Friday, September 23, 2011

ထာဝရရဲ့နိဂုံး

ဘာဆက်လုပ်ရမလဲ ဘေးထွက်နေလိုက်ရမလား ရှေ့ဆက်တိုးရမလား မသိသလိုနေလိုက်ရမလား ဒီရက်ပိုင်းမှာ ဒီစကားသံတွေနေ့နေ့ညည ပျံ့လွင့်နေတယ် ။ ဘာလို့ရှေ့ဆက်လို့မရတာလဲ ဆိုတဲ့အမေးကို တသက်လုံးမမေးဘူး ဘယ်တော့မှလည်းမသိချင်ခဲ့ဘူး ရရှိနေတဲ့ခုနေချိန်ကိုပဲ တန်ဖိုးထားမိတယ် ။ ဒါဆိုရင်ရော ဘာလို့အကြိမ်ကြိမ် ဒီမေးခွန်းတွေပြန်မေးနေသလဲ ။ ဘယ်သူမှချည်နှောင်မထားပဲနဲ့ကို စွဲလန်းစွာတွယ်ငင်နေတဲ့ အချစ်ကိုပဲ စိတ်နာရမှာလား ။


ပျောက်ကွယ်သွားရင်ကော ဘာလို့လိုက်ရှာနေတာလဲ ချစ်သူ ။ တစ်ယောက်တည်းနေပါရစေလို့ အကြိမ်ကြိမ်တိတ်တခိုး တောင်းဆိုနေပေမယ့် အမြဲလိုလိုပြန်ရောက်လာတတ်တဲ့ သူ့ခြေလှမ်းတွေကို ဖြူစင်စွာမုန်းနေပြန်မိတယ် ။ ငါတို့တွေပြန်ဆုံခဲ့ရင်ရော အများရဲ့ဝေဖန်သံတွေအောက်မှာ ကြံ့ကြံ့ခံနိုင်ပါ့မလား ရှိနေတဲ့အတိတ်တွေကိုရော မေ့ဖျောက်နိုင်ပါ့မလား ငါတို့ဘာလို့ခုနေချိန်ထိ ပြတ်သားစွာမရပ်နိုင်ခဲ့သေးတာလဲဆိုတာ ကိုယ့်ဘာသာပဲနားအလည်ဆုံးပါ ။ မင်းမရှိရင်မဖြစ်ဘူးဆိုတဲ့ စကားသံတွေဟာ တို့၂ယောက်တွက်မသေချာပေမယ့် ၃ရက်လောက်အသံပျောက်နေရင်ကို မနေတတ်တော့တာကရော ရိုးသားနေရဲ့လား ။

တွေ့ချိန်တိုင်းမှာ အားလုံးကိုမေ့ထားပြီး တယောက်ကိုတယောက် နွေးထွေးစွာဆက်ဆံနေတာကပဲ အကောင်းမွန်ဆုံးနှောင်ဖွဲ့ခြင်းပေလား ။ တနေ့ဆိုတဲ့နေ့ကိုရောက်ရင် ဘယ်သူတွေက အားပေးနှစ်သိမ့်ပြီး ငါတို့၂ယောက်ဘယ်လိုရင်ဆိုင်ကြမှာလဲ ။ တယောက်ကိုတယောက် ကောင်းစေချင်လွန်းတဲ့စေတနာကလွဲရင် ဒီချိန်မှာ သနားနေခြင်းဟာ နောင်တချိန်မှာ ပိုပြီးခံစားစေမှာလား ။ စနောက်ပြုံးရယ်ခြင်းဖြင့် ဝေဒနာတွေကို ရှောင်ဖယ်စေမှာလားချစ်သူ ။ နက်နဲစွာစဉ်းစားလိုက်တိုင်း တို့၂ယောက်ရဲ့ခြေနေကို သိပ်မုန်းမိတယ်ဆိုရင်ရော ယုံပေးဦးမှာလား ။

တွေဝေခြင်း ၊ မပြတ်သားခြင်း ၊ အစွန်းရောက်ခြင်း ၊ သံယောဇဉ်ကြီးခြင်း ၊ အချစ်ကိုတိုးတိတ်စွာခံစားတတ်ခြင်း ၊ ရင်ထဲကခံစားချက်ကို မျက်ကွယ်ပြုထားခြင်း ဒီဟန်ဆောင်မှူတွေနဲ့ ငါတို့၂ယောက်ဘယ်ချိန်ထိ ရှေ့ဆက်နေဦးမှာလဲ ။ ချစ်တယ်ဆိုတဲ့ ထောင်တန်တဲ့စကား နှလုံးသား၂ခုအောက်မှာ ဒီလိုပဲသေဆုံးတော့မှာလား ။ သေမိန့်ကိုစောင့်နေသလိုမျိုး ဘ၀နှစ်ခုလုံးကို အချိန်တွေနဲ့စတေးပစ်တော့မှာလား ။ ပို့စ်တစ်ခုလုံးကိုခြုံငုံကြည့်တာနဲ့တင် တိကျတဲ့အဖြေမရှိတဲ့ ပုစ္ထာတစ်ပုဒ်လိုပဲ စာဖြေချိန်ပြီးဆုံးတဲ့ ခေါင်းလောင်းသံကို နာကျင်စွာအလန့်တကြား မျှော်လင့်နေဦးမှာလား ချစ်သူ ။ လွတ်မြောက်ခြင်းဆိုတဲ့လမ်းစမှာ လက်ချင်းချိတ်မှာလား ကျောခိုင်းမှာလားဆိုတာ နင့်ထက်ငါပိုသိချင်နေပြီ ။
(စိတ်ထဲေ၀၀ါးစွာချရေးဖြစ်တဲ့ စာစုလေးပါ) ။

ဆက်ဖတ်ချင်သေးရင်...

Monday, September 19, 2011

အေးချမ်းတဲ့ခရီး

ပြီးခဲ့တဲ့ ရုံးပိတ်ရက်မှာ ၁၀နာရီကျော်ကြာကားစီးရတဲ့ မလေးရှားကအေးမြတဲ့တောင်ပေါ်မြို့ကလေးကို အလည်တစ်ခေါက်ရောက်ခဲ့ပါတယ် ။ သြဂုတ်လမြန်မာပြည်က ပြန်လာပြီးကတည်းက လူကဟိုသွားချင်ဒီသွားချင်နဲ့ ဘဏ်ကတ်ကိုခမ်းအောင်လုပ်ချင်နေတဲ့ရောဂါဝင်နေပါတယ် ။ ဒါကြောင့်လည်း ဗီဇာကျန်သေးတဲ့ မလေးရှားဆီကိုပဲ မျက်စပစ်နေခဲ့တာပေါ့ ။ စိတ်အေးချမ်းစေတဲ့ ရည်ရွယ်ချက်နဲ့ အေးမြတဲ့အရပ်ဒေသလေးကို ရွေးချယ်ဖြစ်ခဲ့ပါတယ် ။ သူငယ်ချင်း၂ယောက်ကလည်း အဲ့အရပ်ကိုသွားချင်တဲ့စိတ်ကူးချင်းတူပြီး ရုတ်တရက်ပလန်မရှိတဲ့ခရီးလို့လည်း ပြောလို့ရပါတယ် ။

သောကြာညတစ်ညလုံးချမ်းအေးစွာကားစီးပြီး သကာလမှာ တောင်ပေါ်မြို့လေးတစ်ခုကို ရောက်ခဲ့တယ်ဆိုပါတော့ ။ ဟိုတယ်ကိုရောက်တော့ မနက်၉နာရီရှိနေပါပြီ ။ တနေကုန်တနေခမ်း တိုးပက်ကေ့ခ်ျနဲ့မနားတမ်းလည်ပတ်လိုက်တာများ ညနေစတင်းဘုတ်စားပြီး ဟိုတယ်ပြန်ပို့မှပဲ ခြေကုန်လက်ပန်းကျသွားပါတော့တယ် ။ လူတိုင်းလိုလို ရောက်ဖူးတဲ့ဒေသဖြစ်နေလို့ အသေးစိတ်မရေးတော့ပဲ သစ်မြင်တဲ့အမြင်လေးတချို့ကို ရေးပြချင်ပါတယ် ။

တကယ်တော့ ကင်မရွန်ဟိုင်းလန်းဆိုတဲ့မြို့လေးက သစ်သစ်တို့နိုင်ငံက ပြင်ဦးလွင်လိုတောင် လှပဆွဲဆောင်မှူမရှိပါဘူး ။ ဒါပေမယ့် တောင်စောင်းတွေပေါ်မှာစိုက်ထားတဲ့ လက်ဖက်ခင်းလေးတွေနားမှာ စက်ရုံတွေ ဒီဇိုင်းဆန်းတဲ့ဆိုင်လေးတွေရယ်နဲ့ တိုးရစ်တွေကိုမြှူဆွယ်ထားခဲ့ပါတယ် ။ ကား၂စီးရှောင်ရုံလောက်လွတ်တဲ့ လမ်းလေးတွေနဲ့ ပင်လယ်ရေမျက်နှာပြင်အထက် ၆၆၆၆ပေမြင့်တဲ့ တောင်ထိပ်က၃ထပ်မြင့်တဲ့ တာဝါလေးနဲ့ စိတ်ဝင်စားအောင်နောက်တချက် ဆွဲဆောင်ထားပြန်ရော ။ အမျိုးသားကန်တော်ကြီးထဲက တံတားလောက်တောင်လှပမှူမရှိတဲ့ တံတားတခုကိုလဲ တက်ပြီးချွေးထုတ်ရပါသေးတယ် ။

နေ့လည်စာစားပြီး ညနေပိုင်းပို့တဲ့နေရာတွေကတော့ သစ်သစ်ကိုလုံးဝမဆွဲဆောင်နိုင်ခဲ့ပါဘူး ။ စိုက်ခင်းလေးတွေလိုက်ပြပေးပါတယ် တကယ့်ကိုသေးသေးလေးတွေပါ သစ်သစ်တို့နိုင်ငံက စိမ်းလန်းနေတဲ့စိုက်ခင်းတွေနဲ့ ယှဉ်လို့တောင်ပြလိုက်ချင်ပါသေးတယ် ။ နောက်ဆုံးတော့ ဒီမြို့လေးနာမည်ကြီးရခြင်းဟာ မိုးပျံတိုက်ကြီးတွေနဲ့အဲယားကွန်းခန်းတွေမှာ လုပ်ရတဲ့ မွန်းကြပ်တဲ့စင်္ကာပူလိုမြို့နဲ့ကပ်ပြီးတည်ရှိနေတဲ့ မလေးရှားလိုနိုင်ငံမှာ ရှိနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ် ။ ရက်တိုတိုမှာ ခရီးစာရိတ်ကျဉ်းကျဉ်းနဲ့ ခဏတာအမောတွေပြေပြီး အသက်ရှူဝစေဖို့ စိတ်ပန်းဖြေနေရာတစ်ခုဆိုလဲ မမှားပါဘူး ။ ဘာပဲဖြစ်ဖြစ် ခရီးထွက်လိုက်ခြင်းအားဖြင့် စိတ်သစ်လူသစ်ကတော့ တကယ်ဖြစ်ပါတယ် ။ ကျေနပ်ခြင်းဆိုတဲ့ စိတ်ပီတိကတော့ ဘာနဲ့မှလဲလို့မရပါဘူး ။ သစ်သစ် သမီးလေးတစ်ယောက် မွေးစားခဲ့ပါတယ် ။ သမီးပုံလေးထည့်ပေးလိုက်တယ်နော် .. ဟိ ။



ချစ်သမီးငယ်လေး (၉ယောက်မြောက်ပါ)း)

ဆက်ဖတ်ချင်သေးရင်...

Tuesday, September 13, 2011

သူဘာလုပ်နေလဲ

မေ့မသွားရအောင် ဒိုင်ယာရီသဘောမျိုးလေး ဒီရက်ပိုင်းတွက်ပို့စ်လေးတစ်ပုဒ် ရေးချင်နေပါတယ် ။ အဓိက ကတော့ ဘာတွေလုပ်နေလဲပေါ့ ဘာဆက်လုပ်မှာလဲပေါ့ ဘာတွေခံစားပြီး ဘာတွေပြင်ဆင်ထားလဲပေါ့ ။ တချို့တလေပါ စာရေးဖို့လက်သွေးတယ်လို့ပြောလဲ မမှားပါဘူး ။ ခုတလော ရေးချင်တာတွေရှိပေမယ့် ရေးခွင့်မရှိတဲ့အကြောင်းအရာတွေလည်း ရှိနေပြန်ရော လူ့ပတ်ဝန်းကျင်မှာ ကိုယ့်အရွယ်ကလည်း အချစ်အကြောင်းသောင်းပြောင်းထွေလာသက်သက် ရေးဖို့ရာ လက်ကရွံ့နေပြန်တယ် ။ မရေးတာကြာလို့ဆိုတာထက် ကိုယ်တိုင်ကလည်းခံစားချက်တွေ တတ်နိုင်သလောက်မေ့ဖျောက်ပြီး ပြုမူနေထိုင်တတ်တာလဲပါတာပေါ့ ။ ၃၀ ကျော်ပြီလေ တည်ငြိမ်ရင့်ကျက်တဲ့အရွယ်ရောက်ပြီလို့ ဇွတ်ကိုသတ်မှတ်ဘောင်သွင်းထားတော့ လုပ်ရကိုင်ရတာ စည်းတစ်ခုတားထားသလို ဖြစ်နေတဲ့ခံစားချက်ကြီးပေါ့ ။ ကဲ သစ်သစ်ဘာလုပ်နေလဲ ဖတ်လိုက်ကြစို့...။


အလုပ်အကိုင် =အလုပ်ပြောင်းဖို့ရာ ရှိနေတဲ့အလုပ်လေးကို သံယောဇဉ်တအားတွယ်နေတယ် ။ နှောင်ဖွဲ့ခြင်းတစ်မျိုးပါပဲ ။

စီးပွားရေး = သူများနဲ့တန်းတူအသက်ရှူနိုင်ဖို့ ရုန်းကန်နေဆဲ ကာလတွေပေါ့ ။

ပညာရေး = ကျောင်းနောက်တစ်ခုထပ်တက်ဖို့ စဉ်းစားနေသလို အင်္ဂလိပ်စာနဲ့နောက်ထပ်ဘာသာစကားတစ်ခုခုကို တဖတ်ကမ်းခတ်ကျွမ်းကျင်အောင် ပိုနေတဲ့အချိန်ကိုတန်ဖိုးရှိအောင် အသုံးချရင်း ပညာရေးတွက် အသုံးပြုနိုင်မည့် လုံလောက်တဲ့ငွေကို ရှာဖွေနေတယ် ။

ကျန်းမာရေး = ခုတလော ခါးနာတာပျောက်ကင်းစေမယ့် လေ့ကျင့်ခန်းတစ်ခုကို အင်တာနက်ကရှာတွေ့ထားလို့ စွဲစွဲမြဲမြဲယုံယုံကြည်ကြည် လုပ်နေလို့လားမသိဘူး ခါးသိပ်မနာတော့ ကျန်းမာရေးကဂွတ်နေတဲ့ကာလပေါ့ ဒါပေမယ့် သိပ်လည်းမချီးကျူးရဲပါဘူးလေ ။

ခရီးစဉ် = ဒီလထဲမှာ မလေးရှားသွားဖို့ရှိသလို နောက်လမှာလဲ ထိုင်းကိုသွားဖို့လုပ်ထားပြန်တယ် ။ ဒါပြီးရင် မြန်မာပြည်တစ်ခေါက်ပြန်ဖို့လည်း စဉ်းစားထားပါသေးတယ် ။

အချစ်ရေး =အတတ်နိုင်ဆုံးအားလုံးကို မေ့ထားပြီး ဗလာကျင်းနေတဲ့နှလုံးသားကို လူမမြင်အောင် ကာကွယ်ထားတယ် ။

အပန်းဖြေမှူ =တစ်ပတ်တစ်ခါ ဘယ်သူငယ်ချင်းနဲ့မဆို ရုပ်ရှင်ကြည့်ဖြစ်အောင် လုပ်ထားတယ် (ဒီအချိန်ပဲလွတ်လပ်စွာ အဲယားကွန်းခန်းလေးထဲ တွေးငေးဆွေးလို့ရတာလေ ) ။

တွေးနေမိတာ =ခုတလော အမြဲမပြတ်ကြားနေရတဲ့ ဧရာဝတီအကြောင်းကို အသေးစိတ်လိုက်ဖတ်ပြီး အကောင်းဆုံးနည်းလမ်းရှာဖွေနေမိသလို ဖေ့ဘွတ်မှာသူငယ်ချင်းတစ်ယောက်တင်ထားတဲ့ အနာကြီးရောဂါသည်တွေနေထိုင်ရတဲ့အဆောင်လေးကိုလည်း မျက်စိထဲကမထွက်ဘူးဖြစ်နေတယ် (ကိုယ်ဟာအများအကျိုးအတွက်ဘာတစ်ခုမှ မလုပ်ပေးနိုင်တဲ့ တာဝန်မကျေသူတစ်ဦးဖြစ်နေပြီလားလို့တောင် ထင်နေမိတယ် ) ။

အစားအစာ= နေ့စဉ်ရုံးကို ထမင်းဗူးထည့်ခြင်းဖြင့် ညနေပိုင်းချိန်တွေကို နောက်နေ့တွက်ပြင်ဆင်ချက်ပြုတ်ရင်း ချက်ခြင်းရဲ့အနုပညာကို ဖန်ဆင်းနေမိတယ် ။

အင်တာနက် သုံးစွဲချိန် =ရုံးချိန်မှာ နစ်ဖွင့်ထားခြင်းကလွဲလို့ ညတိုင်းမှာပါစင်နယ်ကေ့စ်တွေကို ရှောင်ရင်း အနည်းဆုံး အင်္ဂလိပ်ဖြစ်ဖြစ် ဗမာဖြစ်ဖြစ်သတင်းတစ်ပုဒ်လောက်တော့ ဖတ်ဖြစ်အောင်လေ့ကျင့်ယူထားတယ် ။

ဘာသာရေး =စိတ်တည်ငြိမ်အေးချမ်းတဲ့ဘ၀လေး ပိုင်ဆိုင်ချင်တဲ့အသိတခုတည်းနဲ့ တရားခွေတွေအိပ်ယာဝင်ခါနီးတိုင်း ဖွင့်တဲ့အလေ့အကျင့်ကိုလုပ်ထားတယ် ။ နောက်ပိုင်းတရားထိုင်နိုင်အောင်လည်း ကြိုးစားပါဦးမယ် ။

ရည်ရွယ်ချက်စိတ်ကူး = ဖေဖေ နဲ့ မေမေ ကိုလုပ်ပေးချင်တဲ့အရာတွေ အကောင်အထည်ဖော်နိုင်မယ့် ရာချီတဲ့စိတ်ကူးတွေ အချိန်တိုင်း သီဖွဲ့နေမိတယ် ။

ဒီလောက်ဆို ဒီတစ်လ နှစ်လအတွင်း သစ်သစ်ပလန်တွေတော်တော်လေး ခြုံငုံမိနိုင်သလို ဘာလုပ်ချင်နေတယ်ဆိုတဲ့ စိတ်ကူးတွေလည်းရေးချခွင့်ရလို့ အတော်အတန်စိတ်သက်သာရာရစေပါတယ် ။ အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ခညောင်းပါစေရှင် ။

ဆက်ဖတ်ချင်သေးရင်...