါပြီ သင်္ဘောပေါ်ကို ရိုက်ပါတယ် ဓါတ်ပုံ သူတို့ကပြီးတော့မှ တစ်ပုံကို ဘတ်၁၀၀နဲ့ပြန်ရောင်းပါတယ် ။ သင်္ဘောအောက်ထပ်မှာ အဲယားကွန်းခန်းပေမယ့် အပြင်ကိုမြင်ရတာကမှန်လေးခြားထားပါတယ် ။ သင်္ဘောအပေါ်ထပ်မှာ အမိုးနဲ့ပလတ်စတစ်ခုံတွေနဲ့ရှိပါတယ် အပေါ်ဆုံးတစ်ထပ်ကတော့ လုံးဝအမိုးမပါတဲ့ ဟင်းလင်းပြင်ပါ ။ သစ်သစ်တို့အဖွဲ့ကတော့ သိတဲ့အတိုင်းအမိုးပါပြီး ပလတ်စတစ်ခုံတွေမှာထိုင်တဲ့အပြင် ရှေ့ကဆိုင်ကနေ တစ်ခုပြီးတစ်ခုဝယ်စားလို့ရအောင် ဆိုင်နားမှာအပီအပြင်နေရာယူထားပါတယ် ။ ရာသီဥတုတကယ်ကို ကြည်လင်ပြီး လတ်ဆတ်တဲ့လေတွေတိုက်ခတ်လို့ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေးဖြစ်ခဲ့ပါတယ် ။
သင်္ဘောနဲ့သွားရတဲ့သူတွေရဲ့ အားနည်းချက်ကတော့ သင်္ဘောကအတွင်းပိုင်းတွေဆို ၀င်မပေးပဲ အဝေးကဖြင့်သာ မိုက်ဖြင့်ရှင်းပြပါတယ် ။ စပိဘုတ်နဲ့သွားတဲ့သူတွေကျတော့ အတွင်းပိုင်းတွေပါ ၀င်ပေးတယ်ပြောပါတယ် ။ ရှုခင်းတွေကတော့ တကယ့်ကိုပင်လှလွန်းပါတယ် ။ သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ အလှအပတွေက ဘတ်၈၀၀ပေးရတာနဲ့ တန်အောင်ပင် ဆွဲဆောင်မှူုကောင်းလွန်းလှပါတယ် ။ အတော်လေးစီးပီးချိန်မှာ သစ်သစ်တို့ဦးတည်ခဲ့တဲ့ကျွန်းလေးဆီသို့ ရောက်ခဲ့ပါတယ် ။ ဒီတော့ သူ့ရဲ့အစီအစဉ်အတိုင်း ရေငုတ်မယ့်နေရာကို နောက်ထပ်သဘောင်္ချိန်းပြီးသွားခဲ့ရပါတယ် ။ သစ်သစ်မှလွဲပြီး ကျန်တဲ့သူအားလုံး ရေငုတ်ကြပါတယ် ။ ဒီနေရာမှာ သူများတွေဟာ ရေကူးဝတ်စုံကိုတခါတည်းဝတ်လာကြပြီး တကယ်ရေငုတ်တဲ့နေရာရောက်ချိန်မှာ အပေါ်ကထပ်ဝတ်လာတာ ချွတ်လိုက်တာနဲ့ကို ရေငုတ်ရန်အသင့်ဖြစ်သွားကြပါတယ် ။ ဒီလိုကြိုတင်အကွက်မမြင်တဲ့သူတွေကတော့ သင်္ဘောအခန်းတွေမှာသွားလဲကြပါတယ် ။ အချိန်အနည်းငယ်ကုန်တယ်ဆိုရပါလိမ့်မယ် ။
ရေမကူးတတ်တဲ့သူတွေအတွက် သင်္ဘောပေါ်ကကောင်လေးတွေက ဘောကွင်းလေးတွေမှာဆွဲပြီး နဲနဲလှမ်းလှမ်းကိုခေါ်သွားပေးပါတယ် ဒါပေမယ့်လူတွေကများတော့ ဘောကွင်းလေးကိုယ့်စီရောက်ဖို့အတော်လေးတော့ စောင့်ရပါတယ် ။ သစ်သစ်မှာ သူငယ်ချင်းတွေကိုအပေါ်က ကြည့်နေရင်းနဲ့ပင်အတော်လေး အသဲယားပါတယ် ။ သစ်သစ်မှရေမကူးတတ်တာလေ ... ဟိ ။ ဒီလိုနဲ့ ၁နာရီလောက်အချိန်ပေးပြီး နေ့လည်စာစားရန် ဖီဖီကျွန်းလေးဆီသို့ ပြန်လည်ထွက်ခွာလာခဲ့ပါတယ် ။
အရမ်းစားကောင်းတဲ့နေ့လည်စာပါ ကြိုက်သလောက်စားကုန်ရင် ထပ်ဖြည့်ပါတယ် ။ ၄၅မိနစ်လောက် မောမောနဲ့စားပြီး ဈေးတန်းလေးကိုလျှောက်ပတ်ရင်း သူတို့သတ်မှတ်ထားတဲ့ သင်္ဘောထွက်ချိန်၂နာရီ အရောက်ဆိပ်ကမ်းကို ပြန်ကြရပါတယ် ။ အပေါ်ထပ်တွေမှာဘယ်လိုမှ နေရာမရတော့တဲ့အပြင် သစ်သစ်တို့အဖွဲ့ တစ်ယောက်တစ်နေရာစီလူကွဲကုန်ပါတယ် ။ ဒါပေမယ့် ခဏပါပဲ သင်္ဘောဘေးဘက်တွေမှာထွက်ထိုင်ရင်း ပင်လယ်အလှအပတွေကို ခံစားရင်းဆိပ်ကမ်းသို့ဘယ်လိုပြန်ရောက်လာမှန်းတောင် မသိတော့ပါဘူးလေ ။ ဆိပ်ကမ်းကနေ ဟိုတယ်ကိုစီစဉ်ပေးထားတဲ့ကားနဲ့ပြန်လာချိန်မှာ ဖူးခက်စံတော်ချိန်ညနေ၅နာရီသာလျှင် ရှိပါသေးတယ် ။ ကဲ ကျန်တဲ့အချိန်ကမ်းခြေဆင်းဖို့ကလည်းဝေးတော့ ခဏနားပြီး ဟိုတယ်ရေကူးကန်မှာ ရေသွားကူးကြမယ်ဆိုမှ သစ်သစ်ဘ၀မှာပထမဆုံး ရေကူးသင်ခဲ့ရတဲ့ ဒီဗားနားရဲ့ရွှေအိုရောင်ညနေခင်းလေး ဖြစ်ခဲ့ပါတော့တယ်။ ကျွန်းမှာဓါတ်ပုံအပြတ်ရိုက်မယ်စီစဉ်ထားတဲ့သူတွေကတော့ မှန်းချက်နဲ့နှမ်းထွက်မကိုက်အောင်ပင် ပုံမရိုက်နိုင်ခဲ့ပါဘူး ခရီးစဉ်ရဲ့နေ့တ၀က်ကျော်လုံးဟာ သင်္ဘောစီးချိန်နဲ့ကုန်ဆုံးသွားလို့ ဖြစ်ပါတယ် ။
ည၇နာရီကျော်မှ ညစာထွက်စားကြတာလည်း ရသတမျိုးပါပဲ ဆိုင်ပေါင်းမြောက်များစွာမှာ မြန်မာပြည်ကမွန်လူမျိုးတွေ အလုပ်လုပ်တာတွေ့ခဲ့ရပါတယ် ။ စားသောက်ပြီးလမ်းလျှောက်ထွက်ရင်း တွန်းလှည်းလေးနဲ့ရောင်းတဲ့ ၀က်ခေါက်နဲ့ထမင်းကိုစပ်တူးနေအောင် သုတ်ထားတဲ့ထမင်းသုတ်မျိုးရယ် ကြက်ဥပလာတာကြော်မျိုးရယ် စားချင်တာစုံစီနဖာတွေဝယ်ရင်း ဟိုတယ်ကအခန်းမှာ အဖွဲ့သားတွေစုပြီးစားသောက်ကြတာ ဒုတိယမြောက်နေ့ကို ဘယ်ချိန်ကုန်ဆုံးသွားမှန်းတောင်မသိတော့ပါဘူးလေ ။
ကဲ လာပြီနောက်ဆုံးနေ့ ဦးမင်းဒင်ကပို့စရာနေရာတွေရှိတယ်ဆိုပြီး ပတ်ရှာဒီအဖွဲ့က ကမ်းခြေဆင်းပြီး လေထီးစီးမလား ဘနားနားဘုတ်စီးမလား ရှပ်ပြေးဘုတ်စီးမလားနဲ့ ကိုယ်လုပ်ချင်သောအရာတော်တော်များများကို စိတ်ထင်တိုင်းကြဲလို့ သောင်းကျန်းပြီးချိန်မှာ နေ့လည်၁၂နာရီကျော်နေပါပြီ ။ ဟိုတယ်ကနေ ချက်အောက်လုပ်ရမယ့်အချိန်ကတအားကပ်နေသလို နေ့လည်စာတောင်မစားနိုင်တော့ပဲ လမ်းမှာမြင်တဲ့ ငါးခူကင်မွှေးမွှေးလေးနဲ့ ကောက်ညှင်းကျည်တောက်ကင်များ ၀ယ်ပြီးအပြေးအလွှားဟိုတယ် ပြန်ရောက်လာခဲ့ပါတယ် ။ ရေမိုးချိုးပြီး ဟိုတယ်မှာချက်အောက်လုပ်နေချိန်မှာ လူတွေကပူလိုက်အေးလိုက်နဲ့ အကင်စားလိုက် ကောင်ညှင်းစားလိုက် ချာလပတ်ရမ်းနေပါတော့တယ် ။
ဦးမင်းဒင်တို့အိမ်ရောက်ချိန်မှာတော့ နေ့လည်၁နာရီကျော်နေပါပြီ မဒမ်မင်းဒင်ချက်တဲ့ ကြာဇံချက်ကို အသားကုန်စားပြီး အဆီရစ်လို့မဆုံးခင်မှာ နင်တို့ကိုလိုက်ပို့စရာရှိသေးတယ်ဆိုပြီး ကားပေါ်တက်ခိုင်းနေလို့ ရတဲ့ညနေပိုင်းလေးကို တက်သုတ်ရိုက်ပြီး ဖူးခက်က ငါးပြတိုက်ရယ် ၊ ဈေးဝယ်ခြမ်းဖို့ဈေးတန်းလေးရယ် ၊ အစားအစာပေါင်းမျိုးစုံရောင်းတဲ့ညနေဈေးရယ်ကို အလုအယက်အချိန်လုပြီး ပြေးပြလိုက်ပါသေးတယ် ။ အိမ်ပြန်ရောက်ချိန်မှာ ည၆နာရီကျော်နေပါပြီ ဦးမင်းဒင်တို့အိမ်မှာပဲ ရေမိုးချိုးပြီး အကင်တွေ ကောက်ညှင်းတွေ ငါးပေါင်းထုတ်တွေ နဲ့ ညစာကိုဖြေရှင်းလိုက်ကြတာများ မနက်၁နာရီစလုံးပြန်ရောက်တဲ့ချိန်ထိ ဗိုက်ထဲမှာတင်းနေပါတော့တယ် ။
ဘာပဲဖြစ်ဖြစ် ဒီခရီးစဉ်လေးမှာ အတော်လေးပျော်ခဲ့သလို အခက်အခဲအမျိုးမျိုးကို စိတ်မညစ်နဲ့ အဆင်ပြေပြေ သွားနိုင်ခဲ့လို့ သစ်သစ်တကယ်ပင်ဝမ်းသာမိပါတယ် ။ ဖူးခက်မြို့ရောက်ချိန်မှာ ကိုယ့်သားသမီးတွေလို အသေးစိတ်လိုက်ပြပို့ဆောင်ပေးခဲ့တဲ့ ဦးမင်းဒင်တို့မိသားစုကိုလည်း ကျေးဇူးအထူးပင်တင်ပါတယ် ။ ၇ယောက်လုံးရဲ့ တယောက်ကိုတယောက် ခွင့်လွှတ်နားလည်ရင်း ပျော်ရွှင်စွာ၃ညအိပ်၎ရက်ခရီးစဉ်ကို တက်တက်ကြွကြွလိုက်ပါခဲ့တဲ့သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်ပါတယ် ။ နောင်မှအခွင့်ရှိလို့ထပ်သွားခွင့်ရခဲ့ရင်လည်း ဒီလိုပဲအတူတူ သွားခွင့်ရပါစေလို့ဆုတောင်းရင်း လွမ်းမောဖွယ်ဖူးခက်ခရီးစဉ်ကို အဆုံးသတ်လိုက်ပါရစေတော့နော် ။
အရမ်းကောင်းတဲ့ ငါးပေါင်းထုတ်
ဘတ် ၇၀တန် ငါးခူကင် (အရမ်းမိုက်စ်)
ဦးမင်းဒင်မဟေသီမွေးနေ့ ကြာဇံချက် (ရှလွတ်)
ဈေးတန်းထဲက အကင်ဆိုင်
အ၀တ်အစားများတကယ်ကို ပေါပါတယ်
နာဂစ်တုန်းက မြန်မာပြည်မ၀င်ရတဲ့ သဘောင်္နှစ်စင်းရပ်စောင့်ခဲ့တဲ့နေရာ
ဒီလိုဝေးကြီးခေါ်သွားပြီးမှာ banana ပေါ်ကနေ ပင်လယ်ထဲကိုမှောက်ချတာဆိုပဲ
ရေငုတ်နေတဲ့ သစ်သစ်သူငယ်ချင်းတွေ (တွေ့အောင်ရှာပါ)
ဘတ် ၁၃၀၀ဆို အဲလိုစပိဘုတ်နဲ့ပို့ပေးပါတယ်
ပင်လယ်ထဲက လှတယ်ဆိုတဲ့နေရာလေးတွေ
Monday, October 31, 2011
ချစ်တဲ့ဖူးခက်
ပထမနေ့ဖူးခက်ဘာလုပ်မလဲ ဘာစားမလဲ ဘယ်တွေသွားမလဲ ပလန်ချတော့ နေ့လည်၁နာရီမှာလာခေါ်မည်ဖြစ်ကြောင်း ညကတည်းကပြောသွားခဲ့ပါတယ် ။ ဘယ်တွေသွားရမလဲမေးတော့ ဒီနားတစ်ဝိုက်မှာ လည်ပတ်စရာရှောပင်းမောလ်တွေ ကမ်းခြေတွေ ဆိုင်တွေနဲ့စည်ကားလွန်းလို့ တမနက်နဲ့တင်လည်ထားနှင့်ပါဦးလို့ ဆိုသွားခဲ့ပါတယ်။ ကဲ ဘာပဲဖြစ်ဖြစ် နက်ဖြန်မနက်စောစောထပါမယ် ဒီနားတစ်ဝိုက်လျှောက်သွားပါမယ်ဆိုတော့ အားလုံးဝီရိယကောင်းစွာနဲ့ ၈နာရီမှာဟိုတယ်ကထွက်နိုင်ခဲ့ပါတယ် ။ ဟန်ပါပါနဲ့ဟိုတယ်ရှေ့ကကောင်တာမှာ ကမ်းခြေသွားတဲ့ရှပ်တာဘတ်စ်တွေ ဘယ်အချိန်လာမလဲဆိုတော့ ၁၀နာရီခွဲလို့ပြောပါတယ် ။ ဒါနဲ့ပဲ နောက်ထပ်၂နာရီခွဲတိတိဘာလုပ်ရမှန်းမသိချိန်မှာ ဧည့်ကြိုကောင်လေးကမြေပုံတစ်ခုထုတ်ပေးပြီး အမတို့လမ်းလျှောက်သွားရင် ၁၀မိနစ်နဲ့ကမ်းခြေရောက်ကြောင်း အရမ်းနီးကြောင်းညွှန်းဆိုလာလို့ အားလုံးကမ်းခြေကိုလမ်းလျှောက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။
ရောက်ပါပြီအရမ်းပျော် တအားပျော် ပင်လယ်အစစ်တွေ့ရချိန်မှာ ရိုက်လိုက်တဲ့ဓါတ်ပုံများ ကင်မရာလုံးဝအနားမရလိုက်ပါဘူး ။ ကမ်းခြေမှာအုန်းရေသောက်မယ်ဆိုတော့ ထိုင်လိုက်တဲ့ဆိုင်က မြန်မာဆိုင်ဆိုတာမသိပဲ ကိုယ်တွေကမြန်မာလို ဟဲ့ ဈေးနှုန်းကြည့်ကြနော် တော်ကြာမှာပြီးမှ ဈေးမတရားကြီးနေမယ် ဘာညာဆိုတော့ ကောင်လေးတွေကအမတို့လိုတာမှာပါလို့ပြောချိန်မှာ ဟိုက်ခနဲမမြည်အောင် ဟန်ဆောင်လိုက်ရပါတယ် ။ မြန်မာအချင်းချင်းသိတယ်ဟုတ် ချက်ချင်းပဲအဖွဲ့ကျလို့ စားလိုက်သောက်လိုက် ပြောလိုက်ဆိုလိုက်ဖြစ်တဲ့အပြင် သူတို့ဆီကဖုန်းတောင်ငှားပြီး ဦးမင်းဒင်ဆီဖုန်းဆက်လိုက်ပါသေးတယ် ဟိ ။ ဘယ်ဆက်သွားရမလဲမေးတော့ တုတ်တုတ်ကိုငှား ဘတ်၁၀၀ပဲပေး ဂျန်စီလင်းကုန်တိုက်ကိုသွားဆိုတော့ တုတ်တုတ်သမားကို အဖွဲ့ကငွေကိုင် အကောင့်တန့်က ဘတ်၁၀၀ရအောင် အသေအကျေခြေစုံကန် ဈေးစစ်ပါတော့တယ် (ဒါမှမျိုးကွ) ။ ရပြီဆိုတော့ ၀မ်းသာအားရစီးလိုက်ကြတာ ခဏတွင်းချင်းကုန်တိုက်ရှေ့ရောက်သွားခဲ့ပါတယ် ။ ကုန်တိုက်ကမဖွင့်သေးပဲ လူတချို့ထိုင်စောင့်နေတာတွေ့လို့ ကုန်တိုက်ပတ်လည်ဓါတ်ပုံရိုက်ကြပြန်တာပေါ့လေ ။
ကုန်တိုက်ထဲမှာတကယ့်ကို ၀ယ်ချင်စရာတွေများပါတယ် ဒါပေမယ့် ဈေးကတော့ထက်ဝက်လောက်ကို ဆစ်ရပါတယ် ။ ဒူးရင်းသီးနဲ့ပက်သက်တာတွေ အများကြီးတွေ့ရသလို အမွှေးနံ့သာခဲလေးများစွာ ရေကူးဝတ်စုံ မြန်မာမှုလက်ရာအရုပ်လေးများ တကယ့်ကိုအစုံအလင်တွေ့ရပါတယ် ။ မြေအောက်ထပ်သည်ဝယ်လို့အကောင်းဆုံးဆိုတာ သိခဲ့ရပါတယ် ။ ဒီလိုနဲ့နေ့လည်စာကို ဒီမှာပဲစားသွားရန်ဆုံးဖြတ်ကြပြီး ကိုယ်နှစ်သက်ရာစားစရာများကို စတင်မှာစားပါတော့တယ် ။ စလုံးငွေနဲ့တွက်ရင်ဈေးချိုပြီး အစပ်အဟပ်ကလည်းကောင်းတော့ မြန်မာပါးစပ်နဲ့အတော်လေးအံကိုက်ဖြစ်နေပါတော့တယ် ။ ၇ယောက်ကိုအလျှံအပယ်စားတာ တစ်ခါစားဘတ်၁၀၀၀ထက်မပိုပါဘူး ။ ပိုခဲ့ရင်လည်း အကောင့်တန့်က၁ထောင်ကျော်နေပြီဖြစ်ကြောင်း အလန်းပေးပါတယ် ဟိ ။
ဒီကုန်တိုက်ရှေ့က အေတီအမ်မှာ သစ်သစ်တို့အဖွဲ့က ညညက အိုင်ဖုန်း၎တစ်လုံး သူများမေ့ကျန်ခဲ့တာတွေ့ခဲ့ရပါတယ် ။ ဖုန်းထဲမှာပါတဲ့နံပတ်မျိုးစုံကို လိုက်ဆက်ရင်းပိုင်ရှင်ကိုလာယူခိုင်းတဲ့အပြင် အဲဒီဖုန်းနဲ့ဦးမင်းဒင်ကို ဂျန်စီလင်းမှာလာကြိုဖို့ပြောဆို အသုံးပြုခဲ့ပါသေးတယ် ။ ထိုင်းမလေးကဆက်လိုက် နားမလည်လိုက် အင်္ဂလိပ်လိုပြောလိုက် နားမလည်လိုက်နဲ့ လာကြိုတဲ့သူရောက်လာမှပဲ အဆင်ပြေသွားခဲ့ပါတော့တယ် ။
ဒီလိုနဲ့တညနေလုံးဆက်တိုက်ပို့တာများ နေရာတွေများလွန်းလို့ အကျယ်ချဲ့မရေးနိုင်တော့ပဲ ပုံတစ်ချို့တင်ပြီး အကျဉ်းချုပ်လိုက်ပါရစေ ။ နောက်ရက်များမှာလည်း ကျွန်းသွားစရာရှိသလို လူကလည်းဆက်တိုက်ဆိုတော့ အတော်လေးပြိုင်းနေပါပြီ ။ ညဘက်မှာလမ်းကိုပိတ်ပြီး ကပွဲတွေကလပ်တွေနဲ့စည်ကားတဲ့ ဖူးခက်ရဲ့လမ်းထိပ်မှာကျန်ခဲ့ရင် တနေ့လုံးပင်ပမ်းပြီးလမ်းတောင်မလျှောက်နိုင်တော့ပဲ တုတ်တုတ်ငှားပြီးဟိုတယ် ပြန်လာခဲ့ရပါတော့တယ် ။ ဦးမင်းဒင်ကိုယ်တိုင်လိုက်ဝယ်ပေးတဲ့ ဘတ်၈၀၀တန်ကျွန်းလက်မှတ်လေး ရင်ဝယ်ပိုက်ရင်း နက်ဖြန်သွားမယ့်အစီအစဉ်များကို စိတ်ကူးယဉ်ပြီး အိပ်ပျော်သွားလိုက်တာများ အိပ်မက်တောင်မမက်နိုင်ခဲ့ပါဘူးလေ ။ သစ်သစ်တို့ဖူးခက်သွားချိန်မှာ ကံကောင်းတာက နေ့ဘက်မှာခြစ်ခြစ်တောက်ပူပြီး ညဘက်မှာမိုးရွာတတ်တဲ့ ချစ်စရာကောင်းတဲ့ဖူးခက်ရာသီဥတုလေးပါပဲ ။ ဖူးခက်ခရီးစဉ်က ဖူးခက်မရောက်ခင်ကိုပင် ၃ပုဒ်တိတိဖြစ်သွားစေခဲ့တဲ့အတွက် ဒီနေ့ပို့စ်လေးမှာ အဆုံးသတ်မယ် စိတ်ကူးထားပါတယ် ။ ဒါပေမယ့် ၃ရက်လုံးပေါင်းရေးဖို့က ဘယ်လိုမှမဖြစ်နိုင်လို့ နောက်ပို့စ်တစ်ပုဒ်ဖြင့်သာအဆုံးသတ်မယ် ဆုံးဖြတ်ရင်း ဒီပို့စ်လေးကိုဒီနားမှာပဲရပ်တန့်လိုက်ပါရစေနော် ။
ဘုရားတည်ထားတဲ့တောင်ထိပ်ကနေ ဖူးခက်တမြို့လုံးကိုကြည့်နိုင်တယ်
ချိုမြိန်တဲ့ဖုန်းသံ
တကယ်ဆို ကိုယ့်နိုင်ငံနဲ့နှိုင်းယှဉ်တဲ့အခါမှာ ဒီပလိုမာလက်မှတ်အသေးစားလေးသာ ဖြစ်တယ်ဆိုပေမယ့် အလုပ်ကတဖက် နည်းပါးလှတဲ့အချိန်ကတဖက် နားလည်မှူလွဲတဲ့ဆရာတွေနဲ့ကတဖုံ ၉လတာဟာ စိတ်ထဲမှာအတော်လေးကြာမြင့်ခဲ့ပါတယ် ။ ပရော့ဂျက်တွေ အဆိုင်းမန့်တွေနဲ့ အလူးလူးအလှိမ့်လှိမ့် ဖြတ်သန်းပြီးချိန်မှာ နောက်ဆုံးလိုချင်တာကို ရရှိခဲ့ပါတယ် ။ ထူးချွန်စွာမအောင်မြင်ခဲ့တဲ့အတွက် မိဘအပေါ်တာဝန်မကျေသလို ခံစားမိပေမယ့် နှစ်သိမ့်နိုင်တဲ့ကတ်လေးအဖြစ်တော့ လက်ဝယ်ပိုင်ဆိုင်နိုင်ခဲ့ပါပြီ ။ ဘာလို့ ဒီစာတီဖီကိတ်လေးကို အကျယ်ချဲ့ပြီးရေးနေတာလဲ ပြောစရာရှိပါတယ် ။
သစ်သစ်ကတကယ်ဆို စိတ်ခံစားမှုပျော့ညံ့လွန်းပါတယ် ။ မယူခင်အချိန်ထိ ဘာမှမဖြစ်ပေမယ့် တကယ်ယူရမယ့်နေ့ရောက်ချိန်မှာ မိဘတွေကိုအနားမှာရှိစေချင်ခဲ့ပါတယ် ။ မနက်အစောကြီးထ ဘုရားရှိခိုးပြီးမိဘတွေကို ကန်တော့ပြီးတဲ့နောက် အိမ်ကိုဖုန်းဆက်ခဲ့ပါတယ် ။ မေမေဆိုပြီး စိတ်ထဲဝမ်းနည်းစွာ ငိုနေမိလို့ အမေကတောင်ချော့မော့ယူရတဲ့အထိ ခံစားချက်ပြင်းထန်ခဲ့ပါတယ် ။ ကျောင်းကိုသွားနေချိန်မှာ ဘာမှမဖြစ်ပေမယ့် ကျောင်းရောက်လို့သူငယ်ချင်းတွေနဲ့တွေ့ပြီး ၀တ်စုံဝတ် ဓါတ်ပုံတွေရိုက်ချိန်မှာ စိတ်လှုပ်ရှားပြီးပျော်နေတာ မျက်နှာမှာအသိသာကြီးပါ ။ ဒီလိုနဲ့ ဟိုပြောဒီပြော ပြောင်နောက်နေရင်းကနေ ၉လတာအတူဖြတ်သန်းပြီး နောက်ဆုံးနှစ်မှအတူတက်ယူခွင့်မရပဲ ကျန်ခဲ့တဲ့သူငယ်ချင်း၂ယောက်ကိုလည်း အရမ်းသတိရမိပါတယ် ။
စတိတ်ပေါ်တက်ခါနီး သူတို့ပြောထားတဲ့အတိုင်း လုပ်ရမယ့်ပုံစံကို စိတ်ထဲမှာအကြိမ်ကြိမ်လေ့ကျင့်ထားပေမယ့် တကယ်တမ်းစတိတ်ပေါ်ရောက်ချိန်မှာ လူကလေထဲမျောလွင့်နေသလို ခံစားမိပါတယ် ။ ကြည့်နေကြတဲ့မျက်လုံးတွေ တီးနေကျတဲ့လက်ခုပ်သံတွေ ပေးနေတဲ့သူရဲ့အပြုံး အိုးးး စုံလင်နေတဲ့ခံစားချက်တွေနဲ့ ဘယ်လိုစင်အောက်ကို ရောက်ခဲ့မှန်းတောင်မသိနိုင်တော့ပါဘူး ။ ကတုန်ကယင်နဲ့စိတ်လှုပ်ရှားနေတာ စက္ကန့်အားဖြင့်အတော်လေး ကြာမြင့်ခဲ့တယ်လို့ ဆိုလို့ရပါတယ် ။ ကိုယ်တိုင်ကြိုးစားပြီးရခဲ့တဲ့ ဒီလက်မှတ်လေးကို တကယ်ပင်တန်ဖိုးထားသလို မိဘတွေဖြစ်ချင်တာလုပ်ပေးနိုင်ခဲ့လို့ ပိုပြီးဝမ်းသာမိပါတယ် ။ ပွဲပြီးလို့ရုံးကိုဆက်သွားရန် ကားဂိတ်လာချိန်မှာ အိမ်ကိုဖုန်းဆက်ပြီး ဖေကြီးသမီးယူပြီးပြီ မေမေ့ကိုလည်း ပြောပြလိုက်နော်ဆိုပြီး ဆက်လိုက်ရချိန်ဟာ လေးနှစ်တာစင်္ကာပူကျွန်းကနေ ရန်ကုန်ဆက်တဲ့ဖုန်းသံတွေထဲက အချိုမြိန်ဆုံးအသံလို့သာ ဆိုညွှန်းလိုက်ချင်ပါတော့တယ် ။
ဘ၀မှာအကြီးကျယ်ဆုံး မာတာမိဘနှစ်ပါးကို ဖုန်းဆက်ပြီးချိန်မှာ ရေခြားမြေခြားရဲ့ပထမဆုံးအောင်မြင်မှူတစ်ခုကို ချစ်တဲ့သူကိုပြောပြချင်ခဲ့ပါတယ် ။ သူလည်းနားထောင်ချင်မယ်လို့ ထင်ပါတယ် ဒါပေမယ့်ခုချိန်ထိ ပြောပြနိုင်တဲ့ခွင့်ရေးမရှိသေးတော့ ရင်ထဲမှာတခုခုလိုနေသလို ခံစားချက်တွေနဲ့ ဒီပို့စ်လေးကိုရေးလိုက်ပါတယ်နော် ။
