Friday, August 20, 2010

August လရဲ့အတင်းများ

စာမရေးတာကြာလို့ သစ်ကိုမေ့နေကြပြီထင်ပါတယ် ။ စာရေးဖို့ကုန်ကြမ်းတွေ ရှိပေမယ့် ကိုယ်ရေးတာသူများမှာ တခုခုထိခိုက်စေမလားဆိုပြီး မရေးဖြစ်တာနဲ့ကို ဘလော့ဘက်ခြေလှမ်းမလှည့်ဖြစ်တော့ပါဘူး ။ ခုတော့လည်း ထုံးစံအတိုင်း ကိုယ့်အကြောင်းကိုရေးတာပဲ ဆင်ဆာလွတ်တယ်လေ ။ သစ်နေမကောင်းတပတ်လောက်ဖြစ်ပြီးတော့ ဘလော့လည်းမဖတ်ဖြစ် ရေးလည်းမရေးဖြစ်ပဲ အလုပ်ဘက်အာရုံများနေတာ ခုဆို၁လနီးပါးလောက်ရှိပြီထင်ပါတယ် ။

ဘာလိုလိုနဲ့ ၂၀၁၀ ဆိုတဲ့နှစ်တစ်နှစ်တောင် အဆုံးသတ်ဖို့နီးလာခဲ့ပြီပဲ ။ ဒီပို့စ်ကိုမရေးမီ ၂၀၀၉ကုန်ခါနီးတုန်းက သစ်ရေးခဲ့ဘူးတဲ့ ၂၀၁၀မှာဘာလုပ်မယ်ဆိုတဲ့ ရည်မှန်းချက်တွေပြန်ဖတ်မိပါတယ် ။ ၃ခုလောက်ပဲအကောင်အထည်ဖော်နိုင်ခဲ့ပါတယ် ။ သစ်ကိုယ်တိုင်ပဲညံ့နေလို့လား ကံပဲမကောင်းလို့လားတော့မသိပါဘူး ပညာရေးနဲ့သစ်ကအကျိုးမပေးဘူးထင်ပါတယ် ကျောင်းတက်ဖို့ကြိုးစားတယ် အဆင်မပြေခဲ့ပါဘူး နောက်အခါအခွင့်သင့်ရင် ထပ်ကြိုးစားဖို့ဆန္ဒရှိပါတယ် ။ မထင်မှတ်ပဲလုပ်ဖြစ်တာက သင်တန်းတစ်ခုတက်ဖြစ်ခဲ့ပါတယ် ။ အချိန်တစ်ခုပေးရပါတယ် အကျိုးရလာဒ်ကတော့ ပထမဆုံးသစ်မိဘတွေ သိပ်ဝမ်းသာပါတယ် ၊ နောက်တစ်ခုကတော့ အရင်ကကိုက်ခဲထိုင်းမှိုင်းနေတတ်တဲ့ သစ်သစ်ခုဆိုတော်တော်လေးနေရတာ အဆင်ပြေလာပါပြီ ကိုယ်တိုင်လည်းယုံကြည်မှုတွေတိုးလာသလို ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ဆန္ဒအတိုင်းတတ်နိုင်သလောက် ဘောင်ဝင်အောင်ကြိုးစားနေပါတယ် ။ ရေရှည်လုပ်ကိုင်ရမယ့် ကိစ္စဖြစ်နေတော့ ကိုယ့်စိတ်ကိုမလောဖို့ ထိန်းချုပ်နေရပါတယ် ။ ဒီကြားထဲဝေဖန်တိုက်ခိုက်မှုတွေကို အပြုံးမပျက်ပဲနေတတ်အောင်လည်း ကြိုးစားခဲ့ရတာပေါ့ ။ ဘာပဲဖြစ်ဖြစ်၂လဆိုတဲ့အတိုင်းအတာအတွင်းမှာ သစ်သစ်ကျေနပ်ပါတယ် ။

နောက်တစ်ခုကျေနပ်စရာကတော့ သစ်မိဘတွေ နေကောင်းကျန်းမာလို့ သစ်နေထိုင်လုပ်ကိုင်ရတာ တော်တော်လေးစိတ်ချမ်းသာပါတယ် ။ ဒီ့အတွက်လည်း မိဘတွေကိုသစ်သိပ်ကျေးဇူးတင်ပါတယ် ။ ဒီလပိုင်းအတွင်းမှာ ကံကောင်းတာတစ်ခုက သစ်အလုပ်မှာတော်တော်လေးကံကောင်းပါတယ် ပြောချင်တာကတော့ သစ်လုပ်ချင်တဲ့ပရော့ဂျက်တစ်ခုကို ကိုယ်တိုင်အောက်ခြေကစလို့ လုပ်ခွင့်ရပါတယ် ။ ကိုယ့်လုပ်ကိုင်ပုံတွေကိုယုံကြည်လို့ လုပ်ခွင့်ရတယ်ဆိုပြီး အကောင်းဆုံးလုပ်ဖို့ စိတ်ရောကိုယ်ပါအလုပ်ထဲ နှစ်မြှုပ်ပြီးအချိန်တွေကုန်ဆုံးနေပါတယ် ။ ဒီလိုကျတော့လည်း လုပ်ငန်းခွင်ကပျော်စရာကောင်းနေပြန်ရောလေ ။ တဖက်ကလည်း နေထိုင်ခွင့်သက်တမ်းတိုးဖို့နီးလာပြန်ပြီလေ အမျိုးမျိုးကြားနေရတဲ့အချိန်ဆိုတော့ အဆင်ပြေပါ့မလားစိုးထိတ်မိပါတယ် ။ ၂၀၁၀မှာရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေထဲက နောက်ဆုံးတစ်ခုလို့ပြောလဲရပါတယ် ။ သစ်သစ်ကတခုခုဆိုကံပေါ့လို့ စိတ်ထဲမထားတတ်တော့ ကိစ္စတစ်ခုလုပ်မယ်ဆိုတာနဲ့ စိတ်ထဲတိုက်ပွဲတစ်ခုလို သဘောထားတတ်နေခဲ့တာကြာပါပြီ ။ အဆင်မပြေရင် ကိုယ်ဘာမှားခဲ့လည်း ပြန်စဉ်းစားတွေးခေါ်တတ်လာတာကတော့ ကောင်းတဲ့ရလာဒ်တစ်ခုပါ ။

လူတိုင်းကိုယ့်အပူနဲ့ကိုယ် ကိုယ့်အလုပ်တွေနဲ့ကိုယ် ရှုတ်နေတော့ သစ်တို့အဖွဲ့တွေ စုပေါင်းမဆုံတွေ့ဖြစ်တာလဲ ကြာခဲ့ပါပြီ ။ ဒီလပိုင်းတွေမှာ တစ်ကြိမ်လောက်ထပ်တွေ့နိုင်အောင် ကြိုးစားရပါဦးမယ် ။ နောက်ဆုံးစီဘောက်မှာတောင် စကားကောင်းကောင်းမပြောနိုင်ကြပါဘူး ။ ထောလေးတို့ချယ်တို့ အလုပ်များနေသလို ညညတို့နိုမိုတို့လည်း ရုံးမှာအင်တာနက်သုံးမရပါဘူး မျိုးတို့မေလေးတို့လည်း နှစ်လည်စာရင်းရှင်းတမ်းတွေနဲ့ အလုပ်များနေသလို ဗစ်တစ်ယောက်ကလည်း ၂၄နာရီဂျူတီနဲ့ပတ်ချာလည်နေပါတယ် ။ အားလုံးကစိတ်ထဲမှာတော့ သတိရနေကြပါတယ် မက်ဆေ့လေးတွေပို့လို့ အဆက်အသွယ်မပြတ်အောင် အတတ်နိုင်ဆုံးနေကြပါတယ် ။ အရင်ချိန်တွေလွမ်းသလို အခုလိုမအားတဲ့အချိန်တွေကိုလည်း နားလည်မှုပေးရတာပေါ့ ။ နှစ်ကုန်နိုဝင်ဘာ ၊ ဒီဇင်ဘာလောက်ကျရင်တော့ စုပေါင်းပြီးတခုခုလုပ်ဖို့ စဉ်းစားထားပါတယ် ။ အားလုံးသဘောတူကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ် ။

နောက်ဆုံးတစ်ခုကတော့ အခုနောက်ပိုင်းအရမ်းဆိုးတဲ့ သစ်ကိုနားလည်မှုအပြည့်နဲ့ စိတ်ရှည်သီးခံတဲ့ချစ်သူကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ် ။ သူကိုယ်တိုင်လည်းအလုပ်တွေများပေမယ့် သစ်အပေါ်ဂရုတစ်စိုက်အချိန်တွေပေးတဲ့ အတွက်လည်းထပ်ဆင့် ကျေးဇူးတင်လျှက်ပါ ။ ရည်မှန်းချက်ကိုယ်စီနဲ့ အချိန်တွေကိုဖြတ်သန်းရင်း သစ်တို့၂ယောက်နီးစပ်ဖို့ အချိန်တွေလည်း မဝေးတော့ပါဘူးလို့ သတင်းကောင်းပြောရင်း သြဂုတ်လကိုဒီပို့စ်လေးနဲ့ နှုတ်ဆက်လိုက်ချင်ပါတယ် ။ အားလုံးပဲကျန်းမာရွှင်လန်းစွာနဲ့ အချိန်တွေကိုဖြတ်သန်းနိုင်ပါစေလို့ သစ်ဆုတောင်းပေးလိုက်ပါတယ်နော် ။

9 comments:

  1. ဟုတ်ပ အိမ်မှာတောင်ပြောနေတယ် တယ်ငြိမ်နေကြပါလားတဲ့
    စတင်းဘုတ်တို့  ..စုလိုက်အုံးမယ်တို့ အသံမကြားပါလားတဲ့ ခွိ

    ReplyDelete
  2. ဟုတ်ပါ့အေ့
    အိမ်မလာကြတော့ဘူးလားတဲ့ မေးနေတယ် အိမ်ကလူကြီးက (နင်တို့က ကေအိုဆို ရိုက်မှာစိုးရို့ အာဟိ)

    ReplyDelete
  3. ကဲ.. အဆင်ပြေသတင်းကြားရလို့ ၀မ်းသာပါတယ်.. ဂျီးတော်
    ရှေ့ဆက်ပြီး အစစအရာရာ အဆင်ပြေပြီး ဘော်ဒီဆလင်းလေးဖြစ်ပါစေ
    ချစ်ချစ်နဲ့လည်း မကြာခင်မှာ သာယာတဲ့ ဘ၀ကို တည်ဆောက်နိုင်ပါစေ..
    ဖြစ်ချင်တဲ့ ဆန္ဒတွေ ၂၀၁၀ မှာအကုန်ပြည့်စေသော်။

    ReplyDelete
  4. ဝါဝင်သွားပြီ၊
    အပျိုကြီးများ မလှုပ်ကြသေး၊
    အချိန်မဝေးတော့ဟု ဆိုသည်၊
    ဖိတ်စာမျှော့နေပါသည်။

    ReplyDelete
  5. သဘူတောပါတယ် :)

    ReplyDelete
  6. ချစ်ချစ်က ကြော်ငြာဝင်သွားသေးတယ်။ ကိုဘ ညီမလို့မပြော့ရဘူး။
    kom

    ReplyDelete
  7. အဆင်ပြေရင်ပြီးတာပါပဲကွယ်

    ဟင်းတွေ မချက်တော့ဘူးလား
    လုပ်ပါအုံး

    ReplyDelete
  8. သတင်းထူးရင် အကြောင်းကြားအုန်း နော် တော်ကြာ မသိလိုက် ဖြစ်သွားမှာ စိုးလို့ 

    ReplyDelete