Thursday, December 31, 2009

အနှစ်ချုပ် ၂၀၀၉

ဇန်န၀ါရီလ >>> အိမ်ကပြန်စ နေလို့ထိုင်လို့မရအောင်ပဲ လွမ်းနေခဲ့တယ်

ဖေဖော်ဝါရီလ >>> ကိုယ်နဲ့မဆိုင်တဲ့ ပိတ်ရက်ရှည်တစ်ခုကို ပျင်းရိစွာ ဖြတ်သန်းခဲ့တဲ့လပေါ့

မတ်လ >>> စီးပွားပျက်ကပ်က ကိုယ့်ဆီတည့်တည့်ကြီး လာမှန်တယ်ဆိုပါတော့

ဧပြီလ >>> နွေနဲ့အတူ ရင်မှာပူလို့ လောင်းရိပ်တစ်ခုရှာဖွေခဲ့တယ်

မေလ >>> ရရှိခဲ့တဲ့လောင်းရိပ်လေးမှာ ယုံကြည်လာအောင် အားထုတ်ခဲ့တယ်

ဇွန်လ >>> နေ့နဲ့ လ ထပ်တူကျတဲ့ ကိုယ့်မွေးနေ့ကို ထူးထူးခြားခြား သူငယ်ချင်းတွေနဲ့ ဖြတ်သန်းခဲ့တယ်

ဇူလိုင်လ >>> ယာယီကနေ အမြဲတမ်းဖြစ်အောင် ကူးပြောင်းတဲ့လမို့လို့ စိတ်လှုပ်ရှားခဲ့တယ်

သြဂုတ်လ >>> မျက်စိရောဂါ ပြန်ပေါ်လာလို့ တော်တော်ကိုစိတ်ဒုက္ခရောက်ခဲ့တယ်

စက်တင်ဘာလ >>> မိသားစုကို အကောင်းဆုံးသော လက်ဆောင်ပေးနိုင်ခဲ့တယ်

အောက်တိုဘာလ >>> နောက်၂နှစ်ဆိုတဲ့ အဖြေတစ်ခုကို ကြေကွဲစွာသိခဲ့ရတယ်

နိုဝင်ဘာလ >>> ၈ရက်နေ့လေးကို ရင်ခုန်စွာဖြတ်သန်းခဲ့လို့ ဘယ်တော့မှမေ့မရဘူး

ဒီဇင်ဘာလ >>> ကျန်းမာရေးညံ့တဲ့သူ့အတွက် အချိန်တိုင်းကို စိုးရိမ်ခဲ့ရတယ်

ဆက်ဖတ်ချင်သေးရင်...

Wednesday, December 30, 2009

ဟိုဟိုဒီဒီ

ဒီအပတ်ကိုစာရေးဖို့ တော်တော်ကိုခက်ခဲနေတယ် ။ စိတ်ကလည်းမကြည်ဘူး ဖြစ်နေသလို အလိုမကျတဲ့စိတ်ကလည်း ခဏခဏဖြစ်နေတယ် ။ နောက်ပြောင်ပျော်ရွှင်အောင် လုပ်နေပေမယ့် ရီလည်းတစ်ခဏတာပါပဲ ။ စိတ်ကိုကမလန်းဆန်းတော့ လူကလည်းဘလော့ကို ပစ်ထားသလိုဖြစ်နေတာပေါ့။

ကဲ ဟုတ်ပြီ ညစ်နေတာအားလုံးကို ၂၀၀၉မှာ ဒီပို့စ်နဲ့အတူ ထားခဲ့မယ် ။ ပျော်ရွှင်ခြင်းတွေ အောင်မြင်ခြင်းတွေ ကံကောင်းခြင်းတွေ ၂၀၁၀ မှာပိုင်ဆိုင်နိုင်ဖို့ ဆုတောင်းရင်းအေးချမ်းစွာနဲ့ နှစ်ကူးဖို့ကြိုးစားတော့မယ်ကွယ် ။ အားလုံးလဲသစ်သစ်လိုပဲ ပျော်ရွှင်စွာနှစ်ကူးနိုင်ပါစေ ။ အားလုံးပဲ ကျန်းမာရေးကိုဂရုစိုက်ကြပါ ရာသီဥတုက နေရတာသိပ်အဆင်ပြေကြပါဘူး စလုံးမှာလည်း ပူလိုက်အေးလိုက်နဲ့ ဖျားကြနာကြနဲ့လေ ကျန်းမာမှတကယ်ကို အားလုံးလုပ်နိုင်ကိုင်နိုင်မှာပါ ။ ပို့စ်လေးက နှစ်ကူးအတွက် ဆုတောင်းပေးရုံ သက်သက်ပဲါ ။ စိတ်ပြေလက်ပျောက်ချရေးလိုက်တဲ့ သဘောပါပဲ ။ ဒီပိတ်ရက်မှာ စာတွေထပ်ရေးနိုင်အောင် ကြိုးစားပါဦးမယ် ။ တီချမ်းရေးခိုင်းတာလည်း ရေးဖို့စဉ်းစားနေပါတယ် တီချမ်းရေ...။ အားလုံးပဲပျော်ရွှင်ကြပါစေနော် ။

ဆက်ဖတ်ချင်သေးရင်...

Saturday, December 26, 2009

ကြုံတွေ့ခဲ့ရ ထိုခဏ

သစ်သစ် ဒီပိတ်ရက်မှာ စာလေးတွေရေးချင်ပေမယ့် စိတ်ကသိပ်ပြီးရေးချင်စိတ်မရှိတာနဲ့ သီချင်းလေးတွေပဲ တင်ဖြစ်တယ်ဆိုပါတော့နော် ။ လာဖတ်နေကြ သစ်သူငယ်ချင်းက စာတွေရေးပါတဲ့ သီချင်းပဲမတင်ပါနဲ့ ဆိုတော့ သစ်တက္ကသိုလ်တက်ဖို့ဖောင်တွေတင်တော့ ဘားအံကပြန်ခဲ့ရတဲ့ အတွေ့အကြုံလေး ပြောပြချင်ပါတယ် ။ ခုပြန်ရေးတော့ စိတ်လှုပ်ရှားစရာ သိပ်မရှိပေမယ့် ကြုံတွေ့တုန်းကတော့ တကယ်ကိုစိတ်လှုပ်ရှားခဲ့ရတဲ့ အတွေ့အကြုံတစ်ခုပါပဲ ။

သစ်သစ်ငယ်စဉ်ကတည်းက ဘားအံ ရန်ကုန်ဆိုတာ ခေါက်တုံ့ခေါက်ပြန် သွားနေရတဲ့ ခရီးလေးပါ ။ အမေပါတာရှိသလို တစ်ယောက်တည်းသွားတာလည်း ရှိတာပေါ့နော် ။ ဘားအံကနေ မနက်၈နာရီလောက်ထွက်တဲ့ကားက ရန်ကုန်ကို ညနေ၅နာရီလောက်ဆို ၀င်လေ့ရှိပါတယ် ။ ဘားအံကနေ ညနေ၆နာရီထွက်တဲ့ကားက ရန်ကုန်ကို မနက်၃နာရီလောက် ၀င်လေ့ရှိပါတယ် ။ အဲ့အခေါက်ကတော့ အမေသူမပါတော့ သစ်သစ်ကိုနေ့ကားနဲ့ပြန်ခိုင်းခဲ့ပါတယ် ။

ဘားအံကနေကျောင်းတက်ဖို့ လျှောက်လွှာတင်ရန် ပြန်လာရမယ်လို့အဖေက လှမ်းခေါ်တော့ပြန်ဖို့ စီစဉ်ရတော့တာပေါ့နော် ။ ဒီလိုနဲ့အမေက သစ်သစ်ကိုလမ်းမှာ ဓါးပြတွေဘာတွေတိုက်တတ်တော့ သူကနေ့ကားနဲ့ပြန်ဖို့လက်မှတ်ဝယ်ပေးပါတယ် ။ မနက်ဖက် ၈နာရီလောက်အိမ်ရှေ့မှာကားရောက်တော့ သစ်သစ်တစ်ယောက်တည်း စပြီးပြန်လာတယ်ဆိုပါတော့လေ ။ သံလွင်တံတားကိုဖြတ်ပြီး ၂နာရီလောက်စီးပြီးတဲ့အချိန်ရောက်တော့ ဟိုင်းလတ်ကားတွေက လမ်းပြောင်းပြန်ပြန်လာပြီး ပြန်လှည့်ပါ ရှေ့မှာရေကြီးနေတယ် တော်တော်ရေများတယ် ရက်ကြာမယ်ဆိုပြီး အော်ပါတယ် ။ ဒါပေမယ့် သစ်သစ်တို့ကားသမားက မလှည့်ပါဘူး အခြားကားတွေကလည်း မလှည့်ကြဘူးလေ ဆက်သွားကြတယ် ဆိုပါတော့ ။

ဒီလိုနဲ့ရေကြီးတယ်ဆိုတာ ကြားသာကြားဘူးပြီး တစ်ခါမှမကြုံဘူးတဲ့ သစ်သစ်တစ်ယောက်ကတော့ အေးအေးဆေးဆေးပဲ ဆက်လိုက်လာခဲ့တယ်လေ ။ ကားကနေ့လည် ၁၁နာရီလောက်ကျတော့ ရေကြီးတဲ့နေရာကို ရောက်လာပြီးရေကျချိန်ကို စောင့်ဖို့ရပ်ထားလိုက်ပါတယ် ။ ကားပေါ်ကသူများကလည်း ရေကြီးတဲ့နေရာနားကို သွားကြည့်ကြတာပေါ့ သစ်သစ်ကတော့ ထိုင်ခုံပေါ်ကနေ တစ်ဖ၀ါးမှမခွာပဲ နေခဲ့တယ် ။ သစ်သစ်ဘေးကအစ်ကိုကြီးကတော့ နောက်နေ့အရောက်မိုးကုတ်သွားရမယ်ဆိုပြီး နောက်ပြန်လှည့်တဲ့ကားတစ်စီးနဲ့ လိုက်သွားပြီး ရထားနဲ့ရန်ကုန်သွားမယ်ပြောသွားခဲ့တယ်လေ ။

ညဘက်ရောက်တဲ့အထိ ရေကမကျပဲ တောင်ကျရေတွေပါ ရောလာပြီးပိုကြီးလာခဲ့တယ်လေ ။ ဖြစ်တဲ့နေရာကလည်း ရွာတွေနဲ့မနီးဘဲ သောက်စရာရေ အိမ်သာသွားစရာတောင် ခက်ခဲလာခဲ့တယ် ။ ညနေစာလည်း မစားရတော့ ကားပေါ်ကလူတွေလည်း စကားသံတိတ်ဆိတ်လာခဲ့ပါတယ် ။ ည၁၀နာရီလောက်မှာ ကားအုံနာက ဆလွန်းကားနဲ့ဘားအံကနေ လိုက်လာခဲ့ပါတယ် ။ နောက်တော့ သူ့လိုင်းကခရီးသည်တွေအားလုံးကို ရေသန့်ဗူးနဲ့ ခေါက်ဆွဲကြော်ထုပ်တွေဝေပါတယ် ။ ရန်ကုန်က အဖေ နဲ့ ဘားအံက အမေကလည်း သစ်သစ်ပျောက်လို့ပျားတုတ်နေပါတော့တယ် ။ ဘားအံက အစ်ကိုကလည်း ကားကိုမြ၀တီကို ယူသွားတော့ သစ်သစ်ဆီကိုချက်ချင်းလိုက်လာလို့မရတော့ သစ်သစ်အမေက သစ်ဆီကိုကားတစ်စီးငှားပြီး ညတွင်းချင်းလိုက်လာပါတော့တယ် ။

ကိုရီးယားရုပ်ရှင်ထဲကလိုပါပဲ သစ်သစ်တို့ကားအုံနာက ကျိုက်ကော်ကိုသူ့ကား၃စီးလုံးပြန်လှည့်ပြီး ဘုန်းကြီးကျောင်းတစ်ခုမှာ သွားအိပ်စေပါတယ် ။ အမေကရေကြီးတဲ့နေရာကို လိုက်သွားပြီး ဟိုရောက်တော့ကားတန်းကြီးအရှည်ကြီးမှာ လမ်းဆင်းလျှောက်ပြီး သစ်ကိုလိုက်ရှာပါတယ် ။ မတွေ့တော့ အချို့ခရီးသည်တွေကလည်း ပြောပါတယ် တစ်ချို့တွေကရထားလမ်းရေမကျော်သေးတော့ ရထားနဲ့သွားကြတယ်ပေါ့နော် ။ သစ်သစ်လည်းအဲဒီအဖွဲ့နဲ့ပါသွားလောက်တယ်လို့ပြောပါတယ် ။ မနက်လင်းတဲ့အထိရှာတာမတွေ့တော့ အမေကဘားအံကိုပြန်လာခဲ့ပါတယ် ။ စိတ်တွေပူလို့ ရန်ကုန်ဖုန်းဆက်တော့ အဖေကလည်း ပြန်မရောက်ဘူးဆိုပြီး ရန်ကုန်ဘူတာကြီးရဲ့ ဘီးလင်းဘက်ကလာတဲ့ ရထားခရီးစဉ်တွေမှာ သစ်သစ်ကိုရှာပါတယ် ။ မတွေ့ဘူးဆိုတော့ အိမ်ကအစ်ကိုငယ်ကို ဘီးလင်းကိုလွှတ်ပြီး သစ်သစ်ကိုရှာပါတယ် ။ အမေကလည်းနောက်တစ်ခေါက် ကျိုက်ကော်ကိုပြန်ဆင်းတာပေါ့နော် ။

သစ်တို့နောက်တစ်နေ့ နေ့လည်လောက်ကျတော့ ရေကတော့မကျဘူး ဒါပေမယ့် အဲဒီအရပ်က ဆယ့်နှစ်ဘီးကားအုံနာတွေက သူတို့ကားမောင်းသမားတွေက ဒီလမ်းကိုမျက်စိမှိတ်ပြီး မောင်းလို့ရတယ်ဆိုပြီး ကားတွေငှားပါတယ် ။ သစ်သစ်တို့ကားအုံနာကလည်း ရန်ကုန်ကတက်လာတဲ့သူ့ခရီးသည်တွေကလည်း ဘီးလင်းမှာသောင်တင်နေတော့ ဒီဘက်အခြမ်းကခရီးသည်ကို ဟိုဘက်ပို့ပြီး ဟိုဘက်ကခရီးသည်ကို ဒီဘက်ပြန်ပို့ဖို့ ကားတစ်စီးငှားလိုက်ပါတယ် ။ လူတွေဆိုတာ ကမ္ဘာပျက်သလိုပါပဲ ကိုယ့်အထုတ် သူ့အထုတ်ဆွဲပြီး အဲ့ဒီကားပေါ်ကိုအတင်းလုတက်ကြပါတယ် ။ သစ်သစ်ကလည်း တက်မလို့စောင့်နေချိန်မှာ ကားမောင်းတဲ့ဦးလေးကြီးက သစ်သစ်ကိုတွေ့သွားတော့ သူကတစ်ချိန်တုန်းက သစ်သစ်တို့အိမ်မှာ လာမောင်းဘူးတဲ့သူဖြစ်နေတယ်လေ ။ ဒါနဲ့အဘွားကြီး အဘိုးကြီးတွေကိုပဲ ရှေ့ခန်းမှာတင်တဲ့အထဲ သစ်သစ်ကိုထည့်လိုက်ပါတယ် ။ ၁၂ဘီးကားရဲ့ အိပ်ခန်းကလည်း တော်တော်ကျယ်တယ်ဆိုတော့ လူ၅ယောက်လောက်ကတော့ ချောင်ချောင်ချိချိ နေလို့ရပါတယ် ။

ဒီလိုနဲ့ကားကစထွက်တော့ ရေပြင်ကြီးအတိုင်း ကန့်လန့်ဖြတ်မောင်းပါတယ် ။ လမ်းဆိုတာဘာမှမမြင်ရပါဘူး ထိပ်ပိုင်းသာပေါ်နေတဲ့ အပင်တွေကိုကြည့်ပြီး မောင်းနေတာက တော်တော်အသဲယားစရာ ကောင်းပါတယ် ။ ဘားအံဘက်ကိုရောက်ဖူးသူတိုင်းသိပါတယ် ဘားအံလမ်းတွေက မြင့်ပြီး အိမ်တွေကအောက်ဖက်မှာပါ ဒီတော့ရေကြီးတော့အိမ်တွေဆိုတာ ခေါင်မိုးပဲမြင်ရပါတယ် ။ ဒီလိုနဲ့ဖြည်းဖြည်းမောင်းလိုက်တာဟာ ဟိုဘက်ကမ်းအထိမရောက်ပဲ ရောက်ဖို့၁မှတ်တိုင်လောက်အလိုမှာ ကားကရှေ့ဆက်သွားလို့မရတော့ပါဘူး ။ ဒီကားပေါ်ပဲဆက်နေမလား ခါးလောက်ရှိပြီး အရှိန်နဲ့စီးနေတဲ့ရေမှာ လမ်းလျှောက်ဖြတ်မလားပေါ့ လူတော်တော်များများကတော့ တောင်ကျရေထပ်လာမှာစိုးတော့ ရေထဲဖြတ်မယ်ဆိုပြီး ဆုံးဖြတ်ကြပါတယ် ။ ကားမောင်းတဲ့ဦးကြီးကလည်း သစ်သစ်ကိုဖြတ်သွားလိုက်တဲ့ အိတ်တွေထားခဲ့လိုက် ဘားအံအိမ်ကိုပို့ပေးမယ်လို့ ပြောပါတယ် ။ ဒီလိုနဲ့သစ်သစ်တစ်ယောက် ၅ယောက်တစ်တွဲလက်ချိတ်ပြီး ရေထဲကိုစမ်းတ၀ါးဝါးနဲ့ စဖြတ်ပါတယ် ။ အတွေ့အကြုံသစ်လည်းဖြစ်လို့ ကြောက်လည်းကြောက် ပျော်လည်းပျော်တာပေါ့နော် ။

ဒီလိုနဲ့လူတွေက တစ်ရွေ့ရွေ့နဲ့ ဖြတ်နေလိုက်တာ သစ်သစ်တို့၅ယောက်တွဲမှာ ထိပ်ဆုံးကဦးကြီးတစ်ယောက်က ခြေချော်ပြီးအတွဲလိုက်ကြီး ရေနဲ့အတူပါသွားခဲ့တယ်လေ ။ သစ်သစ်ကအတွဲမှာနောက်ဆုံးဆိုတော့ နောက်အတွဲကဦးလေးတစ်ယောက်ကလှမ်းဆွဲလိုက်တော့ ယှက်ကန်ယှက်ကန်နဲ့ ကျန်ခဲ့တယ်လေ ။ ထိတ်လန့်ခြောက်ခြားတာကတော့ ဆိုဖွယ်မရှိပါဘူး ။ တကယ်တမ်းပြောရရင် အဲဒီဦးကြီးပေးတဲ့အသက်ပဲရှိပါတယ် ။ သစ်သစ်ကရေလည်းမကူးတတ်ဆိုတော့ ပါသွားရင်နစ်သေဖို့ပဲ ရှိပါတော့တယ် ။ ဒီလိုနဲ့ကမ်းနားဘက်ရောက်လာတော့ ကြက်ခြေနီတွေနဲ့ သစ်သစ်တို့ရန်ကုန်ဘက်က ကားအုံနာက သစ်သစ်တို့ကို ကြိုဆိုပါတယ် ။ ရေစိုနေတဲ့သစ်သစ်တို့ကို ကော်ဖီတိုက်ပြီး ရန်ကုန်ပြန်မယ့်ကားပေါ်ခေါ်တင်ပါတယ် ။ နေရာလက်မှတ်တွေလည်း မရှိပဲ ရတဲ့နေရာဝင်ထိုင်ကြပါတယ် ။

သစ်သစ်ကို ဘီးလင်းမှာလာကြည့်တဲ့အစ်ကိုငယ်က ရေမကျသေးတော့ ကူးလာမယ်မထင်ပဲ ရန်ကုန်ပြန်လှည့်ပါတယ် ။ အိမ်ရောက်တော့အဖေက ညီမပါမလာပဲပြန်လာတယ်ဆိုပြီး ချက်ချင်းကားပေါ်အဖေကိုယ်တိုင်တက်ပြီး ဘီးလင်းကိုပြန်ထွက်လာခဲ့ပါတယ် ။ သစ်သစ်စီးလာတဲ့ကား ပဲခူးနားရောက်တော့ ကားမောင်းတဲ့သူကပြောပါတယ် နောက်မှာကားအဖြူလေးတစ်စင်း စုံမီးထိုးပြီးရပ်ခိုင်းနေတယ်တဲ့ ရပ်လိုက်ရမလားဆိုပြီး စပယ်ယာကိုပြောသံကြားရပါတယ် ။ နောက်သစ်တို့ကားရပ်လိုက်တော့ အဖေရယ် စခန်းမှူးတစ်ယောက်ရယ် အိမ်ကကားစပယ်ယာလေးရယ် က သစ်စီးလာတဲ့ကားပေါ်အပြေးတက်ပြီး သစ်သစ်ရေ သစ်သစ်ရေ အော်ခေါ်ပါတယ် ။ သစ်သစ်ကလည်း ရှိတယ် ဒီမှာပါတယ်ဆိုပြီး အဖေကိုတွေ့တော့ အာဗြဲနဲ့အော်ငိုလိုက်တယ်လေ .. ရှက်ထှာ ။ နောက်ကားသမားကို သစ်အစ်ကိုကနှုတ်ဆက်ပြီး သစ်သစ်ကိုပြန်ခေါ်သွားပါတယ် ။ အင်းတကော်ရောက်တော့ အဖေက သစ်သစ်ကိုစားသောက်ဆိုင်တစ်ခုမှာ စားချင်တာစားဆိုပြီး ကျွေးပါတယ် ။ သစ်သစ်လည်းအငတ်လိုပဲ စားတော့တာပဲလေ နောက်သစ်မေမေကို အဖေကဖုန်းဆက်တော့ အမေကသစ်အသံလည်း ကြားရောငိုပြီး စိတ်တွေအရမ်းပူလို့ အိပ်လို့လည်းမရ စားလို့လည်းမရ သွားရှာတာလည်း မတွေ့နဲ့ဆိုပြီးဖုန်းချသွားပါတယ် ။ နောက်နေ့ကြားရတာကတော့ သစ်တို့ရေကိုဖြတ်လာတဲ့၁၂ဘီးကားလဲ တောင်ကျရေနဲ့အတူ မြောသွားတယ်ဆိုတာပါပဲ ။

ကံကောင်းလို့ ယနေ့မှာ သစ်သစ်ရယ်လို့ စာတွေရေးနိုင်တာပါ ။ စာတွေမရေးဘူးဆိုလို့ သစ်သစ်ရဲ့ကိုယ်တွေ့လေးကို ရေးချလိုက်ပါတယ် ။ သဘာဝဘေးကို ဘ၀မှာ အဲ့တစ်ကြိမ်သာကြုံဘူးပေမယ့် သစ်ဘ၀မှာတစ်သက်လုံး အမှတ်ရနေပြီး ဘယ်တော့မှမမေ့နိုင်တဲ့အဖြစ်လေးတစ်ခုအဖြစ် အမြဲတမ်းတည်ရှိနေတော့မှာဆိုတာ သေချာပါတယ် ။

ဆက်ဖတ်ချင်သေးရင်...

Thursday, December 24, 2009

မေမေသို့....

ဒီနေ့မေမေ့အတွက် သီချင်းလေးတွေရှာပြီး တင်ဖို့လုပ်လိုက်တော့ ဒီသီချင်းလေးကိုသွားတွေ့တယ် ။ နွဲ့ယဉ်ဝင်း နဲ့ သံသာဝင်း တို့ သားအမိရဲ့ ဂရုဏာသံအဆုံးမှာ အမေကိုသတိရလွန်းတဲ့ သစ်သစ်တစ်ယောက် မျက်ရည်တွေမတားလိုက်နိုင်တော့ဘူး ။ မေမေ့ကိုဖုန်းခေါ်ပြီး အားရအောင်ငိုလိုက်ပြီးမှ နည်းနည်းနေလို့ရသွားတယ် ။

အိမ်မှာချက်ပြုတ်နေကြတဲ့ မောင်နှစ်မတွေ တူတူမလေးတို့ရဲ့ အသံကိုကြားရတော့ ငိုချင်စိတ်ကတားလို့ကို မရတော့ဘူး ။ တူလေးရဲ့ ဘာလို့အဘွားဆီကိုပြန်မလာတာလဲ တီတီလေးဆိုတော့ ဖြေစရာမေးခွန်းမရှိခဲ့ဘူး ။ ချက်ချင်းအထုတ်ကောက်ဆွဲပြီး ပြေးလို့ရရင်လည်း နက်ဖြန်မေမေ့အနားကို ရောက်အောင်ပြေးလိုက်ချင်တော့တယ် ။ တစ်ညနေလုံးအိပ်ယာပေါ်မှာ ခွေခေါက်ပြီးနေရတာ လုံးဝအဆင်မပြေခဲ့ဘူး။ ဒီနှစ်တော့အရောက်ပြန်မလာနိုင်တဲ့ သမီးကိုခွင့်လွှတ်ဖို့တောင်းပန်နေတဲ့အကြိမ်တွေများနေပေမယ့် တာဝန်မကျေသလိုခံစားရတာကို ဖျောက်ပစ်လို့မရနိုင်ဘူး ။ သတိရပြီး အရမ်းလွမ်းတယ် မေမေရယ်.....။



ဆက်ဖတ်ချင်သေးရင်...

Monday, December 21, 2009

ယုံကြည်တယ်

ဟိုနေ့က မမမောင်က မေးလ်ပို့ထားတော့ အပြေးအလွှားသွားကြည့်တာပေါ့နော် ။ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ကြည့်နူးစွာဖတ်ပြီးသကာလမှာတော့ ချစ်မမမောင်က လက်ဆောင်ပေးတော့တာပဲလေ ။ ချစ်မကပေးတော့လည်း ယူရတာပေါ့နော် ။ ကိုယ့်ကိုချစ်လို့တဂ်တာ မရှိရှိတာထုတ်ရေးရတော့တာပေါ့နော် ။ သမီးကသီလရှင်ဝတ်မှာလို့ ပြောရင်လည်း လက်ခံမယ့်သူမဟုတ်တော့ ရေးရပြီပေါ့ကွယ် ။ မမမောင်ရေဖတ်ပြီးတော့ မရီရဘူးနော် ။

ပထမဆုံးနောက် ၅နှစ်ဆိုတဲ့အပိုင်းကို စရေးချင်ပါတယ် ။ ဒါကတော့စိတ်ကူးယဉ်တာမဟုတ်ပါဘူး နဂိုကတည်းကလုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့အရာတစ်ခုပါပဲ ။ သစ်သစ်ဒီကိုမလာခင် သစ်သစ်ဆရာက ပညာတော်တော်များများသင်ပေးခဲ့ပါတယ် ။ သစ်သစ်ကိုယ်တိုင်လည်း ဒီဇိုင်းတွက်တာကို တကယ်စိတ်ဝင်စားပါတယ် ။ ကိုယ့်အိမ်လေးကနေ ကိုယ့်စိတ်ကူးလေးနဲ့တွက်ချက်ပေးလိုက်တာကို လူမပင်ပန်း စိတ်မပင်ပန်းနဲ့ သင်ခဲ့တဲ့ပညာတွေကို လက်တွေ့အသုံးချတဲ့ ဒီအသက်မွေးဝမ်းကျောင်းလေးကို တကယ်မြတ်နိုးပါတယ် ။ ကျေးဇူးရှင်ဆရာကိုယ်တိုင် သင်ကြားပေးခဲ့လို့ တန်ဖိုးအရမ်းထားပါတယ် ။

၁၉၉၉ ကနေ ၂၀၀၄ ထိ သင်ကြားပေးခဲ့တဲ့ သင်ဆရာ မြင်ဆရာအားလုံးကိုလည်း အမြဲတမ်းစိတ်မှာအောက်မေ့သတိရလျှက်ပါ ။ ဒီဆရာတွေသင်ကြားပေးခဲ့တာကို ပြန်လည်အသုံးချဖို့ ကိုယ့်မှာတာဝန်ရှိတယ်လို့ အစဉ်အမြဲခံစားရပါတယ် ။ ခုလိုပြင်ပထွက်ပြီးအလုပ်လုပ်တဲ့အခါ ဆရာတွေရဲ့ကျေးဇူးကိုပြတ်ပြတ်သားသား မြင်လာပါတယ် ။ သစ်ဘ၀ရဲ့အချိန်အစိတ်အပိုင်းလေးတစ်ခုကို မြှုပ်နှံပြီးမိဘတွေကို ငွေကြေးအားဖြင့်အားရအောင် ကျေးဇူးဆပ်ပြီးရင်တော့ သစ်သစ်အမိမြေကိုပြန်မယ် စိတ်ကူးထားပါတယ် ။ ကျန်ရှိတဲ့သစ်ရဲ့လက်ကျန်အချိန်တွေကို သစ်ဆရာနဲ့ပြန်လက်တွဲပြီး ဒီဇိုင်းလောကကို ပြန်ဝင်ဖို့စိတ်ကူးထားပါတယ် ။ အကောင်အထည်ဖော်ဖြစ်မယ်လို့လည်း ထင်ပါတယ် ။ တကိုယ်တည်းဖြစ်နေတဲ့ဆရာရဲ့ သက်ကြီးပိုင်းအချိန်တွေကို ပြန်လည်စောင့်ရှောက်ပေးရင်း သင်မကုန်တဲ့ဒီဇိုင်းပညာရပ်တွေကို ဆရာထံကပြန်လည်ဆည်းပူးရင်း ဇောက်ချလုပ်မယ်စိတ်ကူးထားပါတယ် ။

အကျဉ်းချုပ်ရရင်တော့ သင်ကြားဖူးတဲ့ပညာလေးနဲ့ ပြန်လည်လုပ်ကိုင်စားသောက်မယ်လို့ စဉ်းစားထားတယ်ပဲ ဆိုပါတော့ မမမောင်ရယ် ။ မရှိမရှားဘ၀လေးနဲ့ ကျန်ရှိတဲ့အချိန်တွေကို ကုန်လွန်ပြီး ဘာသာရေးကို ထိထိမိမိလုပ်မယ်လို့လည်း ဆုံးဖြတ်ထားပါတယ် ။ ဖြစ်လာမယ် မဖြစ်လာဘူးကတော့ သစ်သစ်အပေါ်မှာပဲ မူတည်လို့ ဒီလိုရည်ရွယ်ထားတယ်ဆိုတာလောက်ပဲ ပြောပြရင်းအချိန်နဲ့အတူ ပုံဖော်မယ်ပေါ့နော် ။ ဒါကတော့ နောက်၅နှစ်လောက်မှစပြီးလုပ်မယ့် အလုပ်အကိုင်လေးပါပဲ ။

ဒုတိယပုံဖော်ထားတဲ့ စိတ်ကူးထဲက အိမ်ထောင်ဖက်ဆိုတဲ့ အချက်လေးကို နည်းနည်းလေးပြောပြချင်ပါတယ် ။ မိန်းကလေးတိုင်းကတော့ ကိုယ့်အိမ်ထောင်ဖက်ကို အမျိုးမျိုးစိတ်ကူးယဉ်ဖူးကြမှာပဲလေ ။ သစ်ထင်တာကတော့ ဒီစိတ်ကူးလေးတွေဟာ အသက်အရွယ်အလိုက်တော့ ပြောင်းလဲသွားမှာပဲ ဘာလို့လည်းဆိုတော့ ကျောင်းသားဘ၀က ထားရှိခဲ့တဲ့ ကိုယ့်ရဲ့စိတ်လေးတောင် ခုလိုအလုပ်လုပ်တဲ့အရွယ်ကျတော့ ပြောင်းလဲသွားတတ်သေးတာပဲလေ ။

သစ်အများကြီး စိတ်ကူးမယဉ်ထားပါဘူး သစ်ရဲ့လက်တွဲဖော်ဟာ သစ်လိုပဲအလုပ်လုပ်နိုင်ရမယ် သစ်ကလည်းသူ့အလုပ်အပေါ် ကူညီနိုင်တဲ့သူဖြစ်ရမယ် ။ သစ်ဖြစ်ချင်တဲ့အရာတွေကိုလည်း ကောင်းသည်ဆိုးသည် ဝေဖန်ပိုင်းခြားထောက်ပြ လမ်းညွှန်တတ်တဲ့သူ ဖြစ်ရပါမယ် ။ တစ်ဦးပေါ်တစ်ဦး သံသယတွေကင်းရှင်းပြီး နားလည်မှုတွေရှိပေးနိုင်မယ့်သူမျိုး ဖြစ်စေချင်ပါတယ် ။ ဘာသာတရားကိုယုံကြည်ပြီး ကိုယ့်ရဲ့မျိုးဆက်တွေအပေါ် လိမ်မာရေးခြားရှိအောင် ဆုံးမနိုင်စွမ်းရှိတဲ့သူဖြစ်ရမယ်လို့တော့ စိတ်ကူးထားဖူးပါတယ် ။ ရုပ်ရည်လှဖို့ထက် စိတ်သဘောကောင်းတဲ့သူကို ရွေးချယ်ဖြစ်မယ်ထင်ပါတယ် ။ အရေးကြီးဆုံးသစ်စဉ်းစားတဲ့အချက်ကတော့ သစ် သူ့အပေါ်ဘယ်လောက်ပါရမီဖြည့်ပေးနိုင်မလဲ အချက်လေးပါပဲ ။ ဒီလောက်ပါပဲ ဘာကြီးညာကြီးဖြစ်ဖို့ သစ်အတွက်တော့မလိုအပ်ဘူး ထင်ပါတယ် ။

ကဲ ဒီလောက်ဆို မမမောင်လည်း ကျေနပ်လောက်မယ်ထင်ပါတယ် ။ စိတ်ကူးယဉ်တယ်ပဲဆိုဆို တဂ်ပို့စ်လေးရေးပေးတယ်လို့ပဲ မြင်မြင် သစ်သစ်ရေးတာက မမမောင်ကိုခင်မင်မှုတစ်ခုပဲ အရင်းပြုပါတယ် ။ သစ်သစ် နောင်ဖြစ်မယ့်အရာလေးတွေကို ရေးလေ့ရေးထမရှိတော့ အမှားပါရင် ခွင့်လွှတ်ပေးစေချင်ပါတယ် ။

ဆက်ဖတ်ချင်သေးရင်...

Sunday, December 20, 2009

အပြုံးလေး

အဆိုတော်သစ် အေသင်ချိုဆွေ ဆိုတဲ့ ကောင်မလေးသီချင်းလေးပါ ။ တော်တော်များများ သီချင်းတွေကောင်းပေမယ့် ဒီသီချင်းလေးက သူ့အိုက်တင်လေးနဲ့ ကြည့်ကောင်းလို့ ဒီအပတ်နားထောင်ဖြစ်တယ် ။ တက်လမ်းရှိတဲ့ကောင်မလေးလို့ ထင်မိပါတယ် ။ ဆိုဟန်ရော အိုက်တင်တွေရော ကြိုက်ပါတယ် ။ စာလာဖတ်တဲ့သူတွေကို မျှစေချင်လို့ ဘားမိကလပ်စ်စစ်ကနေ ဒေါင်းလုပ်ချပြီးတင်လိုက်တာပါ ။




ဆက်ဖတ်ချင်သေးရင်...

Thursday, December 17, 2009

ညရဲ့လမင်း

တစိမ့်စိမ့်နားထောင်ရင်း တသိမ့်သိမ့်ခံစားနေရလို့ ကိုယ်အရမ်းကြိုက်တဲ့ သီချင်းလေးထဲထည့်လိုက်တယ် ။ ကျေနပ်တော့နော်......။



ဆက်ဖတ်ချင်သေးရင်...

Wednesday, December 16, 2009

ပျော်ရွှင်ပါစေ ချစ်မေမေ

မေမေ ဒီနှစ်တော့ သမီးပြန်မလာနိုင်တော့ဘူးနော်.....။ ကျန်တဲ့သား ၊ သမီး ၊ မြေးတွေက မေမေ့အနားကို အရောက်လာကြမှာပါ ။ အဲ့ဒီနေ့မရောက်သေးပေမယ့် သမီးမရောက်နိုင်တဲ့အကြောင်း ပြောကတည်းကိုယ်က သမီးစိတ်မကောင်းတွေ ဖြစ်နေတာပါ ။ အဲ့နေ့မှာ သမီးတစ်ယောက်တည်း အဝေးကိုလွင့်သွားတယ်လို့ ခံစားမိပါတယ် ။ အဲ့နေ့ကို တစ်ယောက်တည်းဖြတ်သန်းရမှာ ပထမဆုံးမို့ ရင်မဆိုင်ရဲပါဘူး ။

ငယ်စဉ် အရွယ်ကတည်းက ကျင်လည်ကြီးပြင်းခဲ့ရတဲ့ မေမေတို့အသိုင်းအ၀ိုင်းလေးမှာ သမီးပျော်ပါတယ် ။ ညဘက်တွေသီချင်းလိုက်ဆိုပြီး အိပ်ပျော်နေတဲ့သမီးကို ရောက်တဲ့အိမ်မှာနှိုးပြီး မုန့်ကျွေးတတ်တာလေးတွေကိုလည်း အမှတ်ရဆဲပါ မေမေ ။ ခရစ်စမတ်မရောက်ခင်ကတည်းက ဖေဖေက မ ရေ ဒီနှစ်ခရစ်စမတ်မှာ ဘာလေးကျွေးရအောင်ဆိုပြီး အမြဲသတိတရနဲ့ စိတ်ထဲထားတတ်တဲ့ ဖေဖေ့အသံကိုလည်း ကြားယောင်နေပါတယ် ။ သမီးအနားမှာမရှိပေမယ့် စိတ်မကောင်းမဖြစ်ပါနဲ့နော် ။ မနှစ်ကတုန်းကလိုပဲ သမီးအနားကိုပြန်လာတယ်လို့ မှတ်ပေးပါ ။ အဖ ဘုရားသခင်က မေမေ့အပေါ် ကောင်းချီးများစွာ ပေးသနားတော်မူမယ်လို့ သမီးယုံကြည်ပါတယ် ။ ခရစ်တော်ရဲ့မွေးနေ့မှာ မေမေသည်လဲ စိတ်လက်ပျော်ရွှင်စွာ အရင်နှစ်များလိုပဲ သားသမီး ခင်ပွန်း မြေးအစုံအလင်နဲ့ ဖြတ်သန်းရင်း နောက်နှစ်သစ်ကိုကြိုဆိုမယ်လို့ သမီးမျှော်လင့်ပါတယ် ။ ကျန်းမာပါစေ မေမေ ၊ ပျော်ရွှင်ပါစေ မေမေ ၊ လို့ အဝေးကနေဆုတောင်းပေးလိုက်ပါတယ်နော် ။

မေမေ့အတွက် သီချင်းလေး အမှတ်တရ


ဆက်ဖတ်ချင်သေးရင်...

Tuesday, December 15, 2009

ဒီလ အဖြုန်း



လိုအပ်တယ် မလိုအပ်ဘူးဆိုတာထက် ၀န်ခံရရင် သူများဝယ်လို့ လိုက်ဝယ်သည်


ဒီလိုသပ်သပ်ရပ်ရပ်ဖြစ်ဖို့ အောက်ကခုံကို ရင်းလိုက်ရတယ် (၀ယ်မိပြန်ပြီ)



နောက်တိုးလေးပေါ့ ခုဆို၈ယောက်ရှိပြီ (၁၀ယောက်ပြည့်ရင်တော်ပြီ)

ဆက်ဖတ်ချင်သေးရင်...

အရင်းနှီးဆုံး


နေ့စဉ်နေ့တိုင်း ဒီလမ်းလေးကိုတက်လို့ နေ့ရက်တွေကိုစတယ်


အပြန်ကျရင် အရောက်ချင်ဆုံးက ဒီမှတ်တိုင်ပဲ ကိုယ့်တိုက်ရှေ့ဆိုတော့ ဒီကိုရောက်ရင် အိမ်ရောက်ပြီလေ


တိုက်ရှေ့က မရိုးနိုင်တဲ့ မီးပွိုင့်လေးနဲ့ ရှော့ပင်းမောလ်


ဒီနေရာရောက်ရင် တိုက်ကိုမြင်ရပြီဆိုတော့ အမောတွေအကုန်ပြေတယ်


ဒီလမ်းလေးသာ စကားပြောတတ်ရင် သစ်သစ်အတွက် ပြောစရာအများကြီးရှိနေမှာ သေချာတယ် ပျော်ရွှင်နေချိန်တွေရှိခဲ့သလို ငိုကြွေးပြီးတော့လည်း ပြန်ခဲ့ဘူးတယ်


မနက်စာအဖြစ် ၅ရက်မှာ ၃ရက်လောက် စားဖြစ်တယ် သူလည်းအမျိုးပါပဲး)

ဆက်ဖတ်ချင်သေးရင်...

လက်ရှိအဖော်

ပြီးခဲ့တဲ့ အပတ်က အိမ်ကအစ်မတစ်ယောက် မြန်မာပြည်ပြန်ပြီး အင်ဂျင်နီယာစာတမ်းဖတ်ပွဲမှာ သွားတက်ပြီး ပြန်လာတော့ အဲဒါတွေပါလာတယ်လေ ။ ၀မ်းသာလိုက်တာများ မပြောပါနဲ့တော့ ကိုယ်ကလည်းစာအုပ်သရဲဆိုတော့ အစ်မကလည်း စာဖတ်တာဝါသနာအရမ်းကြီးတယ်လေ အကြိုက်ချင်းတူပြီး ဆက်တိုက်ဖတ်နေတာ ၂အုပ်ပြီးသွားပြီ ။



ခုတော့လက်ကမချတမ်း ဖတ်နေတာက ဒီစာအုပ်



ဖတ်ဖို့တန်းစီနေတာက အများကြီးပဲ ပိတ်ရက်မှာဇိမ်ပဲ

ဆက်ဖတ်ချင်သေးရင်...

သင်တန်း...

ဒီအပတ် သင်တန်းတက်ရပါတယ် ။ စတက်တဲ့နေ့က ပျင်းလိုက်တာဆိုတာ မပြောပါနဲ့တော့ ခုတော့လည်းသင်တန်းပဲ တက်ချင်တော့တယ် ဟိ...။ ကော်ဖီလေးသောက်လိုက် အိပ်ငိုက်လိုက် လုပ်ခိုင်းတာလေးလုပ်လိုက်နဲ့ မူကြိုကျောင်းရောက်သွားသလိုပါပဲ...။ သိပြီးသားတွေပြန်တက်ရတာလောက် ပျင်းတာမရှိဘူး။ ဒါပေမယ့် သင်တန်းမှာက မြန်မာဆိုလို့ကိုယ်တစ်ယောက်ပဲ ပြီးတော့မိန်းကလေးကလည်း ကိုယ်တစ်ယောက်တည်းပဲဆိုတော့ လူကြီးတွေနဲ့အဖွဲ့ကျနေပြီလေ ။ တချို့ဦးလေးကြီးတွေ ဘာမှမသိတော့ ဆရာမစိတ်လေတာကိုကြည့်ပြီး ကိုယ်ထိုင်ရီနေမိတယ် ။ ဘာပဲဖြစ်ဖြစ် စာရွက်တစ်ရွက်ကတော့ ရဦးမှာပေါ့ကွယ် ။



သူသင်တာက အဲဒါတွေဆိုတော့ တီချယ်နားနေပါ သမီးသင်ပါရစေ ပြောရမလိုလို (ရှင်ချင်တယ်)

ဆက်ဖတ်ချင်သေးရင်...

Sunday, December 13, 2009

တောင်ကြီးဖ၀ါးအောက်

စလုံးရောက်ပြီးကတည်းက ဒုတိယအကြိမ်မြောက် မနက်၅နာရီ ထခြင်းပါပဲ ချိန်းထားတဲ့နေရာက ကိုယ်နဲ့နည်းနည်းလှမ်းတော့ နောက်ကျမှာလည်းစိုးတယ်လေ ။ မျိုးက ၇နာရီအရောက်ဆိုတော့ အိမ်က၆နာရီလောက်ရောက်မှ အိုကေနေမှာပေါ့နော် ။ အိပ်ယာကနိုးလာတာနဲ့ကို သူတို့အားလုံးကို မက်ဆေ့လေးတွေအရင်ပို့လိုက်တယ် အားလုံးကလည်းချက်ချင်းပြန်လာကျတော့ တပြိုင်နက်နိုးနေကြပြီဆိုတာက အသေအချာပဲလေ ။

ယူသွားမယ့်ပေါက်စီလေးတွေကို အရင်လုပ်ပြီး ကိုယ်တိုင်ကတော့ ရေမိုးချိုးပြင်ဆင်ပြီးလို့ထွက်မယ်ဆိုတော့တောင် ၆နာရီ ၁၀မိနစ်ရှိနေပြီဆိုတော့ ပြာယာပြာယာနဲ့ ရထားဘူတာပြေးရတာပေါ့လေ ။ ရထားပေါ်ရောက်လို့ ဖုန်းဆက်တော့မှ မေးခွန်းများရဲ့သခင် ထောပတ်သီးက မမသစ်တဲ့ထောကားဂိတ်ရောက်နေပြီဆိုတော့ ကိုယ်များနောက်ကျနေသလားဆိုပြီး ညညဆီဆက်လိုက်တော့ တက်ဆီပေါ်မှာတဲ့ မေဖလားဝါးတစ်ယောက်ရောဆိုတော့ ကိုယ်ခုပဲအိမ်ကထွက်မှာတဲ့ ခေါင်းဆောင်ကြီးမျိုးကတော့ ရထားပေါ်ရောက်နေပြီဆိုပဲ ။ ဆုံရမယ့်နေရာမှာ ထောပတ်သီး ခရမ်းချဉ်သီးက အရင်ရောက်နေပါတယ် ။ သစ်သစ်ကတော့ ဒုတိယပေါ့ နောက်တော့ညညရောက်လာတယ် မျိုးကနောက်ဆုံးရှေ့ ပန်းဝင်ပြီး အားလုံးကစောင့်မျှော်နေကြတဲ့ မေဖလားဝါးကတော့ စတိုင်အပြည့်နဲ့ နောက်ဆုံးပိတ်ရောက်လာတာပေါ့နော် ။

တစ်ယောက်တစ်မျိုး မရိုးရအောင်ယူလာတဲ့ မုန့်တွေကို အရင်ဝေကြပါတယ် ။ ကိုယ့်စားစရာကိုယ်သယ်လို့ စောစောစီးစီး ဘတ်စ်ကားဂိတ်ကို ချီတက်ကြတာပေါ့နော် ။ ပထမဦးစွာ ကံဆိုးသွားသူကတော့ ကုလားတစ်ယောက်ပါပဲ သူကလမ်းရွေးတာမှားတော့ ကိုယ်တွေအဖွဲ့ရှေ့က ဖြတ်မိရက်သားဖြစ်သွားတယ်လေ ဒါနဲ့ပဲအဖွဲ့လိုက်ဓါတ်ပုံများကို ရိုက်ခိုင်းလိုက်ကြတယ်လေ ။ ကားပေါ်မှာလည်း ဆူညံပွက်လောရိုက်ရင်း ၇မှတ်တိုင်မြောက်ကျတော့ ဆင်းလိုက်ကြပြီး တောင်ခြေကိုလမ်းလျှောက်ကြတာပေါ့နော် ။ လာတက်တဲ့သူတွေ တော်တော်ကိုများပါတယ် အ၀င်မှာမျောက်များကလည်း အလွန်ဆိုးပါတယ် ။ ဓါတ်ပုံရိုက်နေတုန်း ဟိုအထုတ်ဆွဲ ဒီအထုတ်ဆွဲနဲ့ပေါ့ ။

စတက်ပြီဆိုတာနဲ့ တောလမ်းဆိုတာကို ရွေးဖို့နေနေသာသာ ရွှေရင်ဆို့လို့တောင် ခေါ်လောက်တဲ့ခပ်မတ်မတ် တောင်တက်ခရီးနဲ့စလိုက်တာ လူကိုတော်တော်ပြိုင်းသွားပါတယ် ။ ရီလိုက်မောလိုက် စလိုက်ပြောင်လိုက်နဲ့ တက်လိုက်ကြတာ ဒီဂုံးထိပ်ကို အောင်မြင်စွာကျော်နိုင်ခဲ့ပါတယ် ။ ဂုံးထိပ်မှာနားနေဆောင်လေးရှိတော့ ပဲနို့ချိုရည်လေးသောက်ရင်း အပန်းဖြေကြပါတယ် ။ ရိုက်လိုက်တဲ့ဓါတ်ပုံဆိုတာလည်း ကင်မရာတောင်ထိုင်ငိုရပါတယ်ဆို ...။ ဒီလိုနဲ့တက်လာလိုက်တာ တောင်ထိပ်နားရောက်ခါနီးတော့ တော်တော်ကိုမြင့်တဲ့ လှေခါးနဲ့ပြေပြစ်တဲ့လမ်း ၂ခုရွေးရပါတယ် ။ ကဲရောက်တော့မယ်ဆိုတော့ လှေခါးထစ်လမ်းကိုပဲ စိတ်တူကိုယ်တူရွေးပြီး အော်ဟစ်ညီးညူကာ တက်လိုက်ကြတာ တောင်ထိပ်ကို အောင်မြင်စွာရောက်သွားခဲ့ပါတယ် ။

ခဏနားပြီး ကြာဇံကြော်တွေထုတ်စား ဂျယ်လီတွေစားနဲ့ ဗိုက်တင်းသွားတော့ အားတွေပြန်ပြည့်လာပြီး ပြန်ဆင်းဖို့လုပ်ကြပါတော့တယ် ။ တောင်တက်ရတဲ့ခရီးစဉ်က အချိန်ဘယ်လောက်မှမကြာပေမယ့် ပျော်လည်းပျော် မောလည်းမော အော်လည်းအော်နဲ့ ပျော်စရာတော့တော်တော် ကောင်းခဲ့ပါတယ် ။ ထူးခြားတာကတော့ စကားတွေပြောကြတော့လည်း စီဘောက်တွေမှာ ပြောနေကျအတိုင်းပဲ ညည ၊ ချယ် ၊ သစ်သစ်၊ ထော ၊ ခရမ်းချဉ်သီး ဒီလိုတွေပဲ ရင်းရင်းနှီးနှီးခေါ်လို့ မနာလိုဝန်တိုခြင်း ပြိုင်ဆိုင်ခြင်းကင်းတဲ့ တောင်တက်ခရီးလေးတစ်ခု အဖြစ် သစ်ဘလော့မှာ မှတ်တမ်းတင်လိုက်မိပါတော့တယ် ။

ဆက်ဖတ်ချင်သေးရင်...

Friday, December 11, 2009

ဒီတစ်ပတ်

အေးမြတဲ့ ဒီဇင်ဘာလလေးမှာ မြန်မာနိုင်ငံမှာဆိုရင်တော့ ကျိုက်ထီးရိုးတက်မလို့ သူငယ်ချင်းတွေတိုင်ပင်ဖြစ်ကြမယ့် အချိန်ပေါ့လေ ။ ဒီနှစ်တော့ စင်္ကာပူကသူငယ်ချင်းတွေနဲ့ ဘူဂစ်တီမားတောင်လေးကို ကျိုက်ထီးရိုးအလွမ်းပြေတက်ဖို့ လာမယ့်တနင်္ဂနွေနေ့လေးကို စီစဉ်ထားပါတယ် ။ သူတို့ကို သစ်သစ်ကပြောပါတယ် တောလမ်းကတက်မလား ကွန်ကရစ်လမ်းကတက်မလား ဆိုတော့ အတိုင်အဖောက်ညီညီပါပဲ အားလုံးကတောလမ်းကတက်မယ်တဲ့..အဲဒီမှာ သစ်သစ်တစ်ယောက်တော့ သေပြီဆရာအော်ရတော့တာပေါ့။ ဟူးးးးးးးးးးးးး အများဆန္ဒပယ်လို့မရတဲ့ မတတ်နိုင်ဘူးလိုက်ရတော့မှာပေါ့လေ ဟင့်...။

တနင်္လာနေ့ကစလို့ သစ်သစ်တစ်ယောက် သင်တန်းတစ်ခုတက်ဖို့ရှိပါတယ် ။ သူတို့ကိုပြောပါတယ် သင်တန်းအတွက် ပြင်ဆင်စရာရှိလို့ နောက်အပတ်မှဆိုတော့ သူတို့ကပြောပါတယ် သင်တန်းကကိုယ်ကသွားသင်မှာတဲ့ ကိုယ်သင်ပေးရမှာမဟုတ်ဘူးဆိုပြီး အတိအလင်းပယ်ချပါတယ် ။ ခုတော့လည်း ပေါက်တဲ့နှဖူးမထူးတော့ပါဘူးလေ လူပေါင်းမှားတော့လိုက်ရတော့မှာပေါ့နော် ။ ပြီးတော့ မည်သည့်ဆေးလ်မှမသွားပဲ သပိတ်မှောက်ထားပါတယ် ။ တန်တယ်ဆိုပြီး ကိုယ့်အတွက်လိုလို မလိုလိုဝယ်ချင်တဲ့ကိုယ့်စိတ်ကို ထိန်းမရလို့ သွားကိုမသွားတော့ပါဘူးလေ ။ .

နှစ်ကုန်ခါနီးဆိုတော့ ပွဲလမ်းသဘင်တွေကများ ပိတ်ရက်တွေကများဆိုတော့ လူငယ်ပီပီ ပျော်ချင်ပါးချင်တာက ထိန်းမရပါ ။ ဘလော့ကသူငယ်ချင်းတွေကတမျိုး ကျောင်းကသူငယ်ချင်းတွေကတစ်ဖုံ အတူနေတဲ့အိမ်ကအမတွေကတစ်သွယ်နဲ့ မိသစ်သစ်တို့ပြုတ်ပြုတ်ပြုန်းပါတော့မယ် ။ သစ်သစ်ကျောင်းကသူငယ်ချင်းတွေက တော်တော်ဆိုးပါတယ် တစ်ယောက်အိတ်ဝယ်မယ်ဆိုလည်း အတွဲလိုက်ကြီးတသီကြီးလိုက်နေကြတာ ယောက်ျားလေး မိန်းကလေးအကုန်ပဲ ပျော်စရာလည်းကောင်း ပင်လည်းပင်ပန်း ညောင်းလည်းညောင်းနဲ့ ပျော်မောကြီးလေ ။

သစ်သစ်အစ်ကိုလည်း နေကောင်းသွားပါပြီ စိတ်ပူပေးကြတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ကြောင်း ဒီကနေထပ်လောင်းပြောလိုက်ပါတယ်နော် ။ တကယ်တော့ဒီပို့စ်က စာရေးချင်လို့သာရေးလိုက်တာပါ ဒီအတောအတွင်းလုပ်မယ့်အရာတွေ ချရေးတာလို့ပြောရင်ပိုမှန်ပါလိမ့်မယ် ။ အားလုံးပဲခရစ်စမတ်မှာ ပျော်ရွှင်နိုင်ကြပါစေနော်..။

ဆက်ဖတ်ချင်သေးရင်...

Wednesday, December 9, 2009

ရီကြမယ်...

သူငယ်ချင်းတစ်ယောက် ဖော်ဝပ်ပို့ပေးလို့ ဝေမျှလိုက်ပါတယ် ။ ပျော်ရွှင်နိုင်ကြပါစေရှင် ။

မြိုရခက်ကြီး
ထမင်းဝိုင်းအနားတွင် ရပ်လျက် အန်တီမြက ဧည့်သည်များကို ပြောသည်။
"စားကြပါနော်။ အားမနာပါနဲ့။ ဒါနဲ့ ဦးဘမောင် ကြက်သား တတိယတုံး ယူလိုက်ပါအုံး။ ဘယ်သူဘယ်နှစ်တုံး စားတယ်ဆိုတာ ကျွန်မ မမှတ်တတ်ပါဘူးရှင်"



တစ်ယောက်မှ မရှိပါ
လူဆိုးများ လက်မှ လွတ်အောင် ကိုချူချာပြေးရင်း ရေတွင်းထဲ ဆင်းပုန်းသည်။ လူဆိုးဂိုဏ်းခေါင်းဆောင်က ရေတွင်းထဲ ကြည့်ပြီး အော်သည်။

"တစ်ယောက်ယောက်ရှိသလားဟေ့"

ကိုချူချာက ပဲ့တင်သံပုံစံဖြင့် ပြန်အော်သည်။

"တစ်ယောက်ယောက်ရှိသလားဟေ့၊ တစ်ယောက်ယောက်ရှိသလားဟေ့"

"တစ်ယောက်မှ မရှိဘူးထင်တယ်"

"တစ်ယောက်မှ မရှိဘူးထင်တယ်၊ တစ်ယောက်မှ မရှိဘူးထင်တယ်"

"ဗုံးတစ်လုံး ပစ်ချလိုက်ရင် ကောင်းမလား"

"မပစ်နဲ့၊ မပစ်နဲ့ တစ်ယောက်မှ မရှိတာပဲ"




ဗိုလ်ကြီး မသေဘူးဟေ့
ရှေ့တန်းတိုက်ပွဲ တစ်ခုတွင်ဖြစ်သည်။ ရန်သူ့စခန်းကို သိမ်းပိုက်မိသည့် အခါ တပ်ဖွဲ့တွင်လည်း ရိက္ခာပြတ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ရန်သူ့ စားဖိုဆောင်ထဲတွင် ရိက္ခာ အမြောက်အမြား တွေ့ရသော အခါ တပ်သားများ ပျော်သွားကြသည်။ သို့သော်လည်း သူတို့ တစ်ယောက်မှ မစားကြသေးပဲ ဗိုလ်ကြီးကို သာလေးစားသည့် အနေဖြင့် အရင်စားခိုင်းကြသည်။
ဗိုလ်ကြီးစားတာကို သူတို့ ထိုင်ကြည့်နေကြသည်။ စားပြီးတစ်နာရီကြာသည်အထိ ဘာမှ မဖြစ်တာ တွေ့ရမှ "ဗိုလ်ကြီး မသေဘူးဟေ့။ အဆိပ်တွေ မပါဘူး။ တို့လည်းစားလို့ရပြီ" ဟု ၀မ်းသာအားရပြောကာ စားကြလေသည်။


တို့သူငယ်ချင်းလှထုံအကြောင်းပြောရမလား...

စာမေးပွဲနီးတော့ အိပ်ရေးပျက်ပြီး မူးလို့ ဆရာဝန်ကိုသွားပြပါတယ်..။ ဆရာဝန်က လက်မောင်းမှာ
အဝတ်ပတ်.. ရာဘာလုံးလေးကို တရှူးရှူးညှစ်ပြီး (သွေးချိန်တာပါ) အပေါ်သွေး..... လို့ပြောရုံရှိသေး..လူနာကုတင်ပေါ်က လူးလဲထပြီး အောက်သွေး မတိုင်းတော့ဘူးလို့ ဆိုပါတယ်...။
(သူထင်သွားတာက အောက်သွေးတိုင်းရင် သူ့ပေါင်ကို
အဝတ်နဲ့ ပတ်မယ်ထင်တာ၊ အပေါ်သွေးတိုင်းတုံးက လက်မောင်းကိုပတ်ထားတာကိုး....)



ချွေတာတဲ့ ကိုချူချာ
ကိုချူချာ အလုပ်မှ ပြန်လာသည်။ ရောက်ရောက်ချင်း မီးဖိုချောင်ဘက်သွားပြီး ရေခဲသေတ္တာကို ဖွင့်သည်။ ချက်ချင်းဆောင့်ပိတ်သည်။ ထို့နောက် မိန်းမကို လက်သီးစာ ကျွေးသည်။ မိန်းမဖြစ်သူ တုန်လှုပ်ချောက်ချားသွားသည်။ ဘာကြောင့် ရိုက်ပါလိမ့် စဉ်းစားသည်။ အင်း ရေခဲသေတ္တာထဲမှာ စားစရာနည်းနေလို့ နေမှာပဲ။

နောက်နေ့ ကိုချူချာ အလုပ်သွားသောအခါ မိန်းမသည် ဆိုင်သို့ပြေးပြီး ဖွယ်ဖွယ်ရာရာတွေ ၀ယ်သည်။ ရေခဲသေတ္တာတစ်ခုလုံး စားစရာတွေနဲ့ ဖြည့်ထားသည်။ ညနေရောက်သော် ကိုချူချာ ပြန်လာသည်။ မနေ့က အတိုင်း မီးဖိုထဲဝင်ပြီး ရေခဲသေတ္တာ ကိုဖွင့်သည်။ ချက်ချင်ပြန်ပိတ်ပြီး မိန်းမကို လက်သီးစာ ကျွေးသည်။ ရှိုက်ကြီးတငင်ငိုရင်း မိန်းမဖြစ်သူ စဉ်းစားသည်။ ဘီယာမရှိလား လို့များလား။

မနက် ကိုချူချာ ထွက်သွားသွားချင်း ဘီယာ ပြေးဝယ်သည်။ ရေခဲသေတ္တာ ထဲ ထည့်သည်။ ဘီယာအေးအေးလေး သောက်လိုက်ရရင် သူရန်မရှာတန်ကောင်းရဲ့ ဟုတွေးသည်။

ကိုချူချာပြန်လာသည်။ မီးဖိုချောင်ဘက်သွားပြီး ရေခဲသေတ္တာကို ဖွင့်သည်။ မိန်းမဖြစ်သူ ရင်တမမနှင့်စောင့်သည်။ ရေခဲသေတ္တာ ဆောင့်ပိတ်သံ ကြားရသည်။ ကိုချူချာ အခန်းထဲ ၀င်လာပြီး မိန်းမကို လက်သီးစာ ကျွေးသည်။ မိန်းမဖြစ်သူ မအောင့်နိုင်တော့ဘဲ မေးလိုက်သည်။

"ရှင်ဘာဖြစ်လို့ ကျွန်မ ကိုရိုက်ရတာလဲ"
"မင်းရေခဲသေတ္တာထဲက မီးကို ဘယ်တော့ ပိတ်မလဲကွ ဟေ"



နေရာကောင်း
ကိုချူချာ သစ်ပင်ပေါ် တွယ်တက်သည်။ ဖြတ်သွားသူက မေးသည်။
"ဟေ့လူ၊ ဘာတက်လုပ်မှာလဲ"
"သရက်သီးစားမလို့"
"ခင်ဗျား ရူးနေသလား၊ ဒါ မန်ကျည်းပင်ပဲဟာ"
"ကျွန်တော့် အိပ်ထောင်ထဲမှာ သရက်သီးပါတယ်ဗျ"




တွေ့ရင်ပြောမယ်
ကိုချူချာကို လူဆိုးနှစ်ဦး တစ်ဖက်တစ်ချက်မှ ချုပ်ကိုင်ပြီး ကမ်းဆိပ်သို့ အတင်းဆွဲခေါ်လာသည်။

ကိုချုချာ၏ခေါင်းကို ရေထဲနှစ်လိုက်သည်။ ခဏအကြာတွင် ပြန်ပြီးမေးသည်။

"ပိုက်ဆံရှိသလား"
"မရှိဘူး"

ကိုချူချာကို ရေထဲနှစ်လိုက်ကြပြန်သည်။ ပထမအကြိမ်က ထက် အနည်းငယ် ပိုကြာအောင်ထားလိုက်သည်။ ထို့နောက် ပြန်ဖော်ပြီးမေးသည်။

"ရွှေကောရှိသလား"
"မရှိဘူး"

"ခေါင်းမာတဲ့ အကောင်" ဟုပြောပြီး လူဆိုးများ ကိုချူချာကို ရေထဲနှစ်လိုက်ပြန်သည်။ ခဏကြာသောအခါ ပြန်ဖော်ပြီးမေးသည်။

"ပိုက်ဆံမရှိဘူး ဟုတ်လား"
"ဟုတ်တယ် မရှိဘူး"
"ရွှေလည်းမရှိဘူး ဟုတ်လား"
"ဟုတ်တယ် မရှိဘူး"
"အဲဒါဆို ဘာရှိလဲပြော"

"ရေနောက်နေတော့ ဘာမှ မမြင်ရဘူး၊ ကျွန်တော့်ကို ခပ်နက်နက် နှစ်ကြည့်ပါ၊ တွေ့ရင်ပြောပါ့မယ်။"


ဆက်ဖတ်ချင်သေးရင်...

Tuesday, December 8, 2009

ရေစီးကြောင်း

သစ်သစ်တို့ရပ်ကွက်ထဲမှာ နိုင်ငံခြားသွားပြီဆို ဟိုးးးးးး သစ်သစ်တို့ငယ်ငယ်ခေတ်က သင်္ဘောသီးတွေလို ထင်နေကြတယ် ။ ချမ်းသာတယ်ပေါ့ ငွေကိုရေလိုသုံးမယ်ပေါ့ တိုက်ဝယ်မယ် ကားဝယ်မယ်ပေါ့ သူများအတွက် ဟုတ်ချင်ဟုတ်ပါမယ် သစ်သစ်အတွက်တော့ မဟုတ်ခဲ့ပါဘူးလေ ။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်တယ် ဆိုတော့လည်း အရာရာတွေးရစိတ်တွေပူရနဲ့ လိုအပ်တာဖြည့်ဆည်းရနဲ့ ဘ၀ရယ်များ နှစ်တွေသာကုန်လွန်သွားတယ် ဖြည့်ဆည်းလို့မဆုံးနိုင်ခဲ့ပါဘူး ။ စုမယ်ဆိုတာကတော့ ဟိုးးးးးးးးးးးး အဝေးကြီးမှာပါ.........

အစကတော့ year plan ပေါ့နော် ဒီနှစ်မှာဘာဖြစ်ရမယ်ပေါ့ ၁၀ခုသတ်မှတ်ထားရင် ၅ခုဖြစ်ကံကောင်းဆိုတော့ ၂၀၁၀ကစပြီး monthly plan စပြောင်းမယ်စိတ်ကူးလိုက်ပါပြီ ...ဟိဟိ ။ နောက်လကိုအသာဘေးချိတ် ဒီလအတွင်း ငါဘာလုပ်မယ် ဖြစ်အောင်လုပ်မယ် ဆိုတဲ့အတွေးနဲ့ လေအလျင်လိုမြန်နေတဲ့ အချိန်တွေကို နည်းမျိုးစုံနဲ့လိုက်ဖို့ တွေးတောနေပါတယ် ။ နိုင်ငံခြားမှာနေတာ စိတ်လွတ်သွားလို့မရပါဘူး အမြဲတမ်း အသိနဲ့သတိက ကပ်နေရပါတယ် ။ စားတာသောက်တာ ၀ယ်တာခြမ်းတာ အကုန်ပါပဲလေ စာရိတ်ကြီးမြင့်တဲ့ နိုင်ငံမှာနေတော့လည်း တစ်ချက်မှားတာနဲ့ကို တလလုံးကြွေးပတ်လည် ၀ိုင်းလာတတ်တယ်လေ ။

Spass သမားတစ်ယောက်ရဲ့ ဘ၀ကို လှမ်းကြည့်မယ်ဆိုရင် သူ့အခြေခံလစာက ၁၈၀၀ ပဲထားလိုက်ပါတော့ ။ ကျွမ်းကျင်မှုပေါ်မူတည်ပြီး ၂၀၀၀ကျော်တဲ့သူလည်း ရှိပါတယ် ဒီလိုပဲအချို့အလုပ်တွေက ၁၃၀၀ ၊ ၁၅၀၀ ပေးပြီး လုပ်ကိုင်နေရတဲ့ မောင်နှမတွေလည်း ရှိပါတယ် ။ ၁၈၀၀ လစာနဲ့ပဲ တစ်လစာအသုံးစာရိတ်ကို တွက်ချက်ကြည့်ကြမယ် ဆိုပါစို့ ။ မည်သူမဆို သစ်ထင်တယ် တစ်လ ၈၀၀တော့ ကုန်ကြတာပါပဲလေ ။ ရထားခ ၊ အိမ်ခန်းခ ၊ စားသောက်စာရိတ် ၊ ဖုန်းခ ၊ အင်တာနက်ခ စသဖြင့်ပေါ့ လျှော့လို့ရတာ ရှိသလို ၈၀၀ထက်ပိုကုန်တဲ့သူလည်း ရှိပါတယ် ။

ဘာသာစကားမတူ အယူအဆတွေမတူတဲ့ သူတွေကြားမှာ ၈နာရီနှုန်းနဲ့ စိတ်ပျော်အောင် အမျိုးမျိုးလုပ်ပြီး တလပြီးတလ ကုန်အောင်ဖြတ်သန်းရတဲ့ သူအတွက် တလသူစုနိုင်ရင် မြန်မာငွေ၇သိန်း အလွန်ဆုံးပါပဲ ။ ဒါတောင်အသားတင်မဟုတ်ပါဘူး လစဉ်အခွန်ငွေ ၈၀လေးကို ဖယ်ထားလိုက်ပါဦး ပြီးတော့လည်း လူလူသူသူဝတ်ရစားရဖို့အတွက် လစဉ်ကိုယ့်အပိုအသုံးစာရိတ်လေး ၅၀လောက်ဖယ်လိုက်ရင် ကိုယ့်ဆရာရေ မြှောက်လို့ပင်မတွက်ချင်တော့ပါဘူးလေ ။ ဒီတော့ နောက်ဆုံးအနေနဲ့ သုံးသပ်ရရင် ကျန်းမာရေးဒေါင်ဒေါင်မြည်နဲ့ တက်ကြွစွာလုပ်နိုင်မှ ဒီလူတစ်နှစ်အလွန်ဆုံးစုနိုင် သိန်း၇၀ထက်မပိုနိုင်ပါဘူးလေ ။

သစ်သစ်ဆိုလိုချင်တာက နိုင်ငံခြားသွားတိုင်း အထင်ကြီးစရာမလိုသလို ပြန်လာတိုင်းလည်း သူဌေးမဟုတ်ပါဘူး ဆိုတာပါပဲ ။ မိဘချမ်းသာလို့ ကျောင်းလာတက်တဲ့သူတွေကလွဲလို့ သာမန်သစ်သစ်တို့လို အလုပ်လာလုပ်တဲ့ သူတွေရဲ့ဘ၀ကတော့ ထပ်တူမကျရင်တောင် သိပ်ပြီးကွာဟမယ်မထင်ပါဘူးလေ ။ ရက်ပေါင်း၃၀၀ကျော်အလုပ်လုပ်ပြီးနောက် ရလာတဲ့ရက်ရှည်ခွင့်လေးမှာ ပြန်ဖို့အတွက်လှုပ်ရှားရတာလည်း ချမ်းသာလို့ပြန်တာမဟုတ်သလို ပြန်ခါနားနီးလေ ကိုယ်စုထားတဲ့ပိုက်ဆံလေးနဲ့ ၀ယ်ထားတဲ့လက်ဆောင်လေးတွေကို ဟိုလူ့ကိုပေးမယ် ဒီလူ့ပေးမယ်ဆိုတဲ့စိတ်ကူးလေးက စိတ်ကိုတော်တော်ချမ်းသာစေပါတယ် ။

လူတိုင်း မလှုပ်သာမလူးသာနဲ့ မြှုပ်ချည်ပေါ်ချည် ဖြစ်နေတဲ့ နိုင်ငံခြားရေစီးထဲမှာ သစ်သစ်ကိုယ်တိုင်လည်း မြှုပ်မသွားအောင် တတ်နိုင်သလောက်ကူးခပ်ရင်း ကြံဆောင်နေရတာ အချိန်တိုင်းပါပဲ ။ တခါတလေလည်း မွန်းကြပ်လွန်းလို့ လုပ်ချင်ရာသာ လုပ်လိုက်ချင်တာလည်း အခါခါပါ ။ နောက်တော့ ဒီရေစီးကြောင်းအပေါ်မှာ စီးမြောရင်းနဲ့ပဲ.......

ဆက်ဖတ်ချင်သေးရင်...

အရမ်းစိတ်ပူနေတယ်

အစ်ကို အရမ်းစိတ်ပူနေတယ် ။ ကျန်းမာပါစေ အော်ပရေးရှင်းလည်း အောင်မြင်ပါစေ ။ အနားမှာညီမနေမပေးနိုင်ပေမယ့် ထပ်တူထပ်မျှ စိတ်ပူနေပြီး ဘုရားမှာအချိန်တိုင်း ဆုတောင်းပေးနေပါတယ်နော် ။ အစ်ကိုအနားကို ပြန်လာမယ့်ရက်ကို စောင့်နေပါတယ် ။ ခွဲစိတ်ခံရမယ်ဆိုတဲ့ အစ်ကို့ရဲ့တိုးညှင်းတဲ့လေသံကို ကြားရတဲ့အချိန်မှာ ညီမဘယ်လိုခံစားနေရလည်း မြင်စေချင်တယ် ။

နေလို့မရ ထိုင်လို့မရ နဲ့ အကြိမ်ကြိမ်ဆုတောင်းနေမိတာက အစ်ကို ညီမအနားကို အမြန်ပြန်လာပါနော်...။

ဆက်ဖတ်ချင်သေးရင်...

Sunday, December 6, 2009

နီးလာပြန်တဲ့ ဒီချိန်ခါ

ဘာလိုလိုနဲ့ နေရပ်ကိုခဏပြန်ဖို့အချိန်ကျရောက်လို့ လာပြန်ပါပြီ ။ တနှစ်နဲ့တနှစ်က တကယ်ကိုမြန်ဆန်လွန်းပါတယ် ။ မနှစ်ကဒီဇင်ဘာက ဟိုနေ့ကလိုပါပဲ ခုတော့လည်းနောက်တစ်နှစ်ဖြစ်လာပြန်ပြီလေ ။ အချိန်ကလိုက်လို့ကိုမမှီနိုင်ပါဘူး ။ အစကတော့ ရုံးကခွင့်က ရမလိုလို မရမလိုလိုနဲ့ ဝေခွဲမရဖြစ်ခဲ့ပါသေးတယ် ။ ခုတော့ ဘာပဲဖြစ်ဖြစ် ငါ့မိဘကိုတစ်နှစ်မှာ တစ်ကြိမ်တွေ့ရမှဖြစ်မယ်ဆိုပြီး ခွင့်ရမရတောင် မသေချာပဲ လေယာဉ်လက်မှတ်ကို ၀ယ်ခဲ့ပါတယ် ။ နောက်မှသူတို့ကိုအသိပေးလိုက်ပြီး ကိုယ့်ဘာသာလည်းဆုံးဖြတ်ချက်ချလိုက်ပါတယ် ဘာပဲဖြစ်ဖြစ်ပြန်မယ်လို့ပေါ့နော် ။

ဒီတပတ်အတွင်း သူငယ်ချင်းတစ်ယောက်ကလည်း ရန်ကုန်ကိုအပြီးပြန်တော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုသိလိုက်ရတော့ လူကနောက်တလည်လည်ဖြစ်နေတဲ့စိတ်က ပိုပြီးတန်ပိုမြင့်လာခဲ့တယ်လေ ။ သူအလုပ်တွေလည်း အဆင်ပြေနေရဲ့သားနဲ့ ဘာကြောင့်များပြန်လဲလို့တော့ မစဉ်းစားတော့ပါဘူး သူလည်းသူ့ခံယူချက်နဲ့သူပေါ့နော် ဒီလိုဆိုတော့ ငါ့ခံယူချက်ရောဘာလဲလို့ အကြိမ်ကြိမ်ပြန်စဉ်းစားပြီး ရေရာတဲ့အဖြေထွက်မလာခဲ့ပါဘူး ။ ဘာဖြစ်ရမယ်ဆိုတာထက် ဘာလေးဖြစ်ရင်တော့ ဘာဆက်လုပ်မယ်ဆိုပြီး မရေရာတဲ့အနာဂတ်ကို ပုံဖော်နေမိတာ ငါများမှားနေလားနော်..။

ဒီလိုနဲ့ပြန်မယ့်ရက်နီးလာခဲ့ပြီဆိုတော့လည်း ထုံးစံအရ ဟိုဝယ်ဒီဝယ်ဖို့ ဇာတ်လမ်းလေးတွေ စလာခဲ့တယ် ဆိုပါစို့ ။ ဘယ်နေရာမှာများ လျော့ဈေးရှိမလဲ သတင်းစာကဖတ်ရတာလည်း အခါခါပါ ။ ကိုယ်နဲ့လိုအပ်တယ် မလိုအပ်ဘူးမသိ ဒါလေးကတော့ ဟိုသူအတွက် ဒါလေးကတော့ ဒီသူအတွက်ဆိုပြီး စိတ်ကူးနဲ့လည်း ပုံဖော်မိနေပြန်ရောပေါ့ ။ အိမ်ကသူများကတော့ ဇာတ်တိုက်ထားသလား မှတ်ရပါတယ် ကလေးအစ လူကြီးအဆုံး ဘာလိုချင်လဲဆိုတော့ ဘာမှမလိုချင်ဘူးတဲ့ ။ ချော့ကလက်ဆိုတော့လည်း မနှစ်ကနင်ဝယ်လာတာတောင် ပုလင်းထဲမှာပဲ ရှိသေးတယ်တဲ့ ။

အဖေအတွက် အကျီဆိုတော့ ငါ့ကိုမင်းသားမှတ်နေလားတဲ့ ဒီလောက်အကျီပို့ရအောင်တဲ့ နာရီဆိုတော့လည်း မနှစ်ကနာရီကို သေချာတောင်မပတ်ဖြစ်သေးဘူးတဲ့ ဒါဆိုရေဒီယိုလေးဝယ်လာမယ် ဘာလိုင်းညာလိုင်းနားထောင်ဖို့ဆိုတော့လည်း ၅၀၀၀ထောင်တန် တရုတ်ဖြစ်လေးနဲ့ အိုကေပါတယ်တဲ့ ကိုယ်လည်းဒါဆို ဘာဝယ်ရမလဲ ပြောဆိုတော့ လူပြန်လာရင်တော်ပြီတဲ့ သြော် မိဘမေတ္တာများ ကြီးလေစွနော် ။ အမေအတွက် ပါတိတ်ဆိုတော့ ၃လတစ်ခါပို့နေရအောင် နင့်ပါတိတ်တွေ ငါမချုပ်နိုင်တော့ဘူးတဲ့ ပြီးတော့ ၀မ်းဆက်တွေဝတ်ချင်စိတ်ပျောက်နေတယ်ဆိုပဲ (အမေဗြောင်ဝမ်းဆက်ဝတ်ပြီး ပဲများချင်နေတယ် ထင်တယ် ဟိ ) ဒါဆိုပုဝါ ဆိုတော့ အဘွားကြီးဆိုပြီး ဒီပုဝါတွေပဲပေးလွန်းလို့ ထုံးထားရတယ်တဲ့ ဒါဆိုအိတ်ဆိုတော့လည်း ငါ့သမီးရယ် အမေအိတ်တွေပြောင်းမကိုင်တတ်တာ သိရဲ့သားနဲ့တဲ့ ပစ္စည်းတွေပြောင်းထည့်ရတာ ဟိုကျန်ဒီကျန်နဲ့တဲ့ ကဲ သစ်သစ်ဘာဝယ်ရမလဲ ....။ စဉ်းစားလို့ကိုအဖြေမထွက်တော့ဘူး ကိုယ်ကလည်းဝယ်ပေးချင် လိုအပ်တာတွေ ဖြစ်စေချင်တယ် သူတို့ကလည်း အားလုံးရှိတယ်ဆိုတော့ ဦးနှောက်တော်တော်ခြောက်ရပါတယ် ။ မိဘနှစ်ပါးဆီက တူညီတဲ့စကားကတော့ ပြန်လာရင်အစီအစဉ်တစ်ခု လုပ်ထားတယ်တဲ့ ဘာမှဝယ်လာဖို့မလိုဘူးဆိုပဲ အရမ်းသိချင်ပြီး အရမ်းပြန်ချင်နေပါပြီ ။

အစ်ကို၂ယောက်ဆီ ဖုံးဆက်ပြီး ကိုကြီး ၊ ကိုငယ် ဘာလိုချင်လဲ မီးငယ်ဘာဝယ်လာရမလဲ ဆိုတော့ ဘာမှမလိုချင်ပါ တစ်နှစ်တစ်ခါပြန်လာပေးတာကိုပဲ ကျေးဇူးတင်ပါတယ် ညီမလေးရယ်တဲ့......ကောင်းလိုက်တဲ့အစ်ကို ၂ယောက် ဂွတ် ။ အမကိုမေးတော့လည်း စပျစ်သီးတဲ့ ကဲဘယ်လောက်ချစ်စရာကောင်းတဲ့ မောင်နှမတွေလဲနော် ။ တူတူမတွေ မေးလိုက်တော့လည်း တလေတည်းပါပဲ တီတီလေးကိုပဲတွေ့ချင်ပါတယ် လွမ်းလှပါပြီတဲ့ ။ ကြိုတင်များဇာတ်တိုက်ထားသလား သံသယတောင်ဝင်နေမိတယ် ဟိ ။ ဒီလိုနဲ့ပဲ သူငယ်ချင်းတွေ အသိတွေအတွက် ဟိုဝယ်ဒီဝယ်လုပ်ရင်းနဲ့ ပြန်မယ့်နေ့ကိုမျှော်နေမိပါပြီ ။

ပြန်ချင်တဲ့ဆန္ဒသာများနေပေမယ့် စလုံးပြန်လာရမယ့်နေ့ကိုတော့ ရင်မဆိုင်ချင်ပြန်ပါဘူး တလမ်းလုံးတင်းထားသမျှတွေက စလုံးရောက်လို့အခန်းလေးထဲ ပြန်ရောက်ရင်မျက်ရည်တွေအဖြစ် သွန်ချဖြစ်မယ်ဆိုတာ စိတ်ကအလိုလိုသိနေပါတယ် ။ နောက်မဝေးတော့တဲ့ ရက်ပေါင်း၈၀၀ကျော်ရင်တော့ ဒီစလုံးမြေကိုအပြီးခွဲခွာဖို့ရင်ဆိုင်လာရတဲ့ အခါကျရင်ရော ရန်ကုန်ကအခန်းလေးထဲမှာ စလုံးကိုလွမ်းတယ်ဆိုတဲ့ ခံစားမှုမျိုး ခံစားရမလားဆိုတာ ကြိုတင်ပြီးသိချင်နေမိပါတယ် ။ ဘာပဲဖြစ်ဖြစ် ပြန်ရတော့မယ်ဆိုတဲ့ စိတ်လေးက ရင်ထဲကိုနွေးထွေးနေပါတော့တယ် ။

ဒီရက်ပိုင်းတွေ ပို့စ်ရေးဖြစ်ဖို့ သေချာမယ်မထင်ပါဘူး အလုပ်ကလည်း နေ့ရော ညပါ ဆင်းနေရတော့ အရမ်းကိုပင်ပန်းပြီး လူကမလှုပ်ချင်လောက်အောင် ဖြစ်နေပါတော့တယ် ။ အားလုံးပဲ ခွင့်လွှတ်နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ် ။

ဆက်ဖတ်ချင်သေးရင်...

Friday, November 27, 2009

အားနည်းချက်

ဒီလထဲမှာ ဆက်တိုက်ဆိုသလို နားထောင်ဖြစ်တဲ့ သီချင်းလေးတစ်ပုဒ်ပါ ။ အကြိုက်ဆုံး စာသားလေးကတော့ မင်းရှိတဲ့ချိန်အဆုံးအစမဲ့ ပျော်ဘူးခဲ့ တို့အားနည်းချက်က သိပ်ချစ်နေလို့ ဆိုတာပါပဲ ။ ခံစားချက်တွေ တိုက်ဆိုင်တိုင်းသီချင်းလေးတွေ သိမ်းထားမိတာအကျင့်တစ်ခု လို ဖြစ်နေပါပြီ ။ ဒါလေးကိုနားထောင်ပြီးရင် တစ်ယောက်သောသူကို သတိရမိတာကတော့ မညာပါဘူး ၀န်ခံပါတယ် ။


ဆက်ဖတ်ချင်သေးရင်...

အစီအစဉ်မကျ

နိုဝင်ဘာတစ်လလုံး စာရေးကြဲတာထက် ရေးချင်စိတ်မရှိတော့ဘူးဆိုရင် ပိုမှန်ပါလိမ့်မယ် ။ ငါဘာလို့ဘလော့ဆိုတာလေး ရေးမိခဲ့ပါလိမ့်လို့လည်း နောင်တကရချင်ချင် ဖြစ်နေပါပြီ ။ ရေးစရာတွေ အများကြီးရှိပေမယ့် စိတ်တွေ့တိုင်းရေးခွင့်ကလည်း မသာပါဘူး ။ ကိုယ်ကရင်ဖွင့်ချင်လို့ ပါစင်နယ်တွေရေးပေမယ့် ကိုယ်ရေးတာကို နှိပ်ကွက်လို့သဘောထားပြီး အခွင့်ရတာနဲ့ ပြန်ဖော်ချင်တဲ့သူကလည်း များလာသလိုပါပဲ ။ စရေးကတည်းကိုက ငယ်စဉ်ကကိုယ့်မိသားစုအကြောင်း ကျောင်းတုန်းကအကြောင်း သူငယ်ချင်းတွေအကြောင်း အလုပ်အကြောင်း မှိန်တိန်တိန်အချစ်အကြောင်း နိမ့်ပါးလွန်းတဲ့ကိုယ့်ကျန်းမာရေးအကြောင်း စသဖြင့် ရောက်တတ်ရာရာရေးမယ်လို့ပဲ ရည်ရွယ်ခဲ့တာပါ ။ ဘာကြီးညာကြီး ရေးမယ်ဆိုပြီး ကြွေးကြော်ခဲ့ခြင်း အလျင်းမရှိပါဘူး ။ မနာလိုမုန်းထား ရန်သူလည်းမလိုချင်ပါဘူး ။ စာတွေရေးနေလို့ကိုယ့်ကိုခင်မင်နှစ်လိုတဲ့သူပဲ လိုချင်တာ သဘာဝပါ ။

ဘယ်သူ့ကိုမှ ဂရုမစိုက်နဲ့ဆိုပေမယ့် လူဆိုတာကလည်း ပတ်ဝန်းကျင်နဲ့နေတာဆိုတော့ တာဝန်အရဖြေရှင်းရပြန်ရောလေ မပြောပြန်ရင်လည်း ကြာလာတော့အမှားက အမှန်ကိုထင်မြင်သွားတတ်တယ်လေ ။ သစ်သစ်ကတော့ပတ်ဝန်းကျင်ကိုဂရုစိုက်ပါတယ် အထူးသဖြင့် ဝေးတမြေမှာနေတော့ ပိုလို့တောင်ဂရုစိုက်ရပါသေးတယ် ။ ကောင်းသတင်းရောက်ဖို့က ကြာကောင်းကြာပေမယ့် မကောင်းသတင်းရောက်ဖို့က အရမ်းမြန်ပါတယ် ။ ဒီလိုဂရုစိုက်ပါများတော့လည်း လုပ်ငန်းခွင်ကကိုယ့်ရဲ့စိတ်ကိုပါ ထိခိုက်လာတာမဆန်းပါဘူး ။ ပြီးခဲ့တဲ့အပတ်နဲ့ဒီအပတ်ဆို သစ်သစ်ကိုယ့်ဘလော့တောင် မဖွင့်ဖြစ်ပါဘူး ။ သစ်သစ်သွားနေကျ ဘလော့စီဘောက်လေးရှိတယ် အဲဒီမှာပဲပြောနေ ချက်နေ စိတ်အပန်းဖြေတာပါ ။ အလုပ်လုပ်ရင်းဝင်ပြောသလို ၈ယောက်လောက်ရှိတဲ့အဲဒီစီဘောက်မှာ တစ်ယောက်တစ်မျိုး မရိုးရအောင် စကြပြောင်ကြနေတာကိုယ်က ဂျီတော့မလို ဘလော့မလိုအောင်ပါပဲ ။

ဟိုး တပတ်ကကိုယ်ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်က သူ့သူငယ်ချင်းတွေရှေ့မှာ ကိုယ်တွေနဲ့မသွားချင် မတွေ့ချင်တဲ့ပုံ ဆက်ဆံတာခံလိုက်ရပြီးကတည်း တော်တော်လည်းစိတ်မကောင်းဖြစ်ပြီး ကိုယ့်ဘာသာလည်း တတ်နိုင်သလောက်နေတတ်အောင် ကြိုးစားခဲ့ပါတယ် ။ စိတ်ဆိုးခြင်း ၀မ်းနည်းခြင်းတွေ ရှိခဲ့ပေမယ့် ကိုယ့်ဘာသာတည်ငြိမ်အောင် ကြိုးစားရင်းအပြောင်းအလဲများတတ်တဲ့ လောကကြီးကခဏလောက် ပုန်းနေခဲ့လိုက်ပါသေးတယ် ။ စာတွေကိုဖိဖတ်လို့ လူတွေနဲ့ဝေးရာမှာ နေရတာလည်း အရသာတစ်မျိုးပါပဲ ဒါပေမယ့် ကြာရှည်ကြတော့လည်း ဖြစ်နိုင်မယ်မထင်ဘူးလေ ။ ဒါကြောင့် လူဆိုတာအသိုင်းအ၀ိုင်းနဲ့နေတာလို့ ပြောခဲ့တာဖြစ်မှာပေါ့ ။ ခုလည်း မဖြစ်မနေပွဲတွေကလွဲလို့ အပေါင်းအသင်းသူငယ်ချင်းတွေရဲ့ဘေးကနေ ရှောင်ခွာပြီးနေဖို့ ကြိုးစားနေပြန်တယ်လေ ။ ဖြစ်ချင်တဲ့အရာတစ်ခုပေါ်မှာစိတ်ကိုနှစ်ဖို့ ကြိုးစားနေတယ်ပြောလည်း မမှားပါဘူးလေ ။

ဒီတစ်ပတ်လုံး အလုပ်ကလည်း မနက် ၈ ည ၈ ဆိုရလောက်အောင်ကို အလုပ်များခဲ့တယ် နောက်အပတ်လည်း များဦးမှာပါပဲ တမျိုးကောင်းတာက စိတ်မလွင့်ဘူး မကောင်းတာက တနင်္လာနေ့ကတည်းကဖျားနေလိုက်တာ ကြာသပတေးလောက်ရောက်မှ အရှင်းပျောက်သွားတာပဲ ။ နေ့လည်ထမင်းစားချိန် ၁နာရီကိုတောင် နာရီဝက်ပဲနားပြီး နာရီဝက်အိုဗာတိုင်ဆင်းပလိုက်တယ် အေးရော....။ ပိတ်ရက်၃ရက်ကိုလည်း အခန်းထဲမှာဖတ်ဖို့အကြွေးကျန်တဲ့စာအုပ်တွေ ဖတ်ရင်းဖြတ်သန်းမယ်စဉ်းစားထားပါတယ် ။ ကျန်းမာရေးအရ လူတွေနဲ့မတွေ့ချင်တဲ့ရောဂါ ဖြစ်နေတယ်ဆို ပိုမှန်မယ်ထင်တယ် ။ ကုန်ဆုံးခဲ့တဲ့အချိန်တွေကို နှမြောခြင်းကင်းပေမယ့် ဖြတ်သန်းနေတဲ့အချိန်တွေကို တန်ဖိုးရှိချင်တဲ့စိတ်ပေါက်နေတယ် ။ သစ်သစ်ကိုယ် သစ်သစ်လည်း အားမရဘူး ကြိုးစားအားထုတ်မှု ညံ့ဖျင်းနေတယ်လို့ ခံစားမိနေတယ် ။ ခုလည်းမရေးတာကြာတော့ သစ်သစ်တစ်ယောက် ဘယ်ပျောက်နေလဲဆိုပြီး နေ့စဉ်လာလာတတ်တဲ့ စာဖတ်သူတွေကိုလည်း တောင်းပန်ရင်း စိတ်ထဲရှိရာအစီအစဉ်မကျ ချရေးလိုက်မိပြန်ပြီလေ ။ ဒီပို့စ်လေးက ဘာအကျိုးမှမပြုပေမယ့် ဘလော့ပိုင်ရှင်ရဲ့ ခုတလောရင်တွင်းခံစားမှုကို မြင်သာလိမ့်မယ်လို့တော့ ထင်ပါတယ် ။ လာဖတ်သူများကို အစဉ်အမြဲလေးစားတန်ဖိုးထားပါတယ် ။ ပျော်ရွှင်ကြပါစေလို့လည်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော် ။

ဆက်ဖတ်ချင်သေးရင်...

Friday, November 20, 2009

ချစ်တဲ့နန္ဒာ မွေးနေ့မှာ..

ဒီနေ့ သစ်ချစ်သူငယ်ချင်းနန္ဒာရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ် ။ သစ်သစ် သူငယ်ချင်းတွေထဲမှာ ရင်းနှီးဆုံးသူငယ်ချင်းလို့လည်း ပြောလို့ရပါတယ် ။ သစ်အကြောင်းတော်တော်များများသူသိသလို သူ့စိတ်တော်တော်များများလည်း သစ်ဖတ်မိပါတယ် ။ လှိုင်း နဲ့ ပင်လယ်လို ရေပြင်ကျယ်မှာမျှောနေရတဲ့ ဒီလောကကြီးမှာ စိတ်တူကိုယ်တူ ဘ၀အမောတွေမျှဝေခံစားခဲ့ကြတဲ့သူတွေဆိုလည်း မမှားပါဘူး ။

ဂျီတီအိုင်စတက်ကတည်းက အုပ်စုလေးတွေကိုယ်စီနဲ့ရှိခဲ့တာ ဘီတက်ခ်ျကိုတက်တဲ့အချိန်မှာ တစ်ယောက်စီပါလာကြပြီး ပေါင်းစည်းလာခဲ့ကြတွေသူတွေဆိုလည်း မမှားပါဘူးလေ ။ ကျောင်းအတူတက် ကျောင်းအတူပြေး စာမသင်ချင်လို့အခန်းပြင်မှာထွက်ထိုင်ခဲ့တဲ့ ဆိုးဖော်ဆိုးဖက်လို့ပြောရင်လည်း မမှားခဲ့ပါဘူး ။ ပုံစံကြည့်ရင်တော့အေးသလိုလိုနဲ့ သူလည်းငပွေးပါပဲလေ...ဟိ ။

ဘီအီးတက်တော့လည်း ပေကြောင်ကြောင်နဲ့ ဒီနှစ်ယောက်တွဲဖြစ်တာမဆန်းပါဘူးလေ ။ ကျောင်းတွေပြီးလို့ သင်တန်းတွေတက်တုန်းကလည်း အတူတူပါပဲ ။ သူမုတ္တမ-မော်လမြိုင်တံတားကြီးမှာ သွားလုပ်တော့မှ ကွဲသွားကြတာ ရန်ကုန်ပြန်ရောက်လို့ နိုင်ငံခြားထွက်မယ်ဆိုတော့လည်း တတွဲတွဲပါပဲလေ ။ နန္ဒာရေ နင်တော့မသိဘူး ငါနဲ့ဆွေညွန့်နဲ့ နင့်ကိုသိမ်ကြီးဈေးနားမှာ ကားပေါ်မတက်ခင်အထိ လက်ချာပေးခဲ့တာတွေကတော့ အမှတ်ရဆဲပါဟာ ။ ရွှေတိဂုံဘုရားပေါ်မှာ ငါတို့တွေလင်းလက်နေတဲ့မျက်ဝန်းတွေနဲ့ အနာဂတ်အတွက် ပုံဖော်ခဲ့တာလည်း အမှတ်တရပါပဲ ။ နင် နဲ့ ဆွေညွန့် အဓိဌာန်ကျောက်တုံးတွေမခဲ့တာကိုလည်း ခုထိမျက်ဝန်းမှာ မြင်ယောင်နေဆဲပါ ။

ဘာလိုလိုနဲ့ နင်မွေးနေ့တစ်နှစ်ရောက်လာခဲ့ပြန်ပြီနော် ။ မွန်းကြပ်နေတဲ့ ဒီလောကကြီးကနေ ငါတို့ရည်မှန်းထားတဲ့ပန်းတိုင်ဆီကို မဆုတ်မနစ်နဲ့ ချစ်တဲ့သူနဲ့ လက်တွဲလျှောက်လို့ အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ပါစေလို့ ဒီပို့စ်လေးနဲ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ော် ။ ပျော်ရွှင်ပါစေ သူငယ်ချင်း...။

ဆက်ဖတ်ချင်သေးရင်...

Wednesday, November 18, 2009

နေညိုရင်

နေညိုရင် တို့ဝေးရမယ် သိထားလည်း
နောက်ဆုံးစကားတွေ ငါမပြောချင်
အလှဆုံးမင်းရဲ့ မျက်ဝန်းက မိုးတွေစွေဦးမလား

တူညီစွာရင်ထဲရှိတဲ့ စိတ်ကူးများ
နင်မြိုသိပ်လိုက်ပါ အချစ်ဆုံးရာ
အလှဆုံးမင်းရဲ့ နှုတ်ခမ်းက
လွင့်ပျံလာမယ့် စကား

နာရီသံပုံမှန်လည်တာ ကြောက်ရွံ့လို့နေပြီ
ဒီလိုသာနာကျင်စွာ အဆုံးသတ်ရမှာလား
မတွေးရဲတယ်

နေညိုရင်ငါတို့ခွဲရမယ်
အချိန်တွေကို ရပ်ဆိုင်းထားချင်လည်း
ပြင်ဆင်နိုင်ခွင့်မရှိလေသော
ဘ၀တွေရယ် ဆွေးရတယ်

ယုံကြည်ပါ ငါပြောခဲ့ပါရစေ
တချိန်ချိန်မှာ ဆုံဆည်းရမယ်လို့
နာကျင်စွာနှုတ်ဆက်ရသော
ခဏတွေကို မုန်းမိတယ်

ယုံကြည်စွာ မျှော်လင့်မိသူ
ရင်မောသွား စကားလုံးများငြိမ်သက်ခြင်းမှာ
ဆုံဆည်းခဲ့တဲ့ ခဏလေးက
အတိတ်မှာ အိပ်မောကျ

တကယ်တော့ ဒီစာသားတွေကို သီချင်းလေးတစ်ပုဒ်ပါ ။ တစိမ့်စိမ့်တွေးပြီး နေ့ရော ညပါ နားထောင်နေမိတယ် ။ သီချင်းလေးဆုံးသွားတိုင်း ရင်ထဲမှာ ဟာ ပြီးကျန်ခဲ့တယ် သူရယ်...... ။

ဆက်ဖတ်ချင်သေးရင်...

Tuesday, November 17, 2009

ချစ်ဒေါနရဲ့ ခရီးတစ်ဖုံ

မနှစ်က ဒီလိုချိန်လေးမှာ သစ် မြန်မာပြည်ပြန်တော့မှာပေါ့နော် ...။ ဒီနှစ်တော့ မပြန်နိုင်တော့ မနှစ်ကသွားခဲ့တဲ့ ခရီးလေးကိုပဲ စမြုံ့ပြန်ရင်းလွမ်းမောတသလိုက်ပါဦးမယ်လေ ။ ဘယ်တော့မှမရိုးနိုင်တဲ့ ကရင်ပြည်နယ်ကိုပဲ အရောက်သွားခဲ့မိတာပေါ့လေ ။ မေမေရဲ့မွေးရပ် ဇာတိဖြစ်တဲ့ ကရင်ပြည်နယ်ဟာ သစ်သစ်တို့မောင်နှစ်မတွေနဲ့ ဘယ်တော့မှမစိမ်းခဲ့ပါဘူး ။ ဒီလိုပြောရခြင်းကလည်း ဖေဖေ့ဇာတိဖြစ်တဲ့ ရခိုင်ဒေသကို ၁ခေါက်ပဲရောက်ဖူးခဲ့လို့ပါပဲ...။

သစ်သစ်အစ်ကိုများဟာ ဘားအံမှာတစ်ယောက် အိမ်ထောင်ကျ မြ၀တီမှာတစ်ယောက် အိမ်ထောင်ကျဆိုတော့ သစ်သစ်တို့ကရင်ပြည်နဲ့ ကင်းကွာလို့မရတော့ပါဘူး ။ သံယောဇဉ်အမျှင်လေးများဖြစ်တဲ့ ကလေးတွေက အဲဒီအရပ်ဒေသတွေမှာ နေတော့ သွားရပြီပေါ့လေ ။ ရန်ကုန် ဘားအံလမ်းကတော့ အိမ်ဦးနဲ့ကြမ်းပြင်လိုပါပဲ သွားနေကျဆိုတော့ ကိုယ့်အတွက်ကအဆန်းမဟုတ်တော့ဘူးလေ အိပ်တာပဲကောင်းတယ်ဆိုပြီး အသားကုန်ကိုအိပ်နေတော့တာပါပဲလေ ။ ပဲခူးလောက်အထိကတော့ ကင်မရာအစုတ်လေး တ၀င့်ဝင့်နဲ့ပေါ့လေ နောက်ပိုင်းကျတော့ ဖုန်ထူလွန်းလို့ ကားမှန်တင်ပြီးအိပ်လိုက်တာဆိုတာ အစ်ကိုကြီးကကားမောင်းရင်းကိုယ့်ကိုယ်နှိုးမှ နိုးတော့တယ်လေ ။

ထမင်းစားတဲ့နေရာရောက်တော့ ကိုယ်အိပ်လို့သူတို့က ဆက်မောင်းတယ် ကိုယ်နိုးလာတော့ဗိုက်ဆာတယ် အသားကုန်အော်နေလို့ အစ်ကိုကြီးက သူတို့စားနေကျ ကားကြီးသမားတွေစားတဲ့ဆိုင်မှာ ရပ်ပေးရတယ်လေ ။ ကားပေါ်တက်ပြီးပြန်အိပ်လိုက်တာ သံလွင်တံတားရောက်မှ ပြန်နိုးတော့တယ် ။ မထလို့လည်းမရတော့ဘူး အမေဆူတော့မယ်လေ...ဟိဟိ ။

ဘားအံရောက်ပြီး နောက်တစ်နေ့ကျတော့ မြ၀တီကအစ်ကိုက သူ့သားလေးနဲ့ရောက်လာခဲ့တယ် ပြီးတော့ သစ်သစ်ကိုမြ၀တီကိုလိုက်ခဲ့ဖို့ ခေါ်ပါတော့တယ် ။ ဘယ်နေ့ရန်ကုန်အရောက်လို့စဉ်းစားထားတဲ့ သစ်သစ်ကတကယ်ဆိုရင် မလိုက်ချင်တော့ပါဘူး ။ ယာဉ်တန်းအတက်အဆင်းတွေနဲ့ဆို ၂ရက်လောက်ကတော့ အသာလေးပဲလေ ။ ဒါပေမယ့်အမေက နင့်အစ်ကိုစိတ်မကောင်းဖြစ်မယ်လိုက်သွားဆိုတော့ ဒေါနတောင်တန်းရဲ့ ရင်ခွင်ကိုခဏခိုဝင် ခဲ့ရတာပေါ့နော် ။

ဘားအံကနေ နေ့လည်၁၁နာရီလောက်ထွက်လိုက်တာ အစ်ကိုငယ်ကဘယ်မှာမှမနားပဲ ကော့ကရိတ်အရောက်ကို မောင်းခဲ့တော့တာပဲလေ ။ ယာဉ်တန်းအတက်ကိုသူမှီချင်တယ်လေ ကော့ကရိတ်ရောက်တော့ ဆိုင်တစ်ဆိုင်မှာထမင်းစား ပြီးတော့စားချင်တဲ့ဟာတွေဝယ် အအေး ၊ နေကြာစေ့ ၊ မုန့်တွေ ၀ယ်တဲ့ ယာဉ်တန်းပိတ်ရင် ကြာတတ်တယ်တဲ့ လိုတာဝယ်ထားဆိုတော့ သစ်သစ်တစ်ယောက်စိုးရိမ်ကြီးပြီး ၀ယ်တော့တာပဲလေ ။ အစ်ကို့သားလေးပါတော့ ကလေးအတွက်အဓိက ရေသန့်ဗူးတွေပေါ့နော် ။ နောက် ကျွပ်ကျွပ်အိတ်တွေရောပဲပေါ့ ။ တစ်ခါတစ်လေ လမ်းပိတ်ရင် ၂ရက်လောက်ကြာတတ်တယ်လေ ။ ဒီလိုနဲ့ဖုန်တသောသောလမ်းကို အစ်ကိုတစ်ယောက် ကျွမ်းကျင်စွာမောင်းလို့ တောင်တက်လမ်းတွေစတင်ခဲ့တယ်လေ ။

သစ်သစ် အစ်ကိုငယ်ကကားမောင်းရင် ကွမ်းလေးငုံပြီး ဘယ်သူနဲ့မှစကားမပြောတော့ပါဘူး ။ ကားကိုလည်း မြှားတစ်စင်းလိုပဲ မောင်းတာတအားမြန်ပါတယ် ။ အဖေနဲ့ဆို ကားမောင်းမြန်တာအမြဲရန်ဖြစ်နေကြလေ ။ ခုတော့သူ့သားလေးပါတော့ သစ်က ကိုငယ်ရယ် ဖြည်းဖြည်းကလေးကားမူးမယ်ဆိုပြီး ထိန်းရတယ် ။ တကယ်တော့ဟိုးအရင်တုန်းကဆို သစ်ကိုယ်တိုင်လည်း ဒီအစ်ကိုတွေမောင်းတာ သဘောကျတဲ့သူလေ ခုတော့မစီးတာကြာတော့ သစ်ကိုယ်တိုင်ကြောက်မိတာအမှန်ပဲလေ ။ ဒီလိုနဲ့တောင်တွေရဲ့အကွေ့လမ်းတွေကို ကျင်လည်စွာမောင်းရင်း တောင်ကမ်းပါးယံတွေကို တပ်မတော်သားတွေက လမ်းချဲ့ဖို့ဖြိုချနေလို့ ၃နာရီလောက်လမ်းပိတ်သွားခဲ့ပါတယ် ။ သစ်လည်းအညောင်းပြေအညာပြေ တူလေးကိုလက်ဆွဲပြီး အောက်ဆင်းမယ်လုပ်တော့ ကိုငယ်ကဆင်းခွင့်မပေးပါဘူး ။

မတ်စောက်တဲ့တောင်တက်လမ်းတစ်လျှောက်မှာ ကုန်ကားတွေ ဟိုင်းလတ်တွေ ဆိုင်ကယ်တွေ စလွန်းကားတွေဟာ ပြည့်နှက်လို့နေပါတယ် ။ ဆိုင်ကယ်အိတ်ဇောသံတွေမပြဲပြဲနဲ့ လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်ထားတဲ့ အုပ်စုတွေ ကြိုးမဲ့စကားပြောစက်တွေနဲ့ တပ်မတော်သားတွေ မှောင်ခိုကုန်ကူးနေတဲ့သူတွေ အိုး...လူတွေဆိုတာ စုံနေတာပါပဲ ။ အလွှာစုံကဘ၀အမောတွေကို သူတို့တွေရဲ့မျက်နှာမှာ အထင်းသားမြင်နေရတယ်လေ ။ ကိုယ်ထင်ရာကိုယ်မှန်တယ်ဆိုတဲ့ လက်နက်ကိုင်တွေကလည်း သေနတ်ကြီးတွေတကားကားနဲ့ပေါ့ ။ သစ်သစ်လည်း အစ်ကိုမကြိုက်တာနဲ့ အောက်မဆင်းတော့ပဲ မျက်စိမလွှဲနိုင်လောက်အောင်လှပတဲ့ ဒေါနတောင်တန်းကြီးကိုလာ လွမ်းဆွတ်စွာကြည့်နေမိတော့တယ် ။

အစောင်းလမ်းတွေပေါ်မှာ ကုန်တင်ကားကြီးတွေကုန်အပြည့်နဲ့ ငယ်သံပါအောင် အော်ပြီးတက်နေတာကို ကြည့်ရင်း ရင်ထဲမှာသူတို့သာ စကားပြောတတ်ခဲ့ရင် ပြောစရာတွေအများကြီးဖြစ်နေမှာပဲလို့လဲ တွေးနေမိခဲ့တယ် ။ အစ်ကိုငယ်ကိုလည်း ကားကိုကိုယ်တိုင်မမောင်းဖို့ လိုက်ရင်လည်းကားပေါ်ကမလိုက်ပဲ ဆိုင်ကယ်နဲ့သာလိုက်ဖို့ ကုန်ကိုလည်းတတ်နိုင်သလောက်ပေါ့တာတင်ဖို့ လောဘမတတ်ဖို့ တတွတ်တွတ်မှာနေမိတော့တယ် ။ အစ်ကိုငယ်က သစ်သစ်ကိုဘာမှပြန်မပြောပဲ အစ်ကို့မျက်နှာမှာ ရှားပါးလှတဲ့အပြုံးတစ်ပွင့်ကိုပဲ တွေ့ခဲ့ရတယ်လေ ။ ဒီလိုနဲ့အာရှလမ်းမကြီးဆိုတဲ့ ခြောက်လမ်းသွားလမ်းမကြီးပေါ်ရောက်တော့ မြ၀တီနယ်စပ်မြို့လေးကို ချဉ်းကပ်မိရဲ့သားဖြစ်နေခဲ့ပြီလေ ။

မြို့အ၀င်က နယ်စပ်ကုန်သွယ်ရေးစခန်းကိုလည်း ထည်ထည်ဝါ၀ါကြီးတွေ့ခဲ့ရတယ် ။ အစ်ကိုကအိမ်ကိုတန်းမောင်းတော့ အစ်ကို့ကိုကားထားတဲ့နေရာ ခဏလောက်လိုက်ပို့ဖို့ ပြောလိုက်မိတယ် ။ အစ်ကိုနားတော့လေဆိုတော့ စိတ်ကအ၇မ်းအဲဒီကိုသွားချင်နေတယ်လေ ။ ကုန်တင်နေတဲ့ကားဝင်းကိုရောက်တော့ သစ်သစ်လက်စုံမိုးပြီးပြီး ကားတွေကိုစိတ်ထဲကနေ ရည်မှန်းကန်တော့ခဲ့မိတယ် ။ အစ်ကိုငယ်ကလည်း ညီမလေးဘ၀တလျှောက်လုံး လူတစ်လုံးသူတစ်လုံးဖြစ်အောင် လုပ်ပေးခဲ့တဲ့ ကျေးဇူးရှင်တွေဆိုတဲ့ စကားလေးက သစ်သစ်ကိုတကယ်ထိပါတယ် ။ ကားမောင်းတဲ့ဦးလေးကြီးတွေ စပယ်ယာတွေကလည်း ဟဲ့...ပြန်လာတာလားဟေ့ ဆိုပြီး ဆင်းပြီးနှုတ်ဆက်ကြတော့ သစ်သစ်ရင်ထဲကိုယ့်သွေးသားတွေတွေ့သလိုပဲ ပျော်သွားမိတယ် ။ သစ်သစ်ကမုန့်ဖိုးတွေပေးတော့ ဘယ်လောက်မှမများတဲ့ပမာဏကို မက်မက်မောမော တန်ဖိုးထားပြီးယူကြတယ်လေ ။ သစ်သစ်က ကားတွေကိုလမ်းမှာဂရုစိုက်ဖို့ ကျန်းမာရေးတွေဂရုစိုက်ဖို့ ပြောပြီးအစ်ကို့အိမ်ကိုပြန်လာခဲ့တော့တယ် ။

နောက်နေ့မနက် ယောင်းမကဆိုင်ကယ်တပြင်ပြင်နဲ့ အပြင်ကိုလိုက်ပို့ပါတယ် ။ သစ်သစ်ကတော့လိုက်ချင်စိတ်ကိုမရှိပဲ ယာဉ်တန်းအဆင်းဆိုတော့ ကားတွေဆီကိုပဲသွားရင်း လိုအပ်တာတွေ ကူညီနေမိတယ် ။ ယောင်းမလည်းနောက်ဆုံးတော့ လက်ဆောင်တွေသူ့ဘာသာဝယ်ပြီး သစ်အတွက်စီစဉ်နေတော့တယ်လေ ။ နောက်နေ့ယာဉ်တန်းနဲ့ပြန်ဖို့လုပ်ထားတဲ့ အစ်ကိုငယ်ကိုလည်း ဒီယာဉ်တန်းနဲ့ပဲ ကားတွေကြည့်ရင်းပြန်မယ်ဆိုတော့ သစ်သစ်ဆန္ဒအတိုင်း မငြီးငြူပဲပြန်လိုက်ပို့ခဲ့ပါတယ် ။

ဘားအံအိမ်ကိုရောက်တော့ အမေ့ကိုပြောပြရင်း တညတာခိုလှုံခဲ့တဲ့ မြ၀တီမြို့ရယ် တခဏတာရောက်ရှိခဲ့တဲ့ ဒေါနတောင်တန်းရယ်ကို သတိတွေရနေမိတဲ့အပြင် ကျရာနေရာမှာပျော်ပြီး နိုင်ငံခြားဆိုတာ နတ်ပြည်လိုထင်နေတဲ့ ရိုးသားတဲ့အပြုံးပိုင်ရှင် ကားမောင်းတဲ့ကရင်ဘကြီးတွေရဲ့မျက်နှာကိုလည်း တွေးတောအောက်မေ့နေမိပါတော့တယ် ။ ရန်ကုန်အပြန်လမ်းမှာ အသံတိတ်ဆိတ်နေတဲ့ ညီမငယ်ကို အစ်ကိုကြီးကတောင် မေးယူရလောက်အောင်ကို သစ်သစ်တစ်ယောက် အတွေးတွေပွားနေမိပါတော့တယ် ။ ခရီးစဉ်လေးက ဘာမှမဟုတ်ခဲ့ပေမယ့် အရင်ကမတွေးဖူးခဲ့တဲ့ အတွေးသစ်တော်တော်များများကို သစ်သစ်တွေးခဲ့မိတဲ့အပြင် အရင်ကလိုအမြင်မတူတော့တဲ့ ကိုယ့်ရဲ့စိတ်ကိုလည်း သိသိသာသာကြီး သတိထားမိခဲ့ပါတော့တယ်..။

ဆက်ဖတ်ချင်သေးရင်...

Monday, November 16, 2009

စိတ်

စိတ် သည် အလွန်ထိန်းသိမ်းရ ခက်သောအရာ တစ်ခုဖြစ်သည် ။ မလုပ်ချင်တာကို လုပ်ချင်လာအောင် ချော့ရတာလည်း ဒီစိတ်ပါပဲ ။ လမ်းချော်တတ်လွန်းလို့ ထိန်းရတာလည်း ဒီစိတ်ပါပဲ ။ တခါတရံလွှတ်ပေးလိုက်သော် အမှားများစွာတွေ့တာလည်း ဒီစိတ်ပါပဲ ။ တခါတရံ စိတ်ခံစားချက်အတိုင်း လိုက်ခြင်းသည် တခဏတာအတွက် ကောင်းသော်လည်း ရေရှည်အတွက်မူ မကောင်းတတ်တာလည်း ဒီစိတ်ပဲလေ ..။

ဒီစိတ်တွေအကြောင်းရေးလို့ သစ်သစ်ကို စိတ်ဖောက်သွားပြီ မထင်ပါနဲ့ဦး ။ ခံစားချက်နဲ့ဆက်နွယ်နေတဲ့ ဒီစိတ်ကို သတိထားမိနေတာလည်း ကြာပါပြီ ။ ဒီစိတ်သည် လူတစ်ယောက်ရဲ့တန်ဖိုးကို လျော့နိုင်အောင် လုပ်နိုင်စွမ်းရှိတယ် ။ တန်ဖိုးတက်အောင်လည်း သူလုပ်တတ်ပြန်တယ် ။ အချစ်ဆိုတာကို စခံစားတာလည်း ဒီစိတ်ဖြစ်သလိုပဲ မုန်းတဲ့စိတ်ကို မြည်းစမ်းသွားတာလည်း ဒီစိတ်ဖြစ်နေပြန်ပါတယ် ။

အချို့သူများသည် အနီးကပ်ဆုံးသူကို တန်ဖိုးထားလေ့ မရှိကြပါဘူး ။ ထိုသူရဲ့လုပ်ဆောင်ချက်တွေ ခံစားချက်တွေကို လျစ်လျူရှုတတ်ကြပြန်တယ် ။ ဒါတွေကလည်း ထိုသူ၏စိတ်အပေါ်မှာပဲ မူတည်ပြီး တန်ဖိုးဖြတ်သွားတယ်လို့ သစ်ထင်ပါတယ် ။ စိတ်ထဲမှာတစ်ခုခံစားရရင် ဖယ်ရှားရခက်နေသလို နောင်အကြောင်းတိုက်ဆိုင်တိုင်း ဒါတွေပြန်ခံစားစေတာလည်း စိတ်ပဲလေ ။ ဒီတော့ ဘာပဲဖြစ်ဖြစ် စိတ်အလိုမလိုက်မိအောင် ထိန်းသိမ်းဖို့က ကာယကံရှင်ပေါ်မှာပဲ မူတည်နေတော့တယ်လေ...။

ဆက်ဖတ်ချင်သေးရင်...

Friday, November 13, 2009

သူတို့တွေ

မနေ့က အိမ်နဲ့ဖုန်းပြောတော့ မေမေက ဒေါ်ဝင်း ဆုံးရှာပြီတဲ့ ရင်ထဲတော်တော်မကောင်း ဖြစ်သွားမိတယ် ။ ဒါနဲ့ သစ်သစ်ရန်ကုန်က ထွက်မလာခင် ကနေ အခုချိန်ထိ ရပ်ကွက်ထဲက တော်တော်များများ ဆုံးပါးသွားကြတာကို စဉ်းစားမိပြီး ဒီပို့စ်လေးကိုရေးလိုက်တာပါ ။

ဒေါ်ဝင်း ဆိုတာ သစ်သစ်တို့ အိမ်နဲ့နှစ်အိမ်ကျော်က မုန့်ဟင်းခါးရောင်းတဲ့ အဘွားပါ ။ သစ်သစ်ငယ်စဉ်ကတည်းက ရောင်းလာလိုက်တာ စလုံးမထွက်ခင် အထိပါပဲ ။ မိုးလင်းရင် ဘွားဆိုပြီးပန်းကန်လေးနဲ့ ရောက်သွားတာနဲ့ ဘူးသီးကြော်နဲ့တစ်ပွဲထည့်ပေးပါတယ် ။ အိမ်ကိုယူလာပြီး ထမင်းတွေထည့်စား အရည်ကပျစ်သွားပြီဆို ဘွားဆိုပြီးဆိုင်မှာ ထပ်တောင်းလည်း ထပ်ထည့်ပေးနေကြလေ ။ လွတ်လပ်ရေးနေ့ဆို သစ်တို့လမ်းမှာ အားကစားပွဲတွေ ရှိပါတယ် ။ ကလေးတွေကလည်း ကလေးမို့လို့ ဆော့ကြတယ်ပေါ့နော် ။ စကောရွက်ပြိုင်ချင်တဲ့ သစ်သစ်လေ အိမ်မှာစကောမရှိတော့ ဘွားဝင်းကပေးခဲ့တာ သတိရပါသေးတယ် ။ စကောကြီးကိုခွက်ပြီး သစ်သစ်ခေါင်းမှာ ဖိတင်ပေးတာများ သူကနိုင်စေချင်တယ်လေ ။ ပန်းတိုင်ရောက်မှ လက်နဲ့ကိုင်မိလို့ ဒေါ်သစ်သစ်တော့ ရှုံးပါပကောလားနော် ။ အပ်ပေါက်ထိုးပြိုင်ပွဲဆိုလည်း ဒေါ်ဝင်းက ဘေးကသစ်သစ်ကို အော်နေတာပေါ့ ။ သစ်သစ်က အပ်ချည်ကို လျှာနဲ့တို့လို့ကို မဆုံးဘူးလေ ဒါလည်းရှုံးတာပါပဲလေ ။ ခုတော့ ၀င်ပြိုင်ရင်တောင် အားပေးမယ့်သူမရှိတော့ပါဘူးလေ ။

နောက်တစ်ယောက်ကတော့ အိမ်မှာ ကားလာမောင်းနေကျ သန်းဇော်ဆိုတဲ့ ကောင်လေးလည်း ဆုံးသွားပြီလေ ။ သူကတော့ အရက်ရဲ့ကျေးကျွန် ဖြစ်သွားတာပေါ့နော် ။ ဟိုးအရင်ကားလာမောင်းတုန်းကဆို ထမင်းကျွေးရင်မစားဘူး ပိုက်ဆံရတာနဲ့ နေ့လည်၁နာရီဆိုလည်း သွားသောက်တယ်လေ ။ ခုတော့ သူလည်းဆုံးရှာပြီတဲ့....။

နောက်တစ်ယောက်ကတော့ ဘွားဒေါ်ရှမ်းမပါ ။ တစ်အိမ်ကျော်ကပါပဲ ပိန်ပိန်လေးနဲ့ မြောင်းတွေလုပ် ဈေးသွား ချက်ပြုတ် လုပ်နေတုန်းပဲလေ ။ အိမ်မှာသရက်သီးတွေသီးရင် သူ့ကိုပဲခေါ်ခေါ်ပြီး အမေကပေးတယ်လေ ။ သူကသရက်သီးမှည့်နဲ့ ထမင်းနဲ့ဆို အရမ်းစားကောင်းတယ်ဆိုလို့ ခေါ်ပေးနေကြပေါ့ ။ သစ်သစ်ဘာပြောပြော ဟုတ်လား ဟုတ်လား နဲ့ အမြဲထောက်ခံသူတစ်ဦးပဲလေ ။

နောက်ဆုံးတစ်ယောက်ကတော့ ရပ်ကွက်ဥက္ကဌဇနီးပါ မနှစ်က သစ်သစ်ပြန်တုန်းကဆို တကူးတကအိမ်ကိုလာကြည့်ပါတယ် ။ ညီးအေ စင်္ကာပူနဲ့တည့်တယ် ထင်တယ် ၀လာလိုက်တာတဲ့...ဟိဟိ ။ ချော့ကလက်တွေပေးလိုက်လို့တောင် ဆီးချိုရောဂါသည်ကို ချောကလက်ပေးလို့ အမေက သစ်ကိုဆူသေးတယ် ...ဟိဟိ ။ ခုတော့ အားလုံးဆုံးရှာပြီပေါ့လေ သစ်သစ်ဒီတစ်ခေါက်ပြန်ရင်တော့ ဒီလူတွေမရှိတော့ဘူးလေ ။

ဒါပေမယ့် ရှိနေဦးမယ့် ဟာလ၀ါရောင်းတဲ့ ကြီးမေကြီးတို့ ဘိန်းမုန့်ရောင်းတဲ့ ကြီးတော်ညွန့်တို့ ကတော့ သစ်သစ်လက်စွဲတွေပါပဲ ။ ကြီးမေကြီးရောင်းတဲ့ ဟာလ၀ါကို သူငယ်တန်းကနေ တော်တော်ကြီးတဲ့အထိ ၀ယ်စားနေကြလေ ။ ကျောင်းကပြန်လို့ ဆိုင်ရှေ့ဖြတ်တာနဲ့ ကြီးမေကြီးတစ်ခုဆို ကြီးမယ်လို့ကိုယ့်စိတ်မှာ ထင်တဲ့ အနားသားလေးကို လှီးခိုင်းတတ်တယ်လေ ။ အပေါ်ကအုန်းဆီအနှစ်လေး ဆမ်းလို့ပေါ့ အရမ်းစားလို့ကောင်းပါတယ် ။ ဘိန်းမုန့်ရောင်းတဲ့ ဒေါ်ညွန့်ဆိုလည်း ဆောင်းတွင်းချမ်းချမ်းတွေမှာ ကော်ဖီခွက်လေးကိုင်ပြီး အိုးနားမှာနေလိုက်တာ နေထွက်လို့ အနွေးထည်ချွေးစို့မှ အိမ်ပြန်လာတတ်တာလေ ။ အဲဆိုင်မှာ ဘိန်းမုန့်ထိုင်ရောင်းနေတာပေါ့ ။

တကယ်ကို အားလုံးကိုသတိရနေမိတယ် ။ ငယ်စဉ်ကတည်းက နေခဲ့တဲ့ရပ်ကွပ်လေးဆိုတော့ သံယောဇဉ်တွေနဲ့ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်တွေလည်း မနည်းပါဘူး ။ နေတုန်းကတော့ ဘာမှမဟုတ်ခဲ့ပေမယ့် ခုတော့ဒါတွေပြန်စဉ်းစားရင် တကယ်ကိုလွမ်းမောစရာကောင်းလှပါတယ် ။ ဒီတစ်ခေါက်ပြန်ရင်တော့ ခြံထဲမှာခုံတွေခင်းပြီး ဘယ်သူမဆိုဝင်ရောက်စားနိုင်တဲ့အလှူလေးတစ်ခု လုပ်မယ်စဉ်းစားထားပါတယ် ။ အတွေးတွေနဲ့တင် စိတ်မှာပျော်နေမိပါတယ် ။ ဆုံးသွားတဲ့သူတွေအားလုံးအတွက် အလှူလေးဆိုလည်း မမှားဘူးပေါ့....။ ပြန်ချင်ပါဘီ ။

ဆက်ဖတ်ချင်သေးရင်...

Thursday, November 12, 2009

စိတ်လက်ပျော်ရွှင် ဟာသတွင်

ဒီနေ့ သူငယ်ချင်းတစ်ယောက်က ဟာသလေးတွေ ပို့ပေးပါတယ် ။ ဖတ်ပြီးတော့ ဟက်ဟက်ပက်ပက်ကို ရီလိုက်မိတယ်။ ဒါနဲ့သစ်လည်း သစ်ဆီကိုလာနေကျ စာဖတ်သူတွေကိုလည်း မျှဝေချင်လို့ ပို့စ်တစ်ခုအနေနဲ့ တင်လိုက်ပါတယ် ။ ဘယ်သူရေးတယ် ဘယ်ကလာတယ်ဆိုတာ မသိပါဘူး ။ ရယ်မောခြင်းသည် အသက်ရှည်တယ်ဆိုတာ ကြားဖူးတာနဲ့ အားလုံးပဲစိတ်လက်ပေါ့ပါးစွာ ရယ်မောနိုင်ကြစေဖို့ ဖတ်လိုက်ကြစို့နော်...။


ကလေးတစ်ယောက်က လမ်းပေါ်မှာ ငိုနေသတဲ့။
အဲဒါ ..တွေ့တဲ့လူကြီးတစ်ယောက်က မေးတာပေါ့
ဘာဖြစ်လို့ ငိုနေတာလဲ ကလေး ?
အိမ်မှာ သားဖေဖေနဲ့ မေမေ ရန်ဖြစ်နေလို့ပါလို့ ပြန်ဖြေတယ်တဲ့ ..ကလေးက ။
ဒါနဲ့ အဲဒီလူကြီးက ....သြော်... မငိုပါနဲ့ကွ မင်းအိမ်ကို
ဦးဦးပြန်လိုက်ပို့ပေးမယ်..မင်းဖေဖေက ဘယ်သူတုန်း-လို့လဲမေးလိုက်ရော
ကလေးလေးက ပြန်ဖြေရှာတယ် ...
(( သားဖေဖေကလဲ အဲဒါကိုပဲ မေးမေးပြီး မေမေ့ကို ရိုက်နေတာတဲ့ ))

အမွှာလေးနှစ်ယောက်ကို ရေချိုးပေးပြီး အမေလှည့်ထွက်မယ်အပြုမှာ
ကလေးနှစ်ယောက်ဆီက ရီသံကို ကြားလိုက်တယ်။
အမေ "ဘာလို့ ရီတာလဲ"
အမွှာထဲကတစ်ယောက် "ကိုကို့ကို မေမေ ရေနှစ်ခါချိုးပေးပြီး သားကိုတော့ ချိုးမပေးဘူး

သားငယ်သည် အမေဖြစ်သူအား ရှေ့ကကြည့်လိုက် နောက်ကကြည့်လိုက် ဘေးတိုက်ကြည့်လိုက်နှင့်
အပြန်ပြန် အလှန်လှန် ကြည့်သည်။ကြာသော် အမေဖြစ်သူ စိတ်မရှည်တော့သည်နှင့်
ဒေါသသံဖြင့်
ပြောသည်။
``ဟဲ့ ကောင်လေး ဘာဖြစ်လို့ ငါ့ကို ဒီလောက်ကြည့်နေတာလဲ။´´
``ဖေဖေ ပြောတာမှန် မမှန်သိချင်လို့ပါ။မေမေ၊ ဖေဖေက အိမ်က အစေခံ မကျော့ကိုပြောတယ်၊
`ငါတို့ နှစ်ယောက် နေတာထိုင်တာ သတိထားရမယ်၊ငါ့မိန်းမရဲ့ နောက်စေ့မှာလည်း
မျက်စိပါတယ်`
တဲ့။´´

အောက်ပါတို့ကို ဘာသာပြန်ပါ။

အမေး။ How do you do?
အဖြေ။ ခင်ဗျား ဘယ်လို လုပ်လိုက်တာလဲဗျာ။

အမေး။ Long time no see.
အဖြေ။ အရှည်ကြီးက အချိန်မမြင်ဘူးဟ။

အမေး။ Fine for smoking
အဖြေ။ ဆေးလိပ်သောက်လို့ အဆင်ပြေပါတယ်။

အမေး။ We need to check the time table.
အဖြေ။ ကျုပ်တို့ နာရီစားပွဲနဲ့ ကျားထိုးရဦးမယ်ဗျ။

အမေး။ Free Burma.
အဖြေ။ မြန်မာပြည်ကြီးကို အလကားယူသွားဗျာ (ပိုက်ဆံပေးဖို့မလို)

အမေး။ Save the forest.
အဖြေ။ တောအုပ်ကြီးကို သိမ်းထားစမ်းပါ။

အမေး။ Free Alcohol Zone
အဖြေ။ အရက်အလားကား ရသော နေရာဖြစ်သည်။

အမေး။ Wash Basin
အဖြေ။ ရေဇလုံကို ဆေးပါ

အစ်ကိုဖြစ်သူက ညီဖြစ်သူကို ကွန်ပြူတာသင်ပေးရင်း စိတ်မရှည်တော့သဖြင့် အော်၍…
"ဟေ့ကောင် Cancel လုပ်ဖို့ပြောနေတာ Cancel Cancel !!!!…"
ထိုစဉ် အိမ်ရှေ့ခန်းတွင် သတင်းစာဖတ်နေသော အဖေဖြစ်သူက…

"သားကြီးရေ ညီလေးကို အဲ့ဒီလောက်ထိ မခိုင်းပါနဲ့ကွာ မနေ့ကဘဲ မောင်ပုကို
ကန်ထဲကနွံတွေရော အကုန်ဆယ်ပြီး ဆေးခိုင်းလိုက်ပြီးပြီ။

တစ်ခါက လူသားစားတဲ့တောက လူရိုင်းသားအဖဟာ အိမ်မှာချက်ဖို့အသားမရှိတော့တာနဲ့ မြီု့အစွန်နားအထိတက်လာကြတယ်။ တွေ့တဲ့သူကိုဖမ်းခေါ်လာပြီး ချက်စားဖို့ပေါ့။ ဒီလိုနဲ့ လူအရိပ်အခြေစောင့်နေတုန်း သူတို့နားကိုမိန်းမ ပိန်ပိန်တစ်ယောက် ဖြတ်လာတယ်။ သားကမေးတယ်။အဖေ ၊ အဲဒီမိန်းမကို ချက်စားရအောင် ဖမ်းသွားမလားဆိုတော့ အဖေက - နေဦး ဒီမိန်းမက ပိန်လွန်းတယ်။ အရိုးကြီးပဲ။ စားလို့မကောင်းဘူး။ နောက်မိန်းမ၀၀တစ်ယောက်ဖြတ်လာတော သားကမေးတယ်။ အဖေ ၊ ဒီတစ်ယောက်က ၀၀တုတ်တုတ်ကြီး စားလို့ကောင်းမယ်။ ဖမ်းသွားရအောင်။ အဖေကလည်း - ဒီတစ်ယောက်က ၀လွန်းတယ်။ ငါတို့စားလို့ကုန်မှာမဟုတ်ဘူးတဲ့။ ဒီလိုနဲ့ စောင့်ကြည့်နေရင်း ကိုယ်လုံးကိုယ်ထည် လှလှပပ မိန်းမတစ်ယောက်ဖြတ်လာတယ်။ သားကလည်း - အဖေ ၊ ဒီတစ်ယောက်ဆို အနေတော်ပဲ။ ပိန်လည်းမပိန် ၀လည်းမ၀ဘူး။ ဖမ်းသွားရအောင် လို့မေးတယ်။ အဖေကလည်း - ဟုတ်တယ်၊ ဒီတစ်ယောက်ကအတော်ပဲ။ ဖမ်းသွားရအောင်။ အိမ်ရောက်ရင် မင်းအမေကိုချက်စားကြတာပေါ့ သားရယ်။ တဲ့ …

သား - "မေမေ၊ ကနေ့သား ဖေဖေ နဲ့ ဘစ်စ်ကား စီးနေတုန်း ဖေဖေ က သား ထိုင်နေ
တဲ့နေရာကို ဖယ်ခိုင်းပြီး အန်တီကြီး တစ်ယောက်ကို ပေးထိုင်တယ်မေမေရဲ့"
အမေ - "အော် သားရယ်၊ ဒါ ကုသိုလ် ရတဲ့ အလုပ်ပဲလေ ဘာဖြစ်လို.လဲ သားရဲ့"
သား - "သား က ဖေဖေ့ ပေါင်ပေါ်မှာ ထိုင်နေတာနော်၊မေမေ"

လင်မယားနှစ်ယောက်တွင် သားလေးယောက်ရှိသည်။ ထူးဆန်းသည်မှာ အကြီးသုံးယောက်မှာ
ဆံပင်နီနီ၊ အသားလတ်လတ်၊ အရပ်မြင့်မြင့်ဖြစ်သည်။ အငယ်ဆုံးမှာ ဆံပင်နက်နက်နှင့်
အရပ် ပုပုဖြစ်သည်။ ဖခင်ဖြစ်သူသည် နောက်ဆုံးတွင် မကျန်းမမာဖြစ်ပြီး သေလုဆဲဆဲတွင်
ဇနီးဖြစ်သူကို သေချာ မေးလိုက်သည်။

-အချစ်ရယ် ကိုယ်မသေခင် ကိုယ့်ကို ရိုးရိုးသားသား ပြောစမ်းပါ။ အငယ်ဆုံး သားလေးက
ကိုယ့်ရဲ့ ကလေးဆိုတာ။

- ဘုရားအဆူဆူကို ကျိန်ပြီး ပြောရဲပါတယ်။ ရှင့်သားမှ ရှင့်သား အစစ်ပါ။
ဟု ဇနီးဖြစ်သူက ပြန်ပြောလိုက်သည်။

ထိုစကားကို ကြားပြီးသည်နှင့် ခင်ပွန်းဖြစ်သူသည် ပြုံးလျှက် ကွယ်လွန်သွားသည်။
ထိုအခါ ဇနီးဖြစ်သူက ရေရွတ်ပြောဆို လိုက်သည်။
တော်သေးတာပေါ့ ... တခြား သုံးယောက်ကို မေးမသွားလို့

အထူးစည်းကမ်းတင်းကြပ်သည်ဟု နာမည်ကြီးသော လန်ဒန်မြို့ရှိ ကျောင်းအိပ်ကျောင်းစားကျောင်း တစ်ခုသို့ တွမ်.. ဆိုသူ ကျောင်းသားအသစ်တစ်ယောက်ရောက်ရှိလာသည်။ ဤကျောင်းသည် စည်းကမ်းကြီးလှကြောင်း မိဘများသို့ စာရေးလျှင် မလိုအပ်သည်များကို မရေးသင့်ကြောင်း ကျောင်းသားကြီးများက တွမ် ကိုသတိပေးသည်။ အချိန်အနည်းငယ်အကြာတွင် တွမ်.. ထံမှ ပထမဆုံးစာကို တွမ်မိဘများလက်ခံရရှိကြသည်။
စာမှာတိုတိုလေးဖြစ်သည်။
"ဖေဖေ.. မေမေတို့ခင်ဗျား... ကျွန်တော်တို့၏ ကျောင်းတွင် ကျောင်းသားပေါင်း
၃၈၇ ယောက်ရှိပါသည်။
ကျောင်းသားဦးရေ ၃၈၆ ယောက်သာဖြစ်စေလိုသော ဆန္ဒ ကျွန်တော့တွင်
ပြင်းပြလျက်ရှိပါသည်"
ချစ်တဲ့သား.. တွမ်"

ဆက်ဖတ်ချင်သေးရင်...

Monday, November 9, 2009

လွမ်းတယ်မေမေ

သစ်ရင်ထဲမှာ မိဘဆိုတာ အမြဲတမ်းရှိနေပေမယ့် ဒီပိတ်ရက်မှာ သစ် မေမေ့ကိုတော်တော် သတိရနေတယ် ။ မေမေကို ဖုန်းပြောချင်ပေမယ့်လေ ပြီးခဲ့တဲ့အပတ်ကလည်း ၃ရက်လောက်ဆက်ထားတော့ မေမေဆူမှာစိုးလို့ ထပ်မဆက်ဖြစ်ဘူး ။ စိတ်တွေဟာ ကျဆင်းပြီးညဆိုရင်လည်း တယောက်တည်းအထီးကျန်စွာ နေရခြင်းကို စိတ်တိုနေမိတတ်တယ် ။

အွန်လိုင်းဆိုတာလည်း မ၀င်ချင်ပဲ သူငယ်ချင်းတွေနဲ့ အပြင်တွေသွားပြီး အချိန်တွေကုန်အောင်လုပ်နေမိတယ် ။ သူငယ်ချင်းတွေနဲ့ ဟိုးအရင်ကအကြောင်းတွေပြောရင်း ရီမောနေပေမယ့်လည်း ကိုယ့်အခန်းပြန်ရောက်ရင် အိပ်ယာပေါ်တက်ခွေပြီး ဘာမှမလုပ်ချင်လောက်အောင် စိတ်ဓါတ်တွေကျနေမိတယ် ။ အဖြစ်ချင်ဆုံးဆန္ဒက မေမေ့အနားမှာ ဒီကအလုပ်တွေအကြောင်း လူတွေအကြောင်း အွန်လိုင်းအကြောင်း ပညာရေးအကြောင်းတွေ ထိုင်ပြောချင်နေမိတယ် ။

သမီးဒီမှာ မနေချင်တော့ဘူး မေမေလို့ မေမေ့မျက်နှာကြည့်ပြီး ပြောချင်နေတယ် ။ မေမေ့လက်မောင်းကို ကိုင်ပြီး သမီးသိထားတဲ့ လောကရဲ့အကြောင်းတွေ ပြောပြချင်တယ် ။ မေမေ့ရီသံကို ကြားချင်နေတယ် နေကောင်းအောင်နေနော်ဆိုတဲ့ မေမေရဲ့စိုးရိမ်တတ်တဲ့ မျက်ဝန်းလေးကို မလွတ်တမ်းလေး ကြည့်ချင်နေမိတယ် ။ မေမေချက်တဲ့ အရင်ကမေမေ့ဟင်းက ဒါပဲလားဆိုတဲ့ ချဉ်ပေါင်ရွက် နဲ့ ငါးဟင်းလေးကိုလည်း တရှိုက်မက်မက် စားချင်နေတယ် ။ နင်မငယ်တော့ဘူးနော် စိတ်ဓါတ်ကိုရင့်ကျက်တော့ဆိုတဲ့ စကားတွေကို နားထောင်ချင်တယ် ။

မေမေမသိအောင် လမ်းထိပ်က ကြက်သားသုတ်ကိုလည်း ခိုးစားချင်သေးတယ် ။ တော်တော်ချက်တတ်နေပြီဖြစ်တဲ့ သမီးလက်ရာတွေကိုလည်း ချက်ကျွေးချင်နေမိတယ် ။ မေမေမလိုက်ရင် ဆေးခန်းမသွားတဲ့သမီးလေ ခုဆိုဆေးခန်းမှာလဲ တစ်ယောက်တည်းပဲ သိလားမေမေ ။ နေမကောင်းလို့ ဆန်ပြုတ်စားချင်ရင်လည်း ကိုယ့်ဘာသာပဲလုပ်စားနေရတယ် ။ သက်သာရဲ့လားလို့ မေးမယ့်သူတောင် မရှိတဲ့ဘ၀မှာ ငါဟာဆွေမရှိမျိုးမရှိ တစ်ကောင်ကြွက်လိုဖြစ်နေပါလားလို့ ခံစားချက်ကိုရှောင်လွှဲလို့မရဘူး ဖြစ်နေတယ် ။

သမီးဘာကြောင့် မေမေနဲ့အဝေးမှာနေရတာလဲ ...။ မောင်နှစ်မတွေမှာ သမီးကျမှဘာလို့ဖြစ်ရတာလဲ....။ မေမေ့အနားမှာနေခွင့်မရှိအောင် ဟိုဘ၀ကသမီးဘာတွေလုပ်ခဲ့မိလို့လဲ.....။ ၀ဋ်ကြွေးရှိရင်လည်း ကျေပါစေတော့မေမေရယ် ။ အဝေးမှာနေလို့ သမီးမေမေ့အပေါ် တာဝန်မကျေတာများ ရှိခဲ့ရင် ခွင့်လွှတ်ပေးစေချင်ပါတယ် ။ နောက်ဘ၀မှာ ဒီလိုမိသားစုနဲ့ခွဲနေရခြင်းဆိုတဲ့ ဒုက္ခဆင်းရဲကနေ ကင်းလွတ်ရပါစေကြောင်း ဘုရားထံပါးမှာ နေ့စဉ်ဆုတောင်း မိပါတယ် မေမေရယ် ။ သူများတွေမသိအောင် မေမေ့ကို တိုးတိုးလေးပြောပြမယ်နော် ..... ဒီပို့စ်ကို ဒီမနက်ရုံးရောက်ရောက်ခြင်း အစအဆုံးမျက်ရည်တွေနဲ့ ရေးနေတာကို ဖေဖေမသိပါစေနဲ့နော် မေမေ ......... ။ မေမေ့ကို အရမ်းလွမ်းနေတယ် ။

ဆက်ဖတ်ချင်သေးရင်...

Saturday, November 7, 2009

အစ်ကို့မွေးနေ့

မနက်ဖြန် နိုဝင်ဘာ ၈ရက်နေ့ဟာဆိုရင် သစ်သစ်အစ်ကိုရဲ့ မွေးနေ့မင်္ဂလာရက်မြတ်လေးဖြစ်ပါတယ် ။ မိသားစုနဲ့ဝေးရာလေးမှာနေပြီး ဘ၀တိုးတက်ရာ တိုးတက်ကြောင်းအတွက် အလုပ်တွေလုပ်နေတဲ့ သစ်အစ်ကိုအတွက် အမှတ်တရပို့စ်လေးကို ည၁၂နာရီကျော်နောက်ရက်ကူးတဲ့အချိန်လေးအထိစောင့်ပြီး ရေးလိုက်ပါတယ် ။




ကဗျာဆိုတာထက် စာစုလေးတစ်ခုကို ရေးခြစ်လိုက်မိတာကတော့........
မွေးနေ့ချိန်ခါ
ကျရောက်လာ
ရောင်စဉ်ပါတဲ့
ဒီချိန်ခါ

စိတ်မှာမှန်းကာ
ကန်တော့တာ
မွေးမိခင်ရဲ့
ကျေးဇူးပါ

ဟိုနှစ်ဒီနှစ်
ကိုယ်ပြန်စစ်
လုပ်ရပ်တိုင်းရဲ့
သက်သေပါ

နောက်ပြန်ရေတွက်
အနေခက်
မပြောင်းလဲတဲ့
သုံးဆယ်ပါ

တိုတောင်းလွန်းတဲ့
ဘ၀တာ
မုန်းခြင်းမရှိ
နေထိုင်ပါ

ဒီနေ့ကစ
နောက်များမှာ
ကောင်းခြင်းမှန်သမျှ
သင့်ထံလာ

လွန်ခဲ့တဲ့တစ်လကတည်းက ရေးလိုက်ဖျက်လိုက် စာစုလေး ရေးတုန်းကတော့ စာပိုဒ်တွေအများကြီးပါပဲ ။ ဟိုဖြုတ်ဒီဖြုတ်နဲ့ နောက်ဆုံးတော့ ဒီလောက်ပဲကျန်တော့တယ် အစ်ကိုရေ....။ လူတိုင်းအပေါ်မှာ မှန်ကန်တဲ့စေတနာနဲ့ အကူအညီပေးရင်း တည်ငြိမ်စွာဖြင့် တန်ဖိုးရှိတဲ့ ဘ၀ခရီးတစ်ခုကို ပျော်ရွှင်စွာဖြတ်သန်းရင်း ဘာသာသာသနာအကျိုးကို ဆထက်တပိုးထမ်းဆောင်နိုင်ပါစေလို့ ညီမဆုတောင်းပေးလိုက်ပါတယ် ။ စိတ်၏ပျော်ရွှင်ခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပြီး ခုနှစ်မှာကျရောက်တဲ့မွေးနေ့မှသည် နောင်နှစ်၁၂၀တိုင် အစ်ကိုချစ်တဲ့ မိသားစုလေးနဲ့အတူတကွ အေးချမ်းစွာဖြတ်သန်းနိုင်ပါစေလို့လည်း ထပ်လောင်းဆုတောင်းပေးလိုက်ပါတယ် အစ်ကို....။နောက်ထပ်မွေးနေ့လက်ဆောင်လေး ပေးချင်တာကတော့ အစ်ကိုကိုယ်တိုင် ကြိုက်နှစ်သက်တယ်လို့ ဆိုထားတဲ့အရာတွေပါပဲ...။


အင်း အသားရောင်ဦးထုပ်လေးပါလား ကြိုက်လိုက်တာ...မှတ်ထား ညီမ အစ်ကိုအကြိုက်ဆုံးအရောင်က အသားရောင်လေးပဲ....နာမည်လေးပါတဲ့ အသားရောင်ဦးထုပ်လေးကို အွန်လိုင်းကနေမရမက လိုက်ရှာထားတာပါ ။ ကြိုက်နှစ်သက်မယ် ထင်ပါတယ်။



ဒီညနေ ဘာစားရမလဲဆိုတော့ အင်း...၀က်သား နဲ့ ခရမ်းသီးနှပ်လေတဲ့...အစ်ကိုဆိုအဲဒီဟင်းနဲ့ထမင်းစားရန် ၂ပန်းကန်တော့အနည်းဆုံးပဲဆိုတဲ့ စကားသံကို ဒီပို့စ်အတွက် ဒီနေ့ချက်ရင်း ကြားယောင်နေမိတယ် ။ အစ်ကို့အကြိုက် သုံးထပ်သားနဲ့ချက်လိုက်တယ် ။ ဒါလည်းကြိုက်မယ် ထင်ပါတယ် ။


ကောက်ညှင်းပေါင်း စင်္ကာပူမှာအလွယ်တကူရလားတဲ့ ကိုယ် ကောက်ညှင်းပေါင်းစားချင်လိုက်တာဆိုလို့ မမေ့မလျော့တင်ပေးလိုက်တယ်နော် ။ ( စနေမနက်ကမှ ကောက်ညှင်းပေါင်းကိုအုန်းသီးနိုင်ချင်းနဲ့ဝယ်ပြီး ဓါတ်ပုံရိုက်ပို့ပေးတဲ့ ရန်ကုန်ကမမကိုလည်း ကျေးဇူးအထူးပင်တင်ရှိပါတယ် ) ။

ဆက်ဖတ်ချင်သေးရင်...

Thursday, November 5, 2009

ဖြိုသလစ်

သစ်သစ်တစ်ယောက် စလုံးကိုရောက်ကတည်းက ဖြစ်သလိုစားလာခဲ့တာ ကြာပါပြီ ။ ရုံးဖွင့်ရက်တွေမှာဆိုလည်း အနီးအနားက စားသောက်ဆိုင်တွေမှာ တရုတ်လိုလို ကုလားလိုလို ဂျပန်လိုလို နဲ့ ဟိုလိုလို ဒီလိုလိုဖြစ်ခဲ့တာလဲ ကြာပြီလေ..။ ကိုယ့်ကိုယ်ကိုယ် သနားလွန်းလို့ ပိတ်ရက်တွေဆိုလည်း စိတ်ကိုအလိုလိုက်ရတာလည်း ၂နှစ်ကျော်ပါပြီ...ဟိ ။ ခုအစားအသောက်လေးတွေ ဘယ်လိုဖြစ်သလိုစားရတယ် ဆိုတာကို ချစ်သူငယ်ချင်းများ ဖြစ်ကြတဲ့ ဗစ် ၊ ထော ၊ မျိုး ၊ ဂျင်ဆမ်းပိုး ၊ ညည လေးတို့အတွက် စုတ်ချာလှသော ကင်မလာလေးနဲ့ လက်တည့်စမ်းလာတဲ့ ဓါတ်ပုံအစုတ်လေးများသုံးပြီး ပို့စ်တစ်ပုဒ်ထပ်မံတင်ဆက်လိုက်ပါတယ် ။ သူငယ်ချင်းများက ကွန်မန့်များကို ပစ်ပစ်နှစ်နှစ်ရေးချင်လို့ အတင်းပူဆာသဖြင့် အရူးများစိတ်ချမ်းသာအောင် ရေးလိုက်ခြင်းဖြစ်ပါတယ် ။




တနင်္လာနေ့တိုင်းမိတ်ဆက်နေကျ ယောင်တို့ဖူးပါ


ကုလားစာလေးကလည်း တစ်ပတ်၂ခေါက်လောက်စားဖြစ်တယ် သောကြာဆို အသီးတစ်မျိုးအလကားရလို့ မမေးနဲ့ကုလားစာပဲ


ဂျပန်စာလေးကတော့ ဈေးကြီးလို့တစ်ပတ်တစ်ခါ အနိုင်နိုင်ပါလေ


ဘယ်သူပြောလဲ သစ်သစ်ထမင်းစားတာများတယ်လို့..ဟွန့်


ဟိုတစ်ပတ်က ထမင်းစားပျက်လို့ သွားစားတဲ့ ကြက်သားကုန်းဘောင်ကြီးကြော်


ဝက်ခေါင်းသုတ်ဆိုတော့လည်း မငြင်းဖြစ်ပါဘူး


ဒါက၀က်သားနဲ့ ပဲငပိဆိုပဲ သူလည်းမဆိုးဘူး


ဒါကတော့ စိတ်ပါရင်ပိတ်ရက်ဆိုစားဖြစ်တဲ့ ပေကြောင်ကြောင်လက်သုတ်စုံလေး


၁လ တစ်ခါလောက်တော့ အတတ်နိုင်ဆုံးသွားဖြစ်အောင်ကြိုးစားတယ်

(အနေအစားဆင်းရဲတဲ့ကိုယ့်ကိုယ်ကို သနားလို့ဘာာာ)


သူငယ်ချင်းတွေပြောလွန်းလို့ ဒီမနက်သုတ်စားတဲ့ မြန်မာလက်ဖက်လေး

သစ်သစ်ဘလော့မှာ သူငယ်ချင်းများနဲ့ပျော်ရွှင်စွာ စကြနောက်ကြစေရန် ပို့စ်လေးများဖန်တီးထားခြင်းဖြစ်သဖြင့် စာဖတ်သူတို့အတွက် တစ်စုံတစ်ရာအကျိုးဖြစ်ထွန်းခြင်းမရှိပဲ အချိန်တစ်ခုပေးပြီး လာရောက်ကြတဲ့အတွက် ကျေးဇူးအထူးပင်တင်ရှိပါတယ် ။ ပို့စ်တိုင်းသည် သစ်သစ်စိတ်ခံစားမှုတစ်ခုတည်းဖြင့် ပုံဖော်ထားခြင်းဖြစ်ပါသည် ။ အားလုံးကိုကျေးဇူးတင်ပါသည် ။

ဆက်ဖတ်ချင်သေးရင်...

Wednesday, November 4, 2009

လွမ်းတယ် ဟိုစဉ်အခါ

သစ်သစ် စာရေးတဲ့ဘက်ကိုမရောက်ဖြစ်တာ တစ်ပတ်လောက်ရှိသွားတယ် ။ လာလည်တဲ့သူတွေကို ကျေးဇူးတင်ပါတယ် အသစ်မရှိလည်း အမြဲလိုလိုလာလည်ကြလို့ ၀မ်းသာမိပါတယ် ။ ဒီနေ့သစ်သစ် ဆရာ့အိမ်မှာ အလုပ်စ၀င်တုန်းက အမှတ်တရလေးတွေ ရေးမယ်လို့ဆုံးဖြတ်ထားပါတယ် ။


သစ်တို့ ၄ယောက် ဆရာ့စီမှာ အလုပ်လုပ်ကြတာလပိုင်းလောက် ရှိလာပြီဆိုတော့ နည်းနည်းတော့ဆရာ့အထာသိလာတာပေါ့နော် ။ ဒါပေမယ့်ကြောက်တာကတော့ အရှိန်မပြယ်သေးပါဘူး ။ ဆရာရှိနေရင်သာ ငြိမ်နေကြတာ ဆရာဆိုဒ်ထဲသွားပြီဆို လာထားပဲအလုပ်တွေကလည်းလုပ် စကားတွေကလည်း ပေါက်ပေါက်ဖောက်အောင်ပြောနေကြတာပေါ့နော် ။ ပျော်ပျော်ရွှင်ရွှင်ပါပဲ တစ်နေ့တော့ ဆရာပြန်မလာခင် ဖောင်ဒေးရှင်းပုံတွေ သစ်သစ်ကဆွဲထားတဲ့ ပရော့ဂျက်လေးတစ်ခုရှိတယ်ဆိုပါစို့..။

ဆရာပြန်လာတော့ အဲဒီပရော့ဂျက်အပ်ထားတဲ့သူလည်း ဆရာနဲ့အတူပါလာတာပေါ့နော် ။ ဆရာကနည်းနည်းလေးစစ်လိုက်တယ် အဲမှာသစ်ရဲ့မဟာအမှားကို သွားတွေ့ပါတယ် သံချောင်းကိုသစ်သစ်ကပြောင်းပြန်ထည့်ထားတာပါ ။ ဆရာကသစ်သစ်ကို ဟ...သံချောင်းထည့်တာမှားနေတယ် ပြန်ထည့်ပြီး ပြန်ဆွဲမြန်မြန်လုပ် ပေးလိုက်တော့မယ်ဆိုတော့ နဂိုကတည်းက ကိုယ့်ဘာသာစိတ်အေးလက်အေးဆွဲနေတုန်းကအဟုတ်သား ဆရာကလေသံမာမာနဲ့အဲလိုလူရှေ့ပြောရမလားဆိုပြီး စိတ်ဆိုးတာအရမ်းပဲလေ.။

ပုံကိုဆွဲပြီးတာနဲ့ဆရာ့ကိုပေးပြီး အိမ်နောက်ခန်းထဲဝင်နေလိုက်တယ် ။ ထမင်းစားပြီးတော့ မျက်ရည်ကကျလို့ သူငယ်ချင်းတွေကချော့ကျတယ်လေ ဆရာကတော့ သစ်သစ်စိတ်ဆိုးမှန်းတောင် မသိပါဘူးလေ ။ သူလည်းသစ်တို့စားပြီးတာနဲ့ သူလည်းစားပြီး အိပ်တယ်လေ သူ့အခန်းကိုဝင်သွားတာနဲ့ သစ်ကလည်းဒီဘက်ကဆရာ့ညီမအခန်းကို ၀င်သွားပြီးအိပ်လိုက်တာ ဆရာနိုးတာတောင် သစ်သစ်မနိုးပါဘူး ။ ဆရာကမေးတော့ သစ်နေမကောင်းလို့အိပ်နေတယ်လို့ သူငယ်ချင်းတွေကပြောကြတာပေါ့နော် ။ဆရာကတောင် ဟုတ်လား ဆေးခန်းသွားမယ်လုပ်သေးတယ်....ဟိဟိ ။

သူငယ်ချင်းတွေပြန်တော့လည်း ဒေါ်ရွှေသစ်မပြန်ပဲ ဆက်အိပ်နေတာပဲလေ ။ အိမ်ကိုလာကြိုဖို့ဖုန်းဆက်ခေါ်လိုက်တယ် ။ ပြီးတော့အထဲမှာပဲ ပေတေနေနေတာလေ ။ သစ်အိမ်ကလာကြိုတဲ့ကားကိုမြင်တော့ ဆရာက အိမ်ကတောင်လာကြိုရတယ် တော်တော်ဖြစ်နေတာလားလို့ သူ့ညီမကိုမေးတယ်လေ ။ သစ်သစ်မျက်နှာကတော့ စူပုပ်နေတာပဲပေါ့ ။ အစ်ကိုလာကြိုပြီဆိုတော့ အခန်းကနေ၀ုန်းခနဲထွက်ပြီး ဆရာ့နားကိုသွားတယ် ဘာပြောလိုက်တယ်ထင်ပါသလဲ ဆရာဆူလို့ စိတ်ကောက်နေတာသိရဲ့လားလို့ ပြောပြီး တိုက်ပေါ်ကဆင်းလာခဲ့တယ် ။ ဆရာတစ်ယောက်လည်း ဟော...ဗျာ ဆိုပြီး ကျန်ခဲ့တာလေ ။

နောက်နေ့ကျတော့လည်း မျက်နှာကတင်းပြီး အလုပ်သွားတယ်နော် ။ ဆရာကစကားပြောချင်လို့ မျက်နှာငယ်လေးနဲ့ လိုက်ကြည့်လို့ ဒီကတော့ တင်းတင်းပဲ..... သူငယ်ချင်းတွေက ကြားကပေါ့ ။ နောက်တော့ဆရာက ဒါကဒီလိုဆွဲရတာ ဒါကိုဒီလိုယူရတယ်လို့ လာရှင်းပြတော့ ဘာပြောလိုက်တယ်ထင်လဲ စောစောကတည်းက အဲလိုရှင်းပါလားလို့ ဘာလို့ဧည့်သည်ရှေ့မှာအော်လည်း ပြောလိုက်တယ် ။ ကဲကဲ နောက်မပြောတော့ဘူးဆိုပြီး ပွဲသိမ်းသွားတယ်လေ ။

သစ်သစ် ဆရာ့အပေါ်တော်တော်ဆိုးခဲ့ပါတယ် ။ မိန်းကလေး၎ယောက်နဲ့ ဆရာ့မှာတော်တော်ကိုချာချာလည်ခဲ့ပါတယ် ။ တစ်ယောက်တစ်မျိုးကောက်ကြတာပါ ။ နောက်ပိုင်းဆရာက ဘယ်သူကဘယ်လိုအထာသိသွားတော့မှ အဆင်ပြေသွားခဲ့ပါတယ် ။ ဘာပဲဖြစ့်ဖစ် ပညာမျိုးစုံကိုဆရာစားမချန် ရခဲ့သလို စိတ်ထားကောင်းတဲ့ဆရာကို ကိုယ့်အမျိုးအရင်းလိုကို သတ်မှတ်မိပါတယ် ။ ခုတောင် ဒီမှာစိတ်တွေညစ်လို့ ဖုန်းဆက်ပြီး အလုပ်မလုပ်ချင်တော့ဘူးဆိုရင် ဆရာကပြန်လာဘာမှစိတ်ဓါတ်မကျနဲ့ ကိုယ့်ပညာကထမင်းတော့မငတ်ဘူး ။ သူဌေးသာမဖြစ်ရင်ရှိမယ် ဆိုပြီး အားပေးတတ်တဲ့ဆရာပါ ။ ဒီပို့စ်လေးရေးရင်း အလုပ်လုပ်ခဲ့တာလေးတွေကို တော်တော်ပြန်သတိရသွားမိပါတယ် ။

ဆက်ဖတ်ချင်သေးရင်...

Thursday, October 29, 2009

အထွန်း နှင့် ကြည်ပြာ

သစ် သူငယ်ချင်းတစ်ယောက်ရဲ့ အကြောင်းကိုအခြေခံပြီး ရေးဖွဲ့ထားတဲ့ဇာတ်လမ်းလေးပါနော် ။ ဖတ်ရှုခံစားပေးကြမယ်လို့ ယုံကြည်ပါတယ် ။ ဇာတ်ကောင်နာမည်ကတော့ အထွန်း နှင့် ကြည်ပြာလို့ပဲ ပေးလိုက်ပါရစေ ။ နာမည်များသည် စိတ်ကူးထဲမှပေးထားခြင်း ဖြစ်လို့ တိုက်ဆိုင်မှူရှိလျှင် နားလည်ပေးကြပါလို့ ကြိုတင်တောင်းပန်လိုက်ပါတယ် ။


ကြည်ပြာ ဆိုတာကတော့ စလုံးမှာအရင်အလုပ်လုပ်မယ် နောက်မှကျောင်းတက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရောက်လာသူတစ်ယောက်ပါ ။ ရောက်လာပြီး တစ်နှစ်လောက်ကြာတော့ အထွန်းဆိုသူနဲ့ အွန်လိုင်းမှာဆုံဖြစ်ကြပါတယ် ။ အထွန်းကလည်း အမြဲတမ်းအွန်လိုင်းမှာ နေသူတစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး ။ အလုပ်ကညဆိုင်းဆင်းရတဲ့နေ့တွေမှ အွန်လိုင်းမှာရှိတတ်တာပါ ။ ဒီလိုနဲ့သူတို့၂ယောက်တွေ့ပြီး ချက်တက်တယ် ဖုန်းဆက်တယ် စကားတွေပြောတယ် ဆိုပါစို့ ။ အဲဒီအချိန်မှာ အထွန်းကမလေးရှားကို အလုပ်ကသွားခိုင်းတော့ ၃ပတ်သွားရပါတယ် ။ မလေးကနေ ညတိုင်းဖုန်းဆက်ပြီး သူတို့စကားတွေပြောဖြစ်ကြတယ်ပေါ့ ။ နောက်အထွန်းကတောင်းဆိုပါတယ် သူစလုံးပြန်ရောက်ရင် အပြင်မှာတွေ့ချင်တယ်ပေါ့နော် ။ ကြည်ပြာကလည်း သဘောတူလိုက်တယ်ဆိုပါစို့...။

ဒီလိုနဲ့ စလုံးပြန်ရောက်ပြီးနောက်တစ်နေ့ သူတို့တွေဆုံတွေ့ကြတယ်လေ ။ ငယ်ရွယ်သူတွေဆိုတော့ အစပိုင်းမှာ အနည်းငယ်စိမ်းပေမယ့် နောက်ပိုင်းကျတော့လည်း ရင်းနှီးသွားတယ်ပေါ့နော် ။ သူတို့၂ယောက် လျှောက်သွားဖြစ်ကြတယ် စကားတွေပြောဖြစ်ကြတယ် ။ ထမင်းအတူစားဖြစ်ကြတယ် ဒါနဲ့ပဲ တစ်ယောက်ကိုတစ်ယောက် နားလည်ခဲ့ကြတယ်လေ ။ တိုတိုပဲပြောရမယ်ဆိုရင် ၁လလောက်အကြာမှာ ချစ်သွားတယ်ပေါ့ ။

ကြည်ပြာမျှော်လင့်ထားတဲ့အချစ်ဆိုတာ တပတ်တခါလောက်အပြင်မှာတွေ့ တစ်ယောက်ကိုတစ်ယောက်လေ့လာ ဘ၀ရှေ့ရေးတွေ တိုင်ပင်ရင်း ချစ်သူဘ၀ကို ဖြစ်သန်းကြမယ်ပေါ့နော် ။ လက်တွေ့မှာတော့ ထင်သလိုဖြစ်မလာခဲ့ပါဘူး အထွန်းဟာအဖြေပေးပြီးနောက်ပိုင်ဒ အပြင်မှာတွေ့ဖို့ ငြင်းဆန်လာခဲ့ပါတယ် ။ ညစာလေးအတူတစ်ခါစားရဖို့အရေး အထွန်းအလုပ်ပြန်တဲ့အချိန်ကို သွားစောင့်ပြီးအတူစားရပါတယ် ။ အထွန်းအလုပ်များတယ်ဆိုပြီး ကြည်ပြာမှာ အထွန်းကိုသနားတောင်သနားခဲ့ပါတယ် ။

ဒီလိုနဲ့ အထွန်းဟာ မြန်မာနိုင်ငံမှာ မင်္ဂလာဆောင်ပြီးသားဖြစ်ကြောင်း ဒီမှာလည်းမိန်းကလေးများနဲ့ လက်မထပ်ပဲအတူနေကြောင်း ကြည်ပြာ့သူငယ်ချင်းတစ်ယောက်က အသိပေးလာပါတယ် ။ ကြည်ပြာဘယ်လိုဆုံးဖြတ်ချက်ချခဲ့တယ်ထင်ပါသလဲ အထွန်းသူ့ကိုစချစ်တဲ့နေ့ကစပြီး ဘာမှမလုပ်ရင်ပြီးရောတဲ့ သူနောက်ကြောင်းတွေကိုစိတ်မ၀င်စားဘူးလို့ ပြတ်ပြတ်သားသားပြောခဲ့ပါတယ် ။ အထွန်းက ကြည်ပြာကို ရိုးလွန်းလို့ သူသနားလာတယ်လို့ သူ့သူငယ်ချင်းတွေကို ပြောခဲ့ပါတယ် ။

ဒီလိုနဲ့ အထွန်းမှာပိုက်ဆံမရှိရင် ကြည်ပြာက အိတ်ထဲအတင်းထည့်ပေးတတ်တာတွေ အပြင်မှာစားရင် ကြည်ပြာကပဲ ထုတ်ပြီးကျွေးလေ့ရှိတာတွေ အထွန်းကိစ္စအ၀၀ကို သူ့ကိစ္စလိုပဲသဘောထားတတ်တာတွေ ကိုကြည့်ပြီးအထွန်းက အားနာလာပုံပေါ်ပါတယ် ။ အရူးအမူးချစ်နေတဲ့ကြည်ပြာကတော့ အထွန်းကိုဘယ်တော့မှ အပြစ်မမြင်ခဲ့ပါဘူး ။ လူမြင်ကွင်းတွေသွားချင်တဲ့ကြည်ပြာနဲ့ လူမြင်ကွင်းမသွားချင်တဲ့ အထွန်းတို့မှာ အပြင်ထွက်ရင် ညှိမရတာများပါတယ် ။ ထမင်းစားပြီးပြန်ဖြစ်တာများသလို မှတ်မှတ်ရရ ချစ်သူသက်တမ်း ၁နှစ်မှာ ရုပ်ရှင်၁ကြိမ်ပဲ ကြည့်ခဲ့ဘူးကြတယ်တဲ့ ။

ဒီလိုနဲ့ပဲ ဇာတ်မျောကြီးဖြစ်နေရာကနေ အထွန်းတစ်ယောက် သူ့ဇာတ်ရှုပ်တွေကို ရှင်းပြီး ကြည်ပြာ့ကိုပဲလက်ထပ်တော့မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ် ။ ဂတိတွေအထပ်ထပ်ပေးလို့ လက်ထပ်ကြမယ်ဆိုတော့ ကြည်ပြာကလည်း ပျော်နေတာပေါ့နော် ။ မထင်မှတ်တဲ့ညတစ်ညမှာ ဖုန်းပြောရင်းကတောက်ကဆ ဖြစ်ရာကနေ အထွန်းရဲ့ဇာတ်ရုပ်အားလုံးပေါ်လာခဲ့ပါတယ် ။ နင့်ကိုတကယ်မချစ်ကြောင်း အားနာလို့ပြောနေရာကနေ နင်ဟာငါလက်ထပ်ချင်တဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံသူဖြစ်လို့ လက်ထပ်မယ်ဆုံးဖြတ်ခဲ့ကြောင်း ပြောခဲ့ပါတယ် ။

ဒီအချိန်မှာ ကြည်ပြာတစ်ယောက် အထွန်းကိုအရမ်းစိတ်နာသွားခဲ့ပါတယ် ။ မျက်ရည်ဆိုတာ တစ်စက်တောင်မကျတော့ပဲ သူငယ်ချင်းအားလုံးနဲ့အဝေးကို ထွက်ပြေးသွားခဲ့ပါတယ် ။ ဘယ်သူနဲ့မှမဆုံဖြစ်တော့ပဲ သူတစ်ယောက်တည်း နေတတ်အောင်ကြိုးစားခဲ့ပါတယ် ။ ခုတော့လည်း ကြည်ပြာတစ်ယောက် သူငယ်ချင်းအသစ်တွေနဲ့ ပျော်နေပြီး အထွန်းဆိုတာ ယောင်လို့တောင် သတိမရတော့ပါဘူး ။

ဒီအကြောင်းကို သစ်ရေးရခြင်း အကြောင်းကတော့ လှည့်ဖြားတတ်တဲ့လောကကြီးမှာ တခါတလေ မထင်တာလေးတွေ ဖြစ်တတ်တာကို သိစေချင်တဲ့ ရည်ရွယ်ချက်လေးပါပဲ ။ မိန်းကလေးတိုင်း ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်နိုင်ကြပါစေနော် ။

ဆက်ဖတ်ချင်သေးရင်...

Wednesday, October 28, 2009

ချစ်စဖွယ် သူတို့တွေ

သစ်သစ် စာမရေးတာ တစ်ပတ်လောက်ရှိသွားပါပြီ ။ လူကပျင်းတာကလည်း တစ်ကြောင်း ပြီးတော့ တခြားတစ်ခုကို အားထည့်ဖို့ကြိုးစားနေတော့ အမှန်အတိုင်းပြောရရင် ဒီဘက်ကိုစိတ်တကယ်မရောက်ဖြစ်ပါဘူး ။ ဒီနေ့တော့ နယ်တွေမှာနေတဲ့ တူ၊တူမလေး များကို ဖုန်းဆက်ဖြစ်တော့ သူတို့အကြောင်းလေးတွေလည်း ရေးဦးမှဆိုပြီး ဒီပို့စ်လေးကောက်ရေးလိုက်တာပါ ။


သစ် မှာ တူ ၊ တူမ ၅ယောက်ရှိပါတယ် ။ မိန်းကလေး ၃ယောက် ယောက်ျားလေး ၂ယောက်ပါ ။ အငယ်ဆုံးမိန်းကလေးက ၃နှစ်ဆိုတော့ ကျောင်းမနေရသေးပါဘူး ။ ဒါပေမယ့် သူဖုန်းပြောရင် ကျန်တဲ့သူတွေထက် ကြာပါတယ် ။ စကားကလည်း ပြောလိုက်တာဆိုတာ အကြီးတွေအရှုံးပေးရပါတယ် ။ တကယ်လို့များ သူ့ကိုတခုခုဆူမိရင် နောက်တစ်ခေါက်သစ်ဖုန်းဆက်ရင် နားနှစ်ဖက်ကိုပိတ်ပြီး မပြောဘူးလို့ငြင်းဆန်လေ့ရှိပါတယ် ။ ဒီနေ့ဖုန်းဆက်ဖြစ်တာကလည်း မြေးများဆီသို့ လှည့်လည်သွားလာနေတဲ့ အမေက အဲဒီရောက်တာ ၃လရှိနေပြီဆိုတော့ အဖေ့ကိုတလှည့်ပေးသွားဖို့အတွက် အမေကိုရန်ကုန်အိမ်ပြန်ခိုင်းဖို့ ဆက်တာလည်းပါတယ်လေ ။ အမေ ပျော်တာမပြောပါနဲ့လေ သစ်ခဏလေးဖုန်းဆက်တာတောင် ကလေးသံလေးတွေ ညံစီစီနဲ့တကယ့်ကိုပျော်စရာပါပဲ ....။

သစ်တူမအကြီးလေးက ၉တန်းရောက်နေပြီလေ အဓိက ကတော့ သစ်သူနဲ့စကားပြောချင်တာပါ ။ သူကလည်း သစ်နဲ့ဆို စကားတော်တော်ပြောပါတယ် ။ သူ့မိဘနဲ့တောင် သူကသိပ်မပြောပါဘူး ။ သစ်ကတစ်လတစ်ခါလောက်တော့ အချိန်ပေးပြီး သူနဲ့စကားပြောလေ့ရှိပါတယ် ။ သူအားနည်းတဲ့ဘာသာရပ်အကြောင်း သူ့သူငယ်ချင်းတွေအကြောင်း သူ့ဂိုက်ဆရာမအကြောင်း အစုံပါပဲ ။ အမေကိုကျတော့ ကြောက်တတ်တော့သိပ်ပြီးပြောလေ့မရှိပါဘူး ။ သစ်သစ်ဆိုရင်တော့ လာထား တူ ၊ တူမတိုင်းက တီတီလေးဆိုပြီး တိုင်ပင်နေကြလေ ။ ခုလည်း ပြီးခဲ့တဲ့လပတ်ကရတဲ့အမှတ်တွေနဲ့ အားနည်းတဲ့ကျက်စာတွေအကြောင်းပဲ ဆွေးနွေးဖြစ်ပါတယ် ။ သမီးကြီး ဘာပြောစရာရှိသေးလဲဆိုတော့ ဒီလတော့အထွေအထူးမရှိပါဘူး တီတီလေးရယ်ဆိုတော့ ၆တန်းတက်နေတဲ့ သမီးငယ်ကိုဖုန်းပေးလိုက်ပါတယ် ။

သမီးငယ်ကတော့ သစ်သစ်အရမ်းကို အားထားရပြီး တအားလည်းမျှော်မှန်းထားတဲ့ကလေးလေးပါ ။ ဥာဏ်ရည် ဥာဏ်သွေးထက်မြက်ပြီး လိုချင်စိတ်များတဲ့ပုံစံလေးကို သူငယ်ငယ်ကတည်းက သစ်သစ်သတိထားမိခဲ့တဲ့ကလေးလေးပါ ။ လူကြီးမေးတာပြောတာတွေကိုလည်း ဘယ်သူမှသင်စရာမလိုပဲ ချက်ကျကျပြောတတ်တာလည်း ငယ်စဉ်ကတည်းကပဲလေ ။ နွေရာသီတွေဆို သစ်သစ်သူ့ကိုကောင်းကောင်း လေ့ကျင့်ပေးထားတဲ့ တူမငယ်ပါပဲ ။ ခုဒီလပတ် သူအဆင့်၃ကျတာကို သစ်သစ်ဆူမှာစိုးတော့ ဘယ်လိုဖြေတယ်ထင်ပါသလဲ ။ သမီးငယ်အဆင့်ဘယ်လောက်တုန်းဆိုတော့ သူကမေးတယ် တီတီလေး ၆တန်းတုန်းကအဆင့်ဘယ်လောက်လဲမှတ်မိလားတဲ့ ။ ကဲ ဒေါ်သစ်သစ်ရိပ်မိပါပြီ သူ၁မရလို့ စကားခင်းနေပြီဆိုတာကိုလေ ဒါနဲ့ပဲ တီတီလေးကတော့ ၅ထင်တယ်ပြောတော့မှ သမီးက ၃တဲ့ ။ လည်တာကတော့ပြောမနေနဲ့တော့ ။ သမီးငယ်ပြောနေတော့ သားငယ်လေးကလည်း ပြောချင်တယ်လေ သူစောင့်နေတာကြာလှပေါ့ ။

သားငယ်နဲ့ကတော့ ဒေါ်သစ်သစ် ဘော်ဒါလိုပေါင်းတာပါ ။ သူက သူ့အဖေကိုသိပ်ကြောက်တယ်လေ ။ သူ့အမေကျတော့ သားတစ်ယောက်တည်းဆိုတော့ အရမ်းအလိုလိုက်တယ်လေ ။ လုံးဝကိုမကြောက်တာပါ ။ သစ်သစ်ကတော့ ဒီတူလေးနဲ့ကျမှ စလုံးကပြန်တော့ သူ့ရည်းစားအတွက်ပါ အကျီဝယ်သွားပေးရပါတယ် ။ သူကဖုန်းဆက်မှာတယ်လေ သူ့ကောင်မလေးပုံစံကိုပါပြောတာပါ ။ သစ်တူလေးက ၃တန်းပဲရှိပါသေးတယ် ။ ကောင်မလေးရှိပါတယ် ။ မနိုင်ပါဘူး ဒီခေတ်ကလေးတွေကိုလည်း တကယ်ပြောတာပါ ။ ကောင်မလေးက ကရင်ပြည်နယ်မှူးမြေးလေးပါ ။ သစ်သစ်ကပြန်တုန်းက ဘားအံကို၁ပတ်သွားနေပါသေးတယ် ။ ညနေ တူလေးကျူရှင်ကပြန်မလာတော့ တမျှော်မျှော်နဲ့ပေါ့ ဆရာမအိမ်လိုက်သွားတော့ လွှတ်လိုက်တာ နာရီဝက်ရှိပြီတဲ့ သူ့အမေနဲ့ပြာယာပြာယာ လိုက်ရှာရတာပေါ့ ။ တော်ကြာ သူ့အဖေ သစ်အစ်ကိုသိရင် ဟိုကရိုက်မှာလေ ။ သံလွင်မြစ်ကမ်းဘက်လိုက်ရှာရတာပေါ့ ။ ဓါတ်မီးတစ်လက်နဲ့ ည၇နာရီလောက်လေ တွေ့ပါပြီ ကိုယ်တော်လေးကို သူ့ကောင်မလေးကို စက်ဘီးနဲ့အိမ်လိုက်ပို့ပြီးပြန်လာတာ ။ စိတ်တိုလိုက်တာမပြောပါနဲ့တော့ သြော် ဒါပေမယ့် ခေတ်သားသမီးတွေက ဒီလိုဆိုတော့လည်း သူ့အဖေမသိအောင်ပဲ ကျိတ်ဆူခဲ့ရတော့တာပေါ့လေ ။

သမီးငယ်အဆိုးလေးကတော့ ၃နှစ်ပဲရှိပါသေးတယ် ။ သူ့အစ်ကိုအစ်မတွေက တီတီလေးဆိုတော့ သူကလည်းလိုက်ပြီး တီတီလေးနေတာလေ ...။ အစ်ကိုအစ်မတွေကို အလွန်နိုင်ပါတယ် ။ ပြီးခဲ့တဲ့သင်္ကြန်က သူ့အစ်ကို ကိုရင်ဝတ်တော့ သူ့အစ်ကိုကို ဘုန်းကြီးကျောင်းမှာမထားဘူးဆိုပြီး သင်္ကန်းစလေးကိုင်ပြီး လိုက်နေတာလေ တနေ့လုံးတဲ့ ။ နောက်ဆုံးအိပ်သွားတော့မှပဲ အိမ်ပြန်ခေါ်လာရတယ်လေ ။ သူက မိဆိုးလေး....။ ကြီးလာရင် ဘယ်လိုလာမလဲတော့ ခန့်မှန်းလို့မရသေးဘူး ။

တိုးတိုးဆိုတဲ့ ချစ်စဖွယ် တူလေးကတော့ အစ်ကိုလတ်ကမွေးတဲ့ တစ်ဦးတည်းသော သားလေးပါ ။ အဖော်အရမ်းမင်ပါတယ် ။ သစ်ပြန်တုန်းကဆို တစ်ယောက်တည်းဆိုတော့ စလုံးကိုသူလိုက်ချင်တယ်တဲ့ ။ လေယာဉ်ပျံစီးချင်တာတဲ့လေ ။ ခုတော့လည်း သူငယ်တန်းတက်လို့ ကျောင်းပျော်လေးဖြစ်နေပါပြီ ။ အရင်ကဆို ဖုန်းဆက်ရင်စကားသိပ်များတယ်လေ ။ခုတော့ သူငယ်တန်းကို ကျောင်းတဖက် ကျူရှင်တဖက် အပြင် သူ့အမေက သားတစ်ယောက်တည်း ဆိုတော့ပိုကဲပြီး စာကျက်ဂိုက်ပါငှားထားပေးတယ်လေ ။ ကလေးကငယ်စဉ်ဘ၀မှာပဲ ကစားချိန်နည်းပြီး စာပိနေရတယ်လေ ။ ပင်ပန်းလွန်းတော့ ဖုန်းတောင်ကြာကြာမပြောနိုင်တော့ဘူးလေ ။

ချစ်စဖွယ် ဒီတူ ၊ တူမတွေရဲ့ အသံကိုကြားလိုက်ရရင် သစ်သစ်ရင်ထဲမှာ စမ်းချောင်းလေးစီးဆင်းသွားသလို ခံစားမိပါတယ် ။ သူတို့လေးတွေကို သိပ်ချစ်သလို သိပ်လည်းဖြစ်ထွန်းစေချင်ပါတယ် ။ ဒီနေ့တော့ အားလုံးနဲ့ဖုန်းပြောပြီး သူတို့အကြောင်းလေးတွေကို ကြည်နူးစွာပို့စ်လေးချရေးလိုက်မိပါတယ် ။ လာဖတ်တဲ့သူတွေကို ကျေးဇူးအထူးပင်တင်ပါတယ်ရှင် ။

ဆက်ဖတ်ချင်သေးရင်...

Friday, October 23, 2009

ချစ်တယ် ၂၀၀၉

ဘာလိုလိုနဲ့ ၂၀၀၉ ကုန်ဖို့ ၂လပဲလိုတော့တယ်လေ ..။ ထုံးစံအတိုင်း သစ်သစ် ကိုယ်ဖြတ်သန်းခဲ့တဲ့ ၂၀၀၉ ကိုပြန်ပြီးသုံးသပ်နေပြီ ဆိုပါစို့..။ ကိုယ်ဖြတ်သန်းခဲ့တဲ့အချိန်ကို တန်ဖိုးရှိရှိနဲ့ ကုန်လွန်စေဖို့ နှစ်တိုင်းလိုလို ဇန်န၀ါရီလဆို ဇယားဆွဲတဲ့အလေ့အကျင့်လေး သစ်သစ်မှာရှိတယ် ။ အချို့လတွေဆို ဇယားအတိုင်းမဖြစ်ပဲ ပိုပြီးအရေးကြီးတဲ့ဘက်ကို ဦးစားပေးရတာလည်း ရှိပါတယ် ။


၂၀၀၉ အတွက်သုံးသပ်ရမယ်ဆိုရင်တော့ အလုပ်နဲ့ပက်သက်ပြီး အပြောင်းအလဲဖြစ်ပါတယ် ။ တရွာမပြောင်း သူကောင်းမဖြစ်ဆိုတဲ့စကား အတိုင်း အလုပ်သစ်လေးက သစ်သစ်တော်တော့်ကို ဟန်ကျပြီး လုပ်ချင်တာတွေ လုပ်ခွင့်ရတယ်ပဲ ဆိုပါစို့ ။ သစ်သစ်မေဂျာနဲ့လည်း အပ်စပ်ပြီးကိုယ့်အတွက် တိုးတက်မှုလည်း ရှိပါတယ် ။ ၆လလောက်လုပ်ပြီးပြီဆိုတော့ အကောင်းအဆိုးသိလာပြီပေါ့နော် ။

ပညာရေးကတော့ ရည်မှန်းထားတာ မလုပ်ဖြစ်လိုက်ပါ ။ မလျော့သောလုံ့လနဲ့ ၂၀၁၀ ဇယားမှာ ပညာရေးကိုထပ်ထည့်မယ် စိတ်ကူးထားပါတယ် ။ အကြောင်းတွေကသွေဖယ်ခဲ့ပါတယ် အဓိက ကတော့ငွေကြေးပါပဲ ။ လိုအပ်တဲ့နေရာတွေ ဖြည့်ဆည်းပေးနေလို့ ကိုယ့်ပညာရေးကို တစ်နှစ်နောက်ဆုတ်ဖြစ်ခဲ့ပါတယ် ။

စီးပွားရေးအနေနဲ့ကတော့ ၂၀၀၉က တွက်ခြေကိုက်တယ် ပြောလို့ရပါတယ် ။ ၀င်ငွေ ထွက်ငွေ မှန်သမျှကို လိုသလိုထိန်းချုပ်လာနိုင်ခဲ့တယ် ။ လိုအပ်တဲ့နေရာတွေမှာ ပါဝင်ခွင့်ရလာတယ် ။ မိဘအတွက် ကိုယ်ပိုင်ငွေနဲ့လုပ်ချင်တာလေးတွေ လုပ်ပေးခွင့်ရခဲ့တယ် ။ တတ်နိုင်သလောက်လည်း လှူဖြစ်ခဲ့ပါတယ် ။ လှူဒါန်းနိုင်အောင် စီစဉ်ပေးကြတဲ့ အစ်ကိုအစ်မတွေရဲ့ ကျေးဇူးတွေလည်းပါ ပါတယ် ။ ငွေကြေးအတွက် စိတ်မညစ်ပဲ လိုအပ်တာဖြည့်ဆည်းပေးနိုင်လို့ စီးပွားရေးအရ ဒီတစ်နှစ်ရင်းပြီးနေရတာ အောင်မြင်တယ်လို့ ဆိုရပါလိမ့်မယ် ။

ကျန်းမာရေးကတော့ ၂၀၀၈ လောက်ဆိုးဆိုးရွားရွားကြီးမဖြစ်ပါဘူး ။ အသေးအမွှားလေးတွေကတော့ အချိန်တိုင်းဖြစ်ပါတယ် ။ တစ်နှစ်တစ်ခါပြန်ပြီး ဆေးစစ်တာလည်း လုပ်ဖြစ်အောင်ကြိုးစားပါတယ် ။ ဒေါင်ဒေါင်မြည်မဟုတ်တောင် သွားနိုင်လာနိုင် လုပ်နိုင်သေးတော့ မဆိုးဘူးလို့ယေဘူယျ ဆုံးဖြတ်လိုက်ပါတယ် ။

အချစ်ရေး ကတော့ ကောက်လိုက် ဖြောင့်လိုက်နဲ့ ပုံမှန်ပါပဲ ..။ သင်ခန်းစာတစ်ခုတော့ ၂၀၀၉ နှစ်လယ်မှာ ရခဲ့တယ်ဆိုပါစို့ ။ အေးဆေးပါ လွယ်ကူစွာပဲဖြတ်ကျော်နိုင်ခဲ့ပါတယ် ။ အချစ်အတွက် ပြင်းထန်ပြီး ပူပူလောင်လောင် မခံစားရတော့တာ အသက်ကြောင့်လည်းဆိုင်မယ်လို့ သစ်သစ်ထင်ပါတယ် ။

လူမှုရေး အားလုံးနဲ့သမ မျှတအောင်နေခဲ့ပါတယ် ။ အလိုက်အထိုက်လည်း နေခဲ့ပါတယ် ။ နှစ်ကုန်ခါနီးမှာ တိုက်ခိုက်မှူလေး နည်းနည်းရှိပါတယ် ။ ပုံမှန်လေးပဲဖြတ်ကျော်ခဲ့ပါတယ် ။ ကိုယ်နိုင်ငံခြားကိုထွက်လာတဲ့ ရည်ရွယ်ချက်တွေမှာ ဒီအခန်းတွေမပါလို့ မလိုအပ်တာတွေ စိတ်ရှုပ်မခံပဲ ဖြတ်တောက်ခဲ့ပါတယ် ။ သူငယ်ချင်းကောင်းတွေထပ်ရခဲ့တာကတော့ ၂၀၀၉ ရဲ့အမြတ်တစ်ခုပါပဲ ။

အကျဉ်းချူံးပြီးပြောရမယ်ဆို ၂၀၀၉ ဟာ သစ်သစ်ရည်မှန်းချက် ၇၀% ပြည့်မြောက်ခဲ့လို့ မဆိုးဘူးလို့ဆိုရပါလိမ့်မယ် ။ ခံနိုင်ရည်စွမ်းအားတိုးတက်အောင် စိတ်ဓါတ်ခွန်အားတွေ လေ့ကျင့်ပေးတဲ့နှစ်လေး ပါပဲ ။ နိမ့်လိုက်မြင့်လိုက် လောကဓံကို တစ်ယောက်တည်းကူးခပ်လို့ သင်ခန်းစာတော်တော်ရခဲ့ပါတယ် ။ ဆောင်ရန်ရှောင်ရန် လူ့သဘော လူ့မနော တိုက်ခိုက်မှု တန်ပြန်မှု ရသမျိုးစုံပေးတဲ့ ၂၀၀၉ ကို တို့သိပ်ချစ်ပါတယ် ။

ဆက်ဖတ်ချင်သေးရင်...

Thursday, October 22, 2009

ပိတ်လိုက်တဲ့တံခါးတစ်ချပ်


ရပ်တန့်လိုက်တဲ့
ကိုယ့်ရဲ့ခြေလှမ်းတွေကို
နောင်တဆိုတဲ့ စကားလုံးနဲ့
မဖြားယောင်းပါနဲ့


တော်သင့်ပြီထင်တဲ့
ပေးဆပ်မှုတွေကို
တန်ဖိုးထားတတ်ပါစေ
ချစ်သူ

အကြိမ်ကြိမ်ပြန်မေးခဲ့တဲ့
ကိုယ့်နှလုံးသားကို
အဖြေမှန်သိရက်နဲ့
အားနာနေခဲ့မိတယ်

တကယ်တော့
အစွန်းအထင်းကင်းတဲ့
နှလုံးသားအသစ်နဲ့
ချစ်ခဲ့သူပါ

အရာမထင်တဲ့
လုပ်ရပ်တွေကို
မာနတရားတွေက
တားမြစ်ခဲ့ပြီ

ပြိုလဲပုံကျ
ထိုနှလုံးသားဝမှာ
ချွေးသိပ်တဲ့စကားတွေနဲ့
မှေးမှိတ်လို့ ပြန်သွားခဲ့ပါပြီ

ပျော်ရွှင်ပါစေ ချစ်သူ

ဆက်ဖတ်ချင်သေးရင်...

Sunday, October 18, 2009

အချစ်စွမ်းအား



ပထမဆုံးသူ့ကိုဆိုပြဖြစ်တဲ့ သီချင်းလေးဖြစ်သလို သစ်သစ်အရမ်းကို ကြိုက်နှစ်သက်တဲ့သီချင်းလေးပါ ။ တင်ဇာမော် နှင့် တွဲဆိုတာကိုပိုကြိုက်ပေမယ့် ရှာလို့မရလို့ ဂရေဟမ်တစ်ယောက်တည်း ဆိုတာကိုပဲတင်လိုက်ပါတယ် ။ အမှတ်တရပေါ့ ...။ ဒီနေ့တော့နည်းနည်းလေး အားနေလို့ ပို့စ်လေးတွေတင်ဖြစ်လိုက်တယ် ။


ဆက်ဖတ်ချင်သေးရင်...

ချက်မယ်ပြုတ်မယ် တ၀ဲလည်လည်




ငါးဟင်းဆီပြန် ၊ ကန်စွန်းရွက်ကြော် ၊ ငပိရည်ဖျော် ၊ အတို့အမြှုပ်တွေနဲ့ သာယာသောတနင်္ဂနွေ....... ။

ဆက်ဖတ်ချင်သေးရင်...

ကြည်နူးပျော်ရွှင်ထိုနေ့တွင်


ကြိုတင်စီစဉ် တိုင်ပင်ခြင်းမရှိပဲ ဒီလူတွေတွေ့ဖြစ်ခဲ့ကြတယ် ။ ပျော်ရွှင်ခဲ့ကြတယ် ပွင့်လင်းစွာလဲ စကားတွေပြောဖြစ်ခဲ့တယ် ။ ကျေနပ်စရာတစ်ခုပါပဲ....။

ဘလော့လေးရေးတော့ အမြဲလာဖတ်ဖြစ်တဲ့သူတွေ ကိုယ်နဲ့စိတ်တူကိုယ်တူ ရေးသူတွေ ခင်ခဲ့ကြတယ် မင်ခဲ့ကြတယ် ။ ခံစားချက်တွေ ဖလှယ်ဖြစ်ကြတယ် ။ ကိုယ့်အပူသူ့အပူတွေ ပြောဆိုတိုင်ပင် ရင်ဖွင့်ဖြစ်ကြတယ် ။ ကြာလာတော့လည်း မောင်နှစ်မရင်းသဖွယ် ခင်မင်လာကြတယ် ။ ဟန်ဆောင်တာ ကြွားဝါးတာ ဆရာလုပ်တာ မပါဘဲနဲ့ကို အရင်းခံငယ်ပေါင်းတွေလို ပြောမနာဆိုမနာတွေ ဖြစ်ခဲ့ကြတယ် ။ စိတ်ညစ်ရင် ရင်ဖွင့်စရာနေရာလေးတွေ တိုးခဲ့တယ်ပြောရင်လည်း မမှားပြန်ပါဘူးလေ ။

အစ်မတစ်ယောက် ၊ အစ်ကိုတစ်ယောက် ( အသက်တစ်နှစ်ကြီးသဖြင့် အစ်ကိုရာထူးရနေသော်လည်း နင် နှင့် ငါ ဟုသာ ခေါ်ဖြစ်ခဲ့တယ် ပိုပြီးရင်းနှီးတယ်လို့ စိတ်မှာခံစားရလို့ပါ ) ၊ ညီမငယ်တစ်ယောက် ဒီ၃ယောက်ကိုတော့ စွဲစွဲမြဲမြဲခင်မင်ခဲ့သလို အပြင်မှာလည်း တွေ့ဆုံဖြစ်ခဲ့ပါတယ် ။ စနေနေ့ကလည်း သစ်သစ်အိမ်မှာ ဒီလေးယောက်စုံပြီး ဒုတ်ထိုး ၊ ကြာဇံကြော် ၊ လက်ဖက် ၊ မုန့်လက်ဆောင်း လုပ်စားဖြစ်ကြတယ်လေ ။ ပူပြင်းတဲ့စင်္ကာပူရဲ့ ရာသီဥတုအောက်မှာ အေးချမ်းစွာစကားတွေပြောကြတယ်လေ ။ ရောက်တတ်ရာရာတွေပြောရင်း ညမိုးချုပ်တဲ့အထိ စကားစတွေမပြတ်နိုင်ခဲ့ကြပါဘူး ။

ကိုယ့်ရဲ့ခံယူချက် ၊ အခက်အခဲ ၊ ရှေ့ဆက်ရမည့်အရာတွေ ၊ သုံးသပ်နေတဲ့အချိန်တွေ အားလုံးကိုဖွင့်ဟပြောဆို ဖြစ်ခဲ့ကြတယ် ။ ခင်ရာဆွေမျိုးဆိုတဲ့စကားအတိုင်း ဒီနိုင်ငံရောက်မှ တွေ့ကြဆုံကြပေမယ့် နောင်ကျန်ရှိနေသေးတဲ့ ကိုယ့်ဘ၀တလျှောက်မှာတော့ ဒီလူတွေရဲ့စကားသံတွေ ပုံရိပ်တွေကတော့ ကိုယ့်ရဲ့နှလုံးသားမှာ သံမှိုစွဲသလို ရိုက်နှက်ပြီးခဲ့ပြီလေ ။ နောင်တစ်ချိန်တွေ့ဖြစ်ကြတဲ့အခါမှာ ဒီလိုလေးပဲ အောင်မြင်မှူတွေ ပျော်ရွှင်မှုတွေနဲ့ ပြန်လည်ဆုံတွေ့ချင်ပါသေးတယ် ။ အားလုံးကို တကယ်ခင်တယ်ဆိုတာ သိပြီးကြပြီလို့လည်း မျှော်လင့်မိပါတယ်......။

ဆက်ဖတ်ချင်သေးရင်...

၁၇.၁၀.၀၉

၁၇.၁၀.၀၉ နေ့ရက်လေးက သစ်သစ်အတွက် ကောင်းသောသတင်းလေးများ ကြားခွင့်ရလိုက်လို့ ဒီပို့စ်လေးကို အမှတ်တရအနေနဲ့တင်ဖြစ်လိုက်ပါတယ် ။ ဒီနေ့ဟာဖြင့် သစ်သစ်ရဲ့ဆရာအရင်းတစ်ယောက်ဖြစ်တဲ့ ဆရာဦးစိုးနိုင်ရဲ့ ၄၅နှစ်မြောက်မွေးနေ့မင်္ဂလာပဲဖြစ်ပါတယ် ။ စောစီးစွာ ဆရာကိုဖုန်းဆက်ကန်တော့ပြီး သကာလ အိမ်ကိုလာလည်ကြမယ့် သူငယ်ချင်းတွေအတွက် ချက်ဖို့ပြုတ်ဖို့ စစီစဉ်ဖြစ်တယ်လေ ။

ကုန်ဆုံးခဲ့တဲ့ သစ်သစ်ဘ၀အချိန်တွေမှာ ဆရာသည်လည်း တစ်စိတ်တစ်ပိုင်းအနေနဲ့ပါဝင်ခဲ့ပါတယ် ။ ဆရာထားခဲ့တဲ့ စေတနာတွေကို အခုထိကိုမြင်ယောင်နေဆဲပါ ။ တပည့်တွေကို သမီးအရင်းတွေလို ဆရာစားမချန် သူ့ထက်တော်စေချင် တတ်စေချင်တဲ့ စေတနာတွေနဲ့ အပင်ပန်းခံသင်ကြားပေးခဲ့တာ ဘယ်တော့မှမမေ့နိုင်စရာ တစ်ခုပါပဲ ။ တပည့်တွေနိုင်ငံရပ်ခြားရောက်တော့လည်း လမ်းမှားရောက်မှာ စိုးရိမ်သူ ၊ ရည်မှန်းချက်လွဲမှာစိုးလို့ အမြဲလိုဆုံးမတတ်သူ ၊ ၁လလောက် ၄ယောက်လုံးဖုံးမဆက်ရင် နေများမကောင်းဘူးလားဆိုပြီး အခြားတပည့်တွေကို လိုက်မေးနေတတ်သူ ၊ တပည့်တွေမြန်မာနိုင်ငံပြန်လာတိုင်းပျော်ရွှင်နေတတ်သူ ၊ ဒီတပည့်တွေကို သူ့ဆွေမျိုးလို သဘောထားသော ဆရာတစ်ယောက်ပါ ။ ဘာလိုလိုနဲ့ဆရာတောင် အသက်၄၅နှစ်ပြည့်သွားခဲ့ပါပြီ ။ ဆရာကျန်းမာပျော်ရွှင်စွာနဲ့ ဒီဇိုင်းပေါင်းမြောက်များစွာကို တွက်ချက်နိုင်ပါစေလို့ သမီးဆုတောင်းပေးလိုက်ပါတယ် ဆရာ ။

နောက်သတင်းကောင်းလေးကတော့ သစ်အစ်မလိုချစ်ရသော မသန္တာတစ်ယောက် သစ်တို့အတွက် ချစ်စရာကောင်းတဲ့ ကလေးလေးတစ်ယောက် လက်ဆောင်ပေးတော့မယ်ဆိုတဲ့ သတင်းလေးပါပဲ ။ ချစ်စရာကောင်းတဲ့ အစ်မတစ်ယောက်ကလေးလေးရပြီးဆိုတော့ အစ်မမိသားစုနဲ့ထပ်တူထပ်မျှဝမ်းသာကြောင်း ဒီပို့စ်လေးကတဆင့် ပြောလိုက်တယ်နော် ။

နောက်ဆုံးတစ်ခုဖြစ်တဲ့ သတင်းကောင်းလေးကတော့ သစ်သစ်၁နှစ်ကျော်တိတိစောင့်ပြီး ကြိုးစားထားတဲ့အရာလေးတစ်တခု လုပ်ခွင့်ရပြီဆိုတာ သူငယ်ချင်းကမေးလ်လေးပို့လာခဲ့တာပါပဲ ။ ဘာပဲဖြစ်ဖြစ် ဒီနေ့လေးကတော့ သတင်းကောင်းလေးတွေ တော်တော်များများရရှိခဲ့လို့ အမှတ်တရအနေနဲ့ပို့စ်လေး တစ်ခုတင်ဖြစ်လိုက်ပါတယ် ။

ဆက်ဖတ်ချင်သေးရင်...

Sunday, October 11, 2009

စိတ်နယ်လွန်

သစ်သစ် ဒီနေ့ စိတ်နယ်လွန်နေတဲ့ အဖြစ်တစ်ခုကို ရေးချင်နေမိပါတယ် ။ တကယ်တော့ သစ်သစ်က ဆရာဝန်တစ်ယောက်လည်း မဟုတ်တော့ ဒီရောဂါအကြောင်းကိုတော့ မသိပါဘူး ။ ဒါပေမယ့် ဒီရောဂါဟာ လူပေါင်းများစွာကို စိတ်တွေရှုပ်အောင် လုပ်နိုင်စွမ်းရှိပါတယ် ။

အစ ပထမမှာတော့ လူပေါင်းများစွာဟာ တကယ်များလား အဟုတ်များလား ထင်တဲ့အထိ သူကအစွမ်းထက်ခဲ့ပါတယ် ။ နောက်ပိုင်းမှာ တိကျခိုင်လုံမှုမရှိတဲ့ အချက်တွေနဲ့ သူ့ကိုစိတ်မ၀င်စားတော့တဲ့ သူတွေကို စိတ်ဝင်စားအောင် ကြိုးပမ်းအားထုတ်ရတဲ့ အချက်တွေကြောင့် သူ့ဆီမှာအမှားများစွာ ကွာဟချက်များစွာပေါ်လာ ခဲ့ပါတယ် ။ သာမန်လူတောင်ခန့်မှန်းလို့ ရနိုင်တဲ့အခြေအနေတစ်ခုထိ ပေါ်လွင်ခဲ့ပါတယ် ။

လူတစ်ယောက်ဟာ ပညာဘယ်လောက်ပဲ တတ်ပါစေ ဘာသာတရားရဲ့အဆုံးအမလည်း မရှိ ငါသာလျှင် အတော်ဆုံး ငါသာလျှင်အတတ်ဆုံး လူတွေအားလုံးက ငါ့ကိုပဲ အထင်ကြီးလေးစား အားကိုးနေရမယ်ဆိုတဲ့ တလွဲမာနကိုလက်ကိုင် ထားလိုက်တဲ့အချိန်မှာ ဒီလူရဲ့ကျဆုံးခန်းကို စတင်ပြီးဆိုတာ ဒီဖြစ်ရပ်ကိုကြည့်ပြီး တော်တော်ကိုတရားလည်းရ ကိုယ့်ဘာသာလည်း ဆင်ခြင်တုံတရားများစွာကို ရရှိလိုက်ပါတယ် ။

ဒီလို လက်တွေ့ကျင်လည်နေတဲ့ဘ၀မှာ စိတ်ကတစ်မျိုး မဟုတ်မမှန်လုပ်ကြံပြီး ကိုယ့်ကိုစိတ်ဝင်စားအောင် လုပ်ရတဲ့ မှောင်မိုက်နေချိန်မှာ စိတ်ကတစ်မျိုးနဲ့ နေရတာ တကယ်ကိုပင်ပန်းလွန်းပါတယ် ။ အများရဲ့အမုန်းကိုခံယူပြီး ကျော်ကြားချင်တဲ့ပျော်ရွှင်မှုဟာ တကယ်တော့ပူလောင်လွန်းပါတယ် ။ ဘယ်သူမှဘာမှလုပ်စရာမလိုပဲနဲ့ကို သူ့ကိုယ်သူပြန်ပြီးလောင်မြိုက်နေမှာ ကတော့ကျိန်းသေပါပဲ ။

ဘာတစ်ခုမှတော့ စိုးရိမ်ခြင်းမရှိပေမယ့် လုပ်ကိုင်ရတဲ့အသက်မွေးဝမ်းကြောင်းအရ မှားယွင်းမှုတွေ ဖြစ်မှာတော့တကယ်ပင် စိုးရိမ်မိပါတယ် ။ အဆုံးသတ်မှာတော့ ကြီးပြင်းလာရတဲ့ အသိုင်းအ၀ိုင်းမှာ ပုံမှန်မဟုတ်တဲ့ စိတ်နယ်လွန်ခြင်းတွေ ရှိနေတတ်တဲ့ အခြေအနေတစ်ခုရယ် ဒါမှမဟုတ် အလုပ်များလွန်းတဲ့ အထက်တန်းလွှာမှာ သားသမီးကို ဖိဖိစီးစီး သွန်သင်ညွှန်ပြဆုံးမခြင်း မရှိခဲ့တဲ့ အခြေအနေတစ်ခုရယ် များမြောင်လှတဲ့ အတွေးအခေါ်တွေကြားမှာ လမ်းလွဲသွားတဲ့ အခြေအနေတစ်ခုရယ် စတဲ့အကြောင်းအရာတွေကြောင့် အစပျိုးဖြစ်လာခဲ့တယ်လို့ သုံးသတ်မိပါတယ် ။

ဒီသင်ခန်းစာကြောင့် ရှေ့ရေးအတွက် အများကြီး စဉ်းစားဖြစ်ခဲ့သလို ကိုယ်တိုင်လည်းအကြောင်းအရာများစွာကို သုံးသပ်ဖြစ်ခဲ့တဲ့အတွက် ကျေးဇူးတကယ်ပင်တင်ပါတယ် ။ ငယ်စဉ်က သစ်သစ်ဖတ်ခဲ့ဖူးတဲ့ စိတ်နယ်လွန်ဖြစ်ရပ်လေးကိုလည်း အမှတ်တမဲ့သတိရမိသွားခဲ့ပါတယ် ။ သစ်သစ် ၁၄နှစ်သမီးလောက်က ဖတ်ခဲ့တော့ ဒါဟာစိတ်ကူးယဉ် ဆောင်းပါးတစ်ပုဒ်ပဲလို့ ထင်ခဲ့မိပါတယ် ။ ခုလိုလက်တွေ့သိလိုက်ရတော့ ဒါမျိုးဟာလောကကြီးမှာ ဖြစ်နိုင်ကြောင်း လက်ခံခဲ့ပါတယ် ။

သစ်ဖတ်တဲ့ ဆောင်းပါးလေးကတော့ လူတစ်ယောက်ဟာ သိပ်ကိုနာမည်ကြီးချင်လို့ အရမ်းကိုကြိုးစားခဲ့ပါတယ် ။ သူလိုချင်တာက သတင်းစာထဲမှာ သူ့နာမည်ပါချင်တာပဲလေ ။ ဘယ်လိုပဲကြိုးစားကြိုးစား မပါခဲ့တော့ နောက်ဆုံးမှာသူလုပ်ခဲ့တဲ့ နည်းလမ်းလေးကတော့ သတင်းစာထဲမှာပါတော့ပါခဲ့ပါတယ် ။ လူတစ်ယောက်ကိုသတ်လိုက်ပြီး စာလုံးမဲနဲ့လူသတ်သမားဆိုတဲ့ဂုဏ်ပုဒ်တစ်ခုဖြင့် သူ့နာမည်သတင်းစာထဲပါလာတော့တယ်လေ ။ သူလိုချင်တာဖြစ်သွားခဲ့တော့ တရားခွင်မှာ သူကျေနပ်ကြောင်းပြောခဲ့တဲ့ ဆောင်းပါးလေးပါပဲ ။

ဒီလိုသနားစရာစိတ်နယ်လွန်ရောဂါ ခံစားနေရတဲ့သူတွေဟာ ဘယ်တော့မှ ပြုပြင်ယူလို့မရတတ်ပါဘူး ။ ဘာလို့လည်းဆိုတော့ သူကိုယ်တိုင်ကသူ့ကိုယ်သူ ရောဂါရှိမှန်းမသိတော့ လောကကြီးမှာ သူသာလျှင်အမှန်ဆိုပြီး မနာလိုစိတ်တွေနဲ့ပဲ ဘ၀ဆုံးရတာများတတ်ပါတယ် ။ လူ့အသိုင်းအ၀ိုင်းကဖယ်ကျဉ်လိုက်လည်း သူကပိုဆိုးလာမှာပါပဲ ဒါပေမယ့်သိနေတယ်ဆိုတဲ့အရာကိုတော့ သူသိအောင်လုပ်ပြနိုင်ရင် ၅၀%လောက်တော့ သူ့စိတ်တွေထိန်းချုပ်နိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တစ်ခုနဲ့ ကြိုးစားသင့်တယ်လို့တော့ ထင်မြင်မိပါတယ် ။

ခဏတာရောက်လာတဲ့ ဒီလူ့ဘောင်လောကမှာ အရာမထင်တဲ့အကြောင်းတွေနဲ့ အချိန်မဖြုန်းသင့်ကြောင်း သူသိအောင်တော့ တကယ်ကိုပြောပြလိုက်ချင်ပါသေးတယ် ....။ အားလုံးပဲကျန်းမာပျော်ရွှင်စွာနဲ့ တိုတောင်းလှတဲ့ဘ၀ခရီးကို ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။ မထင်မှတ်တာတွေဖြစ်တတ်တဲ့ ဆန်းကြယ်တဲ့လောကကြီးကို အံ့သြမင်သက်စွာနဲ့ ဒီပို့စ်လေးကိုရေးလိုက်မိပါတယ် ။ ကိုယ်ထင်တာကိုယ်ရေးခဲ့တဲ့အတွက် သဘောထားကွဲလွဲနိုင်ခွင့်လည်း ရှိနိုင်ပါတယ် ။ ဒီပို့စ်ဖတ်ရှုသူတိုင်းကို ကျေးဇူးအထူးပင်တင်ရှိပါတယ် ။

ဆက်ဖတ်ချင်သေးရင်...