Monday, November 29, 2010

သူ့အကြောင်းတစေ့တစောင်း

သစ်သစ် စာမရေးဖြစ်တာ အတော်ကြာပါပြီ.... သစ်သစ်မှာရေးစရာတွေ ရင်နဲ့အပြည့်ပါ ဆက်လည်းရေးဦးမှာပါ လုပ်စရာကိုင်စရာ အချိန်ပေးစရာတွေနည်းနည်းများနေလို့ မရေးဖြစ်တာပါ ။ စာလာဖတ်တဲ့သူတွေကို ပစ်ထားသလိုဖြစ်သွားပါတယ် ။ ခုတော့ နည်းနည်းချင်းစီပြန်ရေးဖို့ အားထုတ်နေပါတယ် ။ ဘယ်သူ့အကြောင်းမှ မရေးရင်တောင်မှ သစ်သစ်အကြောင်းကိုတော့ ဆက်ရေးဖြစ်နေမှာပါ ။

သစ်သစ် ကျောင်းစတက်ရတော့ အရမ်းပင်ပန်းပါတယ် အလုပ်ကပြန်ရင် ကျောင်းဆက်တိုက်သွား ညဆို၁၁နာရီကျော်မှ အိမ်ပြန်ရောက်လေ့ရှိပါတယ် ။ စင်္ကာပူစရောက်ကတည်းက အလုပ်နဲ့အိမ်ပဲ သက်တောင့်သက်တာ လုပ်လာတဲ့သစ်သစ် ရုတ်တရက်အပြောင်းအလဲကို တော်တော်အသားကျအောင်လုပ်ရပါတယ် ။ ကျောင်းကတပတ် ၃ရက် တခါတလေ ၄ရက်မှာ အားတဲ့ရက်တိုင်း အားကစားသင်တန်းသစ်သစ် သွားဖြစ်အောင်ကြိုးစားပါတယ် ။ မသွားဖြစ်တဲ့ရက်တွေဆို အစားအသောက်ကိုလည်း တတ်နိုင်သလောက်ထိန်းပါတယ် ။ ခုတော့ ကျောင်းတက်တာ၂လလောက်ကျော်သွားပြီဆိုတော့ အဆင်ပြေလာပါပြီ ။ စာကြည့်ဖို့အတွက် စိတ်ကိုဆွဲနှစ်နေတာ ခုထိမုမ၀င်သေးပါဘူး ။ တစ်ခါတစ်လေ ရထားပေါ်မှာ စဉ်းစားမိတယ် ကိုယ်ရွေးချယ်တဲ့လမ်း ကိုယ်ပြီးအောင်တော့လုပ်ရမှာပဲ တခုခုလုပ်လို့ တခုခုမှာအားနည်းတယ်ဆိုတာ မဖြစ်ချင်တော့လည်း ကိုယ်တိုင်ပင်ပန်းခံရုံမှတပါး အခြားမရှိတော့ဘူးလေ ။ အခြားလူမှူရေးတွေကို ပျက်ကွက်မှုမရှိအောင် တတ်နိုင်သလောက်လေးတော့ သွားလာနေတုန်းပါပဲ ။

ဒီနိုဝင်ဘာလထဲမှာ သစ်သစ်ချစ်ရတဲ့ငယ်သူငယ်ချင်းနဲ့လဲ မလေးရှားခဏသွားဖြစ်ပါသေးတယ် ။ သူ့ရဲ့အစီအစဉ်တွေကောင်းလို့ သစ်သစ်နေရာတော်တော်များများရောက်ခဲ့ပါတယ် ။ သစ်သစ်အတွက် ပထမဆုံးမလေးခရီးစဉ်ပါ ။ အရမ်းလည်းပျော်ရွှင်ရသလို စိတ်တွေလည်းအတော်ပေါ့ပါးခဲ့တဲ့ ခရီးလို့လည်းပြောလို့ရပါတယ် ။ သူငယ်ချင်းခိုင်လေးကို အရမ်းကျေးဇူးတင်မိပါတယ် ။

သစ်သစ်ကျန်းမာရေးခြေနေကတော့ ခုတလော ၁ပတ်လောက်ရှိပြီဆိုပါတော့လေ ညဆို၁၂ကျော်မှအိပ် မနက်၎နာရီလောက်ဆို ခါးကမခံမရပ်နိုင်လောက်အောင် နာပါတယ် ။ အိပ်လို့ဘယ်လိုမှမရပါဘူး စောင်းလှဲလို့လဲမရ မှောက်ခုံလည်းမရ ပက်လက်လည်းမရ အတော်ကိုဆိုးတဲ့ခံစားမှုပါပဲ ။ ဒါ့အပြင် အိပ်ရေးမ၀ဘူးဆိုတဲ့ ခံစားမှုပါပိုလာတော့ စိတ်ကမနက်ဆိုမကြည်လင်တော့ပါဘူး ။ တစ်ခါမှဒီလိုဝေဒနာမျိုးမခံစားဖူးတော့ အတော်ခံရခက်ပါတယ် ။ လာမယ့်ပိတ်ရက်မှမသက်သာရင် ဆေးခန်းပြဖို့စဉ်းစားထားပါတယ် ။ ဟူးးးးး တစ်ယောက်တည်းမိဝေးဖဝေးနေရတော့ အတော်လေးကသီကလင်တနိုင်ပါတယ် ။

အိမ်ကိုလည်းလွမ်းလို့ ဆက်တိုက်ဆိုသလို ဖုန်းတွေဆက်ဖြစ်နေပါတယ် ။ စာမေးပွဲလေးပြီးရင်တော့ ၂ပတ်လောက်ပြန်မယ် စဉ်းစားထားပါတယ် ။ မသေချာသေးပါဘူး သစ်မေမေ့ကိုလွမ်းတာကတော့ အရမ်းပါပဲလေ ။ ဘ၀ဆိုတဲ့စက်ဝန်းထဲမှာ ဒီလိုပဲဝေးကွာစွာနေရမယ်ဆိုတဲ့ကံပါတော့လည်း ဘယ်တတ်နိုင်မလဲလေ ။ သစ်တို့ချစ်ခင်လာခဲ့တဲ့ သူငယ်ချင်းတွေထဲမှာ အိမ်ထောင်ကျတဲ့သူကျ သစ်တို့ကိုပစ်ခွာပြီး တစ်ယောက်တည်းခွဲထွက်သူကခွဲထွက်နဲ့ ကျန်ရှိနေတဲ့သူလေးတွေနဲ့ပဲ ကျေနပ်စွာနေတတ်ဖို့ ကြိုးစားနေရပါတယ် ။

သစ်သစ်အလုပ်ကလည်း ပရောဂျက်အသစ်တွေရတော့ လူသစ်တွေထပ်ခန့် ရုံးခန်းတွေထပ်ချဲ့နဲ့ အလုပ်များနေပါတယ် ။ သစ်ကိုလည်းနေထိုင်ခွင့်သက်တမ်း ၂နှစ်တိုးပေးထားတော့ ထမင်းစားလက်မှတ်လေး နောက်၂နှစ်ထိရှင်သန်အောင် သစ်သစ်ကြိုးပမ်းအားထုတ်ရဦးမယ်လေ ။ ဘာပဲဖြစ်ဖြစ် ရလာတဲ့အခွင့်အရေးတွေအပေါ်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားရင်း သစ်သစ်တစ်ယောက် အချိန်တွေဖြတ်သန်းနေတယ်ဆိုတာ စာလာဖတ်ကြတဲ့ အစ်ကို အစ်မ မောင်နှမများ သိအောင် သစ်သစ်အကြောင်းတစေ့တစောင်းဆိုပြီး ပို့စ်လေးတစ်ပုဒ်ကို သာယာတဲ့မနက်ခင်းလေးမှာ ချရေးပြီးအသိပေးလိုက်ပါတယ်နော် ။ အားလုံးပဲကျန်းမာရွှင်လန်းပြီး လိုရာဆန္ဒပြည့်ဝပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။

ဆက်ဖတ်ချင်သေးရင်...

Tuesday, October 26, 2010

သူပေးတဲ့ဒဏ်ရာ

သစ် ဒီနေ့စာလေးနည်းနည်း ရေးချင်နေမိပါတယ် ။ ဒီတော့ သစ်ငယ်ငယ်က အကြောင်းတွေ ရေးမယ်စိတ်ကူးမိပါတယ် ။ သစ်တို့မိသားစုရန်ကုန်ရောက်စက သမိုင်းလမ်းဆုံမှာ သူများအိမ်တစ်ဝက်ကိုငှားပြီး နေခဲ့ပါတယ် ။ ၃နှစ်လောက်ကြာတယ်ဆိုပါတော့ ။ နောက်ပိုင်းအင်းစိန်ဘက်မှာ မြေကွက်ဝယ်ပြီး နေလာလိုက်တာခုဆို သစ်သစ်တစ်သက်တောင် ရှိခဲ့ပါပြီ ။ ပြောရမယ်ဆိုရင်တော့ တောမှာနေခဲ့တယ်ဆိုပါတော့ ဒီတော့ ရုပ်ရှင်သရုပ်ဆောင်တွေဆို အရမ်းတွေ့ဖူးချင်တာ မဆန်းပါဘူးလေ ။

တစ်ရက်ပေါ့ သစ်တို့၁အိမ်ကျော်မှာ နေတာက ကလေးသရုပ်ဆောင် အိသီရိလွင် နေပါတယ် ။ သူကရိုက်ကွင်းတွေသွား ပြန်လာရင် သစ်သစ်တို့ကို ရုပ်ရှင်မင်းသမီးအကြောင်းတွေပြော တမေ့တမောသွားနားထောင်ရတယ်ဆိုပါတော့ ။ ဒီတော့ သစ်ငယ်ငယ်လေးကတည်းက သဘောကျတဲ့ သရုပ်ဆောင်ကတော့ စိုးသူပါ ဆရာဝန်လည်းဖြစ် နာမည်လည်းကြီးဆိုတော့ အရမ်းကြိုက်ပါတယ် ။ ဒီလိုနဲ့ တနေ့သူငယ်ချင်းက သတင်းပေးပါတယ် လမ်းထိပ်က ဧကရီကျော်ကျော်ဆံပင်ညှပ်ဆိုင်ဖွင့်ပွဲမှာ စိုးသူ တင်နီလာဝင်း အခြားသရုပ်ဆောင်တွေလာမယ်ပေါ့နော် ။ ဒါပေမယ့်အဲ့အချိန်မှာ သစ်သစ်ကျူရှင်ချိန်နဲ့ကလည်း တိုက်နေတော့ မကြည့်ရတော့ဘူးဆိုပြီး အတော်ကိုဝမ်းနည်းပက်လက် ဖြစ်နေခဲ့ပါတယ် ။ ကျူရှင်ချိန်မှာလည်း အကြံတွေကထုတ်လို့ပေါ့ ။ ဒါနဲ့ကျူရှင်ပြန်တော့ လမ်းထိပ်ရောက်ချိန်မှာ လမ်းထဲကထွက်လာတဲ့ကားကြောင့် သစ်အိမ်ကဒရိုင်ဘာကြီးက ကားခဏရပ်လိုက်ပါတယ် ။ အဲ့အချိန်မှာ ရုပ်ရှင်သရုပ်ဆောင်တွေကားက ဖြတ်သွားတော့ စောင့်နေတဲ့လူအုပ်ကြီးက ဝေါခနဲပြေးလိုက်သွားတာ တွေ့လိုက်ပါတယ် ။ ဒါနဲ့ဘာမှမစဉ်းစားတော့ပဲ လွယ်အိတ်ကို ကားထဲထားခဲ့ပြီး ကားမောင်းတဲ့ဦးမောင်ထွန်းကို အမေ့ကိုပြောလိုက် မုန့်သွားစားတယ်ဆိုပြီး လမ်းထိပ်မှာပဲ ခုန်ဆင်းကျန်ခဲ့ပါတယ် ။

စည်းကမ်းကြီးတဲ့အမေရိုက်မှာကိုလည်း သိပါတယ် ။ ဒါပေမယ့် သစ်သစ်တစ်ယောက် စကတ်လေးဖလပ်ဖလပ်နဲ့ ကားနောက်ပြေးလိုက်ပါတယ် ။ လူအုပ်ကအရမ်းများတော့ တိုးမပေါက်ပါဘူး ။ သစ်သစ်အမ အပျိုတွေတသိုက်ကလည်း အဲ့လူအုပ်ထဲပါတာ မသိပါဘူး ။ အဲ့အချိန်စိုးသူကားက ပြေးနေတဲ့သစ်ဘေးမှာ စိုးသူထွက်ဖို့ရပ်လိုက်ပါတယ် ။ ၀မ်းသာအားရနဲ့စိုးသူကိုကြည့်မယ်ပြင်နေတုန်း လူအုပ်ကြီးနောက်ကပိပြီး သစ်သစ်မျက်နှာ စိုးသူကားရဲ့မှန်မှာကပ်နေပါတယ် ။ ရုန်းလို့လည်းမရ အော်လို့လည်းမရတော့ အသားကုန်အော်ငိုလိုက်ပါတယ် ။ သစ်သစ်အသံကတိုးလို့တောင်မပေါက်ပါဘူး ။ စိုးသူလည်းတံခါးဖွင့်မရပါဘူးလေ အဲ့အချိန်မီးသတ်သမားတွေက စိုးသူဆင်းဖို့လမ်းကြောင်းရှင်းတော့မှာ သစ်သစ်မယ်မျက်ရည်တွေနှပ်ချီးတွေ ဂျီးကြောင်းတွေနဲ့ ကားနားကခွာရပါတယ် ။ အဲ့နေ့က စိုးသူကသနားလို့ထင်ပါတယ် ရင်ထိုးလေးသစ်သစ်ကိုပေးသွားခဲ့တာ ခုထိရန်ကုန်အိမ်မှာ ရှိပါသေးတယ် ။ အဲ့အချိန်မှ သစ်သစ်အမကလည်း သစ်သစ်ကိုတွေ့ပြီး ငါ့ညီမလေးဆိုပြီး အိမ်ပြန်ခေါ်လာခဲ့ပါတယ် ။

ဘာပြောကောင်းမလဲ အမေကကြိမ်လုံးနဲ့ ခြံထိပ်ကစောင့်နေပြီး အသားကုန်ဆော်ပါတော့တယ် ။ သစ်သစ်အမခေါ်သွားတယ်ထင်ပြီး အမကိုပါဆော်ပါတယ် ။ အိမ်ကိုပတ်ပြေး ခြံထဲပတ်ပြေး အုန်းပင်ကြားတွေပတ်ပြေးနဲ့ အမေလည်းအတော်ညောင်းသွားပါတယ် ။ သစ်သစ်ကပြေးသာပြေးနေတာ ပါးစပ်ကလည်း အမေကစိုးသူဆီခေါ်သွားပေးလို့လား ကိုယ့်ဘာသာသွားကြည့်တာပဲ သမီးကစိုးသူလို အဆိုတော်ဆရာဝန်လုပ်ချင်တာ မျိုးစုံရွတ်ပြီး အော်ငိုနေတော့ လိုက်ဆွဲတဲ့ ကားမောင်းတဲ့ဦးမောင်ထွန်းမှာ ခုထိသစ်ကိုတွေ့ရင် ပြောမဆုံးသေးပါဘူး ။ တကယ်ဆိုးတဲ့သစ်သစ်ပါ..... ဟိ။ နောက်အပျိုပေါက်ဖြစ်လာတော့ ကျောင်းနားက စီအိုင်ဒီထဲမှာ ဒွေး ရုပ်ရှင်လာရိုက်လို့ သွားကြည့်တဲ့အကြောင်း ထပ်ရေးပါဦးမယ် ။ သေချာတာကတော့ သစ်ငယ်စဉ်ကအလွန်တရာ ကွန်ပလိန်းတက်တဲ့သူဆိုတာ ငယ်ဘ၀မှတ်တမ်းတွေကြည့်လို့ သိနိုင်ပါတယ် ။ ခုတော့လည်း အဲဒီငယ်စဉ်အချိန်လေးတွေ တကယ်ကိုပြန်လိုချင်နေမိပါတယ် ။ သတိရတယ်ကွယ်.......

ဆက်ဖတ်ချင်သေးရင်...

Wednesday, October 13, 2010

ကိုယ်မင်းကိုသိပ်ချစ်ပါတယ်

ဒီနေ့ သစ်သစ်တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ် ။ သစ်သစ် သူပြန်မယ်ဆိုတာ သိပေမယ့် တကယ်ပြန်မယ့်နေ့ကို ရင်မဆိုင်ရဲခဲ့ပါဘူး ။ အမြဲလိုလိုလည်း ရှောင်နေမိတယ် သူမပြန်ဖြစ်တော့ဘူးလို့ ပြောမှာကိုနေ့စဉ်လိုလားစွာ တောင်းတမိခဲ့တယ် ။ သစ်ဆုတောင်းမပြည့်ခဲ့ဘူးလို့ ဆိုရမယ် ဒီနေ့ညနေ သူအော့ဖ်လိုင်းလေးနဲ့ သူစနေနေ့ပြန်တော့မယ်တဲ့လေ ။ သစ်ကြိုတင်မျှော်လင့်ထားပေမယ့် တကယ်တမ်းကျတော့ မျက်ရည်တွေတားဆီးမရစွာ စီးကျလာခဲ့ပြန်တယ် ။

ရုံးဆင်းဆင်းချင်းဖုန်းတွေဆက်တိုက် ခေါ်ပေမယ့် သူမကိုင်တော့ပါဘူး သစ် သူ့အသံကိုတောင် ကြားခွင့်မရှိတော့ဘူးလား ဘုရားရေ သူမနေ့ညက သစ်ကိုဖုန်းဆက်သေးတယ် အဲ့အချိန်မှာသစ်စာသင်ခန်းထဲရောက်နေတော့ သူ့ဆီကိုအလွယ်တကူ မရောက်ခဲ့ဘူး ။ နောက်ဆုံးဆိုတာသိခဲ့ရင် သစ်အတန်းဖျက်ခဲ့မိမှာ သေချာတယ် ။ သစ်သူ့ကိုသိပ်တွေ့ချင်တယ် သူ့ကို သစ်မပြောလိုက်ရတဲ့ စကားလုံးများစွာ ရှိနေသေးတယ် ။ သူလိုအပ်ချိန်မှာ သစ်တာဝန်မကျေခဲ့ဘူး သူငယ်ချင်းကောင်းတစ်ယောက် မဖြစ်ခဲ့မိဘူး ။ နာကျင်မှုတွေလူးလှိမ့်ခံစားနေရတဲ့ကြားက သစ်ပူလောင်နေချိန်မှာ သူအရောက်လာခဲ့တယ် သစ်ကိုအားပေးခဲ့တယ် သစ်အတွက်အကောင်းဆုံးဖြစ်အောင် သူလုပ်ပေးခဲ့တယ် ။ သစ်လောက်မိုက်မဲတဲ့သူရှိပါဦးမလား နောင်ဘယ်အချိန်ဆုံမှာ မသိနိုင်တော့တဲ့သူတစ်ယောက်ကို သစ်လစ်ဟင်းမှုတွေရှိခဲ့တယ် ။ တောင်းပန်ပါတယ် သူငယ်ချင်းလေးရယ် သစ်ကိုဘယ်တော့မှခွင့်မလွှတ်ပါနဲ့ ။ သစ်ဘ၀မှာမင်းနဲ့ဖုန်းပြောခဲ့ရတဲ့ညတွေကို ဘယ်တော့မှမေ့နိုင်တော့မယ် မထင်ပါဘူး ။

သစ်ဒီနေ့သင်တန်းကပြန်လာတော့ စဉ်းစားမိတယ် ကိုယ်မင်းနဲ့စတွေ့ခဲ့တဲ့နေ့လေးကိုပေါ့ ။ တောင်တက်ဖို့လူတွေစုတော့ မင်းဆိုတာဘယ်သူမှန်းမသိဘူး ဒါပေမယ့်ဖုန်းတွေကဆက်နေတော့ အသံကိုမှတ်မိနေတယ် ။ အမြဲတမ်းသစ်ကလေးလို့ ခေါ်တတ်တဲ့ခေါ်နေသံကိုလည်းမှတ်မိနေခဲ့တယ် ။ သူငယ်ချင်းတွေ ဂရုဏာဒေါသတွေနဲ့ပြောသမျှကို ပန်းနဲ့ပေါက်သလိုမင်းခံယူခဲ့ဘူးတယ် ။ ဘယ်သူတွေဘာပြောပြော မင်းလုပ်ချင်ရာကိုယ်ပဲလုပ်ခဲ့တဲ့ တဇွတ်ထိုးစိတ်လေးကိုလည်း ကိုယ်ရိပ်မိခဲ့တယ် ။ မင်းရင်ထဲကဝေဒနာတွေကို သူငယ်ချင်းတွေကိုမသိစေခဲ့ဘူး ။ တို့တွေအတူတူကျောင်းဝင်ခွင့်တွေဖြေခဲ့ဘူးတယ် ထမင်းတွေအတူစားခဲ့ဘူးတယ် ခြင်္သေ့ကြီးနားမှာ မျိုးနဲ့အတူတူ စကားတွေများစွာပြောခဲ့ဘူးတယ် ။ မရေရာတဲ့အနာဂတ်တွေထဲမှာ ကိုယ်တို့တွေအတူ လမ်းလျှောက်ခဲ့ဘူးတယ် ။ သူငယ်ချင်းရယ် ခုချိန်မှာကိုယ်ရေးနေတဲ့စာထက် ပြောချင်တာများစွာရှိခဲ့တယ် ။

ဘ၀မှာကျဆုံးချိန် နာကျင်ရချိန် ၀မ်းနည်းနေရချိန်တွေများစွာ ရှိပါတယ် ။ သစ်ကိုယ်တိုင်လည်း မတူရင်တောင် ထပ်တူနီးပါးဒီလိုမျိုးတွေ ဖြစ်ခဲ့ဘူးတယ် ။ ခုချိန်ထိလည်း သစ်ရပ်တည်ဖို့ စဉ်းစားနေခဲ့တယ် ။ ဒါပေမယ့် သစ် မင်းလို မဆုံးဖြတ်ရဲခဲ့ဘူး မပြတ်သားခဲ့ဘူး မဖြစ်သင့်ဘူးဆိုတာ သိပေမယ့် ကိုယ့်ရင်ထဲက မင်းဆုံးဖြတ်ချက်ကို တိတ်တခိုး အားကျနေခဲ့မိတယ် ။ နာကျင်မှုတွေထဲမှာ ဖော်ပြလို့မရတဲ့ ဒီခံစားမှုမျိုးကို သစ်နားလည်တယ်ဆိုရင် မင်းယုံမယ်မထင်ဘူး ။ တချိန်မင်းပြန်လာခဲ့ရင် လူသစ်စိတ်သစ်ဘ၀သစ်မှာ ပျော်ရွှင်တက်ကြွတဲ့သူတစ်ယောက် အဖြစ် သစ်မျှော်လင့်မိပါတယ် ။ ၉. ၁၀. ၂၀၁၀ ညက မင်းပြောခဲ့တဲ့စကားလုံးတွေကို ကိုယ့်ရင်ထဲမှာတစ်သက်လုံးမှတ်ထားပါ့မယ် ။ မင်းထွက်ခွာမသွားခင်မှာ တစ်ခုလောက်တော့မှတ်သွားပေးပါနော် ကိုယ် မင်းကိုသိပ်ချစ်ပါတယ် သူငယ်ချင်းရယ်...... ။

ဆက်ဖတ်ချင်သေးရင်...

Tuesday, August 31, 2010

ပျက်ကွက်မိတဲ့ကိုယ်

သစ်မနေ့က သင်တန်းကပြန်ရောက်တော့ အင်တာနက်ဖွင့်ပြီး မေးလ်စစ်ဖြစ်ပါတယ် ။ အဲ့အချိန်မှာ သစ်သူငယ်ချင်းက ရန်ကုန်ကနေ ဆရာ့ဆီဖုန်းဆက်လိုက်ဦး နင်တို့ကိုသတိရနေတယ်လို့ ပြောတော့ သစ်ဆရာ့ဆီဖုန်းဆက်ဖြစ်ခဲ့တယ် ။ အလုပ်တွေနဲ့ မေ့လျော့ပြီးဆရာ့ဆီ ဖုန်းမဆက်ဖြစ်ခဲ့တာ ခုဆို ၁လကျော်တောင်ရှိနေပါပေါ့လားဆိုပြီး ကိုယ့်ဘာသာလဲအပြစ်တင်မိတယ် ။

ဆရာကဖုန်းကိုင်တာနဲ့ကို နေကောင်းလားလို့သူက စမေးခဲ့ပါတယ် ။ နောက်ဖုန်းမဆက်ကြလို့ စိတ်ပူနေကြောင်း ၇န်ကုန်ကသစ်တို့မိဘတွေဆီကိုတောင် ဒီလကုန်ဆိုဆက်သွယ်မေးမြန်းမလို့ စဉ်းစားထားကြောင်း ဆက်တိုက်ဆိုသလို ပြောတော့တာပဲလေ ။ သစ်လည်းဆရာ့ကိုတောင်းပန်ရင်း ဆရာ့မေမေ ကြီးကြီးနေမကောင်းတာ သိခဲ့၇တယ် ။ အရင်ကဆို ဆေးခန်းလိုက်ပို့ ဆေးသောက်တာကအစ သတိတွေပေးပြီး သစ်တို့ဆွေမျိုးအရင်းတွေလို နေခဲ့တာကို ဆရာလည်းသတိရသလို သစ်ကိုယ်တိုင်လည်း ပြန်လည်သတိရမိပါတယ် ။

သစ်တို့ဆရာက စိတ်ထားသိပ်ကိုကောင်းပါတယ် ။ သူ့ကိုဒေါသကြီးမယ်ထင်ထားခဲ့တာ သူ့စိတ်ရင်းမှန်ကိုသိသွားရင် တော်တော်လေး လေးစားမိပါတယ် ။ ဆရာကသူများကိုတိုက်ခိုက်တယ်မရှိပဲ သူများတွေကသာ ဆရာ့ကိုတိုက်ခိုက်တိုင်း ရေငုံနှုတ်ပိတ်နေခဲ့တဲ့ဆရာလေ ။ ဆရာကသစ်တို့ဖုန်းလာရင် သူရင်ဖွင့်စရာရှိတာတွေ ဆက်တိုက်ပြောတော့တာပဲ ။ အထပ်မြင့်ပရောဂျက်တွေများလို့ ခုတလောသူတော်တော်လေးပင်ပန်းကြောင်း ဒါ့အပြင် ဆရာခန့်ထားတဲ့သူတွေကလည်း စင်္ကာပူကိုအလုပ်သွားလုပ်ဖို့ ကြိုးစားနေကြကြောင်း သစ်တို့၎ယောက်ထွက်သွားပြီးကတည်းက ခုထိမတည်ငြိမ်သေးကြောင်း ပြောတော့သစ်တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ် ။ ဒါပေမယ့်ကိုယ်တိုင်ကလည်း ဒီဖော်မြူလာအတိုင်း ထွက်လာခဲ့တဲ့သူဆိုတော့ ဆရာ့ကိုနှစ်သိမ့်စရာ စကားလုံးရုတ်တရက်ရှာဖွေမတွေ့ခဲ့ပါဘူး ။

သစ်တို့ထွက်တော့ ဆရာပြောတဲ့စကားလေးတစ်ခွန်း သစ်အမြဲအမှတ်ရပါတယ် ။ ဒီ၎ယောက်ထွက်သွားတာ ကျွန်တော့လက်တွေပြုတ်သွားသလိုပါပဲဗျာ ဆိုတာပေါ့ ။ ခုတော့တယောက်တည်း ဘာမဆိုဝင်လုပ်နေရတော့ ဆရာလည်းပိုပင်ပန်းတာပေါ့လေ ။ ဆရာ့အီးမေးလ်ကို ဟိုစစ်ဒီစစ်လုပ်တော့ မေးသမျှကို ဆရာကဖြေရှာပါတယ် အမြဲရိုးရှင်းတဲ့ ဆရာ့စတိုင်ပဲလေ သစ်တို့စစ်ပြီမေးပြီဆို သေချာဖြေတယ် နောက်မှသစ်တို့ကနောက်တာဆို ရီနေတတ်တယ်လေ ။ သစ်တို့ပြန်လာပြီဆို ဘယ်သွားမလဲ ဘာလုပ်ချင်လည်း ဘာစားချင်လဲဆိုပြီး ကားတစ်စီးနဲ့လိုက်နေတတ်တဲ့ဆရာလေ ။ သူ့စိတ်ထဲရှိတာတွေ ပြောဆိုတတ်တဲ့သူပေါ့ ။ သစ်တို့ပြန်လာရင် သူဘယ်လိုတွေလုပ်မယ်ဆိုတဲ့ပလန်တွေ အားတက်သရောပြောပြနေရင် သစ်တို့ကဘယ်ချိန်ပြန်လာမယ်ဆိုတာ တိကျစွာမပြောနိုင်တော့ ဆရာ့ကိုယ်တောင်ပြန်ပြီး အားနာရပါသေးတယ် ။ဘာပဲဖြစ်ဖြစ် သစ်ဖုန်းဆက်ချိန်ခဏလေးမှာ ဆရာတဒင်္ဂပျော်ရွှင်သွားတယ်ဆိုရင် သစ်ကျေနပ်ပါတယ် ။ ဒါတောင် မိနစ်၂၀လောက်ပဲပြောရသေးတယ် ဖုန်းဖိုးတွေဈေးကြီးတယ် နေကောင်းအသံကြားရင်ကျေနပ်ပြီ သူ့ကိုအဆက်အသွယ်မဖြတ်ပါနဲ့ ၅မိနစ်လောက်ပြောရရင်ကို ကျေနပ်ပါပြီတဲ့လေ ။ ဆရာပြောတဲ့စကားတွေကို စိတ်မကောင်းဖြစ်ရသလို ပျက်ကွက်မိတဲ့ကိုယ့်ကိုယ်ကိုလည်း........ ။

ဆက်ဖတ်ချင်သေးရင်...

Friday, August 20, 2010

August လရဲ့အတင်းများ

စာမရေးတာကြာလို့ သစ်ကိုမေ့နေကြပြီထင်ပါတယ် ။ စာရေးဖို့ကုန်ကြမ်းတွေ ရှိပေမယ့် ကိုယ်ရေးတာသူများမှာ တခုခုထိခိုက်စေမလားဆိုပြီး မရေးဖြစ်တာနဲ့ကို ဘလော့ဘက်ခြေလှမ်းမလှည့်ဖြစ်တော့ပါဘူး ။ ခုတော့လည်း ထုံးစံအတိုင်း ကိုယ့်အကြောင်းကိုရေးတာပဲ ဆင်ဆာလွတ်တယ်လေ ။ သစ်နေမကောင်းတပတ်လောက်ဖြစ်ပြီးတော့ ဘလော့လည်းမဖတ်ဖြစ် ရေးလည်းမရေးဖြစ်ပဲ အလုပ်ဘက်အာရုံများနေတာ ခုဆို၁လနီးပါးလောက်ရှိပြီထင်ပါတယ် ။

ဘာလိုလိုနဲ့ ၂၀၁၀ ဆိုတဲ့နှစ်တစ်နှစ်တောင် အဆုံးသတ်ဖို့နီးလာခဲ့ပြီပဲ ။ ဒီပို့စ်ကိုမရေးမီ ၂၀၀၉ကုန်ခါနီးတုန်းက သစ်ရေးခဲ့ဘူးတဲ့ ၂၀၁၀မှာဘာလုပ်မယ်ဆိုတဲ့ ရည်မှန်းချက်တွေပြန်ဖတ်မိပါတယ် ။ ၃ခုလောက်ပဲအကောင်အထည်ဖော်နိုင်ခဲ့ပါတယ် ။ သစ်ကိုယ်တိုင်ပဲညံ့နေလို့လား ကံပဲမကောင်းလို့လားတော့မသိပါဘူး ပညာရေးနဲ့သစ်ကအကျိုးမပေးဘူးထင်ပါတယ် ကျောင်းတက်ဖို့ကြိုးစားတယ် အဆင်မပြေခဲ့ပါဘူး နောက်အခါအခွင့်သင့်ရင် ထပ်ကြိုးစားဖို့ဆန္ဒရှိပါတယ် ။ မထင်မှတ်ပဲလုပ်ဖြစ်တာက သင်တန်းတစ်ခုတက်ဖြစ်ခဲ့ပါတယ် ။ အချိန်တစ်ခုပေးရပါတယ် အကျိုးရလာဒ်ကတော့ ပထမဆုံးသစ်မိဘတွေ သိပ်ဝမ်းသာပါတယ် ၊ နောက်တစ်ခုကတော့ အရင်ကကိုက်ခဲထိုင်းမှိုင်းနေတတ်တဲ့ သစ်သစ်ခုဆိုတော်တော်လေးနေရတာ အဆင်ပြေလာပါပြီ ကိုယ်တိုင်လည်းယုံကြည်မှုတွေတိုးလာသလို ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ဆန္ဒအတိုင်းတတ်နိုင်သလောက် ဘောင်ဝင်အောင်ကြိုးစားနေပါတယ် ။ ရေရှည်လုပ်ကိုင်ရမယ့် ကိစ္စဖြစ်နေတော့ ကိုယ့်စိတ်ကိုမလောဖို့ ထိန်းချုပ်နေရပါတယ် ။ ဒီကြားထဲဝေဖန်တိုက်ခိုက်မှုတွေကို အပြုံးမပျက်ပဲနေတတ်အောင်လည်း ကြိုးစားခဲ့ရတာပေါ့ ။ ဘာပဲဖြစ်ဖြစ်၂လဆိုတဲ့အတိုင်းအတာအတွင်းမှာ သစ်သစ်ကျေနပ်ပါတယ် ။

နောက်တစ်ခုကျေနပ်စရာကတော့ သစ်မိဘတွေ နေကောင်းကျန်းမာလို့ သစ်နေထိုင်လုပ်ကိုင်ရတာ တော်တော်လေးစိတ်ချမ်းသာပါတယ် ။ ဒီ့အတွက်လည်း မိဘတွေကိုသစ်သိပ်ကျေးဇူးတင်ပါတယ် ။ ဒီလပိုင်းအတွင်းမှာ ကံကောင်းတာတစ်ခုက သစ်အလုပ်မှာတော်တော်လေးကံကောင်းပါတယ် ပြောချင်တာကတော့ သစ်လုပ်ချင်တဲ့ပရော့ဂျက်တစ်ခုကို ကိုယ်တိုင်အောက်ခြေကစလို့ လုပ်ခွင့်ရပါတယ် ။ ကိုယ့်လုပ်ကိုင်ပုံတွေကိုယုံကြည်လို့ လုပ်ခွင့်ရတယ်ဆိုပြီး အကောင်းဆုံးလုပ်ဖို့ စိတ်ရောကိုယ်ပါအလုပ်ထဲ နှစ်မြှုပ်ပြီးအချိန်တွေကုန်ဆုံးနေပါတယ် ။ ဒီလိုကျတော့လည်း လုပ်ငန်းခွင်ကပျော်စရာကောင်းနေပြန်ရောလေ ။ တဖက်ကလည်း နေထိုင်ခွင့်သက်တမ်းတိုးဖို့နီးလာပြန်ပြီလေ အမျိုးမျိုးကြားနေရတဲ့အချိန်ဆိုတော့ အဆင်ပြေပါ့မလားစိုးထိတ်မိပါတယ် ။ ၂၀၁၀မှာရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေထဲက နောက်ဆုံးတစ်ခုလို့ပြောလဲရပါတယ် ။ သစ်သစ်ကတခုခုဆိုကံပေါ့လို့ စိတ်ထဲမထားတတ်တော့ ကိစ္စတစ်ခုလုပ်မယ်ဆိုတာနဲ့ စိတ်ထဲတိုက်ပွဲတစ်ခုလို သဘောထားတတ်နေခဲ့တာကြာပါပြီ ။ အဆင်မပြေရင် ကိုယ်ဘာမှားခဲ့လည်း ပြန်စဉ်းစားတွေးခေါ်တတ်လာတာကတော့ ကောင်းတဲ့ရလာဒ်တစ်ခုပါ ။

လူတိုင်းကိုယ့်အပူနဲ့ကိုယ် ကိုယ့်အလုပ်တွေနဲ့ကိုယ် ရှုတ်နေတော့ သစ်တို့အဖွဲ့တွေ စုပေါင်းမဆုံတွေ့ဖြစ်တာလဲ ကြာခဲ့ပါပြီ ။ ဒီလပိုင်းတွေမှာ တစ်ကြိမ်လောက်ထပ်တွေ့နိုင်အောင် ကြိုးစားရပါဦးမယ် ။ နောက်ဆုံးစီဘောက်မှာတောင် စကားကောင်းကောင်းမပြောနိုင်ကြပါဘူး ။ ထောလေးတို့ချယ်တို့ အလုပ်များနေသလို ညညတို့နိုမိုတို့လည်း ရုံးမှာအင်တာနက်သုံးမရပါဘူး မျိုးတို့မေလေးတို့လည်း နှစ်လည်စာရင်းရှင်းတမ်းတွေနဲ့ အလုပ်များနေသလို ဗစ်တစ်ယောက်ကလည်း ၂၄နာရီဂျူတီနဲ့ပတ်ချာလည်နေပါတယ် ။ အားလုံးကစိတ်ထဲမှာတော့ သတိရနေကြပါတယ် မက်ဆေ့လေးတွေပို့လို့ အဆက်အသွယ်မပြတ်အောင် အတတ်နိုင်ဆုံးနေကြပါတယ် ။ အရင်ချိန်တွေလွမ်းသလို အခုလိုမအားတဲ့အချိန်တွေကိုလည်း နားလည်မှုပေးရတာပေါ့ ။ နှစ်ကုန်နိုဝင်ဘာ ၊ ဒီဇင်ဘာလောက်ကျရင်တော့ စုပေါင်းပြီးတခုခုလုပ်ဖို့ စဉ်းစားထားပါတယ် ။ အားလုံးသဘောတူကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ် ။

နောက်ဆုံးတစ်ခုကတော့ အခုနောက်ပိုင်းအရမ်းဆိုးတဲ့ သစ်ကိုနားလည်မှုအပြည့်နဲ့ စိတ်ရှည်သီးခံတဲ့ချစ်သူကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ် ။ သူကိုယ်တိုင်လည်းအလုပ်တွေများပေမယ့် သစ်အပေါ်ဂရုတစ်စိုက်အချိန်တွေပေးတဲ့ အတွက်လည်းထပ်ဆင့် ကျေးဇူးတင်လျှက်ပါ ။ ရည်မှန်းချက်ကိုယ်စီနဲ့ အချိန်တွေကိုဖြတ်သန်းရင်း သစ်တို့၂ယောက်နီးစပ်ဖို့ အချိန်တွေလည်း မဝေးတော့ပါဘူးလို့ သတင်းကောင်းပြောရင်း သြဂုတ်လကိုဒီပို့စ်လေးနဲ့ နှုတ်ဆက်လိုက်ချင်ပါတယ် ။ အားလုံးပဲကျန်းမာရွှင်လန်းစွာနဲ့ အချိန်တွေကိုဖြတ်သန်းနိုင်ပါစေလို့ သစ်ဆုတောင်းပေးလိုက်ပါတယ်နော် ။

ဆက်ဖတ်ချင်သေးရင်...

Wednesday, August 4, 2010

ရင်ကိုလှုပ်ခတ်စေသော သီချင်းများ

နေ့ရက်တွေတိုင်း နားထောင်ဖြစ်ပြန်ပြီ...





ဆက်ဖတ်ချင်သေးရင်...

Monday, August 2, 2010

လူဖြစ်ရတဲ့ဒုက္ခ

ဒီအပတ်စာမရေးတာ နည်းနည်းကြာသွားတယ် ။ နောက်ဒီအပတ်မှာ နေမကောင်းတော်တော်ဖြစ်တယ် ။ ခေါင်းတွေအမြဲလိုလိုမူးနေတယ် ရိပ်တိတ်တိတ်နဲ့ နီးလာပြီထင်ပါတယ်လေ ။ စာရေးဖို့မဆိုထားနဲ့ ဘလော့တောင်မဖွင့်ဖြစ်တဲ့ရက်တွေ ရှိလာပြီ ။ ပျက်ကွက်တာတွေများလာပြီ ဆိုပါတော့လေ ။ ဇူလိုင်လတစ်လလုံးခြုံပြီးသုံးသပ်ရရင် တော်တော်လေးကံကောင်းတယ် ပြောရမယ် ။ အလုပ်အကိုင် ၊ စီးပွားရေး၊ လူမှုရေး အကုန်ပါပဲံလေ မကောင်းတာကျန်းမာရေးတစ်ခုပဲ အဲမှာတခုသိသွားခဲ့တယ် လူတစ်ယောက်ဟာဘယ်လောက်ပဲ အောင်မြင်နေပါစေ ကျန်းမာရေးမကောင်းရင် ဘာမှလိုချင်စိတ်မရှိတော့ပါဘူး ။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတာ သွေးထွက်အောင်မှန်တာ ကိုယ်တွေ့သိလိုက်ပြန်ပြီလေ ။

အစဉ်အမြဲမူးဝေနေတဲ့ ဒီခေါင်းကိုတူနဲ့တောင် ရိုက်ခွဲချင်တဲ့စိတ် ဖြစ်မိတယ် ။ မိုးလင်းလို့ကုတင်ပေါ်ကဆင်းလိုက်တာနဲ့ မိုက်ခနဲဖြစ်သွားတာ စိတ်ကစပြီးမကြည့်တော့ဘူးလေ ။ အလုပ်သွားလမ်းတလျှောက် မြင်နေတာတွေ တကယ့်ကိုမှုံဝါးဝါးပဲ စက်လှေခါးစီးရင်တောင် မူးလာတာ သစ်တစ်ခါမှဒီလိုမဖြစ်ဘူးတော့ စိတ်ထဲကလဲလန့်နေမိတယ် ။ ဘယ်နေရာမှာများ လဲကျနေမလဲပေါ့ဆိုပြီး စိုးရိမ်မိတယ် ။ အလုပ်မသွားပဲ တစ်ရက်နားကြည့်တယ် အဆင်မပြေဘူး နောက်နေ့ဆေးခန်းသွားတယ် သောက်ဆေး၁၀ရက်စာသောက်ခိုင်းထားတယ် သောက်လိုက်ရင်ကောင်းတယ် နောက်ပြန်မူးတာပဲ မအိုကေပြန်ဘူး ။ ခုဆိုနားထဲကတောင်လေထွက်ပြီး အိပ်လို့မရလို့ဒီပို့စ်ကိုထရေးနေတယ် မူးနောက်နောက်နဲ့ရေးနေတော့ စာတွေကလည်းပေတိပေကြောင်ပေါ့ ။

လူကနေမကောင်းတော့ စိတ်ကတောင်ရောက်မြောက်ရောက်လေ လုပ်ဖို့မဖြစ်သေးတာတွေ လုပ်နေဆဲအလုပ်တွေ လုပ်ပေးစရာလေးတွေ မလုပ်ပေးလိုက်ရမှာ သိပ်စိတ်ပူမိတယ် ။ ငါ ဒီအချိန်မှာတခုခုဖြစ်သွားရင်ဆိုတဲ့ အတွေးဆိုးမျိုးတွေရော ဂယောင်ခြောက်ခြားတွေးနေမိတယ် ။ ငါတာဝန်ကျေရဲ့လားဆိုပြီး အထပ်ထပ်စဉ်းစားနေမိတယ် ။ မျက်စိကိုအတင်းဇွတ်မှိတ်အိပ်လည်း အဆင်မပြေ ဘုရားရှိခိုး ပုတီးလေးစိတ်တော့လည်း မတည်ငြိမ် အော် ...လူဖြစ်ရတဲ့ဒုက္ခ ကြီးလေစွပါတကား.......။

ဆက်ဖတ်ချင်သေးရင်...