Monday, May 24, 2010

ငယ်သူငယ်ချင်း

၁၉၉၄ ခုနှစ် ဇွန်လ ၁ရက်နေ့ မိုးတွေရွာနေတဲ့ နံနက်ခင်းလေးတစ်ခုမှာ အထက (၁) အင်းစိန် မေခဆောင်ထဲမှာတော့ ကျောင်းသားတွေနဲ့မိဘတွေ ပွက်လောရိုက်လို့နေပါတယ် ။ ကျွန်မသမီးလေးကတော့ ဒီအတန်းမှာသူ့သူငယ်ချင်း ဘယ်သူနဲ့ထိုင်မယ် နေရာဦးထားနော် ပြတင်းပေါက်နားရွေးမလား ကျောက်သင်ပုန်းမြင်ရအောင် အလယ်ခုံယူလေ သမီးသူငယ်ချင်း ဘယ်သူနားထိုင်မယ်နဲ့ ဆူညံနေခဲ့ပါတယ် ။


နွေကျောင်းပိတ်ရက်မှာ မျက်စိခွဲထားတဲ့ သစ်သစ်ကတော့ ၅တန်းတုန်းကအတန်းဖော်တွေနဲ့ကွဲပြီး မျက်စိလည်စွာ ၆တန်း အေတန်းရောက်လာတော့ အဖော်မဲ့နေခဲ့တာ မဆန်းပါဘူးလေ ။ နေရာလိုက်ဦးပေးတဲ့ သစ်သစ်အမကလည်း အတန်းပိုင်ဆရာမလာတော့မှ အလယ်ရိုးလ်ရဲ့ အတန်းတစ်တန်းမှာ နေရာတောင်းရန် ညီအမ၂ယောက် အတန်းပြင်မှာရပ်နေကြပါတယ် ။ အခန်းဝကနေ ကိုယ်တက်ရမယ့် အတန်းကိုကြည့်ရင်း ပထမဆုံးသတိထားမိတာကတော့ အလယ်ရိုးလ်ရှေ့ဆုံးတန်းမှာ ပါဝါအထူကြီးတပ်လို့ ယောက်ျားလေးပုံစံနဲ့ တယောက်တည်း ငြိမ်သက်စွာထိုင်နေတဲ့ ခပ်တည်တည်ကောင်မလေး တစ်ယောက်ပါပဲ ။

ဆရာမလာတော့ သစ်သစ်ကိုမျက်စိအခြေအနေကြောင့် အဲ့ကောင်မလေးဘေးမှာ နေရာပေးခဲ့ပါတယ် ။ အဲ့သူငယ်ချင်းက နောင်နှစ်တွေမှာခင်မင်ဖွယ်ကောင်းပြီး သံယောဇဉ်တွေမပြတ်ပဲ ခုစလုံးမှာပြန်တွေ့ရလိမ့်မယ်လို့ လုံးဝထင်မထားခဲ့တဲ့သူပဲ ဖြစ်ပါတယ် ။ ကျောင်းတက်ခေါင်းလောင်းသံ ထိုးခါနီးမှာ စကပ်ရှည်ရှည် အကျီပွပွနဲ့ဝင်လာတဲ့သူကတော့ ယနေ့စလုံးမှာ ဘလော့လေးတစ်ခုတည်ဆောက်ထားပြီး အလုပ်ကိုရပ်ကာ ကျောင်းတက်နေတဲ့ ဘလော်ဂါတစ်ယောက်ဖြစ်လာမယ့် ရန်ကုန်မှာရပ်ကွက်တူ သူငယ်ချင်းတစ်ယောက်ဖြစ်ပါတယ် ။

ဒီလိုအသွင်မတူတဲ့သူ၃ယောက်ဟာ သမိုင်းသင်ရင်လည်း ကျလိ ကျလိ အင်္ဂလိပ်စာသင်လည်း ပြုံးစိစိ စာဆိုခိုင်းရင်တော့ ၃ယောက်ပေါင်းမှ နောက်ကအတန်းတောင်မကြားနိုင်တဲ့ အသံနဲ့ ၆တန်းတနှစ်လုံး မြုံစိစိဖြတ်သန်းလာခဲ့တာ ၁၀တန်းရောက်တဲ့အထိပါပဲ ။ ငယ်စဉ်အရွယ်ဆိုတော့ အပြင်သွားတာလည်းမရှိသလို ကျောင်းတက် မုန့်စားဆင်း ကျောင်းပြန်ဒါနဲ့ပဲ ဖြတ်သန်းလာခဲ့တာ နောင်နှစ်အတန်းတွေတက်တော့ အေတန်းခြင်းတူပေမယ့် အဆင့်အလိုက်နေရာချထားတော့ ထိုင်ခုံနေရာတွေကွဲခဲ့ကြပါတယ် ။ နောက်ဆုံး၁၀တန်းဆိုတဲ့ အချိန်ရောက်တော့ ယောက်ျားလေးဆန်တဲ့သူငယ်ချင်းက အပြင်ကဖြေလို့ ကျောင်းလာမတက်ကတည်းက အဆက်ပြတ်သွားလိုက်တာ ပြီးခဲ့တဲ့လကမှ အဆက်အသွယ်ပြန်ရခဲ့ပါတယ် ။

ငယ်စဉ်ကတော့ ငါကကြီးလာရင် ဘာလုပ်မယ်လို့ ကြိုတင်တိုင်ပင်ထားခြင်းမရှိပေမယ့် အံ့သြစွာပဲ ၃ယောက်လုံး အင်ဂျင်နီယာဆိုတဲ့ ကျယ်ပြန့်တဲ့နယ်ပယ်တစ်ခုမှာ တူညီစွာကူးခပ်နေကြပါတယ် ။ ၃ယောက်အတူမဆုံနိုင်သေးပေမယ့် ပြီးခဲ့တဲ့သောကြာညလေးမှာတော့ သစ်တို့၂ယောက်အတူ ဆုံနိုင်ခဲ့ပြီး ငယ်စဉ်ကဆရာ ဆရာမတွေ အကြောင်း အထက သူငယ်ချင်းတွေအကြောင်းပြောရင်း ပြန်ဆုံဖြစ်ခဲ့ကြပါတယ် ။ ပြန်လာတော့ ကားစီးရင်း သစ်သစ်စဉ်းစားမိတာကတော့ ရည်ရွယ်ချက်တွေကိုယ်စီနဲ့ ငါတို့သူငယ်ချင်းတွေ ဒီအရွယ်မှာ အနာဂတ်ကိုပုံဖော်ရင်း ချီတက်နေသလို ဟိုးကလေးဘ၀တုန်းက အပူအပင်မရှိပျော်ခဲ့ကြတာကိုလည်း သတိရရင်း နောင် ၁၀နှစ်ကြာရင်ရော ဘယ်လိုအတွေးတွေ အောင်မြင်မှူတွေနဲ့ ရှင်သန်နေကြဦးမလဲ ကြိုတင်ပုံဖော်နေမိခဲ့တယ် ။

4 comments:

  1. အော ..နယ်သူနယ်ချင်းဂျီးဒွေနဲ့ တွေ့ နေမင့်ကိုး

    ReplyDelete
  2. ငယ်သူငယ်ချင်းတွေကို မထင်မှတ်ပဲ ပြန်တွေ့လိုက်ရတဲ့ ခံစားချက် အရသာမျိုး တစ်ခါတစ်လေ ဘယ်လိုမှာရေးပြလို့ မရပါဘူး။

    ReplyDelete
  3. ငယ်ငယ်က အဆော့သန်ခဲ့တာ သတိရတယ်း-) သြော် ခုတော့ ငယ်သူငယ်ချင်းတွေ ဒင်းတို့ ရော ကိုယ့်လို မှတ်မိပါ့မလား အဆော့သန် ခဲ့တာတွေကို ပြောတာပါ

    ReplyDelete
  4. ငယ်သူငယ်ချင်း ၂ ယောက်ကို ပြန်သတိယသွားတယ်
    အော် သူတို့ နဲ့ ကိုယ်က ဘ၀ခြားသွားပြီကိုး (အိမ်ထောင်ကျကုန်တာပြောပါတယ်လေ) အဟိ

    ReplyDelete