Wednesday, June 27, 2012

ကျောခိုင်းမဲ့အလွမ်း

ရုန်းကန်လှုပ်ရှားနေရတဲ့ ဒီလောကကြီးမှာ နေရာဆိုတာသတ်မှတ်ချက်တစ်ခုပါ။ လူတစ်ယောက်ဟာ ဘယ်နေရာကိုပဲပြောင်းပြောင်း အခြေကျအောင်အနည်းဆုံး၁နှစ်လောက် အချိန်ယူရလေ့ရှိပါတယ်။ ဒါကလည်းအတော်လေးအဆင်ပြေမှပါ သစ်သစ်တို့စင်္ကာပူကျွန်းကို စရောက်ခဲ့တဲ့လွန်ခဲ့သော၅နှစ်အချိန်ကို ပြန်ငေးကြည့်မယ်ဆိုရင်ဖြင့် အလည်အပတ်ဗီဇာလေး ၂လအတွင်းမှာ သတင်းစာတွေ အင်တာနက်တွေကနေတဆင့် အလုပ်ရှာပြီး နေထိုင်ခွင့်ကျသည်အထိ အချိန်ကာလအတိုလေးမှာ ပြီးစီးအောင်မြင်အောင်ကြိုးစားရတာ တကယ့်ကိုစိတ်လှုပ်ရှားစရာ ကစားပွဲတစ်ခုပါပဲ ။ ခုနေချိန်မှာတော့ တည်ငြိမ်ပြီလို့ပြောလို့မရသေးရင်တောင် အရင်ကလောက်မဆိုးရွားတော့ဘူးလို့တော့ ဆိုလို့ရပါပြီ ။ ကဲ ထားပါတော့...

ဒီလိုနဲ့ပဲ နေလာခဲ့တဲ့ကျွန်းပေါ်ကနေ ရေကြည်ရာမြက်နုရာကိုခုန်ကြတဲ့သူတွေရှိသလို ဒီကျွန်းမှာပဲအခြေချတဲ့သူတွေလည်း အများကြီးရှိပါတယ် ။ သစ်သစ်အတွက်ကတော့ မမြင်နိုင်တဲ့ဆွဲအားတွေရယ် မိသားစုပြသနာတွေရယ် ကိုယ်ရှေ့ဆက်မယ့်ပလန်တချို့ရယ်ကြောင့် တခဏတာခိုနားခဲ့တဲ့ ဒီကျွန်းလေးကနေခွဲခွာရပါဦးမယ် ။ လစဉ်ရနေတဲ့ဒေါ်လာဝင်ငွေတချို့ရယ် ဒီရေအလားတိုးတက်နေတဲ့နည်းပညာတွေရယ် လူနေမှူအဆင့်အတန်းတခုရယ်ကို လွယ်လွယ်နဲ့ကျောခိုင်းဖို့ရာ မလွယ်ကူပေမယ့် ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲဦးစားပေးရမယ့် သစ်သစ်ကံကြမ္မာအတွက်ကတော့ လမ်းဆုံလမ်းခွရောက်နေသလိုပါပဲ ။ ဘယ်နေရာပဲရောက်ရောက် အစကပြန်စရမှာမို့လို့ လိုအပ်တဲ့အချိန်အတိုင်းအတာတခုအတွက် ၅နှစ်လောက်နဲ့ခွဲခွာဖို့ဖန်လာတာကို ခင်မင်ခွင့်ရခဲ့သောသူငယ်ချင်းများလည်း စိတ်ဆိုးမယ်မထင်ပါဘူး ။ သစ်သစ်ရယ်လို့စရေးကတည်းက အစဉ်လာဖတ်နေကြသူတွေရယ် နောက်ပိုင်းမှလာဖတ်ကြတဲ့သူတွေရယ်အတွက် သစ်သစ်မသွားခင်အထိပို့စ်များ ပုံမှန်ရေးနိုင်အောင် ကြိုးစားပါ့မယ် ။

ဒီကြားထဲ ပို့စ်တွေမတင်ဖြစ်တာကလည်း ဖေ့ဘွတ်ဆိုတဲ့ သူငယ်ချင်းများပေါင်းဆုံရာရပ်ဝန်းမှာ ခုစာလေးရေးတင်လိုက် ခုတုံ့ပြန်ချက်တွေချက်ချင်းတက်လာလိုက်နဲ့ ပျော်မွေ့နေမိတော့ ဘလော့ဘက်ကိုမလှည့်ဖြစ်ခဲ့တာလည်း ၀န်ခံရပါဦးမယ် ။ ခုဆိုရင်အေးအေးဆေးဆေးနဲ့ စင်္ကာပူရဲ့အလှအပ လွမ်းမောစရာညတွေနဲ့ စင်္ကာပူရဲ့နေရာတချို့ကိုလည်ပတ်ရင်း အချိန်တွေကုန်ဆုံးနေပါတယ်။ လာခဲ့ပြန်တော့လည်း နေချင်လွန်းလို့အားထုတ်ရပါတယ် ပြန်တော့မယ်ဆိုတော့လည်း ၀မ်းနည်းမျက်ရည်လည်မိပါတယ် ခင်မင်ရင်းစွဲသံယောဇဉ်ကြီးတဲ့ ကိုယ့်ဘာသာအပြစ်ဆိုရမလား ဆွဲဆောင်မှူကောင်းလွန်းတဲ့ စင်္ကာပူလို့ပြောရမလား ဘာမှကိုခေါင်းစဉ်မတင်နိုင်ပေမယ့် ခုနေချိန်မှာတော့ အချိန်တိုင်းဟာ အမှတ်ရစရာဖြစ်နေတာတော့ အမှန်ပါပဲ ။ နောက်ပိုင်းတက်လာမယ့်ပို့စ်တွေကတော့ စင်္ကာပူနဲ့ကိုယ်ရဲ့ သံယောဇဉ်တွေပဲဖြစ်မယ်ထင်ပါတယ် ။ အားလုံးပဲပျော်ရွှင်အေးချမ်းကြပါစေလို့ ဆုတောင်းရင်းပို့စ်အသစ်လေးနဲ့ ပြန်လည်ခိုဝင်မိတ်ဆက်လိုက်ပါတယ်နော် ။

ဆက်ဖတ်ချင်သေးရင်...

Friday, June 22, 2012

2+2=4 (22ရက်နေ့ မွေးနေ့အမှတ်တရ)

ကိုယ့်အိပ်မက်ထဲက ၄ ဂဏန်း
ကိုယ့်ရဲ့လပ်ကီးနံပတ်ဆိုတိုင်း ချရေးဖြစ်တဲ့ ဒီဂဏန်း
ကိုယ်တို့မောင်နှမရဲ့ ရေတွက်နေကြဒီဂဏန်း



မိုးဥတုဖြစ်သော်ငြားလည်း ထိုနေ့ကမိုးမရွာပါ
မရဏဖွားပြောသော်ငြားလည်း သူမ မချူချာတတ်ပါ
ရှေ့တန်းစစ်မျက်နှာပဲ အိမ်လုပ်ပြီးနေသော်ငြားလည်း သူတပ်မှာရှိနေပြန်တာ
တန်းစီဘင်ခရာမှုတ်သံနဲ့စတင်ခဲ့တဲ့ သူမရဲ့အူဝဲတေးသံသာ
နှာခေါင်းပါမလာဘူးဆိုတဲ့ ဆေးမှူးရဲ့မှတ်ချက်တချို့နဲ့အတူ
ပြသနာတွေပလုံစီနေတဲ့ ဒီလောကထဲသူစရောက်လာခဲ့တယ်



မိုးကောင်းကင်ကလွှင့်ကျလာတဲ့ ဂါဝန်တထည်ဆိုတဲ့အိပ်မက်မှာသန္ဓေတည်လို့
ငယ်စဉ်ဘ၀ကတည်းက အလှအပကြိုက်တာ မဆန်းပြန်ဘူး
တီးမှုတ်ဆိုက ၀ါသနာထုံသော်လည်း သူအဆိုတော်တယောက်မဟုတ်ခဲ့ပါ
သူဖြစ်ချင်တာ ဘာဆိုတာ မသိသော်လည်း သူ ကစားတိုင်း အိမ်ပုံတွေဆွဲခဲ့တာ
အခွင့်အရေးမှန်သမျှ အစဉ်၂ခုယှဉ်တွဲရတတ်လေ့ရှိတာ
ကျောင်းစာကလွဲလို့ စာတိုင်းကိုစိတ်ဝင်စားစွာဖတ်တတ်ပြန်တာ
ဒါတွေက သူ့ရဲ့ဂုဏ်ပုဒ်တချို့ပါပဲ



ဇွန် ၂၂ရက်တိုင်းကို တယောက်တည်းဖြတ်သန်းခဲ့တာ
၅နှစ်မြောက်ခဲ့ပါပြီ ဖေနဲ့မေ
သူ့နားမှာ သူ့ကိုချစ်တဲ့သူတွေ ၂၂ရောက်တိုင်း ၀ိုင်းနေတတ်သော်လည်း
သူ့ကိုဖြစ်တည်စေခဲ့တဲ့ ပဲ့ကိုင်ရှင်၂ယောက်မရှိခဲ့ဘူး
နောက်နှစ်တိုင်းရဲ့ ၂၂ရက်တွေကစလို့ ဖေ၊မေတို့နဲ့ ထာဝရဆုံးထိ ဖြတ်သန်းခွင့်ရပါစေလို့...



ဆက်ဖတ်ချင်သေးရင်...